Chapter 34 ဝမ်မိသားစုစစ်တပ် (၁)
Viewers 17k

အခန်း ၃၄  ဝမ်မိသားစုစစ်တပ် (၁)

ချိုးယုံခန်းက အလေးအနက် ခေါင်းညိတ်သဘောတူလိုက်ပြီး "ကောင်းပြီ၊ မီးနဲ့ရေကို ဖြတ်ရမယ်ဆိုရင်တောင် ဒီချိုးမျိးရိုးက  တွန့်ဆုတ်နေမှာ မဟုတ်ဘူး"

စူးချင်းက ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောဘဲ စကားရပ်လိုက်ကာ  ဆေးလုံးတစ်ပြားကို ထုတ်ယူပြီး အဒေါ်ချိုးထံ လှမ်းပေးလိုက်သည်။ အဒေါ်ချိုးကလည်း ဆေးလုံးကို အမြန်ယူကာ တောထဲသို့ ပြေးဝင်သွားတော့သည်။

"ချိုးယွဲ့၊ ဆေးကို မြန်မြန်‌သောက်လိုက်။ ဆေးသောက်ပြီးရင် မင်း နေကောင်းသွားလိမ့်မယ်"

အ‌ဒေါ်ချိုးက ဆေးလုံးကို ရတနာတစ်ခုကဲ့သို့ ဂရုတစိုက်ကိုင်ထားခဲ့သည်။

ချိုးယွဲ့က ဆေးလုံးကို ဝမ်းနည်းဒေါသနှင့် ကြည့်လိုက်ပြီးမှ မောက်မာသော အမူအရာဖြင့် ‌သူမရှေ့မှ ဆေးလုံးကို ရိုက်ဖယ်လိုက်သည်။

"မလိုချင်ဘူး!"

သို့သော် သူမ၏ဗိုက်ထဲမှ နာကျင်မှုက သူမကို ပို၍ ဥာဏ်ကောင်းလာစေသည်။ ဒီအချိန်မှာ ကိုယ်ရဲ့မျက်နှာနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုက ရောဂါ သက်သာဖို့လောက် အရေးမကြီးတော့ဘူးလေ။ သူမလည်း ငယ်ငယ်ရွယ်ရွယ် အချိန်မှာ ဒီလိုမျိုးကြီးတော့ မသေချင်ဘူးလေ။

ချိုးယွဲ့က ဆောင့်ဆောင့်အောင့်အောင့်ဖြင့် သူမအမေ၏လက်ထဲမှ ဆေးလုံးကို လုယူလိုက်ပြီး ပါးစပ်ထဲထည့်ကာ မျိုချလိုက်သည်။ ခဏအကြာတွင် သူမ၏ဗိုက်ထဲမှ နာကျင်မှုများ ပျောက်ကွယ်သွားပြီး ပြိုကျလုနီးပါး ဝမ်းလျှောနေသော ခံစားချက်လည်း ပျောက်သွားတော့သည်။ စူးချင်း၏ဆေးက ဤမျှထိရောက်သည်ကို သူမ မယုံချင်သော်လည်း အမှန်တရားက သူမကို ယုံကြည်စေခဲ့သည်။

အမေ၊ ရေဆေးဖို့ ရေပုံးတစ်ပုံးနဲ့ အဝတ်သန့်တစ်ထည်လောက် ယူလာပေးပါဦး”

ချိုးယွဲ့က သူမ၏ ဘောင်းဘီပေါ်ရှိ အဝါရောင် အစွန်းအထင်းများကို ကြည့်နေပြီး သူမခန္ဓာကိုယ်ပေါ်ရှိ အနံ့အသက်များက သူမကို တွင်းတူးပြီး ပုန်းချင်လာစေသည်။ သူမ၏ သနားစရာကောင်းသည့် အခြေအနေကို ကျိရွှေရှန့် မတွေ့စေလိုသောကြောင့် သန့်ရှင်းသော အဝတ်နှင့် ရေတစ်ပုံးယူလာပေးရန် သူမ၏မိခင်ကို တောင်းဆိုလိုက်ရသည်။

