Ch 3 (Final)
Viewers 379

ပျက်ပြယ်သွားသော အိပ်မက်တစ္ဆေ (၁)

ပြောထားသည့်ကတိစကားအတိုင်း ခန့်ကိုဂစ်တာတီးပြီးသီချင်းတွေသီဆိုပြခဲ့၏။ ကလေးတစ်ယောက်လိုပျော်ရွှင်နေတဲ့ခန့်က ဆိုပြသမျှသီချင်းတွေကိုသူသိကြောင်း သီချင်းနာမည်တွေ၏ခေါင်းစဉ်လေးတွေကိုစာလေးရေးပြီးပြလာခဲ့၏။ ကိုယ့်သီချင်းတွေကိုသိနေတာလားမေးမိတော့ အစ်ကိုဆိုတဲ့သီချင်းတွေအကုန်လုံးသိတယ်တဲ့။ အဆိုပြိုင်ပွဲတုန်းကလည်း တစ်လျှောက်လုံးအားပေးခဲ့တာပါတဲ့။ အခွေလေးလည်းဝယ်ထားတယ်လို့​ရေးပြ၏။

သီချင်းငါးပုဒ်ဆိုပြပြီးချိန်တွင် ခဏဆိုသောဟန်ကလေးနှင့်လက်ကလေးကာပြပြီးပြေးထွက်သွား၏။ ဆယ်မိနစ်ခန့်အကြာတွင် တောရိုင်းပန်းတချို့ကိုစည်းနှောင်ထားသောပန်းစည်းလေးနှင့်ပြန်ရောက်လာ၏။

ပန်းစည်းလေးတင်မက ပန်းပေးသူလေးကိုပါဆွဲယူသိမ်းဖက်လိုက်ပြီး ဖွေးနုနေသောပါးပြင်လေးတစ်ဖက်ကိုအသာအယာနမ်းရှိုက်လိုက်မိသည်။ သတိဝင်လာချိန်မှာတော့ အရာအားလုံးဟာတိတ်ဆိတ်ငြိမ်သက်သွားတော့၏။ လှည့်ပြေးသွားသောခန့်နောက်ကအမြန်ပြေးလိုက်ပြီး တောင်းပန်စကားဆိုသည့်တိုင်မျက်ရည်တွေကျဆင်းပြီးငိုရှိုက်နေသည့်ခန့်။

"ကိုယ်တောင်းပန်ပါတယ်ခန့်ရယ် နော်။ စော်ကားလိုတဲ့စိတ်နဲ့နမ်းလိုက်တာမျိုးမဟုတ်ပါဘူး။ ကိုယ်...ကိုယ်ခန့်ကိုချစ်လို့ပါ။ မြင်မြင်ချင်းချစ်မိသွားလို့ပါ"

မယုံနိုင်သလိုမော့ကြည့်လာသောမျက်ဝန်းလေးတွေ။ ပြီးမှခါးသီးဟန်လေးနှင့် ရင်ခွင်ထဲကအတင်းရုန်းထွက်၏။ နရဏီကိုယ်တိုင်လည်း ကိုယ့်ဘာသာအံ့ဩမိ၏။ ဘယ်လိုကြောင့်များချစ်တယ်ဆိုသောစကားကို လွယ်လွယ်ကူကူပြောလိုက်မိတာလဲ။ သေချာတာက ပေါ့ပေါ့တန်တန်ပြောလိုက်မိခြင်းမျိုးမဟုတ်ခဲ့ပါ။ အချိန်တိုတိုအတွင်းမှာ ခန့်အပေါ် တွယ်ငြိသွားခဲ့မိသောစွဲလမ်းစိတ်တွေက နက်ရှိုင်းလွန်းနေခဲ့၏။

"မယုံဘူးလား။ ဒါဖြင့် ကိုယ့်မိဘတွေကို လှမ်းခေါ်လိုက်မယ်။ ခန့်မိဘတွေဆီက တစ်ခါထဲတောင်းခိုင်းလိုက်မယ်လေ။ ဒါဆိုယုံမယ်မဟုတ်လား။ ကိုယ်ခန့်ကိုချစ်တယ် ခန့်လည်းကိုယ့်ကိုချစ်တယ်မဟုတ်လားဟင်၊ ချစ်လို့လာတွေ့တာမဟုတ်ဘူးလား ပြောပါအုံး..."

ဘယ်လိုပြောပြောခေါင်းကိုသာသွင်သွင်ယမ်းပြီး သည်းသည်းထန်အောင်ငိုရှိုက်နေတော့သည်။ အေးစက်နေသောလက်ကလေးတွေက ချွေးစေးလေးတွေနှင့်စိုစွတ်နေသလိုနီးမြန်းနေသောမျက်နှာလေးကလည်း နရဏီ့ကိုမျက်နှာချင်းမဆိုင်တော့ပါ။ နရဏီ့လက်ထဲကသူ့လက်ကလေးကိုအတင်းရုန်းဖယ်ပြီး လှည့်ပြေးရန်သာကြံရွယ်နေတော့ နရဏီ့သည်းခံနိုင်စွမ်းကလွတ်ထွက်သွားပါတော့သည်။

"မင်းဘယ်သူလဲဆိုတာကိုယ်သိပြီးသား၊ ကိုယ့်ကိုဒီထက်ပိုပြီး လှည့်စားဖို့မစဉ်းစားနဲ့တော့လင်းခန့်ကို။ ကိုယ်ကမင်းတို့မောင်နှမလှည့်စားသမျှ ငြိမ်ခံနေမဲ့ကောင်မဟုတ်ဘူး။ မင်းပါးစပ်က ဖြေရှင်းချက်​တွေဘယ်တော့ပေးလာမလဲလို့စောင့်နေခဲ့တာ၊ ပြောလေ...ပြော။ ဘာသဘောနဲ့ခုလိုလာလုပ်တာလဲ။ ဒီလိုဝတ်စားပြီးကိုယ့်ကိုလှည့်စားချင်နေတာဘာသဘောလဲ"

နရဏီ့စကားသံကိုကြားလိုက်မှ အထိတ်ထိတ်အလန့်လန့်နှင့်မော့ကြည့်လာသည့်မျက်နှာလေး။ ဝိုင်းစက်နေသောမျက်ဝန်းလေးတွေနှင့်မင်သက်သွားပြီးမှ နရဏီ့ရင်ဘတ်ကိုအားကုန်တွန်းပြီး လှည့်ပြေးသွားပုံကမြန်ဆန်လွန်းလှသည်။

"လွတ်မယ်လို့များထင်သလားခန့်ရဲ့၊ လာစမ်း"

သေးသွယ်သွယ်ခန္ဓာကိုယ်လေးက နရဏီ့ဆွဲအားကြောင့်လည်ထွက်သွားပြီး နှစ်ဦးသားဘေးနားကမြက်ခင်းပေါ်လုံးထွေးပစ်ကျသွား၏။ ခန့်နာကျင်သွားမှာစိုးသည့်စိတ်နှင့် ကားဆီးလိုက်သည့်နရဏီ့ကျောနှင့်လက်မောင်းတွေက နာကျင်အောင့်မျက်ခြင်းတွေပြည့်နှက်သွား၏။

"လွှတ်...ကျွန်တော့်ကိုလွှတ်..."

"ဘာခုမှကျွန်တော့်ကိုလွှတ်လဲ၊ မလွှတ်နိုင်ဘူး။ မင်းမိဘတွေဘယ်မှာလဲ၊ မင်းအိမ်ကိုလိုက်ပြီးပြောပြရမယ်။ မင်းအစ်မတုန်းကလည်း စိတ်အနှောက်အယှက်တွေပေးခဲ့တာ၊ ရူးမတတ်ခံစားခဲ့ရတာ။ ခုလည်းလာပြန်ပြီ။ မင်းက... မင်းကရော ဘာကိစ္စနဲ့မိန်းကလေးလိုဝတ်ပြီး ရောက်လာတာလဲ။ ပြောလေ...ပြော"

"မပြောဘူး မပြောဘူး။ လွှတ်ဆို..."

