အခန်း ၄၉ ဒါဆို ဒါက ချင်သခင်ကြီးရဲ့ အကြိုက်လား?
အခု သူမတို့မှာ
ပိုက်ဆံရှိနေတော့ အဆင့်မြင့် နားနေတည်းခိုဆောင်မှာ နေဖို့ တတ်နိုင်နေပြီလေ။ ဘာပဲဖြစ်ဖြစ်
သူတို့အိတ်ကပ်ထဲမှာ ပိုက်ဆံရှိရင်ရင် ခါးကို မတ်မတ်ဆန့်ထားလို့ရတယ်။
“အင်း” ကျိရှောင်ယင်က
ခေါင်းကို ပြင်းပြင်းထန်ထန် ငြိမ့်ပြလိုက်ပြီး သူမ၏အပြုံးက ပန်းပွင့်လေးကဲ့သို့
လှပနေသည်။
ဂိတ်ဝမှ အစောင့်တပ်သားများက
သူမကို နောက်တစ်ခါ ထပ်မကြည့်ဘဲ မနေနိုင်သောကြောင့် လှမ်းကြည့်နေကြသည်။ သူမက
နှင်းပွင့်လေးကဲ့သို့ ဖြူစင်ကာ နုပျိုပြီး လှပသည့်အပြင် သူမ၏အပြုံးကို မြင်ရသူတိုင်းက
စိတ်အေးချမ်းမှုကို ခံစားကြရသည်။
"အဆင့်မြင့်အခန်းနှစ်ခန်း ပြင်ဆင်ပေးပြီး ရေနွေးနဲ့ ရေချိုးကန်ပါ ယူလာပေးပါ"
လီဝူက အထဲသို့ဝင်လိုက်ပြီး နားနေတည်းခိုဆောင်မှ တာဝန်ရှိသူများကို
ညွှန်ကြားလိုက်သည်။ နားနေတည်းခိုဆောင်တွင် တာဝန်ခံနှင့် အမှုထမ်းတစ်ဦး ရှိသည်။ ဤနေရာတွင်
အစေခံဖြစ်နေသူများပင် မည်သူမဆို တရားဝင်ရာထူး တစ်ခုရှိနေပြီး သခင်ကြီးချင် ရောက်လာကြောင်းကို
ကြားသောအခါ နားနေတည်းခိုဆောင်၏တာဝန်ခံက သူ့ကို တံခါးဝတွင် တလေးတစား ကြိုဆိုရသည်။
သခင်ကြီးချင်၏နောက်မှ
လိုက်ပါလာတဲ့ လှပသည့် ရွာသူလေးနှစ်ယောက်ကို မြင်လိုက်ရချိန်တွင် အစေခံ၏မျက်လုံးများက
တဖျပ်ဖျပ် တောက်ပသွားပြီး သူမတို့အပေါ်တွင် ရောက်ရှိနေသော သူ့၏အကြည့်များက
ပိုလေးနက်သော အဓိပ္ပါယ်များ ပါဝင်လာသည်။
'ဒါဆို
သခင်ကြီးချင်က သူမတို့လို မိန်းမငယ်လေးတွေကို သဘောကျတာလား?'