အဒေါ်ချိုးက သူမသမီး၏မျက်နှာပေါ်တွင် နာကျင်နေသည့်အမူအရာများ မရှိတော့သည်ကို မြင်လိုက်ရပြီး သူမသမီး ပြန်လည်ကောင်းမွန်လာကြောင်း နားလည်လိုက်သည်။ သူမက ပျော်ပျော်ရွှင်ရွှင်ဖြင့် တောထဲမှ ထွက်လာခဲ့ပြီး အ‌ဒေါ်ချိုးနှင့် ရင်းနှီးသော အမျိုးသမီးများအားလုံးက သူမဆီသို့ ရောက်လာကာ စိုးရိမ်တကြီး မေးလိုက်ကြသည်။

“ချိုးယွဲ့တစ်ယောက် သက်သာရဲ့လား”

"ပြန်ကောင်းသွားပြီ၊ စူးချင်းက ဆေးနတ်ဘုရားပဲ။ ဆေးသောက်ပြီးတာနဲ့ ပြန်ကောင်းသွားတာ"

အဒေါ်ကြီး၏ မျက်နှာသည် ရွှင်မြူးနေပြီး သူမထံတွင် စူးချင်းအတွက် ချီးမွမ်းမှုများ အပြည့်ရှိနေသော်လည်း သူမက အခြားသူများကို ဝန်လေးစွာ တောင်းပန်လိုက်သည်။ "ငါ ချိုးယွဲ့အတွက် အဝတ်အစားတွေ ယူသွားပေးဖို့ ပြန်သွားရဦးမယ်။ လူတိုင်းကို နှောင့်နှေးစေတဲ့အတွက် တောင်းပန်ပါတယ်”

ရပါတယ်၊ ဘယ်သူကရော နေမကောင်းဖြစ်ချင်ပါမလဲ? ငါတို့ကတောင် သူ(မ)ကို သနားပြီး စိတ်ပူနေကြတာ၊ ငါတို့အားလုံး စောင့်နိုင်ပါတယ်” လီတာ့နျို၏မိခင်က ကမန်းကတန်း ဝင်ပြောလိုက်သည်။ အမှန်တကယ်တွင် သူမက အ‌ဒေါ်ချိုးနှင့် အရင်းနှီးဆုံးဖြစ်ပြီး ချိုးယွဲ့ကို အနှစ်သက်ဆုံးသူလည်း ဖြစ်သည်။

"ဟုတ်တယ်။ ဘယ်သူမှ ‌နေမကောင်း မဖြစ်ချင်ဘူး။ ကလေးကိုယ်တိုင်က ဒုက္ခခံရတာပဲ။ ငါတို့ကတော့ သူ(မ)အတွက် စိတ်မကောင်းဖြစ်ပေးရုံကလွဲပြီး ဘာမှ မကူညီပေးနိုင်ပါဘူး”

ကျန်းလောင်ချီ၏မိခင် အဒေါ်ကျန်းကလည်း ချိုးယွဲ့အတွက် ဝင်ပြောပေးလိုက်သည်။ သူမက မြင့်မြတ်သောမိသားစုမှ အမျိုးသမီးတစ်ဦးကဲ့သို့ တည်ငြိမ်နေတက်သော ချိုးယွဲ့ကို အလွန်သဘောကျပြီး သူမ၏ချွေးမဖြစ်လာရန် မျှော်လင့်နေခြင်းပင်​။

သူ၏ညီမလေး နေပြန်ကောင်းလာသည်ဟု ကြားလိုက်သောကြောင့် ချိုးယုံခန်းတစ်ယောက် သက်ပြင်းချလိုက်မိသည်။ သူက စူးချင်းဆီသို့ လျှောက်သွားကာ လက်သီးဆုပ်ပေါ် လက်ဖဝါးအုပ်ပြီး အရိုအသေပေးရင်း ကျေးဇူးတင်စကား ထပ်ပြောလိုက်သည်။

"မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်... မိန်းခလေး... မင်းရဲ့ ကရုဏာကို ငါ ဘယ်တော့မှ မမေ့ပါဘူး"

စူးချင်းက ချိုးယုံခန်းကို တစ်ချက်လေးပင် မော့မကြည့်ဘဲ သူမ၏ကောက်ရိုးခြေနင်းရက်လုပ်ခြင်းအပေါ်တွင်သာ အာရုံစိုက်နေခဲ့သည်။

