အခန်း ၃၅
ဝမ်မိသားစုစစ်တပ် (၂)
သူ့အသက်အရွယ်ကြောင့်
ရွာလူကြီးချိုး၏ခြေထောက်များက အရင်ကလောက် မသန်မာတော့ပေ။ သူက သူ့၏မြေးမလေးကို
သူ့လှည်းကို ပေးထားခဲ့ပြီး သူက တောင်ဝှေးဖြင့် အများနည်းတူ လမ်းလျှောက်လာခဲ့သောကြောင့်
လက်ရှိတွင် ပင်ပန်းနွမ်းနယ်နေကာ အလွန်မောပန်းနေပြီ ဖြစ်သည်။ ကျိရွှေရှန့်၏အော်သံကို
ကြားသောအခါ သူလည်း မြောင်းဘက်သို့ အမြန်လျှောက်သွားလိုက်သည်။ သို့သော် အလျင်လိုလေ
အမှားများလေ ဖြစ်ပြီး သူက မြေပြင်ပေါ်သို့ လဲကျသွားသည်။ နောက်ဆုံးတွင် မြင်းမားသော
မြင်းကြီးတစ်ကောင် သူ့ဆီသို့ ပြေးလာနေသည်ကို မြင်လိုက်ရသောကြောင့် အဘိုးအိုက စိတ်ပျက်လက်ပျက်ဖြင့်
သူ့မျက်လုံးများကို မှိတ်ချလိုက်တော့သည်။
ရွာလူကြီးချိုး လဲကျသွားသည်ကို
ကျိရွှေရှန့်လည်း မြင်လိုက်ပြီး ကယ်တင်ရန် ပြေးသွားချင်သော်လည်း အလွန်နောက်ကျနေပြီ
ဖြစ်သည်။ ထောင်ဟွားဝူမှရွာသားများကလည်း လူအိုကြီးချိုး၏ရင်ဘတ်ပေါ်မှ မြင်းခြေထောက်ကို
လှမ်းကြည့်ရင်း ထိန့်လန့်စွာ အော်ဟစ်နေကြသော်လည်း သူတို့လည်း ရပ်မနေရဲပဲ လမ်းဘေးမှ
မြောင်းဆီသို့ အလျှင်အမြန် ပြန်ဆုတ်နေရသည်။
ဦးဆောင်မြင်းစီးလာသူက
တရားရုံးဝတ်စုံကို ၀တ်ဆင်ထားပြီး သူက အသက်သုံးဆယ်ကျော်ခန့်ရှိကာ ဖြူစင်ပြီး
မုတ်ဆိတ်မွေးမရှိသော မျက်နှာမျိုး ဖြစ်သည်။ သို့သော် သူ့၏မှောင်မည်းနေသောအကြည့်များက
ရှေ့သို့သာ မျှော်ကြည့်နေပြီး မြင်းများ တက်နင်းမိသောကြောင့် သေဆုံးသွားသော ရွာသားများကို
လုံးဝ ဂရုမစိုက်ပေ။
ရွာလူကြီးချိုး၏
ပါးစပ်ထဲမှ သွေးတစ်ပွတ်ကို အန်ထွက်လာပြီး ချိုးယုံခန်းက သူ့အဖိုးကို သယ်ယူကာ
မြင်းများ နောက်တစ်ကြိမ် ထပ်မနင်းမိစေရန် လမ်းဘေးရှိ မြောင်းထဲသို့ လှိမ့်ဆင်လိုက်သည်။
ထောင်ဟွားဝူမှ ရွာသူရွာသားများနှင့်
အခြား အနင်းခံရသူများက ဝမ်းနည်းပူဆွေးနေကာ ပြေးလွှားနေသော မြင်းများကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။
ဒီအရာရှိတွေက လူတွေရဲ့အသက်ကို
မြက်ပင်တွေလို မှတ်ယူနေကြတာလား? လူတွေကို တက်နင်းမိတာတောင်
လှည့်မကြည့်ကြဘူး။
"ဒါက ဘယ်သူလဲ?"
