အပိုင်း ၁၂
Viewers 85

အခန်း (၁၂) လင်းလက်တောက်ပနေတဲ့ ရှန်းမူမူ

 

ချီမော့နှင့် ချီရှောင်ပိုင်တို့က အလွန် တိတ်ဆိတ်စွာ စားသောက်နေကြသည်။

 

ထို့ကြောင့် ရှန်းမူမူက ဖုန်းကို ဖွင့်ကြည့်ရန်ပင် ရှက်ရွံ့နေခဲ့ရသည်။

 

ပုံမှန်အားဖြင့် သူမ အိမ်၌ တစ်ယောက်တည်း ရှိသည့်အခါ စားသောက်ရင်း ရသစုံရှိုးများ ကြည့်လိမ့်မည် ဖြစ်သည်။

 

ယခုတွင် အလွန် တိတ်ဆိတ်နေသောကြောင့် မနေ့ညက အိပ်ရာထဲ၌ ချီမော့ ပြောခဲ့သည့် စကားများကို ပြန်တွေးမိသည်။

 

သူက သူမကို သူမ ဆန္ဒရှိသမျှ လုပ်နိုင်သည်ဟု ပြောခဲ့သည်။

 

ဆိုလိုသည်မှာ သူမက အချိန်ပြည့်အိမ်ရှင်မ မလုပ်ချင်လျှင် အပြင်ထွက်၍ အသက်မွေးဝမ်းကျောင်း အလုပ်ရှာခြင်းကို သူ စိတ်မရှိဟု ဆိုလိုခြင်း မဟုတ်ပါလား။

 

ရှန်းမူမူသည် ချီမိသားစုက အရမ်း ချမ်းသာသောကြောင့် သူမ အလုပ် တစ်ခုခု လုပ်ချင်လျှင် ချီမော့၏ ငြင်းဆန်ခြင်း ခံရလိမ့်မည်ကို အနည်းငယ် စိတ်ပူခဲ့သည်။

 

သို့သော် ယခုတွင် သူမက စိတ်ပူစရာ မလိုတော့ပေ။

 

ရှန်းမူမူ၌ ရဲရင့်သည့် အကြံဉာဏ်ပင် ရှိသည်။ သူမက ဘာလို့ ချီမော့ဆီက အကြံပေးချက်ကို မတောင်းခံဘဲ နေရပါမည်နည်း။

 

လုပ်ငန်းတစ်ခု စတင်ခြင်းမှာ အစပျိုးခြင်းသာ ဖြစ်သည်။ ၎င်းအား အမှန်တကယ် ဆောင်ရွက်သည့်အခါ သေချာပေါက် အိုင်ဒီယာများစွာ လိုအပ်ပေလိမ့်မည်။

 

လုပ်ငန်းတစ်ခုကို စီမံခြင်းမှာ သူမအတွက် အနည်းငယ် ခက်ခဲနိုင်သော်လည်း ချီမော့အတွက် ဘာမှ မဟုတ်လောက်ပေ။

 

လူကြီးများက သူတို့အနီးအနားရှိ အရင်းအမြစ်များကို ကောင်းကောင်း အသုံးချရန် သင်ယူသင့်သည်။

 

သူမက အခွင့်အရေးရလျှင် ချီမော့အား အနည်းငယ် စမ်းသပ်မေးကြည့်မည်ဟု တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။

 

သူမက ချီမော့နှင့် မည်သို့ စကားစပြောရမလဲ တွေးနေစဥ် ထမင်းစားစားပွဲမှ တိတ်ဆိတ်နေသော လေထုကို ချိုးဖျက်၍ ချီရှောင်ပိုင်၏ အသံ ထွက်ပေါ်လာသည်။

 

"အဖေ ကျွန်တော် အဖေ့ကို ပြချင်တာ တစ်ခု ရှိတယ်။"

 

သူက မျက်လွှာပင် ပင့်မလာဘဲ မေးလိုက်သည်။ "ဘာလဲ။"

 

သားအဖနှစ်ယောက်ကြားမှ စကားကို ကြားသောအခါ ရှန်းမူမူ၏ သိချင်စိတ်က မြင့်တက်လာသည်။ သူမက ချီရှောင်ပိုင်ကို ကြည့်လိုက်၏။

 

