အပိုင်း ၁၇
Viewers 87

အခန်း (၁၇) လျှိုကျန်းကျန်း

 

ကော်ဖီဆိုင်အတွင်းတွင်..

 

လျှိုကျန်းကျန်းက စောစောစီးစီး ရောက်ရှိနေ၏။

 

သူမသည် ဆိုင်ထဲ ဝင်လာလာချင်း ညာဘက်အခြမ်းမှ ပြတင်းပေါက်နားရှိ စားပွဲကို ရွေးချယ်ထားသည်။

 

သူမက ချီရှောင်ပိုင် ဝင်လာသည့်အခါ အကြည့်တစ်ချက်နှင့် သူမကို တွေ့သွားရန် မျှော်လင့်နေသည်။

 

ချိန်းထားသည့်အချိန် မရောက်ခင် အချိန်ကျန်နေဆဲ ဖြစ်သည့်အတွက် သူမက အိတ်ထဲမှ မှန်တစ်ချပ်ထုတ်ကာ မိတ်ကပ်ကို စစ်ဆေးလိုက်သည်။

 

အင်း... ကောင်းတယ်။

 

သဘာဝဆန်ပြီး မိတ်ကပ်မလိမ်းထားသလို ပုံစံနဲ့ သူမရဲ့ အသားအရေကလည်း ကောင်းမွန်ပေသည်။

 

ယနေ့ သူမက အပြာရောင်ဖျော့ဖျော့ ပွင့်ရိုက်ဂါဝန်တစ်ထည်ကို ထားဆင်ထားသည်။

 

ထိုဂါဝန်မှာ မနှစ်က မွေးနေ့၌ တွန့်တွန့်ဆုတ်ဆုတ်ဖြင့် ယွမ်နှစ်ထောင်သုံး၍ ဝယ်ထားခြင်းဖြစ်ပြီး သူမ၏ ဘီရိုထဲရှိ စျေးအကြီးဆုံး အဝတ်အစားဖြစ်ကာ အရေးကြီးသည့် ပွဲများရှိမှသာ ထုတ်ဝတ်မည့် 'တိုက်ပွဲဝင်ဂါဝန်' ဖြစ်သည်။

 

လည်ပင်းက အလွန် လက်ရာမြောက်စွာ ဒီဇိုင်းဆွဲထားပြီး အနည်းငယ် ဗွီသဏ္ဌာန်ပေါ်နေသည်က သူမ၏ ပုံရိပ်ကို ရင်သပ်ရှုမောဖွယ်ဖြစ်အောင် အထောက်အကူ ပေးနေသည်။

 

သူမက ထိုဂါဝန်နှင့် လိုက်ဖက်သော လည်ဆွဲ၊ လက်ကောက်နှင့် နားဆွဲများကို အထူးတလည် ရွေးချယ် ဝတ်ဆင်ခဲ့သည်။

 

ပုံမှန်အားဖြင့် ကျောင်း၌ ခွင့်မပြုသောကြောင့် သူမက လက်ဝတ်ရတနာများ မဝတ်ဆင်ရဘဲ ယနေ့ ဝတ်ဆင်လာခြင်းမှာ ချီရှောင်ပိုင်၏ မျက်လုံးများထဲ၌ သူမ၏ အလှပဆုံးပုံရိပ်ကို ပြသချင်၍ ဖြစ်သည်။

 

ကြမ်းပြင်မှ မျက်နှာကြက်အထိ ရှိသော မှန်ပြတင်းမှဖြတ်၍ လျှိုကျန်းကျန်းသည် အဖြူရောင်  Lamborghini တစ်စီးက ကော်ဖီဆိုင်၏ အဝင်နားတွင် ရပ်တန့်လာသည်ကို မြင်လိုက်ရသည်။

 

သူမက ပျော်ရွှင်သွား၏။

 

ထိုမျှ အမိုက်စားလိုင်စင်နံပါတ်နှင့် ထိုမျှ စျေးကြီးလှသည့် ဇိမ်ခံကားမှာ ချီမိသားစုမှ ဖြစ်ရပေမည်။

 

