Ch 2
Viewers 378

ခြောက်လှန့်နေသောအိမ်မက်တစ္ဆေ (၂)

တောလမ်းလေးအတိုင်းတုန့်ဆိုင်းစွာလျှောက်လှမ်းလာသောနရဏီ။ ညနေတိုင်း စမ်းချောင်းလေးနားသွားပြီးရှာဖွေမိပေမဲ့ ထိုမိန်းကလေးကိုထပ်မတွေ့ခဲ့ပါ။ ဘရဏီမဟုတ်တာသိနေခဲ့သည်။ ကိုယ့်မျက်စိရှေ့မှောက်မှာ အသက်ဆုံးရှုံးသွားသောဘရဏီမဟုတ်မှန်း သိပ်ကိုသေချာနေသည့်နောက်သိချင်စိတ်တွေတားမရနိုင်အောင်ဖြစ်ခဲ့၏။

စလွယ်သိုင်းထားသည့်အိတ်ထဲတွင် ဝါးနှင့်ပြုလုပ်ထားသောပုလွေလေးက လူသားတစ်ဦးဖြစ်တယ်ဆိုတာကိုသက်သေပြနေ၏။ ဘယ်နာနာဘာဝကပုလွေကိုင်နိုင်မှာလဲ။ ထို့အပြင် ပုလွေလေးဆီကခပ်သင်းသင်းရနေသောမွှေးရနံ့က ဘရဏီ့ဆီကရံဖန်ရံခါရတတ်သောမွှေးရနံ့နှင့် ဆင်တူလှကြောင်းသိလိုက်ရသည့်နောက်စုံစမ်းမှုတစ်ခုကိုပြုခဲ့မိ၏။

တစ်ဖက်ခြံမှာဧည့်သည်ရောက်နေတယ်လို့ မကြားမိပါဘူးဆိုသောအလုပ်သမား​တွေရဲ့စကားကြောင့် အတွေးတွေလည်းများခဲ့ရ၏။ သုံးရက်လုံးလုံးအချိန်မှန်မှန်လာချောင်းပေမဲ့ ဘရဏီနှင့်တူလှသောမိန်းကလေးကိုမတွေ့ခဲ့ပါ။ လူဆိုတာမျိုးကလည်း မသိရလေသိချင်စိတ်တွေကထိန်းမနိုင်သိမ်းမရဖြစ်လာလေလေ။ မမိ,မိအောင်ဖမ်းပြမယ်ဆိုသောစိတ်နှင့် အလစ်ချောင်းနေခဲ့ပေမဲ့ အရိပ်အယောင်လေးတောင်တွေ့ခွင့်မရခဲ့ပါ။

**********************************************************************

အတိတ်ရဲ့အရိပ်

ညစာစားသောက်ပြီး အပေါ်ထပ်ဝရံတာကနေခြံထဲကိုငေးကြည့်နေရင်း ဘရဏီဆိုသောမိန်းကလေးတစ်ယောက်အကြောင်းကိုပြန်စဉ်းစား​နေမိသည်။

နရဏီ Shin Entertainment ကိုရောက်သောနှစ်တွင် ဘရဏီနှင့်စတင်သိကျွမ်းခဲ့သည်။ အနေအေးပြီးစကားနည်းလှသောနရဏီ့အတွက် ဘရဏီဆိုသောမိန်းကလေးမှာ အင်မတန်ရဲတင်းပွင့်လင်းသူလေး။ စတွေ့ကတည်းက ရင်းနှီးကျွမ်းဝင်သောအပြောအဆို၊ အပြုအမူတွေက သူများတကာတွေအတွက်သဘောကျစရာခင်မင်ဖွယ်ရာဖြစ်ခဲ့ပေမဲ့ နရဏီ့အတွက်များစွာစိတ်အနှောက်အယှက်ဖြစ်ခဲ့ရ၏။

ပွင့်လင်းသောစရိုက်နှင့်မိန်းကလေးက နရဏီ့ကိုသဘောကျကြောင်းနှုတ်ကနေဖွင့်ဟပြောနိုင်ခဲ့သလို ရောရောနှောနှောလည်းရှိနေတတ်၏။ တစ်စတစ်စရဲတင်းလာသောအပြုအမူတွေကြောင့် အားလုံး၏စိတ်ဝင်တစားစောင့်ကြည့်စရာဖြစ်ခဲ့ရတာကိုလည်းမနှစ်မျို့ခဲ့ပါ။ နရဏီကတက်သစ်စအဆိုတော်ဖြစ်ပြီး ဘရဏီကနရဏီတို့ Entertainment CEO ၏သမီးဖြစ်သလို တက်သစ်စမော်ဒယ်လေးတစ်ဦးလည်းဖြစ်၏။

လုပ်ဖော်ကိုင်ဖက်များ၏ အရေးပေးအလိုလိုက်ခြင်းခံရသောဘရဏီက နရဏီ့အပေါ်ပိုင်စိုးပိုင်နင်းဆက်ဆံတတ်သလို၊ သည်းသည်းလှုပ်လိုက်လျောမှုတွေကြားမှာစိတ်ရှုပ်ခဲ့ရတာအခါခါ။ ယောက်ျားနှင့်မိန်းမဖြစ်နေတော့ စိတ်ထဲရှိသလိုလည်းမပြတ်သားနိုင်ခဲ့သည့်နောက် အားလုံး၏သတ်မှတ်ချက်က ပက်သက်ကြသူတွေလို့ထင်မြင်ခဲ့ကြ၏။

********************

သူငယ်ချင်းနှင့်ဘားမှာထိုင်သောက်နေစဉ်ဝင်လာသောဖုန်းကြောင့် ကျွတ်ခနဲစုတ်သပ်လိုက်မိသည်။

"မင်းဟာမလေးလား"

"တိတ်စမ်း။ ဘာကိစ္စငါ့ဟာမလေးဖြစ်ရမှာလဲ"

"မသိဘူးလေ။ အားလုံးကဒီအတိုင်းသတ်မှတ်နေကြတာပဲမဟုတ်လား။ ခုမဟုတ်လည်းနောက်ဟုတ်သွားမှာပါကွာ"

လုပ်ဖော်ကိုင်ဖက်လည်းဖြစ်သူငယ်ချင်းလည်းဖြစ်သော 'ဇယံဒ' စကားကြောင့် နရဏီ့မျက်နှာမှာပျက်ယွင်းသွား၏။ တစ်ဖက်သားကိုငဲ့ညှာပြီးနှုတ်ဆိတ်နေခဲ့ခြင်းက တစ်ချိန်ချိန်ဖြစ်သွားကြမှာပါဆိုတာမျိုးထိ သက်ရောက်သွားစေသလား။ နရဏီ့စိတ်ကရှင်းပါသည်။ ဘယ်လိုခံစားချက်မျိုးမှမရှိဘဲ လိုက်ဖက်တယ်ဆိုတာလောက်နှင့် ပက်သက်စရာအကြောင်းမရှိပါ။ အင်မတန်ချမ်းသာပြီးအဘက်ဘက်ကပြည့်စုံပါတယ်ဆိုဆို နှလုံးသားမပါဘဲဘဝထဲကိုဝင်ခွင့်မပြုနိုင်ပါ။

"မင်းမို့လို့ဒီလောက်တင်းခံနေတာနော်။ ဘရဏီကရဲတင်းသွက်လက်တာမှန်ပေမဲ့ ပေါပေါပဲပဲမျိုးတော့မဟုတ်ပါဘူးကွာ။ မင်းကိုမှတမ်းတမ်းစွဲနေတာမျိုးပါ"

"အဲတော့ငါကထ,ကရတော့မှာလား"

"ဒီကောင်ကွာ"

"သူ့ဘာသာဘယ်လောက်ချမ်းသာချမ်းသာ ဘယ်သူ့သမီးပဲဖြစ်ဖြစ်ငါမှမကြိုက်တဲ့ဟာကို"

"မင်းတကယ်မကြိုက်တာသေချာလို့လား"

"သိပ်သေချာတာပေါ့"

