အခန်း (၁၁) ယောက်ျားတွေ အမုန်းဆုံးက မရဘူးလို့ ပြောတာကိုပဲ
အိပ်ခန်းကို
မီးထွန်းမထားဘဲ ပြတင်းကို ဖြတ်၍ ဝင်လာသည့် လရောင်ကသာ အခန်းအား မှိန်ဖျော့ဖျော့ အလင်းပေးနေသည်။
နှစ်ယောက်က
ဘေးချင်းကပ်လျက် မျက်နှာချင်းဆိုင် လဲလျောင်းနေသည်။
အားနည်းသည့်
အလင်းရောင်အောက်တွင် ချီမော့၏ မျက်လုံးများထဲ၌ အနက်ရောင် အလင်းမှိန်မှိန်တို့က လှိုင်းထနေပြီး
အပြင်သို့ပင် လျှံကျနေကာ နက်ရှိုင်းစွာ ဆွဲဆောင်နေသည်။
ရှန်းမူမူက
ဘာမပြောရမလဲ မတွေးနိုင်ခင် ဗလာဖြစ်စွာ စိုက်ကြည့်နေပြီး အသက်ရှူအောင့်ထားလိုက်သည်။
"ကျွန်မ
ထင်တာတော့ ကျွန်မမှာ အိပ်မပျော်တဲ့ ရောဂါရှိတယ်။ ကျွန်မ... တခြားအခန်းမှာ သွားအိပ်သင့်လား။
အဲဒါဆို ရှင် အနားယူနေတာကို မနှောက်ယှက်မိတော့ဘူးလေ။"
စိုက်ကြည့်နေခြင်းကို
ဖမ်းမိသွားသည်က ရှက်ရွံ့ဖွယ် ကောင်းလှသည်။
သူမ ဘာကြောင့်
စိုက်ကြည့်နေသည်ကို ရှင်းပြရန် ကြိုးစားခြင်းက ပို၍ပင် ရှက်ရွံ့စရာ ကောင်းလိမ့်မည်
ဖြစ်သည်။
သူမက
ဘာမှမဖြစ်သလို ဟန်ဆောင်ချင်နေပြီး ဤအရှက်ရဖွယ် အဖြစ်အပျက်မှ ရှောင်ထွက်သွားချင်ခဲ့သည်။
ရှန်းမူမူက
ထထိုင်လိုက်ပြီး သူမ၏ ညအိပ်ဝတ်စုံမှ ဟိုက်နေသည့် လည်ပင်းကို ဖုံးအုပ်လိုက်သည်။
ဗီလာအတွင်း၌
အခန်းများစွာ ရှိပြီး အိမ်စေများက အမြဲမပြတ် သန့်ရှင်းရေး လုပ်ပေးထားသည်ကို ကျေးဇူးတင်ရပေမည်။
ထို့ကြောင့်သာ သူမက မည်သည့်အခန်းတွင်မဆို သွားအိပ်နိုင်ခြင်း ဖြစ်သည်။
အမှန်တွင်
သူမက ချီမော့နှင့် ခဏလောက် အိပ်ခန်းခွဲအိပ်ရန် ပြောချင်ခဲ့သော်လည်း သူနှင့် တွေ့ဆုံရန်
အခွင့်အရေး မရခဲ့ပေ။
ယခု ကြည့်ရသည်မှာ
အခွင့်အရေးကောင်းတစ်ခု ဖြစ်ပုံရသည်။
"ရှင်
ဆက်အိပ်နေလိုက်ပါ။ ကျွန်မ ဘေးအခန်းမှာ သွားနေလိုက်မယ်။"
