Chapter 32 အံ့အားသင့်စရာ
Viewers 17k

အခန်း ၃၂ အံ့အားသင့်စရာ

ရှောင်ချီလေး၏အသံကို ကြားပြီးနောက် စူးချင်းက ဘယ်ဘက်ရှိ ချုံပုတ်ဆီသို့ လျှောက်သွားလိုက်သည်။ ဤနေရာက ကမ်းပါးအောက်ခြေဖြစ်ပြီး လူသွားလူလာ နည်းသောကြောင့် ချုံပင်၊မြက်ပင်များ အလွန်ထူထပ်နေပြီး မြက်ပင်များကပင် လူ၏ ထက်ဝက်ခန့် မြင့်နေခဲ့သည်။ ထို့ကြောင့် အနားသို့ ကပ်မသွားလျှင် မြက်ခင်ထဲတွင်ရှိနေသော အရာများကို မြင်နိုင်မည် မဟုတ်ပေ။

စူးချင်းက မြက်ပင်များကို တွန်းဖယ်လိုက်ရာ ခြေထောက်ကျိုးနေသော သမင်ကတိုးတစ်ကောင်(သမင်မျိုးနွယ်ဝင်ဖြစ်ပြီး ဦးချိုမပါ)ကို တွေ့လိုက်ရသည်။ ထိုကတိုးကောင်က ချောက်ကမ်းပါးမှ ပြုတ်ကျခဲ့ပြီး သစ်ကိုင်း သို့မဟုတ် တစ်ခုခုက ပိတ်ဆို့ကာကွယ်ပေးထားသောကြောင့် ပြုတ်ကျသော်လည်း မသေဆုံးခဲ့ခြင်း ဖြစ်နိုင်သည်။ သို့သော်လည်း လက်ရှိအချိန်တွင် ၎င်းက သူ့၏နောက်ဆုံးထွက်သက်အတွက် ရုန်းကန်နေရပြီး အချိန်သိပ်မကျန်တော့ပေ။

သခင်၊ ဟိုမှာ ကတိုး! အရမ်းကြီးတယ်!"

ရှောင်ချီက သူမ၏သခင်ကို တိုးတိုးတိတ်တိတ် ပြောပြနေသော်လည်း သူမ၏အသံက ရွှင်မြူးနေပြီး သခင်ထံမှ ချီးမွမ်းမှုကို လိုချင်နေသော ဆိုးသွမ်းသည့်ကလေးတစ်ယောက်ကဲ့သို့ ပြုမူနေသည်။

"အရမ်း‌တော်တယ်" စူးချင်းက သူမကို ရှားရှားပါးပါး ချီးမွမ်းပေးလိုက်သည်။

ရှောင်ချီလေးက ဝမ်းသာအားရဖြစ်နေသည့် ချစ်စဖွယ်အသံ‌လေးဖြင့် “ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်၊ ရှောင်ချီက ဆက်ပြီး ကြိုးစားသွားမှာပါ”

စူးချင်း၏မျက်လုံးများက အပြုံးများဖြင့် တောက်ပနေသည်။ သဘာဝကတိုးက အလွန်တန်ဖိုးကြီးလှသည်။ ဂျင်ဆင်းနှင့် ကတိုးတို့က သူမအတွက် လင်ဇီးဝယ်ရန် ငွေအလုံအလောက် စုဆောင်းနိုင်စေမည် ဖြစ်သည်။

စူးချင်းက သူမကိုယ်သူမ ကာကွယ်ရန် ကျိရွှေရှန့် ချန်ထားပေးခဲ့သော ဓားတိုဖြင့် ကတိုးကောင်၏အသက်ကို အဆုံးသတ်ပေးလိုက်ပြီး ၎င်း၏နာကျင်မှုများကို အဆုံးသွားစေခဲ့သည်။

ကတိုးသမင်အထီးများ၏ချက်နှင့် မျိုးပွားအင်္ဂါကြားမှာတွင် ကတိုးအိတ်ဟုခေါ်သော ဂလင်းရှိတက်ပြီး ကတိုးသမင်အထီးများက နှစ်နှစ်သားမှစပြီး ကတိုးနံကို လျှို့ဝှက်ထုတ်လုပ်နိုင်ကြသည်။ ဤကတိုးသမင်က ငယ်ရွယ်ပုံမပေါ်သောကြောင့် ကတိုးအိတ်၏အရွယ်အစားကလည်း အတော်လေးကြီးမားနိုင်မည် ဖြစ်သည်။