ချီရှောင်ပိုင်က အခန်းထဲမှ လက်ပ်တော့ပ်ကို သယ်လာပြီး စားပွဲပေါ်တွင် တင်ကာ ဖွင့်လိုက်သည်။ သူက စိတ်လှုပ်ရှားနေဟန်ဖြင့် လက်နှစ်ဖက်ကို ဆုပ်ထားရင်း ချီမော့ ဘေးတွင် ရပ်နေခဲ့သည်။

 

ရှန်းမူမူသည် သူက အနည်းငယ် စိတ်လှုပ်ရှားနေသကဲ့သို့ လက်များကို ကျစ်ဆုပ်ထားသည်အား သတိပြုမိပေသည်။

 

ချီမော့၏ အကြည့်များက ကွန်ပျူတာပေါ် ကျရောက်သွားသည်။

 

ရှန်းမူမူကလည်း လှမ်းကြည့်လိုက်သည်။

 

ကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် e-commerce ဝက်ဘ်ဆိုဒ်တစ်ခုအတွက် နောက်ခံမျက်နှာပြင် ရှိသည်။

 

စာမျက်နှာက ရိုးရှင်းပြီး ဝက်ဘ်ဆိုက်ဒ်၏ အင်္ဂါရပ်များက မပြည့်စုံသေးပေ။

 

ဤသည်မှာ ချီရှောင်ပိုင် အချိန်တစ်လလောက် သုံးပြီး ရေးဆွဲထားသည့် တစ်စုံတစ်ရာ ဖြစ်သည်။

 

ရှန်းမူမူ၏ အကြည့်တို့က ချီမော့နှင့် ချီရှောင်ပိုင်၏ မျက်နှာများကြား ကူးလူးနေသည်။

 

သူမက ဝတ္ထုဇာတ်ကြောင်းကို သိသည့်အတွက် အကြမ်းဖျင်းနားလည်ပေသည်။

 

ချီရှောင်ပိုင်သည် သူ ကိုယ်တိုင်ရေးထားသည့် ပရိုဂရမ်ကို ချီမော့ထံ ပြသခဲ့ပြီး သူ့အဖေ၏ အသိအမှတ်ပြုမှုကို ရှိနိုင်ရန် မျှော်လင့်နေသည်။

 

ချီမော့ သူ့စီးပွားရေးကို စလုပ်သည့်အချိန်၌ သူက နည်းပညာသမားတစ်ယောက် ဖြစ်သည်။

 

နောက်ပိုင်း စီးပွားရေးက တဖြေးဖြေး ကြီးမားသထက် ကြီးမားလာသည့်အခါ သူက နည်းပညာပိုင်းနှင့် တဖြေးဖြေး ဝေးကွာသွားကာ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင်သာ အာရုံစိုက်လာခဲ့ပေသည်။

 

ချီရှောင်ပိုင်က ဆိုးသွမ်းသလို ထင်ရသော်လည်း သူက အမှန်တကယ်၌ တလျှောက်လုံး သူ့အဖေ၏ အသိအမှတ်ပြုမှုကို လိုချင်နေခဲ့ခြင်း ​ဖြစ်သည်။ သူက သူ့အဖေကို ပန်းတိုင်အဖြစ်ထားကာ သူ့အဖေနှင့် တူသည့် လူမျိုး ဖြစ်လာချင်ပေသည်။

 

ရှန်းမူမူသည် အရင်က သူမ အွန်လိုင်းပေါ်၌ ရှာဖွေခဲ့ဖူးသော ချီမော့၏ ကိုယ်ရေးအကျဥ်းကို အမှတ်ရမိလိုက်သည်။

 

သူက ပထမဆုံး သူ့ကိုယ်တိုင် ရေးခဲ့သည့် ပရိုဂရမ်တစ်ခုမှ ငွေအမြောက်အမြား ရှာဖွေနိုင်ခဲ့သည်။

 

ချီရှောင်ပိုင်သည် သူက ချီမော့နှင့် ဗီဇတူညီပြီး ပါရမီအရည်အချင်းများကို ဆက်ခံထားကြောင်း သက်သေပြချင်နေခြင်း ဖြစ်နိုင်ပေသည်။

 

ချီမော့၏ အမူအရာက အများကြီး ပြောင်းလဲမသွားပေ။ သူက ကွန်ပျူတာမှ အကြည့်မလွှဲခင် သာမန်ကာလျှံကာဖြင့် အကြိမ်ရေအနည်းငယ်မျှသာ ကြည့်လိုက်သည်။