“အဲဒီအလံမှာ “ဝမ်”
ဆိုတဲ့ စကားလုံး ရေးထားတယ်။ ဒါက ဝမ်မိသားစုရဲ့ သံမဏိတပ်သားဖြစ်နိုင်တယ်၊ ကြည့်ရတာတော့
နောက်ထပ်သွေးမုန်တိုင်းတစ်ခု ထပ်ဖြစ်လာဦးမယ် ထင်တယ်”
ထိုအကြောင်းအရာကို
သိနေသူတစ်ယောက်က ဝင်ပြောလိုက်သည်။ ဝမ်မျိုးနွယ်၏ သံမဏိတပ်သားများ ဖြစ်နေကြောင်း
ကြားလိုက်ရသောအခါ လူတိုင်း တိတ်ဆိတ်သွားကြသည်။
သူတို့ ကံမကောင်းဘူးလို့တွေးပြီး
ဝမ်းနည်းပက်လက် ငိုကျွေးရုံကလွဲရင် သူတို့ ဘာမှ မလုပ်နိုင်တော့ပါဘူး။
တိုင်ကြားဖို့တောင်
နည်းလမ်းမရှိတော့ဘူးလေ။
ဝမ်မိသားစုစစ်တပ်က
လက်ရှိဧကရာဇ်ရဲ့ယောက္ခမ တော်စပ်တဲ့ ဝမ်ရှန်းချန်ရဲ့စစ်တပ်လေ။ သူရဲ့သမီးက
ဧကရာဇ်မင်းမြတ်ရဲ့အနှစ်သက်ဆုံး ကိုယ်လုပ်တော်လို့ လူသိများနေတဲ့ တော်ဝင်ကြင်ယာတော်
ဖြစ်နေသေးတယ်။
ဝမ်မိသားစုရဲ့စွမ်းအားက
ကောင်းကင်ဘုံကို အန်တုနိုင်ပြီး သူတို့ မြေကြီးပေါ်ကို ခြေဆောင့်လိုက်ရင်တောင် တာ့ရှားတိုင်းပြည်တစ်ခုလုံး
တုန်လှုပ်သွားနိုင်တယ်လေ။ ဝမ်မိသားစုရဲ့အမှုကို ဘယ်သူက ကိုင်တွယ်စုံစမ်းပေးရဲမှာတဲ့လဲ။
ဒီနေ့သေဆုံးသွားတဲ့ သာမန်လူတွေကတော့ အချည်းနှီး သေဆုံးရတယ်လို့ပဲ သတ်မှတ်ရတော့မယ်။
ကျိရွှေရှန့်၏မျက်လုံးများတွင်
ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး တဖျပ်ဖျပ် တောက်ပလာကာ လူ့အသက်များကို ပေါ့ပေါ့တန်တန် သတ်ဖြတ်ခဲ့သော
ထိုလူယုတ်မာများ နောက်ကို လိုက်ရန် ကြံစည်လိုက်သည်။ သို့သော်လည်း စူးချင်းက သူ့ကို
ပြန်ဆွဲထားပြီး အေးစက်စွာ ပြောလိုက်သည်။
“ရှင် ဥတစ်လုံးနဲ့
ကျောက်တုံးကို ပစ်ပေါက်သလို ဖြစ်သွားလိမ့်မယ်”
သူက လူ့အသက်ကို
ဂရုမစိုက်တဲ့ အဲ့ဒီခွေးတွေနောက်ကို လိုက်သွားချင်နေတာလား?
ကျိရွှေရှန့်၏ကြွက်သားများ
တင်းမာနေသည်ကို စူးချင်းက အာရုံခံစားနိုင်ခဲ့ပြီး ထိုအရာက ပစ်မှတ်ကို တစ်ချက်တည်းဖြင့်
ရိုက်ချရန် သူ စုဆောင်းထားသော ခွန်အားဖြစ်ကြောင်း သူမ နားလည်နေသည်။ သို့သော် သူမ၏စကားကို
ကြားပြီးနောက် ကျိရွှေရှန့်၏ကြွက်သားများ ပြေလျော့သွားပြီး သူ စိတ်ငြိမ်သက်သွားကြောင်း
သိသာနေသည်။
"အဖိုး! အဖိုး!"
