အခန်း ၄၈ ရထားလုံးအတူ စီးခြင်း
သခင်ကြီးချင်က အံ့သြသင့်နေခဲ့သည်။
အံ့ဖွယ်ဆေးဆရာမလေးက
ခြင်းတောင်းကိုတောင် ရက်နိုင်တယ်လား? သူမက အေးစက်ပြီး ခပ်ခွာခွာနေတက်တာက သူမက
အခြားနေရာကနေ ရောက်လာလို့လား? သူမက ဘာလို့ ဒီမြေကြီးပေါ်ကို ဆင်းသက်လာရတာလဲ?
စူးချင်းက သူမ၏ပတ်ဝန်းကျင်တွင်
အခြားမည်သူမျှ မရှိသကဲ့သို့ ပြုမူနေပြီး သခင်ကြီးချင်၏ အံ့အားသင့်နေသော အကြည့်ကိုလည်း
သူမက ဂရုမစိုက်ပေ။ သူမက သူမ၏ခြင်းတောင်းကိုသာ ဆက်ရက်လုပ်နေပြီး သူမ၏ရက်လုပ်မှု တိုးတက်မှုက
အခြားဘားတစ်ခု ထပ်တိုးလာသည်ကို တွေ့လိုက်ရသဖြင့် သူမ၏ မျက်လုံးများတွင် ကျေနပ်နေသည့်
အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။
သခင်ကြီးချင်က
စစ်တုရင်ကျောက်ပြားလေးများကို စစ်တုရင်ခုံပေါ်သို့ ပြန်တင်လိုက်ပြီး စူးချင်းကို လှမ်းကြည့်လိုက်သည်။
သူမက ခေါင်းငုံ့ထားသောကြောင့် အေးစက်နေသော်လည်း ပျော့ပျောင်းမှု အနည်းငယ်ကို
ပေးနိုင်နေကာ ထိုနူးညံ့မှုက သူ့ကို ရင်းနှီးသည့်ခံစားချက်တစ်ခု ပေးနေပြန်သည်။
သခင်ကြီးချင်က သူ့ကိုသူ
မထိန်းနိုင်ဘဲ နောက်တစ်ခါ ထပ်ကြည့်လိုက်သောကြောင့် စူးချင်းက သူမ၏ခေါင်းကို ပြန်မော့လိုက်သည်။
ထိုအချိန်တွင် ရေခဲနေသော ကန်ရေပြင်ကဲ့သို့ အေးစက်နေသော မျက်လုံးများတွင် ယခင် နူးညံ့သိမ်မွေ့များ
မရှိတော့ဘဲ ရင်းနှီးမှုလည်း
ပျောက်ကွယ်သွားတော့သည်။
သခင်ကြီးချင်က စူးချင်း၏လက်ထဲမှ
ရက်လုပ်ထားသော ခြင်းတောင်းကို မြင်လိုက်ပြီး ထပ်မံအံ့အားသင့်သွားကာ သူ့မျက်လုံးများက
အရောင်တောက်ပလာသည်။ ဤကဲ့သို့ ခမ်းနားထည်ဝါသော ခြင်းတောင်းကို သူ ပထမဆုံးအကြိမ်
မြင်ဖူးခြင်း ဖြစ်သာသည်။
"နတ်ဆေးဆရာမလေး၊
မင်း အဲ့တာကို ဘာလို့ လုပ်ခဲ့တာလဲ?"
သူ မမေးဘဲ
မနေနိုင်တော့ပေ။
"ကျွန်မ ရောင်းမလို့"
စူးချင်း၏အဖြေက
ရှင်းလင်းပြတ်သားနေသည်။
ထိုအဖြေက သခင်ကြီးချင်၏မျှော်လင့်ချက်ကို
ကျော်လွန်သွားပြီး သူ စကားမပြောနိုင်တော့ပေ။
သူက သူမ အချိန်ကုန်စေဖို့
အပျင်းပြေ လုပ်နေတယ်လို့ ထင်ခဲ့ပေမယ့် သူမက ရောင်းဖို့ ဖြစ်နေတယ်။
ဒီကြိမ်ခြင်းတောင်းကို
ဘယ်လောက်နဲ့ ရောင်းနိုင်မှာလဲ? ဒီနတ်ဆေးသမားတော်က ပိုက်ဆံ သိပ်မရှိဘူးလား?
"ဟား ဟား၊ မင်း ရောင်းမယ်ဆိုရင် ငါက မင်းရဲ့ပထမဆုံးဝယ်ယူသူ ဖြစ်လာလိမ့်မယ်"
သခင်ကြီးချင်က ထိုမိုးမခခြင်းတောင်းက ပန်းခြင်းတောင်းကဲ့သို့ သေးငယ်ပြီး လက်ရာမြောက်ကြောင်း သိနေသောကြောင့် အလွန်နှစ်သက်နေသည်။ ထို့အပြင် သူက စူးချင်း၏ လုပ်ငန်းကို ပံ့ပိုးကူညီရန်အတွက် သူက ပထမဆုံးဝယ်ယူသူ ဖြစ်လာစေမည် ဖြစ်သည်။
"အင်း၊ ကျွန်မ ဒီခြင်းတောင်းကို ငွေတလျန် နှစ်လျန်လောက်နဲ့
ရောင်းမယ်!"