ချိုးယုံခန်းကလည်း သူမကို စိတ်မဆိုးဘဲ နောက်တစ်ကြိမ် အရိုအသေပေးကာ ပြန်ထွက်သွားခဲ့သည်။

ကျိရွှေရှန့်က စူးချင်းဆီသို့ လှမ်းလာပြီး အသံတိုးတိုးဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ခရီးမနှောင့်နှေးစေရန်အတွက်သာ စူးချင်းက ဆေးထုတ်ပေးခဲ့ကြောင်း သူ နားလည်နေသည်။ စူးချင်းက သူ့ကို တစ်ချက်မော့ကြည့်ပြီးမှ ဘာမှမကြားလိုက်သည့် အမူအရာဖြင့် ကောက်ရိုးခြေနင်း ဆက်ရက်ရန် ခေါင်းပြန်ငုံ့လိုက်သည်။

ချိုးယွဲ့က သူမကိုယ်သူမ ဆေးကြောသန့်စင်ပြီး  အဝတ်အစားသစ်များ လဲလှယ်ကာ ချုံပုတ်ထဲမှ ပြန်ထွက်လာခဲ့ပြီး လူတိုင်းက သူမကို လှောင်ပြောင်သည့် အကြည့်များဖြင့် ကြည့်နေမည်ကို  စိုးရိမ်သောကြောင့် သူမက  ခေါင်းကိုပင် မမော့ရဲတော့ပေ။

သူမ လဲလှယ်ခဲ့သော အဝတ်ဟောင်းများကို လျှော်ဖွတ်ရန် ရေမရှိသလို စွန့်ပစ်ရန်လည်း မဖြစ်နိုင်ပေ။ အဒေါ်ချိုးက ၎င်းတို့ကို လိပ်ပြီး သစ်ရွက်ကြီးတစ်ရွက်ဖြင့် ထုပ်ပိုးကာ ရေရှိသည့်နေရာရောက်မှ ရေဖြင့် လျှော်ဖွတ်ရန် ပြင်ဆင်နေသည်။ သို့သော် ထိုအဝတ်ဟောင်းများက သူမ၏ အရှက်ရဆုံးအခြေအနေကို ကိုယ်စားပြုနေသည်ဟု ချိုးယွဲ့က ခံစားမိသောကြောင့် သူမနှင့်အတူ ယူဆောင်သွားရန် ခွင့်မပြုနိုင်ပေ။ ထို့ကြောင့် သူမက ၎င်းတို့ကို ချုံပုတ်များထဲသို့သာ ပစ်ချလိုက်သည်။

အဒေါ်ချိုးက သူမသမီး စိတ်ဆိုးနေမှန်း သိနေပြီး သူမသမီး၏အဝတ်အစားများကို စွန့်ပစ်ရန် ဝန်လေးနေသော်လည်း ချိုးယွဲ့နှစ်သက်သလို လုပ်ခွင့်ပေးထားလိုက်သည်။

အဖွဲ့ကြီးတစ်ခုလုံး ခရီးဆက်ခဲ့ကြပြန်သည်။ ချိုးယွဲ့က ဝမ်းလျှောနေခြင်း မရှိတော့သော်လည်း လမ်းလျှောက်ရန် ခွန်အားမရှိသေးသောကြောင့် သူမက ခေါင်းကို ငုံ့ကာ သူမ၏မျက်နှာကို သူမ၏ဆံပင်တစ်ဝက်ဖြင့် အုပ်ထားပြီး လှည်းပေါ်တွင် ထိုင်နေသေးသည်။

ရေကြောင့် ဖြစ်ပေါ်ခဲ့သည့် ကြီးမားသည့် အနှောက်အယှက်ကြောင့် လူတိုင်း၏ပါးစပ်များ ခြောက်ပြီး နှုတ်ခမ်းများ အက်ကွဲလာသည့်တိုင် မည်သူကမျှ ဝါးပြွန်ထဲမှ ရေကို မသောက်ရဲကြတော့ပေ။ ရေမရှိခြင်းကြောင့် လူတိုင်း မူးဝေနေကြပြီး သွားလာရခက်ခဲလာသည်။ ထို့ကြောင့် အဖွဲ့၏အရှိန်က သိသိသာသာ နှေးကွေးသွားသည်။ ကျိရွှေရှန့်က စိတ်လှုပ်ရှားဖြင့် နောက်သို့ အကြိမ်အနည်းငယ် ပြန်လှည့်ကာ လောဆော်နေသော်လည်း မအောင်မြင်ခဲ့ပေ။