ရှန်းမူမူက
စောင်ကို ဖယ်လိုက်ပြီး သူမ လက်ကို အားပြု၍ ထရန် အသင့်ပြင်လိုက်သည်။
ရုတ်တရက်
ကြီးမားကျယ်ပြန့်သည့် လက်ဝါးတစ်ဖက်က သူမ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ လှုပ်ရှားမှုများကို
ရပ်တန့်ရန် ဖိအားပေးလိုက်သည်။
သူတို့၏
အရေပြားများ ထိတွေ့မိသွားသည်နှင့် နှစ်ယောက်လုံးက ထူးဆန်းသည့် အထိအတွေ့ ခံစားချက်ကို
ခံစားလိုက်ရပေသည်။
ရှန်းမူမူ၏
နှလုံးသားက ရုတ်တရက် ခုန်ပေါက်လာ၏။
အမျိုးသားက
အားအများကြီး သုံးမထားသော်လည်း သူမက အေးခဲသွားကာ ဆက်မလှုပ်ရှားတော့ပေ။
ဧည့်ခံပွဲတွင်
သူက သူမ ခါးကို ပွေ့ဖက်ထားခဲ့သော်လည်း သူတို့ကြားတွင် အဝတ်အစားအလွှာ ခြားထားခဲ့သည်။
ဤသည်မှာ
သူတို့၏ ပထမဆုံးအကြိမ် အတားအဆီးမပါဘဲ ထိတွေ့မိခြင်း ဖြစ်ပေသည်။
အမှောင်ထုက
အာရုံခံစားမှုကို တိုးတက်လာစေကာ အမျိုးသမီး၏ လက်ကောက်ဝတ်မှ ချောမွေ့ကာ နူးညံ့လှသည့်
ခံစားချက်က သူ့လက်ဖဝါးဆီသို့ ကူးစက်လာသည်။
ချီမော့၏
လည်ဇလုတ်က အထက်အောက်ရွေ့လျားသွားပြီး သူ၏ ပုံမှန် သြရှရှအသံက ပို၍ပင် အက်ရှနေခဲ့သည်။
"အဲဒါက
သံသယဖြစ်စရာ ဖြစ်စေလိမ့်မယ်။"
ရှန်းမူမူက
ခဏလောက် ကြောင်အသွားသည်။
သံသယဖြစ်စေမှာလား။
သူ၏ ချောမောသော
မျက်နှာကို စိုက်ကြည့်နေသည်မှာ အချိန်အတော်ကြာသွားသောကြောင့် သူမ စိတ်တို့က ရှုပ်ထွေးနေခြင်း
ဖြစ်နိုင်သည်။
သူမ၏
ဦးနှောက်က လုပ်ငန်းစဥ်ရပ်တန့်သွားပုံရပြီး ချီမော့၏ ဆိုလိုရင်းကို နားလည်မှုလွဲခဲ့ကာ
သူတို့၏ မင်္ဂလာမဆောင်ခင် သဘောတူညီချက်ကိုလည်း မေ့သွားခဲ့ပုံရသည်။
သူမ ပါးစပ်က
ဦးနှောက် ထိန်းချုပ်မှုကို ကျော်လွန်ကာ သူမ၏ ဝသီအတိုင်း မသိစိတ်အလျောက် ပြောလိုက်မိသည်။
"အိုး...
