Chapter 14
Viewers 3k

🐹 Chapter 14

ညလယ်ခေါင်မှာ မြွေကြီးကိုတက်နင်းမိတယ်



မမျှော်လင့်ထားစွာပင် မြွေကြီးက ဖားများကို မစားချေ။။ ရှုရှုက အက်ဂါကို နားမလည်နိုင်သလို ကြည့်နေမိသည်။ သေချာစဥ်းစားကြည့်ပြီးနောက် မြွေကြီးက ဖားများကို မဖမ်းနိုင်၍ဖြစ်မည်ဟု ကောက်ချက်ချလိုက်သည်။ 


တကယ်တမ်း၌ မြွေကြီးက ပြင်းထန်သောဒဏ်ရာအမြောက်အများကိုရထားရာ မလှုပ်နိုင်၍ဖြစ်နိုင်၏။ မတိုင်မီကလည်း သူမြွေကြီးကို မေးခွန်းတစ်ခုမေးတိုင်း အမြှီးကိုသုံး၌သာ ညွှန်ပြခဲ့ပေသည်။


ရှုရှုက မြွေကြီးကို သနားသလိုကြည့်လိုက်သည်။ ဖားတစ်ကောင်ကိုဖမ်းကာ ခြေထောက်များကိုချိုးပြီးနောက် မြွေကြီး၏ပါးစပ်နားသို့ ပစ်ပေးလိုက်လေ၏။

"မြွေကြီး ဖားစားလေ..."


အက်ဂါက ခေါင်းဘေး၌ ထွန့်ထွန့်လူးနေသော သေးသေးသွယ်သွယ်ဖားလေးကို ပျင်းရိပျင်းတွဲကြည့်လိုက်သည်။ ထို့နောက် သူ့ခေါင်းကို ၎င်းနှင့်ဝေးရာသို့ ရွှေ့သွားလေသည်။ 


အက်ဂါ၏အပြုအမူကြောင့် ရှုရှုမှာ လန့်ပြီးထခုန်မိပြန်သည်။ သူက ခြေလှမ်းအနည်းငယ်မျှ နောက်ဆုတ်ကာ ဂူကြီး၏နံရံကို မှီထားလိုက်ပြီးနောက် မြွေကြီးက ဖားနှင့်အဝေးတွင် နေချင်၍ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ မြွေကြီးထံမှ တိုက်ခိုက်ခြင်းမခံရမှ သူ့ခမျာ အသက်ရှူရချောင်တော့၏။


သို့သော်လည်း ကိုယ့်တပည့်ကို ကြောက်နေရသည်က တကယ်ကို ရှက်စရာပင်ဖြစ်လေ၏။ ရှုရှုက ဂူဘေးမှတစ်ခုခုကို ယူသလိုဟန်ဆောင်လိုက်သည်။ သူကခြေထောက်ဘေးမှဖားကိုဆွဲလိုက်ပြီး သူ့ကိုယ်သူတည်ငြိမ်သွားစေရန် စကားစပြောလိုက်သည်။


"မင်းက ဖားမကြိုက်ဘူးပဲ… ဘာလို့ ဖားကိုမစားတာလဲ..."


"အစားရွေးတာက မကောင်းဘူး…မင်းကလေ ကျွေးမွေးရအရမ်းခက်တာပဲသိလား..."


"ဘာပဲဖြစ်ဖြစ် ငါက အမဲလိုက်တတ်တာမဟုတ်ဘူး… ငါ ဖားတွေဖမ်းတတ်လို့ တော်သေးတာပေါ့၊ မင်းဘာစားချင်သေးလဲ..."


"မင်းမစားရင် ငါမင်းကို သေတဲ့အထိ အငတ်ထားမယ်..."


......