"အ,နေတာဆို၊ ခုတော့စကားပြောတတ်သွားပြီလား။ ဘာမပြောဘူးလဲ၊ အေး...မပြောရင်ပြောအောင်လုပ်ရတော့မှာပေါ့။ လာစမ်း ကလိမ်ကကျစ်ကောင်လေး"

ပက်လက်အနေအထားကနေကိုယ်ကိုလှည့်လိုက်ပြီး ခန့်ကိုယ်ပေါ်အုပ်မိုးလိုက်ချိန်မှာဝိုင်းစက်နေသောမျက်လုံးလေးတွေထဲထိတ်လန့်ခြင်းတွေပြည့်နှက်နေတော့၏။

သည်လိုမျက်နှာလေးကိုမြင်လိုက်ရတော့လည်း နရဏီ့စိတ်ရိုင်းတွေကငြိမ်သက်သွားသည်။ တုန်ခိုက်နေသောခန္ဓာကိုယ်လေးကိုဆွဲထူလိုက်ပြီး ခန့်ပုခုံးစွန်းပေါ် ခေါင်းကိုစိုက်ချထားလိုက်မိချိန် ဘရဏီ့ဆီကရနေကျရေမွှေးနံ့လေးကသင်းပျံ့ပျံ့။

ထိုမွှေးရနံ့ကိုရလိုက်တာနှင့် ကြက်သီးမွှေးညှင်းတွေထောင်ထမတတ်ခံစားလိုက်ရသည်။ လုံးဝစိတ်မဝင်စားခဲ့သလို တစ်ခါတစ်လေမုန်းတီးစိတ်တွေဝင်လာမိအောင် စိတ်အနှောက်အယှက်တွေပေးခဲ့တဲ့ဘရဏီ။ အသက်သေဆုံးသွားသည့်အထိ မိုက်ရူးရဲဆန်လွန်းခဲ့သောမိန်းကလေး။ သည်မိန်းကလေးကြောင့်ပဲ နရဏီ့မှာစိတ်သောကတွေရောက်ခဲ့ရတာ။ အိမ်မက်ထဲအထိနှောက်ယှက်နေပါသောအချစ်ရူးမလေး။

တွေ့ဆုံခြင်းတွေက အံ့ဩဖွယ်ကောင်းလွန်းလှသည်။ ကိုယ့်အပေါ်စိတ်ရောကိုယ်ပါနှောက်ယှက်ခဲ့သည့်ထိုမိန်းကလေး၏မောင်ကိုမှ နရဏီက ချစ်ခင်နှစ်သက်သွားပါသတဲ့။ မြတ်နိုးသွားမိပါသတဲ့။ ဒါကဘရဏီ့ရဲ့ကျိန်စာများလား။ ကျိန်စာဆိုရင်တောင် နရဏီကကျေကျေနပ်နပ်ကြီးခံယူလိုက်ဖို့အသင့်ဖြစ်ခဲ့ပြီပဲ။

"အမှန်အတိုင်းပြောပြ၊ မင်းအစ်မသေတာကိုယ့်ကြောင့်ဆိုပြီးမကျေနပ်လို့လားဟင်။ လက်စားချေချင်တာမျိုးလား"

"မဟုတ်...မဟုတ်ပါဘူး"

"ဒါဆိုဘာလို့လဲ"

"..."

"မပြောချင်ဘူးပေါ့၊ ရတယ်လေ မင်းအဖေနဲ့လာတိုင်မယ်"

"အဲလို...အဲလိုမလုပ်ပါနဲ့၊ ပြော...ပြောပါ့မယ်"

"ဒါဆိုခုပြော"

"မနက်ဖြန်မှ မနက်ဖြန်မှပြောပြမယ်နော်။ မိုး...မိုးချုပ်နေပြီ။ ကျွန်တော့်ကိုရှာနေလောက်ပြီ"

"မရဘူး ခုပြောမှဖြစ်မယ်။ ကိုယ်ကခုပဲသိချင်တာ"

"တကယ် တကယ်မနက်ဖြန်မှပြောလို့ရမှာ။ မမ...မမဒိုင်ယာရီလည်းပြန်ယူရအုံးမယ်။ ဒီတိုင်း...ဒီတိုင်း ပြောပြလို့မရဘူး"

"ဟုတ်ပြီ ဒီတစ်ခါယုံပေးလိုက်မယ်၊ ထ...အိမ်နားထိလိုက်ပို့ပေးမယ်နော်"

"..."

ဆွဲထူလိုက်ပြီးမှ ဂါဝန်ဖြူဖြူလေးပေါ်မှာကပ်နေသောသစ်ရွက်ခြောက်လေးနှင့် မြေမှုန်တချို့ကိုလက်နှင့်ပုတ်ခါပေးလိုက်မိသည်။ လက်ကလေးကိုဆွဲပြီးတိုက်နားအထိလိုက်ပို့ပေးချိန်...။

"တောင်းပန်ပါတယ်"

"ဘာကိုလဲ"

"မမအတွက်ရော ကျွန်တော့်အတွက်ရောစိတ်ရှုပ်ခဲ့ရတယ်မဟုတ်လား။ အဲဒါကြောင့်ပါ"

"ဘရဏီ့အတွက်ဆိုရင်မလိုပါဘူး။ မင်းကတော့လိုတယ်၊ ကိုယ့်ကိုစိတ်ရှုပ်စေခဲ့တာအမှန်ပဲလေ။ ကျေနပ်အောင်ဖြေရှင်းပေးမယ်ဆိုလို့ ခွင့်လွှတ်လိုက်မယ်နော်။ သွားတော့ မနက်ဖြန်မနက်ကိုးနာရီ စမ်းချောင်းနားမှာဆုံမယ်။ ထွက်မလာရင်အိမ်အထိလိုက်လာမှာနော်"

လက်ကိုလွှတ်ပေးလိုက်သည်နှင့် လှစ်ခနဲပြေးထွက်သွားသောခန့်ကြားအောင် ထပ်ပြောလိုက်မိသည်။

"အိမ်အထိဆိုတာကရန်ကုန်အိမ်လည်းပါတယ်နော်"

တိုက်အိမ်ကြီး၏အနောက်တံခါးကနေ ပြေးဝင်သွားသောခန့်ကိုငေးကြည့်နေချိန်မှာ ဖျတ်ခနဲမြင်လိုက်ရသောအဖြူရောင်အရိပ်လေးတစ်ခုကခန့်နောက်ပါးမှာဝေဝေဝါးဝါး။

***********************************************************************

မျက်စိတစ်ဆုံးရှိနေသောအပင်တွေကြား စိမ်းဝါရောင်သန်းနေသောဂရိတ်ဖရုသီးတွေက နောက်လလောက်ဆိုခူးဆွတ်ချိန်တန်နေပြီ။ ကြီးမားပြီးအုပ်ဆိုင်းနေသောအပင်ကြီးတစ်ပင်အောက်က ခုံတန်းလေးမှာထိုင်နေရင်း ခန့်အတွေးတွေကရန်ကုန်ကမမအခန်းထဲကပုံရိပ်တွေကို မြင်ယောင်နေမိသည်။

ဘရဏီ (ခေါ်) ရှင်းသန့်ပျိုဆိုသူက လင်းခန့်ကိုဆိုသောသူ၏ဆယ့်ငါးမိနစ်ကြီးသောအမွှာအစ်မ။ အမွှာဆိုပေမဲ့ ခွဲခွာခဲ့တာငါးနှစ်အရွယ်ထဲက။ ဖေဖေနှင့်မေမေကွာရှင်းခဲ့တာဘာကြောင့်လဲခန့်တို့မောင်နှမ,မသိခဲ့ပါ။ ခန့်သိခဲ့တာက ဖေဖေနှင့်မေမေကွာရှင်းခဲ့ပြီး ပိုင်ဆိုင်တာတွေခွဲဝေခဲ့ကြသလို အမွှာမောင်နှမကိုလည်းခွဲဝေယူကြ၏။ သားဖြစ်သောခန့်ကိုမေမေကအုပ်ထိန်းခွင့်ရခဲ့ပြီး သမီးဖြစ်သူကိုဖခင်ကအုပ်ထိန်းခွင့်ရခဲ့သည်။ နောက်တော့မေမေနှင့်ခန့်က မေမေ့ဇာတိဖြစ်သောကချင်ပြည်နယ်ပူတာအိုမြို့မှာအခြေချခဲ့ပြီး ဖေဖေနှင့်မမကရန်ကုန်မှာကျန်နေခဲ့၏။

ဝေးကွာလှသောအနေအထားမှာ ခန့်တို့၏ဆက်သွယ်ခြင်းတွေကပြတ်တောက်ခဲ့၏။ ခန့်ကမြစ်ကြီးနားတက္ကသိုလ်ကနေ သိပ္ပံဘွဲ့ရခဲ့ပေမဲ့ မမကတော့ဆယ်တန်းတောင်မအောင်ခဲ့ပါ။ သို့သော် မမဘဝကခန့်လိုပင်ပန်းခဲ့ခြင်းမျိုးမရှိခဲ့။ ခန့်နှင့်မမအဆက်အသွယ်ပြန်ရချိန်မှာ နှစ်ဦးလုံးအသက်နှစ်ဆယ်ပြည့်ခဲ့ပြီ။ မမကမော်ဒယ်လောကမှာနာမည်ရနေခဲ့ပေမဲ့ ခန့်ကတော့မိသားစုပိုင်သစ်သီးခြံလေးထဲက မထင်မရှားခြံသမားလေး။

