Chapter 36 ကယ်တင်ပေးခြင်း
Viewers 17k

အခန်း ၃၆ ကယ်တင်ပေးခြင်း

ထိုလူက အံ့အားသင့်သွားပြီး ခဏတာမျှ မင်သက်သွားသော်လည်း အလျင်အမြန် တုံ့ပြန်လိုက်သည်။ သူက သူ့ခန္ဓာကိုယ်အနှံ အလျင်အမြန် ရှာဖွေလိုက်ပြီး ငွေတစ်လျန်ကို ထုတ်ယူကာ စူးချင်းထံသို့ မဝံ့မရဲ လှမ်းပေးလိုက်သည်။

ဒါက ငါ့မှာ ရှိတာအကုန်ပါပဲ။ မလောက်ရင် ငါ မင်းရဲ့အစေခံ လုပ်ပေးနိုင်ပါတယ်။ မင်းက ငါ့မိန်းမနဲ့ကလေးကို ကယ်ပေးနိုင်သရွေ့ ငါ ဘာမဆို လုပ်ပေးပါ့မယ်”

စူးချင်းက ထို့လူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပိုက်ဆံကို လှမ်းယူလိုက်သည်။ ထိုလူက အလွန်ဝမ်းသာသွားပုံရသည်။

သူမက ပိုက်ဆံကို လက်ခံလိုက်ပြီဆိုမှတော့ သူ့မိန်းမနဲ့ ကလေးက ကယ်တင်ပေးတော့မှာပေါ့။

"သူ့(မ)ကို ကြည့်စမ်း! လူ ကယ်ဖို့ကိုတောင် ပိုက်ဆံတောင်းနေသေးတယ်!” ချိုးယွဲ့က ကျိရှောင်ယင်ကို ကြည့်လိုက်ပြီး စူးချင်းကို မော့ငေါ့ပြကာ ဒေါသတကြီး ပြောလိုက်သည်။

ကျိရှောင်ယင်က သူမကို နားမလည်နိုင်သည့်အမူအရာဖြင့် ပြန်ကြည့်နေပြီး  "အစ်မချိုးယွဲ့၊  အစ်မစူးချင်းက အစ်မနဲ့ အဘိုးချိုးကို ကယ်တင်ပေးခဲ့ပြီး အဖိုးတန်ဂျင်ဆင်းအတွက် ကြေးတစ်ပြားတောင် မတောင်းဘူးလေ၊ အစ်မက ဘာလို့ သူ့(မ)ကို ဒီလိုတွေ ပြောနေသေးတာလဲ?”

ကျိရှောင်ယင်၏ပြန်လည်ငြင်းဆန်မှုက ချိုးယွဲ့ကို စကားမပြောနိုင်ဖြစ်သွားစေသော်လည်း သူမ၏မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ပြည့်နှက်နေသေးသည်။ သို့သော်လည်း ကျိရှောင်ယင်က သူမကို ရွံရှာသွားမည်ကို သူမ ကြောက်နေသောကြောင့်  စကားဆက်မပြောရဲတော့ပေ။

စူးချင်းက ထိုယောက်ျား၏ဇနီးကို ကြည့်ပေးရန် လိုက်သွားခဲ့ပြီး လူနာက တုန်လှုပ်ချောက်ချားမှုလောက်အောင် ဝေဒနာခံစားနေရသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း တွေ့လိုက်ရသည်။ လူနာ၏ခန္ဓာကိုယ်အောက်ပိုင်းတွင် သွေးများ ဖုံးလွှမ်းနေပြီး သူမက အသက်ရှုမဝဖြစ်နေပြီ ဖြစ်ကာ စိုးရိမ်ရသော အခြေအနေတွင် ရှိနေခဲ့သည်။

"ရှောင်ချီ၊ ကုလို့ နိုင်သေးလား?" စူးချင်းက ရှောင်ချီကို မေးလိုက်ပြီး ရှောင်ချီက ကုသနိုင်ကြောင်း ပြန်တုံ့ပြန်လိုက်သော်လည်း သူမ ရှင်းပြနေသည်နှင့်အမျှ သူမ၏အသံက နာကျင်ခြင်းများဖြင့် ပြည့်နှက်လာသည်။ “ကုသလို့ ရပါတယ်၊ ဒါပေမယ့် မွေးဖွားလွယ်ဖို့ ဆေးလုံးတစ်လုံးနဲ့ သွေးအားဖြည့်ဆေးတစ်လုံးတော့ လိုပါတယ်။ သခင်ရဲ့ ဂျင်ဆင်းတစ်ဝက်ကတော့ သိမ်းထားလို့ မရနိုင်တော့ဘူး ထင်တယ်”

ကောင်းပြီလေ”

စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး ထိုလူ့ကို ကြည့်ကာ “ဂျင်ဆင်းလိုတယ်၊ ရှင့်မှာ ရှိလား?"

