အပိုင်း ၁၆
Viewers 70

အခန်း (၁၆) ငါ မင်းအဖေအပေါ် မဖောက်ပြန်ဘူး

 

ချီရှောင်ပိုင်က မသိစိတ်အလျောက် မျက်မှောင်ကြုတ်လိုက်သည်။ "ကျွန်တော် သူမနဲ့ တွေ့ဖို့ မစီစဥ်ထားဘူး။"

 

လျှိုကျန်းကျန်းက ဓာတ်ပုံပို့ရန်အတွက် WeChat add ပေးရန် အသည်းအသန် ဖြစ်မနေခဲ့ပါလျှင် သူက သူမကို လုံးဝ add ချင်ခဲ့မည် မဟုတ်ပေ။

 

ချီရှောင်ပိုင်၏ လျင်မြန်သော တုန့်ပြန်မှုက ရှန်းမူမူကို သူ လျှိုကျန်းကျန်းနှင့် ရှင်းလင်းစွာ စည်းတားထားချင်နေသည်ဟူသော ခံစားချက်ကို ပေးစွမ်းနေသည်။

 

ရှန်းမူမူ၏ အကြည့်က သဘောတကျ ဖြစ်လာသည်။

 

မဆိုးဘူး။ ချီရှောင်ပိုင်က အမျိုးသမီးဇာတ်လိုက်နဲ့ မတွေ့ခင်အထိ အဆိပ်ပြင်းတဲ့ ကာရိုက်တာ ဖြစ်နေတုန်းပဲ။

 

သူက သင်​ပေးလို့ ရတယ်။

 

ချီရှောင်ပိုင်က ဓာတ်ပုံကို ပြပြီးနောက် ရှန်းမူမူ မည်သို့တုန့်ပြန်မည်ကို ခန့်မှန်းခဲ့သည်။

 

သူမက အခိုင်အမာ ငြင်းဆန်ခြင်း သို့မဟုတ် သူ့ကို တိတ်တိတ်နေစေချင်ခြင်း ဖြစ်ခဲ့လျှင် သူက ကျိန်းသေ သူ့အဖေကို ပြောပြမည် ဖြစ်သည်။

 

သို့သော် ယခု သူမက ဘာမှအရေးမကြီးသလို ပြုလုပ်နေ၏။

 

၎င်းက သူ့ကို ဇဝေဇဝါ ဖြစ်စေသည်။

 

ချီရှောင်ပိုင်သည် သူ့ကိုယ်သူ သတိမထားမိလိုက်ဘဲ သူ့ မျက်ခုံးထက် စုစည်းနေသည့် အနက်ရောင်တိမ်တိုက်များက ပျက်ပြယ်သွားပုံရသည်။

 

ကြည့်ရသည်မှာ သူ့နှလုံးသားထဲ၌ စိတ်သက်သာရာရသွားပုံ ရပေသည်။

 

သူသည် မသိစိတ်အလျောက် ဤကိစ္စ၌ အထင်လွဲစရာ ရှိနေသလို ခံစားလိုက်ရပေသည်။

 

သူက ရှန်းမူမူကို မိထွေးအနေနှင် အမှန်တကယ် မနှစ်သက်ခဲ့သော်လည်း ဆန့်ကျင်ဘက်အနေနှင့် မိဘဆရာအစည်းအဝေး အဖြစ်အပျက် ပြီးသည့်နောက် ရှန်းမူမူအပေါ် သူ့အမြင်က သိပ်မဆိုးတော့ပေ။

 

သူမက ကျိုးကြောင်းဆီလျော်မှုရှိသည့် လူကြီးတစ်ယောက်ဖြစ်ပြီး လူအများကို မျက်စိမှိတ် ဘက်လိုက်၍ မဆုံးဖြတ်ခဲ့ပေ။

 

တခဏတွေးပြီးနောက် ရှန်းမူမူက ပြောလိုက်သည်။ "အဲဒါဆို ငါတစ်ယောက်တည်း သူမကို သွားတွေ့လိုက်မယ်။ တွေ့ဖို့ ကူညီစီစဥ်ပေးမလား။"

 

ချီရှောင်ပိုင်က ဇဝေဇဝါနှင့် မျက်မှောင်ကြုတ်လိုက်သည်။ "?"

