အခန်း ၅၁ “သခင်ကြီးချင်...
ရှင်က မိတ်ဆွေဟောင်းတစ်ယောက်ကို လွမ်းဆွတ်နေတာလားလို့ ကျွန်မ မေးလို့ ရမလား?”
မြင်းစီးလာသူများက
သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သူတို့၏လက်ထဲ အေးစက်သော အလင်းတန်းများ ဖြာထွက်နေသည့်
လက်နက်များကို ကိုင်ဆောင်ထားကြသည်။
ဦးဆောင်လာသူက
အသက်လေးဆယ်ကျော်ခန့်ရှိပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ကာ သူ့၏ခါးတွင်
ဓားတစ်ချောင်း ချိတ်ဆွဲထားပြီး
မြင်းနက်ကြီးကို စီးနှင်လာသည်။ ဓားရိုးကို အဖိုးများစွာ ထိုက်တန်ပုံရသည့်
အနက်ရောင်ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားပြီး နေရောင်အောက်တွင်
တလက်လက်တောက်နေသောကြောင့် သာမန်လူတို့ ချဉ်းကပ်၍မရသော အရှိန်အဝါကို ပေးစွမ်းနေသည်။
ထိုလူ၏မျက်ခုံးများက
ထူထဲလှပြီး သူ့၏မျက်ဝန်းများက လင်းယုန်မျက်လုံးများနှင့် ဆင်တူနေသည်။ သူက အခြားလူများကို
ကြည့်နေချိန်တွင် သူ့မျက်လုံးများက ဓားကဲ့သို့ ထက်ရှလွန်းပြီး အကြည့်ခံရသူက အရေခွံ
အခွာခံလိုက်ရသလို ခံစားရမည် ဖြစ်ကာ ဘာကိုမှ မဖုံးကွယ်နိုင်တော့သလို ထင်ရလောက်အောင်
ရက်စက်ကြမ်းကြုတ်လှသည်။
သို့သော်လည်း
သခင်ကြီးချင်ကို
မြင်လိုက်သောအခါ ထိုလူ၏မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားပြီး သူက မြင်းပေါ်မှ
ခုန်ဆင်းကာ သူ့၏မြင်းဇက်ကြိုးကို အသင့်စောင့်နေသော တည်းခိုဆောင်ဝန်ထမ်းဆီသို့ ပစ်ပေးလိုက်သည်။
သူက သခင်ကြီးချင်ဆီသို့ အားကြိုးမာန်တက် လျှောက်လှမ်းလာပြီး သခင်ကြီးချင်၏ရှေ့တွင်
ရပ်ကာ အရိုအသေပြုလိုက်သည်။
"ဒီလိုဝေးလံခေါင်သီတဲ့
မြို့လေးမှာ သခင်ကြီးချင်ကို တွေ့ရမယ်လို့ မမျှော်လင့်ထားမိဘူး။ လူကြီးမင်းကို
စိတ်အနှောင့်အယှက်ဖြစ်စေရင် စိတ်မရှိပါနဲ့"
ထိုလူ၏အသံက
ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်လွန်းလှပြီး သူ့၏အတွင်းခွန်အားက သန်မာလှကြောင်း
ပြသနေသည်။
"စစ်သူကြီးဝမ်၊
တွေ့ရတာ ဝမ်းသာပါတယ်၊ စစ်သူကြီးက ဘာလို့ ကျင်းချန်ကို ရောက်လာတာလဲ?"
