Ch 1
Viewers 380

ခြောက်လှန့်နေသောအိမ်မက်တစ္ဆေ (၁)

ပိန်းပိတ်အောင်မှောင်နေသောကောင်းကင်ပြင်၊ အစက်အပြောက်လောက်သာမြင်နေရသောကြယ်ရောင်တို့ကြောင့် ရှေ့မှာရှိနေသောမြင်ကွင်းကို မှုန်ပျပျသာမြင်နေရ၏။ ခရီးလမ်းကမဆုံးနိုင်အောင်ရှည်လျားလွန်းနေသလို ခပ်ဖွဲဖွဲကျဆင်းနေသောမိုးစက်မှုန်တွေကြောင့် မြင်ကွင်းကဝေဝါးသည်ထက်ဝေဝါးနေသည်။ အမှောင်ထုကနက်ရှိုင်းလွန်းနေသောကြောင့်ကားမီးကိုဖွင့်ထားပေမဲ့ မြင်မြင်သမျှကမဲမဲမှောင်နေလေ၏။

ကားအတွင်းဖွင့်ထားသောတေးသွားက ပျင်းစရာကောင်းလှသော Blue ဂီတ။ စင်းကျချင်လာသောမြင်လွှာကိုအစွမ်းကုန်ပြူးကျယ်ထားရင်း ကားကိုသတိထားပြီးမောင်းနှင်နေရ၏။ လေတစ်ချက်အဝှေ့တွင် ပါးပြင်တင်မကတစ်ကိုယ်လုံးပါအေးခဲသွားမတတ်ဖြစ်သွား၏။ ပြတင်းတံခါးတွေကိုစေ့ပိတ်ထားသည့်ကြားက ဘယ်ကဝင်လာသောလေအေးတွေလဲဆိုသည်ကိုသူစဉ်းစားမရနိုင်။ ပြတင်းတံခါးတွေကိုစစ်ကြည့်လိုက်တော့လည်း တံခါးအားလုံးကစေ့ပိတ်ထား၏။

အရှေ့ကိုကြည့်ပြီးဂရုတစိုက်မောင်းနှင်နေစဉ် ခြောက်ကပ်ကပ်နှင့်အက်ရှရှရယ်မောလိုက်သံတစ်ခုကို အနောက်နားဆီကခပ်သဲ့သဲ့ကြားလိုက်ချိန် နောက်ကျောပြင်မှာစိမ့်ခနဲဖြစ်သွား၏။ သည်ခရီးလမ်းကိုတစ်ယောက်ထဲသူဘယ်လိုရောက်နေသလဲမသိသလို အေးစိမ့်လာသောခံစားချက်နှင့်တပြိုင်နက်ထဲကားမီးရောင်ကမျက်တောင်ခတ်သလို တဖျတ်ဖျတ်ဖြစ်လာသည်။ ကားရှိန်ကိုလျော့ချလိုက်ရင်း နောက်ကြည့်မှန်ကိုအမှတ်တမဲ့အကြည့်ရောက်ရှိသွားချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံးတောင့်ခဲသွားမတတ်ဖြစ်သွား၏။

"ဟင်"

သွယ်စင်းနေသည့်မျက်နှာကျက ချောမောလှပသောအမျိုးသမီးငယ်တစ်ဦးဖြစ်မှန်းသိသာထင်ရှား၏။ သွေးရောင်ကင်းမဲ့နေသောနှုတ်ခမ်းထူထူတွေကို တင်းတင်းစေ့ပိတ်ထားသောမိန်းကလေးတစ်ယောက်။ ဘေးတစ်ဖက်တစ်ချက်ရှိဆံနွယ်ရှည်တွေက ပုခုံးတစ်ဖက်တစ်ချက်မှာရှည်လျားစင်းကျနေ၏။

"ဘ...ဘရဏီ၊ မင်း...မင်းဘယ်လိုလုပ်ပြီးကားထဲရောက်နေတာလဲ"

"ဏီက...ကိုကို့အနားမှာပဲ...ရှိနေမှာပေါ့လို့..."