 

သူက ပြတ်ပြတ်သားသား ပြောလိုက်၏။

 

"မင်းက ကျောင်းသားတစ်ယောက်ပဲ ရှိသေးတယ်။ ဒီလိုကိစ္စမျိုးတွေနဲ့ အချိန်တွေ စွမ်းအင်တွေ ဖြုန်းတီးမနေနဲ့။"

 

သူ စကားပြောပြီးသွားသည်နှင့် ချီရှောင်ပိုင်၏ ပခုံးများက လျှောကျသွားပြီး သူ့မေးရိုးတို့က တင်းကျပ်သွားသည်။

 

၎င်းက သူ မျှော်မှန်းထားသည့် ရလဒ် မဟုတ်ပေ။

 

သူ မျှော်လင့်ထားခဲ့သည်က သူ့အဖေသည် သူ မည်သည့်နေရာ၌ တိုးတက်အောင် ပြုပြင်ရန် လိုအပ်နေသေးသည်ကို ထောက်ပြ၍ အကြံဉာဏ်တချို့ ပေးလာရန် ဖြစ်သည်။

 

မဟုတ်လျှင် အလွန် သေးငယ်လှသော ဖြစ်နိုင်ချေလေးဖြင့် သူ့အဖေက သူ့ကို ကောင်းကောင်းလုပ်ခဲ့သည်ဟု ချီးကျူးလာရန် မျှော်လင့်ခဲ့သည်။

 

အေးစက်၍ သာမန်ဆန်လှသည့် စကားများက သူ၏ မျှော်မှန်းချက်ထဲ၌ ရှိမနေခဲ့ပေ။

 

သူ တစ်လလောက် အချိန်သုံးပြီး ရေးဆွဲခဲ့သည့် ပရိုပရမ်က သူ့အဖေ မျက်လုံးထဲ၌ မည်သည့် အဓိပ္ပါယ်မှ ရှိပုံမရပေ။

 

လေထုအခြေအနေက သိပ်အဆင်မပြေသည်ကို ခံစားမိပြီး ရှန်းမူမူက ဇက်ပုကာ သူမ၏ တည်ရှိမှုကို တတ်နိုင်သမျှ လျှော့ချရင်း သူမ ပန်းကန်လုံးထဲမှ ပုစွန်ကို တိတ်ဆိတ်စွာ အခွံခွာနေခဲ့သည်။

 

ချီမော့၏ မျက်လုံးများထဲမှ ခံစားချက်တို့က သိမြင်နိုင်ရန် ခက်လှသည်။ သူက ချီရှောင်ပိုင်ကို တစ်ချက် ကြည့်လိုက်သည်။

 

"မင်းက အခု စီနီယာအထက်တန်းကျောင်းသား ဖြစ်နေပြီ။"

 

ထိုသို့ပြောပြီးနောက် သူက ထပ်မပြောတော့ပေ။

 

ချီရှောင်ပိုင်သည် သူ့အဖေ၏ ဆိုလိုရင်းကို နားလည်ပေသည်။ သူက မျက်လုံးများထဲ၌ ဖြတ်ပြေးသွားသည့် စိတ်ပျက်လက်ပျက်ဖြစ်​နေသော အမှောင်ရိပ်တို့ကို မမြင်ရအောင် မျက်လွှာချထားလိုက်သည်။

 

"ဘာလုပ်သင့်လဲဆိုတာ သိပါပြီ။"

 

ချီမော့ : "အင်း"

 

ထို 'အင်း' သည် သူတို့ နှစ်ယောက်၏ စကားပြောခြင်း ပြီးဆုံးပြီဟု အဓိပ္ပါယ်ရကာ ချီရှောင်ပိုင် ထွက်သွားနိုင်ပြီ ဟူသည့် အရိပ်အမြွက်လည်း ဖြစ်သည်။

 

ချီရှောင်ပိုင်က သူ့ကွန်ပျူတာကိုပင် မယူတော့ဘဲ ထွက်ခွာသွားပြီး အခန်းထဲသို့ တည့်တည့် ဝင်သွားခဲ့သည်။

 

ဘန်း...