ထိုလူက ကမန်းကတန်း ခေါင်းညိတ်လိုက်ပြီး “ငါ့မှာ ဂျင်ဆင်းရှိပါတယ်။ ငါတို့ ထွက်မပြေးခင်က တောင်ပေါ်ကနေ တူးထားတာပါ"

အမေ၊ ဂျင်ဆင်းကို ထုတ်ပေးပါဦး” ထိုယောက်ျားက သူ့အမေကို လှမ်းအော်လိုက်ပြီး အဘွားကြီးတစ်ယောက်က တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ထရပ်ကာ သူမ၏လက်မောင်းတွင် ပွေ့ထားသော အထည်အိတ်ထဲမှ ဂျင်ဆင်းကို ထုတ်ယူကာ စူးချင်းထံသို့ မကျေမနပ် လှမ်းပေးလိုက်သည်။

ဒီမှာပါ” အဘွားကြီးက ပြောလိုက်သည်။

စူးချင်း လှမ်းကြည့်လိုက်ရာ ထိုဂျင်ဆင်းက သူမတွင်ရှိနေသော တစ်ခုနှင့်တော့ မယှဉ်နိုင်ပေ။ သူမ ရှာတွေ့ခဲ့သော ဂျင်ဆင်းက အနည်းဆုံး နှစ်ပေါင်း ၃၀၀ သက်တမ်းရှိနေပြီး လူပုံသဏ္ဍာန်လေးပင် ယောင်ဝါးဝါး ပေါ်နေပြီ ဖြစ်သည်။ သူမ ရှေ့မှတစ်ခုက ဆယ်စုနှစ်အနည်းငယ်သာရှိသေးပြီး ဆေးဖော်ရာတွင်တော့ အသုံးပြုနိုင်သေးသည်။

စူးချင်းက ဂျင်ဆင်းကို ယူကာ ဆေးဖော်ရန် လှည့်ထွက်သွားသည်။ ထိုယောက်ျားက သူ့မိန်းမကိုသာ တင်းတင်းကြပ်ကြပ် ဖက်ထားပြီး ဂျင်ဆင်းအတွက် စိတ်ထဲ မထားတော့ပေ။

လူတစ်​​ယောက်​လုံး ဆုံးပါးသွားရင်​ ​ငွေနဲ့ ပစ္စည်းတွေက ဘာနေရာမှာ အသုံးဝင်တော့မှာလဲ?

စူးချင်းက သူမတွင် ရှိနေသည့် ဂျင်ဆင်းတစ်ဝက်ကို မသုံးဘဲ အဘွားကြီးပေးသော ဂျင်စင်းတစ်ခုလုံးကို သုံးရန် စနစ်ကို အမိန့်ပေးလိုက်သည်။ ဆေး၏အကျိုးသက်ရောက်မှုက သာမာန်သာဖြစ်သော်လည်း ကလေးမွေးဖွားရန် ခက်ခဲနေသည့် အမျိုးသမီးတစ်ဦးတော့ လုံလောက်နေပြီ ဖြစ်သည်။

မကြာခင်မှာပင် စူးချင်းက ကိုယ်ဝန်ဆောင်အမျိုးသမီး၏အနားသို့ ပြန်ရောက်လာပြီး လူတိုင်းရှေ့တွင် သူမကို ဆေးတိုက်လိုက်သည်။ ထိုအမျိုးသမီး၏မျက်လုံးများက အရောင်တောက်လာပြီး စီးဆင်းနေသောသွေးများက ချက်ချင်း ရပ်တန့်သွားသည်။