သူမသည် ချီရှောင်ပိုင်က ဤဒိတ်ကို ထိုမျှ အရေးတကြီး သဘောထား၍ ကိုယ်တိုင် ကားမောင်းလာမည်ဟု ထင်မှတ်မထားခဲ့ပေ။

 

သူမသည် ကော်ဖီသောက်ပြီးနောက် Lover Seat ၌ ထိုင်ကာ သူနှင့်အတူ ကားပတ်စီးနိုင်မည်ဟုပင် စိတ်ကူးယဥ်မိလိုက်သည်။

 

ထိုကဲ့သို့ တွေးမိရုံနှင့် သူမအား ရှက်သွေးဖြာလာစေသည်။

 

ဘေးဘက်ထိုင်ခုံတံခါး ပွင့်လာပြီး ချီရှောင်ပိုင် ထွက်လာ၏။

 

သူက အနက်ရောင်တီရှပ်ကို မီးခိုးရောင် အားကစားဘောင်းဘီနှင့် တွဲ၍ ဝတ်ဆင်ထားသည်။ ထိုမျှ ရိုးရှင်းသည့် ဝတ်စုံနှင့်ပင် ငယ်ရွယ်လွတ်လပ်သော အသွင်နှင့် မယုံနိုင်လောက်အောင် ဆွဲဆောင်မှုရှိနေသည်။ သူ့မျက်လုံးမျက်ခုံးများ၌ ဂျစ်ကန်ကန် အရိပ်အယောင်တို့ ရှိနေခဲ့သည်။

 

ထို့နောက်တွင် ရှန်းမူမူက ကားတံခါးကို ဖွင့်ကာ ဆင်းလာခဲ့သည်။

 

ကားမောင်းသူဘက်ခြမ်းမှာ နံရံနှင့် နီးကပ်သွားပြီး နေရာကျဥ်းကျဥ်းသာ ကျန်သည့်အတွက် သူမက အိတ်ကို အရင်ကမ်းပေးလိုက်ရင်း ချီရှောင်ပိုင်အား သဘာဝကျကျ ပြောလိုက်သည်။

 

"ချီရှောင်ပိုင် ငါ့ အိတ်ကို ကိုင်ဖို့ ကူပေးပါဦး။ တံခါးက ဖွင့်ရခက်နေလို့။"

 

ချီရှောင်ပိုင်က စက္ကန့်ဝက်လောက် ကြောင်အသွားပေမယ့် သူ့ခန္ဓာကိုယ်က ဦးနှောက်ထက် လျင်မြန်စွာ တုန့်ပြန်ကာ ရှန်းမူမူ၏ အိတ်ကို ကိုင်ပေးလိုက်သည်။

 

ရှန်းမူမူက ကားထဲမှ ချောချောမွေ့မွေ့ ထွက်လာပြီးနောက် ကားတံခါးပိတ်၍ သူမ အိတ်ကို ပြန်ယူကာ ပြောလိုက်သည်။ "ကျေးဇူးပါ။"

 

ဤမြင်ကွင်းက လျှိုကျန်းကျန်း၏ မျက်လုံးများကို ပြူးကျယ်သွားစေခဲ့သည်။

 

သူမသည် ချီရှောင်ပိုင်နှင့် ရှန်းမူမူတို့ သူမ ရှေ့တွင် ဝင်ထိုင်လိုက်သည်အထိ ဘာတွေ​ဖြစ်နေလဲမသိဘဲ ထိတ်လန့်နေဆဲ ဖြစ်သည်။

 

စားပွဲဝိုင်း၌ ရှန်းမူမူတစ်ယောက်သာ အရွယ်ရောက်သူ ဖြစ်သည်။ အထက်တန်း ကျောင်းသားနှစ်ယောက်နှင့် ယှဥ်လျှင် သူမက ပို၍ တည်ငြိမ်အေးဆေးနေသည်။

 

သူမက ထိုင်ပြီးပြီးချင်း ဝိတ်တာကို ခေါ်လိုက်သည်။

 

"Iced latte တစ်ခွက်။" သူမက ချီရှောင်ပိုင်နှင့် လျှိုကျန်းကျန်းကို ကြည့်ကာ သာမန်ကာလျှံကာ မေးလိုက်သည်။ "မင်းတို့ ဘာသောက်ကြမလဲ။"