မြွေကြီးက သူ့စကားများကို နားမလည်နိုင်သည်အား သိသော်လည်း ရှုရှုကမူ စိတ်ရင်းမှန်ဖြင့် ပညာပေးနေဆဲဖြစ်သည်။ သူက မြွေကြီးကို အမှန်ပင်ကြောက်သဖြင့် သင်ပေးနေချိန်တွင် မြွေကြီးကို မကြည့်ရဲပေ။


သူက ဘေးတွင် ထွက်ပြေးနေသောဖားများကိုကောက်လိုက်ပြီး ၎င်းတို့ကိုသတ်ရန် ဂူအဝသို့သွားလိုက်သည်။ 


ရှုရှုက ရေကန်ဘေးသို့သွားချင်စိတ် ရှိမနေပေ။ ဖားများကိုသတ်ပြီးသည့်အခါ ခေါင်းနှင့်ကလီစာများကို အနားမှရွှံ့တောထဲတွင်မြုပ်ပစ်လိုက်သည်။ ထို့နောက် ဖားအသားများကို ဂူထဲသို့ပြန်ယူလာပြီးနောက် ကိုယ်တိုင်လုပ်ထားသော သစ်သားရေဇလုံထဲသို့ ထည့်ဆေးလိုက်သည်။ 


ဤနေရာမှဖားများက ရှုရှု ယခင်ကတွေ့ခဲ့ဖူးသောဖားများထက်ပိုကြီး၏။ တစ်ကောင်ချင်းစီ၏အရွယ်အစားများက လက်ဖဝါးအရွယ်ခန့်ရှိပြီး အသားလည်းများလေသည်။ ရှုရှုက ဖားအသားများကိုဆေးပြီးသည့်နောက် ဗိုက်ဆာလွန်း၍ အစိမ်းအတိုင်းကို အနည်းငယ်မျှ စားချင်လာလေ၏။ သေချာသည်က သူ ထိုသို့မလုပ်နိုင်ပေ။ 


သို့ရာတွင် သူက ဖားများကို မည်သို့ချက်ပြုတ်ရမည်အား မသိ၍ ၎င်းက အဓိကပြဿနာဖြစ်နေသည်။


တခဏမျှစဥ်းစားပြီးနောက် ရှုရှုက အသားခြောက်လုပ်ဖူးသော ကျောက်ပြားကိုထုတ်လိုက်သည်။ သူက ဤကျောက်ပြားဖြင့် အသားခြောက်များကိုလုပ်ဖူးသောကြောင့် အပေါ်ယံမျက်နှာပြင်က ဆီဝနေလေ၏။ ရှုရှုက ကျောက်ပြားကိုမီးပုံအလယ်တွင်ထားပြီး ဖားများကိုတစ်ကောင်ချင်းတင်လိုက်သည်။ ထို့နောက် ကျောက်ပြားအောက်မှမီးကို ချိန်ညှိလိုက်သည်။


"ဖားကျောက်ပြားကင်၊ မင်း ပထမဆုံးမြင်ဖူးတာမလား၊ ငါလုပ်ထားတာဆိုတော့ အရမ်းစားလို့ကောင်းမှာ.."


ရှုရှုက မြွေကြီးကို ထပ်ပြောလိုက်ပြန်သည်။ သူက စကားပြောရခြင်းကို အမှန်တကယ်ပင်နှစ်သက်သော်လည်း ယခင်က အမြဲလိုလို တစ်ယောက်တည်းနေခဲ့ရသောကြောင့် သီချင်းကိုသာ ညည်းနေခဲ့ရသည်။ ယခုမူ သူ့ထံတွင် တပည့်တစ်ယောက်ရှိလာပြီဖြစ်၍ သူက ဆက်တိုက်ပြောလေတော့သည်။


"ကမ္ဘာပေါ်က အရသာအရှိဆုံးဖားက ငါလုပ်ထားတဲ့ဖားကင်ပဲ ဖြစ်ရမယ်.."