"ဒါဆိုလည်းငါ့နဲ့အောင်သွယ်ပေး"

"အောင်သွယ်ဆိုတာ အလုပ်မရှိအလုပ်ရှာနေတဲ့လူတွေလုပ်တဲ့အလုပ်။ မင်းကြိုက်ရင်မင်းဘာသာကြိုးစားပါလား။ ငါ့တော့ပြဿနာထဲဆွဲမသွင်းချင်ပါနဲ့ကွာ၊ တောင်းပန်ပါတယ်"

ပြောနေရင်းထပ်ဝင်လာတဲ့ဖုန်းကြောင့် မျက်မှောင်တွေချိုးကုတ်သွားသည်အထိမျက်နှာပြင်ကသုန်မှုန်သွားတော့သည်။ မကိုင်မချင်းခေါ်နေမှာကိုသိနေတော့ မတတ်သာစွာနှင့်ကိုင်လိုက်ချိန်...။

"ကိုကို၊ ဏီခေါ်နေတာကိုဘာလို့မကိုင်တာလဲ"

"မကိုင်ချင်လို့မကိုင်တာပေါ့၊ မင်းအလိုက်နည်းနည်းမှမသိဘူးလား။ ပြော ဘာကိစ္စလဲ"

"ကိစ္စရှိမှဆက်ရမှာလား"

"ကိစ္စမရှိဘဲဘာဆက်စရာရှိလဲ။ ပြောစရာရှိတာမြန်မြန်ပြော"

အစပိုင်းကအားနာစိတ်နှင့် ရေလိုက်ငါးလိုက်ပြောဆိုနေထိုင်ခဲ့ပေမဲ့ ခုနောက်ပိုင်းမှာသည်လိုဆက်ဆံလို့မဖြစ်တော့ဘူးဆိုသည်ကို သဘောပေါက်လာခဲ့၏။ လိုတိုင်းတတိုင်းရနိုင်သည့်ရွှေမင်းသမီးလေးက တဇွတ်ထိုးလည်းဆန်သလိုသူ့လုပ်ရပ်တွေကိုသူ့ဘာသာအဟုတ်ထင်နေတာမျိုး။ သည်လိုမိန်းကလေးမျိုးတွေက ရှိတော့ရှိပေမဲ့ရှားပါလိမ့်မည်။ ရှားရှားပါးပါးနရဏီ့လို ယောက်ျားမျိုးနှင့် တွေ့ဆုံခဲ့တာတော့ကံဆိုးတာပဲလို့ပြောရတော့မှာပဲ။

ထောက်ထားစရာအကြောင်းတရားတွေရှိနေလို့သာ အလိုက်အထိုက်ပတ်သက်နေခဲ့ရပေမဲ့ သည်လိုအနေအထားကြီးကို စိတ်ကုန်နေမိတာကြာခဲ့ပြီ။ ဆက်ပြီးသည်းမခံနိုင်တော့သလို သည်းခံနေစရာအကြောင်းလည်းမရှိတော့ပါ။

"ကိုကိုကအခုဘယ်ရောက်နေတာလဲ။ ဏီက Frozen မှာထိုင်နေတာ၊ လာခဲ့ပါလားဟင်"

"ကိုယ်မအားဘူး၊ လာလည်းမလာနိုင်ဘူး"

"ဘယ်တော့ဖြစ်ဖြစ်မအားဘူးဘဲပြောနေလိုက်။ ဏီ့ကိုဆိုနည်းနည်းလေးမှ လိုက်လျောတယ်ဆိုတာမရှိဘူးနော်"

ရုပ်ကလေးမှုန်နေအောင်ချောသလို ချွဲချွဲနွဲ့နွဲ့ပြောတတ်သည့်ဘရဏီ့ကို ညီမလေးလိုခင်မင်ခဲ့မိတာတောင်နောင်တရချင်လာ၏။ တကယ်စိတ်ရှုပ်စရာကောင်းလောက်အောင်တွယ်ကပ်နေပုံက ကျားပိန်ခဲ,ခဲနေသလိုပဲ။ အလုပ်မှာလည်းအလုပ်မှာမို့မရှောင်သာနိုင်ခဲ့သလို လွတ်ကင်းအောင်နေပြန်တော့လည်း အနောက်ကနေတစ်ကောက်ကောက်လိုက်နေတော့ စိတ်တွေလည်းပင်ပန်းလှပြီ။

"ဘရဏီ၊ ကိုယ်ဒီနေ့စိတ်သိပ်ကြည်တာမဟုတ်ဘူးနော်။ ဘာမှမဟုတ်ရင်ဖုန်းချလိုက်တော့မယ်"

"နေပါအုံး မနက်ဖြန်ဏီ့မွေးနေ့နော်။ ဖိတ်စာပို့ထားတာရတယ်မဟုတ်လား"

"ရတယ်။ ဒါပေမဲ့ ဆောရီးလို့တောင်းပန်ရတော့မှာပဲ။ ကိုယ်လာဖြစ်မှာမဟုတ်ဘူး"

"ဟာကွာ"

"ဒါပဲမဟုတ်လား"

"ကိုကို"

စူအောင့်အောင့်အော်ဟစ်လိုက်သံကနားထဲစူးစူးရှရှ။ သူ့ဘာသာကိုကိုခေါ်နေတာကိုလည်းမဟန့်တားနိုင်တဲ့အဆုံး လွှတ်ထားလိုက်မိတာကရှေ့ဆက်ဖို့အကြောင်းတရားတွေဖြစ်နေခဲ့သလားလည်းမသိတော့ပါ။

"ကိုကိုမလာရင် အိမ်အထိလာခေါ်မှာနော်၊ မခေါ်ရဲဘူးမထင်နဲ့"

"မထင်ပါဘူး၊ မင်းလာရဲမှန်းလည်းသိပါတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့မရတော့ဘူးဘရဏီ။ မင်းနဲ့ကိုယ့်ကိစ္စကို ပြတ်ပြတ်သားသားပြောမှဖြစ်တော့မယ်"

ခပ်ထွေထွေဖြစ်နေသည့်ခေါင်းက ချင့်ချိန်နိုင်စွမ်းမရှိသည့်နောက်ပြောဆိုခဲ့သောစကားတွေက တစ်ဖက်မိန်းကလေးအတွက်နားမခံနိုင်စရာဖြစ်သွားပြီလားဆိုတာကို တွေးမနေနိုင်တော့ပါ။ သတင်းစကားတွေကိုမေမေကတောင်မေးလာသည်အထိ ကျယ်ပြန့်လာချိန်မှာနရဏီ့၏သည်းခံနိုင်စွမ်းကလည်း အဆုံးစွန်ထိ ပို့ပေးခဲ့တော့သည်။

"ကိုယ်နဲ့မင်းက ENT တစ်ခုထဲကမို့ အကျယ်တဝံ့မဖြစ်ချင်လို့သည်းခံခဲ့ပါတယ်။ ဒါကမင်းကိုရှေ့ဆက်ဖို့လမ်းဖွင့်ပေးခဲ့တာမျိုးမဟုတ်ဘူး။ မင်းဘက်ကဘယ်လိုသဘောထားမျိုးပဲရှိရှိ ကိုယ့်ဘက်ကတော့မင်းကိုလုံးဝစိတ်မဝင်စားဘူး။ ဒါကိုလည်းအခါပေါင်းများစွာပြောခဲ့ပြီးသား။ တစ်ဖက်သားကိုထောက်ထားငဲ့ညှာလို့သည်းခံခဲ့တာတွေက မင်းဖြစ်စေချင်တိုင်းဖြစ်လာအောင်ပံ့ပိုးပေးနေတာမျိုးမဟုတ်ဘူးဘရဏီ။ ဒီတော့ ကိုယ့်ကိုအခက်တွေ့အောင်လုပ်နေတဲ့ အပြုအမူတွေအပြောအဆိုတွေကိုရပ်တန်းကရပ်လိုက်ပါတော့"

