အခန်း ၅၀
“သခင်မလေး၊
ကျွန်မ အဝတ်အစားတွေ လာပို့တာပါ၊ ဝင်လာလို့ ရမလား?"
တံခါးအပြင်ဘက်မှ
လူလတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦး၏အသံ ထွက်ပေါ်လာသည်။ သူမ၏လေသံက သတိထားနေပုံရပြီး အခန်းထဲမှ
ဧည့်သည်များ စိတ်အနှောက်အယှက် ဖြစ်သွားမည်ကို ကြောက်နေပုံရသည်။
"ခဏ စောင့်နေဦး"
စူးချင်းက
ရေချိုးစည်မှ မတ်တပ်ထရပ်ရင်း ပေါ့ပါ့ပါးပါး ပြန်ဖြေလိုက်သည်။ ရေက သူမ၏ ချောမွေ့နေသော
အရေပြားတစ်လျောက် စီးကျသွားသည်။ မူလပိုင်ရှင်က အလွန်ပိန်လွန်းလှပြီး သူမ
ရက်အနည်းငယ်ကြာအောင် များများစားစား စားသောက်ထားသော်လည်း ဤခန္ဓာကိုယ်က
ပိန်လှီနေသေးသည်။
စူးချင်းက သူမ
ချုပ်ထားသော အလွန်ညံ့ဖျင်းသည့် အင်္ကျီကို ပြန်ဝတ်ကာ တံခါးကို ဖွင့်ပေးလိုက်သည်။ အနက်ရောင်
၀တ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက လှပပြီး အရောင်စုံလင်လှသည့်
ဝတ်စုံနှစ်စုံကို ကိုင်ဆောင်ထားကာ အပြင်ဘက်တွင် ရပ်နေလေသည်။
စူးချင်းက အဝတ်အစားများကို
ယူလိုက်ပြီး တံခါးကို ပြန်ပိတ်လိုက်သောကြောင့် ထိုအမျိုးသမီးက စကားတစ်ခွန်းပင်
ပြောခွင့်မရလိုက်ပေ။ သူမက ပိတ်သွားသော တံခါးကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။
ဒီအမျိုးသမီးက
သွေးအေးပြီး ဘယ်သူကိုမှ မျက်နှာသာ မပေးဘူးလား?
သူမထံမှ
သတင်းအချက်အလက် တစ်စုံတစ်ရာ မရရှိသောကြောင့် ထိုအမျိုးသမီးက မကျေမနပ် ပြန်ထွက်ခွာသွားခဲ့သည်။
စူးချင်း အခန်းထဲသို့
ပြန်ဝင်လာသောအချိန်တွင် ကျိရှောင်ယင်က ထိတ်လန့်တကြားဖြစ်နေသော ယုန်ငယ်လေးကဲ့သို့
ရေချိုးစည်ထဲတွင် ကျုံကာ ပုန်းအောင်းနေသည်ကို တွေ့လိုက်ရပြီး သူမက သူမ၏ရင်ဘတ်ကို အထိတ်တလန့်
ကာကွယ်ထားသေးသည်။ စူးချင်း၏လက်ထဲမှ ၀တ်စုံများကို မြင်လိုက်ရချိန်တွင် ကျိရှောင်ယင်၏မျက်လုံးများက
အထိတ်တလန့် ပြူးကျယ်လာပြန်သည်။
"အစ်မ ဒီဝတ်စုံက အရမ်းလှတယ်။ ဒါက အရမ်း စျေးကြီးလိမ့်မယ်၊ ကျွန်မတို့ သူ့တို့ဆီကနေ
ဒီလောက်စျေးကြီးတဲ့ ပစ္စည်းတွေကို ယူလို့ မဖြစ်ဘူး”
ကျိရှောင်ယင်က
ဤဝတ်စုံနှစ်စုံကို အလွန်နှစ်သက်နေသော်လည်း သူမက အခြားသူများအပေါ်
အခွင့်ကောင်းရယူလိုခြင်း မရှိပေ။
ဘာမှ မလုပ်ပေးဘဲ ဘာမှ
မယူသင့်ဘူးဆိုတာ သူမ နားလည်ပါတယ်။
စူးချင်းက သူမလက်ထဲမှ
၀တ်စုံများကို တစ်ချက်ပြန်ကြည့်လိုက်သည်။ တစ်ထည်က ပန်းရောင်ပြီး အလွန်မိန်းခလေးဆန်သော
ပန်းရောင်ဖျော့ဖျော့ဖြစ်နေကာ ကျန်တစ်တည်က အစိမ်းဖျော့ရောင်ဖြစ်ပြီး အရောင်က အေးချမ်းနေသောကြောင့်
အလွန်လှပပြေပြစ်သည်။
သူမက ခေါင်းကို မော့ပြီး
ကျိရှောင်ယင်ကို မေးလိုက်သည် ။
"မင်း ကြိုက်လား?"
