အခန်း ၃၇ အသိအကျွမ်း
"မင်း ဘာလုပ်နေတာလဲ?"
ချိုးယုံခန်းက
သူတို့သုံးယောက် ခိုးကြောင်ခိုးဝှက် ပြုမူနေသည်ကို သတိပြုမိသွားပြီး
မေးခွန်းများမေးရန် ခရင်းခွတစ်ချောင်းဖြင့် လျှောက်သွားလိုက်သည်။ လီတာ့နျိုနှင့် ကျန်းလောင်ချီတို့က
သူ့နောက်မှ အနီးကပ် လိုက်ပါသွားပြီး ထိုလူသုံးဦးကို မျက်ခြေမပျက် စိုက်ကြည့်နေကြသည်။
“မင်းတို့က
ခိုးကြောင်ခိုးဝှက် လုပ်နေရအောင် လူကောင်းတွေ မဟုတ်ဘူးလား? တစ်ခုခုခိုးဖို့ ကြိုးစားနေတာလား?"
လီတာ့နျို၏
တည်ကြည်သော အကြည့်က ထိုအမျိုးသား၏နောက်မှ လူနှစ်ယောက်ကို အလွန်ကြောက်လန့်သွားစေပြီး
ရှေ့မှလူ၏နောက်တွင် ဝင်ပုန်းလိုက်ကြသည်။
ရှေ့မှလူက
အသက်နှစ်ဆယ်ကျော်ခန့်သာ ရှိပုံရပြီး သူ့၏လျော့ရဲနေသော မျက်ခုံးအောက်တွင် တြိဂံပုံမျက်လုံးနှစ်လုံးရှိနေသည်။
သူ့မျက်နှာက ဖြူဖျော့နေပြီး သူ့အဝတ်အစားများက ပိုးမွှားများ ဆွဲကပ်နေပုံရကာ သူ့ခြေထောက်ရှိဖိနပ်က
ခြေဖဝါးနှင့် မြေကြီး ပွတ်တိုက်လုနီးပါး အပေါက်တစ်ပေါက် ရှိနေသည်။
သူက ခါးပတ်ကြိုးပြားပါသော
မီးခိုးရောင် ၀တ်ရုံရှည်ကို ဝတ်ဆင်ထားသော်လည်း ချမ်းသာပုံ မပေါ်ပေ။
သူ့သူငယ်ချင်းဖြစ်ပုံရသော
နှစ်ယောက်က သူ့ကို ရှေ့သို့ တွန်းထုတ်လိုက်ပြီး ထိုလူက တံတွေးကို မျိုချကာ လူအုပ်၏နောက်တွင်
ရှိနေသော စူးချင်းကို လက်ညှိုးထိုးပြရင်း လီတာ့နျိုကို လှမ်းပြောလိုက်သည်။ “ငါတို့
တစ်စုံတစ်ယောက်ကို ရှာနေတာပါ”
"တစ်စုံတစ်ယောက်ကို ရှာနေတာလား? မင်းတို့က ဘယ်သူ့ကို ရှာနေတာလဲ?"
လီတာ့နျိုက
ထိုယောက်ျား လက်ညှိုးညွှန်သည့်အတိုင်း လိုက်ကာ ထောင်ဟွားဝူမှ
အမျိုးသမီးများအားလုံးရှိရာသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက်တွင်မူ သူ့မျက်လုံးများက
ချက်ချင်း ပြူးကျယ်လာသည်။
“သူတို့အားလုံးက
ငါတို့ရွာက မိန်းခလေးတွေပဲ။ သူတို့က အပြင်က ယောက်ျားတွေကို မသိဘူး။ မင်းက လာလိမ်နေတာပဲ"
လီတာ့နျိုက ဒေါသထွက်သွားတော့သည်။
ဒီလူက အစကတည်းက
လူကောင်းပုံပေါက်တာကို အခုတော့ လူလိမ်ဆိုတာ သေချာနေပြီ။
အဲ့တော့ သူက
ဘာကြောင့် ယဉ်ကျေးနေရမှာလဲ?