 

ချီရှောင်ပိုင် : "ရေခဲရေ"

 

လျှိုကျန်းကျန်းက ရှန်းမူမူ၏ အရှိန်အဝါကြောင့် ခြိမ်းခြောက်ခံလိုက်ရသည်။ ထိုလျှို့ဝှက်ရိုက်ကူးထားသည့် ဓာတ်ပုံများကြောင့် ရောက်လာခဲ့ခြင်းဖြစ်မည်ကို စိုးရိမ်နေကာ သူမ၏ တုန့်ပြန်မှုက အတော်လေး နှေးကွေးနေသည်။

 

".... လိမ္မော်ဂျူ့စ် ကျေးဇူးပါ အန်တီ။"

 

ရှန်းမူမူက ဝိတ်တာကို ပြောလိုက်သည်။ "ရေခဲရေတစ်ခွက်၊ လိမ္မော်ဂျူ့စ်တစ်ခွက်၊ ဝေဖာနဲ့ အကြော်တချို့ ချပေး။" (အာလူးချောင်းကြော်လိုမျိုး)

 

မကြာခင်၌ ဝိတ်တာက သူတို့၏ အော်ဒါကို ယူလာခဲ့ပေးသည်။

 

ရှန်းမူမူက အလျင်လိုခြင်း မရှိပေ။

 

သူမက ပူနွေး​ကြွပ်ရွနေသည့် အကြော်တချို့ကို စားသောက်နေသည်။ အစားသောင်းကျန်းသူတစ်ယောက်အနေဖြင့် သူမသည် အကြော်များ အေး၍ ပျော့သွားမည်ကို ကြည့်မနေနိုင်ပေ။

 

သူမ မည်မျှ တည်ငြိမ်နေသည်ကို မြင်သည့်အခါ လျှိုကျန်းကျန်းက ထိုင်မနေနိုင်တော့ဘဲ တိတ်ဆိတ်မှုကို အရင်ဆုံး စတင်ဖြိုခွဲလိုက်သည်။

 

"အန်တီ၊ တောင်းပန်ပါတယ်။ ကျွန်မ ရှင့်ရဲ့ ဓာတ်ပုံတွေကို တိတ်တိတ်လေး ခိုးရိုက်ထားဖို့ မရည်ရွယ်ပါဘူး။"

 

"အိုး အဲဒီလိုလား။" ရှန်းမူမူက တစ်ချက်လှမ်းကြည့်လိုက်ပြီး သူမ မျက်လုံးများထဲ၌ ရှားပါးသည့် ထက်ရှမှုတို့ ဖြတ်ပြေးသွားသည်။ ထို့နောက် သူမက ပြုံးရင်း ပြောလိုက်၏။ "ငါက ချီရှောင်ပိုင်လိုမျိုး အရူးလုပ်ရမလွယ်ကူဘူး ကလေးမ။"

 

ငါက မင်းထက် ဆယ့်တစ်နှစ်ကြီးတယ်။ ငါ မသိဘူး မထင်လိုက်နဲ့။ မင်းလို အကွက်ချတတ်တဲ့ မိန်းကလေးမျိုး မရေတွက်နိုင်အောင် မြင်ဖူးတယ်။

 

ထိုသည်ကို ကြားသည့်အခါ ဘေးတွင် ထိုင်နေသည့် ချီရှောင်ပိုင်က တောင့်တင်းသွားခဲ့သည်။ :  "..."

 

သူက စောင်းပြောခံလိုက်ရသလို ခံစားလိုက်ရသည်။

 

သူက အရူးလုပ်ဖို့ လွယ်တယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ။

 

သူက အရမ်း ဉာဏ်ကောင်းပါတယ်နော် ဟုတ်ပြီလား။

 

လျှိုကျန်းကျန်းက အစွပ်စွဲခံရသလို နစ်နာသည့်ဟန်ဖြင့် ချီရှောင်ပိုင်ကို လှမ်းကြည့်လိုက်သည်။ သူက သူမအတွက် စကားပြောပေးရန် မကြိုးစားသလို တစ်ချက်ပင် လှမ်းမကြည့်သည်ကို မြင်သောအခါ သူမက မျက်မှောင်ကြုတ်လိုက်ရင်း တစ်ခုခု တွေးလိုက်သည်။