ကျိရှောင်ယင်က
ခေါင်းညိတ်ပြလိုက်ပြီးမှ ချက်ချင်း ခေါင်းပြန်ယမ်းပြနေသည်။
“ညီမ
ကြိုက်ရင်တောင် မယူနိုင်ဘူး။ ဈေးကြီး လွန်းတယ်။ ကျွန်မတို့ ဘယ်လိုတက်နိုင်မှာလဲ?"
"ကြိုက်ရင် ယူထားလိုက်ပါ။ ငါ့မှာ ပိုက်ဆံရှိနေပြီ"
စူးချင်းက လျန်ငါးရာတန်ငွေစက္ကူကို
ထုတ်ပြလိုက်သည်။ သူမ၏စကားက ခိုင်မာနေပြီး ငွေရှိနေပြီး ချမ်းသာရခြင်းက ကောင်းမွန်ကြောင်း ပြေပြချင်နေပုံရသည်။
"ဒါက မင်းရဲ့ငွေတွေပဲ"
ကျိရှောင်ယင်က သူမ၏ခေါင်းကို
လေးလေးနက်နက် ခါယမ်းနေသေးသည်။
"အစ်မရဲ့ငွေတွေကို ကျွန်မ မသုံးနိုင်ဘူး"
ကျိရှောင်ယင်က ဤမျှ
စည်းစနစ်ကျလိမ့်မည်ဟု စူးချင်း မမျှော်လင့်ထားခဲ့ပေ။ သူမ၏ လှပသော မျက်နှာက
မှိုင်းမှုန်သွားပြီး ကျိရှောင်ယင်ကို လှမ်းပြောလိုက်သည်။
"မင်း မဝတ်ရင်
ငါ စိတ်ဆိုးမှာနော်"
"ဒါဆို ညီမ ဝတ်ပါ့မယ်"
စူးချင်း စိတ်ဆိုးသွားသည်ကို
မြင်သောကြောင့် ကျိရှောင်ယင်က အမြန်ခေါင်းညိတ်လိုက်သည်။ ရေနွေးပူပူမှ သူမ၏သေးငယ်လှပသော
မျက်နှာလေးက ပန်းသီးနီနီလေးကဲ့သို့
နီမြန်းနေသောကြောင့် သူမ၏အနက်ရောင် မျက်လုံးကြီးများက ပို၍ပင် ရွှန်းစို
တောက်ပနေကာ သူမက အနည်းငယ် ပိုပြီးလှပနေလေသည်။
စူးချင်းက ပြုံးလိုက်ပြီး
ပန်းရောင်ဝတ်စုံကို ကျိရှောင်ယင်၏ရေချိုးစည်ဘေးရှိ ထိုင်ခုံပေါ်သို့ လှမ်းတင်လိုက်သည်။
သူမက
အစိမ်းဖျော့ဖျော့ဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်လိုက်သည်။ သူမ၏၀တ်စုံက သူမ၏ သွယ်လျသောအသွင်အပြင်ကို
အပြည့်အဝ ပုံဖော်ပေးနေပြီး ဝတ်စုံပေါ်ရှိ ပန်းထိုးပုံစံများကလည်း ကျက်သရေ ရှိလှသည်။
ထိုအစိမ်းဖျော့ရောင် ဝတ်စုံက သူမ၏ အေးစက်သော စိတ်ထားနှင့် လိုက်ဖက်လွန်းနေပြီး တည်ငြိမ်သော
မြင့်မြတ်မှုမျိုး ပေးစွမ်းနေသည်။
စူးချင်း