နောက်အိမ်ထောင်ကိုယ်စီနှင့် မိဘတွေကလည်းအဆင်ပြေနေခဲ့ပါပြီ။ အခြေအနေချင်းကတော့မတူခဲ့ဘူးပေါ့။ မမတို့ကမမျှော်မှန်းနိုင်လောက်အောင်ကြွယ်ဝချမ်းသာနေခဲ့ပေမဲ့ ခန့်တို့ကတော့ စားနိုင်သောက်နိုင်ရုံသာရှိခဲ့၏။ ရန်ကုန်နှင့်ကချင်ပြည်နယ်ဆိုသောအလှမ်းဝေးကွာခဲ့ခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းတွေကြားမှာ ဆယ့်ငါးနှစ်လောက်ဝေးကွာခဲ့ပေမဲ့ ခန့်တို့မောင်နှမ၏သံယောဇဉ်တွေကပြန်ဆုံတွေ့ချိန်မှာအေးစက်မနေခဲ့ပါ။ ၂၀၁၆ ခုနှစ်မှာ မမနှင့်ခန့်တို့အဆက်အသွယ်ပြန်ရခဲ့၏။

ဒါကလည်း ခပ်ဆင်ဆင်တူနေသောမျက်နှာလေးတွေကြောင့်ပါ။ တက်သစ်စမော်ဒယ်လေးတစ်ဦးနှင့်မျက်နှာချင်းခပ်ဆင်ဆင်တူနေခြင်းက ခန့်တို့ပြန်ဆုံစည်းဖို့အစပြုခဲ့ခြင်းဖြစ်ခဲ့သည်။ သူငယ်ချင်း၏ဖုန်းထဲကနေမမကိုမြင်လိုက်ချိန်မှာ ဘရဏီဆိုသူကခန့်၏အစ်မ ရှင်းသန့်ပျိုများလားအတွေးနှင့် ဆက်သွယ်မှုပြုလုပ်ခဲ့မိ၏။ ထင်သည့်အတိုင်း ခန့်၏အမွှာအစ်မဖြစ်နေခဲ့သလို သန့်ဘက်ကလည်းလိုလိုလားလားလက်ခံလာခဲ့သည့်နောက် ခန့်တို့မောင်နှမ၏ဆက်သွယ်ခြင်းကမပြတ်ခဲ့တော့ပါ။ သည်နှစ်, နှစ်အတွင်းမှာ မမကခန့်ဆီကိုလေးကြိမ်လာလည်ခဲ့သလို ခန့်ကလည်းရန်ကုန်ကိုနှစ်ကြိမ်ရောက်ဖြစ်ခဲ့၏။

ရန်ကုန်အိမ်ကြီးကိုရောက်မှ မမ၏အထီးကျန်ဘဝကိုသိခဲ့သည်။ စီးပွားရေးထဲတွင်သာနစ်မြုပ်နေခဲ့သောဖခင်။ ထပ်မွေးထားသောသားသမီးနှစ်ယောက်ကိုသာဦးစားပေးသောမိထွေး။ လိုတရသောဘဝမှာ ငွေကိုရေလိုသုံးပြီး ထင်ရာစိုင်းနေသောမမ။ လှပလွန်းသလို ရည်းစားလည်းများလှသည့်မမ၏စရိုက်ကို ခန့်မကြိုက်ခဲ့ပေမဲ့မစွက်ဖက်ချင်ခဲ့ပါ။

လွန်ခဲ့သောတစ်နှစ်ကျော်ကျော် ဒုတိယအကြိမ်ရန်ကုန်ရောက်လာစဉ်က မမပါးစပ်ဖျားမှာအဆက်မပြတ်ကြားခဲ့ရသောအမျိုးသားတစ်ယောက်အကြောင်းက ခန့်နားထဲနားရည်ဝခဲ့သည်။ မမတစ်ခန်းလုံးမှာတွေ့ခဲ့ရသည့် ထိုအမျိုးသား၏ဓာတ်ပုံတွေကိုငေးမောကြည့်​နေမိသည်။ ဖြူသည်လည်းမဟုတ် ညိုသည့်ဘက်လည်းမသွားသောအသားအရောင်၊ ချောမောခန့်ညားလွန်းသောထိုအမျိုးသားက ရုပ်ရည်အားဖြင့်စွဲဆောင်မှုရှိလွန်းသလို အသံကလည်းစွဲမက်စရာကောင်းလှ၏။

ရည်းစားများလှသည့်မမက သည်တစ်ယောက်ကိုတော့တန်းတန်းစွဲဖြစ်နေခဲ့သည်ကိုခန့်မြင်ခဲ့ရသည်။ နရဏီဆိုသော တက်သစ်စအဆိုတော်အစ်ကိုကြီးကို ခန့်သိပါ၏။ ခန့်တို့မြို့အထိလူသိများ အောင်မြင်ခဲ့သော အဆိုပြိုင်ပွဲတစ်ခုမှာ Top 10 အထိပါခဲ့သောဝါသနာရှင်အဆိုတော်တစ်ဦးဖြစ်ခဲ့သလို Audition ဝင်ပြီးယှဉ်ပြိုင်ခဲ့စဉ်က ခန့်တစ်လျှောက်လုံးအားပေးပြီး Voting ပေးခဲ့သူကလည်း ထိုသူတစ်ဦးတည်းသာ။

ဝမ်းနည်းစရာကောင်းတာက ပထမရသင့်ပါလျှက်မရရှိခဲ့ခြင်းကိုပေါ့။ ဒါပေမဲ့ ဖေဖေ့ Entertainment ကိုရောက်လာပြီး Solo Album ထုတ်မယ်လို့သိလိုက်ကတည်းက ပျော်ရွှင်ကျေနပ်ခဲ့ရသည်။ ချစ်သူဖြစ်ရင်မိတ်ဆက်ပေးမယ်ဆိုသောမမအပြောမှာ စိတ်ထဲဝမ်းနည်းဝမ်းသာဖြစ်ခဲ့၏။ အမွှာတွေမို့စိတ်ချင်းဆက်သွယ်နေတာမျိုးလား ခန့်နားမလည်နိုင်ပါ။ ခန့်လည်းထိုသူကိုသဘောကျနှစ်ခြိုက်ခဲ့မိတာကြာခဲ့ပြီ မဟုတ်လား။

ဘယ်အနုပညာရှင်တွေ၏ Page တွေကိုမှ Like မလုပ်တတ်ခဲ့သောခြံသမားလေးခန့်က မမနှင့်နရဏီ Page တွေကိုတော့ See first ထားခဲ့မိ၏။ သတင်းမီဒီယာတွေကဘယ်လိုပဲရေးရေး မမနှင့်နရဏီတို့၏အမှန်တကယ်ဆက်ဆံရေးကို ခန့်သိခဲ့ပါသည်။ မမကိုလည်းသနားလှသလို တစ်ဖက်ကိုလည်းအားနာခဲ့မိ၏။ အနေအေးပြီးတည်ကြည်လှသောရုပ်ရည်ကိုကြည့်ပြီး ထိုလူ၏စိတ်နေသဘောထားကိုလည်း ခန့်မှန်းမိသည်။ မမကိုတားခဲ့ပေမဲ့လည်း တဇွတ်ထိုးစိတ်နှင့်နေသားကျခဲ့သည့်မမက ခန့်တားလည်းနားမဝင်ခဲ့ပါ။

မမဒိုင်ယာရီထဲကအကြောင်းအရာတွေကိုဖတ်ကြည့်ရင်း ထိုသူ့အပေါ် စွဲလမ်းလာမိသည့်စိတ်က မမထက်မလျော့နည်းခဲ့ပါ။ မမနှင့်ဒုတိယအကြိမ်တွေ့ဆုံပြီး ပူတာအိုကိုပြန်လာခဲ့၏။ နောက်ငါးလအကြာမှာရောက်ခဲ့ရသောရန်ကုန်ခရီးက မမနှင့်ခန့်အတွက်အပြီးသတ်ခွဲခွာခြင်းမျိုးဖြစ်ခဲ့၏။ အမျိုးမျိုးသောသတင်းတွေကို တစ်ဖက်သတ်အမြင်နှင့်မမြင်နိုင်ခဲ့ပါ။ ဒိုင်ယာရီထဲရေးချထားခဲ့သောမမလက်ရေးလေးတွေက အဖြစ်အမှန်ကိုပြောပြနိုင်ခဲ့၏။