 

တံခါးက ကျယ်လောင်စွာ ပိတ်သွားခြင်း မရှိသော်လည်း ၎င်းအသံက ရှန်းမူမူ စိတ်ထဲမှ ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

 

ဤသည်မှာ ချီမော့နှင့် ချီရှောင်ပိုင်ကြားမှ ဆက်ဆံရေးက မည်သို့ဖြစ်ကြောင်း ကိုယ်တိုင် မြင်တွေ့ရသည့် ပထမဆုံး အကြိမ်ဖြစ်ကာ ရှန်းမူမူကို အနည်းငယ် အံ့အားသင့်သွားသလို ခံစားရစေသည်။

 

သူမသည် သူတို့ကြားမှ ဆက်ဆံရေးက သာမန်မျှသာ ဖြစ်သည်ကို သိသော်လည်း ဤအဆင့်မျှအထိ အေးစက်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

 

သူမက နှုတ်ခမ်းကို ဖိပိတ်လိုက်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောခဲ့ပေ။

 

အဆုံးမှာတော့ သူမက မိထွေးတစ်ယောက်သာ ဖြစ်ပြီး မိထွေးအတုပင် ဖြစ်နေသေးသည်။

 

သူမ နေရာက ဝင်ရောက်စွက်ဖက်နိုင်ခွင့် မရှိပေ။

 

အနည်းငယ်ခန့် ထပ်စားပြီးနောက် သူမက ထိုင်ခုံကို တွန်းဖယ်ကာ ထရပ်လိုက်သည်။ "ကျွန်မ ဗိုက်ပြည့်သွားပြီ။ အပေါ်ထပ် အရင်တက်နှင့်မယ်။"

 

သူမသည် ချီမော့က သူမကို ယခင်ကကဲ့သို့ 'အင်း' ဟူသော တုန့်ပြန်မှုသာ ပေးလိမ့်မည်ဟု ထင်ထားခဲ့သည်။

 

မထင်ထားဘဲ သူက သူမ စကားကို ကြားသည့်အခါ ဖြေးညင်းစွာ ခေါင်းမော့လာပြီး နူးညံ့သည့် အကြည့်တို့နှင့် ကြည့်ရင်း ရုတ်တရက် မေးလိုက်သည်။

 

"မင်း အခုတလော အပြင်တွေ အရမ်းထွက်တာပဲလား။"

 

သူသည် အခုနောက်ပိုင်း၌ သူမက အပြင် အရမ်းထွက်သည်ဟု အိမ်တော်ထိန်းကျန်းထံမှ ကြားခဲ့ရသည်။

 

တစ်ခါတစ်ရံ၌ သူမက သူမကို လာကြိုရန် ဗီလာအနီးသို့ တက္ကစီခေါ်လိမ့်မည် ဖြစ်သည်။

 

သူမက အိမ်နီးချင်းများထံပင် အစပြုသွားလည်ကာ ဘေးအိမ်မှ အမျိုးသမီးနှင့် သူငယ်ချင်း ဖြစ်နေခဲ့သည်။

 

ရှန်းမူမူက ထိုစကားကို ကြားသည့်အခါ အနည်းငယ် အံ့အားသင့်သွားသည်။

 

ဘာကြီးလဲ။

 

သူက သူ့သားကို ထိန်းချုပ်ရတာ စွဲလမ်းနေရုံမကဘူး အခု သူမကိုပါ ထိန်းချုပ်ချင်နေတာလား။

 

"ဟုတ်တယ်။ ​ဘာဖြစ်လို့လဲ။"

 

သူမက အနည်းငယ် မပျော်ရွှင်သလို ခံစားခဲ့ရသော်လည်း ပိုက်ဆံမျက်နှာရှိနေသောကြောင့် တည်ငြိမ်စွာ ပြန်ဖြေပေးလိုက်သည်။

 

ချီမော့ : "အိမ်မှာ နေရတာ အရမ်းပျင်းတယ်လို့ ထင်ရင် မင်း အပန်းဖြေဗီလာကို သွားပြီး လျှောက်လည်လို့ ရတယ်။ အဲဒီက ရှုခင်းတွေက ကောင်းတယ်။ မင်း သွားချင်ရင် အိမ်တော်ထိန်းကျန်းကို စီစဥ်ခိုင်းလိုက်မယ်။"

 

ရှန်းမူမူသည် သူက ထိုကဲ့သို့ ပြောလာမည်ဟု ထင်မှတ်မထားခဲ့ပေ။

 