 

လျှိုကျန်းကျန်းက စဥ်းစားလိုက်၏။ ချီ​ရှောင်ပိုင်က သူ့မိထွေးကို ကြောက်နေခြင်း ဖြစ်ရပေမည်။ ထို့ကြောင့်သာ သူက ဘာမှမပြောခြင်း ဖြစ်နိုင်သည်။

 

ကားထဲမှ ထွက်လာသည့်အချိန်၌ ချီရှောင်ပိုင်က ရှန်းမူမူ၏ အိတ်ကို ကူညီကာ ကိုင်ပေးသည့် မြင်ကွင်းကို ပြန်တွေးလိုက်ရင်း သူမ အတွေးက မှန်သည်ဟု ပိုမို ထင်မှတ်လာသည်။

 

သူက သူ၏ အဆိပ်ပြင်းသော မိထွေးကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ရန် ဆန္ဒမရှိသည့်အတွက် သူမက သူ့အစား လုပ်ပေးရပေလိမ့်မည်။

 

လျှိုကျန်းကျန်းက သူမ၏ အပြုအမူများမှတဆင့် သူမက သူ့ဘက်တွင် အမြဲ ရပ်တည်ပေးနေသည်ကို ပြသရမည်ဟု ဆုံးဖြတ်ပေးလိုက်သည်။

 

"အန်တီ ကျွန်မ ဒီဓာတ်ပုံတွေကို ရိုက်ခဲ့တယ်ဆိုတာ ရှောင်ပိုင်ကို စိတ်ပူလို့ပါ။ အခု အန်တီ သိသွားပြီဆိုတော့ အခုကစပြီး နောက်ပိုင်းမှာ ​ရှောင်ပိုင်အတွက် ခက်ခဲစေတာတွေ မလုပ်ဖို့ မျှော်လင့်ပါတယ်။ ရှောင်ပိုင်ကို ကောင်းကောင်း ဆက်ဆံပေးပါ။ ကျွန်မ အဲဒီဓာတ်ပုံတွေအကြောင်း ဘယ်သူ့ကိုမှ မပြောဘူးလို့ ကတိပေးပါတယ်။"

 

ချီရှောင်ပိုင်က ကြက်သီးမွေးညှင်းများထလာသည်ကို ခံစားလိုက်ရသည်။

 

???

 

သူ့ကို အဲဒီလို ခေါ်ဖို့ သူမကို ဘယ်သူ ခွင့်ပြုပေးလိုက်တာလဲ။

 

ရှန်းမူမူသည်လည်း ဇဝေဇဝါ ဖြစ်သွားသည်။ 'ထပ်ပြီး ခက်ခဲစေမယ့် ကိစ္စတွေ မလုပ်ပါနဲ့' ဆိုတာ ဘာကို ဆိုလိုတာလဲ။

 

သူမ ဘယ်တုန်းက ချီရှောင်ပိုင်ကို ခက်ခဲအောင် လုပ်လိုက်မိလို့လဲ။

 

ကျေးဇူးပြုပြီးတော့ မိထွေးဖြစ်တိုင်း အရမ်း ဆိုးရွားနေသလို မတွေးကြပါနဲ့လား။

 

ဒီမိန်းကလေးက မိသားစုဒရာမာတွေ အများကြီး ကြည့်ထားခြင်း ဖြစ်ရပေမည်။

 

ထိုစကားများကို ပြောပြီးနောက် လျှိုကျန်းကျန်းက ရှန်းမူမူ၏ အရှိန်အဝါကို မရှုံးနိမ့်ချင်သည့်အတွက် ပြန်စိုက်ကြည့်နေခဲ့သည်။

 

သူမ လက်ထဲ၌ ဓာတ်ပုံများ ရှိသည်။ ပုံမှန်အားဖြင့် တစ်ဖက်လူကမှ သူမကို ကြောက်သင့်တာ မဟုတ်ဘူးလား။

 