"ဖားအသားက အရမ်းနူးညံ့တယ်၊ အကြာကြီးကင်ထားရင်တူးသွားလိမ့်မယ်၊ ဒီလိုဆက်ထားလို့ မကောင်းဘူး...ရေလေးနည်းနည်းထည့်ပေးရမယ် ဟုတ်ပြီလား၊ မင်း ဖက်ထုပ်ကို ဒယ်ပြားနဲ့ကြော်ရင်လည်း ရေထည့်ဖို့လိုတယ်မဟုတ်လား..."


ရှုရှုက ပြောပြီးရင်းပြောနေသည်။ ယောက်ချိုဇွန်းလေးကိုသုံးပြီး ဖားတစ်ကောင်ချင်းစီအပေါ်သို့ ရေလောင်းချကာ တူဖြင့်လှန်ပေးနေလေသည်။


အငွေ့များထွက်လာသည့်အခါ ဖားပြုပ်များက လုံးဝကျက်သွားသည်။ နောင်ထပ် လုပ်စရာမကျန်တော့ပေ။ မိုးကောင်းကင်အောက်မှ အရသာအရှိဆုံးစားစရာဖြစ်ရန်ထား၊ အရသာရှိသည်ဟုပင် ပြော၍မရပေ။


"ငါ တစ်ယောက်တည်းစားလို့မကုန်ဘူး၊ ဖားတွေကိုအခြောက်ခံလိုက်ရင်ရော… ဖားတွေရဲ့အသားက အရမ်းနူးညံ့တာ… အခြောက်ခံလိုက်ရင်တော့ အတော်လေးကျုံ့သွားမယ်လို့ထင်တာပဲ ဟုတ်တယ်မလား..."


ရှုရှုက သူ့အရှေ့မှဖားအပုံလိုက်ကိုကြည့်ပြီး စိတ်သောကရောက်သွားသည်။ ရုတ်တရက်ပင် သူအသံတစ်ခုကြားလိုက်ရသည်။ မြွေကြီးက အနားကိုကပ်လာပြီး သူ့ကိုစိတ်မရှည်စွာဖြင့် ကြည့်နေလေသည်။ ထို့အပြင် မြွေကြီးက အမြှီးဖြင့် မြေကြီးကိုပုတ်နေလေသည်။


၎င်းက တကယ်ကိုစိတ်မရှည်ဖြစ်နေသောအကြည့်မျိုးဖြစ်ပြီး ကြောက်စရာမကောင်းပေ။


ထိုအကြည့်က ယခင်က သူ သူ့သခင်ထံမှ အစာတောင်းခဲ့ဖူးသည်နှင့် တူလေသည်။ သေချာပေါက်ပင် ထိုစဥ်က သူ့ပုံစံမှာ ပိုပြီးရိုရိုကျိုးကျိုးရှိ၏။ သူက လက်နှစ်ဖက်ကို အောက်ချပြီး အရှေ့တွင်ဖြန့်ထားတတ်သည်။ သူကမြွေကြီးထက်ပိုပြီး အဆတစ်ရာမျှ ချစ်စရာကောင်းခဲ့၏။


"စားချင်လား..."

ရှုရှုက မေးလိုက်သည်။ မေးပြီးမှ အတော်လေး ရယ်ရသည်ဟုတွေးလိုက်မိသည်။ မြွေကြီးက "လိုချင်လား" ဟူသောစကားကို နားမလည်လောက်သေးပေ။


အဆုံးတွင် မထင်မှတ်ဘဲ မြွေကြီးက ခေါင်းညိတ်ပြလာသည်။ 

ဒီမြွေကြီးက နားလည်တာလား… ဒါမှမဟုတ် "စား" ဆိုတာကိုနားလည်တာလား…


ရှုရှုက အလွန်သိချင်နေသော်လည်း သူ့တပည့်လေးဉာဏ်ကောင်းသည်မှာ ကောင်းသည့်အချက်ဟုယူဆပြီး အဓိပ္ပါယ်မရှိသောအကြောင်းအရာကို ခပ်မြန်မြန်မေ့လိုက်သည်။ 