သူက ထိုလူကို လက်သီးဖြင့်
လှမ်းထိုးလိုက်ပြီး တစ်ချက်တည်းဖြင့် နှာခေါင်းနှင့်ပါးစပ်မှ သွေးများ ထွက်ကျလာအောင်
အားသုံးလိုက်သည်။
“အား၊
သူတို့က ငါ့ကို သတ်နေကြပြီ။ မရီးရေ.... ငါ့ကို ကယ်ပါဦး။ မရီး၊ ငါက ပေါင်ကျူးပါ
ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါ!”
လျိုပေါင်ကျူးက သူ့နှာခေါင်းကို
လက်ဖြင့် အုပ်ထားပြီး စူးချင်းကို အော်ခေါ်နေသည်။ သူမက သူ့ကို မမြင်မည်ကို စိုးရိမ်သောကြောင့်
ခုန်ပေါက်ကာ သူ့လက်ကို ဝှေ့ယမ်းပြနေသေးသည်။
စူးချင်း၏အော်သံကြောင့်
လှည့်ကြည့်လိုက်ပြီး ဟိုကြည့်ဒီကြည့် ကြည့်လိုက်ပြီးနောက် မူလခန္ဓာပိုင်ရှင်၏မှတ်ဥဏ်များ
ပေါ်လာသည်။ သူမရှေ့မှ ယောက်ျားက
မူလပိုင်ရှင်၏မတ် ဖြစ်ပြီး သူက ပညာသင်ကာ စာအုပ်များစွာ ဖတ်ဖူးသော်လည်း
ညစ်ပတ်သောအကျင့်ကို ပြုကျင့်တက်သော ကြောင်သူတော်တစ်ဦးဖြစ်သည်။ အပေါ်ယံတွင်မူ သူက
မူလပိုင်ရှင်ကို အလွန်ရိုသေပုံရသော်လည်း မည်သူမျှ မရှိသည့်အချိန်တွင် သူ၏ဆိုးသွမ်းသောမျက်နှာကို
ထုတ်ဖော်ပြသလိမ့်မည် ဖြစ်သည်။ သူက သူ့မရီးကို ထိပါးရန် အကြိမ်ကြိမ်
ကြိုးစားခဲ့ပြီး လူ မိသွားလျှင် မူလပိုင်ရှင်က သူ့ကို အရင်သွေးဆောင်သည်ဟု ဖြေရှင်းတက်သည်။
စူးချင်းက သူမ၏
မျက်ခုံးများကို ပင့်တင်လိုက်ပြီး သူမ၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု
တောက်ပလာသည်။
သူမက သူ့ကိုတောင်
သွားမရှာရသေးဘူး၊ သူက အခု ဒီမှာ ရှိနေပြီ။
သူမ
ဖြတ်လျှောက်လာပြီး ချိုးယုံခန်းက သူမကို လှည့်ကြည့်လိုက်သည်။
ဒီသိမ်ဖျင်းတဲ့
ရုပ်ရည်ရှိတဲ့လူက စူးချင်းကို မရီးလို့ခေါ်နေတာလား? သူမက အိမ်ထောင်ရှိနေတာလား?