အဝတ်လဲပြီးချိန်တွင် ကျိရှောင်ယင်က ရေထဲမှ ထွက်လာပြီး သူမ၏ခန္ဓာကိုယ်ကို အခြောက်ခံနေသည်။
သူမက ပန်းရောင်ဝတ်စုံလေးကို ဝတ်ဆင်ရန် မစောင့်နိုင်တော့ပဲ စိတ်မရှည် ဖြစ်နေပြန်သည်။
ကျိရှောင်ယင်က နူးညံ့ချိုမြိန်သော
စိတ်ထားရှိပြီး ထိုပန်းရောင်ဝတ်စုံလေးက သူမနှင့် လိုက်ဖက်လွန်းနေကာ ပြီးပြည့်စုံလှသည်။
သူမ၏မျက်နှာလေးက မက်မွန်ပွင့်ကဲ့သို့ နီမြန်းနေပြီး သူမ၏ခါးလေးက သွယ်လျနေသောကြောင့်
သူမက သေးသွယ် နေသော်လည်း ချစ်စရာကောင်းလှသည်။ သူမ၏ရှည်လျားသော ၀တ်စုံပေါ်တွင်
ပေါ့ပါးသော ပန်းထိုးချည်အလွှာတစ်ခု ရှိနေပြီး ထိုအရောင်စုံပိတ်စအလွှာလေးက သူမလှုပ်ရှားလိုက်တိုင်း
ဝေ့ဝိုက်နေကာ သူမကို နတ်သမီးလေးကဲ့သို့ လှပနေစေသည်။
"အစ်မ... ကျွန်မ ဒီဝတ်စုံကို အရမ်းကြိုက်တယ်"
ကျိရှောင်ယင်က သူမ၏
စကတ်စကို ဆွဲကာ လှည့်ပတ်နေပြီး လေထဲတွင် လွင့်ပျံနေသော စကတ်စကို ကြည့်နေရင်း
တခစ်ခစ်ရယ်မောနေခဲ့သည်။ သူမ၏မျက်လုံးများနှင့် မျက်ခုံးများတွင်
ရွှင်လန်းတက်ကြွမှုများ ပြည့်နှက်နေသည်။
“မင်း
ကြိုက်တာ ကောင်းတယ်”
စူးချင်းက
ကျိရှောင်ယင်၏ပျော်ရွှင်မှုကို နှစ်သက်သည်။ ရှောင်ယင် ပြုံးလိုက်လျှင်
ကမ္ဘာပေါ်ရှိ အရာအားလုံး လှပသွားသည်ဟု သူမ ခံစားရသည်။
သူမတို့
နှစ်ယောက်စလုံး အဝတ်လဲပြီးစအချိန်တွင် တံခါးခေါက်သံ ကြားလိုက်ရပြန်သည်။
"သခင်မလေးစူး၊ သခင်မလေးကျိ၊ သခင်ကြီးချင်က မင်းတို့နှစ်ယောက် ထမင်းစားဖို့
ဖိတ်ခိုင်းလိုက်ပါတယ်၊ ကျေးဇူးပြုပြီး ကြွပါ"
တံခါးအပြင်ဘက်တွင်
ရပ်နေသော လီဝူ၏အသံက ယဉ်ကျေးလှပြီး တရိုတသေ
ရှိလှသည်။ စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး "ငါတို့ အခု ထွက်လာမယ်"
ကျိရှောင်ယင်ကတော့ စူးချင်းကို
တိုးတိုးလေး မေးမြန်းနေသေးသည်။
"အစ်မ၊ ကျွန်မတို့
ညစာစားဖို့ သွားရဦးမှာလား?"