ပူလောင်လွန်းသောတစ်ဖက်သတ်အချစ်နှင့် တဇွတ်ထိုးတဇောက်ကန်းစိတ်က ဆိုးဝါးလွန်းသောဇာတ်သိမ်းနှင့်ပြီးဆုံးခဲ့ရသည်။ သေဆုံးသူမှာလည်းနစ်နာခဲ့သလို ကျန်ရစ်သူမှာလည်းထိခိုက်နာကျင်ခဲ့ရသောအဖြစ်မျိုးကို မမဘာကြောင့်ရွေးချယ်သွားခဲ့သလဲခန့်နားမလည်နိုင်ခဲ့ပါ။ မမသေဆုံးပြီးမှစိတ်ထိခိုက်သွားသောဖေဖေက ခန့်ကိုသူနှင့်အတူလာနေဖို့ခေါ်ခဲ့၏။

မေမေကတော့မကန့်ကွက်ခဲ့ပါ။ ခန့်သဘောပါတဲ့။ ခန့်ကလည်းဖေဖေနှင့်နေရန်ဆန္ဒမရှိပါ။ မမသေဆုံးပြီးကတည်းက ကျန်းမာရေးချို့ယွင်းပြီးအိမ်ကပ်နေသည့်ဖေဖေက ခန့်ကိုအနားမှာရှိစေချင်တာကိုသိပေမဲ့ နှစ်လတစ်ခါလောက်ပဲလာနေဖြစ်ခဲ့၏။ ပူတာအိုမှာခန့်ဦးစီးရသည့် ခြံလုပ်ငန်းတွေလည်းရှိနေလို့ အချိန်အကြာကြီးပစ်ထားခဲ့လို့မဖြစ်ပါ။ သည်တစ်ခေါက်ရန်ကုန်ရောက်လာချိန်မှာ နရဏီအလုပ်ကနေခဏနားမယ်ဆိုသည့်သတင်းကိုရရှိခဲ့၏။

နရဏီ့မန်နေဂျာ၏ချစ်သူမိန်းကလေးက ခန့်သူငယ်ချင်းတစ်ယောက်၏အစ်မဖြစ်နေတော့ နရဏီဘယ်ကိုသွားပြီးအနားယူမလဲဆိုသောအတွင်းစကားကို သိခဲ့ရ၏။ ဖေဖေပိုင်သောအပန်းဖြေခြံနှင့် နရဏီသွားအနားယူမည့်ခြံကကပ်ရက်ဖြစ်ခဲ့သည်။ ထိုသတင်းကိုသိခဲ့တဲ့ညမှာ မမကိုအိမ်မက်မက်ခဲ့၏။ ညှိုးငယ်နေသောမျက်နှာလေးနှင့် နရဏီ့အနားနေချင်ပါတယ်ပြောနေပုံလေးက သနားစရာလည်းကောင်းလှသည်။ ခန့်ကတော့ဘာမှပြန်မပြောနိုင်ဘဲ မမကိုသာငေးကြည့်နေခဲ့မိ၏။

နောက်တစ်နေ့မှာဖေဖေက သူနှင့်အတူကလောကိုလိုက်ခဲ့ရန် ခန့်ကိုခေါ်လာခဲ့သည်။ ဖေဖေပြောသည့်စကားကလည်း ထူးဆန်းလွန်းပါသည်။ ညကမမကိုအိမ်မက်မက်တယ်တဲ့။ ကလောခြံကြီးထဲကို မောင်လေးနဲ့အတူသွားချင်တယ် ဖေဖေလိုက်ပို့ပေးပါလို့ပြောတယ်သားရယ် ဆိုသောစကားကိုကြားလိုက်ချိန် အံ့ဩခဲ့ရသည်။ သည်လိုနှင့်ဖေဖေနှင့်အတူ ကလောခြံကြီးထဲရောက်ခဲ့၏။ တစ်ပတ်ခန့်နေပြီးပြန်ချိန်မှာတော့ ခန့်ကျန်နေရစ်ခဲ့သည်။

ဘာကြောင့်ကျန်ရစ်ခဲ့သလဲခန့်မသိခဲ့ပါ။ ရန်ကုန်ပြန်ရောက်ပြီလို့ဖေဖေဖုန်းဆက်လာမှ အကြောင်းစုံသိခဲ့၏။ ရန်ကုန်မပြန်ခင်ညက ခန့်ကိုယ်တိုင်ဖေဖေ့အခန်းထဲလာပြီးနေခဲ့ချင်သေးလို့ပြန်မလိုက်သေးပါဘူးပြောခဲ့တာပါတဲ့။ သည်လိုနှင့်ကလောခြံကြီးထဲမှာ ခန့်တစ်ယောက်တည်းကျန်နေခဲ့၏။ ခြံစောင့်နှင့်အလုပ်သမားတွေရှိနေ၍ စားရေးသောက်ရေးမပူခဲ့ရပါ။

တစ်ယောက်တည်းကျန်ရစ်ခဲ့ချိန်တွေက ခြောက်ခြားစရာကောင်းလွန်းခဲ့သလို ယုံနိုင်စရာအကြောင်းလည်းမရှိခဲ့ပါ။ ခန့်စိတ်တွေကတစ်ခါတစ်လေစိတ်နှင့်လူနှင့်မကပ်သလို လွတ်နေတတ်၏။ ညတိုင်းလိုလိုမမကိုအိမ်မက်,မက်တတ်ပြီး နရဏီ့အကြောင်းတွေကိုပဲအိမ်မက်ထဲမှာ ပြောနေတတ်သည့် မမ၏ပုံရိပ်တွေကခန့်အတွေးတွေထဲမှာလွှမ်းမိုးလွန်းနေခဲ့၏။

ပြန်မယ်ကြံရွယ်လိုက်မိတိုင်းလည်း မပြန်ဖြစ်ခဲ့သည့်အကြောင်းတွေကတစ်ခုပြီးတစ်ခုပေါ်လာသည်။ ညနေတိုင်းလိုလို မိန်းကလေးလိုဝတ်ပြီး ထင်ရူးတောစပ်မှာလမ်းလျှောက်နေတတ်သည့်ခန့်ကိုအလုပ်သမားတွေကအံ့ဩသလိုကြည့်တတ်ကြ၏။ ညအချိန်ကြီးမှာလည်း ဘယ်လိုကြောင့်ရယ်မသိ အစ်ကိုနရဏီတို့ခြံထဲရောက်နေတတ်သလို သတိဝင်လာချိန်မှာအိမ်ဘက်ပြန်ပြေးလာခဲ့မိတာလည်းသုံးလေးကြိမ်မကခဲ့။

တစ်ညနေခြံနောက်ကချောင်းစပ်လေးမှာရောက်နေသည့်ခန့်ကိုယ်တိုင် ဘယ်လိုရောက်နေမှန်းမသိခဲ့ပေမဲ့ အစ်ကိုနရဏီ့ကိုတွေ့လိုက်မှသတိဝင်လာသလိုလှည့်ပြေးလာမိ၏။ ဓာတ်ပုံတွေထဲကထက် ဆွဲဆောင်အားပြင်းလွန်းသည့်နရဏီ့ကို သိစိတ်တွေဝင်လာသည့်ခန့်မှာရင်မဆိုင်ရဲပါ။ တွေ့ပြီးသုံးရက်လောက်အိမ်ထဲကနေတောင်မထွက်ရဲလောက်အောင် ထိတ်လန့်နေမိခဲ့သည်။

လပေါင်းများစွာစွဲလမ်းခဲ့မိသည့်နရဏီ့ကို ဒီလိုအဖြစ်အပျက်ကြီးနှင့်ခန့်ရင်မဆိုင်ရဲပါ။ ဒီကပြန်ရင်ပူတာအိုကိုအပြီးပြန်တော့မယ်လို့လည်း ဆုံးဖြတ်လိုက်မိ၏။ အကျိုးအကြောင်းကိုဖေဖေ့ကိုပြောပြချင်ပေမဲ့ ခန့်နှုတ်ကပြောလို့လည်းမရဲခဲ့ပါ။

စိတ်ကိုတင်းပြီးပြန်မယ်လို့ဆုံးဖြတ်လိုက်ပြီးမှ သံယောဇဉ်အမျှင်တန်းပြီးတွေ့ဆုံခဲ့ဖူးသည့်နေရာလေးကိုနောက်တစ်ကြိမ်သွားမိခြင်းက ထပ်ပြီးဆုံတွေ့လိမ့်မယ်လို့ဘယ်ထင်မိပါ့မလဲ။ သူက ညနေသုံးနာရီနောက်ပိုင်းမှ ခြံထဲဆင်းတတ်တာခန့်သိခဲ့ပြီးသား။ မနက်ခင်းပိုင်းလေးမှာအမိခံလိုက်ရမယ်လို့ကြိုပြီးသိခဲ့ရင် ထိုနေ့မနက်ပိုင်းစမ်းချောင်းလေးနားကိုခန့်သွားခဲ့မှာမဟုတ်ပါ။