စူးချင်းက
လျှောက်လာသည်ကို မြင်လိုက်သည်နှင့် လျိုပေါင်ကျူးက သူ့နှာခေါင်းမှ သွေးများကို
သုတ်လိုက်ပြီး လီတာ့နျိုကို ပြန်အော်လိုက်သည်။ "မင်း ခုန ငါ့ကို ရိုက်တယ်။
မင်း ငါ့ကို လျော်ကြေးပေးရမယ်။ မဟုတ်ရင် ငါ မင်းကို တရားစွဲမယ်။ ငါက
အဆင့်အတန်းရှိတဲ့ စာသင်သားတစ်ယောက်ပဲ"
လီတာ့နျိုက စူးချင်းကို
မျက်နှာပေးသည့်အနေဖြင့် ထိုကောင်လေးကို ထပ်မံ မရိုက်နှက်တော့ပေ။ သို့သော်လည်း သူက တော်တော်လေး
ဒေါသထွက်နေပြီး လက်သီး ဆုပ်ကာ လျိုပေါင်ကျူးကို စိုက်ကြည့်နေသည်။
စူးချင်းက သူ့ကို
မသိဘူးလို့ ပြောမှာကို သူ စောင့်နေတာလေ၊ ပြီးရင်တော့ ဒီကောင့်ကို ကောင်းကောင်းလေး
ရိုက်နှက်ပေးရမယ်။
"ရှင်တို့ စိတ်ပူစရာ မလိုဘူး၊ ကျွန်မ သူနဲ့ စကားပြောလိုက်မယ်"
စူးချင်းက သူမ၏ကိုယ်ပိုင်ကိစ္စများတွင်
အခြားသူများ ၀င်ရောက်စွက်ဖက်ခြင်းကို ဘယ်သောအခါမှ ခွင့်ပြုမည်မဟုတ်ပေ။ သူမက လျိုပေါင်ကျူးကို
တစ်ချက်ကြည့်လိုက်ပြီး တောစပ်ဆီသို့ လျှောက်သွားလိုက်သည်။
သူမ တောထဲသို့ ဝင်သွားသည်ကို
မြင်လိုက်ချိန်တွင် လျိုပေါင်ကျူး၏မျက်လုံးများက တောက်ပလာသည်။ သူက သူ့သူငယ်ချင်းနှစ်ယောက်ကို
အပြင်မှာ စောင့်ခိုင်းလိုက်သည်။
“ငါ့မရီးက
ငါတို့မိသားစုရဲ့ကိစ္စတွေကို ပြောချင်နေပုံပဲ။ မင်းတို့ ငါ့ကို ဒီမှာ စောင့်နေလိုက်ဦး"
နှစ်ယောက်သား တယောက်ပြီး
တယောက် တောထဲသို့ ဝင်သွားသည်ကို ကြည့်နေရင်း ချိုးယွဲ့၏ မျက်လုံးများက
စိတ်လှုပ်ရှားမှုအရိပ်အယောင်အပြည့်ဖြင့် တစ်လက်လက် တောက်ပလာသည်။
စူးချင်းရဲ့မိသားစုက
သူမကို ရှာဖို့ ရောက်လာပြီဆိုတော့ သူမက ထောင်ဟွားဝူအဖွဲ့ကနေ ထွက်ခွာရတော့မယ်လို့ ဆိုလိုနေတာမဟုတ်ဘူးလား?
သူမက စူးချင်း ထွက်ခွာသွားမည့်အချိန်ကို
စောင့်မျှော်နေမိသည်။
ရက်အနည်းငယ်အတွင်းမှာ
စူးချင်းက ထောင်ဟွားဝူကလူတွေရဲ့စိတ်ကို ဖမ်းစားသွားခဲ့တယ်။ အစ်ကိုရွှေရှန့်တောင်မှ
သူမကြောင့် မသိစိတ်ကနေ စွဲဆောင်ခံလိုက်ရပြီး သူမနဲ့ တတွဲတွဲ ဖြစ်နေပြီ။
စူးချင်းက တောအုပ်ထဲသို့
လျှောက်ဝင်သွားပြီး လျိုပေါင်ကျူးက သူမနောက်သို့ လိုက်လာသည်ကို သိနေသော်လည်း သူမက
လုံးဝ မရပ်တန့်ပေ။ လျိုပေါင်ကျူးက အနောက်မှ လှမ်းအော်လိုက်သည်။ “မရီး၊ မင်းက
ဘာလို့ တစ်ယောက်တည်း ရှိနေရတာလဲ? ငါ့အစ်ကိုနဲ့ ငါ့အမေ ဘယ်မှာလဲ? သူတို့ မင်းနဲ့အတူ
လိုက်မလာဘူးလား?"