သခင်ကြီးချင်က
သူ့လက်သီးပေါ်တစ်ဖက်ပေါ် လက်ဖဝါးပြန်အုပ်ကာ ဝမ်ယွိလင်ကို လှမ်းကြည့်ပြီး ပြန်မေးလိုက်သည်။
ဝမ်ယွိလင်က လက်ရှိဧကရာဇ်မင်းမြတ်၏ ယောက္ခမဖြစ်သော ဝမ်ရှန့်ချန်၏
အကြီးဆုံးသားဖြစ်သည်။ သူက ကိုယ်ခံပညာတွင် ကျွမ်းကျင်သည့်အပြင် အကြံဥာဏ်များသူ
ဖြစစ်ကာ စစ်ရေးနည်းဗျူဟာများနှင့် မူဝါဒများကို အထူကျွမ်းကျင်လှသည်။ သူက
လက်ရှိမင်းဆက်၏အရေးပါသော အမှုတော်ထမ်းတစ်ဦး ဖြစ်ပြီး ဧကရာဇ်မင်းမြတ်က သူ့ကို
အလွန်တန်ဖိုးထားသည်။
ဝမ်ယွိလင်က
အရှေ့ဘက်နှင့်အနောက်ဘက် ဒေသများတွင် နှစ်ပေါင်းများစွာ စစ်တိုက်နေခဲ့ပြီး စစ်မက်မရှိဘဲ
ငြိမ်းချမ်းသောအချိန်တွင် အနားယူရန် မြို့တော်သို့ ပြန်ရောက်နေခြင်း ဖြစ်သည်။
သူ့၏စစ်ဝတ်စုံပေါ်မှ
ဖုန်မှုန့်များကို ကြည့်လိုက်သည်နှင့် သူက ကျင်းချန်သို့ အပြေးအလွှား
ရောက်လာခဲ့ကြောင်း သိနိုင်သည်။ ကောင်းချန်တွင် အသတ်ခံခဲ့ရသော ဝမ်ယွိဖုန်းအတွက် သူ ရောက်လာခဲ့ခြင်းပင်။
သခင်ကြီးချင်က
တွေးဆကာ သိထားပြီး ဖြစ်သော်လည်း ဇဝေဇဝါ ဖြစ်ဟန်ဆောင်ကာ ပြန်မေးလိုက်ရင်း ဝမ်ယွိဖုန်း
လုပ်ကြံခံရသည့်အကြောင်းကို မသိဟန်ဆောင်နေခဲ့သည်။
"ဒီစစ်သူကြီးက
တာဝန်ထမ်းဆောင်ဖို့ ဒီကို ရောက်လာတာပါ။ သခင်ကြီးချင် လုပ်စရာရှိတာ လုပ်ပါ။ အချိန်ရရင်
ကျွန်တော်တို့ စကားပြောလို့ ရပါသေးတယ်"
ဝမ်ယွိလင်၏မျက်လုံးများ
လှည့်ပတ်ကြည့်ရှုနေပြီး သခင်ကြီးချင်၏မေးခွန်းကို တိုက်ရိုက် မဖြေဘဲ ယဥ်ယဉ်ကျေးကျေး
ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
"ကောင်းပြီလေ"
သူက ထိုအကြောင်းကို
မပြောချင်သကဲ့သို့ သခင်ကြီးချင်ကလည်း ထိုအကြောင်းအရာကို နားမထောင်ချင်ပေ။ သူက အပြုံးဖြင့်
ခေါင်းပြန်ညိတ်ပြကာ ဘေးသို့ ခြေလှမ်းအနည်းငယ် ရွေ့ပေးလိုက်ပြီး ဝမ်ယွိလင်
တည်းခိုဆောင်ထဲသို့ ဝင်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။
ဝမ်ယွိလင်က
စူးချင်း၏ ဘေးနားမှ ဖြတ်လျောက်နေရင်း သူမကို တစ်ချက်ငုံ့ကြည့်ကာ အနည်းငယ်
မျက်မှောင်ကြုတ်လိုက်သည်။
ဒီမိန်းမရဲ့ ကိုယ်ရှိန်ကိုယ်ဝါက
ပြင်းထန်လွန်းတယ်။ သူ့ကို ကြည့်နေတဲ့ သူမရဲ့မျက်လုံးတွေက စူးရဲတောက်ပနေပြီး
သူမရဲ့မျက်လုံးတွေမှာ ကြောက်ရွံ့မှုတွေ ရှိမနေဘူး။
စူးချင်းကလည်း ထိုလူကို
ကြည့်နေပြီး လူများကို စူးစူးရှရှ ကြည့်လေ့ရှိသော သူ့မျက်လုံးများက လင်းယုန်မျက်လုံးကဲ့သို့
ဖြစ်နေကြောင်း ရိပ်မိလိုက်သည်။ သူ့မျက်လုံးတွေထဲမှာ ဒေါသတွေ ဝှက်ထားပြီး
သူ့ခြေလှမ်းတွေက ပြတ်သားတဲ့အပြင် လူသတ်ရိပ်တွေက ပြင်းထန်လွန်းတယ်။
နှစ်ယောက်သား
တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပြီး တစ်ယောက်စီမှ သတ်ဖြတ်ခြင်းရောင်ဝါကို
တစ်ယောက်က ခံစားနေကြရသည်။
ဒီလူက ရှုပ်ဖို့ မလွယ်ဘူး။
စစ်မြေပြင်မှာ သွေးစွန်းနေတဲ့သူတွေဆီကနေပဲ ဒီလို စူးရှတဲ့ အရှိန်အဟုန်ကို ရနိုင်တာ။
သာမာန်လူတစ်ယောက်ဆိုရင်
သူ ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်တာနဲ့ တစ်ကိုယ်လုံးတုန်လာတဲ့အထိ
ကြောက်လန့်သွားလိမ့်မယ်။ ဒီမိန်းမကတော့.....