 

သူမ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

 

နှုတ်ပိတ်ဖို့ ပို​က်ဆံပေးမှာလား မဟုတ်ရင် လျှိုကျန်းကျန်းဆီက ဓာတ်ပုံတွေကို စျေးမြင့်မြင့်ပေးပြီး ဝယ်မှာလား။

 

သူက ဤဓာတ်ပုံများကို မြင်ပြီးပြီဖြစ်လေရာ သူမက မည်သည့်အတွက် ထိုသို့ ပြုလုပ်ချင်ရပါသနည်း။

 

ချီရှောင်ပိုင် : "ကျွန်တော် ခင်ဗျားနဲ့ အတူတူ သွားမယ်။"

 

ရှန်းမူမူက ချီရှောင်ပိုင် ဘာတွေးနေသလဲ နားလည်ပေသည်။ သူမက ပြုံးကာ ပြောလိုက်၏။

 

"စိတ်မပူနဲ့။ ငါ မင်းအဖေအပေါ် မဖောက်ပြန်ပါဘူး။"

 

"လတ်တလောမှာ ငါ ပန်းဆိုင်ဖွင့်ဖို့ စီစဥ်နေတာ။ ဓာတ်ပုံထဲကလူက ပန်းအရောင်းချန်နယ်တွေကို ဆက်သွယ်ဖို့အတွက် အကူအညီရအောင် ဒုဥက္ကဋ္ဌသုန်း မိတ်ဆက်ပေးခဲ့တဲ့သူ။ ငါတို့ အဲဒီဟိုတယ်ကို သွားခဲ့တာ အဲဒီဟိုတယ်ရဲ့ နေ့လယ်ခင်းလက်ဖက်ရည်က အရသာရှိလို့လေ။"

 

သူမတွင် ဖောက်ပြန်ရန် အချိန်မရှိသလို အကြောင်းရင်းလည်း မရှိပေ။

 

အခုချိန်၌ သူမက စီးပွားရေးပေါ်တွင်သာ အာရုံစိုက်ချင်သည်။ ပိုက်ဆံက ယောက်ျားများထက် ပို၍ ချစ်ခင်နှစ်သက်ဖွယ် ကောင်းပေသည်။

 

ဘာခံစားချက်လဲ။

 

အဲဒါက သူမ ပိုက်ဆံရှာရန် လုပ်ခြင်းကို အနှောက်အယှက် ဖြစ်စေလိမ့်မည်။

 

သူ၏ သံသယများ ကင်းရှင်းသွားပြီး​ ချီရှောင်ပိုင်က သူ့ လက်ချောင်းလေးများကို ကွေးလိုက်သည်။ သူက ရှန်းမူမူ၏ မျက်လုံးများကို မကြည့်ခဲ့ဘဲ သူ့မေးရိုးက အနည်းငယ် ခိုင်ကျည်နေသည်။

 

"ကျွန်တော်က တစ်ဖက်တည်းက ပြောတဲ့ စကားကို နားမထောင်ချင်လို့ ခင်ဗျားကို လာမေးရုံပါ။ ခင်ဗျားရဲ့ ကိစ္စတွေကို ဝင်စွက်ဖက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။"

 

ဤသည်ကို ကြားသောအခါ ရှန်းမူမူက အပြုံးရေးရေးနှင့် အသိအမှတ်ပြုစွာ ခေါင်းညိတ်လိုက်သည်။

 

ကောင်းတယ်။ ပြဿနာရှိရင် တိုက်ရိုက်မေးဖို့ သိတယ်ဆိုတာ ကောင်းမွန်တဲ့ အကျင့်ပဲ။

 

ဝတ္ထုများထဲ၌ အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်ကြား အထင်လွဲမှု အများကြီး ရှိခဲ့ခြင်းမှာ ကောင်းကောင်း အဆက်အသွယ် မလုပ်ခဲ့သောကြောင့် ဖြစ်သည်။

 

ကံကောင်းစွာနှင့် ဤအနာဂတ်အမျိုးသား ဇာတ်လိုက်၌ ဆက်သွယ်ပြောဆိုနိုင်သည့် စွမ်းရည်ရှိသည်။

