အခန်း ၃၈ ငါ့ကို
မနှောင့်ယှက်နဲ့တော့
"နင့်အမေက ငါ့ကို ဘယ်ကနေ ခိုးလာခဲ့တာလဲ? ငါ့ရဲ့အရင်တုန်းက နာမည်က ဘာလဲ?"
စူးချင်းက လျိုပေါင်ကျူးကို
ငုံ့ကြည့်နေပြီး သူမ၏ မျက်လုံးများက အေးစက်သော ရေကန်တစ်ခုကဲ့သို့ နက်မှောင်နေသည်။ လျိုပေါင်ကျူးက
သူ့၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်ရပြီး ထိုကဲ့သို့ အကြည့်ခံရသောကြောင့်
သူ့၏ဦးရေပြားပင် ထုံကျင်သွားရသည်။ သူ သူမကို ကြောက်ရွံ့သည့် သူ့စိတ်ကို မထိန်းချုပ်နိုင်ပေ။
“အမေက
မင်းကို ပြန်ခေါ်လာတုန်းက မင်းက ပန်းရောင်ပိုးထည်ဝတ်ထားတာကို ငါ မှတ်မိတယ်။ မင်းက
‘ရှောင်ရှီ အိမ်ပြန်ချင်တယ်လို့’ ပြောပြီး ဆက်တိုက် ငိုနေတယ်။ ငါ့အမေက မင်းကို စုကျိုးကို
ခေါ်သွားပေးမယ်လို့ ပြောခဲ့တယ်"
စကားဆုံးသောအခါ လျိုပေါင်ကျူးက
စူးချင်းကို ထိတ်လန့်တကြားကြည့်နေပြီး လေညစ်ထုတ်ခံထားရသော ဘောလုံးတစ်လုံးကဲ့သို့
ရှုံတွနေသည်။
“မရီး၊
ငါ သိတာ ဒါ အကုန်ပါပဲ။ တခြားဘာမှ မသိတော့ပါဘူး”
ရှောင်ရှီ? ဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်
နာမည်က ရှောင်ရှီတဲ့လား?
စူးချင်းအတွက်
အရေးကြီးသော အချက်အလက်နှစ်ခုကို ရရှိခဲ့ပြီး တစ်ခုက ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်အမည်
ဖြစ်ကာ နောက်တစ်မျိုးက သူမကို ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် မြို့ဖြစ်သည်။
စူးကျိုး.... သူမ ကျင်းရှီလျိုမြောင်ကို
သွားရမယ့်လမ်းမှာ စူးကျိုးက ဖြတ်သွားရမယ်။ မူလပိုင်ရှင်ရဲ့နောက်ခံသမိုင်းကြောင်းကိုများ
ရှာတွေ့နိုင်မလား?
သူမ သိချင်သည့်အကြောင်းကို
သိလိုက်ရသည့်အတွက် လျိုပေါင်ကျူးကို ချန်ထားရန် မလိုအပ်တော့ပေ။
စူးချင်း၏မျက်လုံးများက
အေးစက်သွားပြီး လျိုပေါင်ကျူးကလည်း သူမမျက်လုံးထဲမှ လူသတ်ချင်စိတ်ကို မြင်လိုက်ရသည်။
သူက ထပြေးရန် ကြံစည်လိုက်ပြီး အော်ဟစ်အကူအညီတောင်းရန် ကြိုးစားနေသည်။
စူးချင်းက
မြေပြင်မှ ကျောက်တုံးတစ်တုံးကို ကောက်ယူပြီး လျိုပေါင်ကျူး၏ ခေါင်းနောက်ဘက်ကို