ဒါပေမယ့် သူကတော့ အံ့သြမနေတော့ပါဘူး။
သူ ဒီလိုအခြေအနေမျိုးကို အကြိမ်ကြိမ် မြင်ဖူးခဲ့ပြီးပြီ၊ ရာထူးကြီးမြင့်တဲ့
အမျိုးသားအများစုက ငယ်ရွယ်နုပျိုတဲ့ မိန်းကလေးတွေကိုပဲ နှစ်သက်လေ့ရှိကြတယ်။ ပုံမှန်ဆိုရင်တောင်
သူတို့ဆီမှာ ငယ်ရွယ်တဲ့ မောင်းမမိဿံတွေ မရေမတွက်နိုင်လောက်အောင် ရှိနေတက်တယ်။
ဒါဆိုရင်
ရုံးတော်မှာ ပျံ့နှံ့နေတဲ့ သခင်ကြီးချင်က ဖြောင့်မတ်လွန်းပြီး အမျိုးသမီးတွေကို
စိတ်မဝင်စားဘူးဆိုတဲ့ စကားက လွဲမှားနေပြီး ကောလာဟလတွေ ဖြစ်နေတာပေါ့၊ နောက်ဆုံးတော့
သူလည်း သန့်ရှင်းမြင့်မြတ်တဲ့ သူတော်ကောင်းဆိုတဲ့ အရေကို ခြုံထားတဲ့ လူတစ်ယောက်
ဖြစ်ပုံပါပဲ။
အစေခံက သူ့၏စိတ်ထဲတွင်
ကဲ့ရဲ့ညည်းညူနေသော်လည်း သူ့မျက်နှာတွင် ရိုသေသောအမူအရာ ရှိနေသေးသည်။ သူက တလမ်းလုံး
ဦးညွှတ်နေပြီး သခင်ကြီးချင်ကို ဒုတိယထပ်သို့ ဖိတ်ခေါ်လာခဲ့သည်။
နားနေတည်းခိုဆောင်တွင်
အတင့်မြင့် အခန်း အရေအတွက် အကန့်အသတ်ရှိပြီး စုစုပေါင်း အခန်းနှစ်ခန်းသာရှိခဲ့သည်။ သခင်ကြီးချင် ရောက်လာသောကြောင့်
သူတို့က သူ့အတွက် အကောင်းဆုံးအခန်းကို
ပေးခဲ့ရမည်မှာ ထုံးစံပင် ဖြစ်သည်။
ဒုတိယထပ် အရှေ့ဘက်ခြမ်းရှိ
အခန်းက မြင်ကွင်းကောင်းပြီး
လှပသောရှုခင်းကို ပေးစွမ်းနိုင်သည်။ အဝေးမှ စိမ်းလန်းသော တောင်တန်းများနှင့် အနီးမှ
သက်ဝင်စည်ကားနေသော လမ်းမကိုလည်း မြင်နိုင်သည်။
သခင်ကြီးချင်ကလည်း ထိုအခန်းအတွက်
အလွန်ကျေနပ်နေပုံရသည်။ အဘိုးကြီး၏ကျေနပ်နေသော အမူအရာကို မြင်လိုက်ပြီးနောက်
တာဝန်ခံက လေးလံသော ဝန်ထုပ်ဝန်ပိုးတစ်ခုမှ သက်သာရာရသွားသလို ပြုံးလိုက်သည်ကို
အစေခံက လှမ်းမြင်လိုက်ရသည်။
"ချင်သခင်ကြီး၊ သခင်ကြီးအတွက် ရေနွေးနည်းနည်းလောက် ယူလာပေးဖို့
အစောင့်တစ်ယောက် လွှတ်ပေးပါ့မယ်။ ညစာအတွက် အပြင်ကို ထွက်မစားချင်ရင် အစားအသောက်ကို
အခန်းထဲကို ပို့ပေးနိုင်ပါတယ်။ အပြင်ထွက်စားချင်ရင်တော့ အောက်ထပ်ကို ဆင်းပြီး
ဘယ်ဘက်ကို ကွေ့လိုက်တာနဲ့ ကျင်းချန်မှာရှိတဲ့ အကြီးဆုံးစားသောက်ဆိုင်ဖြစ်တဲ့
မင်ယွဲ့စားသောက်ဆိုင်ကို တွေ့ရပါလိမ့်မယ်။ အဲဒီက စားဖိုမှူးက
တော်ဝင်စားဖိုမှူးဖြစ်ပြီး အချက်အပြုတ် ကျွမ်းကျင်ပါတယ်။
သူ့ရဲ့အကောင်းဆုံးဟင်းကတော့ ရှီးဟူငါးပေါင်းပါ။ အသားက လတ်ဆတ်ပြီး နူးညံ့သလို အရသာလည်း