သူမက မျက်တောင်ခတ်လိုက်သည်။ အစောပိုင်းက အတွေးတို့ကြောင့် သူမက အရှက်ရမိသလို ခံစားလိုက်ရ၏။

 

သူက သူမကို ထိန်းချုပ်ရန် ကြိုးစား​နေခြင်း မဟုတ်ဘဲ အချိန်ပြည့်အိမ်ရှင်မ လုပ်ရ၍ ပျင်းရိနေမည်ကို စိုးရိမ်နေခြင်း ဖြစ်ပေသည်။

 

ရှန်းမူမူ၏ မျက်လုံးများက လခြမ်းသဏ္ဌာန် ကွေးညွှတ်သွားသည်။ "ကျွန်မ မပျင်းပါဘူး။ နေ့တိုင်း လုပ်စရာတွေက လုံလောက်တာထက်ကို ပိုနေသေးတယ်။"

 

ရှီယွိယွဲ့ရပ်ကွက်အတွင်း အိမ်ထောင်စု မည်မျှများများ နေထိုင်ကြောင်းကို စုံစမ်းပြီး အိမ်နီးချင်းအမျိုးသမီးများနှင့် ခင်မင်ရန်ကို အတော်လေး အားထုတ်လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။

 

ချီမော့က အသိအမှတ်ပြုဟန် ရေရွတ်လိုက်သည်။ "မင်း မပျင်းဘူးဆို ရပါပြီ။"

 

ရှန်းမူမူက ရုတ်တရက် ထွက်မသွားချင်တော့ပေ။ သူမက ထိုင်ခုံကို ပြန်ဆွဲကာ ထိုင်ချလိုက်သည်။

 

သူမက အခွင့်အခါကြုံတုန်း သူမ၏ စီးပွားရေးကိစ္စအကြောင်း ပြောချင်ပေသည်။

 

ယခု သူ၏ အမြင်ကို မေးရန် အခွင့်ကောင်းလည်း ဖြစ်သည်။

 

သူမ ယနေ့ကို လွဲချော်သွားလျှင် သူက ထပ်ပြီး အလုပ်ရှုပ်လာသည့်အခါ သူမအနေနှင့် သူ့ကို တွေ့ခွင့်ရရန် မည်မျှ ကြာမည်ဖြစ်ကြောင်း မည်သူသိပါမည်နည်း။

 

"လတ်တလော ကျွန်မ စီးပွားရေးလေးတစ်ခု စလုပ်ချင်နေတာ။ ရှင် အကြံဉာဏ်တချို့ ပေးချင်လား။"

 

စက္ကန့်အနည်းငယ် စဥ်းစားနေပြီးနောက် ရှန်းမူမူက ပြောလိုက်သည်။ ထို့နောက် သူမက သူ့ကို ကြည့်လိုက်ပြီး သူ့အဖြေကို စောင့်ဆိုင်းနေသည်။

 

ချီမော့၏ အမူအရာက စဥ်းစားနေဟန် ဖြစ်သွားသည်။ ရှင်းလင်းစွာပင် သူသည် သူမ ပါးစပ်မှ 'စီးပွားရေးစတင်ခြင်း' ဟူသည့် စကားမျိုး ထွက်လာရန် မမျှော်လင့်ထားခဲ့ပေ။

 

"စီးပွားရေး စလုပ်မလို့လား။"

 

"အင်း... အင်း။ စီးပွားရေး စလုပ်မလို့။" ရှန်းမူမူက သူမ လက်များကို စားပွဲပေါ်တင်လိုက်ပြီး ချီမော့ထံ အနည်းငယ် တိုးကပ်သွားသည်။ "ကျွန်မ ပန်းဆိုင်လေး ဖွင့်ချင်လို့အဲဒါ အဆင်ပြေလား။"

 

ချီမော့၏ ထက်ရှသော မေးရိုးများက တဖြေးဖြေး ပျော့ပျောင်းလာကာ သူ၏ မည်းနက်သော မျက်ဝန်းများထဲတွင် ရယ်မောချင်သည့် အရိပ်အငွေ့များ ဖြတ်ပြေးသွားသည်။

 