ပစ်ချလိုက်သည်။ လျိုပေါင်ကျူး၏ခန္ဓာကိုယ်က တောင်ကုန်းစောင်းတစ်လျှောက် လှိမ့်ဆင်းသွားပြီး
မြက်ခင်းပြင်ထဲသို့ ပြုတ်ကျသွားသည်။
စူးချင်းက သူသေ မသေ
စစ်ဆေးချင်နေသော်လည်း ချိုးယုံခန်းက သူမကို ခေါ်ရန် ရောက်လာခဲ့သည်။
"စူးချင်း၊ ရွှေရှန့် ပြန်လာပြီ။ ငါတို့ ချက်ချင်း ထွက်သွားရမယ်"
စူးချင်းက တောင်စောင်းပေါ်မှ
ငုံ့ကြည့်လိုက်ပြီး လျိုပေါင်ကျူးက မလှုပ်ရှားတော့ဘဲ သူ့၏နဖူးနှင့် ဦးခေါင်းနောက်ဘက်က သွေးများ
ပြည့်နေသည်ကို တွေ့လိုက်ရသည်။
သူ့ကို ကြည့်ရတာတော့
အသက်မရှင်တော့သလိုပါပဲ။
"သူ ဘာဖြစ်သွားတာလဲ?" ချိုးယုံခန်းက သူမဆီသို့ လျှောက်လာပြီး မေးလိုက်သည်။
စူးချင်းက ခပ်အေးအေး
ပြန်ဖြေလိုက်သည်။
“သူ ချော်ကျသွားတာ”
ထို့နောက် စူးချင်းက
လှည့်ထွက်သွားပြီး ချိုးယုံခန်းက တောင်စောင်းပေါ်မှာ ရပ်နေရင်း လဲကျနေသည့် လျိုပေါင်ကျူးကို
ငုံ့ကြည့်လိုက်သည်။ စူးချင်းက ထိုလူကို မကယ်ချင်သောကြောင့် ချိုးယုံခန်းကလည်း
သူ့ကို ဂရုမစိုက်တော့ဘဲ စူးချင်းနောက်မှ ပြန်လိုက်သွားတော့သည်။
ကျိရွှေရှန့်က
မြင်းနှစ်ကောင်ကို ပြန်သိမ်းယူလာခဲ့ပြီး မြင်းတစ်ကောင်ပေါ်တွင် သွေးများ စွန်းထင်းနေသည်ကို
စူးချင်းက သတိပြုမိလိုက်သည်။ မြင်းကို လုယူသွားသောလူကတော့ ပြန်ပါမလာတော့ပေ။
ကျိရွှေရှန့်ကလည်း စူးချင်းပြန်လာသည်ကို
မြင်သွားပြီး သူမကို မော့ကြည့်လိုက်သည်။ သူမ လုံခြုံပြီး ကောင်းကောင်းမွန်မွန်
ရှိနေသည်ကို မြင်လိုက်ရသောကြောင့် သူက အဖွဲ့ကို လှမ်းအော်လိုက်သည်။
"သွားကြရအောင်!"
လျိုပေါင်ကျူး၏သူငယ်ချင်းနှစ်ယောက်က
စူးချင်းပြန်လာသည်ကို မြင်သွားပြီး လျိုပေါင်ကျူး ပါမလာကြောင်း သိလိုက်သောကြောင့် စူးချင်းကို
မေးချင်နေသော်လည်း ကျိရွှေရှန့်က သူတို့ကို တားဆီးလိုက်သည်။
“ထွက်သွားစမ်း”
သူတို့က နတ်ဆိုးစွဲကပ်နေသည့်
ဟန်ပန်အမူအရာ ရှိနေသော ကျိရွှေရှန့်ထံသို့ မချဉ်းကပ်ရဲသောကြောင့် စူးချင်းကိုသာ အော်ဟစ်မေးမြန်းနေကြသည်။
"လျိုပေါင်ကျူး ဘယ်မှာလဲ? မင်း သူ့ကို ဘာလုပ်လိုက်တာလဲ?"