ယောက်ျားတွေ အားလုံး ထွက်သွားကြတော့။ မိန်းမတွေက၊ သူ‌(မ)ကို ဝိုင်းထားဖို့ ကူပေးကြဦး” စူးချင်က အေးစက်စွာ အမိန့်ပေးလိုက်သည်။ သူမ၏အသံက ကျယ်လောင်ခြင်း မရှိသော်လည်း မငြင်းဆန်နိုင်သော စွမ်းအားတစ်ခုကို သယ်ဆောင်လာသည်။ ယောက်ျားလေးများက အမြန်ထွက်သွားကြပြီး မိန်းခလေးများက ခပ်မြန်မြန် ရောက်လာကာ အပြင်လူများ၏မြင်ကွင်းကို ပိတ်ဆို့ရန် ကိုယ်ဝန်ဆောင်အမျိုးသမီးကို စက်ဝိုင်းပုံသဏ္ဍန် ဝိုင်းရံထားလိုက်ကြသည်။

တစ်ရှီးချန်၏လေးပုံတစ်ပုံ အတွင်းမှာပင် ကလေးတစ်ယောက်၏ ပြင်းထန်သော အော်ဟစ်သံကို ကြားရပြီး ထောင်ဟွားဝူမှ လူများပင် အလွန်စိတ်လှုပ်ရှားနေကြသည်။ အခြားသူများကတော့ ဆူပွက်နေပြီ ဖြစ်သည်။

"ကိုယ်ဝန်သည်က အသက် ပြန်ရှင်သွားပြီ! သူ(မ)က နတ်ဘုရားမပဲ!”

အံ့ဖွယ်သမားတော်ပဲ.... သူ(မ)က တကယ်ကို မြင့်မြတ်တဲ့ အံ့ဖွယ်သမားတော်ပဲ!"

စူးချင်းက ကလေးကို အဘွားကြီးလက်ထဲသို့ အပ်လိုက်ပြီး သူမ၏နှလုံးသားထဲတွင်လည်း ထူးဆန်းသည့် ခံစားချက်တစ်ခု ရှိနေခဲ့သည်။ ငိုရှိုက်နေသော ကလေးငယ်လေးကို ကြည့်နေရင်း စူးချင်း၏နှုတ်ခမ်းထောင့်များက ကော့တက်သွားသည်။

ဒါက သူမကိုယ်တိုင် သူမလက်နဲ့ ကယ်တင်မွေးဖွားပေးခဲ့တဲ့ သက်ရှိဘဝငယ်လေးတစ်ခုလေ.....

မီးဖွားပြီးသည့်တိုင်အောင် ထိုအမျိုးသမီးက အားနည်းနေသည့် လက္ခဏာ မပြတော့ပေ။ သူမက အားစိုက်ထုတ်စရာမလိုဘဲ ထထိုင်နေပြီး လွန်ခဲ့‌သောအခိုက်အတန့်က သေဆုံးလုနီးပါး ဖြစ်နေသော ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် လုံးဝခြားနားနေပြီ ဖြစ်သည်။ သူမ၏မျက်နှာကလည်း နီမြန်းနေပြီး  သွေးထွက်လွန်နေသူတစ်ဦးနှင့် မတူတော့ပေ။

စူးချင်းက သူမ ပြန်မထွက်ခွာမီတွင်  အမျိုးသားထံသို့ ပတ်တီးတစ်ခု ပစ်ပေးလိုက်ပြီး အမိန့်ပေးလိုက်သော်လည်း သူမမျက်နှာက အေးစက်နေဆဲပင်။

“ဒဏ်ရာကို စည်းထားလိုက်”

ထိုလူက လေးလေးနက်နက် ကျေးဇူးတင်နေပြီး စူးချင်း၏နောက်ကျောကို ကြည့်ကာ ဦးညွှတ်နေတော့သည်။ စူးချင်း သူ့မျက်စိရှေ့မှ ကွယ်ပျောက်သွားပြီးနောက် သူက သူ့ဇနီးနှင့်ကလေးကို ပြုစုစောင့်ရှောက်ရန် ပြန်သွားတော့သည်။

စူးချင်းက တိုးတက်မှုကို စစ်ဆေးကြည့်လိုက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးကို ကယ်တင်ပေးပြီးနောက် သူမ၏ ဆေးပညာနှင့် ကုသိုလ်ကံက အဆင့်သေးလေးနေရာအထိ တိုးလာခဲ့သည်။ အဆင့်သေး ဆယ်နေရာအထိ တိုးလာလျှင် သူမ နောက်ထပ်အဆင့်တစ်ဆင့် မြှင့်တင်နိုင်တော့မည် ဖြစ်သည်။