ဆောရီး၊ လင်မယား ခွဲအိပ်တာက ရှင့်ရဲ့... အမ်း... အဲဒီနေရာရဲ့ စွမ်းရည်ကို သံသယဖြစ်စေလိမ့်မယ်ဆိုတာ
ကျွန်မ မတွေးမိလိုက်ဘူး။ တောင်းပန်ပါတယ်။"
ယောက်ျားတစ်ယောက်အတွက်
အထိမခံနိုင်ဆုံးသော အကြောင်းအရာက ထိုကိစ္စ၏ စွမ်းဆောင်ရည် နိမ့်ကျဟူသော အကြောင်းပင်
ဖြစ်ပေမည်။
အသစ်စက်စက်
သတို့သမီးက သူမ၏ ခင်ပွန်းနှင့် အတူနေရန် ငြင်းဆန်ခြင်းမှာ ပြောမရသည့် တစ်စုံတစ်ရာကို
စောင်းပါးရိပ်ခြေ ပြသနေခြင်း ဖြစ်သွားနိုင်သည်။
သူမက
အလွန် သတိမမူမိဘဲ ဖြစ်သွားပေသည်။
ထိုစကားများ
သူမ ပါးစပ်မှ ထွက်လာသည့် အခိုက်အတန့်၌ လေထုက အေးခဲသွားလေသည်။
သူမသည်
သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည့် ကြီးမားသော လက်ဝါးက တုန်ယင်လာသည်ကို ခံစားမိခဲ့သည်။
ချီမော့က
မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ နားထင်ကြောများက ထောင်ထလာသည်။
သူမက
သူမဟာသူမ ဘာပြောနေသလဲ ဆိုတာတောင် သိရဲ့လား။
ရှန်းမူမူက
နာနာခံခံနှင့် ပြန်လှဲလျလိုက်ပြီး သူမ၏ လက်ကောက်ဝတ်က ချီမော့၏ ဆုပ်ကိုင်ထားမှုကို ခံနေရဆဲဖြစ်ကြောင်း
သတိပြုမိလိုက်သည်။
သူမက
လက်ကောက်ဝတ်ကို ညင်သာစွာ ရုန်းလိုက်ပြီး သူမ ထွက်မသွားတော့သည့်အတွက် လွှတ်ပေး၍ရပြီဖြစ်ကြောင်း
အရိပ်အမြွက် ပြလိုက်သည်။
သူ့ ပုံရိပ်ကို
ထိန်းသိမ်းပေးရန် သူမက သူမ၏ အခန်းကဏ္ဍကို အဆုံးထိ ကောင်းကောင်း
သရုပ်ဆောင်ပေးရမည် ဖြစ်သည်။
အချိန်အကြာကြီး
ရပ်တန့်သွားပြီးနောက် အမှောင်ထုအတွင်းမှ သက်ပြင်းချသံသဲ့သဲ့လေး ကြားလိုက်ရပြီး သူမ၏
လက်ကို ဖြေးညင်းစွာ လွှတ်ပေးလာသည်။
ခဏကြာသည့်အခါ
အမျိုးသား၏ သံလိုက်ကဲ့သို့ ညှို့ငင်နိုင်သော အသံ ထွက်ပေါ်လာ၏။
"မင်း
အရက်သောက်တာကို မကြိုက်ဘူးလို့ ငါ ဘယ်တုန်းက ပြောဖူးလို့လဲ။"
ယခင်
အကြောင်းအရာကို ဆက်ပြောမည့်အစား ချီမော့က ချီရှောင်ပိုင် သူ့ကို ပို့လိုက်သည့် မက်ဆေ့ချ်ကို
တွေးမိကာ သူ့ကို ဇဝေဇဝါဖြစ်စေသည့် အကြောင်းကို မေးလိုက်သည်။
သူသည်
ထိုကဲ့သို့သော စကားမျိုး ပြောခဲ့ဖူးသလား အမှတ်မရပေ။
လွန်ခဲ့သည့်
နှစ်များအတွင်း သူတို့ကြားမှ စကားများက လက်တစ်ဖက်တည်းနှင့်ပင် ရေတွက်၍ ရနိုင်ပေသည်။
သူသည်
မည်သည့်အခါမှ တောင်းဆိုလိမ့်မည် မဟုတ်သလို သူမကိုလည်း တစ်ခုခုမလုပ်ရဟု တားဆီးလိမ့်မည်
မဟုတ်ပေ။
သို့သော်
လူတွေက အမှားလုပ်တတ်ပေသည်။ ထို့ကြောင့် သူ၏ မှတ်ဉာဏ်က မှားယွင်းနေခြင်းလည်း ဖြစ်နိုင်သည်။
မသေချာမှုနှင့်
ရင်ဆိုင်ရသည့်အခါ သူက တိုက်ရိုက်မေးရန် ရွေးချယ်လိုက်သည်။
ရုတ်တရက်
မေးခွန်းကြောင့် အငိုက်ဖမ်းခံလိုက်ရသည့် ရှန်းမူမူက မှင်တက်သွားသည်။
"!!!"