စူးချင်းက
သူတို့ကို မကြည့်ဘဲ ရှေ့သို့သာ လျှောက်သွားလိုက်သည်။ နှစ်ယောက်သား စိတ်ပူနေသော်လည်း
အနားသို့ မကပ်ရဲသည့်အတွက် လျိုပေါင်ကျူးကို ရှာဖွေရန် တောအုပ်ဆီသို့သာ ပြေးသွားရတော့သည်။
"နင် သူ့ကို သတ်လိုက်တာလား?" စူးချင်းဖြတ်သွားသည်ကို မြင်သောအခါ ချိုးယွဲ့က
လှမ်းမေးလိုက်သည်။
စူးချင်းက သူမကို
အေးစက်စွာ ပြန်ကြည့်လိုက်သောကြောင့် ချိုးယွဲ့တစ်ယောက် ခြေဖနောင့်မှ ဦးရေပြားအထိ အအေးလှိုင်း ဖြတ်သွားသလို
ခံစားလိုက်ရပြီး သူမ၏ဘေးမှ လေထုပင် အေးခဲသွားပုံရသည်။
သူမက
တံတွေးကိုမျိုချလိုက်ပြီး ကျိရွှေရှန့်ကို အမြန်အော်ခေါ်လိုက်သည်။
“အစ်ကိုရွှေရှန့်”
ကျိရွှေရှန့်ကလည်း
သူမကို အေးစက်စွာ ကြည့်လိုက်ပြီး အကြင်နာမဲ့စွာ အမိန့်ပေးလိုက်သည်။
“ပါးစပ်ပိတ်ထား”
ချိုးယွဲ့က သူမ
အလွန်နစ်နာသွားသည်ဟု ခံစားမိလိုက်သည်။
ငယ်ငယ်လေးကတည်းက ကျိရွှေရှန့်က
သူမကို ဒီလိုမျိုး တစ်ခါမှ မကြိမ်းမောင်းဖူးပါဘူး။ အခုတော့ အားလုံးက စူးချင်းကြောင့်ပဲ။
သူမက မကောင်းမှုတစ်ခုကို ကျူးလွန်ခဲ့တာ ထင်ရှားနေတယ်လေ၊ အစ်ကိုရွှေရှန့်က ဘာကြောင့်
သူမကို ကာကွယ်နေသေးတာလဲ?
စူးချင်းက ကျိရွှေရှန့်ကို
တစ်ချက်ကြည့်လိုက်ပြီး သူ့၏ကာကွယ်ပေးမှုကြောင့် အံ့သြသွားရသည်။ သူက လျိုပေါင်ကျူးကိစ္စအပေါ်
သူမကို ခြွင်းချက်မရှိ ယုံကြည်ထားပုံရပြီး သူမ ပြန်လာချိန်တွင်လည်း လျိုပေါင်ကျူးအကြောင်း
မမေးခဲ့ပေ။
စူးချင်းက
သူမ၏ပြဿနာများအတွက် တခြားသူ၏အကူအညီကို မလိုအပ်ပေ။ သူမက လှမ်းဆီသို့ လျှောက်နေပြီး ချိုးယွဲ့ကို
အေးတိအေးစက် လှမ်းပြောလိုက်သည်။
"ငါ့ကို ထပ်ပြီး
ရန်မစနဲ့တော့၊ မဟုတ်ရင် နင် အသက်ရှင်နေတာကို နောင်တရသွားလိမ့်မယ်”
ချိုးယွဲ့က
အလွန်ကြောက်လန့်သွားပြီး သူမတစ်ကိုယ်လုံး အေးခဲသွားသည်။
ဒီအမျိုးသမီးရဲ့မျက်လုံးထဲက
လူသတ်ချင်စိတ်က ကြောက်စရာကောင်းလွန်းတယ်။
စူးချင်း
ဓားပြများကို သတ်လိုက်သည့် မြင်ကွင်းကို ပြန်တွေးလိုက်မိချိန်တွင် ချိုးယွဲ့တစ်ယောက်
အလွန်အမင်း တုန်လှုပ်သွားရသည်။ သူမက စူးချင်း၏မျက်လုံးများကို မကြည့်ဝံ့တော့ဘဲ သူမ၏ခေါင်းကို
အမြန်ငုံ့ချလိုက်သည်။
"စူးချင်း၊ ငါ သူ့(မ)ကို စောင့်ကြည့်ထားပါ့မယ်" ချိုးယုံခန်းက စူးချင်းကို
အားတုံ့အားနာ လှမ်းပြောလိုက်သည်။