မျက်လုံးချင်းဆုံသွားစဥ် လျှိုကျန်းကျန်းသည် ရှန်းမူမူ၏ ယနေ့ ဝတ်စုံအား သတိပြုမိလိုက်သည်။

 

ရှန်းမူမူ ဝတ်ထားသည့် ချီဖောင်အပေါ်ထပ်အင်္ကျီသည် ပြီးခဲ့သည့်အပတ် မဂ္ဂဇင်းထဲ၌ သူမ မြင်ဖူးခဲ့သည့် အဝတ်အစား ဖြစ်လေသည်။ ၎င်းက ဒီဇိုင်နာ၏ လက်ရှိကော်လက်ရှင် ​ဖြစ်ကာ အစုံရေ အကန့်အသတ်ရှိပြီး ယွမ်ရှစ်သောင်းလောက် ကျသင့်ပေသည်။

 

လျှိုကျန်းကျန်းက ရှန်းမူမူ၏ ဘေးသိုင်းအိတ်ကိုလည်း သတိပြုမိသည်။ ထိုအိတ်တစ်အိတ်ထဲနှင့်ပင် ဂဏန်းခြောက်လုံး တန်ပေသည်။

 

လျှိုကျန်းကျန်းက အရွယ်ရောက်ပြီးသည့် အမျိုးသမီးတစ်ယောက်နှင့် အဝတ်အစား အသုံးအဆောင်များကို မယှဥ်သင့်မှန်း သိသော်လည်း နှလုံးသားထဲ၌ ချဥ်စုတ်နေမှုကို ခံစားလိုက်ရကာ လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။

 

ရုတ်တရက် သူမ၏ အပြာရောင်ဂါဝန်က နှိုင်းယှဥ်ရန် သိမ်နုပ်နေသလို ခံစားလိုက်ရ၏။

 

ထို့နောက် ထိုချဥ်စုတ်နေမှုက အထင်အမြင်သေးခြင်းအဖြစ် ပြောင်းလဲသွားပေသည်။

 

ဟမ့်... မိထွေးအဖြစ်ခံပြီး မစ္စချီဖြစ်လာလို့သာ ဒီလောက် စျေးကြီးတဲ့ အဝတ်အစားမျိုး ဝတ်နိုင်တာမလား

 

သူမသာ ချီရှောင်ပိုင်ရဲ့ နှလုံးသားကို အနိုင်ရပြီး ချီမိသားစုထဲကို လက်ထပ်ဝင်လာကြည့်ပါလား။ သူမမှာလည်း အဲဒီလို အဝတ်အစားတွေ၊ အိတ်တွေနဲ့ လက်ဝတ်ရတနာတွေ ရှိလာလိမ့်မယ်။

 

ရှန်းမူမူက တည်ငြိမ်စွာ ပြုံးလိုက်သည်။

 

သူမထက် အတော်လေး ငယ်ရွယ်သည့် မိန်းကလေးတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ သူမက အမှန်တကယ် တိုက်ပွဲဝင်ရန် ဆန္ဒမရှိခဲ့ပေ။

 

သူမက အိတ်ကို ဖွင့်ကာ သူမ ဖုန်းနှင့် ပရင့်ထုတ်ထားသည့် စာရွက်တချို့ ထုတ်ယူလိုက်သည်။

 

ထို့နောက် သူမက ဖုန်းကို အကြိမ်ရေအနည်းငယ်လောက် ထိလိုက်ပြီး လျှိုကျန်းကျန်း ရှေ့သို့ ပို့လိုက်သည်။

 

"ကလေးမ ဒီဗီဒီယိုထဲက လူက မင်း ဟုတ်တယ်မလား။"

 

ထိုသည်ကို ကြားသည့်အခါ လျှိုကျန်းကျန်း၏ နှလုံးသားက ခုန်ပေါက်လာကာ ၎င်းကို ​ငုံ့ကြည့်လိုက်ပြီး မျက်လုံးများထဲ ထိတ်လန့်မှုတို့ ပေါ်လာသည်။

 

ဗီဒီယိုက သူမ မျက်နှာကို ကြောက်ရွံ့မှုဖြင့် ဖြူဖျော့သွားစေသည်။

 