ဒီတခေါက် လူတွေကို ကယ်တင်လို့ ရလာတဲ့ တိုးတက်မှုက သူမကို အရမ်းကျေနပ်စေတယ်။

စူးချင်း လူကယ်နေသည်ကို မြင်နေရသော  တစ်စုံတစ်ယောက်၏မျက်လုံးများတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ တဖျပ်ဖျပ် တောက်ပလာပြီး သူက သူ့မျက်လုံးများကိုပင် ပွတ်သပ်ကာ စူးစိုက်ကြည့်နေသေးသည်။ ထို့နောက် သူက စူးချင်းနောက်သို့ လိုက်သွားပြီး သူမက ထောင်ဟွားဝူမှ လူများဆီသို့ သွားနေသည်ကို လှမ်းမြင်လိုက်ရသည်။

ထိုယောက်ျားက တစ်ယောက်ယောက်ကို ရှာနေပုံဖြင့် ထောင်ဟွားဝူမှ ရွာသားများကြားတွင် ရှာဖွေနေခဲ့သည်။

စူးချင်းက ဝေဒနာကြောင့် ခက်ခက်ခဲခဲ ရုန်းကန်နေရသော အမျိုးသမီးကို ကယ်တင်ပေးနေသည့်အချိန်တွင် ချိုးမိသားစုဝင်များက လမ်းဘေးတွင် စုနေကာ ရွာလူကြီးချိုးကို ပြုစုပေးနေကြသည်။ သူ့၏အဝတ်အစားပေါ်တွင် သွေးများ စွန်းထင်းနေသေးသော်လည်း သူ့မျက်နှာမှာ သိသိသာသာ ပြန်ကောင်းလာပြီ ဖြစ်သည်။ သူက ဒဏ်ရာပြင်းပြင်းထန်ထန် မရခင်ကထက်ပင် အခြေအနေ ပိုကောင်းနေပြီး သူက ယခင်ကထက် အသက်ကောင်းကောင်း ရှုနိုင်လာကာ စကားပြောရန် ခွန်အားပိုရှိလာသည်။

"ယုံခန်း၊ ဂျင်ဆင်းတစ်ခုလောက် ရှာဖွေပြီး စူးချင်းကို ပြန်ပေးလိုက်ပါ" ရွာလူကြီးချိုးက သူ့မြေးကို အမိန့်ပေးလိုက်သည်။

သူက သူ့အသက်ကို ကယ်တင်ခဲ့တဲ့ မိန်းမငယ်လေးကို ဒီလောက် အဖိုးတန်တဲ့ ဂျင်ဆင်းကို ဆုံးရှုံးစေမှာ မဟုတ်ပါဘူး။

"ကျွန်တော် နားလည်ပါတယ်" ချိုးယုံခန်းက သဘောတူသည်။ သူ့ထံတွင် အကြီးအကဲချိုးနှင့် တူညီသော အတွေးရှိနေပြီးသားဖြစ်သော်လည်း သူ့ကံကို စမ်းသပ်ကြည့်ရန် လိုအပ်နေသေးသည်။ ဂျင်ဆင်းက ကံတရားကြောင့်သာ ရှာတွေ့နိုင်သော ရှားပါးရတနာဖြစ်သည်။

ရွာလူကြီးချိုး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားသောကြောင့် ထောင်ဟွားဝူမှ လူများက သူ့ကို ကြည့်ရန် အပြေးအလွှားသွားကြပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင်  အခြားဒုက္ခသည်များက မြင်းနှစ်ကောင်ကို ဆွဲလုပြီး ထွက်ပြေးသွားကြသည်။

လီတာ့နျိုနှင့် ကျန်းလောင်ချီတို့က သူတို့နောက်မှ ပြေးလိုက်သွားသော်လည်း ထိုဒုက္ခသည်က မြင်းကို နှင်တံဖြင့် အပြင်းအထန်ရိုက်ပြီး တောင်ပေါ်သို့ ပြေးတက်သွားတော့သည်။ လီတာ့နျိုနှင့် ကျန်းလောင်ချီတို့ထံတွင် ခြေနှစ်ချောင်းသာရှိပြီး ခြေလေးချောင်းကို အမှီမလိုက်နိုင်ပေ။ အခြားသူက မြင်းနှင့်မြင်းပေါ်ရှိပစ္စည်းများကို လုယူသွားသည့်တိုင် သူတို့က နောက်ကနေသာ ကြည့်နေနိုင်ကြတော့သည်။