သူမ ပြောခဲ့သည့်
အဖြူရောင်မုသားလေးက အရေးပေါ်အခြေအနေကို ဖြေရှင်းရန်အတွက်သာ ဖြစ်ကာ အမှန်တကယ် ချီမော့၏ နားသို့ ပေါက်ကြားသွားလိမ့်မည်ဟု ထင်မှတ်မထားမိခဲ့ပေ။
ထိုအချိန်၌
သူမ၏ အတန်းဖော်များနှင့် ချီရှောင်ပိုင်သာလျှင် ရှိကြပြီး သူမ အတန်းဖော်များက ချီမော့ကို
သွားပြောရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့်
တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ချီရှောင်ပိုင်က တစ်ခုခု ပြောလိုက်ခြင်း ဖြစ်ရပေမည်။
ကျစ်...
စာအုပ်ထဲမှာ
အဖေနဲ့သားက ဆက်သွယ်ပြောဆိုခဲတယ်လို့ ရေးထားခဲ့တာ မဟုတ်ဘူးလား။
ချီမော့က
ဘယ်လိုလုပ် ဒီလို အသေးအဖွဲကိစ္စကိုတောင် သိနေရတာလဲ။
အလင်းရောင်မရှိသော်လည်း
ရှန်းမူမူသည် ချီမော့၏ အကြည့်များက သူမပေါ်တွင် ကျရောက်နေဆဲ ဖြစ်ကြောင်း သတိထားမိပေသည်။
သူ၏ အကြည့်များက
သူမအား မသက်မသာ ဖြစ်စေသည်။
အမျိုးသားက
သူမ၏ တုန့်ပြန်မှုကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
စက္ကန့်များက
တရွေ့ရွေ့ သွားနေခဲ့၏။
ရုတ်တရက်
တိတ်ဆိတ်မှုအတွင်း တိုးလျလျ ဟောက်သံလေး ထွက်ပေါ်လာသည်။
ချီမော့
: "......"
ရှန်းမူမူက
သူမ မျက်လုံးများကို မှိတ်ထားခဲ့သည်။
ပေါ့ပါးကာ
စည်းချက်ကျသည့် ဟောက်သံသေးသေးလေးကို ပြုလုပ်နေခဲ့၏။
အိပ်ချင်ယောင်ဆောင်ခြင်းက
ယခုအချိန်၌ သူမ တွေးနိုင်သည့် အကောင်းဆုံး ဖြေရှင်းချက် ဖြစ်လေသည်။
ဤအချိန်၌
မြင်းရိုင်းများပင် သူမကို နောက်ထပ် စကားတစ်ခွန်း ထွက်လာစေရန် လုပ်နိုင်မည် မဟုတ်ပေ။
ချီမော့၏
အကြည့်များက ရှန်းမူမူ၏ မျက်နှာထက် ကျရောက်နေဆဲ ဖြစ်သည်။
မှိန်ဖျော့ဖျော့
လရောင်အောက်တွင် သူမ၏ နီထွေးထွေးနှုတ်ခမ်းလေးက အနည်းငယ် ပွင့်ဟနေပြီး သူမ နှာခေါင်းလေးက
သေးငယ်ကာ ဖြောင့်စင်းနေ၍ ရှည်လျားသည့် မျက်တောင်လေးများက အနည်းငယ် တုန်ယင်နေသည်။
ချီမော့က
အကူအညီမဲ့နေဟန်ဖြင့် သူ့နှုတ်ခမ်းထောင့်များက ကွေးညွှတ်သွားသည်။ တိတ်ဆိတ်မှုအတွင်း