အရမ်းကောင်းပါတယ်”
(ငါးက
လက်ရှိဟန်ကျိုးဘက်မှာရှိတဲ့ West Lake ရေကန်မှာရှိတဲ့ ငါးအမျိုးအစားပါတဲ့၊
တို့ဆီက ကားကထစ်နဲ့ ခပ်ဆင်ဆင်ပဲ)
တာဝန်ခံက
အလွန်သတိထားနေပုံဖြင့် သခင်ကြီးချင်ထံမှ အမြင်ကောင်းရနိုင်ရန် ကြိုးစားနေသည်။ သခင်ကြီးချင်က
စကားကောင်းကောင်းပြောပေးသရွေ့ သူ အစေအပါးအဖြစ်မှ မြင့်ဆက်နိုင်မည် ဖြစ်သည်။
"ကောင်းပြီ၊ ဒီမိန်းကလေးနှစ်ယောက်အတွက် နောက်ထပ် အခန်းရှာပေးပါဦး"
သခင်ကြီးချင်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ထပ်ပြောလိုက်သည်။
သူ့အတွက် သူ့အကြိုက်ကို လိုက်လျောပေးသူပေါင်းများစွာ တွေ့မြင်ဖူးပြီးပြီ
ဖြစ်သောကြောင့် သူက ထိုအရာကို ကျင့်သားရနေပြီဖြစ်သည်။ သူက စူးချင်းနှင့်ကျိရှောင်ယင်ကို
လက်ညှိုးထိုးပြကာ ဝန်ထမ်းကို အခန်းရှာခိုင်းလိုက်သည်။
"ဟုတ်ကဲ့.... ဟုတ်ကဲ့"
တာဝန်ခံက သူတို့ကို
နောက်ထပ်မနှောင့်နှေးစေတော့ဘဲ အလျင်အမြန် ခေါင်းညိတ်သဘောတူကာ ဦးညွှတ်လိုက်သည်။ သူက
စူးချင်းနှင့် ကျိရှောင်ယင်တို့ကို တယဉ်တကျေး လှမ်းပြောလိုက်သည်။
“မိန်းခလေးတို့၊
ကျွန်တော့် နောက်ကို လိုက်ခဲ့ပါ”
စူးချင်းနှင့် ကျိရှောင်ယင်က
တာဝန်ခံ၏အနောက်မှ လိုက်ပါသွားပြီး ဒုတိယထပ် အနောက်ဘက်ရှိ အဆင့်မြင့်အခန်းသို့
လိုက်ပါသွားခဲ့ကြသည်။ တာဝန်ခံက အခန်းတံခါးကို
ဖွင့်ကာ သူ့မျက်နှာပေါ်တွင် ဖိတ်ခေါ်သည့်အမူအရာဖြင့် ပြုံးပြုံးရွှင်ရွှင် ထပ်ပြောလိုက်သည်။
“မိန်းမပျိုလေးတို့၊ ဝင်လာပါ”
တာတန်ခံက သူတို့၏အမူအရာများကို
လေ့လာကြည့်ခဲ့ပြီး ဤမိန်းကလေးနှစ်ဦးက သခင်ကြီးချင် ကိုယ်လုပ်တော်များအဖြစ် သူ့စံအိမ်တော်ကို
ခေါ်သွားမည့် မိန်းခလေးများ မဟုတ်ကြောင်း ဆုံးဖြတ်နိုင်ခဲ့သည်။ သခင်ကြီးချင်က သူမတို့ကို
အလွန်လေးစားနေသည်ကို သူ မြင်နေရသည်။
ထို့ကြောင့် စူးချင်းက
ကောက်ကွေ့သော ချုပ်ကြောင်းများ ရှိနေသည့် ဖာရာတရစပ်နှင့် အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း
တာဝန်ခံက သူမကို လျစ်လျူမရှုဝံ့ပေ။
"ရေချိုးစည် နှစ်လုံးကို ပို့ပေးပါ၊ ရေက နည်းနည်း ပူနေရင် ရပြီ"
စူးချင်းက အခန်းပတ်ပတ်လည်ကို လှည့်ပတ်ကြည့်နေပြီး တာဝန်ခံကို
လှည့်မကြည့်ဘဲ အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
တာဝန်ခံက