ကျိရွှေရှန့်က လှည်းတွင် ချည်ထားတဲ့မြင်းကို ကြိုးဖြည်လိုက်ပြီး မြင်းပေါ်သို့ ခုန်တက်ကာ တောင်များဆီသို့ လိုက်ပါသွားခဲ့သည်။

အခြားသော ဒုက္ခသည်အချို့ကလည်း လုယူရန် စိတ်အားထက်သန်နေသေးသည်။ သို့သော်လည်း ချိုးယုံခန်းက ပစ္စည်းများကို စောင့်ကြပ်ရန် လူများကို အလျင်အမြန် ပြန်စုစည်းလိုက်ပြီး သူတို့အားလုံးတွင် ခက်ရင်းခွများနှင့် ပေါက်တူးများ ကိုင်ဆောင်ထားသည်ကို မြင်လိုက်ရသဖြင့် အခြားဒုက္ခသည်များက ချဉ်းကပ်ရန် မဝံ့ရဲကြတော့ပေ။

ကျိရှောင်ယင်က သဘာဝဘေးဒဏ်ခံရသူများဆီမှ ကြောက်ရွံစရာကောင်းမှုကို မြင်တွေ့လိုက်ရပြီး သူမ၏အစ်ကိုကြီး ပြောခဲ့သည့်စကားကို သူမ နားလည်လာသည်။ ငတ်မွတ်မှုက လူများကို ရူးသွပ်သွားစေပြီး အများအားဖြင့် ဖုံးကွယ်ထားသော မကောင်းဆိုးဝါးစရိုက်များ ထွက်ပေါ်လာတော့သည်။

နောက်ဆုံးတော့ သူတို့က ဘာမဆို လုပ်နိုင်ကြပြီး သတ်ဖြတ်ပြီး လုရက်ဖို့တောင် ဝန်လေးနေတော့မှာ မဟုတ်ဘူး။

မိန်းခလေးတွေက အလယ်ကနေ လျှောက်ကြ။ တစ်ယောက်တည်း မနေကြနဲ့။ မိသားစုထဲက ယောက်ျားလေးတွေက အားလုံးကို စောင့်ကြည့်ပေးကြ”

ရွာလူကြီးချိုးက သူ့၏ဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့ပြီး လူတိုင်းကို သတိပေးရန် ခွန်အားရှိနေပြီ ဖြစ်သည်။ သူတို့ ထွက်ပြေးကြစဥ်က မှတ်ဥာဏ်များက သူ့အတွေးထဲတွင် လတ်ဆတ်နေသေးသည်။ အငတ်ဘေးဒဏ်ခံရသူများကြားတွင် လူကုန်ကူးသူများ ပုန်းအောင်းနေတက်ပြီး အခွင့်အရေးရလျှင် မိန်းကလေးများကို ဖမ်းဆီးခေါ်ဆောင်သွားလေ့ရှိသည်။

ဖမ်းဆီးခံရခြင်း၏ အကောင်းဆုံးသော အခွင့်အလမ်းမှာ ထိုလူယုတ်မာများက မိန်းခလေးများကို ကိုယ်လုပ်တော်များအဖြစ် ရောင်းစားခြင်းပင် ဖြစ်သည်။ ချမ်းသာသောမိသားစုများမှ ရွေးချယ်ခြင်း မခံရသူများကို ပြည့်တန်ဆာအိမ်များသို့ ပို့ဆောင်မည်ဖြစ်သည်။ ထိုနေရာများသို့ ဖမ်းဆီးခေါ်ဆောင်သွားခံရသော အပြစ်မဲ့မိန်းကလေးများက သေဆုံးခြင်း သို့မဟုတ် အဆုံးမရှိသော ငရဲတွင် ပိတ်မိနေခြင်းကိုသာ ရင်ဆိုင်ရမည် ဖြစ်သည်။ သူမတို့အတွက် ကောင်းသော အဆုံးသတ်ဟူ၍ မရှိပေ။