သူ၏ သံလိုက်ကဲ့သို့ ညှို့ငင်နိုင်သည့် အသံနိမ့်နိမ့်က နောင်တအရိပ်အယောင်တို့နှင့် ထွက်ပေါ်လာသည်။
"မင်း
ဆန္ဒရှိတာ မင်း လုပ်နိုင်ပါတယ်။ ကိုယ် ဘာမှ ကန့်ကွက်မှာ မဟုတ်ဘူး။ မင်းကို ကိုယ့်ရဲ့
ဇနီးအဖြစ် ဟန်ဆောင်ပေးဖို့ ဖိအားပေးခဲ့တာအတွက် တောင်းပန်ပါတယ်။"
သူ့အတွက်
သူတို့၏ မင်္ဂလာမဆောင်ခင် သဘောတူညီချက်က အဆုံးသတ်ရန် ပိုက်ဆံအချို့ လိုအပ်ရုံသာ ဖြစ်သည်။
သို့သော်
သူ့ရှေ့မှ အမျိုးသမီးအတွက် ဤအဖြစ်အပျက်သည် သူမ၏ ဘဝတွင် 'လက်ထပ်ခြင်းနှင့် ကွာရှင်းခြင်း'
ဟူသော အမည်းစက်အဖြစ် ကျန်ရစ်ခဲ့မည် ဖြစ်၏။
ထိုသို့
တွေးမိသည့်အခါ သူက သူမအပေါ် အပြစ်လုပ်မိခဲ့ပုံရသည်။
စကားပြောပြီးနောက်
ချီမော့က ပြန်လှဲချလိုက်သည်။
သူသည်
သူမက သူ့စကားများကို ကြားကြောင်း သိရှိပေသည်။
အမှောင်ထုထဲတွင်
ရှန်းမူမူက အသက်ရှူအောင့်ထားလိုက်ပြီး လုံးလုံးလျားလျား အိပ်မပျော်တော့ပေ။
အပြစ်ပြုမိတာလား။
သူမက
နားမလည်ခဲ့ပေ။
အကယ်၍
ချမ်းချမ်းသာသာ ဘဝမျိုးနှင့် နေထိုင်ရင်း အိမ်ထောင့်တာဝန်များကို ဖြည့်ဆည်းရန် မလိုခြင်းက
အပြစ်ပြုမိခြင်းဟုဆိုပါလျှင် သူမက ထိုကဲ့သို့ အပြစ်ပြုခြင်းမျိုးကို စိတ်မရှိပါချေ။
သူမက
သန်မာပြီး သည်းခံနိုင်စွမ်းလည်း ကောင်းမွန်ပေသည်။
........
ရှန်းမူမူ၏
အတွေးထဲတွင် ချီမော့သည် မနက် သူမ နိုးလာပြီးနောက် သူက အလုပ်ကို သွားနှင့်ပြီး ဖြစ်မည်ဟု
ထင်ခဲ့သည်။
သို့သော်
နောက်တစ်နေ့မနက်တွင် သူမက သမ်းဝေကာ အခန်းထဲမှ ထွက်လာသည့်အချိန်၌ ဗီဒီယိုအစည်းအဝေး လုပ်ပြီးသွားသည့်နောက်
အခန်းထဲမှ ထွက်လာသော အမျိုးသားနှင့် တည့်တည့်တိုးခဲ့သည်။
သူက အနက်ရောင်ရှပ်တစ်ထည်ကို
ဝတ်ဆင်ထားသည်။ ပေါ့ပေါ့ပါးပါး အစည်းအဝေးသာဖြစ်၍ သူက နက်ခ်တိုင် မစည်းထားပေ။
ကြယ်သီးများကို
သပ်သပ်ရပ်ရပ် တပ်ဆင်ထားပြီး အင်္ကျီလက်များကို တစ်ဝက်လောက် ခေါက်တင်ထားကာ ချောမွေ့ကာ
ဖြူဖျော့ပြီး သန်မာသည့် လက်တို့ကို ထုတ်ဖော်ပြထား၏။