အပြတ်သားဆုံးစကားတွေကိုပြောပြီး ဖုန်းကိုပါဝါပိတ်ချလိုက်၏။ သောက်လက်စဖန်ခွက်ကိုကောက်ကိုင်လိုက်ပြီး တရှိန်ထိုးမော့ချလိုက်ပြီးမှ ဘားထဲကနေထထွက်လာသောနရဏီ့စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့၏။ နောက်သုံးလအကြာတွင် ဘရဏီတို့ ENT ကနေအပြီးထွက်ခဲ့လိုက်တော့သည်။ လျော်ကြေးကိစ္စတွေအတွက် နရဏီ့ကိုယုံကြည်သောမိဘတွေရဲ့အကူအညီဖြင့် ပြီးပြတ်အောင်ပေးလျော်ခဲ့ပြီးနောက်ဘယ်ကုမ္ပဏီနဲ့မှစာချုပ်မချုပ်ဆိုခဲ့တော့ပါ။

*****************

ဘရဏီ့ဖခင်ပိုင်သော ENT ကနေထွက်လာခဲ့ပြီးခြောက်လအကြာတွင် နရဏီ့ရဲ့ First Solo Album ထွက်ရှိခဲ့၏။ ဝါသနာအလျောက် နာမည်ကြီးအဆိုပြိုင်ပွဲတစ်ခုကိုဝင်ပြိုင်ခဲ့မိသောနရဏီက Winner ဆုကိုမရခဲ့ပေမဲ့ အားပေးသူတွေများခဲ့တော့ Album ထုတ်ချိန်မှာ အထိုက်အလျောက်အောင်မြင်မှုရခဲ့သည်။ တစ်ဦးတည်းသောသားဖြစ်သောကြောင့် ဖေဖေကသူ့ကုမ္ပဏီမှာကူညီစေချင်ပေမဲ့ နရဏီ့အလိုကိုလိုက်ပြီးအနုပညာလောကထဲကိုဝင်စေခဲ့၏။ နရဏီကလည်း ငါးနှစ်လောက်ကြိုးစားကြည့်ချင်သေးတယ်ပြောခဲ့မိတာကိုး။ အစစအရာရာပြည့်စုံကြွယ်ဝသောကျောထောက်နောက်ခံရှိခဲ့လို့လည်း နရဏီ့စိတ်ကြိုက်နေခွင့်ရခဲ့၏။

ထို Album ၏ Promotion ကို ရန်ကုန်နှင့်မန္တလေးမြို့တွင်ပြုလုပ်ခဲ့၏။ မန္တလေးပွဲကအပြန်အမြန်လမ်းမကြီးပေါ် တွင် နရဏီ့ဘဝအတွက်မမေ့နိုင်သောဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့၏။ မန္တလေးမြို့က ပြန်ချိန်က ညနေစောင်းအချိန်ဖြစ်သည်။ နရဏီနှင့်အတူမန်နေဂျာနှင့် ငယ်သူငယ်ချင်းတစ်ဦးလည်းပါလာခဲ့၏။ မန္တလေးမြို့မှာရှိသောငယ်သူငယ်ချင်းတွေနှင့် Dinner အတူစားပြီး အနည်းငယ်သောက်စားခဲ့ပေမဲ့ ကားမမောင်းနိုင်လောက်အောင်ဟန်မပျက်ခဲ့ကြပါ။

အမြန်လမ်းမှာကားကိုခပ်မှန်မှန်မောင်းလာချိန်တွင် အနောက်ကနေတောက်လျှောက်ပါလာသောကားတစ်စီးကို သတိထားခဲ့မိကြသည်။ သာမာန်ခရီးသွားကားလို့ထင်ခဲ့မိပေမဲ့ နရဏီ့ဖုန်းထဲဝင်လာသောခေါ်ဆိုမှုတစ်ခုကြောင့် ထိုကားကဘရဏီ့ကားဖြစ်မှန်းသိလိုက်၏။

Album ထွက်ပြီးချိန်ထဲက အနောက်ကနေတစ်ချိန်လုံး Stalk နေခဲ့သောဘရဏီသည် မန္တလေးပွဲအထိခြေလှမ်းကျဲခဲ့၏။ တွေ့ဆုံခွင့်မပေးသော နရဏီ့ကြောင့် တဇွတ်ထိုးစိတ်နှင့်မန္တလေးအထိလိုက်လာခဲ့ပြီး စိတ်အနှောက်အယှက်ပေးခဲ့ပုံမှာ အံ့ဩစရာလည်းကောင်းလွန်းခဲ့သည်။

"ကိုကို"

တစ်စတစ်စမှောင်မိုက်လာသောမိုးသားကောင်းကင်တွင် တိမ်မည်းတို့ကအဆုတ်လိုက်ဖြစ်နေ၏။ ကားနောက်ခန်းတွင် စိတ်မောလူမောနှင့်လိုက်ပါလာခဲ့သောနရဏီမှာ ဘရဏီ့အသံကိုကြားလိုက်ချိန်ပိုလို့တောင်မောဟိုက်သွားပါတော့သည်။

"ပြော ဘရဏီ"

"ဏီ့ကို ဒီလောက်တောင်ပစ်ပစ်ခါခါလုပ်ရက်သလားကိုကိုရယ်။ မိတ်ဆွေတွေလိုတောင်မပက်သက်ချင်လောက်အောင် ဏီ့မှာဘာအပြစ်တွေရှိနေလို့လဲဟင် ပြောပါအုံး"

"အပြစ်ရှိခြင်းမရှိခြင်းထက် ပက်သက်ဖို့အဆင်မပြေလို့ကင်းကင်းနေချင်တာမျိုးပါ"

"ဏီ့ကို...ဏီ့ကို အဲလောက်တောင်မုန်းတာလားကိုကိုရယ်"

"မမုန်းပါဘူး၊ ကိုယ်ကမင်းအပေါ်မှာချစ်ခြင်းမုန်းခြင်းကင်းပါတယ်။ မိတ်ဆွေတွေလိုလည်းဆက်ဆံနိုင်ပါတယ်။ ဒါပေမဲ့ ဘာကြောင့်ဒီလိုဆက်ဆံနေရသလဲဆိုတာကိုမင်းသိပါတယ်။ ကိုယ်တို့ကမိတ်ဆွေတွေလိုတောင်ပတ်သက်လို့မဖြစ်နိုင်အောင် မင်းဘက်ကလွန်ကျူးခဲ့တာတွေရှိခဲ့တယ်လေ။ ဒီအတိုင်းနေလိုက်တာပဲကောင်းပါတယ်။ ဒါပဲ မဟုတ်လား ကိုယ်ဖုန်းချလိုက်တော့မယ်"

"နေ...နေပါအုံးကိုကိုရယ်။ ဏီမေးစရာတစ်ခုရှိလို့ပါ။ ကိုကိုနောက်လစေ့စပ်တော့မယ်ဆိုတာဟုတ်လားဟင်"

အမှန်တော့ စေ့စပ်မယ်ဆိုတာမျိုးထက်နှစ်ဖက်မိဘတွေရဲ့ဆန္ဒကြောင့်တွေ့ဆုံကြခြင်းမျိုးသာ။ ခင်မင်ရင်းနှီးခဲ့တာကြာခဲ့သောမိသားစုချင်းမို့ သားပေးသမီးယူသဘောမျိုးနှင့်စပ်ဟပ်ကြခြင်းမျိုး။ သို့ပေမဲ့ စေ့စပ်ခြင်းအထိဖြစ်လာနိုင်စရာအကြောင်းမရှိပါ။ နရဏီ့ဘက်ကလည်း စိတ်မဝင်စားသလို တစ်ဖက်မိန်းကလေးမှာလည်းရည်ရွယ်ထားသူရှိနှင့်နေပြီးသား။

စကားဆိုတာကားတတ်သောအမျိုးပေမို့ တစ်ခါလောက်လေးထမင်းလက်ဆုံစားလိုက်သည့်နောက်မှာ လိုရာတွေးပြီးရေးလိုက်သောသတင်းတွေကို ဖြေရှင်းနေဖို့လည်းမလိုအပ်ခဲ့ပါ။ သို့ပေမဲ့ချောလဲရောထိုင်သဘောမျိုးနှင့် မုသားစကားတွေကိုဆိုခဲ့လိုက်မိ၏။