စူးချင်းက ရှောင်ချီပေးသောနည်းလမ်းအတိုင်း ကတိုးအိတ်ကို ဖြတ်ထုတ်လိုက်သည်။ သူမက ကတိုးအိတ်ကို ဖြတ်တောက်ပြီး အရည်များစစ်သွားသည်အထိ အခြောက်ခံကာ အညိုရောင်သန်းလာသည်အထိ မာကျောစေရန် ပြုလုပ်ရဖြစ်သည်။ သူမက ကတိုးအိတ်ကို ထုတ်ယူလိုက်ပြီး ကျန်နေသည့်အလုပ်များကို ရှောင်ချီအတွက် ချန်ထားပေးလိုက်သည်။

စူးချင်းက ကျန်နေသော ကတိုးသမင်သားကိုလည်း မဖြုန်းတီးချင်ပေ။ ထို့ကြောင့် ကျိရွှေရှန့် ဧရာမစပါးအုံးမြွေကြီးကို ချောက်ကမ်းပါးပေါ်သို့ ဆွဲတင်ပြီးချိန်တွင် သူမက ကတိုးကောင်ကို နွယ်ကြိုးတွင် ချိတ်ဆွဲကာ ချောက်ကမ်းပါးပေါ်သို့ လှမ်းအော်လိုက်သည်။

“ဆွဲတင်လိုက်”

ချိုင့်ဝှမ်းထဲတွင် စူးရှသောအသံတစ်ခု တဟုန်ထိုး ထွက်ပေါ်လာပြီး ပဲ့တင်ထပ်နေသည်။ ကျိရွှေရှန့်က ကိုယ်ခံပညာ လေ့ကျင့်သူဖြစ်ပြီး သူ့၏အကြားအာရုံက သာမန်လူထက် သာလွန်ကောင်းမွန်သောကြောင့် စူးချင်း၏အော်သံကို ကြားသောအခါ သူက နွယ်ကြိုးကို ထပ်ဆွဲတင်လိုက်သည်။

ဒါပေမယ့် သူ စိတ်ရှုပ်နေတုန်းပါပဲ။ စူးချင်းက သူမကို ဂရုမစိုက်နဲ့လို ပြောခဲ့တာ မဟုတ်ဘူးလား? သူမ အရမ်းအားနည်းသွားလို့ ဖြစ်နိုင်လား?

ထိုသို့ တွေးမိသောကြောင့် ကျိရွှေရှန့်က သူ့၏ဆွဲအားကို အရှိန်မြှင့်လိုက်သည်။ စူးချင်းက စောင့်ဆိုင်းနေရင်း ဘာမှ လုပ်စရာမရှိသောကြောင့် သူမ၏အနီးနားတွင် ရှိနေသည့် မည်သည့်ဆေးပင်ကိုမဆို ခူးဆွတ်ရန် ကြံရွယ်လိုက်သည်။ သို့သော်လည်း သူမ တောရိုင်းအမြစ်ရှည်ဂျင်းဆင်းနီကို အမှန်တကယ် တွေ့ရှိခဲ့သည်။

ကမ်းပါး၏အောက်ခြေမှ ဤခြောက်နေရာသို့ မည်သူမှ ရောက်လာပုံမပေါ်ဘဲ ထိုတောရိုင်းအမြစ်ရှည်ဂျင်းဆင်းနီက အန္တရယ်ကင်းကင်း ကြီးထွားနေကာ သက်တမ်းကြာနေပြီ ဖြစ်သည်။ သူမ ထိုအပင်ကို မြေကြီးထဲမှ ဆွဲထုတ်လိုက်ချိန်တွင် အပြစ်များက  အလွန်ကြီးမားနေပြီး အရောင်အသွေးလည်း ကောင်းမွန်လှသည်။

[ဂုဏ်ယူပါတယ် Host.... သင့်ရဲ့ ဆေးပင်ခူးဆွတ်မှုစွမ်းရည်က အဆင့် ၄ ကို  ရောက်သွားပါပြီ၊ သင့်ရဲ့ စစ်နတ်ဘုရားစွမ်းရည်က အဆင့် ၁၅ကို ရောက်သွားပါပြီ။ ဆက်လက် ကြိုးစားပါ]