ခေါင်းညိတ်သဘောတူလိုက်ပြီး သူမတို့အတွက် တံခါးကိုပင် သေချာ ပြန်ပိတ်ပေးခဲ့သည်။
ဒီမိန်းကလေးက
သာမန်လူ မဟုတ်တာ သေချာတယ်။ သူမဆီကနေ ပြင်းထန်တဲ့ ကိုယ်ရောင်ကိုယ်ဝါကို ခံစားနေရပြီး
သူမက မြှောက်ပင့်ခြင်းတွေ ဝေဖန်ခြင်းတွေကြောင့် မတုန်လှုပ်တာ သိသာနေတယ်။ အဲ့လိုအေးစက်မှုမျိုးက
ရက်စက်ကြမ်းကြုတ်တဲ့ သူတွေမှာပဲ အများဆုံး တွေ့နိုင်ပြီး လူတွေက သူတို့လို
လူတွေရဲ့အမိန့်ကို မနာခံဝံ့ဘဲ မနေရဲကြပါဘူး။
"အစ်မ၊ ဒီအိပ်ယာက အရမ်းနူးညံ့တယ်"
တည်းခိုဆောင်၏တာဝန်ခံ
ပြန်ထွက်သွားသည်နှင့် ကျိရှောင်ယင်က သူမတချိန်လုံး ချုပ်တည်းထားခဲ့သော စိတ်ကို
လွှတ်ချလိုက်သည်။ သူမက ချက်ချင်း ဖိနပ်ကို ချွတ်ကာ ကုတင်ကြီးပေါ်ကို ပျော်ပျော်ရွှင်ရွှင် ပြေးတက်သွားပြီး
ထိုကုတင်ပေါ်တွင် ထိုင်နေကာ စိတ်လှုပ်ရှားနေပုံဖြင့် လှုပ်ရွလှုပ်ရွ ဖြစ်နေလေသည်။
“မင်း
ကြိုက်ရင် ရပြီ”
စူးချင်းက
ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး ထိုပြတင်းပေါက်၏အပြင်ဘက်တွင်
အလွန်တင့်တယ်သော ဝါးတောကြီး တစ်ခုရှိသည်။ သူမက ဤအခန်းကို နှစ်သက်နေပြီး ဤနေရာက
ရှုပ်ယှက်ခတ်နေသော လမ်းမကြီးနျင့် အလှမ်းဝေးကာ အေးချမ်းမှုရှိသည်။
ထိုအခိုက်အတန့်တွင်
တံခါးခေါက်သံ တိုးတိုးလေး ထွက်ပေါ်လာသည်။
"ဧည့်သည်၊ မင်းတို့ ရေချိုးဖို့အတွက် ရေနွေးနွေးလေး လာပို့ပေးပါမယ်"
"အထဲ ဝင်ခဲ့"
စူးချင်းက သူမ၏မျက်နှာပေါ်မှ
အပြုံးကို ချက်ချင်း ဖယ်ရှားလိုက်ပြီး နောက်သို့ ပြန်လှည့်လာချိန်တွင် သူမ၏အမူအရာက
ထီမထင်မှုများ ပြန်နေပြီး မှုန်ကုပ်ကုပ်ဖြင့် အမိန့်ပေးလိုက်သည်။
တည်းခိုဆောင်မှ
အစေခံနှစ်ယောက်က တံခါးကို တွန်းဖွင့်လာပြီး ရေချိုးစည်ကို အခန်းထဲသို့ သယ်ဆောင်လာကြသည်။
ကျိရှောင်ယင်က ကုတင်ပေါ်က အမြန်ထလိုက်ပြီး အမှားလုပ်မိသော ကြောင်လေးကဲ့သို့ စူးချင်းနောက်ကွယ်တွင်
ဝင်ပုန်းနေခဲ့သည်။
စူးချင်း၏မျက်နှာပေါ်တွင်
အပြုံးတစ်ခုပေါ်လာပြီး သူမကို ကုလားထိုင်ပေါ် ဆွဲတင်လိုက်ကာ သူမအတွက် လက်ဖက်ရည်တစ်အိုးလုပ်ပေးရန်
တည်းခိုဆောင်အစေခံကို မှာကြားလိုက်သည်။
သူမတို့က
တစ်ချိန်လုံး ရေအေးများသာ သောက်နေခဲ့ရပြီး နောက်ဆုံးတွင် လက်ဖက်ရည်သောက်ရန်
အခွင့်အရေးကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။
“ဟုတ်ကဲ့!”