"ငါ မင်းဆံပင်ကို ဖြီးပေးမယ်"
စူးချင်းက ခေါင်းညိတ်ပြလိုက်ရင်း
ကျိရှောင်ယင်၏ရှည်လျားသော ဆံပင်ကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ပခုံးထက်မှ
ဆံပင်များက ရေများ စိုနေသေးသည်ကို မြင်လိုက်ရသဖြင့် စူးချင်းက သူမ၏ဆံပင်ကို
ဖြီးပေးရန်အတွက် ကမ်းလှမ်းလိုက်သည်။ ကျိရှောင်ယင်က ထိုင်ခုံပေါ်သို့ ပျော်ပျော်ရွှင်ရွှင်
ဝင်ထိုင်လိုက်ပြီး သူမ၏အမေ ဆံပင်ဖြီးပေးမည်ကို စောင့်နေသော ကလေးလေးကဲ့သို့ နာခံစွာ
စောင့်ဆိုင်းနေခဲ့သည်။
စူးချင်း၏မျက်လုံးများတွင်
ရှားရှားပါးပါး နူးညံ့သိမ်မွေ့မှုတစ်ခု ပေါ်လာပြီး သူမက ကျိရှောင်ယင်ဆီသို့
လျှောက်လာကာ သူမ၏ဆံပင်ကို ဖြီးပေးရန် သစ်သားဘီးကို အသုံးပြုလိုက်သည်။ သူမက ကျိရှောင်ယင်၏ဆံပင်ကို
ဆံထုံးလေးနှစ်ခု ထုံးထားတက်ပြီး သူမထံတွင် ဆံပင်အတွက် အဆင်တန်ဆာများ မရှိပေ။
သို့သော်လည်း စူးချင်းအတွက် ပြဿနာ မဟုတ်ပေ။ သူမက ဆံပင်ကို
ကျစ်ဆံမြီးနှစ်ချောင်းကို ချည်နှောင်ပြီး
ပန်းပွင့် ပုံဖော်ကာ ပြန်ရစ်ပတ်လိုက်သည်။ သူမက ပန်းပွင့်ပုံကို
အခြေခံထားပြီး ဆံထိုးကို ပန်း၏အလယ်ဗဟို ဖြစ်အောင် ထုံးဖွဲ့ပေးလိုက်သည်။
စူးချင် ဆံပင်ဖြီးပေးနေသည့်
ပုံစံကို ကြည့်နေရင်း ကျိရှောင်ယင်၏မျက်လုံးလေးများက တောက်ပလာသည်။ သူမက စူးချင်းကို
သဘောကျစွာ စိုက်ကြည့်လိုက်သည်။
"အစ်မ၊ မင်းက အရမ်းတော်တာပဲ၊ အစ်မမှာ အရာရာ ကျွမ်းကျင်တဲ့ လက်တစ်စုံရှိတယ်"
စူးချင်းက
ပြုံးလိုက်သည်။ တခြားသူတွေက သူမကို မြှောက်ပင့်တဲ့အခါ သူမ စိတ်အနှောက်အယှက် ဖြစ်တက်ပေမယ့်
ရှောင်ယင့်ရဲ့စကားလုံးတွေကတော့ သူမရဲ့နားထဲမှာ ချိုမြိန်နေခဲ့တယ်။
စူးချင်းက
သူမ၏ဆံပင်ကိုတော့ ဝါးဆံထိုးဖြင့် ဆံထုံးထုံးက ရစ်ပတ်နှောင်ဖွဲ့ထားခဲ့သည်။ သူမ၏မျက်လုံးများက
အေးစက်နေပြီး သူမ၏ဆံပင်ထုံးဖွဲ့မှုနှင့် ၀တ်စားဆင်ယင်မှုတို့နှင့်
ပေါင်းစပ်လိုက်သောအခါ သူမထံမှ လူအများ မရနိုင်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။
သူမတို့နှစ်ယောက်
အတူတူ အခန်းထဲမှ ထွက်လာကြချိန်တွင် အပြင်ဘက်တွင် စောင့်ဆိုင်းနေသော လီဝူ၏မျက်လုံးများက
လင်းလက်သွားသည်။
တစ်ယောက်က နွေးထွေးပြီး
နောက်တစ်ယောက်က အေးစက်နေပေမယ့် နှစ်ယောက်စလုံးမှာ မျက်နှာလှလှလေးတွေ ရှိတယ်လေ။ သူမတို့နှစ်ယောက်
အတူတူ ရပ်နေတာက မျက်စိပသာဒ ဖြစ်စေလွန်းတယ်။
“သခင်မလေးတို့၊
ကျေးဇူးပြုပြီး....”