(T/N: နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး တွေးနေကြတာပါ)
ကျိရှောင်ယင်ကတော့ သူ့၏အကြည့်များကို
အလွန်ကြောက်ရွံ့နေပြီး သူမ၏ခေါင်းလေးကို အတက်နိုင်ဆုံး ငုံ့ထားကာ စူးချင်းနောက်တွင်
ဝင်ပုန်းနေခဲ့သည်။
သူအကြည့်က လူကို ဝါးစားတော့မလို
ဖြစ်နေပြီး ကြောက်စရာကောင်းလွန်းတယ်။
ကျိရှောင်ယင်၏
ထိတ်လန့်နေသော အသွင်အပြင်ကို မြင်လိုက်ရသောကြောင့် ဝမ်ယွိလင်က သူ့၏အကြည့်များကို
ပြန်ရုတ်သိမ်းလိုက်ပြီး ဝင်းကြွားသောခြေလှမ်းများဖြင့် အထဲသို့ လျှောက်ဝင်သွားတော့သည်။
ခြံဝန်းအတွင်းရှိ
သံချပ်ကာဝတ် တပ်သားအားလုံးက တင်းမာသော မျက်နှာထားများ ရှိနေကြပြီး သူတို့က သူတို့၏မြင်းများကို
တည်းခိုဆောင်အစေခံများထံ ပစ်ပေးလိုက်ပြီး တံခါးစောင့်များ၏နေရာတွင် သူတို့၏တပ်သားများကို
အစားထိုးလိုက်သည်။ သူတို့၏ နက်မှောင်သော မျက်လုံးများက လူအများကို
ထိတ်လန့်စေခဲ့သည်။
စူးချင်းက
သူတို့ကို စိုက်ကြည့်လိုက်ပြီး သူတို့က ခိုင်မာသော စိတ်ဆန္ဒရှိသည့်
ကောင်းစွာလေ့ကျင့်ပေးခံထားရသော စစ်သည်များ ဖြစ်ကြောင်း နားလည်လိုက်သည်။
သခင်ကြီးချင်းက စူးချင်းနှင့်ကျိရှောင်ယင်တို့
ကြောက်ရွံနေမည်ကို စိုးရိမ်သောကြောင့် နောက်သို့လှည့်ကာ အပြုံးဖြင့်
နှစ်သိမ့်ပေးလိုက်သည်။
"မကြောက်ကြနဲ့နော်"
သို့သော်လည်း စူးချင်း၏အမူအရာ
ကင်းမဲ့နေပြီး အေးစက်တည်ငြိမ်သော အကြည့်ကို မြင်လိုက်ရချိန်တွင် သူ့စကားများ အချည်းနှီးဖြစ်သွားကြောင်း
သခင်ကြီးချင် ခံစားလိုက်ရသည်။
သူမက လုံးဝ မကြောက်တက်ဘူးဟ။
ဟုတ်တယ်၊ သူမက ငယ်ငယ်လေးနဲ့
သတ္တိရှိလွန်းတယ်။ အေးလေ... အဲ့တာကြောင့်ပဲ သူမက အံ့ဖွယ်သမားတော် ဖြစ်နေတာပေါ့။ ဘာပဲဖြစ်ဖြစ်
အဲ့တာက သူမနဲ့ ထိုက်တန်တယ် သူမက အခြားသူတွေနဲ့ မတူဘူး။
သခင်ကြီးချင်က စူးချင်းနှင့်
ကျိရှောင်ယင်တို့ကို နားနေတည်းခိုဆောင်မှ ခေါ်ထုတ်သွားသည်။ ဝမ်မိသားစုစစ်တပ်မှ လူများက
အေးစက်သောပန်းပုရုပ်တုများကဲ့သို့ ရပ်နေကြပြီး အမူအရာမရှိသော မျက်ဝန်းများဖြင့် သူတို့ကို
ကြည့်နေကြသည်။
ဝမ်မိသားစုစစ်တပ်မှ
လူများက သူတို့၏စစ်သူကြီးများကိုသာ လေးစားကြပြီး အခြားသူများကို လျစ်လျူရှုထားတက်သည်။
သခင်ကြီးချင်က
ဤလူအုပ်စု၏ အပြုအမူကို သိပြီးနေကြောင်း ထင်ရှားနေသည်။ သူက ဒေါသမထွက်ဘဲ တောရိုင်းကြိုးကြာကြီးကဲ့သို့ ကြော့ကြော့မော့မော့