မြောင်းအောက်ခြေတွင်
ချိုးယုံခန်းက သူ့အဖိုးကို အော်ခေါ်နေသည်။ အဘိုးအို၏အဝတ်အစားများတွင် သွေးများ ဖုံးလွှမ်းနေပြီး
သူ့မျက်နှာက စက္ကူကဲ့သို့ ဖျော့တော့နေသည်။ သူ့ဘဝက အပ်ချည်ကြိုးဖြင့်
ချည်နှောင်ထားသကဲ့သို့ ယိုင်နဲ့နေပြီ ဖြစ်သည်။
ကျိရွှေရှန့်က
အဘိုးအို၏ သွေးခုန်နှုန်းကို စစ်ဆေးရန် မြောင်းထဲသို့ အမြန်ခုန်ဆင်းလိုက်သည်။ ချိုးမိသားစုဝင်များက
သူ့ကို မျှော်လင့်တကြီး စိုက်ကြည့်နေသည်။
သူ၏သွေးခုန်နှုန်းကို
စစ်ဆေးပြီးနောက် ကျိရွှေရှန့်က အပြစ်ရှိသော အမူအရာဖြင့် အဘိုးအိုချိုးကို ကြည့်နေကာ ဝမ်းနည်းသော
အသံဖြင့် ပြောလိုက်သည်။
"ငါ အဖိုးကို
မကယ်နိုင်တော့ဘူး"
စူးချင်းက ဘေးမှ ကြည့်နေပြီး
ရွာလူကြီးချိုး၏ရင်ဘတ်က အနည်းငယ် ခုန်နေသေးသည်ကို သူမ မြင်နေရသည်။ သူက မျက်လုံးများကို
မှိတ်ထားပြီး သူ့၏ပါးစပ်နှင့် အဝတ်များတွင် သွေးများ စွန်းထင်းနေသည်။
စူးချင်းက ရွာလူကြီးချိုး၏စရိုက်ကို
လေးစားသောကြောင့် သူမကို မည်သူမျှ မတောင်းဆိုသော်လည်း သူ့၏သွေးခုန်နှုန်းကို စစ်ဆေးရန်
မြောင်းထဲသို့ ခုန်ဆင်းလိုက်သည်။
"သွားစမ်း! အစ်ကိုရွှေ့ရှန့်က ငါ့အဖိုးကို ကယ်တင်ဖို့ ကြိုးစားနေတယ်၊
မနှောင့်ယှက်နဲ့"
ချိုးယွဲ့က မျက်ရည်များ
စီးကျနေသည်။ သူမ ဝမ်းပျက်ဝမ်းလျှောဖြစ်ခဲ့သည့်အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းတီးနေပြီး
သူမက သူမ၏အဘိုးကို မြင်းနင်းမိစေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် စူးချင်းကို
မြင်လိုက်သောအခါ ချိုးယွဲ့က ပို၍ ဒေါသထွက်လာပြီး
တားဆီးလိုက်ခြင်း ဖြစ်သည်။
စူးချင်းက သူမကို
စောစော ဆေးပေးခဲ့ရင် သူမ လဲကျသွားမှာ မဟုတ်သလို သူမရဲ့အဖိုးလည်း ပတ်သက်မှု ရှိလာမှာ
မဟုတ်ပါဘူး။
"ထွက်သွား!"
"ပါးစပ်ပိတ်ထား!" စူးချင်းက အေးစက်စွာ ပြန်အော်လိုက်သည်။ သူမက ချိုးယွဲ့၏လက်ကို
ဆွဲလိမ်ကာ ကရုဏာမဲ့စွာဖြင့် ဘေးသို့ တွန်းချလိုက်သည်။
အဒေါ်ချိုးနှင့်
သူမ၏ခင်ပွန်းတို့ကလည်း သူမ၏သမီးကို ဂရုမစိုက်နိုင်တော့ပေ။ သူတို့က လူအိုကြီးကိုသာ
ဝိုင်းအုံနေကြပြီး ငိုနေကြသည်။ ချိုးယုံခန်းက စူးချင်းကို မျှော်လင့်တကြီး လှမ်းကြည့်လိုက်သည်။
"စူးချင်း၊ မင်း ငါ့အဘိုးကို ကယ်ပေးနိုင်မလား?"