စူးချင်းလည်း ရေငတ်လာပြီး ကျိရှောင်ယင်ကို ထိတ်လန့်စေသည့် ဝါးပြွန်ထဲမှ ရေကို သောက်လိုက်သည်။

အစ်မ၊ သောက်လို့ မဖြစ်ဘူးလေ။ အစ်မ ဝမ်းလျှောလိမ့်မယ်"

စူးချင်းက သူမကို ကြည့်ကာ ပြန်ပြောလိုက်သည်။ "အဆင်ပြေပါတယ်"

ထို့နောက် သူမက ဝါးပြွန်ကို မြှောက်ကာ ရေအားလုံးကို မော့သောက်လိုက်သည်။

ကျိရှောင်ယင်ကတော့ အကြီးကြီး ထိတ်လန့်နေတော့သည်။

"အစ်မ၊ ဝမ်းသွားလိမ့်မယ်"

ငါ ဆေးနဲ့ သန့်စင်ထားပြီးပြီ၊ မင်းလည်း သောက်လို့ရတယ်"

စူးချင်းက သူမ၏ခြင်းတောင်းထဲမှ ဝါးပြွန်တစ်ခုကို ထုတ်ယူလိုက်ပြီး ကျိရှောင်ယင်ကို လှမ်းပေးလိုက်သည်။ သူမက သူမခြင်းတောင်းထဲရှိ ဝါးပြွန်များကို သန့်စင်ပေးရန် ရှောင်ချီကို တောင်းဆိုထားပြီး ထိုရေများအားလုံးက ဘေးကင်းကြောင်း ‌သေချာနေသည်။

"တကယ်လား?"

ကျိရှောင်ယင်က အလွန့်အလွန် ပျော်ရွှင်သွားပြီး သူမ ရေငတ်၍ သေလုမျောပါးဖြစ်နေသောကြောင့် ဝါးပြွန်ထဲမှ ရေအားလုံးကို သောက်ရန် မစောင့်နိုင်တော့ပေ။ ချိုးယွဲ့က အခြေအနေကို စောင့်ကြည့်နေခဲ့ပြီး စူးချင်း ရေသောက်နေသည်ကို တွေ့သော်လည်း သူမက ဘာမှ မပြောခဲ့ပေ။ သို့သော်လည်း စူးချင်းက ကျိရှောင်ယင်ထံသို့ ဝါးပြွန်လှမ်းပေးလိုက်ချိန်တွင် သူမက "ရှောင်ယင်၊ မသောက်နဲ့။ အဲဒီမိန်းမက မကောင်းဘူး။ သူ(မ)က မင်းကို ဒုက္ခပေးဖို့ ကြိုးစားနေတာ"

ကျိရှောင်ယင်က ချိုးယွဲ့ကို မကျေမနပ် လှည့်ကြည့်လိုက်ပြီး "အစ်မက ကျွန်မကို ဘယ်တော့မှ ဒုက္ခမပေးဘူး၊ သူ(မ)က လူတိုင်းကိုလည်း ဘယ်တော့မှ ဒုက္ခပေးမှာ မဟုတ်ဘူး။ နင့်ကို အစ်မက ကယ်ခဲ့တာတာလေ၊ နင်က ဘာလို့ အစ်မကို ပြောနေသေးတာလဲ?”

ကျိရှောင်ယင်က စူးချင်းဘက်မှ ရပ်တည်ပြီး ဒေါသထွက်နေသည်ကို မြင်လိုက်ရခြင်းက ချိုးယွဲ့၏နှလုံးသားကို နာကျင်စေခဲ့သည်။

စူးချင်းက သူမ၏မူပိုင် အေးစက်သည့်အမူအရာအတိုင်းသာ ရှိနေသော်လည်း သူမက ချိုးယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး ထောင်ဟွားဝူမှ ရွာသားများကို ဝေ့ကြည့်ကာ "ရှင်တို့ ကျွန်မကို ယုံရင် ဒီရေကို သောက်လိုက်ပါ။ ရှင်တို့ နေကောင်းနေစေရမယ်လို့ ကျွန်မ အာမခံပေးနိုင်တယ်"