စနစ်၏အသံ ထွက်ပေါ်လာပြီး စနစ်ကပင် စူးချင်းအတွက် ပျော်ရွှင်ပေးနေပုံရသည်။

သူမ အရင်တုန်းက စစ်ပွဲတွေရဲ့အရှင်သခင် ဖြစ်ခဲ့တာက ထိုက်တန်လွန်းတယ်။ သူမရဲ့မစ်ရှင်တွေ ပြီးမြောက်တဲ့ အမြန်နှုန်းက မျှော်လင့်ထားတာထက်ကို မြန်ဆန်လွန်းနေတယ်။

စူးချင်း၏ အမူအရာကတော့ မပြောင်းလဲသွားပေ။ သူမက ဆေးပင်ကို စနစ်ထဲသို့ ပစ်ထည့်လိုက်ပြီး ရှောင်ချီကတော့ ဝမ်းသာလုံးစို့နေတော့သည်။ သူမက ထိုဆေးပင်အတွက် အလုပ်များရမည်ဖြစ်ပြီး ပင်ပန်းခံရမည်ဆိုသော်လည်း သူမ ပျော်နေသေးသည်။ ထိုဆေးပင်က သွေးလည်ပတ်မှု မတည်မငြိမ်ဖြစ်ခြင်းကို ပျောက်ကင်းစေပြီး သွေးထွက်ခြင်းကို ရပ်တန့်စေကာ သွေးလည်ပတ်မှုကို အားကောင်းစေသည့်အပြင် နာကျင်မှုများကိုလည်း ပျောက်ကင်းစေသည်။ တို့အပြင်အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပြီး ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်သောကြောင့် အလွန်အသုံးဝင်သည်။

ချောက်ကမ်းပါးပေါ်မှ ကျိရွှေရှန့်ကတော့ သူ ဆွဲတင်လိုက်သည့်အရာက စူးချင်းမဟုတ်ဘဲ ကတိုးသမင်တစ်ကောင် ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် အံ့သြတုန်လှုပ်နေမိသည်။

ဒီလိုအချိန်တိုလေးအတွင်းမှာ သူမက နောက်ထပ်တိရစ္ဆာန်တစ်ကောင်ကိုတောင် ဖမ်းမိတယ်တဲ့လား?

စူးချင်းက ကတိုးသမင်အိတ်ကို သိမ်းယူသွားကြောင်း မြင်လိုက်သောအခါ ကျိရွှေရှန့်တစ်ယောက် ရယ်မောလိုက်မိသည်။ သူမက လင်ဇီး ဝယ်ဖို့ သူမဘာသာ ပိုက်ဆံရှာမယ်လို့ ဒီမိန်းခလေးက ပြောခဲ့တယ်။ သူမက သူမပြောခဲ့တဲ့စကားအတိုင်း တကယ် လုပ်နိုင်တယ်ပေါ့။

သူမက သူ့ရဲ့အကူအညီ လုံးဝ မလိုအပ်ဘူး!

ကျိရွှေရှန့်က နွယ်ကြိုးကို စစ်ဆေးကြည့်လိုက်ရာ နွယ်ကြိုးများကို ထုံးဆက်ထားသည့်နည်းလမ်းက ထူးဆန်းသော်လည်း အလွန်အားကောင်းနေသည်ကို တွေ့လိုက်ရသည်။ ထိုသို့သောနည်းလမ်းမျိုးကို သူ ပထမဆုံးမြင်ဖူးခြင်းဖြစ်ပြီး စူးချင်း၏လုပ်ဆောင်နိုင်မှုများကို ပို၍ပင် သံသယဖြစ်လာမိသည်။

သူမက လျှို့ဝှက်ဆန်းကြယ်လွန်းတယ်။

ကျိရွှေရှန့်က စူးချင်း သူ့ကို စောင့်နေရင်း ထိတ်လန့်နေမည်ကို စိုးရိမ်သောကြောင့် သူ့၏ ရှုပ်ယှက်ခတ်နေသော အတွေးများကို ဖယ်ထုတ်ကာ နွယ်ကြိုးကို ထပ်ချလိုက်ပြန်သည်။ နွယ်ကြိုး လှုပ်လာသည်ကို မြင်လိုက်ရချိန်တွင် သူက စူးချင်း၏အရှိန်အတိုင်း အလိုက်သင့်  ဆွဲတင်ပေးလိုက်သည်။