“ကျွန်မ
တက်နိုင်သလောက် ကြိုးစားပေးမယ်” စူးချင်းက ဘာအမူအရာမှ မရှိသော မျက်နှာဖြင့် ပြန်ပြောလိုက်သည်။
သူမက ရွာလူကြီးချိုး၏ဘေးနားသို့ ထိုင်ချလိုက်ပြီး သူမ၏ သွယ်လျသော
လက်ချောင်းများဖြင့် သူ့သွေးခုန်နှုန်းကို စစ်ဆေးလိုက်သည်။
တချိန်တည်းမှာပင် စနစ်အတွင်းမှ
ရှောင်ချီက သူမကို အစီရင်ခံတင်ပြလာသည်။ “သူရဲ့နံရိုးတွေက ကြေမွသွားပြီး
အတွင်းအင်္ဂါတွေ ဆုတ်ပြတ်သွားတာကြောင့် အတွင်းပိုင်းသွေးယိုစီးမှု ဖြစ်နေပါတယ်။
ကုသဖို့အတွက် သွေးတိတ်ဆေးနဲ့ ကျင်းကုနဥ်ဆေးလုံး လိုအပ်ပါတယ်။ သွေးတိတ်ဆေးအတွက်ကတော့
သခင်ရဲ့ဂျင်ဆင်းကို လိုအပ်ပါတယ်”
ရှောင်ချီ၏ အသံတွင်
တွန့်ဆုတ်မှုများ ပြည့်နှက်နေသည်။ သူမ၏သခင်က ထိုဂျင်ဆင်းကို ရရန် အသက်စွန့်ရလုနီးပါး
ကြိုးစားခဲ့ရခြင်း ဖြစ်သည်။
စူးချင်း၏အမူအရာက
အေးဆေးတည်ငြိမ်နေဆဲဖြစ်ပြီး "ကျွန်မ သူ့ကို ကယ်ပေးလို့ရပါတယ်၊ ဒါပေမယ့်
ဂျင်ဆင်းတော့ လိုတယ်။ ကျွန်မ တစ်ခုပဲ ရှာတွေ့ခဲ့တာ"
စူးချင်းက
ဂျင်ဆင်းကို ရွာလူကြီးချိုးအတွက် ပေးမည့်အကြောင်း ကြားလိုက်သောကြောင့် အဒေါ်ချိုးနှင့်
ဦးလေးချိုးတို့က သူမရှေ့တွင် ဒူးထောက်လိုက်ကြပြီး “မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်
မိန်းခလေးရယ်"
စူးချင်းက
သူတို့ကို လျစ်လျူရှုပြီး ထွက်သွားလိုက်သည်။ သူမ ပြန်ရောက်လာချိန်တွင် သူမက
ဂျင်ဆင်းတစ်ဝက်ကို ထုတ်ကာ လူတိုင်းရှေ့တွင် အပိုင်းပိုင်း လှီးဖြတ်လိုက်ပြီး ရွာလူကြီးချိုး၏
ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် မည်သူမျှ အဘိုးအိုကို နေရာမရွှေ့ရန်
အမိန့်ပေးပြီး ဆေးဖော်ရန် ထွက်သွားတော့သည်။
ကျိရွှေရှန့်က
သူမကို ကူညီရန် ရောက်လာခဲ့သော်လည်း စူးချင်းက သူ့ကို ပြန်မောင်းထုတ်လိုက်သည်။
"သီးသန့် လျှို့ဝှက်ဆေးဖော်နည်း"
သီးသန့်လျှို့ဝှက်ဆေးဖော်နည်းဟူသော
စကားကြောင့် ကျိရွှေရှန့်က ခေါင်းညိတ်လိုက်ပြီး နောက်ပြန်ဆုတ်သွားသည်။
သူက စူးချင်းကို
ကူညီပေးသည့်အနေဖြင့် ဘယ်သူ့ကိုမှ သူမအနားသို့
သွားခွင့်မပေးတော့ပေ။
စူးချင်း၏ ဆေးဖော်ခြင်းက
ဟန်ဆောင်မှုတစ်ခုသာဖြစ်ပြီး ဆေးကို အမှန်တကယ် ပြုလုပ်သူမှာ ရှောင်ချီသာ ဖြစ်သည်။ သို့သော်
သူမက ဆေးပြုလုပ်သည့် အဆင့်တိုင်းကို သေသေချာချာ ကြည့်နေပြီး ရှောင်ချီ၏
ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှု တိုးတက်လာသည်ကို မြင်နေရကာ ကျေနပ်နေမိသည်။
ခဏအကြာ စူးချင်းက
ဆေးလုံနှစ်လုံးနှင့်အတူ မြောင်းအောက်ခြေသို့ ပြန်ရောက်လာပြီး ရွာလူကြီးချိုးကို ဆေးတိုက်ရန်
ပြင်လိုက်သည်။ လက်ရှိအချိန်တွင် ရွာလူကြီးချိုးက မျိုချနိုင်စွမ်းပင်
ဆုံးရှုံးနေပြီဖြစ်သောကြောင့် စူးချင်းက သူ့ပါးစပ်ကို ခပ်တည်တည် ဆွဲဖွင့်လိုက်ပြီး
ဆေးနှစ်လုံးကို လည်ချောင်းထဲ အထိထည့်ပေးပြီးမှ ရွာလူကြီးချိုးကို မျိုချစေခဲ့သည်။
ပတ်ဝန်းကျင်
တစ်ခုလုံး တိတ်ဆိတ်နေပြီး အားလုံးက ရွာလူကြီးချိုးကို
ထိတ်လန့်တကြား စိုက်ကြည့်နေကာ အံ့ဖွယ်ဖွယ်တစ်ခု ဖြစ်ပေါ်လာစေရန် မျှော်လင့်နေမိကြသည်။
ချိုးယွဲ့၏ဦးခေါင်းတွင်
မြက်ပင်များ ဖုံးလွှမ်းနေပြီး သူမ အလွန်အမင်း တုန်လှုပ်နေပုံရသည်။ စူးချင်းက သူမ၏စွမ်းအားကို
သက်သေပြလိုက်သောကြောင့် သူမ စူးချင်းကို ရန်စရန် သတ္တိ မရှိတော့ပေ။ သူမက သူမ၏အဘိုးကိုသာ
စိုးရိမ်တကြီး စိုက်ကြည့်နေသည်။
“အိုက်ယား…”
ရွာလူကြီးချိုးက သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်ပြီးမှ သူ့မျက်လုံးများကို
ဖွင့်လိုက်သည်။
ထောင်ဟွားဝူမှ လူများက
စူးချင်းကို မယုံနိုင်စွာ လှမ်းကြည့်နေကြပြီး သူတို့၏မျက်လုံးများတွင်
ရိုသေလေးစားမှုနှင့် ပြည့်နှက်နေသည်။
သူမက ရွာလူကြီးချိုးကို
ကယ်တင်ပေးခဲ့တယ်လေ။
"မိန်းခလေးစူးချင်း၊ နောင်မှာ မင်း ငါ့ရဲ့အကူအညီကို လိုအပ်လာရင် ငါ့အသက်ကို
ဆုံးရှုံးရရင်တောင် မင်းအတွက် ဘာမဆို လုပ်ပေးပါ့မယ်"
သူ့အဖိုး
ပြန်သက်သာလာသည်ကို မြင်လိုက်သောကြောင့် ချိုးယုံခန်းက စူးချင်းဘက်သို့ လှည့်ကာ လက်သီးအုပ်ပြီး အလေးအနက် ကတိပေးလိုက်သည်။
“ကောင်းပြီ၊
ဒီနေ့ ရှင် ပြောခဲ့တာကို မှတ်ထားပါ"
စူးချင်းက
အားနာပါးနာ ငြင်းဆန်ခြင်း မရှိဘဲ အေးတိအေးစက် ခေါင်းငြိမ့်ပြလိုက်သည်။ သူမ၏မျက်နှာက
ရေကန်ကဲ့သို့ ငြိမ်သက်နေပြီး ပျော်ရွှင်နေသည့် သို့မဟုတ် ဝမ်းနည်းနေသည့်
အရိပ်အယောင် မရှိဘဲ ငြိမ်သက်နေသည်။
ချိုးယွဲ့က စူးချင်းကို
ဒေါသတကြီးစိုက်ကြည့်လိုက်ပြန်သည်။
သူမရဲ့အစ်ကိုက
အရမ်းထူးချွန်တာကို ဒီမိန်းမအတွက် အစေခံတစ်ယောက်လို လုပ်ပေးရမှာလား?