"ဟုတ်တယ်။ နောက်လမှာကိုယ့်စေ့စပ်ပွဲရှိတယ်။ ဒါ့ကြောင့် မင်းလက်လျော့လိုက်ပါတော့"

"မဖြစ်နိုင်တာ...ဘယ်လိုလုပ်...ဘယ်လိုလုပ်ပြီးဏီကကိုကို့ကိုဆုံးရှုံးခံနိုင်မှာလဲ။ ဏီသဘောမတူဘူးနော်။ မစေ့စပ်ရဘူးနော်၊ ဏီ့ကို...ဏီ့ကိုသနားပါကိုကိုရယ်နော်။ ဏီ့ကိုလက်မခံချင်လည်းရပါတယ်။ ဒီလို...ဒီလိုကြီးတော့မရက်စက်လိုက်ပါနဲ့"

စိတ်ရှုပ်လွန်းလို့သက်ပြင်းမောတွေကိုသာ အကြိမ်ကြိမ်ချမိနေတော့သည်။ ဘရဏီတို့ Entertainment ကထွက်လာသည့်တိုင်အောင် ကိစ္စတွေကမပြီးပြတ်နိုင်ခဲ့ပါလား။ နှမချင်းမစာနာမျိုးမဟုတ်ပေမဲ့ မချစ်မနှစ်သက်သောလူတစ်ယောက်ကိုလိုက်လျောညီထွေမနေပေးနိုင်တာလည်း အပြစ်ရှိတယ်လို့မခံယူမိတဲ့နောက်ဖုန်းကိုချပစ်လိုက်၏။

"ဟိုကောင်မလေးပဲလား "

"အေး"

"တော်တော့်ကိုစွဲစွဲလမ်းလမ်းဖြစ်နေရှာတာပဲ။ သနားတောင်သနားလာပြီ"

"သနားတာနောက်ထား၊ မိုးကသည်းလာပြီ။ ကားကိုဂရုစိုက်မောင်းပါကွာ အရှိန်လည်းလျော့အုံး"

"အေးဆေးပါကွာ။ မင်းလည်းတော်တော်အသည်းမာတဲ့ကောင်ပဲနော်။ ဒီလောက်ငယ်ငယ်လှလှလေးကအရူးအမူးဖြစ်နေတာကို တောင့်ခံနိုင်တာလေးစားတယ်"

"လေးစားရင်အိမ်ဦးခန်းမှာတင်ပြီး ကိုးကွယ်ထားလေ"

"လာရွဲ့နေသေးတယ်၊ အကောင်းပြောတာပါ။ သူချစ်လေးလေကွာ၊ တုန်နေအောင်အချစ်ခံရမှာမကောင်းဘူးလား"

"ဟေ့ကောင် အကြောင်းမသိတာလည်းမဟုတ်ဘဲနဲ့ ဘာတွေလာပြောနေတာလဲ။ ငါကသူ့မှမဟုတ်ဘူး၊ ဘယ်မိန်းကလေးမှစိတ်မဝင်စားဘူး။ ငါ့စိတ်ထဲမှာဆိုမယ်တီးမယ် သူငယ်ချင်းတွေနဲ့ပျော်ပျော်နေချင်တယ်။ ဒါပဲသိတယ်"

"မင်းမချစ်ဖူးသေးလို့ပါကွာ၊ အပြောမကြီးစမ်းပါနဲ့"

"အပြောကြီးတာမဟုတ်ဘူး။ ငါ့ရင်ထဲအထိ နက်နက်ရှိုင်းရှိုင်းဝင်လာနိုင်ရင်တော့တစ်မျိုးပေါ့။ ငါပြောဖူးသားပဲ ယောက်ျားမိန်းမဖြစ်နေဖို့မလိုဘူး။ ငါ့စိတ်ထဲလက်ခံနိုင်တဲ့လူမျိုးဖြစ်ဖို့ပဲလိုတယ်"

"ဒါနဲ့မင်းနဲ့ဇယံကရောရိုးမှရိုးရဲ့လား။ မင်းတို့ကို Ship နေကြတယ်နော်"

"ဘာတွေလာမေးနေတာလဲကွာ၊ ဇယံနဲ့ကမင်းတို့လိုသူငယ်ချင်းပဲလေ။ နယ်ပယ်တူလို့ပိုတွဲမိတာမျိုးပါကွာ။ စိတ်ရှုပ်ရတဲ့ကြားထဲ ပေါက်ကရတွေလာပြောမနေနဲ့။ ကားကိုဂရုစိုက်မောင်း ငါတမှေးအိပ်လိုက်အုံးမယ်"

"နာမည်ကြီးအဆိုတော်ကြီးဆိုတော့လည်းပြောအားရှိတာပေါ့ကွာ။ မထင်ရဘူးနော်၊ မန်းမှာလည်းမင်းပရိတ်သတ်တွေတော်တော်များတာပဲ။ ဒီလောက်စည်မယ်လို့တောင်မထင်မိဘူး"

"မင်းယောက်ဖကိုအထင်သေးတာလား"

"ဟေ့ကောင် ငါ့ညီတော့လာမထိနဲ့နော်။ သေမယ်မှတ်"

မန်းဆေးမှာတက်နေသည့်သူ့ညီကိုဆွဲထည့်ပြောလိုက်တော့ ပုပ်အဲ့သွားသောမျက်နှာကြီးနှင့်ခပ်တိုးတိုးဆဲရေးပါတော့သည်။ သူငယ်ချင်းတွေကြားမှာ နရဏီက Bisexual ဆိုတာကိုအစကတည်းကသိခဲ့ပြီးသား။ သိခါစက စစ နောက်နောက်နှင့်ပြောခဲ့ကြသေးတာပေါ့။ မင်းဟာကဘာလာလာဒေါင်းမယ်ဆိုတဲ့သဘောလားတဲ့။ ဘာလာလာဒေါင်းတယ်ဆိုတာမျိုးထက် နရဏီ့ခံယူချက်ကကျား,ဖြစ်ဖြစ် မ,ဖြစ်ဖြစ် နှလုံးသားကလက်ခံပြီး ချစ်မိသွားဖို့ပဲအရေးကြီးတာမျိုးပါ။ နရဏီ့အတွက်အမြတ်တနိုးချစ်မိသွားသည့်လူမျိုးကိုပဲ လက်တွဲဖော်အဖြစ်ရွေးချယ်လိုပါသည်။

လှရမယ် ချမ်းသာရမယ် ဘယ်လိုဘယ်ပုံရှိရမယ်ဆိုတဲ့သတ်မှတ်ချက်မျိုးမရှိပါ။ ထို့အတူ မိန်းကလေးဖြစ်ရမယ်ဆိုတဲ့ ခံယူချက်မျိုးမရှိခဲ့သလို ယောက်ျားတစ်ယောက်ပဲဖြစ်ရမယ်လို့လည်းမသတ်မှတ်ထားခဲ့ပါ။ နရဏီ့စိတ်ကိုနွေးထွေးလှုပ်ရှားစေနိုင်တဲ့ လူသားလေးဖြစ်ဖို့ပဲ လိုအပ်ပါတယ်။

**********************************************************************

မိုင်တိုင် ၁၅၀ ကျော်လာသည်အထိ ကျော်လည်းမတက်အနောက်ကနေတောက်လျှောက်ပါလာသောပြိုင်ကားနီနီလေးက နရဏီ၏အနက်ရောင် Land Cruiser နောက်တွင်ထပ်ချပ်မကွာ တရိပ်ရိပ်ကပ်ပါလာ၏။

ပင်ပန်းနွမ်းနယ်နေသလို အနည်းငယ်လည်းသောက်စားခဲ့မိတော့မှေးခနဲအိပ်ပျော်သွားစဉ် အဆက်မပြတ်အော်မြည်နေသောဖုန်းသံကြောင့်လန့်နိုးလာ၏။ အပြင်ဘက်တွင်သည်းသည်းထန်နေသောမိုးစက်တွေကြောင့် အမြန်လမ်းမကြီးကမှုန်ဝါးဝါး။ နံပတ်စိမ်းဖြစ်ပေမဲ့ ဒါလည်းဘရဏီဖုန်းနံပတ်ပဲလို့ထင်လိုက်မိတာနဲ့ Block လိုက်ပြီး ကားနောက်မှီကိုမှီချလိုက်မိသည်။ မှေးခနဲအိပ်ပျော်ခါနီးအချိန်တွင်...။

"ဟာ..."