ထိုသည်မှာ ထိုနေ့က ချီအိမ်တော်၌ သူမက ချီရှောင်ပိုင်၏ ခွက်ထဲသို့ တစ်စုံတစ်ခု လျှို့ဝှက်စွာ ထည့်လိုက်သည့် မြင်ကွင်း ဖြစ်သည်။

 

သူမသည် ထိုအခိုက်အတန့်ကို ရိုက်ကူးခံရပြီး သက်သေကျန်ခဲ့လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

 

ထို့ပြင် ထိုဗီဒိယိုကို လက်ဝယ်ပိုင်ဆိုင်ထားသူက ချီရှောင်ပိုင် ၏ မိထွေး ဖြစ်နေသေးသည်။

 

လျှိုကျန်းကျန်း၏ ထိတ်လန့်တကြား ဖြူဖျော့သွားသည်ကို မြင်သော်လည်း ရှန်းမူမူက အလျှော့ပေးရန် ရည်ရွယ်ချက် မရှိပေ။

 

တစ်စုံတစ်ယောက်၏ မျက်နှာကို ဤကဲ့သို့ ဖြတ်ရိုက်ရသည့် ခံစားချက်က အလွန် စိတ်ကျေနပ်ဖွယ် ကောင်းလှသည်။

 

ယခုမှ သူမသည် TV ဒရာမာများထဲ၌ အမျိုးသမီးဇာတ်လိုက်များသည် နားလည်မှုလွဲစရာတွေ အများကြီးဖြစ်ပြီးမှ တစ်ခါတည်း ဖြေရှင်းရသလဲဆိုတာကို အပြည့်အဝ နားလည်တော့သည်။

 

ထိုခံစားချက်က အလွန် ကောင်းမွန်ပေသည်။

 

ရှန်းမူမူက သူမ၏ လက်ဖြင့် ပရင့်ထုတ်ထားသည့် စာရွက်များအား ပေါ့ပေါ့ပါးပါး ထိလိုက်ပြီး လျှိုကျန်းကျန်းရှေ့၌ ဖြန့်ထားလိုက်သည်။ 

 

ကံကောင်းစွာနှင့် ရှန်းမူမူက ရှေ့ရေး ကြိုတွေးတတ်ပြီး လျှိုကျန်းကျန်း၏ အကြံအစည်ကို သိလိုက်သည်နှင့် ဗီဒီယိုကို ချက်ချင်း ကူးထားလိုက်သည်။ သို့မှသာ နောက်ပိုင်း၌ ရှင်းရှင်းလင်းလင်း ဖြေရှင်းနိုင်မည် ဖြစ်သည်။

 

သူမက နောက်ပိုင်းတွင် တစ်စုံတစ်ယောက်က ငြင်းဆန်မည်ကို စိုးရိမ်သောကြောင့် ထိုသောက်စရာကို စစ်ဆေးထားသည့် အကြောင်းအရာကိုပါ အထူးတလည် ပြင်ဆင်ထားသည်။

 

ရှန်းမူမူက ပြောလိုက်သည်။ "မင်းက အဲဒီသောက်စရာထဲကို ဘာထည့်ခဲ့လဲဆိုတာ ငါ့ထက်ပိုပြီး သိသင့်တယ်။ ဒီပြဿနာသာ ကျောင်းအထိ ရောက်သွားခဲ့ရင်...."

 

'ကျောင်း' ဟူသော စကားလုံးကို ကြားသည့်အခါ လျှိုကျန်းကျန်း၏ စိတ်က ဆူညံစွာ ပေါက်ကွဲထွက်သွားသည်။

 

သူမ​က ကျန်သည့် စကားလုံးများကို မကြားတော့ပေ။ သူမ၏ တစ်ကိုယ်လုံး အကြောက်တရားများဖြင့် ပြည့်နှက်လာသည်။

 

ကံကောင်းစွာနှင့် သူမက ထိုင်နေခဲ့ရပေသည်။ သူမသာ မတ်တပ်ရပ်နေခဲ့လျှင် ခြေထောက်များ ပျော့ခွေပြီး လဲကျသွားလိမ့်မည် ဖြစ်လေသည်။