လီဝူ၏အမူအရာ
ပျက်ကွက်မှုက ခဏတာမျှသာ ဖြစ်ပြီး
ချက်ချင်းပင် သူက သူ၏ ပုံမှန် နှိမ့်ချပြီး ရိုကျိုးသော အသွင်အပြင်သို့
ပြန်ရောက်သွားကာ ဖိတ်ခေါ်သည့် ဟန်အမူအရာတစ်ခု ပြုလုပ်ခဲ့သည်။
ကျိရှောင်ယင်က စူးချင်းကို
တစ်ချက်ခိုးကြည့်လိုက်သေးသည်။ စူးချင်း၏အမူအရာက အေးစက်နေပြီး သူမ၏မျက်လုံးများက တောက်ပနေသည်ကို
သူမ မြင်လိုက်ရပြီး သူမက လီဝူကို လုံးဝ ဂရုမစိုက်ပေ။ ကျိရှောင်ယင်က လီဝူ စိတ်ဆိုးသွားမည်ကို
ကြောက်နေခဲ့သော်လည်း လီတူက စိတ်ဆိုးပုံမပေါ်ဘဲ အပြုံးဖြင့်သာ ရှိနေပြီး ရှေ့မှနေ၍ လမ်းပြပေးနေသည်။
သခင်ကြီးချင်က
ရေချိုးပြီး နေပြီဖြစ်ကာ အဖြူရောင်အတွင်း၀တ်စုံ ပေါ်တွင်
အနက်ရောင်ပိုးဖဲသားအပေါ်ရုံ ထပ်ထားသော ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထားသည်။ သူ့၏ဝတ်ရုံမှ
လက်အနားစ ပတ်လည်ကို ရွှေရောင်ချည်များဖြင့် ပန်းထိုးထားပြီး သူ့ခါးပတ်၏အောက်တွင်
အရောင်ရင့်ရင့် ကျောက်စိမ်းဆွဲပြားတစ်ပြား ချိတ်ဆွဲထားသည်။ သူက လျစ်လျူမရှုနိုင်သော
မြင့်မြတ်သည့်အရှိန်အဝါကို ပြသနေပြီး အဘိုးအို၏ ဂုဏ်သိက္ခာရှိသော အမူအရာနှင့် ယှဥ်တွဲလိုက်လျှင်
သူက ပို၍ပင် မွန်မြတ်ပုံပေါ်နေပြီး ချဉ်းကပ်ရန် မလွယ်ကူသလို ခံစားရစေသည်။
စူးချင်းနှင့် ကျိရှောင်ယင်
ရောက်လာသည်ကို မြင်လိုက်ချိန်တွင် အဘိုးကြီး၏ လေးနက်သော မျက်နှာပေါ်မှာ
အပြုံးတစ်ခု ပေါ်လာပြီး “မင်းတို့ရဲ့အဝတ်အစားတွေကို ကြိုက်ရဲ့လား”
စူးချင်းက
သူ့မေးခွန်းကို မဖြေဘဲ အေးတိအေးစက်သ တုံ့ပြန်လိုက်သည်။ "ဆွေးနွေးတိုင်ပင်ခကို
ထည့်တွက်လိုက်ပါ"
သခင်ကြီးချင်က ခဏတာမျှ
အံ့အားသင့်နေပြီးမှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ကောင်းပြီ၊ တိုင်ပင်ခထဲကို ထည့်တွက်လိုက်မယ်"
“ဒီက
ဝန်ထမ်းတွေ ပြောခဲ့တဲ့ ရှီးဟူငါးပေါင်းကို မြည်းစမ်းဖို့ မင်ယွဲ့စားသောက်ဆိုင်ကို သွားကြရအောင်။
မင်းတို့ ဘယ်လို သဘောရလဲ?"
သခင်ကြီးချင်က
ပြုံးနေပြီး စူးချင်း၏ထင်မြင်ချက်ကို တောင်းခံလိုက်သည်။ သူမက ပေါင်းသင်းဆက်ဆံရန်
လွယ်ကူသာ မဟုတ်ကြောင်း သူ ခံစားနေမိသည်။ သူမထံတွင် သူမကိုယ်သူမ အကာအကွယ်ယူထားချင်သော
ခံစားချက်များ ပြင်းထန်လွန်းနေပြီး သူမက အခြားသူများနှင့် ဆက်ဆံသောအချိန်တွင်
ဖြတ်ကျော်ရန် မဖြစ်နိုင်သော အေးစက်သည့် တစ်ဖက်ခြမ်းတွင်သာ အမြဲ ရပ်နေလေ့ရှိသည်။
“ရပါတယ်”
စူးချင်းက အဘိုးကြီး၏ကမ်းလှမ်းမှုကို
ငြင်းဆိုခြင်း မရှိပေ။ သူမ ဒီကို ကူးပြောင်းလာကတည်းက ပြေးလွှားနေရတာလေ။ အခွင့်အရေး ရတုန်း ဗိုက်ပြည့်အောင်
အစားကောင်းကောင်းလေးတွေ စားပေးရမှာပေါ့။ ဘာလို့ ငြင်းဆန်နေမှာလဲ?