 

မဆိုးဘူး။ မဆိုးဘူး။

 

ထင်ထားသလိုပဲ သူမ၏ ဝတ္ထုရွေးချယ် ဖတ်နိုင်သည့် အရသာက မဆိုးလှပေ။ သူမက သူမကိုယ်သူမ လက်မထောင်ပြလိုက်သည်။

 

ချီရှောင်ပိုင်က တိတ်ဆိတ်သွားသည်။ သူက ဘာပြောရမလဲ မသိတော့ပေ။

 

တကယ်ပါပဲ။

 

ဂရုတစိုက်တွေးကြည့်ပြီးနောက် ထိုလူမှာ သူ့အဖေထက် ငယ်ရွယ်သည်မှလွဲ၍ သူ့အဖေနှင့် မည်သည့်နေရာမှ မယှဥ်နိုင်ပေ။

 

ကန်းနေတာသာ မဟုတ်လျှင် သူ့အဖေကို ကျော်ပြီး ထိုလူကို ရွေးချယ်လိမ့်မည် မဟုတ်ပေ။

 

ချီရှောင်ပိုင်က ရုတ်တရက် နောင်တရသလို ခံစားလိုက်ရသည်။

 

သူက ရှန်းမူမူနှင့် ထိုယောက်ျားကြား၌ စက်ဆုပ်ဖွယ်ကိစ္စတစ်ခုခု ရှိနေသည်ဟု မယူဆလိုက်သင့်ပေ။

 

သူ့မျက်နှာက အနည်းငယ် နီရဲနေသည်။

 

ရှန်းမူမူကို သူ၏ ရှက်ရွံ့နေသော ပုံရိပ်ကို မမြင်စေလိုသောကြောင့် သူက သဘာဝမကျစွာနှင့် သူ့ လည်ဂုတ်ကို ပွတ်လိုက်သည်။

 

ချီရှောင်ပိုင်၏ စိတ်ထဲကို ​ဖြတ်မြင်လိုက်သောကြောင့် ရှန်းမူမူက စိတ်ပြေအောင် စကားပြောလိုက်သည်။

 

"မင်း ဒီလို တိုက်ရိုက် မေးတတ်တယ်ဆိုတာ အရမ်းကောင်းတဲ့ အကျင့်ပဲ။ မင်း ငါ့ကို စိတ်မပျက်စေခဲ့ဘူး။ အဲဒါကြောင့် မင်း မကောင်းတာ လုပ်မိသလို၊ မဆိုင်တာ ဝင်ရှုပ်မိသလိုမျိုး ခံစားမိစရာ မလိုဘူး။"

 

"လူကြီးတွေနဲ့ တိုက်ရိုက်ဆက်သွယ်ပြောဆိုတာ ကောင်းတယ်။ အဲဒီလိုပဲ ဆက်လုပ်နော် ကောင်လေး။"

 

ချီရှောင်ပိုင်က ရှန်းမူမူကို ဖြေးညင်းစွာ မော့ကြည့်လိုက်ပြီး ခဏလောက် ဆွံ့အနေခဲ့သည်။

 

သူသည် ရှန်းမူမူက သူ့အား စိတ်ပြေအောင် ချော့မော့ပေးသည်အား အံ့သြနေသည်။

 

သူ့ကို ပို၍ အံ့အားသင့်စေသည်မှာ ရှန်းမူမူက သူ၏ ပုံမှန် အမူအရာများကိုပင် သတိပြုမိသည်ကို ဖြစ်လေသည်။

 

သူ ငယ်ငယ်ကတည်းက အခုချိန်ထိ သူ့အဖေက ထိုကဲ့သို့ အသေးစိတ်အချက်လေးများကို အာရုံမစိုက်ခဲ့ပေ။

 

ချက်ချင်းပင် သူ၏ အပြစ်ရှိစိတ်က ပို၍ အားကောင်းလာသည်။

 

လျှိုကျန်းကျန်း ချီရှောင်ပိုင်ထံမှ မက်ဆေ့ချ်ကို လက်ခံရခဲ့သည့်အခါ သူမက ညနေခင်းစာကျက်ချိန်၌ ဖြစ်လေသည်။

 

"အာ..."