ခြောက်သွေ့ကွဲအက်နေသောလေသံကြောင့် ကြက်သီးမွှေးညှင်းတွေထောင်ထသွားသည်။ ဝတ်ထားသောအင်္ကျီဖြူလို ဖွေးဆွတ်နေသောမျက်နှာပြင်ထက်ကမျက်ဝန်းနှစ်ဖက်မှာ သွေးရောင်လွှမ်းကာရဲရဲနီမြန်းနေ၏။

"မင်း...ထွက်သွား၊ ခုချက်ချင်းငါ့ကားထဲကထွက်သွားစမ်း"

ကြောက်လန့်စိတ်ရောထိတ်လန့်စိတ်နှင့်ပါ ခပ်ကျယ်ကျယ်အော်ဟစ်လိုက်ချိန်တွင်...။

"အဟင်းဟင်း"

နှုတ်ခမ်းတစ်ဖက်ကိုအပေါ်ချိတ်ဆွဲကာ မထေမဲ့မြင်အပြုံးကိုပြုံးပြလိုက်ပုံက သူ့စိတ်တွေကိုပိုလို့တောင်ရှုတ်ထွေးမွန်းကျပ်သွားစေသည်။ ကားကိုလမ်းဘေးကပ်ရပ်လိုက်ပြီးအနောက်ကိုလှည့်ကြည့်လိုက်ချိန် ထိုင်သူကင်းမဲ့နေသောနောက်ခန်း။ တိတ်ဆိတ်မှောင်မိုက်နေသောလမ်းမထက်တွင် ထီးထီးရပ်ထားသောသူ့ကားတစ်စီးထဲသာ။ ဟိုသည်ဝေ့ဝဲကြည့်နေမိစဉ် အပြင်ဘက်ဆီကဂီးဆိုသော အော်မြည်သံတစ်ချက်နှင့် အဖြူရောင်အရိပ်တစ်ခုပျံသန်းသွားသည်ကို ဝေဝေဝါးဝါးမြင်လိုက်ရသည်။ လင်ကောင်ပိုး (ခေါ် ) ငှက်ဆိုးမှန်းသိလိုက်သည်နှင့် ကားကိုအမြန်နှိုးလိုက်စဉ်ကားစက်ကနိုးမလာ​တော့...။

"ဟာ...တောက်"

သော့တံကိုလှည့်ပြီး လီဗာကိုပုတ်ကာပုတ်ကာနှိုးနေပေမဲ့ အသက်ငင်နေသောလူမမာတစ်ယောက်၏ချောင်းဟပ်သံလို တဂဲဂဲအော်မြည်ပြီးမှပြန်ပြန်ရပ်သွား​လေ၏။ ထိုစဉ် တဝေါဝေါအော်မြည်သံနှင့်အတူ ကားခေါင်မိုးပေါ်ကျဆင်းလာသောမိုးစက်မိုးပေါက်တွေက တဝုန်းဝုန်းနှင့်သည်းထန်လာ​လေတော့သည်။

ဘာရယ်မသိသောကြောက်လန့်စိတ်တွေက မိုးစက်သံတွေနှင့်အပြိုင်ပြည့်နှက်လာသည့်နောက် လီဗာကို အားကုန်နင်းလိုက်ပြီးသော့တံကိုတင်းတင်းဆုတ်ကိုင်ကာလှည့်လိုက်၏။ ကျယ်လောင်သောကားစက်သံက တဝေါဝေါကျဆင်းနေသောမိုးသက်လေပြင်းတွေကြားတွင် ထိုးထွင်းပေါ်ထွက်လာသည်။

ဂီယာကိုချိန်းလိုက်ပြီးခပ်မြန်မြန်မောင်းထွက်လာရင်း ထိတ်လန့်စိတ်နှင့်နောက်ကြည့်မှန်ကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေမိ၏။ အရိပ်အယောင်ကိုမမြင်ရပေမဲ့ နားထဲကြားနေသော အက်ရှရှရယ်မောသံကြီးက အနောက်နားဆီကလား ဘေးကပ်ရပ်ဆီကလားမခွဲခြားနိုင်အောင်ရှိနေစဉ် ကားရှေ့တွင်မြင်လိုက်ရသောပုံရိပ်တစ်ခုကြောင့် ဘရိတ်ကိုအချိန်မီဖိနင်းလိုက်ပေမဲ့ အရှိန်ပြင်းပြင်းပြေးနေသောကားကရပ်တန့်ဖို့မမီတော့ပါ။

"ဒုန်း"

ကျယ်လောင်သောထိခိုက်မိသံနှင့် လွင့်ထွက်သွားသောပုံရိပ်လေးတစ်ခုက ကားရှေ့ခပ်လှမ်းလှမ်းတွင်ရုပ်ပျက်ဆင်းပျက်။ ဖြူလွှနေသောအင်္ကျီဖြူပေါ်တွင် ရဲစွေးနေသောသွေးတွေက မိုးစက်တွေနှင့်အတူစီးဆင်းသွားပြီးလမ်းမပေါ် မှာအိုင်ထွန်းသွားသည်ကို ကားမီးရောင်အောက်တွင်ထင်းထင်းမြင်လိုက်ရ၏။ တစ်ချိန်ထဲမှာပင် လျှပ်ပန်းနွယ်တို့ကတဖျတ်ဖျတ်လင်းလက်လာပြီး ကျယ်လောင်သောမြည်ဟည်းသံတစ်ခုကို နားကွဲမတတ်ကြားလိုက်ရသည်။