အစေခံများက ခေါင်းညိတ်သဘောတူပြီး
ချက်ချင်း ပြန်ထွက်သွားကြသည်။ ခဏကြာတော့ တစ်စုံတစ်ယောက်က နောက်ထပ် ရေချိုးစည်တစ်လုံးကို
ထပ်သယ်လာပြီး အစေခံများ တစ်ယောက်ပြီး တစ်ယောက်ဝင်လာကာ စည်ပိုင်းများထဲသို့
ရေနွေးပူပူများ လောင်းထည့်လိုက်သောကြောင့် အခန်းထဲတွင် ရေနွေးငွေ့များ ပြည့်လျှံလာသည်။
"သခင်မလေး၊ လက်ဖက်ရည်သောက်ပါဦး။ ဒါ ကျွန်တော်တို့ ဆိုင်က လုပ်ထားတဲ့
လက်ဖက်ရည်နဲ့ အဆာပြေမုန့်တွေပါ။ မြည်းစမ်းကြည့်ပါဦး"
တည်းခိုဆောင်ဝန်ထမ်းတစ်ယောက်က
အခန်းထဲသို့ ဗန်းတစ်ဗန်း သယ်ဆောင်လာသည်။ ထိုလက်ဖက်ရည်ဗန်းပေါ်တွင် လက်ရာမြောက်စွာ
ပုံဖော်ထားသော ကျန်းနန်မုန့်နှစ်ပန်းကန် ရှိနေသည်။ လက်ဖက်ရည်နှင့် အဆာပြေမုန့်များ
ချပေးပြီးနောက် ထိုတည်းခိုဆောင်ဝန်ထမ်းက ရိုသေစွာ ဦးညွှတ်ပြီး တံခါးပိတ်ကို
ပြန်ပိတ်ကာ ပြန်ထွက်ခွာသွားလေသည်။
"အစ်မ၊ ဒီမုန့်က အရမ်းအရသာရှိမယ့်ပုံပဲ"
ကျိရှောင်ယင်က
အဆာပြေမုန့်များပန်းကန်များကို စိတ်အားထက်သန်သော အမူအရာဖြင့် စိုက်ကြည့်နေသည်။ နူးညံ့ပျော့ပျောင်းမည့်ပုံပေါ်ကာ
ရွှေရောင်သန်းနေသော ကွေ့ဟွားမုန့်နှင့် ကြွပ်ကြွပ်ရွရွ ရှိမည့်ပုံပေါ်နေသော
အခြားမုန့်တစ်မျိုးကို သူမ စားဖူးရန် နေနေသာသာ
တစ်ခါမှပင် မမြင်ဖူးခဲ့ပေ။
"စားလေ!"