 

ဖုန်းဖန်သားပြင်ပေါ်မှ 'အချိန်' နှင့် 'တည်နေရာ' ကို ကြည့်ပြီး သူမက စိတ်လှုပ်ရှားစွာနှင့် မအော်ဟစ်ဘဲ မနေနိုင်ခဲ့ပေ။

 

သူမက အတန်းဖော်များ၏ အကြည့်တို့ကို ဂရုမစိုက်ဘဲ မက်ဆေ့ချ်ကို အကြောင်းပြန်ရန် ဖွင့်လိုက်သည်။

 

သူမ မျက်နှာထ​က်မှ အပြုံးက အလွန် ကျယ်ပြန့်နေသည်။ 

 

သူမနှင့် ချီရှောင်ပိုင် တွေ့ဆုံရန် သဘောတူခဲ့သည့် ကဖီးမှာ ကျောင်းအပြင်ဘက် ကုန်သွယ်ရေးလမ်း၌ ဖြစ်ပြီး တနင်္ဂနွေည၌ တွေ့ကြမည် ဖြစ်သည်။

 

စီနီယာအစ်မတစ်ယောက်က ထိုကဖီးသည် အလွန်ကောင်းမွန်သော အပြင်အဆင်ရှိပြီး စုံတွဲတော်တော်များများက ထိုနေရာ၌ ချိန်းတွေ့ရသည်ကို သဘောကျသည်ဟု ပြောခဲ့သည်။

 

ညနေခင်းစာကြည့်ချိန်က မပြီးသေးသော်လည်း သူမက နေမကောင်းချင်ယောင်ဆောင်၍ အိမ်သို့ စောစောပြန်လာခဲ့သည်။

 

သူမက အဝတ်အစားများနှင့် လက်ဝတ်လက်စားများ ရွေးချယ်ရန် အချိန်လုံလုံလောက်လောက် လိုချင်ပေသည်။ သို့မှသာ သူမက ဤပိတ်ရက်တွင် ချီရှောင်ပိုင်ရှေ့၌ ကောင်းမွန်သော အသွင်အပြင်နှင့် ပေါ်လာနိုင်မည် ဖြစ်သည်။

 

ဓာတ်ပုံများက ခြေနင်းကျောက်သာ ဖြစ်သည်။

 

သူမသည် နောက်ဆုံး၌ ထိုခြေနင်းကျောက်ကို အသုံးပြု၍ သူမ အိမ်မက်ထဲမှ ကောင်လေးနှင့် နီးစပ်နိုင်တော့မည် ဖြစ်သည်။

 

********

 

ရှန်းမူမူနှင့် ချီရှောင်ပိုင်တို့ အပြင်ထွက်မည့် တနင်္ဂနွေနေ့၌ ချီမော့ အိမ်ပြန်လာမည်ဟု မျှော်လင့်မထားပေ။

 

ရှန်းမူမူက ချီရှောင်ပိုင်၏ အခန်းတံခါးရှေ့တွင် ရပ်နေပြီး တံခါးမခေါက်ဘဲ အော်ခေါ်လိုက်သည်။

 

"မင်း အဆင်သင့်ဖြစ်ပြီလား။ ငါ အဝတ်လဲပြီးပြီ။ ဘာလို့ အဲဒီလောက် နှေးနေရတာလဲ။"

 

ချီရှောင်ပိုင်၏ အသံက အခန်းထဲမှ ရှင်းလင်းစွာ ထွက်ပေါ်လာ၏။ "လာပြီ။"

 

ရှန်းမူမူက လောဆော်လိုက်သည်။ "မြန်မြန်လေး မြန်မြန်လေး။"

 

ဆယ်ကျော်သက်များက အလွန် ပြဿနာများသည်။ သူတို့၏ အိုင်ဒေါလ်ပုံရိပ်ကို သေချာသနေရသည့်အတွက် အလွန် နှေးကွေးကြပေသည်။

 

သိပ်မကြာခင်၌ အခန်းတံခါး ပွင့်လာသည်။

 

ချီရှောင်ပိုင်က ရှန်းမူမူကို တိုက်ရိုက်မကြည့်ဘဲ ပြောလိုက်၏။ "သွားကြမယ်။"