ကြက်သေသေကာကြောင်ငေးနေချိန် ထိုအရာကလှုပ်ရှားသက်ဝင်လာ၏။ မိုးရေနှင့်သွေးစက်များစိုလူးကာ ယိုင်နဲ့နေသောခန္ဓာကိုယ်ကဒယီးဒယိုင်နှင့်ရွှေ့လျားလာသည်က ကားဆီကိုတည့်တည့်မတ်မတ်။ ပုခုံးတစ်ဖက်တစ်ချက်မှာ အချောင်းလိုက်ဖြစ်နေသောဆံနွယ်ရှည်တွေဖရိုဖရဲနှင့် လက်နှစ်ဖက်ကိုဆန့်တန်းလာပုံက သူ့မျက်ဝန်းတွေကိုပြာဝေသွားစေတော့သည်။

"မလာနဲ့...ငါ့ဆီကိုမလာနဲ့...."

အေးစိမ့်နေသောမိုးစက်မိုးပေါက်တွေက သူ့တစ်ကိုယ်လုံးအနှံ့ကျဆင်းလာချိန်ခိုက်ခိုက်တုန်လာ၏။ တရွေ့ရွေ့နီးကပ်လာသောပုံရိပ်က တစ်စတစ်စပီပြင်လာ၏။ မျက်လုံး၊ နှာခေါင်းပေါက်နှင့် နှုတ်ခမ်းကြားဆီက ယိုစိမ့်ကျဆင်းနေသောသွေးရောင်နီနီရဲရဲတွေက ဝတ်ထားသောအင်္ကျီဖြူပေါ်မှာအကွက်လိုက်နှင့်ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ ပြူးကျယ်ဝိုင်းစက်နေသောမျက်ဝန်းအကြည့်တွေက နာနာကျင်ကျင်နှင့်သွေးရောင်ဖုံးလွှမ်းနေသလို နှုတ်ခမ်းတစ်စုံကလည်းမသဲကွဲသည့်စကားသံတွေကြောင့် တရွရွလှုပ်ခတ်နေလေသည်။

"သွား...သွား...ငါ့ဆီကိုမလာပါနဲ့၊ မင်းနဲ့ငါဘာမှမဆိုင်ဘူးလေ။ ငါ့ကိုဒီလောက်နှောက်ယှက်ရရင်တော်ပါတော့၊ တောင်းပန်ပါတယ် မလာပါနဲ့...မလာပါနဲ့"

အားကုန်အော်ဟစ်လိုက်မိသောအသံက သည်းထန်နေသော မိုးစက်တွေအောက်တိုးဝင်ကွယ်ပျောက်သွား၏။ ရင်တစ်ခုလုံးမောဟိုက်လာပြီးအသက်ရှုသံတွေမြန်ဆန်လာချိန် မိုးရေတွေစိုစိုရွှဲနေသောခန္ဓာကိုယ်ကခိုက်ခိုက်တုန်လာ၏။

"ကိုကို...ဏီ့ကို...ဏီ့ကို... ကယ်ပါ...ကိုကို..."

"မခေါ်နဲ့...၊ သွား...သွား...ငါ့အနားကထွက်သွားစမ်း...ထွက်သွားစမ်းပါ"

လက်တွေနှင့်ကာဆီးထားလိုက်ပြီး အနောက်ကိုတရွေ့ရွေ့ဆုတ်လိုက်ပေမဲ့ ရှေ့ကမြင်ကွင်းကပို၍နီးကပ်လာ၏။ တုန်ရင်နေသောဒူးနှစ်ဖက်ကြောင့် နက်စွေးနေသောလမ်းမထက်နောက်ပြန်လဲကျသွားချိန်တွင် မိုးစက်မိုးပေါက်များကခန္ဓာကိုယ်အနှံ့ပြိုဆင်းကျလာ၏။ နှုတ်ခမ်းကိုဖွင့်ဟလိုက်ချိန် စီးဝင်လာသောမိုးစက်များက နှာခေါင်းနှင့်ခံတွင်းထဲအနှံ့ပြည့်သိမ့်လာ​လေသည်။

လည်ပင်းကိုလက်နှင့်တင်းတင်းဖျစ်ညှစ်ထားသလို အသက်ရှုရန်ခက်ခဲလာသောခံစားချက်နှင့် အမြင်အာရုံတွေကပြာဝေလာ၏။ ခြေတွေလက်တွေကလှုပ်ရှားလို့မရအောင်ထုံကျင်လာပြီး မိုးစက်မိုးပေါက်တွေအောက်ကူကယ်ရာမဲ့လဲလျောင်းနေရသောခန္ဓာကိုယ်က အသက်မဲ့နေသလိုငြိမ်သက်သွားချိန်...။