တကယ်တော့လည်း သူက သူ့ညီမကို
ကာကွယ်ဖို့ ဒီလို လုပ်ရတာပါ။ စူးချင်းက သူမစကားကို စောင့်ထိန်းတက်ပြီး
ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူးဆိုတာကို သူမရဲ့စရိုက်က ပြောပြနေပြီလေ။
စူးချင်းက သူ့ကို
အေးစက်စွာ ကြည့်လိုက်ပြီးနောက် ဘာစကားမှ ထပ်မပြောတော့ဘဲ လှည့်ထွက်သွားခဲ့သည်။
"ချိုးယွဲ့၊ စူးချင်းက မင်းရဲ့ကယ်တင်ရှင်ဖြစ်ပြီး အဖိုးရဲ့ကယ်တင်ရှင်ဆိုလည်း
ဟုတ်တယ်၊ မင်း အဲ့ဒါကို အမြဲတမ်း သတိရပါ”
လှည်းများပေါ်တွင်
သက်ကြီးရွယ်အို အနည်းငယ်ရှိနေသောကြောင့် ချိုးယုံခန်းလည်း အလွန့်အကျွံ မပြောနိုင်ပေ။
သူက သူ့ညီမလေး၏မျက်နှာကို ထောက်ထားကာ သူမကို
သတိပေးရုံသာ ပြောလိုက်သည်။
ချိုးယွဲ့၏မျက်လုံးများတွင်
မှားယွင်းစွပ်စွဲခံရသဖြင့် နာကျင်နေသော အကြည့်များ ရှိနေသော်လည်း သူမက ခေါင်းညိတ်ပြလိုက်သည်။
သူမရဲ့စကားကို အမြဲနားထောင်ပြီး
သူမကို အမြဲဂရုစိုက်တဲ့ သူမရဲ့အကိုကြီးကတောင် ပြောင်းလဲသွားပြီ။ အဲဒီအမျိုးသမီးဆီက
ဆေးခတ်ခံရတာပဲ ဖြစ်လိမ့်မယ်။
ရှေ့မှ
ခပ်မြန်မြန်လျှောက်လှမ်းနေသော ကျိရွှေရှန့်၏အမူအရာက လေးနက်နေသည်။ ထိုတင်းမာသောလေထုကြောင့်
ထောင်ဟွားဝူမှလူများကလည်း မောပန်းနွမ်းနယ်ခြင်းအတွက် မညည်းညူဝံ့ဘဲ သူ့နောက်သို့
အမီလိုက်နိုင်ရန် အရှိန်မြှင့်လိုက်ကြသည်။ ဘေးဒဏ်ခံရသူများ ပိုများလာပြီး
၎င်းတို့အားလုံးက ကောင်းချန်နယ်နိမိတ်မှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာချင်နေကြသည်။
ထို့ကြောင့် ကျိရွှေရှန့်နှင့် အခြားသူများက အလွန်လျင်မြန်စွာ လမ်းလျှောက်နေသော်လည်း
၎င်းတို့ကို မချန်ထားနိုင်သေးပေ။
တကယ်တော့
ဒီလူတွေကို ချန်ထားနိုင်ရင်တောင် အသုံးမဝင်ပါဘူး။ လမ်းတစ်လျှောက်မှာ
သဘာဝဘေးဒုက္ခသည်တွေ နေရာအနှံ့ ရှိနေပြီး အခုဆိုရင် ခြင်းတောင်းလေးတွေ ထမ်းပြီး ထွက်ပြေးလာကြတဲ့
သဘာဝဘေးဒုက္ခသည်တွေတင် မဟုတ်တော့ဘဲ လူအုပ်နဲ့ရောပြီး ထွက်ပြေးလာတဲ့ ရထားလုံးပိုင်ရှင်
လူချမ်းသာတွေကိုတောင် တွေ့နေရပြီ။
ထိုလူချမ်းသာများအားလုံးက
သူတို့ကို ကာကွယ်ပေးရန် အစောင့်အကြပ်များ ခေါ်ဆောင်လာပြီး သာမာန်ဘေးဒဏ်ခံရသူများထံမှ
တင်းကြပ်စွာ ကာကွယ်ထားကြသည်။ သူတို့အနီးသို့ ချဥ်းကပ်လာသူတိုင်း အရိုက်ခံရပေလိမ့်မည်။