 

ဧည့်ခန်းထဲ၌ သူတို့၏ စကားများအားလုံးကို ကြားလိုက်ရသည့် ချီမော့၏ ကော်ဖီခွက်ကိုင်ထားသော လက်များက တင်းကျပ်သွားသည်။

 

သူတို့ကို လှမ်းကြည့်လိုက်သည့် သူ့အကြည့်တို့က နက်နဲသိမ်မွေ့နေ၏။

 

သူသည် ယခင်က သူမှလွဲ၍ ချီရှောင်ပိုင် အခြားလူများအား စကားပြောသည်ကို မမြင်ဖူးခဲ့ပေ။

 

သို့သော် တစ်လကြာပြီးနောက်၌ ရှန်းမူမူနှင့် ချီရှောင်ပိုင်တို့ ဆက်ဆံရေးက အလွန် သဟဇာတ ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

 

ထို့ထက်ပို၍....

 

ရှန်းမူမူသည် သူနှင့် စကားပြောရသည်ထက် ချီရှောင်ပိုင်နှင့် စကားပြောရသည်က ပို၍ စိတ်အေးလက်သာဖြစ်ပြီး ပေါ့ပေါ့ပါးပါး ရှိသည်။

 

ဧည့်ခန်းကို ဖြတ်လာသည့်အခါ ရှန်းမူမူက ချီမော့ ထိုနေရာ၌ ထိုင်နေသည်ကို မြင်ပြီး အံ့အားသင့်သွားသည်။

 

"အိုး.. ရှင် ဒီနေ့ အလုပ်မသွားဘူးလား။"

 

ချီမော့က ခေါင်းညိတ်လိုက်သည်။ "အင်း ဒါပေမယ့် အစည်းအဝေးတစ်ခု လုပ်စရာရှိတယ်။"

 

ရှန်းမူမူက 'ကျွန်မ သိပြီ' ဟူသော အမူအရာကို ဖော်ပြလိုက်သည်။

 

သူမ၏ ထင်မြင်ချက်အတွင်းတွင် သူက အလုပ်မလုပ်နေလျှင် အလုပ်သွားနေသည့် လမ်း၌ ရှိနေတတ်သူ ဖြစ်သည်။

 

"အပြင်သွားမလို့လား။"

 

ချီမော့က ချီရှောင်ပိုင်ကို ကြည့်လိုက်ပြီးနောက် ရှန်းမူမူကို ကြည့်ကာ မေးလိုက်သည်။

 

ရှန်းမူမူ ပြန်မဖြေနိုင်ခင် ချီရှောင်ပိုင်က အလျင်အမြန် ပြောလိုက်သည်။

 

"အင်း... ကျွန်တော် ဝေကျောက်နန်နဲ့ ဘောလုံးကစားဖို့ ချိန်းထားတာ။ သူမက အပြင်ထွက်ရင်းနဲ့ ကျွန်တော့်ကိုပါ လမ်းကြုံခေါ်သွားပေးမလို့။"

 

ရှန်းမူမူက ခေါင်းလှည့်လိုက်ပြီး ချီရှောင်ပိုင်ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။

 

ကလေး... မင်းရဲ့ အလိမ်အညာက ဘယ်လောက်တောင် သိသာနေလဲ မင်း သိရဲ့လား။

 

ချီရှောင်ပိုင်က ထပ်၍ ပြောလိုက်သည်။

 

"ကျွန်တော် နောက်ကျတော့မှာမို့ သွားတော့မယ်။ တာ့တာ အဖေ။"

 

ရှန်းမူမူပင် သူ့လိမ်နေကြောင်း ပြောနိုင်လျှင် ချီမော့လည်း ကျိန်းသေ ပြောနိုင်ပေသည်။

 

သို့သော် သူက မဖော်ထုတ်ဘဲ ခပ်တိုးတိုးရယ်လိုက်သည်။

 

"အင်း.. သွားပါ။"

 

.......