*******************************************************

"သား နရဏီ....သား၊ မေမေခေါ်တာကြားလား သားရေ"

ပါးပြင်ကိုဖွဖွပုတ်ကာခေါ်နေသံက ကြင်နာနွေးထွေးခြင်းများနှင့်...။

"နေ့ခင်းကြီးအိပ်ပြီး အိမ်မက်ဆိုးတွေမက်ပြန်ပြီလားသားရယ်။ မေမေလေ... မေမေပါ။ မျက်လုံးဖွင့်ကြည့်ပါအုံးကွယ်"

ခန္ဓာကိုယ်ကိုဖိဆီးထားသောလေးလံခြင်းများကပေါ့ပါးသွားပြီး တစ်စတစ်စကြည်လင်လာသောအမြင်အာရုံ။ စိုးရိမ်နေသောမျက်ဝန်းနဲ့အုပ်မိုးကြည့်နေသောမေမေ့မျက်နှာလှလှ။

"မေမေ...မေမေ..."

"သားရယ်...ဝင်လာမိလို့တော်သေးတာပေါ့။ စောင်ကြီးကလည်းမျက်နှာကို အုပ်မိနေပြီ၊ ဘယ်လို​တွေအိပ်နေတာလဲကွယ်။ ထပါအုံး ချွေးတွေလည်းရွှဲနစ်နေပါလား"

နရဏီ့ခန္ဓာကိုယ်ကြီးကိုအားတင်းဆွဲထူနေတော့ ထထိုင်လိုက်ရင်းပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်မှ ကိုယ့်အခန်းဆိုသည်ကိုသတိပြုလိုက်မိ၏။

"ရော့...ရေသောက်လိုက်အုံး။ ဘယ်ချိန်ထဲကပြန်ရောက်နေတာလဲ။ ဒီနေ့ရိုက်ကူးရေးရှိလို့အပြန်မိုးချုပ်မယ်ဆို"

ထိုအခါမှ လက်ရှိအချိန်ကိုသတိပြန်ကပ်လာသည်။ ဒီနေ့ရိုက်ကွင်းမှာသရုပ်ဆောင်နေရင်း ဆက်ရိုက်လို့မရနိုင်အောင်ခေါင်းတွေထိုးကိုက်လာချိန် ရှုတင်ကိုဖျက်လိုက်ရ၏။ အိမ်ကိုပြန်လာချိန်မှာမေမေကရှိမနေ။ သင့်ရာဆေးကိုသောက်ပြီး သိပ်မကြာခင်မှာအိပ်ပျော်သွား၏။ ထိုအချိန်မှာပဲ ခြောက်ခြားစရာကောင်းလွန်းသောအိမ်မက်ရှည်ကြီးကို နေ့ခင်းကြောင်တောင်မှာမြင်မက်ခဲ့ပါတော့သည်။

"မေမေ"

"ပြောသား"

"ဘရဏီ...သား...သူ...ဘရဏီ့ကို အိမ်မက်မက်တယ်"

"မေမေထင်လိုက်ပါတယ်သားရယ်။ ဒီကလေးမနဲ့တော့သားလည်းစိတ်ပင်ပန်းလှပါပြီ၊ ဘယ်လိုများလုပ်ရပါ့မလဲကွယ်။ ဒီတစ်ခါရောအရင်အတိုင်းပဲမက်တာလား"

"ဟုတ်တယ်မေမေ၊ ကြောက်စရာကောင်းတဲ့ပုံရိပ်ကြီးက သားမျက်လုံးထဲမှာခုထိမထွက်နိုင်သေးဘူး။ ဘယ်လိုလုပ်မှဒီအိမ်မက်ထဲကရုန်းထွက်နိုင်မှာလဲဟင် ပြောပါအုံးမေမေရယ်၊ သူသေသွားပြီး ထဲက တစ်ရက်မှဖြောင့်ဖြောင့်မအိပ်ခဲ့ရဘူး။ သား...သားမှာ...တကယ်အပြစ်မရှိပါဘူးနော်မေမေ ဟုတ်ပါတယ်နော်"

"ဟုတ်ပါတယ်သားရယ်၊ သားမှာအပြစ်မရှိတာတစ်နိုင်ငံလုံးအသိပါ။ အပြစ်မရှိလို့လည်းပြစ်ဒဏ်မကျခဲ့တာပေါ့ကွယ်။ စိတ်ထဲအစွဲကြီးမထားပါနဲ့။ သားလည်းသူ့အတွက် ကုသိုလ်ကောင်းမှုတွေပြုပေးခဲ့တာပဲမဟုတ်လား။ အချိန်တန်ရင်ပြီးသွားမှာပါသားရယ်၊ အစွဲမထားနဲ့လေကွယ် နော်"