ထောင်ဟွားဝူမှ ရွာသူရွာသားများအားလုံးက စူးချင်းကို ယုံကြည်ရန် ရွေးချယ်ခဲ့ကြပြီး ချိုးယွဲ့၏ စိုးရိမ်သောကရောက်နေသော အကြည့်အောက်တွင် သူတို့အားလုံးက ရေသောက်ရန် ဝါးပြွန်ဆီသို့ ပြေးလာကြတော့သည်။

စူးချင်းက ဘေးနားတွင် ရပ်နေပြီး ဘာသိဘာသာ လှမ်းကြည့်နေသည်။ ချိုးယုံခန်း ရောက်လာပြီး ဝါးပြွန်ကို ကောက်ကိုင်လိုက်ချိန်တွင် စူးချင်းက သူ့ကို ကြည့်ကာ အေးစက်စက် အမိန့်ပေးလိုက်သည်။

“သူ(မ)ကို သောက်ခွင့် မပေးဘူး”

ချိုးယုံခန်းက ခဏတာမျှ မှင်သက်သွားသော်လည်း သူ့ညီမ၏ စူးချင်းအပေါ် ဆက်ဆံပုံကို တွေးပြီး ခေါင်းညိတ်လိုက်သည်။

အဒေါ်ချိုးက သူမ၏သမီးအတွက် သူမ၏ရေတစ်ဝက်ကို ပေးချင်နေသော်လည်း သူမဆီသို့ ဦးတည်ပျံသန်းလာသော ရေခဲမြှားကို ခံစားလိုက်ရသည်။ သူမ မော့ကြည့်လိုက်ချိန်တွင် စူးချင်း၏ အေးစက်သော မျက်လုံးများကို တွေ့လိုက်ရပြီး သူမ သက်ပြင်းချရုံသာ တက်နိုင်တော့သည်။

သူမရဲ့သမီးက ဘာကြောင့် စူးချင်းကို ရန်စချင်နေတာလဲ? သူမက ဒီသင်ခန်းစာနဲ့ ထိုက်တန်တယ်။

လူတိုင်း ရေသောက်ပြီးနောက် အားလုံးက အဆင်ပြေနေပြီး ချိုးယွဲ့ မျှော်လင့်ထားသည့် အခြေအနေက မဖြစ်ခဲ့ပေ။ ရေသောက်လိုက်ရသောကြောင့် လူတိုင်း ခွန်အားပြန်ရလာကြပြီး ခရီးဆက်နိုင်လာကြသည်။

ချိုးယွဲ့ကသာ တစ်ဦးတည်းသော ရေမသောက်ရသူ ဖြစ်ပြီး သူမ ရေငတ်လွန်းသောကြောင့် နှုတ်ခမ်းများ ခြောက်နေကာ လည်ချောင်းများမှ အငွေ့ထွက်‌နေသလို ခံစားနေရသည်။ သူမက နေရောင်ကြောင့် မူးလဲလုနီးပါး ဖြစ်နေပြီး နောက်ဆုံးတွင်  ထိန်းမနိုင်သိမ်းမရဖြစ်လာကာ သူမ အမှန်တကယ် မူးမေ့လဲသွားတော့သည်။ အဒေါ်ချိုးက သူမ၏သမီးအတွက် အလွန်စိုးရိမ်သောကြောင့် နောက်ထပ်ရေယူရန် သွားခဲ့သော်လည်း တစ်စက်မှပင် မကျန်တော့ပေ။

ချိုးယွဲ့ကို ကယ်တင်ပေးပြီး လူတိုင်းသောက်ရန် ရေဝေပေးပြီးနောက်တွင် စူးချင်း၏ ကုသိုလ်ရမှတ်များက နောက်ထပ် ဘားနှစ်ခုစာ တိုးလာခဲ့သည်။ ဤသည်မှာ စူးချင်းအတွက် အံ့သြဖွယ်ကောင်းလှသည်။