လျှောက်လှမ်းနေပြီး တည်းခိုဆောင် အပြင်ဘက်သို့ ထွက်လာလိုက်သည်။ နောက်ဆုံးတွင် စူးချင်းနှင့်
ကျိရှောင်ယင်တို့က သူနှင့်အတူ မင်ယွဲ့စားသောက်ဆိုင်သို့ ရောက်ရှိလာသည်။
မင်ယွဲ့စားသောက်ဆိုင်က
တည်းခိုတေဆောင်နှင့် နှစ်ခြံလောက် ဝေးပြီး ညစာစားချိန် ဖြစ်သောကြောင့် လူအုပ်ကြီး
တစ်ခုရှိနေကာ ဆူညံပွက်လောရိုက်နေသည်။ ဧည့်သည်များက စားရင်းသောက်ရင်း အချင်းချင်း စကားစမြည်ပြောကာ
ဧည့်ခံနေကြသည်။
သူတို့
ဝင်သွားချိန်တွင် သခင်ကြီးချင်က ထူးထူးခြားခြား အမူအရာ ရှိနေကြောင်း စားပွဲထိုးက ရိပ်မိသွားသည်။
တကယ်တော့ ဒီလူတွေအားလုံးက
ဉာဏ်ကောင်းတဲ့သူတွေပါ။ ဧည့်သည်က မြင့်မြတ်သည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ သူတို့ရဲ့အဝတ်အစားကို
ကြည့်ရုံနဲ့ ခွဲခြားနိုင်ပြီး နွေးနွေးထွေးထွေး ဧည့်ခံဖို့ အလျင်အမြန်
ရောက်လာမှာပါ...
"မင်္ဂလာပါ
သခင်ကြီး။ သခင်ကြီးတို့ ဘယ်ကိုသွားချင်လဲလို့ မေးပါရစေ"
"ပျိုနီခန်းမ"
လီဝူက စားပွဲထိုး၏ရှေ့မှ
ပိတ်ဆို့တားဆီးလိုက်ပြီး သူတို့ ကြိုတင်စာရင်းသွင်းထားသည့် နေရာကို ပြောပြလိုက်သည်။
အစောင့်လေးယောက်ကလည်း လူအိုကြီးချင်ကို စောင့်ရှောက်ပေးရန် လိုက်ပါလာကြပြီး စူးချင်းနှင့်
ကျိရှောင်ယင်တို့ကလည်း သခင်ကြီးချင်၏နောက်မှ လိုက်ပါနေကြသည်။
"အိုး၊ အဲဒါ ပျိုနီခန်းမရဲ့ဂုဏ်ထူးဆောင်
ဧည့်သည်တွေပဲ၊ ကျေးဇူးပြုပြီး အပေါ်ထပ်ကို လိုက်ခဲ့ပေးပါ"
စားပွဲထိုးက
အားရပါးရ ပြုံးပြနေပြီး ဦးညွှတ်နေကာ ဧည့်သည်များကို အပေါ်ထပ်သို့ တရိုတသေ ပို့ဆောင်ပေးလိုက်သည်။
ပျိုနီခန်းမ၏တံခါးထဲသို့
ဝင်လိုက်သည်နှင့် တောက်ပသော ပျိုနီပန်းပုံပန်းချီကားတစ်ချပ်ကို တွေ့မြင်နိုင်ပြီး
နာမည်ကျော်အနုပညာရှင်တစ်ဦးမှ ရေးဆွဲခဲ့ကြောင်း သိသာထင်ရှားနေသည်။ ပန်းများက လှပသလို
မွန်မြတ်မှုကိုလည်း ပြသနေသည်။
"သခင်ကြီး၊
ဒီမှာ ဟင်းပွဲ အမည်တွေပါ။ အချိန်ယူပြီး ဖတ်လို့ရပါတယ်။ ကျွန်တော်မျိုးက
လက်ဖက်ရည်ဖျော်ပေးပါ့မယ်"
စားပွဲထိုးက
ရွှေချည်ဖြင့် ပန်းထိုးထားသည့် လှပသော ဟင်းလျာစာရင်းကို ပေးအပ်လိုက်ပြီး သူက သခင်ကြီးချင်ကို
အပြုံးဖြင့် ဧည့်ဝတ်ပြုနေသည်။
"မင်း
လုပ်စရာရှိတာလုပ်ပါ"
သခင်ကြီးချင်က ဟင်းလျာစာရင်းကိုသာ
ကောက်ကိုင်လိုက်ပြီး စားပွဲထိုးကို လှည့်မကြည့်ဘဲ သူ့လက်ကိုသာ ဝှေ့ယမ်းပြလိုက်သည်။
"မင်းတို့ မိန်းကလေးနှစ်ယောက် စားချင်တာတွေရှိလား?"