တတွတ်တွတ်ချော့မော့ပြောဆိုနေသောမေမေ့စကားသံတွေက နားထဲမဝင်တစ်ချက်ဝင်တစ်ချက်။ အိမ်မက်ထဲမှာမြင်တွေ့ခဲ့ရသောဘရဏီ့ပုံရိပ်က သူ့စိတ်ထဲကနေထွက်မသွားနိုင်သေး။ သည်လိုအိမ်မက်မျိုးကိုမြင်မက်ခဲ့တာ ဘရဏီသေဆုံးပြီးချိန်ထဲက။ အိပ်ပျက်ညတွေများလာပြီး ကျန်းမာရေးထိခိုက်လာသောကြောင့် ဆရာဝန်နှင့်ကုသခဲ့ရ၏။ ခြောက်လကြာပြီးချိန်မှ သူ့စိတ်တွေငြိမ်သက်သွားခဲ့သည်။ သည်လိုအိမ်မက်မျိုးမမြင်မက်တော့တာလည်းကြာခဲ့ပါပြီ။

သည်နေ့မှပြန်မြင်မက်တာဘာကြောင့်များလဲ။ သတိရလိုက်မိတိုင်း စိတ်ထဲကနေကောင်းရာဘုံဘဝရောက်ရှိပါစေလို့ဆုတောင်းပြီး ကုသိုလ်ကောင်းမှုတွေလည်းလုပ်ပေးခဲ့ပါလျှက်နှင့် မကျွတ်လွတ်နိုင်သေးဘူးလားဘရဏီရယ်။

"မနက်ကျရင်ဘုရားမှာသွားပြီး သူ့အတွက်ကုသိုလ်ကောင်းမှုလေးပြုပေးလိုက်ရအောင်နော်သား။ ဒါမှသားစိတ်ထဲအေးချမ်းသွားမှာ"

"သားလေ...ဒီလဖြတ်စရာရှိတာတွေဖြတ်ပြီးရင် တစ်လနှစ်လလောက်နားလိုက်ချင်တယ်။ တစ်နေရာရာမှာသွားပြီး စိတ်အေးလက်အေးနားလိုက်ချင်တယ်။ ရန်ကုန်မြို့ထဲကနေခဏထွက်သွားချင်တယ်။ ဒီပတ်ဝန်းကျင်ကနေထွက်သွားချင်တယ်"

"သွားရမှာပေါ့သားရယ်၊ မေမေကအစောထဲကနားစေချင်တာပါ။ အလုပ်တွေမပြတ်သေးဘူးပြောလို့သာကြည့်နေရတာ၊ ကဲ...ထ ရေမြန်မြန်ချိုးလိုက်နော်။ ခဏနေရင်အန်ကယ်အောင်လာလိမ့်မယ်။ ခရီးအတွက်သားဖေဖေနဲ့တိုင်ပင်ပြီးသွားကြမယ်နော်။ မေမေလည်းသားနဲ့အတူတူလိုက်ခဲ့ပေးမယ်"

**************************************************************

မိဘများပိုင်ဆိုင်သောကလောမြို့ကခြံကြီးထဲကို နရဏီရောက်နေခဲ့သည်မှာတစ်ပတ်ကျော်ခဲ့ပြီ။ အတူလိုက်ပါလာသောမေမေက မနေ့ကရန်ကုန်ကို ပြန်သွားပြီးနရဏီ့အတွက် လက်တိုလက်တောင်းခိုင်းရန် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကိုအနားတွင်ထားပေးခဲ့၏။ ခြံတာဝန်ခံတွေကလည်း ဆွေမျိုးနီးစပ်တော်သူများဖြစ်သောကြောင့် နရဏီ့အတွက်အစစအရာရာလိုလေသေးမရှိခဲ့ပါ။

မန်နေဂျာက, ကလောအထိလိုက်ပါလာပြီး မေမေနှင့်အတူပြန်သွား၏။ ခုတော့ အေးချမ်းတိတ်ဆိတ်လှသောနေရာသစ်မှာ နရဏီတစ်ဦးတည်းသာအေးအေးလူလူကျန်ရစ်ခဲ့သည်။

"ကိုကိုကြီး၊ ညနေကျရင်ဆိုင်ကယ်နဲ့မြို့ထဲသွားလည်ကြမလား"