"ဒါပေါ့ အဲဒါအဆင်ပြေပါတယ်။ မင်း စီးပွားရေး လုပ်ဖို့အတွက် ကိုယ့် ခွင့်ပြုချက်ကို မလိုပါဘူး။ ဒါက အကြံဉာဏ်မေးတာမျိုး မဟုတ်ဘဲ စကားစမြည် ပြောရုံပါပဲ။ မင်း အဲဒီအကြောင်း ကိုယ့်ကို ပြောပြချင်ရင် ကိုယ်လည်း နားထောင်ပေးဖို့ ဆန္ဒရှိပါတယ်။"

 

သူ၏ တုန့်ပြန်မှုက သူမ မျက်နှာကို နွေဦးလေပြည်လေးက ကြင်နာစွာ ထွေးပွေ့လာသလို ခံစားမိစေခဲ့သည်။

 

ရှန်းမူမူသည် ချက်ချင်းပင် သူမရှေ့မှ လူက ပိုပို၍ ချောမောလာသည်ဟု ခံစားလိုက်ရသည်။

 

သူမက လက်ကို ယှက်ကာ မေး​စေ့အား ထောက်ထားရင် နီထွေးထွေး နှုတ်ခမ်းတို့က လှုပ်ရှားသွားသည်။ "ကျွန်မ ရှင်နဲ့ တကယ်ပဲ အဲဒီအကြောင်း ဆွေးနွေးချင်တယ်။"

 

သူသည် သူမ တွေးနိုင်သည့် လူများထဲ၌ စီးပွားရေးအကြောင်း ဆွေးနွေးရန် အသင့်တော်ဆုံးသူ ဖြစ်သည်။

 

ရှန်းမူမူသည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း စဥ်းစားထားသည့် အကြောင်းအရာများကို စိတ်အားထက်သန်စွာ စတင်ပြောဆိုလာသည်။

 

"​ပိုပြီးတော့ တိတိကျကျပြောရရင် ကျွန်မက ဆိုင်ခင်းကျင်းထားမှု မရှိဘဲ ပန်းပို့ဆောင်ရေးဝန်ဆောင်မှုကို အဓိကထားတဲ့ ပန်းဆိုင်မျိုး ဖွင့်ချင်တာ။ နေ့တိုင်း ကျွန်မတို့က ဖောက်သည်တွေရဲ့ အိမ်ရှေ့တံခါးထိ လတ်ဆတ်တဲ့ ပန်းစည်းတွေ ပို့ဆောင်ပေးနိုင်တယ်။"

 

"ကျွန်မ စျေးကွက်ရှာဖွေရေးတချို့လည်း လုပ်ထားတယ်။ ကျွန်မတို့ ဗီလာရပ်ကွက်မှာ မိသားစု အများကြီးရှိပြီး နေ့တိုင်း လတ်ဆတ်တဲ့ ပန်းတွေဝယ်တဲ့ အလေ့အထလည်း ရှိတယ်။"

 

"ဒီနေရာမှာ အိမ်ထောင်စု ငါးဆယ်ကျော် နေထိုင်တာ။ သူတို့အားလုံးဆီကနေ ပန်းအမှာစာသာ ရနိုင်မယ်ဆိုရင် အမြတ်ကလည်း သိသိသာသာကို ရလိမ့်မယ်။"

 

သူမက ပြောနေရင်း ရံဖန်ရံခါ၌ သူမ၏ ယခင်အလုပ်အတွင်း PPT တင်ပြချက် ပြုလုပ်ရခြင်းမှ ဖြစ်လာသည့် အကျင့်အတိုင်း လက်ဟန်အမူအရာတို့ကို ပြုလုပ်လေသည်။

 

သူမ၏ တောက်ပကာ တက်ကြွနေသည့် မျက်လုံးတို့ကို ကြည့်ရင်း ချီမော့သည် သူ့နှလုံးသားထဲ၌ ဖော်ပြခြင်းငှာ မစွမ်းသာသည့် ခံစားချက်တချို့ မြင့်တက်လာကြောင်း ခံစားလိုက်ရသည်။

 

သူက စွန့်ဦးစီးပွားရေးစလုပ်ကာစ ငယ်ရွယ်သည့် သူ့ကိုယ်သူ ပြန်မြင်လိုက်ရသကဲ့သိုပင်။

 

သူက မရည်ရွယ်ဘဲ တောက်ပကာ လွတ်လပ်သည့် စိတ်ဝိညာဥ်တစ်ခုကို ထိတွေ့မိသွားသလို ထင်မှတ်ရပေသည်။