ချောက်ကမ်းပါးပေါ်သို့ တက်လာပြီးနောက် စူးချင်းက အလွန်ပင်ပန်းနေပြီး အနားယူရန် မြေပြင်ပေါ်သို့ ထိုင်ချလိုက်သည်။ နောက်ဆုံးတွင် သူမက အပြင်းအထန် ဒဏ်ရာရနေဆဲ ဖြစ်ပြီး သူမ၏ စစ်နတ်ဘုရားစွမ်းရည်ကြောင့် သူမ၏စိတ်စွမ်းအားနှင့် ကာယကြံ့ခိုင်မှုက အဆင့် ၁၅ သို့ ပြန်လည်ရောက်ရှိခဲ့လျှင်ပင် ၎င်းက အများကြီး အသုံးမဝင်နိုင်သေးပေ။ သူမက စပါးအုံးမြွေကြီးကို တိုက်ခိုက်ခဲ့ရသည့်အပြင် ချောက်ကမ်းပါးပေါ်သို့လည်း ကိုယ်တိုင်တက်လာရသည့်အတွက် ခွန်အားရှိသမျှ ကုန်ဆုံးသွားပြီ ဖြစ်သည်။

"မင်း လမ်းလျှောက်နိုင်သေးလား?" ကျိရွှေရှန့်က စိုးရိမ်တကြီး လှမ်းမေးလိုက်သည်။

ဒီအမျိုးသမီးက အရမ်းအားနည်းနေတာ သိသာနေတာတောင် အကူအညီတောင်းဖို့ ငြင်းဆန်နေတုန်းပဲ။ သူမရဲ့မျက်လုံးတွေက ခိုင်မာပြတ်သားပြီး သူမက ထက်မြတ်လွန်းတဲ့ အပြင် ရဲရင့်ခိုင်မာတဲ့စိတ်ဆန္ဒလည်း ရှိနေသေးတယ်။

အင်း၊ ကျွန်မ လျှောက်နိုင်တယ်” စူးချင်းက ခေါင်းညိတ်လိုက်ပြီး မြေပြင်ပေါ်သို့ လက်နှစ်ဖက်ထောက်ကာ အားယူရင်း မတ်တပ်ထရပ်လိုက်သည်။

သူမက ဧရာမစပါးအုံးမြွေကြီးနှင့် ကတိုးသမင်ကို တစ်ချက်ကြည့်လိုက်ပြီး သူမထံတွင် ထိုအရာများကို ပြန်သယ်ရန် ခွန်အားမရှိတော့ကြောင်း နားလည်နေသောကြောင့် ကျိရွှေရှန့်ကို အမိန့်ပေးလိုက်သည်။

"ရှင် သယ်ခဲ့"

ကျိရွှေရှန့်က အနည်းငယ် ရယ်စရာကောင်းသည်ဟု တွေးလိုက်မိသည်။ ဒီအမျိုးသမီးက လီတာ့နျိုနဲ့ တခြားသူတွေကို အမိန့်ပေးတာကို သူ မြင်ဖူးခဲ့တယ်။ အခုတော့ သူမက သူ့ကိုတောင် အမိန့်ပေးနေပြီ။ သူမက အမြဲတမ်း ခေါင်းဆောင်တစ်ယောက်လို ဖြစ်ခဲ့ဖူးသလိုပူုစံမျိုး ဖြစ်ပြီး သူမရဲ့လေသံက သူမရဲ့လက်အောက်ငယ်သားတွေက သူမရဲ့ အမိန့်ကို ခြွင်းချက်မရှိ နာခံရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အရမ်းကို သဘာဝဆန်လွန်းတယ်။

သို့သော် ကျိရွှေရှန့်က စူးချင်း၏သဘောထားကို လုံးဝ စိတ်ထဲမထည့်ပေ။ သူမ သူမဘာသာသူမ သယ်မယ်လို့ အတင်းမတောင်ဆိုတာကတင် တော်တော်လေး အဆင်ပြေနေပြီ။ သူမရဲ့ပင်ပန်းနွမ်းနယ်နေတဲ့ အသွင်အပြင်ကို မြင်နေရတာနဲ့တောင် သူမရဲ့ဒဏ်ရာတွေ ပိုဆိုးလာမှာကို သူ တကယ် စိုးရိမ်နေမိတယ်။