လျိုပေါင်ကျူးက စူးချင်း၏လှပသော
ကျောပြင်ကို ကြည့်နေပြီး သူ့နှလုံးသားထဲတွင် သည်းမခံနိုင်သော ယားယံမှုတစ်ခုကို
ခံစားနေရသည်။ သူက သူ့နှာခေါင်းမှ သွေးများကို သူ့အင်္ကျီလက်ဖြင့် သုတ်လိုက်ပြီး
နူးညံ့ပြီး ကြော့ရှင်းသည့် အမျိုးသားတစ်ယောက်ကဲ့သို့ ဟန်ဆောင်လိုက်သည်။
အဲဒီလူတွေထဲမှာ သူ့အမေနဲ့အစ်ကိုက
မရှိနေတာကို သူ မြင်လိုက်ရတယ်။ အဲ့တော့ စူးချင်းက ထွက်ပြေးလာတာဖြစ်နိုင်တယ်။
အကိုကြီးနဲ့ အမေ
အနားမှာ မရှိသရွေ့တော့ သူ... သူမကို.....
ထိုကဲ့သို့
ဆိုးရွားသော အတွေးကို တွေးလိုက်ပြီးနောက် လျိုပေါင်ကျူးက ပတ်ဝန်းကျင်ကို
လှည့်ပတ်ကြည့်ရှုလိုက်ပြီး သူ့ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိကြောင်း သေချာစေပြီးမှ
ရွံမုန်းစရာကောင်းသော အပြုံးကို ထုတ်ဖော်ပြသလိုက်သည်။
“မရီး၊
မင်း ငါ့အပေါ်မှာ ခံစားချက်တွေ ရှိနေတာကို ငါ သိပါတယ်။ ငါလည်း မင်းကို ကြိုက်နေတာ ကြာပါပြီ။
ငါ့အစ်ကိုက လူညံ့လူဖျင်းဖြစ်ပြီး အချစ်ကို မသိပေမယ့် ငါက သူ့ထက် အများကြီး သာပါတယ်။
သူတို့က ငါတို့နောက်ကို မလိုက်နိုင်တော့ဘူးဆိုတော့ ငါတို့လိုချင်တာကို ရပြီပေါ့။
မင်းရှိနေတဲ့ ဒုက္ခသည်အဖွဲ့က တော်တော်လေး အဆင်ပြေပုံရတယ်။ ငါကို မင်းလူလို့
ပြောပြပြီး သူတို့နဲ့အတူ ခေါ်သွားခိုင်းပေးပါလား?”
စူးချင်း ရပ်တန့်သွားသည်ကို
မြင်သောအခါ လျိုပေါင်ကျူးက အသည်းအသန် ပြုံးပြနေရင်း သူမဆီသို့ လျှောက်သွားလိုက်သည်။
လမ်းလျှောက်နေရင်းတွင် သူက စူးချင်းကို သိမ်းသွင်းနေပြီး ထောင်ဟွားဝူမှ ဒုက္ခသည်အဖွဲ့နောက်သို့
လိုက်နိုင်ရန် ကြိုးစားနေသေးသည်။
အငတ်ဘေးကနေ
ထွက်ပြေးလာပြီးတဲ့နောက်မှာ ဒီနှစ်ရက်အတောအတွင်းက တော်တော် ခက်ခဲနေပြီ။
အစာရေစာမရှိပဲ ငတ်သေလုနီးပါး ဖြစ်နေပြီလေ။
စူးချင်းက ငြိမ်နေသည်ကို
မြင်နေရသောကြောင့် သူက အပြုံးဖြင့် "မရီး မင်းမှာ စားစရာရှိသေးလား? ငါ မင်းကို
မတွေ့ရတဲ့ အတောအတွင်းမှာ မင်းက လူတွေကို လှည့်စားဖို့တောင် သင်ယူပြီးနေပြီလား? ဘာတဲ့
နတ်ဆေးသမားတော်တဲ့လား? ဟား ဟား၊ မင်း ဘယ်သူဆီက ဆေးပညာ လေ့လာခဲ့တာလဲ? အဲဒီငွေတစ်လျန်ရော
ဘယ်မှာလဲ? ငါ့ကို ပေးထားပါလား?”
စူးချင်းက
ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်ပြီး သူမဘေးနားရှိ မိုးမခပင်မှ အကိုင်းအခက်တစ်ခုကို
ဆွဲချလိုက်သည်။ သူမက သူမအနားသို့ ချဉ်းကပ်လာသော လျိုပေါင်ကျူးကို စိုက်ကြည့်နေကာ အေးစက်နေသည့်
အသံနက်ကြီးဖြင့် မေးလိုက်သည်။ "နင့်အမေက ငါ့ကို ခိုးလာတုန်းက ငါ့ကို ဘယ်နေရာကနေ
ခိုးလာတယ်လို့ ပြောခဲ့လဲ? နင် အဲ့တာကို မှတ်မိသေးလား?"