သူတို့က ရိက္ခာနှင့်
အဖိုးတန်ပစ္စည်းများကို သူတို့၏ရထားလုံးတွဲများအတွင်း ထည့်ထားကြသည်။ ထို့ကြောင့် ဒုက္ခသည်များက
အစားအသောက်များကို မျက်လုံးနီနီများဖြင့် စိုက်ကြည့်နေကြသည်။ အရိုက်ခံရလျှင်ပင် တကိုက်စာမျှ
စားချင်နေကြသေးသည်။
အချို့သောလူများက
မိန်းမပျိုလေးများပါဝင်သည့် မိသားစုများကို ရှာဖွေကြပြီး သူတို့အချင်းချင်း တီးတိုးပြောဆိုနေသည်ကို
စူးချင်းက သတိထားမိနေသေးသည်။ အချို့သော မိသားစုများက သူတို့၏သားသမီးများ
ရှင်သန်နေထိုင်ရန် သူတို့၏သမီးများကို စားစရာနှင့် လဲလှယ်ရောင်းချရန်
တိုင်ပင်နေကြခြင်းပင်။
(T/N: အတူတူ ငတ်သေမယ့်အစား သမီးတွေကို ရောင်းလိုက်ရင် အရောင်းခံရတဲ့သူကလည်း
လူချမ်းသာတွေဆီမှာ ဝဝလင်လင် စားနိုင်မယ်၊ ကျန်တဲ့သူတွေလည်း စားစရာရမယ်ဆိုပြီး
ရောင်းကြတာပါ၊ ငတ်နေတော့လည်း စားဖို့ တစ်ခုပဲ တွေးနိုင်ကြတယ်ထင်ပါရဲ့)
ထိုသို့သော အရာများ
များပြားလွန်းသဖြင့် ၎င်းတို့အားလုံးကို စီမံခန့်ခွဲရန် မဖြစ်နိုင်ပေ။ ကျိရွှေရှန့်နှင့်
ကျန်သူများကလည်း သူတို့အဖွဲ့တွင် ရှိနေသည့် မိန်းခလေးများ နှောင့်ယှက်ခံရခြင်းမှ
ကာကွယ်ပေးရန်သာ တက်နိုင်တော့သည်။
သူတို့အားလုံး ကောင်းကင်ကြီး
မည်းမှောင်သွားသည်အထိ လျှောက်လှမ်းခဲ့ကြသော်လည်း ကောင်းချန်နယ်နမိတ်ကို မကျော်နိုင်သေးပေ။
အမှောင်ထဲတွင် သွားလာရ ခက်ခဲလာသည့်အတွက် ကျိရွှေရှန့်က လူတိုင်း အနားယူနိုင်ရန် ပြန့်ပြူးသည့် နေရာတစ်ခုကို ရှာဖွေခဲ့သည်။ နေရာချပြီးနောက်
သူက ရေအရင်းအမြစ် ရှာရန် လီတာ့နျိုကို ခေါ်ဆောင်သွားသည်။
စူးချင်းက အဒေါ်ချိုးနှင့်အတူ
ထမင်းချက်ရန် လိုက်ပါသွားသော်လည်း အဒေါ်ချိုးက သူမကို ဘာမှ လုပ်ခွင့်မပေးတော့ပေ။
"သွား... သွား မင်းက အနားယူသင့်တယ်"
"အဒေါ်ချိုး၊ ကျွန်မ ဟင်းချက်ရတာ ကြိုက်တယ်"
စူးချင်းအတွက် ထိုစကားကို
ပြောရန်ကလွဲပြီး ရွေးစရာမရှိတော့ပေ။ ချက်ပြုတ်တာတွေ မလုပ်ရရင် သူမရဲ့ဟင်းချက်စွမ်းရည်ကို
သူမ ဘယ်လိုမြှင့်တင်နိုင်တော့မှာလဲ? အခု သူမရဲ့စစ်နတ်ဘုရားစွမ်းရည်က အဆင့် ၁၅ မှာပဲ
ရှိနေသေးတယ်လေ။ ဒီလိုရှုပ်ထွေးနေတဲ့
ပရမ်းပတာအခြေအနေမှာ တတ်နိုင်သမျှ အမြန်ဆုံး အင်အားကောင်းလာဖို့ လိုအပ်တယ်လေ။