စူးချင်းက
ပြုံးပြီး ကွေ့ဟွားမုန့်ကို တစ်ဖဲ့ဖဲ့ကာ ယူစားလိုက်သည်။ စူးချင်း စားလိုက်သည်ကို
မြင်လိုက်မှသာ ကျိရှောင်ယင်က မုန့်တစ်ဖဲ့ ယူရန် သတ္တိရှိလာပြီး မုန့်ကို
လှမ်းယူလိုက်သည်။ တစ်ကိုက်ကိုက်ပြီးနောက် သူမ၏မျက်လုံးများက တောက်ပလာပြီး စူးချင်းကို
စိတ်လှုပ်ရှားစွာ အော်ပြောနေပြန်သည်။ "အစ်မ၊ အရမ်း စားလို့ ကောင်းတယ်၊
တကယ်ကို အရသာရှိတယ်”
သူမ၏ပျော်ရွှင်သော
အပြုံးက စူးချင်း၏စိတ်ကို ပေါ့ပါးစေခဲ့သည်။ သူမက မုန့်အပျော့တစ်ခုကို စားပြီးနောက်
ပန်းကန်ပြားကို ကျိရှောင်ယင်ထံသို့ တွန်းပေးလိုက်ကာ “ဒါတွေကို အကုန်စားလို့ရတယ်”
ကျိရှောင်ယင်က ဤမျှ
တစ်ကိုယ်ကောင်းဆန်သောသူ မဟုတ်ပေ။ သူမက မုန့်တစ်ဖဲ့ကို လှမ်းယူပြီး စူးချင်း၏ပါးစပ်နားရောက်အောင်
ကမ်းပေးလိုက်ပြီး တီးတိုးပြောဆိုလိုက်သည်။
“အစ်မ၊ အစ်မလည်း စားလေ”
စူးချင်းက
နွေးထွေးမှုကို ခံစားလိုက်ရပြီး တစ်ကိုက် ကိုက်ရန် သူမ၏ခေါင်းကို ငုံ့ချလိုက်သည်။ ကျိရှောင်ယင်က
စိတ်လောနေပုံဖြင့် အလောတကြီး မေးလိုက်သည်။
“အစ်မ၊ အရသာ ရှိလား?"
“အင်း”
စူးချင်းက
ခေါင်းညိတ်လိုက်သည်။ ဒီတည်းခိုဆောင်က မုန့်တွေက မဆိုးပါဘူး။ ချိုမြိန်နေပေမယ့် အဆီမလွှမ်းနေဘဲ
အလွှာလေးတွေ အများကြီးပါတယ်။ အချိုမကြိက်တဲ့သူတွေတောင် စားနိုင်မယ် ထင်တယ်။
စူးချင်းက မုန့်ကို
ကောင်းတယ်လို့ မြင်နေသောကြောင့် ကျိရှောင်ယင်က ဝမ်းသာသွားပြီး သူမက
နူးညံ့သောမုန့်ကို ကိတ်မုန့်ပျော့ကို စူးချင်းအား ပေးလိုက်ပြီး အစာသွပ်ထားသော ကွေ့ဟွားမုန့်တစ်ပိုင်းကို
သူ့ဘာသာသူ ကောက်ယူလိုက်သည်။ သူမက ကမ္ဘာသစ်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ စူးချင်းအား
အော်ပြောလိုက်ပြန်သည်။
"အစ်မ၊ ကြည့်စမ်း၊
အရမ်းပျော့ပျောင်းလွန်းလို့ ကွဲထွက်လုမတက်ပဲ!"