လျိုပေါင်ကျူးက
မူလပိုင်ရှင်ထက် သုံးနှစ်ပိုကြီးပြီး ခြောက်နှစ်အရွယ် ကလေးတစ်ယောက်က ပိုမှတ်မိသင့်သောကြောင့်
စူးချင်းက သူ့ကို ထိုအကြောင်း မေးမြန်းလိုက်သည်။
"ဘာလို့ ဒီလိုမေးတာလဲ?" လျိုပေါင်ကျူး၏ အမူအရာက ပြောင်းလဲသွားသည်။
ဒီဂြိုလ်ဆိုးမက
သူမရဲ့ မိဘအရင်းတွေကို ရှာချင်နေသေးတာလား?
စူးချင်း၏ မျက်နှာက
ရေကဲ့သို့ တည်ငြိမ်နေသော်လည်း မည်းမှောင်နေကာ သူမက သူမနံဘေးရှိ မိုးမခသစ်ပင်ကို
ညွှန်ပြလိုက်ပြီး "နင် ငါ့ကို မပြောရင် ငါ နင့်ကို ဒီသစ်ပင်မှာ
ကြိုးဆွဲချသတ်ပစ်မယ်"
"ဂြိုလ်ဆိုးမ၊ မင်းမှာ အခု ကျောထောက်နောက်ခံရှိနေတာနဲ့ ငါ့ကို
အော်ငေါက်နိုင်မယ်လို့ မင်း မထင်နဲ့။ မင်းက ငါ့တို့လျိုမိသားစုရဲ့ချွေးမပဲ။ မင်း ခိုးထွက်လာပြီး
တခြားတစ်ယောက်ယောက်နဲ့ ခိုးပြေးတာကို သိသွားရင် မင်းကို ဝက်လှောင်အိမ်ထဲထည့်ပြီး
ရေနစ်ကြလိမ့်မယ်”
စူးချင်းက သူ့ကို
ခြိမ်းခြောက်ဝံ့သည်ကို မြင်လိုက်ရသောကြောင့် လျိုပေါင်ကျူးက ဒေါသများ အလွန်အကျွံ ထွက်လာပြီး
သူ့၏သရုပ်မှန် ပေါ်လာသည်။ သူက သူ့၏ ရုန့်ရင်းကြမ်းတမ်းသောဘက်ခြမ်းကို ပြသလိုက်ပြီး
စူးချင်း၏နှာခေါင်းကို လက်ညှိုးထိုးကာ ကျိန်ဆဲလိုက်သည်။
"အား!"
စူးချင်းက သူ့ဆီသို့
ခြေကန်ချက်တစ်ချက် ပို့လိုက်ပြီး သူ့ကို မြေပြင်ပေါ်သို့ လှဲကျစေလိုက်သည်။ ထိုနောက်
သူမက စကားတစ်ခွန်းမှ မပြောဘဲ မိုးမခသစ်ကိုင်းကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ပျော့ပျောင်းသော
မိုးမခသစ်ကိုင်းက သူမ၏လက်ထဲတွင် ကြာပွတ်သဖွယ် ကခုန်နေပြီး သစ်ကိုင်းနှင့် သူ့ခန္ဓာကိုယ်
ထိမိသောအခါ လျိုပေါင်ကျူးကတစ်ယောက် နာကျင်စွာ အော်ဟစ်နေရသည်။
သူ ဘယ်တုန်းက ဒီလို
နာကျင်မှုမျိုးကို ခံစားဖူးလို့လဲ?
အကြိမ်အနည်းငယ် အရိုက်ခံရပြီးနောက်
သူက မခံမရပ်နိုင် ဖြစ်လာပြီး “မရီး! လူကြီးလူကောင်းတွေက လူဆိုးတွေရဲ့အပြစ်ကို
မမှတ်ထားဘူးလေ။ ငါ့ကို မရိုက်ပါနဲ့တော့၊ ငါ တောင်းပန်ပါတယ်၊ ငါ့ကို မရိုက်ပါနဲ့တော့။
ငါ အရမ်းနာနေပြီ!"