ခန့်လက်ကိုဆွဲပြီးပြောနေသည့်စကားသံတွေကြားမှာ ကြောက်လန့်စိတ်တွေနှင့်တစ်ကိုယ်လုံးတုန်ရင်နေခဲ့သည်။ ယောက်ျားတစ်ယောက်ဆိုတာမသိစေချင်လို့ လက်ဟန်ခြေဟန်ပြပြီးစကားမပြောတတ်သလိုဟန်ဆောင်ခဲ့ပေမဲ့ သီချင်းရေးစပ်သည့်စာအုပ်လေးပေါ်မှာ စာတွေရေးခြစ်ပြခဲ့ရပြန်၏။

ဒီလိုနဲ့ခန့်ရဲ့အလိုလောဘတွေက အတောမသတ်နိုင်တဲ့နောက်မှာ ထပ်ခါထပ်ခါဆုံတွေ့မိကြ၏။ အင်မတန်ချောမောကြည့်ကောင်းလွန်းသည့်နရဏီက ခန့်အတွက်မူးယစ်ဆေးလိုစွဲလမ်းစေခဲ့သည်။ ခုတော့မဖြစ်သင့်တာတွေဖြစ်ခဲ့ပြီ။ တစ်ဖက်ကဘယ်လိုစိတ်ဘယ်လိုခံစားချက်နှင့် ပက်သက်ခဲ့မှန်းမတွေးချင်တော့ပါ။ မဖြစ်သင့်ဘူးဆိုတာသိလိုက်တဲ့နောက်မှာ ရန်ကုန်တောင်မပြန်တော့ဘဲပူတာအိုအထိပြန်ပြေးခဲ့တော့သည်။

နောက်တစ်နေ့တွေ့ဆုံတဲ့အခါမှာ ခန့်ဘာတွေပြောပြရမလဲ။ မမဒိုင်ယာရီကိုပြပြီး ဘာတွေပြောပြရမလဲမသိတော့ပါ။ မမနဲ့မပတ်သက်ခင်ကတည်းက ခန့်ကသူ့အပေါ်စွဲလမ်းခဲ့တာလေ။ ဒါကိုဖွင့်ပြောလိုက်လို့ဘယ်ဖြစ်ပါ့မလဲ။ ပြီးတော့ ခန့်ကိုမမကလွှမ်းမိုးနေခဲ့တာကိုသူယုံနိုင်ပါ့မလား။

"ခန့်ရေ...ဘယ်ရောက်နေပြန်တာလဲ။ ဒီမှာမင်းသူငယ်ချင်းတွေလာတယ်"

အိမ်မကြီးဘက်ကလှမ်းအော်လိုက်သောမေမေ့အသံကြောင့် သစ်ပင်အောက်ကနေပြေးထွက်လာမိ၏။ မြစ်ကြီးနားကသူငယ်ချင်းတွေလာလည်မယ်လို့ ပြောထားတာပဲ။ Hilux ကားပေါ်ကဆင်းလာသောငယ်သူငယ်ချင်းသုံးဦးကိုအမြင်အပြေးကြိုမိ၏။

"ခြံပိုင်ရှင်ကြီးကပုန်းနေတာလား"

ငယ်သူငယ်ချင်းတွေလည်းဖြစ်သလို မေဂျာတူသူငယ်ချင်းတွေကကျောင်းပြီးထဲက မြစ်ကြီးနားမှာအလုပ်ဝင်ခဲ့ကြ၏။ နှစ်လတစ်ခါလောက်ခန့်တို့ခြံထဲလာလည်ပြီး တစ်ညအိပ်တတ်ကြသည်။ မြစ်ကြီးနားကပါလာသည့်လက်ဆောင်တွေကို မေမေ့လက်ထဲထည့်ပေးပြီး အိမ်အပေါ်ထပ်ကို တက်လာခဲ့၏။

*****************************************************************************

"ဒီတော့မင်းကပူတာအိုမှာလာပြန်ပြီးပုန်းနေတယ်ပေါ့"

"အေး"

"ဟိုဘဲကြီးကတော့ ဘယ်လောက်တောင်စိတ်တိုနေမလဲမသိဘူးနော်"

ခန့်ဘာဆိုတာကိုသိသောငယ်သူငယ်ချင်းတွေက ခန့်ပြောပြထားလို့အကြောင်းစုံကိုလည်းသိပြီးသား။

"ခန့်"

"ပြော"

"မင်းလိုပဲ သူလည်းမင်းကိုစိတ်ဝင်စားလိမ့်မယ်လို့မထင်မိဘူးလား"

"မထင်ပါဘူး။ သူကအဖြောင့်ထင်ပါတယ်"

"မဟုတ်သေးဘူးနော်။ မင်းအစ်မလိုမိန်းကလေးကိုတောင်စိတ်မဝင်စားတာ ကွေးချင်လည်းကွေးနေနိုင်တာပဲ"

"ပေါက်ကရတွေမပြောစမ်းပါနဲ့ကွာ"

"ဒီဘဲကြီးကဟိုမင်းသမီးနဲ့ဘာလိုလို ဟိုအဆိုတော်နဲ့ဟိုလိုလိုသတင်းတွေထွက်တတ်ပေမဲ့ ပြီးတော့လည်းငြိမ်သွားတာပဲနော်။ ခုထိလည်းအတည်တကျတွဲပါတယ်ဆိုတာမျိုးတွေမကြားမိသေးဘူးကွ"

"သူတို့လောက,ကဒီလိုပဲဟာ၊ လိုက်တွေးမနေနဲ့ အာရုံနောက်တယ်"

"နောက်လကျရင်အခွေသစ်ထွက်မယ်တဲ့နော်။ မနေ့ကသူ့ Page ကနေ Live လွှင့်ပြီးပြောသွားတယ်။ မင်းတွေ့ လိုက်တယ်မဟုတ်လား"

တွေ့တာပေါ့။ မျက်နှာချင်းမဆိုင်ရဲလို့ထွက်ပြေးလာပေမဲ့ သူ့ Page ကိုအခါပေါင်းများစွာဝင်ကြည့်ဖြစ်ခဲ့တာပဲ။ သီချင်းသစ်တွေတစ်ပိုင်းတစ်စဆိုပြတတ်သလို တစ်ခါတစ်လေဓာတ်ပုံလေးတွေလည်းတင်တတ်၏။ ခန့်ဖုန်းလေးထဲက သီးသန့် Album လေးထဲမှာနရဏီ့ပုံတွေကရာချီနေခဲ့ပြီပဲ။

"မင်းဘာဆက်လုပ်မယ်စိတ်ကူးထားလဲ"

"ဘာလုပ်ရမှာလဲ။ ဒီတိုင်းပဲပေါ့"

"မင်းတို့ဟာကဒီလိုတန်းလန်းကြီးလား"

"မတန်းလန်းလို့ဘာဆက်လုပ်ရမလဲ၊ အစထဲကမလုပ်သင့်တာသွားလုပ်မိတာလေ၊ အားလုံးကငါ့အပြစ်တွေပါကွာ။ စဉ်းစားကြည့်ရင်ငါမကောင်းတာပါ။ မမတုန်းကလည်း သူ့မှာနာမည်ပျက်ပြီး ထိခိုက်ခဲ့ရတယ်။ နေမကောင်းတောင်ဖြစ်သွားတာတဲ့။ ဒီကြားထဲငါကအာရုံသွားနောက်မိတယ်"

"ဟုတ်တယ်။ မင်းလေ လုပ်လိုက်ရင်တဇွတ်ထိုးနော်၊ ဘာမှမချင့်ချိန်တော့ဘူး။ တူပါတယ် အမွှာလို့မပြောရဘူး။ အေးနော် မင်းအစ်မလိုတော့လုပ်မသွားနဲ့"

မမနှင့်ပတ်သက်ပြီးခန့်စိတ်တွေလွတ်ခဲ့ရသည့်အကြောင်းကိုတော့ သူငယ်ချင်းတွေကိုပြောမပြဖြစ်ခဲ့ပါ။ ပြောရင်လည်း ယုံနိုင်စရာမှမရှိတာ။ ခန့်ကိုအိမ်မက်ထဲတင်မက အပြင်လောကမှာပါလွှမ်းမိုးခဲ့သည့်မမ၏စိတ်ဝိညာဉ်။ စိတ်နှင့်ကိုယ်မကပ်နိုင်ဘဲ ညနေတိုင်းမိန်းကလေးလိုဝတ်ဆင်ပြီး နရဏီ့အနားဝေ့ဝဲနေခဲ့သောခန့်ကခန့်မှဟုတ်ပါရဲ့လားဆိုတာကို ခန့်ကိုယ်တိုင်တောင်နားမလည်နိုင်ခဲ့ပါ။