သခင်ကြီးချင်က စူးချင်းကို
အလွန်လေးစားကြောင်း ပြသနေပြီး ဟင်းလျာစာရင်းကို သူမထံ လှမ်းပေးလိုက်သည်။
"ရှီဟူငါးပေါင်း”
စူးချင်း တည်းခိုဆောင်တာဝန်ခံ မိတ်ဆက်ပေးခဲ့သည့် မင်ယွဲ့စားသောက်ဆိုင်၏
နာမည်ကြီးဟင်းလျာများကို မှတ်မိနေပြီး ခပ်တည်တည် ပြန်ဖြေလိုက်သည်။
"ကောင်းပြီ ရှောင်ယင်.... မင်းရော ဘယ်လိုလဲ? မင်း ဘာစားချင်လဲ?”
သခင်ကြီးချင်က
ပြုံးနေပြန်သည်။ တကယ်တော့ သူလည်း ဒီဟင်းကို မှာချင်နေတာလေ။
စူးချင်းက
တခြားဘာမှ ထပ်မမှာတော့သည်ကို တွေ့လိုက်ရသောကြောင့် သူက ဟင်းလျာစာရင်းကို ကျိရှောင်ယင်ဆီ
ချက်ချက် လှမ်းပေးလိုက်သည်။
သူက ကျိရှောင်ယင်ကို
မိန်းခလေးကျိဟု မခေါ်ဘဲ သူမကို ရှောင်ယင်ဟုသာ ရင်းရင်းနှီးနှီး ခေါ်လိုက်သည်။
ကျိရှောင်ယင်က အထည်ကြမ်းဝတ်စုံကို
၀တ်ဆင်ထားပြီး သူမ၏မျက်နှာ ညစ်ပတ်နေချိန်တွင် သခင်ကြီးချင်က ဘာကြောင့်မှန်းမသိ
ရင်းနှီးမှုတစ်ခုကို ခံစားခဲ့ရသည်။ ယခု သူမက ပန်းရောင်ဝတ်စုံလေးကို ၀တ်ဆင်ထားပြီး
သူမ၏ဆံပင်ကို မိန်းမငယ်လေးများ ထုံးဖွဲ့တက်သော ဆံထုံးလေး ထုံးဖွဲ့ထားသောကြောင့် သခင်ကြီးချင်က
သူမနှင့် ပို၍ ရင်းနှီးလာသည်ဟု ခံစားနေမိသည်။ ထို့အပြင် သူ့၏စိတ်ထဲတွင် ရဲရင့်သော
မှန်းဆချက်တစ်ခု ရှိနေပြီး သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့်
အရောင်တောက်လာသည်။
ကျိရှောင်ယင်က သခင်ကြီးချင်၏
ထိုအကြည့်ကို သတိမထားမိပေ။ သူမက ဟင်းလျာစာရင်းရှိ အရသာရှိသော ဟင်းလျာများကိုသာ
ကြည့်နေပြီး တစ်ခုချင်းစီကို စားချင်နေသောကြောင့် သူမ ရွေးချယ်ရန် တွန့်ဆုတ်လာသည်။
"မင်း အချို ကြိုက်လား"
သခင်ကြီးချင်က
အလွန်စိတ်ရှည်ပုံရပြီး သူမကို အလောတကြီး မတိုက်တွန်းရုံသာမက ပြုံးပြုံးလေးပင် မေးနေသေးသည်။
“ဟုတ်ကဲ့”
ကျိရှောင်ယင်က အလျင်အမြန်
ခေါင်းညိတ်လိုက်သည်။
သူမက ချိုမြိန်တဲ့
အစားအစာတွေကို အရမ်းနှစ်သက်တယ်။ အဲ့တာကြောင့် သူမရဲ့အစ်ကိုက မကြာခဏ ပျားအုံရှာဖို့
တောင်ပေါ်တက်လေ့ရှိပြီး သူမအတွက် ပျားရည်နဲ့ ပျားလပို့တွေ ယူလာပေးတက်တယ်။
“ဒါဆို
မိုးခိုသားချိုချဉ်နဲ့ ကန်စွန်းဥယို ဆိုရင်ရော?"