သူမ ထွက်လာသည်ကို
မြင်သောအခါ အမျိုးသားက လှမ်းကြည့်လိုက်သည်။
အခုမှ
ထလာ၍ အိပ်ချင်စိတ်မပြယ်သေးသော ရှန်းမူမူကလည်း သမ်းဝေခြင်းကြောင့် စိုစွတ်နေသော မျက်လုံးများဖြင့်
ငေးကြောင်ကြောင် ပြန်ကြည့်လိုက်သည်။ သူမက မျက်တောင်ခတ်ကာ သမင်လေးကဲ့သို့ သန့်ရှင်းစင်ကြယ်သည့်
မျက်လုံးများနှင့် သူ့ကို ကြည့်လိုက်သည်။
သူမက
မျက်လုံးများကို ပွတ်နေရင်း မေးလိုက်၏။ "ရှင် အလုပ်မသွားဘူးလား။"
ချီမော့
: "အင်း၊ ဒီနေ့ အလုပ်သိပ်မများလို့လေ။ အိမ်မှာပဲ လုပ်လိုက်ရင်ရပြီ။"
သူက ပြောနေရင်း
အကြည့်များက သူမ မျက်နှာပေါ် စေ့စေ့စပ်စပ် ကျရောက်နေသည်။
သူမ မျက်နှာထက်တွင်
ဖိအိပ်ခြင်းမှ ဖြစ်ပေါ်လာသည့် အနီရောင်အရာလေးများ ရှိနေပြီး သေချာမနိုးသေးသည့်အတွက်
စိတ်ရှုပ်ထွေးနေသလို အမူအရာက သူမအား သဘာဝအလျောက် ချစ်စရာကောင်းစေသည်။
မနေ့ညက
ဖြစ်ခဲ့သည့် အကြောင်းအရာများကို ပြန်တွေးလိုက်မိပြီး ရှန်းမူမူ၏ နားရွက်လေးများက ရှင်းမပြနိုင်စွာ
နီရဲလာသည်။ သူ၏ ပြင်းထန်၍ လောင်ကျွမ်းလုမတတ် အကြည့်များနှင့် အကြည့်ခံနေရသည့် စက္ကန့်တိုင်းက
သူမ၏ မျက်နှာကို ပူနွေးလာစေ၏။
သူမက
ထွက်သွားရန် ဆင်ခြေရှာချင်နေသည့် အချိန်တွင် အိမ်တော်ထိန်းက အပေါ်ထပ်သို့ တက်လာပြီး
အကြောင်းကြားခဲ့သည်။
"ဆရာ၊
မဒမ် နေ့လယ်စာ အသင့်ဖြစ်ပါပြီ။"
"အမ်း"
ချီမော့က အသိအမှတ်ပြုဟန် အသံပေးလိုက်သည်။
သူက ရှန်းမူမူကို
ကြည့်လိုက်၏။ "မင်း နိုးလာပြီဆိုတော့ အတော်ပဲ။ အတူတူ စားကြရအောင်။"
ရှန်းမူမူက
ထုံထုံထိုင်းထိုင်းနှင့် ခေါင်းညိတ်လိုက်သည်။
သူမက
စကားပြောနိုင်ရန် အစားအသောက်အကြောင်း ခေါင်းစဥ်ရှာသင့်လားဟု စဥ်းစားနေစဥ် အောက်ထပ်မှ
အသံတစ်ခု ကြားလိုက်ရသည်။
အိမ်တော်ထိန်းက
အောက်သို့ ချောင်းကြည့်လိုက်ပြီနောက် ပြုံးလိုက်သည်။ "သခင်လေးလည်း နိုးပါပြီ။"
ယနေ့က
တနင်္ဂနွေဖြစ်ပြီး ကျောင်းပိတ်သည့်အတွက် နေ့လယ်စာက 'မိသားစုတစ်ခုလုံး' အတူ စားသောက်ရန်
ဖြစ်သွားခဲ့သည်။