"လုပ်စရာလားကွာ၊ ငါအဲလောက်ထိ မိုက်ရူးရဲမဆန်ပါဘူး"

မိုက်ရူးရဲမဆန်ပေမဲ့ အနည်းငယ်ရူးသွပ်ခဲ့မိတာကိုတော့ဝန်ခံနိုင်ပါသည်။ ရူးမိုက်ခဲ့လို့သာ အစ်ကိုချိန်းဆိုခဲ့သောနေရာကို သိစိတ်နှင့်ရောက်သွားခဲ့တာပေါ့။ ထိုနေ့မနက်တွေ့ဆုံပြီးနောက် နှစ်ကြိမ်ဆုံတွေ့ခဲ့ကြခြင်းက ခန့်ရဲ့ကိုယ်ပိုင်ဆန္ဒအမှန်နှင့်တွေ့ဆုံခဲ့ခြင်းတွေပါ။

********************************************************************

ဘာလိုလိုနဲ့ပူတာအိုကိုရောက်နေတာ နှစ်လကျော်ခဲ့ပြီ။ ခန့်လည်းခန့်ပတ်ဝန်းကျင်မှာအသားကျသွားခဲ့သလို နရဏီကလည်းသူ့ပတ်ဝန်းကျင်မှာအေးအေးချမ်းချမ်းရှိနေခဲ့ပါပြီ။ ခြံထဲမှာလည်း ဂရိတ်ဖရုတွေခူးဆွတ်ချိန်တန်နေပြီ။

နေမထွက်ခင်ကတည်းက အလုပ်သမားတွေခြံထဲဆင်းပြီးအသီးတွေခူးဆွတ်ပြီး ခြင်းတွေထဲထည့်တာထည့်၊ ခေါင်သီးတွေကိုတော့ဖော့အိတ်လေးတွေနဲ့စွပ်ပြီး စက္ကူဖာလေးတွေနှင့်သေချာထည့်သိုကြ၏။ ဖေဖေ့ဆီကိုလည်းပို့ပေးရဦးမယ်။ လက်နှစ်ဖက်နှင့်မဆံ့အောင် ကြီးမားလှပလွန်းသော အသီးလှလှကြီးတွေကိုကိုင်ကြည့်နေရင်း နရဏီ့ဆီကိုလည်းပို့ပေးချင်သောစိတ်တွေက တားဆီးမရဖြစ်လာသည်။

အသီးအနှံကြိုက်တယ်လို့သိထားတော့ ခြံထွက်အသီးလှလှတွေကိုပေးချင်မိသား။ ဖေဖေ့ဆီပို့ပေးမဲ့ဖာဗူးတွေထဲ နောက်ထပ်နှစ်ဗူးကိုထပ်ထည့်လိုက်ပြီး တစ်ဆင့်ပို့ပေးမည့် Delivery service ကိုသေချာမှာလိုက်သည်။ လူသိများသောနာမည်ရအဆိုတော်တစ်ဦးမို့ ပရိတ်သတ်တွေဆီကလက်ဆောင်တွေရတတ်မှာပါ။ ဒါဆို အသီးနှစ်ဖာကမထူးဆန်းလောက်ပါဘူးအတွေးနှင့် လိပ်စာတစ်ခုကိုပေးလိုက်သည်။ ဒါကလည်း မမဒိုင်ယာရီထဲရေးမှတ်ထားသော အစ်ကို့အိမ်လိပ်စာလေးပါပဲ။

********************************************************************

ပျက်ပြယ်သွားသော အိပ်မက်တစ္ဆေ (၂)

တမင်မေ့ပျောက်ထားခဲ့သောအဖြစ်အပျက်တွေက ပေးပို့သူနာမည်မပါသောဂရိပ်ဖရုနှစ်ဖာကိုလက်ခံလိုက်ရချိန်မှာ ပျက်ပြယ်သွားလေတော့သည်။ ရှေ့မျက်နှာနောက်ထားပြီး မတော်ရသေးသောယောက်ခမကြီးအိမ်ကို ခပ်ပြောင်ပြောင်တက်သွားပြီးသည့်နောက် လိပ်စာလေးတစ်ခုရလာခဲ့၏။

လက်လျော့လိုက်ခြင်းဆိုတာ နရဏီ့ဘဝမှာတစ်ကြိမ်တစ်ခါပဲရှိနိုင်၏။ ပုန်းရှောင်ဖယ်ကာပြေးထွက်သွားပြီးမှ အစပြုလာခြင်းကဒီဇာတ်လမ်းကိုအဆုံးသတ်စေချင်လို့မဟုတ်ဘူးလား။ ဆုံးဖြတ်ချက်ကိုချပြီးမှ ခရီးသွားရန်အတွက်ပြင်ဆင်ရတော့သည်။ အဝတ်အစားသုံးလေးစုံကို ကျောပိုးအိတ်ထဲထည့်ပြီးချိန်မှာ ခဏခဏထုတ်ဖတ်ဖြစ်သောခန့်စာလေးကိုဖွင့်ဖတ်မိပြန်၏။

အစ်ကို ...

တောင်းပန်ပါတယ်ဆိုတဲ့စကားကလွဲပြီး ကျွန်တော့်မှာပြောစရာမရှိတော့ပါဘူး။ အစ်ကိုမယုံနိုင်ဘူးဆိုတာသိပေမဲ့ ကျွန်တော့်အဖြစ်ကိုပြောပြချင်တယ်။ အစ်ကိုလည်းခုလောက်ဆိုရင် ကျွန်တော်နဲ့ဘရဏီဆိုတဲ့မိန်းကလေးက ဘယ်လိုပက်သက်သလဲဆိုတာသိနေလောက်ပါပြီ။

ကျွန်တော်နဲ့ဖေဖေက မမဆန္ဒကြောင့်ကလောကိုရောက်ခဲ့ပါတယ်။ ဖေဖေပြန်သွားတာတောင်ကျွန်တော်ပြန်မလိုက်ဖြစ်ခဲ့တာလဲ မမကြောင့်ပါပဲ။ ဖေဖေပြန်သွားပြီးထဲက ကျွန်တော်စိတ်တွေကမူမမှန်တော့ဘူး။ ညနေတိုင်း မိန်းကလေးလိုဝတ်ပြီး ခြံနောက်ဘက်စမ်းချောင်းလေးနားရောက်နေတတ်သလို တစ်ချို့ညတွေမှာလည်းအစ်ကို့ခြံထဲထိရောက်ရောက်နေခဲ့တယ်။ အသိစိတ်ဝင်လာတိုင်းပြန်ပြေးလာတတ်ပေမဲ့ မသိစိတ်မှာမမရဲ့စိတ်ဝိဉာဉ်ကပူးကပ်နေခဲ့သလို အစ်ကိုရှိတဲ့အရပ်မှာပဲ တဝဲဝဲတလည်လည်ဖြစ်နေတတ်ခဲ့တယ်။ ယုံနိုင်မလားမသိပေမဲ့ ပထမဆုံးတွေ့ဆုံချိန်တုန်းကစမ်းချောင်းလေးနားရောက်နေခဲ့တာက ကျွန်တော့်အသိစိတ်မပါခဲ့ပါဘူး။

အစ်ကို့ကိုမြင်လိုက်မှ ကြောက်လန့်ပြီးထွက်ပြေးခဲ့မိတယ်။ အစ်ကိုဖမ်းမိခဲ့တဲ့မနက်ခင်းကတော့ကျွန်တော်ပါပဲ။ သိစိတ်နဲ့မသိစိတ်တွေလွှမ်းခြုံခဲ့ပြီး အစ်ကိုနဲ့တွေ့ခဲ့တာကျွန်တော်လည်းဟုတ်သလို မမလည်းဟုတ်ပါတယ်။ ဒါကိုအစ်ကိုနားလည်အောင် မရှင်းပြတတ်တော့ပါဘူး။ ဒီအကြောင်းတွေကို ဖေဖေကိုလည်းဖွင့်ပြောလိုက်ပါပြီ။ မမအတွက်ဖေဖေကဘုန်းကြီးတွေပင့်ပြီး ကလောခြံထဲမှာလည်းကုသိုလ်လာပြုပေးမယ်တဲ့။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့မောင်နှမကြောင့်အစ်ကို့မှာစိတ်ရောလူပါထိခိုက်စေခဲ့မိလို့ မျက်နှာလည်းမပြရဲတော့ပါဘူး။ ကျွန်တော်ဒီကနေထွက်သွားမှပဲ အဆင်ပြေတော့မှာမို့ စာလေးနဲ့ပဲ နှုတ်ဆက်သွားပါတယ်။ လာမတွေ့ဖြစ်တာကိုနားလည်ပေးပါနော်။ မမအတွက်ကုသိုလ်ကောင်းမှုတွေကျွန်တော်ပြုပေးနေသလို အစ်ကိုလည်းလုပ်ပေးခဲ့တယ်ဆိုတာသိရလို့ ကျေးဇူးလည်းတင်ပါတယ်။

ခန့်....