ရှုရှုက ဖားအားလုံးပေါင်း ရှစ်ကောင်ရလာခဲ့ခြင်းဖြစ်သည်။ သူက နှစ်ကောင်ကိုကင်ပြီး ကျန်ခြောက်ကောင်ကို သစ်ရွက်ဖြင့်ပတ်ကာ မြွေကြီးနှင့်မဝေးသောနေရာတွင် ထားလိုက်သည်။ 


တကယ်တမ်း၌ သူတို့က သားရဲများသာ ဖြစ်လေ၏။ မြေကြီးပေါ်တွင်ပစ်ထားသောစားစရာကို စားလျှင်ပင် အန္တရာယ်မဖြစ်ပေ။ သို့သော်လည်း ရှုရှုက သန့်ရှင်းမှုကိုချစ်မြတ်နိုးသော ဟမ်းစတားဝိညာဥ်လေးဖြစ်လေသည်။ ထို့ကြောင့် သူက ကြင်နာတတ်သောပုဂ္ဂိုလ် သို့မဟုတ် မြွေကြီးကို စားစရာပေးတိုင်း အမြဲသစ်ရွက်များနှင့်ထုပ်ပိုးပြီးမှပေးတတ်သည်။ တစ်နေ့တွင် သူ့ကိုယ်သူ လူသားတစ်ယောက်နှင့် ထပ်တူ တူလာလိမ့်မည်ဟု ယုံကြည်ထား၏။ 


ကောင်းပြီ… ငါ အချိန်ရတာနဲ့ သစ်သားပန်းကန်နည်းနည်းလောက် ထပ်လုပ်ရမယ်…


စားစရာနှင့်ပတ်သက်၍ပြောရလျှင် ဖားခြောက်ကောင်က အက်ဂါအတွက် သွားရည်စာသက်သက်ထက် မပိုပေ။ သို့သော်လည်း ဤတစ်ကြိမ်တွင် ထိုဟင်းလျာကို အလွန်သဘောခွေ့နေလေသည်။ အနားမှအဆင့်နိမ့်သားရဲလေးက သေတော့မည့်မီးပုံထဲသို့ ဝက်သစ်ချသီးများအားထည့်ပြီးကင်နေသည်ကိုကြည့်ရင်း သူ့နှလုံးသားလေးက သက်သောင့်သက်သာဖြစ်စွာ နွေးထွေးသွားရသည်။ 


သိပ္ပံနှင့်နည်းပညာပိုင်းတွင် မတိုးတက်ကြသေးမီီ ရှေးဦးသားရဲလူသားလူနေမှူအဆင့်အတန်းတွင် နေထိုင်ကြစဥ်က သားရဲလူသားများနှင့်အဆင့်နိမ့်သားရဲလူသားများက ဂူထဲတွင်သာနေထိုင်ခဲ့ကြသည်။ ထိုအချိန်က သားရဲလူသားများက အပြင်ထွက်ကာအမဲလိုက်ကြသည်။ အဆင့်နိမ့်သားရဲလူသားများကမူ ဂူထဲတွင်ကျန်ရစ်ကာ သားရဲလူသားများအတွက် အစားအစာပြင်ပေးရသည်။ အမျိုးသားနှစ်ယောက်က တရင်းတနှီးဖြင့် အတူနေကြသည်။


ဖားများကို သူဖမ်းလာခြင်းမဟုတ်သည်မှာ နှမြောစရာပင်။ အက်ဂါမှာ ရုတ်တရက် အစစ်အမှန်လောက၌နိုးထလာရသည်။ (အသိကပ်သွားသည်)