ကျိရွှေရှန့်က စပါးအုံးမြွေကြီးကို ချည်နှောင်ရန် နွယ်ပင်များကို ဆွဲဖြတ်ကာ မြွေကြီးကို ချည်နှောင်လိုက်ပြီး ဆွဲယူသွားရန် ပြင်ဆင်လိုက်သည်။ ကတိုးသမင်ကောင်ကိုတော့ သူ့ပခုံးပေါ်ထမ်းတင်လိုက်ပြီး ကျင်ဒါဇင်ပေါင်း များစွာ လေးလံသော အလေးချိန်က သူ့အတွက် ကိတ်မုန့်တစ်ချပ်ကဲ့သို့ ပေါ့ပါးလွန်းလှသည်။

စူးချင်းက သူ့ကို လုံးဝ မသနားပေ။ သူ့မှာ ဒီလောက် သန်မာတဲ့ လက်တွေ ရှိနေမှတော့  ကြမ်းတမ်းတဲ့အလုပ်တွေကို သူပဲ လုပ်သင့်တာလေ။

အပြန်လမ်းတွင် စူးချင်းက ဆေးပင်တွေ့တိုင်း တူးယူရန် ရပ်တန့်လိုက်သော်လည်း ကျိရွှေရှန့်က သူမကို စိတ်ရှည်စွာ စောင့်ဆိုင်းပေးခဲ့သည်။

ကျိရွှေရှန့်တစ်ယောက် သူကိုယ်တိုင်ပင် သူ ထူးဆန်းနေသည်ကို ရှာတွေ့ခဲ့သည်။

သူ ဘယ်တုန်းက ဒီလောက် စိတ်ရှည်လာတာလဲ?

သူတို့ ထောင်ဟွားဝူအဖွဲ့သို့ ပြန်ရောက်လာချိန်တွင် ချိုးယုံခန်းလည်း ပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာပေါ်တွင် လေးနက်သောအမူအရာ ရှိနေပြီး သူ့အဘိုးထံသို့ တစ်စုံတစ်ရာ သတင်းပို့နေပုံရသည်။

ကျိရွှေရှန့်က ဧရာမစပါးအုံးမြွေကြီးတစ်ကောင် ဆွဲလာသည်ကို မြင်သောအခါ ထောင်ဟွားဝူမှ ရွာသားများအားလုံး ထိတ်လန့်သွားကြသည်။ ဤမျှကြီးမားသောမြွေက ကျွဲကိုပင် လည်ပင်းညှစ်သတ်နိုင်သည်။

ကျိရွှေရှန့်၏ပခုံးပေါ်မှ ကတိုးသမင်ကို တွေ့သောအခါ အသက်ကြီးပြီး အတြွေ့အကြုံများကာ တန်ဖိုးကို သိနေသော အဘိုးကြီးလီက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

“ကတိုးအိတ်ကို ငွေအများကြီးနဲ့ ရောင်းလို့ ရတယ်။

စူးချင်း၏မျက်လုံးများ မှေးမှိန်သွားပြီး အဘိုးကြီးလီကို အေးစက်စွာ စိုက်ကြည့်နေသည်။ ကတိုးအိတ်က သူမ အပိုင်လေ၊ အဲ့တာကို ဘယ်သူမှ လာထိဖို့ မတွေးသင့်ဘူး။

အဘိုးကြီးလီက သူ့၏ဦးရေပြားများ ထုံကျင်သွားသလို ခံစားလိုက်ရပြီး စူးချင်း၏အကြည့်ကို မြင်လိုက်ရသောအချိန်တွင် သူက ကြောက်ရွံ့စွာဖြင့် ခေါင်းကို အမြန်ငုံ့ချလိုက်သည်။

ဘာတွေဖြစ်နေတာလဲ? သူ ဘာမှားပြောမိလို့လဲ?

"စူးချင်းက ကတိုးသမင်ကို ဖမ်းမိခဲ့တာဆိုတော့ ကတိုးက သူ(မ)အပိုင်ပဲ" ကျိရွှေရှန့်က ကတိုးကောင်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး လူတိုင်းအား ရှင်းပြလိုက်သည်။

ကတိုးက စူးချင်းအပိုင်ဖြစ်သည်ကို ကြားသိရသဖြင့် ရွာလူကြီးချိုးက စူးချင်းကို မကြည့်ဘဲ မနေနိုင်တော့ပေ။

ကျိရွှေရှန့်၏စကားကို ကြားရချိန်တွင် ချိုးယွဲ့ သတိမေ့မြောရာမှ နိုးလာချိန် ဖြစ်သည်။ ထို့နောက် စူးချင်းနှင့်ကျိရွှေရှန့် ဘေးချင်းကပ်ရပ်နေသည်ကို သူမ တွေ့လိုက်ရပြီး ပြင်းထန်သော မနာလိုစိတ်က သူမနှလုံးသားကို ပြည့်နှက်သွားစေခဲ့သည်။