*****************************************************************

တိမ်တောင်တိမ်လိပ်တွေကြားက ခပ်ဝါးဝါးမြင်လိုက်ရသောပူတာအိုမြို့လေးကိုအမြင် နရဏီ့ရင်ခုန်သံတွေလည်းမြန်ဆန်လာတော့သည်။ ကြိုမှာထားသည့်ကားပေါ် တက်လိုက်ရင်း စိုက်ပျိုးရေးခြံတွေရှိရာမြို့အစွန်လေးဆီခရီးနှင်လာချိန် ပြောရမည့်စကားတွေကိုလည်းစီနေရသေးသည်။

ဘယ်လိုပဲဘရဏီ့စိတ်ဝိဉာဉ်ပူးဝင်ပြီး နရဏီ့အနားကိုခန့်ရောက်ခဲ့တယ်ဆိုဆို နရဏီ့ရဲ့စိတ်ကခန့်မှခန့်ဖြစ်နေတာလည်းမတတ်နိုင်တော့ပါ။ အလုပ်တွေလုပ်နေရင်း သတိရမိတာလည်းအကြိမ်ကြိမ်။ ခန့်ဘက်ကဆက်သွယ်မလာမချင်း နရဏီ့ဘက်ကလည်းသည်အတိုင်းစောင့်နေလိုက်ဖို့ပဲဆုံးဖြတ်ခဲ့မိ၏။ ခုတော့ ခန့်စိတ်ကိုလည်းခန့်မှန်းမိခဲ့သည့်နောက်မှာ ခန့်ရှိရာပူတာအိုမြို့လေးဆီရောက်လာခဲ့ရပြီ။

ဦးထုပ်ကိုခပ်ငိုက်ငိုက်စောင်းထားပြီး အမည်းရောင် Mask အုပ်ထားတော့ နရဏီ့ကိုလူတွေကသတိမထားမိ​ကြ။ ကျောပိုးအိတ်ကိုလွယ်ပြီး အုပ်ခံပျဉ်ထောင်အိမ်ကြီးတစ်လုံးရှေ့မှာဆင်းလိုက်၏။ အလုပ်သမားတချို့ကလှမ်းကြည့်လာပြီး လုပ်လက်စအလုပ်တွေကိုဆက်လုပ်နေစဉ် အမျိုးသမီးကြီးတစ်ဦးအိမ်ထဲကထွက်လာ၏။ သစ်သီးဝယ်လာသူများထင်လို့လားမသိ နေရာထိုင်ခင်းပေးပြီးစကားစလာမှရန်ကုန်ကလာတာဖြစ်ပြီး ခန့်ဖခင်ကလွှတ်လိုက်ကြောင်း ခန့်နှင့်တွေ့လိုကြောင်းပြောလိုက်မှ အလုပ်သမားတစ်ဦးကိုလှမ်းခေါ်ပြီး ခန့်ရှိရာကိုလိုက်ပို့ပေးခိုင်း၏။

ဧကတော်တော်များများကျယ်ဝန်းသောခြံထဲတွင် ဂရိပ်ဖရုပင်တွေ၊ ရှောက်ချိုပင်တွေနှင့် လိမ္မော်ပင်များကအကန့်လိုက်ရှိနေသည်။ ခြံသုံးဂျစ်ကားတစ်ပတ်ရစ်လေးနှင့်ဆယ့်ငါးမိနစ်လောက်မောင်းနှင်လာပြီးမှ ခန့်ရှိနေသောနေရာကိုရောက်လာခဲ့၏။

စီတန်းကာစိုက်ပျိုးထားသောအပင်တွေကြားကနေ ခပ်မှန်မှန်လျှောက်လာရင်းတွေ့မြင်ချင်သူလေးကိုလည်းရှာဖွေနေရသည်။ အလုပ်သမားတွေလမ်းညွှန်မှုနှင့် အပင်တွေကြားကခြံစောင့်အိမ်လေးရှိရာဆီရောက်လာ၏။ ခူးဆွတ်ပြီးသားသစ်သီးတွေက အစိမ်းရောင်မိုးကာခင်းကြီးထက်မှာ တောင်ငယ်လေးတစ်လုံးလို မို့မောက်နေသည်။ ခြင်းကျားကြီးတွေထဲ အသီးတွေစီထည့်နေသောအမျိုးသမီးငယ်လေးတွေကြားမှာ မတ်တပ်ရပ်ပြီးစီမံခန့်ခွဲနေသောကောင်လေးက နရဏီ့ကိုကျောပေးထား၏။

စည်းနှောင်ထားသောဆံနွယ်ရှည်တွေကိုမြင်လိုက်မှ ကလောတုန်းကအတုလို့ထင်ခဲ့မိတာကိုအမှတ်ရလိုက်၏။ ကောင်းကင်ပြာရောင်ဂျင်းပန်လေးက သေးသွယ်သွယ်ခန္ဓာကိုယ်လေးထက်မှာချပ်ချပ်ရပ်ရပ်။ တီရှပ်အနက်ရောင်ပေါ်မှာ ရှပ်အင်္ကျီအနီကွက်တစ်ထည်ကိုထပ်ဝတ်ထား၏။ လက်ထဲကိုင်ထားသောနှီးခမောက်ကြီးနှင့် ယပ်ခတ်နေပုံကပူအိုက်နေပုံ။

တဖြည်းဖြည်းနီးကပ်လာချိန်မှာ ခန့်ကဖျတ်ခနဲလှည့်ကြည့်လာ၏။ မျက်မှန်တပ်ထားပြီးမျက်နှာတစ်ဝက်ကိုဖုံးကွယ်ထားပေမဲ့ဘယ်သူဆိုတာကိုတန်းသိလိုက်သောမျက်ဝန်းလေးတွေက လက်တစ်ဖက်မှာကိုင်ထားသောဂရိတ်ဖရုသီးကြီးလိုဝိုင်းစက်နေ​လေတော့သည်။ လေးငါးဆယ်ဦးမကသည့်အလုပ်သမကလေးတွေဘက်ကိုလှည့်ကြည့်လိုက်ပြီးမှ နရဏီ့ဆီကိုလှမ်းလာသောဟန်လေးက တွန့်ဆုတ်တွန့်ဆုတ်။

ခြေတံရှည်ရှည်နှင့်သစ်သားအိမ်ကလေးက ပြတင်းတံခါးတွေဖွင့်ထားခြင်းကြောင့် အေးမြနေ၏။ အနေခက်နေဟန်မျက်နှာလေးနှင့်ခပ်လွှဲလွှဲပြုနေပြန်တော့ဧည့်ခန်းပေါက်စလေးထဲကခုံတစ်လုံးမှာ ဝင်ထိုင်လိုက်သည်။ တပ်ထားသည့်မျက်မှန်နှင့် Mask ကိုချွတ်လိုက်ပြီး စားပွဲပေါ် ပစ်တင်လိုက်ရင်းမှ...။

"အင်္ဂါနေ့ကကိုယ့်ဆီကို ဂရိတ်ဖရုနှစ်ဖာရောက်လာတယ်။ မင်းပို့လိုက်တာမဟုတ်လား"

"ဟုတ်"

"ဘာသဘောနဲ့ပို့လိုက်တာလဲ"

"ဟို...ဟို...ဖေဖေ့ဆီကိုပို့ပေးရင်းနဲ့... အစ်ကို...အစ်ကို့ကိုလည်းစားစေချင်လို့ပါ"

"ဘာကိစ္စနဲ့စားစေချင်တာလဲ"

"..."

"ကိုယ်ကသူများပစ္စည်းအလကားမစားတတ်ဘူး။ ဒါ့ကြောင့် တန်ရာတန်ကြေးလာပြန်ပေးတာ"

"မဟုတ်တာ...ပြန်ပေးစရာမလိုပါဘူး။ ဘာမှလည်းတန်ဖိုးမရှိပါဘူးဗျာ၊ ဒီတိုင်း...ဒီတိုင်းလက်ခံလိုက်လို့မရဘူးလား"

"မရဘူး"

"..."

"ကိုယ်ကသူတပါးဆီကအလကားလက်ခံတယ်ဆိုတာ သတ်မှတ်ချက်သုံးခုနဲ့ဘောင်ဝင်မှလက်ခံတာမျိုး"

"..."