"ဒါဆို သွားရအောင်!"
သခင်ကြီးချင်က
ရှေ့သို့ လျှောက်နေရင်း ပြုံးလိုက်သည်။ စူးချင်းနှင့် ကျိရှောင်ယင်က သူ့နောက်မှ လိုက်သွားပြီး
သုံးယောက်သား လှေကားထစ်ကို အတူတူ ဆင်းလာကြသည်။
သခင်ကြီးချင် ဆင်းလာသည်ကို
မြင်သောအခါ တည်းခိုဆောင်တာဝန်ခံက ဧည့်ဝတ်ပြုရန် အမြန် ရောက်လာခဲ့သည်။
"သခင်ကြီးချင်၊ ဖြည်းဖြည်းဆင်းပါ"
စူးချင်းနှင့်ကျိရှောင်ယင်တို့
သခင်ကြီးချင်၏နောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသောအခါ တည်းခိုဆောင်တာဝန်ခံပင်
အံ့အားသင့်သွားရသည်။
အရင်က သူ ချောမောလှပတဲ့
အမျိုးသမီးလေး အများအပြားကို မြင်ဖူးပေမယ့် သူမတို့ရဲ့ အလှအပက သူ့ကို အံ့အားသင့်စေတုန်းပါပဲ။
အလှတရားဆိုတာက
အရေပြားပေါ်ကနေ မဟုတ်ပဲ အရိုးထဲကနေ လာတယ်။ သူမတို့နှစ်ယောက်က အရိုးထဲကနေ အရေပြားအထိ
လှပနေပြီး အထူးသဖြင့် ခပ်ခွာခွာနေတက်ပုံရတဲ့ အေးစက်စက် ကောင်မလေးပဲ။ သူမက ဆူးပင်တွေပါတဲ့
နှင်းဆီပန်းလေးလို ဖြစ်နေပြီး သူမက အနိုင်ယူလိုစိတ်ရှိတဲ့ အမျိုးသားတွေရဲ့ဆန္ဒကို
နှိုးဆွပေးနိုင်တယ်။
"သီးသန့်ခန်း ကြိုမှာပြီးပြီလား?"
သခင်ကြီးချင်က စူးချင်းနှင့်
ကျိရှောင်ယင်တို့၏ရှေ့တွင် ကြင်နာတတ်သော အဘိုးကြီး ဖြစ်သော်လည်း ထိုလူများ၏ရှေ့တွင်မူ
အေးစက်မာကျောနေပြီး ကြီးမြတ်မှု အပြည့်ရှိနေသည်။
"စိတ်မပူပါနဲ့ သခင်ကြီး။ သခင်ကြီးအတွက် အကောင်းဆုံး ပျိုနီခန်းမကို ပြင်ဆင်ခိုင်းထားပါတယ်"
တည်းခိုဆောင်တာဝန်ခံက
သူ့အတွေးများကို ဖယ်ရှားလိုက်ပြီး တလေးတစား
ပြန်ဖြေလိုက်သည်။
“ကောင်းပြီ”
သခင်ကြီးချင်က ခေါင်းညိတ်လိုက်ပြီး စူးချင်းနှင့် ကျိရှောင်ယင်ဘက်သို့ ပြန်လှည့်ကြည့်ကာ
"ငါတို့ သွားကြရအောင်!"
သူတို့ သုံးယောက်
ထွက်လာသည်နှင့်တပြိုင်နက် တစ်ဒါဇင်ကျော်သော စစ်မြင်းများက နားနေတည်းခိုဆောင်ထဲသို့
ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။
(T/N: ခေါင်းစဥ်က မူရင်းထဲက မပါတာပါ)
✍️✍️✍️