 

ရှန်းမူမူနှင့် ချီရှောင်ပိုင်တို့က ကားထဲသို့ ဝင်သွားခဲ့သည်။

 

ချီရှောင်ပိုင်၏ စိတ်သက်သာရာရသွားသည့်ပုံကို မြင်သောအခါ သူမက ကားစက်နှိုးနေရင်း မနေနိုင်ဘဲ ရယ်မောလိုက်သည်။

 

"ကလေး မင်းက လိမ်တာ မတော်ဘူးပဲ။ နောက်တစ်ခါ အဲဒီလိုမလုပ်နဲ့။"

 

ချီရှောင်ပိုင်က မေးခွန်းထုတ်နေသလို အမူအရာနှင့် သူမကို လှည့်ကြည့်လိုက်သည်။

 

ရှန်းမူမူ၏ နှုတ်ခမ်းတို့က မျဥ်းဖြောင့်သဏ္ဌာန် ဖိပိတ်သွားပြီး ခေါင်းယမ်းလိုက်သည်။ "တစ်ချက်ကြည့်ရုံနဲ့ သိသာတယ်။"

 

ချီရှောင်ပိုင် : "အဲဒီလောက်တောင် သိသာတာလား။"

 

သူက ဓာတ်ပုံကိစ္စကို သူ့အဖေအား မသိစေချင်သောကြောင့် လိမ်ညာစကားလေး အနည်းငယ် ပြောခဲ့ခြင်း ​ဖြစ်သည်။

 

"အင်း.... ဘယ်လိုပြောရမလဲ။" ရှန်းမူမူက ​ဖော်ပြစရာ စကားရှာနေခဲ့သည်။ "မူလတန်းကလေးလေးက အိမ်စာမေ့လာလို့ ဆရာမကို ညာရင်တောင် မင်းထက် သရုပ်ဆောင်ကောင်းဦးမယ်။"

 

ထိုနှိုင်းယှဥ်ချက်က စော်ကားမော်ကား ပြောခြင်းမျိုး ဖြစ်သော်လည်း ရယ်ရပေသည်။

 

ချီရှောင်ပိုင် မနေနိုင်တော့ဘဲ မျက်လုံးလှိမ့်ရင်း ရယ်မောလိုက်သည်။ "ခင်ဗျား ဒီထက်ပိုပြီး ပုံကြီးချဲ့ ​ပြောလို့ရပါသေးတယ်။"

 

ရှန်းမူမူက သူ့ကို 'ယုံချင်ယုံ မယုံချင်နေ' ဟူသည့် အကြည့်တစ်ချက် ပေးလိုက်သည်။ သူမက ကားစတင်မောင်းထွက်လိုက်သည်။

 

အဖြူရောင် Lamborghini က စတင်ထွက်ခွာသွားခဲ့၏။

 

ကားပေါ်ရှိ အခြေအနေက ချီရှောင်ပိုင် တွေးထားသည်ထက် ပို၍ သက်သောင့်သက်သာ ရှိပေသည်။

 

သူသည် သူ့မိထွေး ရှန်းမူမူနှင့် ပထမဆုံးအကြိမ် အပြင်ထွက်ခြင်းက ကိုးရို့ကားယားနိုင်လိမ့်မည်ဟု တွေးထင်ထားခဲ့သည်။

 

သို့သော် လုံးဝ ကိုးရို့ကားယား ​မဖြစ်ခဲ့ပေ။

 

သူတို့နှစ်ယောက်က စကားအများကြိး မပြောခဲ့ပေ။ ရံဖန်ရံခါ၌ ရှန်းမူမူက သူ့ကို ဤမြို့အတွင်း ကောင်းမွန်သည့် စားသောက်ဆိုင်များအကြောင်း မေးလိမ့်မည် ဖြစ်ပြီး သူက သူ့အကြိုက်ပေါ် အခြေခံ၍ တစ်ဆိုင်နှစ်ဆိုင်လောက် ညွှန်းပေးလိမ့်မည် ဖြစ်သည်။

 

လေထုအခြေအနေက သဟဇာတ ဖြစ်နေပြီး သူတို့က လျှိုကျန်းကျန်းနှင့် သွားတွေ့ခြင်း မဟုတ်ဘဲ ကားမောင်းထွက်လာကြသကဲ့သို့ပင်။

 

အလွန် ထူးဆန်းလှပေသည်။