အထိတ်တလန့်အော်လိုက်သောသူငယ်ချင်းရဲ့အသံအဆုံးတွင် ကျယ်လောင်သောမြည်ဟည်းသံတစ်ချက်နှင့်အတူ နရဏီ့တစ်ကိုယ်လုံးမြောက်တက်သွားပြီး ဘေးတံခါးဘောင်နှင့်ခေါင်းကဒုန်းခနဲဆောင့်မိသွား၏။ မူးဝေသွားသောခံစားချက်နှင့် ကားတိုက်မိပြီဆိုတာကိုသိလိုက်၏။ စိုးရိမ်စိတ်နှင့်ရှေ့ခန်းကိုကြည့်လိုက်မိတော့ ထိုင်ခုံနှင့် Air Bag ကြားမချိမဆန့်ဖြစ်နေသောသူငယ်ချင်း။ နာနာကျင်ကျင်အော်ညည်းနေသောမန်နေဂျာအစ်ကို။

ကားရှေ့တည့်တည့်တွင် ခါးလည်ကနေဖြတ်တိုက်ခြင်းခံထားရသည့်ပြိုင်ကားအနီလေးတစ်စီးက ပုံပျက်ပန်းပျက်။ ထိန်လန့်ခြင်းများနှင့်ကြက်သေသေနေမိချိန်မှာ ပြိင်ကားရှေ့ခန်းကပွင့်လာပြီး မြေပေါ်လဲကျသွားသောအဖြူရောင်အရိပ်လေးတစ်ခု။ ဘေးက Air bag ကိုတွန်းဖယ်ကာ ခါးပတ်ကိုအမြန်ဖြုတ်လိုက်ပြီးကားထဲကပြေးထွက်လာချိန် မိုးရေတွေကြားနီရဲရဲသွေးတို့ကိုကြောက်မက်ဖွယ်ရာ​တွေ့မြင်လိုက်ရသည်။

"ဘရဏီ"

"ကို...ကို..."

"မင်း...မင်း...မိုက်လိုက်တာကွာ။ ဘယ်လိုများ...ဘယ်လိုစိတ်နဲ့များ..."

သွေးနှင့်မိုးစက်တွေစိုလူးနေသောခန္ဓာကိုယ်လေးကိုပွေ့ထူလိုက်ချိန် နရဏီ့လက်တွေကိုတင်းတင်းဆုပ်ကိုင်ပြီးမော့ကြည့်နေသောမျက်ဝန်းတစ်စုံက နာကျင်ခြင်းတွေပြည့်နှက်နေ၏။ ထိခိုက်မှုကပြင်းထန်ခဲ့သလို ကားကြီးနှင့်ကားသေးဖြစ်နေတော့ ဘရဏီ့အဖြစ်မှာမြင်ရက်စရာမရှိတော့ပါ။

"ကိုကို...မုန်း...မုန်းနေတာကို...မခံ...စားနိုင်ဘူး။ မနေ...မနေချင်..."

ဘယ်လောက်မိုက်ရူးရဲလွန်းတဲ့ကောင်မလေးလဲ။ သွေးနံ့တွေကြား ယမကာအနံ့သဲ့သဲ့ကိုရလိုက်ချိန်မှာ နရဏီ့ရင်ထဲဂရုဏာစိတ်ထက်အံ့ဩစိတ်တွေကသာလွန်ကဲနေတော့သည်။

"ငြိမ်ငြိမ်နေနော်၊ ကိုယ်...ကိုယ်အကူအညီတောင်းလိုက်အုံးမယ်"

"ဟင့်...အင်း...ဏီ့ကို...ဏီ့ကို...ဖက်...ထား...ပေး"

နောက်ဆုံးလက်ကျန်အင်အားလေးနှင့် နရဏီ့လက်တွေကိုတင်းတင်းဆုပ်ကိုင်ထားသောလက်တွေက အေးစက်တုန်ရင်နေ၏။ တဝေါဝေါမြည်အောင်ကျဆင်းနေသည့်မိုးတွေကြား မိုးခြိမ်းသံတွေကလည်းဆူညံနေတော့သည်။ တစ်စစ်စစ်ကိုက်ခဲနာကျင်နေသောညာဘက်ဂျိုစောင်း၊ ဖယ်ခွာလို့မရအောင်တင်းကျပ်နေသည့်လက်နှစ်ဖက်ကြားမှာ နရဏီ့တကိုယ်လုံးလည်းအေးစက်တုန်ရင်လာသည်။

"ကို...ကို...မစေ့...စပ်...ရဘူး...နော်...ဏီ့ကို...ဏီ့ကိုပဲ...."

ပြာဝေလာသောအမြင်အာရုံ၊ ခပ်သဲ့သဲ့ကြားနေရသောစကားသံတွေက ဘရဏီ့အသံလားမန်နေဂျာအသံလားမသဲကွဲနိုင်တော့ပါ။ ဘရဏီ့ကိုပွေ့ပိုက်ထားရင်း လဲကျသွားတာကိုနောက်ဆုံးသိလိုက်တော့သည်။

သတိရလာချိန်မှာ အထူးကုဆေးရုံတစ်ခုပေါ်မှာနရဏီရောက်နေခဲ့၏။ ဘယ်ဘက်ခြေသလုံးရိုးကျိုးသွားသောသူငယ်ချင်း။ ညှပ်ရိုးကျိုးသွားသောမန်နေဂျာ။ နရဏီကတော့ ကံကောင်းထောက်မစွာဖြင့်ညာဘက်ဂျိုစောင်းတွင်သုံးချက်သာချုပ်လိုက်ရသည်။ နရဏီဆေးရုံကဆင်းသောရက်မှာ ဘရဏီအလောင်းကိုသင်္ဂြိုဟ်ခဲ့သောနေ့ဖြစ်ခဲ့၏။

အမှု့အတွက်ကားပိုင်ရှင်ဖြစ်သူနရဏီနှင့် ကားမောင်းသူ,သူငယ်ချင်းနှစ်ဦးဖြေရှင်းခဲ့ရသည်။ မျက်မြင်သက်သေအနေနှင့် တစ်ဖက်လမ်းကဖြတ်သွားသောကားတစ်စီးရှိလို့သာ ပြစ်ဒဏ်ကနေကင်းလွတ်ခွင့်ရခဲ့ပေမဲ့ နရဏီနှင့်ဘရဏီတို့ကြားကကိစ္စတွေကဖြေရှင်းလို့မပြီးစီးနိုင်ခဲ့ပါ။

လိုရာဆွဲပြောကြသောသတင်းတွေကြားမှာ နရဏီကဘရဏီ့ကိုဖြတ်ပြီး နောက်တစ်ယောက်တွဲလို့ ပြဿနာတွေဖြစ်ခဲ့သလိုလို။ လိုသူတွေကအဖြစ်မှန်ကိုသိကြပေမဲ့ မလိုသူတချို့ရဲ့နာမည်ဖျက်ခြင်းနှင့်ထင်ရာမြင်ရာပြောဆိုခြင်းတွေကိုလည်းခံခဲ့ရ၏။

ဘရဏီ့သေဆုံးခြင်းအတွက် အပြစ်မကင်းတဲ့ခံစားချက်မျိုးမရှိခဲ့ဘူးဆိုရင် ဘယ်ဟုတ်ပါ့မလဲ။ ခေါ်ဆိုခဲ့သောဖုန်းကိုကိုင်လိုက်ပြီး ပြေရာပြေကြောင်းပြောခဲ့မိရင် ဒီလိုအဖြစ်ဆိုးမျိုးမဖြစ်နိုင်ဘူးလို့မှတ်ယူမိခဲ့တဲ့နောက်မှာ စိတ်ထဲဒဏ်ရာတစ်ခုလိုဖြစ်တည်ခဲ့၏။