သူမက စူးချင်းကို ကတိုး မယူစေချင်ပေ။ စူးချင်းက ထောင်ဟွားဝူအဖွဲ့၏နောက်သို့ လိုက်လာခဲ့သောကြောင့် ထိုကတိုးအိတ်ကို သူတို့အားလုံး ပိုင်ဆိုင်သင့်သည်ဟု သူမ ထင်နေခဲ့သည်။

ချိုးယွဲ့က သူမ၏အဘိုးကို စိုးရိမ်တကြီး စိုက်ကြည့်နေသည်။ သူမ၏အဖိုးက ထောင်ဟွားဝူတွင် အလွန်လေးစားခံရပြီး ကျိရွှေရှန့်ပင် သူ့စကားကို နားထောင်ခဲ့ရသည်။

ချိုးယွဲ့က သူမကိုယ်တိုင် ထရပ်ရန်ပင် အားနည်းလွန်းနေသောကြောင့် သူမက သူ့အမေ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး "အမေ၊ စူးချင်းကို ကတိုးအိတ်မပေးဖို့ အဖိုးကို သွားပြောလိုက်ပါ။ အဲ့တာကို ထောင်ဟွားဝူက ပိုင်သင့်တယ်”

"သူ(မ) ဖမ်းမိတာကို ဘာလို့ ငါတို့ကို ပေးရမှာလဲ?" အဒေါ်ချိုးက သူမ၏သမီးကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။

စူးချင်းက ထောင်ဟွားဝူတွင် နေထိုင်သူ မဟုတ်ပေ။ လက်ရှိတွင် သူမက ထောင်ဟွားဝူအဖွဲနှင့် အတူ ရှိလျှင်ပင် သူမ၏ပိုင်ဆိုင်မှုကို လူတိုင်းနှင့်မျှဝေရန် တာဝန်မရှိပေ။

သူမ၏အမေက  စူးချင်းဘက်တွင် ရပ်တည်နေကြောင်း မြင်လိုက်ရသောကြောင့် ချိုးယွဲ့က အလွန် ဒေါသထွက်သွားပြန်သည်။

ကျွန်မတို့ သူ(မ)ကို မခေါ်လာရင် သူ(မ) သေနေလောက်ပြီ။ သူ(မ)အသက်ကို ကယ်တင်ပေးတာကပဲ ကြီးမားတဲ့ ကျေးဇူးတရား ဖြစ်နေပြီ”

"စူးချင်းကို ကယ်ခဲ့တာက ရွှေရှန့်နဲ့ ရှောင်ယင်ပဲ၊ ငါတို့နဲ့ ဘာမှ မဆိုင်ဘူး။ ချိုးယွဲ့၊ မင်း ပြောင်းလဲသွားပြီဆိုတာ ငါ မြင်နေရတယ်။ ဒါက မဖြစ်သင့်ဘူး။ မိန်ခလေးတွေက မနာလိုဖြစ်လာရင် အမုန်းပွားလာကြတယ်။ အဲ့တာကြောင့်နဲ့ မင်း တစ်ခါ ဒုက္ခရောက်ခဲ့ပြီးပြီ၊ မင်းက စူးချင်းကို မယုံတော့ သူ(မ)ပေးလိုက်တဲ့ ဆေးကို မယူခဲ့ဘူး။ အဲ့လို မဟုတ်ရင် မင်း ဒီလိုတွေ ခံစားနေရမှာလား?”

အ‌ဒေါ်ချိုးက သူမ၏သမီးကို ချစ်သော်လည်း အမှားအမှန်ကို သိနေပြီး အမှန်ကို ခွဲခြားသိမြင်နိုင်သေးသည်။ သူမက ချိုးယွဲ့ကို မှန်ကန်သောလေသံဖြင့် သင်ကြားပြသနေသည်။

သူမအမေက သူမကို အပြစ်တင်နေပြီး သူမကို မကူညီသောကြောင့် ချိုးယွဲ့က သူမ၏အဘိုးကို သူမကိုယ်တိုင် ပြောရန် ပြင်လိုက်သည်။ သို့သော်လည်း သူမ မပြောနိုင်ခင်မှာ သူမအဘိုး၏စကားသံကို ကြားလိုက်ရသည်။

✍️✍️✍️