"မသွားချင်ပါဘူးကွာ၊ ခြံထဲမှာပဲအေးဆေးနားချင်တယ်။ မင်းသွားချင်ရင်သွားပေါ့"

(၁၅) နှစ်အရွယ်ဆိုပေမဲ့ ထွားကျိုင်းလှသောဓနုတိုင်းရင်းသားမင်းမောင်ဆိုသောကောင်လေးက ရိုးသားပွင့်လင်းလွန်းသည်။ နရဏီ့အနားမှာနေရတော့ သူ့ခမျာပျင်းနေရှာပြီထင်ပါရဲ့။ ဟိုနားသည်နားအပျင်းပြေသွားရန်အတွက် အရန်သင့်ရှိနေသောဆိုင်ကယ်ကို သူမျက်စိကျနေသည်မှာသည်အိမ်ရောက်ကတည်းက။

"ဆိုင်ကယ်ကောင်းကောင်းစီးတတ်ရင် ယူစီးလေ၊ ငါပြောထားပေးမယ်။ မိုးတော့မချုပ်စေနဲ့နော်"

"ဒီနေ့မသွားတော့ပါဘူး။ နက်ဖြန်မှာပဲသွားမယ်။ ကိုကိုကြီးဘာမှာလိုက်ချင်လဲ"

"ကိတ်မုန့်နဲ့ပေါင်မုန့်နည်းနည်းဝယ်ခဲ့၊ ဝယ်နေကျဆိုင်ကိုသိတယ်မဟုတ်လား"

"ဟုတ်ကဲ့ သိပါတယ်"

ကလောမြို့ဆိုပေမဲ့ နရဏီတို့ခြံကြီးကကလောနှင့်လေးမိုင်ခန့်ဝေးသော နန်းသဲရွာအနီးတွင်ဖြစ်သည်။ ငါးဧကခန့်ကျယ်ဝန်းသောခြံကျယ်ကြီးထဲတွင် ခန့်ခန့်ထည်ထည်တည်ဆောက်ထားသောနှစ်ထပ်တိုက်အိမ်ကြီးတစ်လုံးလည်းပါရှိ၏။ ခြံရှေ့မျက်နှာစာအပြည့်အလှစိုက်ပျိုးထားသော နှင်းဆီနှင့်ဒေလီယာပန်းခင်းကျယ်ကြီးက အရောင်အသွေးစုံလင်လှသည်။

"ကိုကိုကြီး ညနေတိုင်းလမ်းလျှောက်ရင်ဘယ်နားအထိရောက်လဲဟင်"

"ခြံအဆုံးထင်ရူးတောစပ်ထိပေါ့"

လမ်းလျှောက်သည့်အခါတစ်ယောက်ထဲသွားချင်သောနရဏီက မင်းမောင်ကိုလခေါ်မသွား။ တစ်ယောက်ထဲအေးအေးလူလူလျှောက်ချင်ပါတယ်ဆိုသောစကားနှင့် မင်းမောင်ကိုချန်ရစ်ခဲ့သည်မှာမေမေပြန်သွားသောနေ့ထဲက။

"ထင်ရူးတောစပ်ကျော်ရင် စမ်းချောင်းလေးတစ်ခုရှိတယ်။ သေးသေးလေးပါ ရေလေးတွေကကြည်စိမ်းနေတာပဲ"

"ဟုတ်လား ငါအဲထိမသွားဖူးသေးဘူး"

"မသွားနဲ့မသွားနဲ့။ အဲဘက်ကမြေကြမ်းတယ်၊ ကိုကိုကြီးတစ်ယောက်ထဲမသွားနဲ့နော်"

"ဘာလဲ မြေကြမ်းတယ်ဆိုတာက..."

"ဟို...ဟို...သရဲရှိတယ်တဲ့"

"မဖြစ်နိုင်တာကွာ ပေါက်ကရတွေမပြောနဲ့၊ သရဲဆိုတာမရှိပါဘူး"

"မယုံလည်းနေပေါ့။ ကျွန်တော်ဆိုတစ်ယောက်ထဲမသွားရဲဘူး။ ကိုကိုကြီးလျှောက်သွားရင်းနဲ့ ရောက်သွားမှာစိုးလို့ ကြိုပြောထားတာ၊ မကြောက်လည်းသွားပေါ့ဗျာ"

ဟိုမရောက်ဒီမရောက် (၁၅) နှစ်သားရဲ့စကားတွေက နရဏီ့နားထဲကိုသည်ဘက်ကဝင်လာပြီး တစ်ဖက်ကပြန်ထွက်သွား၏။ မေမေအပြောနှင့်သူ့ကိုယ်သူသက်တော်စောင့်လိုလို အရေးအရာပါချင်နေသည့်ကောင်ကို အပိုပါလာသောဖုန်းတစ်လုံးကိုပေးထားလိုက်ပြီး ဂိမ်းတွေဒေါင်းပေးလိုက်သည့်နောက်မှာ နရဏီ့နားသိပ်မကပ်နိုင်တော့ပါ။