ရွာလူကြီးချိုးက သူ့ကို
ထူမပေးရန် သူ့မြေးကို တောင်းဆိုလိုက်ပြီး သူက လက်သီးအုပ်ကာ စူးချင်းကို
ကျေးဇူးတင်လိုက်သည်။ "စူးချင်း၊ ငါ့ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်။ နောင်မှာ
မင်း လိုအပ်သရွေ့ ငါတို့ ချိုးမိသားစုကို
အသိပေးနိုင်ပါတယ်။ ငါတို့က ဒီစကားအတိုင်း
ထပ်တူဖြစ်စေရမယ်လို့ လေးလေးနက်နက် ကတိပေးပါတယ်”
စူးချင်းက သူမ၏
လက်သီးပေါ် လက်ဖဝါးအုပ်လိုက်ပြီး "အဖိုးက ယဥ်ကျေးလွန်းနေပါပြီ"
[ဂုဏ်ယူပါတယ်
Host.... သင့်ရဲ့ [ဆေးပညာ]က အဆင့် ၃ ကို ရောက်ရှိသွားပါပြီ။
သင်ရဲ့ ဝိညာဉ်စွမ်းအား၊ ကာယခွန်အားနဲ့ စစ်နတ်ဘုရားစွမ်းရည်တွေအားလုံးက အဆင့် ၁၅ ကို
ရောက်ရှိသွားပါပြီ။ အလုပ်ကို ကောင်းကောင်း ဆက်လုပ်ပါ။]
စူးချင်း၏နားထဲတွင်
စနစ်၏ ဂုဏ်ပြုသံ ထွက်ပေါ်လာသော်လည်း သူမ၏ အမူအရာက မပြောင်းလဲသွားပေ။ ထိုအဆင့်မြှင့်တင်မှုတစ်ခုအတွက်
သူမ၏ဂျင်ဆင်းတစ်ဝက်ကို စတေးခဲ့ရပြီး သူမအတွက် ကြီးမားသော ဆုံးရှုံးမှုကို
ခံစားခဲ့ရသည်။ အစပိုင်းတွင် သူမအတွက် သူမရောဂါကို ကုသရန် မျှော်လင့်ချက် ရှိနေပြီဖြစ်သော်လည်း
ယခုအခါ ၎င်းကို နောက်ဆုတ်ရတော့မည် ဖြစ်သည်။
စူးချင်းက ရှေးရွာလူကြီးချိုးကို
ကယ်တင်ပေးခဲ့သည်ကို တွေ့လိုက်ရသဖြင့် လူအုပ်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။
သူမက အံ့ဖွယ်သမားတော်ပဲ။
သေခါနီးလူကိုတောင် ကယ်တင်နိုင်တယ်။
“မိန်းခလေး၊
ငါ့မိန်းမကိုလည်း ကယ်ပေးပါဦး။ ငါ မင်းရဲ့ကျွန် လုပ်ပါ့မယ်"
တစ်စုံတစ်ယောက်က
မြောင်းဘေးတွင် ဒူးထောက်ကာ စူးချင်းကို တောင်းပန်လိုက်ပြီး စူးချင်းကို အသနားခံရန်အတွက်
သူနဖူးမှ သွေးများ ထွက်လာသည်အထိ ပြင်းပြင်း ထန်ထန် အရိုအသေပေးနေသည်။
ဤအပြုအမူကြောင့်
လူတိုင်း စိတ်လှုပ်ရှားသွားကြသော်လည်း စူးချင်းကတော့ ဘာအမူအရာမှ ထုတ်ဖော်ပြသခြင်း မရှိဘဲ
သူမက အေးစက်စက် ပြန်မေးလိုက်သည်။
"မင်းမှာ ဘာလဲလှယ်စရာရှိလို့လဲ?"
✍️✍️✍️