သခင်ကြီးချင်က ကျိရှောင်ယင်ကို
အကြံပြုလိုက်သည်။ ဤဟင်းနှစ်ပွဲက ကလေးများ အကြိုက်ဖြစ်သည်။ အဘိုးအို၏မျက်လုံးများက
နီရဲနေပြီး သူက သူ့မျက်လုံးထောင့်များကို သုတ်ရန် သူ့လက်ကို မြှောက်လိုက်သည်။
ဒီအဖြစ်အပျက်က ၁၆ နှစ်ကြာခဲ့ပြီဖြစ်ပေမယ့်
ဒီအကြောင်းကို တွေးမိတိုင်း သူ့နှလုံးသားက နာကျင်နေဆဲပဲ။
“ကောင်းပြီ”
ကျိရှောင်ယင်က
အရင်က စားသောက်ဆိုင်များသို့ တစ်ခါမှ မရောက်ဖူးသောကြောင့် သခင်ကြီးချင်၏စကားကို ကြားသောအခါ
ထိုအစားအသောက်က အရသာရှိမည်ဟု တွေးကာ ဝမ်းသာအားရ သဘောတူလိုက်သည်။
ကျိရှောင်ယင်၏
ချိုမြိန်သော အပြုံးကို မြင်လိုက်ရချိန်တွင် သခင်ကြီးချင်၏မျက်လုံးများက ရီဝေသွားပြန်သည်။
ဆံထုံးသေးသေးလေးနှစ်လုံးပါသော ကလေးမလေးဆီတွင် သူမကို ဖျပ်ခနဲ့ လှမ်းမြင်နေရသလို
ဖြစ်နေသောကြောင့် အဘိုးအို၏မျက်လုံးများက ပို၍ပင် နီရဲလာသည်။
စူးချင်းက အဘိုးအို၏
ထူးဆန်းသော အပြုအမူကို သတိပြုမိပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်နေလေသည်။ အစပိုင်းတွင်
သခင်ကြီးချင်က ကျိရှောင်ယင်အပေါ် မလျော်ကန်သည့် အတွေးအမြင်များ ရှိနေသည်ဟု သူမ ထင်မိခဲ့သော်လည်း
အဘိုးအို၏မျက်လုံးများမှ မျက်ရည်များနှင့် နာကျင်မှုများကို တွေ့လိုက်ရသောကြောင့် သူ တစ်ခုခု လွမ်းဆွတ်နေကြောင်း သူမ ရိပ်မိလိုက်သည်။
ထိုမှသာလျှင် စူးချင်းက သူမ၏ လူသတ်ငွေ့ကို ပြန်ဆုတ်ခွာပေးလိုက်သည်။
သခင်ကြီးချင်က
ရုတ်တရက် စိတ်အခြေအနေ ကျဆင်းသွားပြီး စားစရာ ဆက်မှာရန် စိတ်မ၀င်စားတော့ပေ။
စားပွဲထိုး ပြန်ရောက်လာချိန်တွင် သူက မင်ယွဲ့စားသောက်ဆိုင်မှ စားကောင်းသော
ဟင်းအနည်းငယ်ကို ယူလာပေးရန် ပြောလိုက်တော့သည်။
သခင်ကြီးချင်က
အတွေးထဲတွင် နက်နက်ရှိုင်းရှိုင်း နှစ်ဝင်နေပြီး အစား စားနေချိန်မှာပင်
အစားအသောက်ကို အရသာ မခံနိုင်တော့ပေ။ ထိုအခြေအနေက ပတ်ဝန်းကျင် တစ်ခုလုံးကို အလွန်တိတ်ဆိတ်နေစေသည်။
"သခင်ကြီးချင်၊ ရှင် မိတ်ဆွေဟောင်းတစ်ယောက်ကို လွမ်းဆွတ်နေတာလားလို့ ကျွန်မ
မေးလို့ ရမလား?"
✍️✍️✍️