ရိုးသားလှသည့်တောသူတောင်သားတွေမှာ ခြံရှင်အပေါ်တွင်သစ္စာရှိကြ၏။ ခုလည်းနရဏီရောက်နေသည့်သတင်းက ဘယ်သူ့ဆီကနေမှမပေါက်ကြားခဲ့ပါ။ ပေါက်ကြားရအောင်လည်း နရဏီဘာဆိုသည်ကိုသေသေချာချာသိသူက မင်းမောင်တစ်ယောက်သာရှိ၏။ ကျန်လူကြီးငါးဦးမှာ နရဏီကအဆိုတော်ရယ်သာသိကြပြီး ဘယ်လောက်နာမည်ကြီးတယ်ဆိုသည်ကိုလည်းမသိကြပါ။

****************************

ဖေဖော်ဝါရီလလယ်,ကလောရာသီဥတုကအေးမြနေဆဲ။ စိမ်းညို့အုပ်စိုင်းနေသောအပင်များအောက်ကဖြတ်သန်းလာရင်း လတ်ဆတ်သန့်စင်လှသောလေထုကို ခပ်ပြင်းပြင်းရှုရှိုက်လိုက်မိသည်။ ထင်ရူးပင်တွေအောက်တွင်ကြွေကျထားသော ရွက်ခြောက်တွေနှင့်ပြည့်နှက်နေပြီး တချို့သစ်ပင်အောက်တွင်လက်မခန့်အရွယ်မှိုနီနီလေးတွေကိုတွေ့ရတတ်၏။ စားလို့ရသောထင်းရူးမှိုဆိုတာကို ချက်ကျွေးခဲ့လို့စားခဲ့ဖူးသည်။ အရသာလည်းရှိသလို လူနှင့်လည်းတည့်တယ်တဲ့။ ကလောရောက်မှစားရသည့်ထင်ရူးမှိုကို နရဏီသိပ်ကြိုက်ပါသည်။

သီချင်းလေးတအေးအေးဆိုညည်းရင်း မြေနီလမ်းလေးအတိုင်းလျှောက်လှမ်းလာ၏။ သစ်သားတန်းလေးတွေကာစီးထားသောနှစ်ခြံကြားကိုကြည့်လိုက်ပြီးတစ်ဖက်ခြံကိုလှမ်းမျှော်ကြည့်လိုက်မိသည်။ တစ်ဖက်ခြံ၏တစ်ဝက်လောက်မှာ ပျားလိမ္မော်ပင်များကိုစိုက်ပျိုးထားကြောင်းသိထား၏။

အနောက်ကိုပြန်လှည့်လာပြီး ခြံစပ်အတိုင်းဆက်လျှောက်လာစဉ် ရေစီးသံသဲ့သဲ့လိုလိုကြားလိုက်မိမှ မင်းမောင်ပြောသောစမ်းချောင်းလေးများလားဟုအတွေးနှင့် လမ်းတစ်ဖက်ကိုချိုးကွေ့လိုက်သည်။ ဆင်ခြေလျောလေးအတိုင်းဆင်းလာစဉ် တသွင်သွင်စီးဆင်းနေသောစိမ့်စမ်းလေးတစ်ခုကိုမြင်လိုက်၏။ မြေသားနီနီတွေကြား ကျောက်တုံးငယ်တချို့နှင့်ခပ်ငယ်ငယ်ရေစီးကြောင်းလေးတစ်ခုက နရဏီတို့ခြံနောက်ကနေကွေ့ဝိုက်ပြီးမှ တစ်ဖက်ခြံနောက်ကနေစီးဆင်းသွားခြင်းဖြစ်သည်။

ချောင်းစပ်နားထိဆင်းသွားပြီးရေထဲလက်ကိုနှစ်လိုက်စဉ် အေးစိမ့်နေသောအတွေ့ကိုခံစားမိလိုက်၏။ ကြည်လင်နေသောစိတ်နှင့် ချောင်းရိုးလေးအတိုင်းအောက်ဘက်ကိုဆင်းလျှောက်လာစဉ် နားထဲကြားလိုက်ရသည်က သာယာငြိမ့်ညောင်းသောတေးသံလေးတစ်ခု။