စူးချင်းက မဲ့ရွဲ့လိုက်ပြီး
“နင်တို့တွေက တကယ့်ကို မိသားစုတစ်စုထဲပဲ။ နင်တို့အားလုံးမှာ တူညီတဲ့မျက်နှာ
ရှိကြတယ်”
သူတို့ကို ဖြေရှင်းဖို့က
လုံးဝ မခဲယဉ်းပါဘူး၊ သူတို့အားလုံးက အားနည်းတဲ့သူတွေကို အနိုင်ကျင့်တက်ပေမယ့်
အားကြီးတဲ့သူတွေကိုတော့ ကြောက်ကြတယ်။
"နင် ငါ့ကို ပြောပြမှာလား?"
သူမ စိတ်ကြိုက်
အလုံအလောက် ရိုက်ပြီးနောက်တွင် စူးချင်းက ရပ်တန့်လိုက်ပြီး မြေပြင်ပေါ်တွင် ခွေးတစ်ကောင်လို ငိုနေသည့် လျိုပေါင်ကျူးကို
ငုံ့ကြည့်နေသည်။ သူမ၏အသံက ဒွါဒသမလ၏ ရေခဲများကဲ့သို့ အေးစက်နေပြီး လျိုပေါင်ကျူးက
သူမကို ထိတ်လန့်စွာ မော့ကြည့်နေသည်။
သူ သူမကို မတွေ့ရတဲ့ ရက်အတော်ကြာလေးအတွင်းမှာ
သူမ အရမ်းအစွမ်းထက်လာတာလား?
“ငါ သုံးထိ
ရေမယ်။ နင် ငါ့ကို မပြောရင် ငါက မသက်ညှာဘူးလို့ အပြစ်မတင်နဲ့”
စူးချင်းက ရှေ့သို့
ခြေတစ်လှမ်းတိုးကာ လျိုပေါင်ကျူး၏ခါးပတ်ကြိုးပြားကို ဆွဲထုတ်လိုက်ပြီး ကွေ့ကောက်နေသောသစ်ကိုင်းတစ်ကိုင်းပေါ်သို့
ပစ်တင်လိုက်သည်။ လျိုပေါင်ကျူးက အလွန်ကြောက်သွားပြီး မျက်လုံးများပင် ပြူးကျယ်လာသည်။
သူမ သူ့ကို တကယ်ကြိုးဆွဲချပြီး
သတ်ချင်နေတာလား?
အရင်တုန်းကဆိုလျှင်တော့
စူးချင်းက သူ့ကို သတ်ရဲမည်ဟု လျိုပေါင်ကျူးက ယုံမည် မဟုတ်ပေ။ သို့သော်လည်း လက်ရှိ စူးချင်းက
သူတို့မိသားစုထံမှ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသော လက်သီးထိုးအိတ် မဟုတ်တော့ပေ။
သူမကို နတ်ဆိုးစွဲကပ်နေပြီး သူမက ဘာမဆိုလုပ်နိုင်ကြောင်း သူ နားလည်နေသည်။
စူးချင်းက
ခါးပတ်ကို ချည်လိုက်ပြီး လျိုပေါင်ကျူးကို ပေါ့ပေါ့ဆဆ လှမ်းကြည့်လိုက်သည်။ လျိုပေါင်ကျူးတစ်ယောက်
ဆံပင်များပင် ထောင်မတ်လာကာ သေခြင်းတရားအတွက် ကြောက်လန့်မှုများ ဖုံးလွှမ်းသွားသည်။
သူက အရမ်းကြောက်နေပြီး စူးချင်းကို အသနားခံရန် မြန်မြန် ဒူးထောက်ထိုင်ချလိုက်သည်။
"မရီး! မရီး၊ ငါ့ကို မသတ်နဲ့။ ငါ ပြောမယ် ငါ ပြောပါ့မယ်! မင်း သိချင်သမျှ
ငါ ပြောပါ့မယ်!"
✍️✍️✍️