နောက်ဆုံးတွေ့ကြုံခဲ့ရသည့်အဖြစ်အပျက်တွေက အိမ်မက်ထဲအထိလာလာပြီးနှောက်ယှက်တတ်၏။ ဘရဏီ့ကိုရည်စူးပြီး ကုသိုလ်ကောင်းမှုတွေလည်းလုပ်ပေးခဲ့ပါသည်။ ဘရဏီသေဆုံးပြီးခြောက်လလောက်ကြာမှ ထိုအိမ်မက်ဆိုးကနေလွတ်မြောက်ခဲ့၏။

သို့ပေမဲ့ ကလောမလာခင်အချိန်က ထိုအိမ်မက်ဆိုးကိုပြန်မက်ခဲ့၏။ အဟောင်းတွေကအသစ်ဖြစ်လာချိန် စိတ်ရောလူပါအနားယူရန်အတွက်လုပ်လက်စအလုပ်တွေကိုပြီးပြတ်အောင်ဖြတ်ပြီး ရန်ကုန်မြို့ကနေထွက်ခွာလာခဲ့၏။ တစ်နှစ်နီးပါးကြာသည့်တိုင် ​သည်အိမ်မက်ဆိုးကနေမလွတ်မြောက်နိုင်သေးတာဘာအကြောင်းတွေကြောင့်များလဲဆိုတာ နရဏီမတွေးတတ်တော့ပါ။

******************************************************************

"ဟင်"

အပေါ်ထပ်ဝရံတာမှာစီးကရက်သောက်နေရင်း ဘရဏီ့အကြောင်းတွေပြန်တွေးနေမိစဉ် ခြံဘေးဘက်အစွန်းတွင်ရှိသောထင်ရူးပင်အောက်ကအဖြူရောင်အရိပ်လေးတစ်ခုကိုအမြင် နရဏီ့တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းတွေထောင်ထမတတ်ဖြစ်သွား၏။ ခြံမီးရောင်မှိန်ပျပျအောက်တွင်မြင်လိုက်ရသောပုံရိပ်လေးက ဆံပင်ရှည်ရှည်နဲ့မိန်းကလေးတစ်ဦးလို့ထင်လိုက်သည်နှင့် အိမ်အောက်ထပ်ကိုပြေးဆင်းလာမိတော့သည်။

ခြံထဲရောက်ချိန်တွင် ထိုအပင်တန်းနားတွင်ဘာအရိပ်အယောင်မှမရှိတော့ပါ။ အကြည့်မှားတာလုံးဝမဖြစ်နိုင်။ သေသေချာချာတွေ့လိုက်တာလို့သိလိုက်သည်နှင့် ဟိုသည်ပြေးရှာမိသည်။ ပုလွေလေးကောက်ရခဲ့စဉ်ကရခဲ့သည့်မွှေးရနံ့က ထိုနေရာလေးတဝိုက်တွင်ခပ်သင်းသင်းကျန်ခဲ့၏။ ဒါလည်း ဘရဏီ့ဆီကရတတ်သောရေမွှေးရနံ့နှင့်ဆင်တူလှ၏။

"ကိုကိုကြီး"

အနောက်ကနေလှမ်းခေါ်သံကြားမှ မင်းမောင်လည်းနောက်ကနေပြေးလိုက်လာမှန်းသိလိုက်၏။

"ဘာ...ဘာတွေ့လိုက်လို့လဲဟင်"

"မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်လို့"

"ဟင်...ကိုကိုကြီးနော်၊ လာ...လာ ပြန်မယ်။ အမလေး...ကြက်သီးတွေတောင်ထလာပြီ။ လာပါဗျ အေးကအေးနဲ့လာပါဆိုမှ"

အိမ်ဘက်ကိုဆွဲခေါ်နေသည့်နောက်လိုက်လာရင်း အနောက်ကိုလှည့်ကြည့်မိတော့လည်းဘာမှမတွေ့ရ။ ကြောက်လန့်နေသောမျက်နှာနှင့်မင်းမောင်ကိုမြင်လိုက်မှ စိတ်ပျက်လက်ပျက်နှင့်တိုက်ထဲကိုပြန်ဝင်လာခဲ့သည်။ ဒါသမာရိုးကျတိုက်ဆိုင်မှုတော့မဟုတ်နိုင်။ အကြောင်းအရင်း တစ်ခုခုတော့ရှိရမယ်ဆိုတာကို ခန့်မှန်းလိုက်မိသောနရဏီမှာ အခန်းထဲရောက်ချိန်မန်နေဂျာထံဖုန်းဆက်ပြီး သိချင်တာတွေကိုစုံစမ်းခိုင်းလိုက်၏။

တွေ့မယ်လေ။ မင်းကဘယ်သူဖြစ်နိုင်မလဲမိန်းကလေးရေ။ ဘယ်လိုစိတ်ကူးနဲ့များအရိပ်အယောင်တွေလာပြနေတာလဲ။

*******************************************************************

ခြောက်လှန့်နေသောအိမ်မက်တစ္ဆေ (၃)

"မင်းဘယ်ပြေးမလဲကွ"

စိတ်ထဲကျုံးဝါးလိုက်ရင်း သစ်ပင်ပေါ်ကပေါ့ပေါ့ပါးပါးခုန်ဆင်းလိုက်၏။ ရုတ်တရက်တွေ့လိုက်ချိန် ကြောင်ငေးနေရာမှသတိဝင်လာသလိုလှည့်ပြေးဟန်ပြင်လိုက်သည်နှင့် နရဏီ့လက်တွေကလည်းမြန်မြန်ဆန်ဆန်လှုပ်ရှားသွား၏။

အားပါသောဆွဲငင်ခြင်းမှာသေးသွယ်သွယ်ခန္ဓာကိုယ်လေးက နရဏီ့ရင်ခွင်ထဲထွေးခနဲရောက်လာချိန် မကြုံစဖူးခံစားလိုက်မိခြင်းကရင်တစ်ခုလုံးနွေးထွေးသွားခြင်း။ လတ်ဆတ်ချိုမြသောမွှေးရနံ့သင်းသင်းက နရဏီ့အသိစိတ်တွေကိုနုညံ့ပျော့ပျောင်းသွားစေသည်။ တစ်ချိန်ထဲမှာပင်ကြိုတင်စီစဉ်ထားသောစကားလုံးတွေက ပျောက်ရှလွင့်ပျယ်သွားလေ၏။

"မကြောက်နဲ့နော်၊ မင်းထွက်ပြေးသွားမှာစိုးလို့ဖမ်းဆွဲလိုက်တာပါ"

ရင်ခွင်ထဲက​နေရုန်းထွက်နေသောကောင်မလေးက မျက်နှာလေးကိုငုံ့ချထားပြီးကြောက်ကြောက်လန့်လန့်ဖြစ်နေပုံက ကျော့ကွင်းမှာမိနေတဲ့သမင်ငယ်လေးလို။

"ဟိတ်...ကိုယ်မင်းကိုဘာမှမလုပ်ပါဘူး။ ဒီမှာခဏထိုင်ပြီးစကားပြောကြမယ်နော်။ ဟာ...မငိုနဲ့လေ"

ရုန်းထွက်မရတာကိုသိလိုက်မှ ရှိုက်ရှိုက်ပြီးငိုချလိုက်သံလေးကတိုးတိုးသဲ့သဲ့။ သစ်တုံးလေးတစ်ခုပေါ်မှာထိုင်ခိုင်းလိုက်ပြီး လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ကိုင်ထားလိုက်မိသည်။ မြေကြီးပေါ် မုဆိုးဒူးထောက်ထိုင်ချလိုက်ပြီး ငိုနေသောမျက်နှာလေးကိုမော့ကြည့်ချိန် မျက်နှာလေးကိုဆံနွယ်ရှည်တွေနှင့်ဖုံးကွယ်ထား၏။

"မင်းဘယ်သူလဲ၊ ဘယ်မှာနေတာလဲ"

"..."