ငါက အဆင့်နိမ့်သားရဲလူသားလေး ဒုက္ခခံပြီးဖမ်းလာရတဲ့ စားစရာတွေကို စားနေရတာပဲ…


သေချာသည်မှာ သူကသာ အဆင့်နိမ့်သားရဲလူသားလေးကိုစောင့်ရှောက်သူဖြစ်သင့်၏။

ဘယ်လိုဖြစ်ပြီး အဆင့်နိမ့်သားရဲလေးက ငါ့ကို စောင့်ရှောက်ပေးနေရတာလဲ…


"ဒီနေ့ခေတ်မြွေတွေက အစိမ်းရတာကိုမကြိုက်ဘဲ ကျက်ပြီးသားတွေကိုမှကြိုက်တယ်လို့ ငါ မထင်ထားမိဘူး၊ ဒါက ကောင်းတဲ့အကျင့်ပဲ… မြွေကြီး မင်းဆက်ပြီးထိန်းသိမ်းထားရမယ်နော်… မနက်ဖြန် ငါမင်းအတွက် ဖားတွေအများကြီး ထပ်ဖမ်းလာခဲ့မယ်.."


ရှုရှုက အက်ဂါ၏အတွေးများကို မသိသေးပေ။ ထိုအခိုက်အတန့်လေးတွင် သူ၏ဂူကိုသန့်ရှင်းရေးလုပ်ပြီး ပစ္စည်းများကို နေရာတကျထားနေရင်း ကရားရေလွှတ်သလိုပြောနေလေသည်။ သူက ခဏမျှ တွင်းတူးလိုက်ပြီး ဂူကိုပိုကျယ်သွားအောင်လည်း ချဲ့လိုက်သည်။


မတိုင်မီက အိမ်မှာ သူ့အတွက် အလွန်ကြီးသလိုထင်ရသော်လည်း မြွေတစ်ကောင်ရောက်လာပြီးနောက်ပိုင်း အဆမတန်သေးငယ်သွားသလိုပင်။


ကောင်းကင်က မှောင်လာပြီး ရှုရှုအပေါ်သို့သက်ရောက်လာလေသည်။ ထို့အပြင် ဂူထဲတွင်လည်း အမြဲမှောင်နေတတ်၏။ မည်သို့ဆိုစေ နေ့အချိန်နှင့်ယှဥ်လျှင် သူက ညနေပိုင်းအချိန်ကို ပိုပြီးနှစ်သက်တတ်သည်။ 


ယခုလိုအချိန်တွင် ရှုရှုက ကျင့်ကြံရန်အတွက်အပြင်ထွက်ပြီး နေလစွမ်းအင်ကို စုပ်ယူလေ့ရှိသည်။ သို့သော်လည်း ယနေ့တွင် သူအလွန်ပင်ပန်းနေပြီဖြစ်ပြီး မလုပ်တော့ရန်ရွေးချယ်လိုက်သည်။ ထိုအစား အိပ်ခန်းထဲသို့ဝင်သွားပြီး စောစောအိပ်ရာဝင်လိုက်သည်။ 


အိပ်ရာမဝင်မီ မြွေကြီး၏ကိုယ်ထဲသို့ ဝိညာဥ်စွမ်းအားသွင်းပေးရန်လည်း မမေ့ပေ။ 


မြက်တောထဲတွင် သူ့ကိုယ်သူမြှုပ်ထားရင်း ရှုရှုပထအဆုံးတွေးမိသည်မှာ အိပ်ပျော်မည်မဟုတ်ဟုပင်။ ထို့အပြင် မြွေကြီးကလည်း အပြင်တွင်ရှိနေသေးသည်။ သူ အိပ်မပျော်လျှင် နောက်ထပ်တွင်းတစ်ခုကို ထပ်တူးပြီး အာရုံစိုက်ကာကျင့်ကြံမည်ဟုတွေးလိုက်သည်။ 


နောက်ဆုံး၌ အတွေးများနေရင်း ရှုရှုမှာ အိပ်ပျော်သွားခဲ့သည်။ 


အက်ဂါ၏အသိုက်က ဂူကြီး၏အပြင်တွင်ရှိပြီး သူသည်လည်း ခပ်မြန်မြန်အိပ်ပျော်သွားခဲ့သည်။


အိပ်ပျော်တော့မည့်အချိန်တွင် အက်ဂါမှာ လူတစ်ယောက် သူ့အနားသို့ကပ်လာသည်ကို သိလိုက်ပြီး ထိုလူက သူ့အပေါ်ကိုပင် တက်နင်းသွားသေးသည်။