တွေ့ပါပြီ။ ချောင်းကွေ့လေးမှာ ဘွားခနဲမြင်လိုက်ရသောမြင်ကွင်းက နရဏီ့ခြေလှမ်းတွေကိုရပ်တန့်သွားစေ၏။ အပင်ကြီးတစ်ပင်၏သစ်မြစ်ကွေးကွေးကြီးပေါ်တွင် ဘေးတစ်စောင်းထိုင်ပြီး ပုလွေတစ်စင်းကိုလက်ထဲကိုင်မြှောက်ထားသူက မိန်းကလေးတစ်ဦးဖြစ်နေခဲ့သည်။

တောနက်မဟုတ်ပေမဲ့ လူသူအရောက်အပေါက်မများလှသောသည်လိုနေရာမျိုးမှာ ဘယ်ကမိန်းကလေးများလဲ။ အံ့ဩစွာတွေးလိုက်မိရင်း ရောက်ရှိနေတာကတစ်ဖက်ခြံ၏ဧရိယာဖြစ်နေလောက်တယ်လို့ခန့်မှန်းလိုက်မိသည်။ နရဏီတောင်သည်လိုနေရာရောက်နေနိုင်သေးတာပဲ။ တစ်ဖက်လူကလည်း နရဏီ့လိုအပန်းဖြေလာသူလည်းဖြစ်နေနိုင်တာပဲဆိုသည့်အတွေးနှင့် စေ့စေ့စပ်စပ်ကြည့်လိုက်မိ၏။

ဖြူလွှနေသောဂါဝန်ရှည်လေးနှင့် မိန်းမပျိုလေး၏ခန္ဓာကိုယ်လေးကခပ်သွယ်သွယ်။ ဆံပင်ကပုခုံးကျော်လောက်ရှိပြီး မည်းနက်ဖြောင့်စင်း၏။ လက်ဖျားထိရှည်သောအင်္ကျီပုံစံက ခပ်ပါးပါးအသားကိုမှအထပ်ထပ်ပုံစံလေးနှင့်ပွပွကားကား။ ခေါင်းလောင်းပုံလက်ဝကြောင့် လက်ဖျံသားဖွေးဖွေးလေးကိုလှမ်းမြင်လိုက်ရသည်။

နရဏီကြားလိုက်သောတေးသွားလေးက ထိုအမျိုးသမီးလေး၏နှုတ်ဖျားကနေ ထွက်ပေါ်လာသည့်ပုလွေလေးဆီကပဲ။ တောထဲလာပြီးပုလွေမှုတ်နေတာ မြွေမကြောက်ဘူးလားမသိဘူး။ သူစိမ်းတရံတွေနှင့်မျက်နှာချင်းမဆိုင်ချင်ပေမဲ့ လှည့်လည်းထွက်မသွားချင်တာက ချိုအေးပြီး လွမ်းမောဖွယ်ရာတေးသွားလေးကြောင့်ဖြစ်ပါလိမ့်မည်။ အနောက်ကနေလှမ်းမြင်နေရသည့်အမျိုးသမီးလေးကို သေသေချာချာကြည့်ချင်စိတ်ဖြစ်လာသည့်​နောက်မှာ ခြေလှမ်းမှန်မှန်နှင့်အနားကပ်သွားလိုက်မိ၏။ သစ်ရွက်ကြွေတွေကိုနင်းမိလိုက်ချိန် တချွတ်ချွတ်အသံကြောင့်မိန်းမပျိုလေးကဖျတ်ခနဲလှည့်ကြည့်လာသည်။

"ဟင်"

ပြာဝေသွားသောမြင်ကွင်းကတစ်စတစ်စကြည်လင်လာချိန်မှာ သစ်ပင်တွေကြားပျောက်ကွယ်သွားသောအဖြူရောင်အရိပ်လေးကို တစ်စွန်းတစ်စသာမြင်လိုက်ရ​လေတော့သည်။

"ဘရဏီ...ဘရဏီ၊ ဟာ...မဖြစ်နိုင်တာ"

မျက်နှာတစ်ဖက်တစ်ချက်ကိုဘောင်ခတ်ထားသော ဆံပင်မည်းမည်းအုပ်အုပ်လေး။ ဝိုင်းစက်နေသောမျက်ဝန်းလေးတွေနှင့် ခပ်ထူထူနှုတ်ခမ်းနှစ်လွှာ။ ဒါ...ဒါက ဘရဏီမဟုတ်ဘူးလား။ အတွေးနှင့်အတူကျောထဲစိမ့်တက်လာသည့်ခံစားချက်နှင့် အနောက်ကိုချာခနဲလှည့်လိုက်ပြီးမှ မျက်လုံးထောင့်မှာမြင်လိုက်ရသည်က သစ်မြစ်တွေကြားကပြောင်လက်နေသောဝါးပုလွေလေးတစ်ချောင်း။

With Love
HSY