ရွာလူကြီးချိုး၏သတိပေးချက်ကို ကြားရပြီးနောက်၊ မိန်းမပျိုလေးများရှိသော မိသားစုများအားလုံး တုန်လှုပ်သွားကြသည်။ ချိုးယွဲ့က ပို၍ပင် ကြောက်ရွံနေပြီး အပြင်မထွက်ရဲဘဲ လှည်းထဲတွင်သာ ထိုင်နေတော့သည်။

ဒုက္ခသည်များက မြင်းများ လုယူသွားသည်ကို မြင်ရပြီးနောက် အခြားမိန်းကလေးငယ်များလည်း ကြောက်ရွံ့နေကြသည်။ သူမတို့က အုပ်စုအလယ်တွင် နာခံမှုရှိစွာ စုရုံးနေကြပြီး ထောင်ဟွားဝူမှ အမျိုးသားများက သူမတို့ကို ကာကွယ်ပေးရန် အစွန်အဖျားသို့ သွားနေကြသည်။

စူးချင်း ပြန်ရောက်လာချိန်တွင် ထောင်ဟွားဝူမှ လူများက အနင်းခံလိုက်ရသော ပစ္စည်းများကို ပြန်လည်ထုပ်ပိုးထားပြီး ဖြစ်သည်။ သူတို့က ခရီးဆက်ရန် သူမနှင့် ကျိရွှေရှန့် ပြန်လာသည်ကို စောင့်ဆိုင်းနေကြခြင်းပင်။

စူးချင်း ပြန်လာသည်ကို မြင်လိုက်သည်နှင့် ကျိရှောင်ယင်က စူးချင်း၏လက်ကို ကိုင်ပြီး ရင်ခုန်စရာကောင်းသော မြင်ကွင်းကို ပြန်ပြောပြနေသည်။

အစ်မ၊ ကျွန်မတို့ မြင်းတွေ အခိုးခံ လိုက်ရလို့ အစ်ကိုကြီးက နောက်ကနေ လိုက်သွားတယ်”

"မြင်းတွေကို လုယူသွားတာလား?"

စူးချင်းက သူမပတ်ဝန်းကျင်တွင် စုဝေးနေသော အငတ်ဘေးဒဏ်ခံရသူများကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။  

လူ တစ်ထောင် မဟုတ်ရင် အနည်းဆုံး ရှစ်ရာလောက်‌တော့ ရှိတယ်။ တစ်ဖွဲ့ဖွဲ့က လုရက်မှု စတင်လိုက်တာနဲ့ တခြားသူတွေလည်း လိုက်လုပ်ကြလိမ့်မယ်။

"အစ်ကိုကြီး သူတို့နောက်ကို လိုက်သွားပေမယ့် ဖမ်းနိုင်ပါ့မလားတော့ မသိဘူး"

ကျိရှောင်ယင်၏ မျက်နှာက ထိတ်လန့်မှုကြောင့် ဖြူဖျော့နေသည်။ သူမ၏ပတ်ဝန်းကျင်၌ သူမ၏အစ်ကို ရှိမနေလျှင် သူမ မလုံခြုံသလို ခံစားရသည်။ ကံကောင်းစွာဖြင့် အစ်မစူးချင်း ပြန်ရောက်လာပြီး သူမအနားတွင် ရှိနေသောကြောင့် ကျိရှောင်ယင်က မကြောက်တော့ပေ။

ထိုအခိုက်အတန့်တွင် စူးချင်းကို စောင့်ကြည့်နေသူတစ်ဦးက ထောင်ဟွားဝူမှအဖွဲ့သို့ တိတ်တဆိတ် ချဉ်းကပ်လာသည်။ သူ့နောက်တွင် လူနှစ်ယောက်ရှိနေပြီး သူတို့နှစ်ဦးစလုံးက ရှည်လျားသော ဝတ်ရုံရှည်များကို ၀တ်ဆင်ထားပြီး ဆံပင်ကို ဖဲကြိုးဖြင့် ချည်နှောင်ထားသည်။ သူတို့က ပညာတတ်များနှင့် တူနေသော်လည်း သူတို့၏မျက်လုံးများက မကောင်းဆိုးဝါးများနှင့်တူနေပြီး လူကောင်းများနှင့် လုံးဝ မတူပေ။

✍️✍️✍️