လမ်းမကြီးပေါ်သို့ ‌ရောက်လာကြချိန်တွင် အငတ်ဘေးဒဏ်ခံရသူဦးရေ တိုးလာကြောင်း စူးချင်း မြင်လိုက်ရသည်။ သူတို့က နှစ်ယောက်တွဲ သုံးယောက်တွဲ သွားလာ‌နေကြပြီး သူတို့၏အ၀တ်များက စုတ်ပြဲနေကာ သူတို့၏မျက်လုံးများတွင် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။ သူတို့က အ‌ရှေ့ကို ရှေးရှူကာ လျှောက်လှမ်းနေကြရင်း တစ်ယောက်ကို တစ်ယောက် ဖေးမလာကြသည်။ ရံဖန်ရံခါတွင် လူအချို့ လဲကျသွားတက်ပြီး အချို့က ပြန်ထနိုင်သော်လည်း အချို့ကတော့ တစ်သက်လုံးစာ ပြန်မထနိုင်တော့ပေ။

ကျိရွှေရှန့်၏အဖွဲ့တွင် မြင်းများနှင့် လှည်းများရှိနေသည်ကို မြင်လိုက်ရသောအခါ အငတ်ဘေးဒဏ်ခံနေရသူများ၏ မျက်လုံးများတွင် ငြူစူခြင်းများ ပြည့်နှက်လာတော့သည်။ ထောင်ဟွားဝူမှ ရွာသူရွာသားများကလည်း ထိုအငတ်ဘေးကျနေသူများ၏ ကြေကွဲဖွယ်အခြေအနေကို မြင်နေရပြီး ကျိရွှေရှန့်နှင့် စူးချင်းတို့က ခေါင်းဆောင်ကောင်းများဖြစ်သည်ဟု လူတိုင်း ခံစားလာရသည်။ သူတို့က လူတိုင်း သက်တောင့်သက်သာ နေထိုင်နိုင်အောင် အကာအကွယ် ပေးခဲ့ကြသည်။

လူတိုင်း နောက်ကနေ မြန်မြန်လိုက်ခဲ့ကြ၊ နောက်မှာ မကျန်ခဲ့စေနဲ့"

လက်ရှိတွင် သဘာဝဘေးဒဏ်ခံရသူများစွာရှိနေပြီး အကောင်းနှင့်အဆိုး ရောထွေးနေသည်ကို တွေ့နေရသော်လည်း ကျိရွှေ့ရှန့်က မအံ့ဩတော့ပေ။ သူက လီတာ့နျိုနှင့် ကျန်သူများကို သတိကြီးကြီးထားရန် အမိန့်ပေးလိုက်ပြီး ထောင်ဟွားဝူမှ သာမာန်ရွာသားများကို ကာကွယ်ပေးရန် တောင်းဆိုလိုက်သည်။

ထိုအခိုက်အတန့်တွင် တရားဝင်လမ်းပေါ်၌ စစ်သည်တစ်စု ပေါ်လာပြန်သည်။ ရှေ့မှ မြင်းစီးလာသော တပ်သားများက “ဝမ်” ဟူသော စာလုံးပါသည့် ကြီးကျယ်ခမ်းနားသော အလံကြီးများကို ကိုင်ဆောင်ထားကြသည်။ စစ်သည်များက မြင်းများပေါ်တွင် ရှိနေကြပြီး လမ်းပေါ်ရှိ ဒုက္ခသည်များကို လုံးဝ ဂရုမစိုက်ပေ။ ဖြည်းညှင်းစွာ ပြေးမိသူများက မြင်းခွာများဖြင့် အနင်းခံလိုက်ရပြီး ၎င်းတို့၏ အူများပင် ဖောက်ထုတ်ခံလိုက်ရသည်။

"လမ်းဘေးကို မြန်မြန် ဆုတ်ကြ၊ မြောင်းထဲအထိရောက်အောင် ဆင်းကြ"

ကျိရွှေရှန့်က အခြေအနေ မကောင်းကြောင်း မြင်လိုက်ပြီး ထောင်ဟွားဝူမှ ရွာသားများကို လမ်းဘေးမှ မြောင်းထဲသို့ ဆင်းခိုင်းလိုက်သည်။ သို့သော်လည်း အချို့လူများ၏ခြေလှမ်းများက အလွန်နှေးနေသေးသည်။

✍️✍️✍️