ကျိရှောင်ယင်က ၎င်းကို
ဖြုန်းတီးမိမည်ကို ကြောက်သောကြောင့် သူမက ကွေ့ဟွားမုန့်ကို လက်တစ်ဖက်နှင့် ကိုင်ကာ
အခြားတစ်ဖက်နှင့် ပြန်ထိန်းထားပြီးမှ ကိုက်ချလိုက်သည်။ ကွေ့ဟွားပန်း(မြန်မာအခေါ်တော့
ပင်လုံးကြိုင်ပန်းတဲ့)၏ရနံ့ကြောင့် သူမ၏အရသာခံဖုကလေးများ ချက်ချင်းပေါက်ကွဲလာပြီး ကျိရှောင်ယင်၏မျက်လုံးလေးများက
တစ်ဖျပ်ဖျပ် တောက်ပနေကာ ပြူးကျယ်လာပြန်သည်။
"အစ်မ၊ ဒါလည်း စားကောင်းတာပဲ"
စူးချင်းက
ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ သူမက ကျိရှောင်ယင်ကို တကယ်ပင် မနာလိုဖြစ်နေမိသည်။ ကျိရှောင်ယင်က
အလွယ်တကူ စိတ်ကျေနပ်မှုရနိုင်ပြီး အမြဲပျော်ရွှင်နေတက်သည်။
နှစ်ယောက်သား မုန့်ပန်းကန်နှစ်ချပ်ကို
ကုန်အောင်စားလိုက်ပြီး လက်ဖက်ရည်တစ်အိုး သောက်လိုက်ကြသည်။ ထို့နောက် စူးချင်းက
သူမ၏အဝတ်အစားများကို ချွတ်ပြီး ရေကန်ထဲသို့ ဝင်သွားတော့သည်။ ရေ၏အပူချိန်က မှန်ကန်နေပြီး
မပူလွန်း မအေးလွန်း ဖြစ်နေသောကြောင့် ရေစိမ်ရန် အလွန်အဆင်ပြေလှသည်။
စူးချင်းက
သူမ၏မျက်လုံးများကို မှိတ်ထားပြီး ပူနွေးသောလေထုကို ခံစားနေခဲ့သည်။ သူမ စစ်နတ်ဘုရားဖြစ်နေစဥ်က
သူမ သတ်ဖြတ်ပြီး ပြန်လာချိန်တိုင်း ရေနွေးဖြင့် ရေချိုးရခြင်းကို အလွန်နှစ်သက်ခဲ့သည်။
ရေနွေးပူပူဖြင့် ရေချိုးမှာသာ သူမ ကောင်းကောင်းအိပ်ပျော်နိုင်သောကြောင့် ဖြစ်သည်။
“အစ်မ၊
ရေကန်ထဲမှာ ပွင့်ချပ်လေးတွေတောင် ရှိနေသေးတယ်။ အရမ်း မွှေးတာပဲ"
ကျိရှောင်ယင်၏
စိတ်လှုပ်ရှားနေသော အသံကို ကြားလိုက်သောကြောင့် စူးချင်းက သူမ၏မျက်လုံးများကို
ဖွင့်ကြည့်လိုက်ရာ ကျိရှောင်ယင်က သူမ၏လက်ထဲတွင် ပွင့်ချပ်တစ်ချပ်ကို ကိုင်ထားပြီး
စိတ်လှုပ်ရှားစွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
တည်းခိုဆောင်၏အကြီးအကဲက
ထောက်ထားစာနာတက်ပုံပေါ်ပြီး သူမတို့၏ရေစည်များထဲသို့ ပန်းပွင်းလေးများ ထည့်ပေးထားသောကြောင့်
လေပူများ ဝေ့ဝဲလာချိန်တွင် ပန်းများ၏မွှေးရနံ့က နှာခေါင်းဆီသို့ ပျံ့လွင့်လာသည်။
စူးချင်းက
သူမ၏ယခင်ဘဝတွင် ရေချိုးကန်ထဲသို့ ပန်းပွင့်များနှင့် အမွှေးဆီများ ထည့်ခြင်းကို မနှစ်မြို့ပေ။
ယခုမူကား၊ ရောမသို့ရောက်လျင် ရောမအတိုင်း
ကျင့်ရမည်ဟူသော စကားအတိုင်း သူမလည်း ဒေသဓလေ့ထုံးစံများကို လိုက်နာနေရသည်။
ဘာပဲ ဖြစ်ဖြစ်လေ အနံ့အသက်
မွေးနေတာက နံစော်နေတာထက်တော့ ပိုကောင်းပါတယ်။ ပြီးတော့ ဒီပန်းပွင့်တွေရဲ့မွှေးရနံ့က
အရမ်းမပြင်းထန်ဘဲ သင်းသင်းလေး ဖြစ်နေတာကြောင့် သူမ လက်ခံနိုင်ပါတယ်။
နှစ်ယောက်သား
ရေချိုးစည်များထဲမှာ အေးအေးဆေးဆေး ရေစိမ်နေကြစဥ်တွင် တစ်စုံတစ်ယောက်က
တံခါးလာခေါက်ပြန်သည်။
✍️✍️✍️