"ဘာလို့ကိုယ့်ကိုခြောက်လှန့်နေတာလဲ၊ မင်းဘာလိုချင်တာလဲ"

မေးခွန်းတွေမေးနေမိပေမဲ့ အဖြေကတော့ထွက်မလာ။ ဆံနွယ်ရှည်တွေကြားကတစ်စွန်းတစ်စမြင်နေရသောမျက်နှာလှလှလေးကို ငေးစိုက်ကြည့်နေမိသည်။ ဝိုင်းစက်နေသောမျက်လုံးလှလှလေးတွေနှင့်နှာတံစင်းစင်းလေး။ ထူထူပြည့်ပြည့်နှင့် သဘာဝအတိုင်းသွေးရောင်လွှမ်းနေသောနှုတ်ခမ်းတစ်စုံ။

"ဟိုဘက်ခြံမှာနေတာလား"

ခေါင်းကိုညိတ်ပြပြီး တစ်ဖက်ခြံကိုလှည့်ကြည့်လိုက်ပုံကြောင့် မျက်နှာလေးကိုရှင်းရှင်းမြင်လိုက်ရ၏။ ဘရဏီနှင့်ဆင်တူသလိုလိုရှိပေမဲ့ သေချာကြည့်တော့လည်းမတူပြန်။ ဘရဏီ့လိုရဲတင်းသောအကြည့်၊ ယုံကြည်မှုလွန်ကဲနေသောမျက်နှာပေးမျိုးနှင့်ကွဲလွဲစွာ ဒီမိန်းကလေးမျက်နှာလေးကသန့်စင်ကြည်လင်လှသည်။

နုငယ်သန့်စင်သောမျက်နှာလေးနှင့်မလိုက်ဖက်စွာ လက်ဖဝါးလေးတွေရဲ့အထိအတွေ့ကတင်းတင်းပြည့်ပြည့်နှင့်ကြမ်းရှရှ။

"ပြောလေ...ဘာတစ်ခွန်းမှမပြောဘဲပြန်ရလိမ့်မယ်လို့မထင်နဲ့၊ မင်းကိုယ့်ကိုဘာလို့ဒီလိုတွေလာလုပ်တာလဲ။ ဟိုတစ်နေ့ညကခြံထောင့်မှာတွေ့လိုက်တာလည်းမင်းပဲမဟုတ်လား"

လည်ပင်းပိတ်ဆွယ်တာလက်ရှည်လေးကို ခဲရောင်အောက်ခံမှာအဖြူစင်းလေးတွေပါသောဘောင်းဘီပွပွရှည်ရှည်လေးနှင့်တွဲဝတ်ထား၏။ ထိတ်လန့်နေသောမျက်နှာလေးနှင့် မျက်တောင်ရှည်တွေကိုစင်းချထားပြီးငြိမ်သက်နေသည်။ ထပ်ကာထပ်ကာမေးလိုက်တော့မှ လက်ဟန်လေးနဲ့ပြောပြလာ၏။

နားမလည်ပေမဲ့ ချက်ချင်းသဘောပေါက်လိုက်မိသည့်နရဏီက မသိမသာပြုံးလိုက်မိရင်းစိုက်ကြည့်နေလိုက်မိ၏။ ရှုတ်ယှက်ခတ်အောင်ဖြေရှင်းပြနေသော လက်ကလေးကိုဖမ်းကိုင်လိုက်ပြီးမှ...။

"ကိုယ်ပြောတာကိုကြားရလား။ နားလည်လားဟင်"

ခေါင်းလေးကိုအသာညိတ်ပြလိုက်မှ သိုင်းလွယ်ထားသည့်အိတ်လေးထဲက စာအုပ်လေးနှင့်ဘောပင်လေးကိုထုတ်ယူလိုက်ပြီး...။

"စာရေးတတ်တယ်မဟုတ်လား။ စာနဲ့ရေးပြလေ နော်"

စာအုပ်လေးကိုပေါင်ပေါ်တင်ပြီး ခပ်ဖြည်းဖြည်းရေးနေသောလက်ချောင်းလေးတွေမှာ လက်သည်းရှည်လေးတွေမရှိပါ။ မန်နေဂျာဆီကရခဲ့သော အချက်အလက်တွေနှင့်ကွဲလွဲနေသည့် အနေအထားမှာ အလိုက်သင့်လေးသာကြည့်နေလိုက်မိ​သည်။

ကော့ညွတ်နေသောမျက်တောင်ရှည်ကြီးတွေက အတုတပ်ထားတာမဟုတ်မှန်းမော်ဒယ်လေးတွေနှင့် MTV ရိုက်ကူးခဲ့ဖူးသောနရဏီကောင်းကောင်းသိ၏။ စိမ်းညို့နေသောမျက်ခုံးတန်းလေးတွေက ထူထဲလှပလွန်း၏။ မျက်နှာလေးကိုရှင်းရှင်းမြင်လိုက်မှ မေးရိုးလေးတွေထင်းနေသည့်မျက်နှာလေးနဲ့ နှုတ်ခမ်းတစ်ဝိုက်တွင်မွှေးညှင်းစိမ်းလေးတွေခပ်သဲ့သဲ့။

💬 ဟိုဘက်ခြံကဧည့်သည်ပါ

ခပ်စောင်းစောင်းလက်ရေးလေးတွေက လက်ကလေး​တွေရဲ့တုန်ခါနေခြင်းကြောင့် မသေမသပ်ဖြစ်နေ၏။

"မင်းကိုယ့်ကိုသိလား"

💬 သိပါတယ်။ အဆိုတော်နရဏီမဟုတ်လား

"ဒါဖြင့် ဘာလို့ဟိုတစ်နေ့ကထွက်ပြေးသွားတာလဲ"

💬 ကြောက်လို့

"ဘာလို့ကြောက်တာလဲ၊ ကိုယ်ကဘာလုပ်မယ်ထင်လို့လဲ"

💬 ရုတ်တရက်တွေ့လိုက်ရတော့ ကြောက်သွားတာပါ

"ကိုယ်ကပုလွေသံလေးကြားလိုက်လို့ ဒီဘက်ကိုရောက်လာတာပါ။ ကိုယ့်ကိုကြောက်လို့ထွက်ပြေးသွားတာပေါ့ ဟုတ်လား"

ခေါင်းကိုအသာညိမ့်ပြလာတော့...။

"ဟိုတစ်နေ့ညကရော ကိုယ်တို့ခြံထဲကိုဘာလို့ရောက်နေတာလဲ"

မျက်လွှာလေးကိုစင်းချထားပြီး ခေါင်းကိုယမ်းပြလာတော့...။

"ရပါတယ် မဖြေချင်လည်းမဖြေပါနဲ့၊ ဒါနဲ့မင်းနာမည်ကိုပြောပြပါအုံး"

"..."