"ကောင်းပြီလေ... တကယ်တော့ မင်း ဟင်းချက်တာက အရမ်းအရသာရှိတယ်"
စူးချင်းကို သူမ
မတားနိုင်ကြောင်း သိနေသောကြောင့် အဒေါ်ချိုးက သူမကို ထပ်မတားတော့ပေ။ ထို့အပြင်
သူမတို့ထဲမှ မည်သူကမျှ မြွေသားကို မချက်တက်သောကြောင့် အမှားလုပ်မိမည်ကိုလည်း စိုးရိမ်နေကြသည်။
တကယ်တော့ ဆားနဲ့ရေ မရှိရင်
ဘာကမှ အရသာ မကောင်းပါဘူး။
ဒီအချိန်မှာ သူမ လုပ်နိုင်တာဆိုလို့
အဲဒါကို ကောင်းကောင်းမွန်မွန် ချက်ဖို့ပါပဲ။
စူးချင်းက
မြွေသားကို အပိုင်းပိုင်းဖြတ်ပြီး ကြက်သွန်နီ၊ ဂျင်းရိုင်းနှင့် ငါးငရုတ်ပင်တို့ဖြင့်
ရောမွှေကာ အိုးကပ်ကြော်လိုက်သည်။ ဤနည်းဖြင့်
အနည်းဆုံးတော့ ညှီနံ့မရှိကြောင်း သေချာစေနိုင်သည်။
ကြော်ထားသောအသား၏ရနံ့က
ချမ်းသာသောလူများ၏ စားချင်စိတ်ကို စွဲဆောင်နိုင်ပြီး တချို့လူများက လာကြည့်ကာ
ဝယ်စားချင်နေကြသည်။
“အသားတစ်ဇွန်းအတွက်
ငွေသုံးလျန်၊ ပြန်ရောက်ရင် ဆားထည့်ပြီး စားရုံပဲ”
ကျိရွှေရှန့်က ခြင်္သေ့ကဲ့သို့
ပါးစပ်ကြီးကို ဖြဲကာ အဆမတန် တောင်းဆိုနေသည်။
အဲဒီအသားတစ်ဇွန်းက
ပန်းကန်တစ်လုံးကို ဖြည့်ဖို့တောင် မလုံလောက်ဘူးဆိုတော့ ပုံမှန်အခြေအနေမှာဆိုရင်
ငွေတစ်လျန်တောင် ကုန်ကျမှာ မဟုတ်ပါဘူး။
ဒါပေမယ့် ဒီလိုထူးခြားတဲ့ကာလမှတော့
ရွှေတောင်မှ အစားအစာလို အဖိုးမတန်တော့ဘူး။ ဧရာမစပါးအုံးမြွေတစ်ကောင်က အသားကျင်ပေါင်းရာချီရှိနေတာဆိုတော့
သူတို့ တချို့တလေ ရောင်းချပြီး ကျင့်ချန်ကို ရောက်တဲ့အခါ စားစရာနဲ့ဆားတွေကို ပြန်ဝယ်ရမယ်လေ။
ယနေ့ညစာအတွက်
လုံလောက်ရန် ကတိုးသမင်တစ်ကောင်လည်း ရှိနေသေးသည်။
ရေမရှိဘဲ ချက်ပြုတ်လို့
မရပါဘူး။ ချမ်းသာတဲ့သူတွေကတော့ ငတ်မွတ်မှုကို မတွန်းလှန်နိုင်သလို သူတို့ရဲ့အဖိုးတန်
အစာအိမ်တွေကို မြက်ပင်နဲ့ အခေါက်တွေလည်း မဖြည့်ချင်ကြပါဘူး။
နောက်ဆုံးတွင် ထိုချမ်းသာသူများက
ငွေအနည်းငယ်မျှကို ဂရုမစိုက်ကြပေ။ မကြာမီတွင် မိသားစုများစွာက မြွေသားဝယ်ရန်
ရောက်လာကြသည်။
ထောင်ဟွားဝူမှ လူများကလည်း
ကန့်ကွက်ခြင်း မရှိကြပေ။ ပိုရောင်းရလျှင် လမ်းမှာ စားဖို့ ရိက္ခာ ဝယ်နိုင်မယ့် ငွေအလုံအလောက်ရှိနိုင်မှာလေ။
လူအချို့က
အသားဝယ်ရန် ပိုက်ဆံကို ကျိုးကျိုးနွံနွံ သုံးချင်ကြသော်လည်း အချို့လူများကတော့
ပိုက်ဆံမသုံးဘဲ အသားစားချင်နေသေးသည်။
✍️✍️✍️