"မိဘရယ်၊ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ ပရိတ်သတ်တွေဆီကရယ်၊ ပြီးတော့ ချစ်သူဆီကရယ်ပေါ့"

"ဟုတ်"

"မင်းကကိုယ့်ပရိတ်သတ်လည်းမဟုတ်ဘူး၊ ချစ်သူလည်းမဟုတ်ပြန်ဘူး။ ဒါ့ကြောင့်မင်းပေးတာကိုလက်မခံနိုင်ဘူး"

"တောင်းပန်ပါတယ် ကျွန်တော်... ကျွန်တော်က..."

"မတောင်းပန်ပါနဲ့၊ အသီးတွေကလတ်ဆတ်ပြီးအရမ်းချိုလွန်းလို့ ဖေဖေနဲ့မေမေလည်းစားပြီးအမျိုးတွေကိုလည်းဝေပေးပစ်လိုက်တယ်။ ကိုယ်လည်း အများကြီးစားမိသွားတယ်။ တစ်လုံးမှမကျန်တော့ဘူး"

"ဟုတ် ရ...ရပါတယ်"

"မရဘူး၊ သူများဆီကအလကားမစားချင်ပါဘူးလို့ပြောထားတယ်လေ။ မင်းကကိုယ့်ပရိတ်သတ်လည်းမဟုတ်ဘူး"

"ကျွန်တော်က...ကျွန်တော်လည်းအစ်ကို့ပရိတ်သတ်ပါပဲ။ စားလိုက်လို့ရပါတယ်"

ပကတိကြည်စင်နေသောမျက်နှာလေးက နရဏီညစ်ပြော,ပြောနေမှန်းလည်းသိသည့်ပုံမပေါ်။ သူလည်းပရိတ်သတ်ပါလို့ပြောပြီး ရှက်သွားသောဟန်လေးနှင့်မျက်နှာလေးကိုလွှဲသွား၏။

"ကိုယ့်ပရိတ်သတ်ဟုတ်မဟုတ် ကိုယ်ပဲဆုံးဖြတ်မှာပေါ့။ ပြီးတော့ မင်းကကိုယ့်​ပရိတ်သတ်ဖြစ်စရာလား၊ မင်းကကိုယ့်ကိုလိမ်ခဲ့တဲ့ကောင်လေးလေ၊ စာတစ်စောင်နဲ့ပလစ်ခဲ့တာမင်းမဟုတ်ဘူးလား"

စိတ်ရှုပ်ဟန်လေးနှင့်ငိုမဲ့မဲ့မျက်နှာလေးဖြစ်လာတော့ နရဏီဆက်မစ,ရက်တော့ပါ။ ခေါင်းလေးငုံ့ကာလက်ကလေးပိုက်ထားပြီး မတ်မတ်ရပ်နေသည့်ခန့်ကိုကြည့်ပြီး မျက်နှာကိုလည်းတည်ထားလို့မရနိုင်တော့ပါ။ ထိုင်နေရာကထရပ်လိုက်ပြီးခန့်ရှေ့မှာသွားရပ်လိုက်တော့မော့ကြည့်လာ၏။ သူ့ကိုစိုက်ကြည့်နေတာတွေ့လိုက်မှ မျက်နှာလေးလွှဲဖယ်သွားပြီး ရှပ်အင်္ကျီအစနှစ်ဖက်ကိုဆုတ်ချေနေသည်။

"ရော့...မင်းပို့လိုက်တဲ့သစ်သီးဖိုး။ ဒီ့ထက်တော့ပိုမပေးနိုင်ဘူး။ မင်းသစ်သီးဖိုးကအဲလောက်ပဲမဟုတ်လား"

လက်ထဲထည့်ပေးလိုက်သော ငါးရာတန်အသစ်ကလေးသုံးရွက်ကိုယောင်နနနှင့်လက်ခံလိုက်ပြီးမှ နားမလည်သလိုလေးမော့ကြည့်လာ၏။ ဆံပင်တွေအားလုံးကိုစုသိမ်းပြီးအနောက်မှာခပ်လျော့လျော့စည်းနှောင်ထားခြင်းကြောင့် ဆံတံခွန်လေးထင်းနေသည့်နဖူးစပ်မှာ ချွေးစလေးတွေစိုစွတ်နေသည်။ ယောက်ျားဆန်သည့်မျက်နှာကျမဟုတ်ပေမဲ့ ဘရဏီ့လိုလည်းနုဖတ်ချောမောမနေသောကောင်လေးက နရဏီ့နှလုံးသားကိုလှုပ်ရှားစေခဲ့သူလေးတဲ့လား။

"ဟုတ်တယ်မဟုတ်လား။ မင်းပို့လိုက်တဲ့သစ်သီးအားလုံးရဲ့တန်ဖိုးက အဲလောက်ပဲမဟုတ်လား"

မော့ငေးနေသောမျက်ဝန်းနက်နက်လေးတွေကို လွမ်းလွမ်းဆွေးဆွေးငေးကြည့်နေမိသည်။ ဇဝေဇဝါဟန်လေးနှင့်ငြိမ်သက်တိတ်ဆိတ်သွားပြီးမှ ပါးပြင်လေးနှစ်ဖက်မှာနီးမြန်းလာ၏။ ခေါင်းကိုငုံ့ချဟန်ပြင်လိုက်သည်နှင့် နရဏီ့လက်တစ်ဖက်ကခန့်မေးဖျားလေးကိုဖမ်းကိုင်ထားလိုက်မိသည်။ လွမ်းဆွတ်နေခဲ့ရသောမျက်နှာလေးကိုတရှိုက်မက်မက်စိုက်ကြည့်ပြီးမှ နဖူးပြေပြေလေးကိုဖွဖွနမ်းရှိုက်လိုက်ကာရင်ခွင်ထဲဆွဲသွင်းလိုက်မိတော့သည်။

"ဘရဏီ့ကိုမချစ်ခဲ့မိပေမဲ့ဘရဏီ့မောင်လေးကိုတော့ ရင်ထဲအသည်းထဲက​နေချစ်မိသွားခဲ့တယ်ဆိုရင်ယုံမှာလား"

"တကယ်လားဟင်၊ ကျွန်တော်ယုံလိုက်လို့ရမလား"

"ယုံကြည်လိုက်ပါကောင်လေးရယ်၊ ယုံအောင်လည်းသက်သေပြပါ့မယ်"

မယုံနိုင်သလိုမော့ကြည့်လာသောမျက်နှာလေးကိုငုံ့မိုးကြည့်လိုက်မိရင်း တမလွန်ကဘရဏီတစ်ယောက်ကျေနပ်နိုင်လိမ့်မယ်လို့ယုံကြည်မိသည်။ မင်းရဲ့မောင်လေးကို တစ်ဘဝလုံးချစ်မြတ်နိုးခြင်းများနဲ့ထွေးဖက်သွားမယ်ဆိုရင် ကျေနပ်နိုင်မယ်မဟုတ်လားဘရဏီ။

ပြတင်းတံခါးကနေတိုးဝင်တိုက်ခတ်လာသောလေပြေအေးနဲ့အတူ သင်းပျံ့လာသောမွှေးရနံ့တစ်ခုက ခန့်ဆီကလား တစ်စုံတစ်ယောက်ဆီကလားဆိုတာနရဏီမဝေခွဲတတ်တော့ပါ။ လွမ်းဆွတ်နေခဲ့ရသောမျက်နှာလေးထက် အနမ်းများကျဲချလိုက်ချိန်မွှေးရနံ့တို့ကပို၍သင်းပျံ့လာသလိုလို။

သစ်သီးဖန်ခွက်လေးကိုင်ပြီး အိမ်လေးအပေါ်တက်လာသည့်မိန်းမပျိုလေးတစ်ဦးက လျှာလေးတစ်လစ်ထုတ်ပြီးခြေသံဖွဖွနှင့်အမြန်ပြန်ပြေးဆင်းသွားသည်ကို နရဏီရောခန့်ပါမမြင်လိုက်။

ခန့်ကိုဆွဲဖက်ထားပြီး မျက်နှာပြင်အနှံ့နမ်းရှိုက်နေမိသောနရဏီ့လက်တွေကတင်းကျပ်နေသလို နရဏီ့ကိုခါးကိုသိုင်းဖက်ထားသောခန့်လက်လေးထဲမှာတော့ တင်းတင်းဆုတ်ချေခံနေရရှာသည့် ငါးရာတန်လေးသုံးရွက်။ နရဏီတို့နှစ်ဦး၏ခပ်လှမ်းလှမ်းနေရာတွင် ဝေဝေဝါးဝါးဖြစ်နေသောအဖြူရောင်အရိပ်လေးတစ်ခုက တစ်စတစ်စ​မှေးမှိန်သွားပြီးမှ​ လေပြေညှင်းနဲ့အတူလွင့်မျောပျောက်ကွယ်သွား​လေတော့သည်။

The End.

With Love
HSY

24.8.2023