"ပြောလေ နာမည်ဘယ်လိုခေါ်လဲ"

💬 မေမေခေါ်တာ ခန့်

"ဒါဆိုကိုယ်လည်းခန့်လို့ခေါ်လို့ရလား"

ခေါင်းလေးညိတ်ပြပြီးမှ စာလုံးလေးတွေရေးခြစ်နေပြန်၏။

💬 ပြန်တော့မယ်နော်

"နေပါအုံးကွာ"

💬 အပြင်သွားစရာရှိတယ်၊ လူကြီးတွေစောင့်နေလောက်ပြီ

"ကိုယ်ပြန်လိုက်ပို့ပေးမယ်။ လူကြီးတွေပါတယ်မဟုတ်လား နှုတ်ဆက်မယ်လေနော်"

💬 ဟင့်အင်း မရဘူး။ လိုက်ခဲ့လို့မရဘူး

"ဒါဆို ညနေသုံးနာရီလောက်ဒီကိုလာမယ်လို့ကတိပေး၊ ဒါဆိုပြန်လွှတ်ပေးမယ်"

ဘောပင်လွတ်နေသည့်လက်ကလေးကိုဆုပ်ကိုင်ထားပြီး ဇွတ်တိုးပြောလိုက်မှဖျတ်ခနဲမော့ကြည့်လာပြီး ချက်ချင်းပြန်ငုံ့လိုက်ပြီးမှလက်လေးချောင်းထောင်ပြ၏။

"အိုကေ ဒါဆိုညနေလေးနာရီပေါ့။ တကယ်လာရမယ်နော်။ မလာရင် ခြံထဲအထိလိုက်လာမှာလို့သိထား"

💬 လာမှာပါ၊ ဒါဆိုပြန်တော့မယ်နော်

"ဟိုးနားအထိလိုက်ပို့ပေးမယ် ရလား"

တစ်ဖက်ခြံစည်းရိုးလေးကိုဖြတ်ကျော်ပြီး ထင်ရူးပင်တန်းလေးတွေအောက်က ဖြတ်လျှောက်လာသည့်လမ်းတစ်လျှောက် ခန့်လက်လေးကိုနရဏီမလွှတ်မိပါ။ မသိမသာရုန်းထွက်ချင်နေသည့်လက်ကလေးကို တင်းတင်းဆုပ်ကိုင်ထားပြီးမသိဟန်ဆောင်ကာ စကားတွေတတွတ်တွတ်ပြောနေမိသည်။ မီးခိုရောင်နှင့်အဖြူရောင်ရောစပ်ထားသည့် နှစ်ထပ်တိုက်အိမ်ကြီးကိုလှမ်းမြင်ရသည့်နေရာရောက်မှ ခန့်ကခြေလှမ်းတွေရပ်လိုက်ပြီးပြန်တော့ဆိုသည့်ဟန်လေးနှင့် အတင်းနှင်တော့သည်။

"ညနေလေးနာရီနော်။ ခန့်မလာမချင်းကိုယ်စောင့်နေမှာ။ မလာလို့ကတော့သိတယ်နော်..."

ခြိမ်းခြောက်သလိုအပြောမှာ လှစ်ခနဲပြုံးရယ်လိုက်သည့်မျက်နှာလေးကြောင့် ငေးခနဲဖြစ်သွား၏။ ဖြူဖွေးစီတန်းနေသောသွားတန်းလေးတွေကြားထဲမှာ သွားတက်ကလေးနှစ်ချောင်းက ရှိရင်းစွဲမျက်နှာလေးကိုပိုပြီးနုသစ်သွားစေသည်။

ပြေးထွက်သွားသောအရိပ်လေးကို မြင်ကွင်းထဲကနေပျောက်သွားသည့်ထိရပ်ငေးကြည့်ပြီးမှ နောက်လှည့်ကာပြန်လာခဲ့၏။ မန်နေဂျာပေးသည့်အချက်အလက်တွေကပဲလွဲနေသလား ဒီဟာလေးကပဲနရဏီ့ကိုအရူးလုပ်ချင်နေတာလားဆိုတာကို သေချာအောင်စုံစမ်းရပါဦးမည်။

**********************************************************

ပုလွေလေးကိုပိုင်ရှင်လက်ထဲပြန်ပေးလိုက်တော့ ဝမ်းသာဟန်လေးနှင့်ယူပြီးတယုတယပွတ်သပ်ကြည့်နေ၏။

"ကိုယ့်ကိုပုလွေမှုတ်ပြပါလား။ ဟိုတစ်နေ့ကသံစဉ်မျိုးလေးလေ၊ လွမ်းစရာပေမဲ့နားထောင်လို့ကောင်းတယ်"

ပြောလိုက်မိတော့ စာအုပ်လေးထဲရေးခြစ်ပြီးရှေ့ထိုးပေးလာ၏။

💬 အဲနေ့ကဘာသီချင်းမှုတ်နေတာလဲသိလို့လား

"မသိဘူးလေ၊ ခန့်ပြောပြမှသိမှာပေါ့"

💬 မပြောဘူး။ ခန့်ကသံစဉ်လေးတွေမှုတ်ပြမယ်။ အစ်ကိုက ဘာသီချင်းလဲဆိုတာခန့်မှန်းကြည့်မလား

"ခန့်ကဆော့ချင်တာလား။ အိုကေလေ"

ခေါင်းလေးငဲ့ကာ ပုလွေလေးပေါ်ဖိကပ်လိုက်သည့်နှုတ်ခမ်းလေးတွေကိုငေးကြည့်နေရင်း နရဏီ့ရင်ထဲတထိတ်ထိတ်ခုန်လာတာဘာကြောင့်များလဲ။ ရေပဲငတ်လာသလိုလို လည်ချောင်းတစ်လျှောက်ခြောက်သွေ့လာ၏။ မျက်တောင်ရှည်တွေကိုစင်းချပြီးစိတ်ပါလက်ပါမှုတ်လိုက်ချိန်တွင် ချိုလွင်သည့်သံရှည်လေးတစ်ခုကနားထဲစီးဝင်လာ၏။ တစ်ပိုဒ်လောက်သာမှုတ်ပြပြီး နရဏီ့ကိုမော့ကြည့်၏။

"ကိုယ်သိတယ်။ ဝါဆိုလေ ဟုတ်တယ်မဟုတ်လား။ မိုးအုံ့လို့သစ်ရွက်ကလေးတွေကြွေနေရင် တိမ်တွေပြိုတော့မှာကိုယ်သိတယ် ဝါဆိုရယ်သိပ်သတိရမိတယ် ဟုတ်တယ်ဟုတ်"

စာအုပ်လေးထဲရေးခြစ်နေပြန်တော့ အနားကပ်ပြီးဖတ်လိုက်ချိန်...။

💬 အစ်ကို့အသံကသိပ်နားထောင်လို့ကောင်းတာပဲ'

"ခန့်သဘောကျရင်ဆိုပြမှာပေါ့။ မနက်ဖြန်ဂီတာယူလာမယ်၊ နားထောင်ချင်လားဟင်‌"

💬 ကြုံတောင့်ကြုံခဲဟာကိုနားမထောင်ချင်ဘဲနေမလား။ အများကြီးဆိုပြရမယ်နော်

"သိပ်ရ၊ ဒါပေမဲ့ ဒီနေ့တော့ခန့်ကကိုယ့်ကိုအရင်ဆိုပြလေ"

💬 ဆိုမှဆိုလို့မရတာ၊ ဘယ်လိုဆိုပြရမလဲ

"ဪ မဟုတ်ဘူး၊ သီချင်းလေးတွေမှုတ်ပြလို့ပြောတာပါ။ ဆောရီးနော် ကိုယ်စကားမှားသွားတယ်"

ကြည်လင်နေသည့်စမ်းချောင်းငယ်လေး​ဘေးတွင် ပုလွေလေးမှုတ်ပြီးသံစဉ်တွေဖန်တီးနေသောမိန်းမပျိုလေးနှင့် ထိုမိန်းမပျိုလေးကိုငေးကြည့်ပြီး ပျော်ရွှင်နေသောအမျိုးသားလေးတစ်ယောက်ရဲ့တွေ့ဆုံခြင်းကမရိုးရှင်းခဲ့သလို နှလုံးသားတွေကလည်းမရိုးရှင်းခဲ့ပါ။

ခန့်ကိုတိုက်ကြီးနားအထိလိုက်ပို့ပေးပြီးပြန်လာရာလမ်းတွင် နရဏီ့နှုတ်ဖျားကနေတိုးတိုးပြောလိုက်မိ၏။

ဘရဏီရေ...မင်းကိုတော့မချစ်မနှစ်သက်နိုင်ခဲ့ပေမဲ့ မင်းနဲ့သွေးသားတော်စပ်သူလေးကို တစ်ဘဝလုံးမြတ်နိုးပေးသွားမယ်ဆိုရင် ကျေနပ်နိုင်မယ်မဟုတ်လား။ လွတ်မြောက်ခြင်းရဲ့တစ်ဖက်မှာ အေးချမ်းနိုင်ပါစေညီမလေးရေ။

With Love
HSY