ရုတ်တရက်ကြီး ဘယ်သူက ငါ့အနားကို ကပ်လာတာလဲ…


အက်ဂါက အလိုအလျောက်ပင် ထိုသူကိုဖမ်းဆွဲချင်သွားကာ သူ့၏မြွေကိုယ်ထည်အား ကြမ်းတမ်းစွာလှိမ့်လိုက်လေသည်။ ထိုအခါမှ သူဆွဲလိုက်မိသူမှာ အိပ်ချင်မူးတူးဖြင့် မျက်စိမှိတ်ထားသော အဆင့်နိမ့်သားရဲလူသားလေးဖြစ်နေလေ၏။ ထိုအခိုက်အတန့်လေးတွင် အဆင့်နိမ့်သားရဲလေးက မျက်လုံးပွင့်လာသည်။


အမှောင်ထုထဲတွင် အမျိုးသားနှစ်ယောက်က အပြန်အလှန်ကြည့်နေမိကြသည်။ နောက်ဆုံးတွင် ညသန်းခေါင်၌ သန့်စင်ခန်းသွားရန်ထလာသော အဆင့်နိမ့်သားရဲလူသားလေးက တုန်တက်သွားပြီး သူ၏တွင်းလေးထဲသို့ ပြန်ဝင်ပြေးသွားခဲ့သည်။


အက်ဂါမှာ စိတ်ပျက်လက်ပျက်ဖြင့် ကြမ်းပြင်ကို အမြှီးနှင့် တဖတ်ဖတ်ရိုက်လိုက်မိလေသည်။


အဆင့်နိမ့်သားရဲလူသားလေးက အခုအချိန်အထိ ငါ့ကိုကြောက်နေသေးတာတော့ မဖြစ်သင့်တော့ဘူးမဟုတ်လား… ဒါနဲ့ အခုလေးတင် အဆင့်နိမ့်သားရဲလေးက ကိုယ်တုံးလုံးထပ်ဖြစ်နေသေးသလိုပဲ…


ရှုရှုက မြွေကြီးကိုမကြောက်တော့ပေ။ မြွေကြီးက သူ့ကို ရစ်ပတ်လိုက်သောကြောင့်သာ ရုတ်တရက်လန့်သွားရခြင်းဖြစ်လေ၏။ သို့ရာတွင် ၎င်းက သူ့ကိုမစားခဲ့ပေ။ ၎င်းက သူ့ကို အစာအိမ်ထဲအထိ မမြိုချလိုသည်မှာ သေချာ၏။


ဒါပေမဲ့ နောက်ဆုံးတော့လည်း ငါအခုထိကြောက်နေတုန်းပဲ…တကယ်ပါပဲ… ညဘက်ကြီး ငါ့တွင်းထဲမှာ မြွေကြီးအမြှီးကိုတက်နင်းမိတာ အံ့ဩပါရဲ့…


တပည့်ကို ဆရာ့က ပြန်လန့်နေတာတော့ လုံးဝကိုမဟုတ်သေးဘူး…


ရှုရှုက မြွေကြီးကိုသင်ခန်းစာပေးမှဖြစ်တော့မည်ဟု တွေးလိုက်သည်။ မည်သို့သင်ခန်းစာပေးရမည်ကိုမူ သူ့မှာ အခုထိကြောက်ဒူးတုန်နေဆဲဖြစ်ကာ ဂူအဝအထိထွက်ပြီးပင် ရှုးမပေါက်ရဲပေ။ မြွေကြီး၏ဂူထဲတွင် ဆီးသွားလိုက်ခြင်းက ပိုကောင်းလိမ့်မည်။



🐹🐹🐹