စူးချင်းက ဤခေတ်၏ငွေကြေးအပေါ်
အထင်ကြီးခြင်းမျိုး မရှိပေ။ ငွေတစ်လျန်က အလွန်စျေးပေါနေပြီဟုသာ သူမ ခံစားနေမိပြီး
အဘိုးအိုကို လျှော့စျေးပေးနေသလိုမျိုး အရိပ်အမြွက်ပြနေသေးသည်။
စူးချင်းက ကြိမ်ခြင်းတောင်းတစ်လုံးကို
ငွေတစ်လျန်ဖြင့် ရောင်းမည်ဟု သခင်ကြီးချင်က မမျှော်လင့်ထားပေ။ ငွေလျန်က ဆန်လုံးညိုတစ်အိတ်
ဝယ်ယူနိုင်သည့် ကုန်ကျစရိတ် ဖြစ်သည်။
သူမက စျေး သက်သက်သာသာနဲ့
မရောင်းဘူးလား?
သို့သော်လည်း
အဘိုးအိုက ဘာမှ ထုတ်ပြောဘဲ ထိုအစား သူက ပြုံးလိုက်ပြီး ငွေစက္ကူကို ထုတ်ယူလိုက်သည်။
“ဒီ
ငွေစက္ကူက လျန်ငါးရာတန်ဖိုး ရှိတယ်။ ငါ မင်းဆီးမှာ ငါးရာ့တစ်လျန် အကြွေးကျန်နေသေးတယ်။
ငါ့ရောဂါကို ကုပေးပြီးရင် မင်းကို ငါ ထပ်ပေးမယ်"
စူးချင်းက
ငွေအမြောက်အမြားကို မြင်ဖူးနေသည့်ပုံစံဖြင့် အမူအရာ ပြောင်းလဲမှု မရှိဘဲ
ငွေစက္ကူကို လှမ်းယူလိုက်သည်။ သူမက ၎င်းကို သူမ၏အိတ်ကပ်ထဲတွင် ပေါ့ပေါ့ပါးပါး ထည့်လိုက်သော်လည်း
အမှန်မှာ ရှောင်ချီ သိမ်းဆည်းနိုင်ရန် စနစ်ထဲသို့ ထည့်ပေးလိုက်ခြင်း ဖြစ်သည်။
ပိုက်ဆံကို မြင်သောအခါ
ရှောင်ဖက်တီးလေးချီက သူမ၏ပြူးကျယ်နေသည့် မျက်လုံးလေးများ မျဉ်းတစ်ကြောင်းအထိ ကျဉ်းသွားအောင်
ပြုံးပျော်နေပြီး
သူမ၏မျက်လုံးထဲတွင်
သက်တံရောင်အရိပ်များပေါ်လာကာ အရောင်အသွေး စုံနေတော့သည်။
“သခင်၊ သခင်က အရမ်းတော်တယ်။ ဒီလောက် ပိုက်ဆံတွေ
အများကြီးရှာနိုင်တယ်။ ကံကောင်းပါစေ၊ ကံကောင်းပါစေ၊ ရှောင်ချီက သခင့်ကို တကယ်ကိုးကွယ်ပါတယ်"
စူးချင်း၏မျက်လုံးများတွင်
အပြုံးတစ်ခု ပေါ်လာသည်။ သူမက ဤမင်းဆက်တွင် ပို၍သက်တောင့်သက်သာရှိစွာ နေထိုင်နိုင်တော့မည်ဟု
သူမ ခံစားနေရပြီး သူမ အလွန်စိတ်အေးလက်အေး ဖြစ်လာခဲ့သည်။
ထိုကြိမ်ခြင်းတောင်းကို
ရောင်းချပြီးနောက် စူးချင်းက မလျှော့ဘဲ နောက်တစ်မျိုးကို ဆက်လက်ရက်လုပ်ခဲ့သည်။ ယခုတစ်ကြိမ်တွင်
သူမက ပုံစံပြောင်းလဲကာ ယခင်ပုံစံထက် ပိုမိုလက်ရာမြောက်သော ဘေးနှစ်ဖက်တွင်
အလွှာနှစ်ထပ်ပါရှိပြီး ပန်းပွင့်ချပ်သဏ္ဍန် ပုံဖော်ထားသည့် ဘဲဥပုံခြင်းတောင်းကို ထပ်ရက်လုပ်နေခဲ့သည်။
သခင်ကြီးချင်က
ထပ်သဘောကျသွားပြီး မဝယ်ဘဲ မနေနိုင်သောကြောင့် ထပ်ဝယ် မိပြန်သည်။ ကျင်းချမ်သို့
ရောက်ပြီးနောက်တွင် သခင်ကြီးချင်က သူ မိုးမခခြင်းတောင်းဆယ်ခုကို
ဝယ်ထားပြီးဖြစ်ကြောင်း သိသွားပြီး သူ့ဘာသာသူ ပြန်အံ့အားသင့်နေပြန်သည်။
သူ
အကျပ်ရိုက်နေပြီး သူဘာသာသူ ပြန်တွေးနေမိသည်။
ငါ
ဒီမိုးမခခြင်းတောင်းတွေ အများကြီး ဝယ်လာခဲ့တဲ့ အကြောင်းရင်းက ဘာလဲ?
ထားလိုက်ပါတော့...
အိမ်တော်မှာ ရှိတဲ့ အမျိုးသမီးတွေကို ခွဲဝေပေးလိုက်မယ်။ ပိုနေသေးရင် အပြင်လူတွေကို
လက်ဆောင်အဖြစ် ယူသွားပေးလိုက်မယ်။ ဒီလို သိမ်သိမ်မွေ့မွေ့နဲ့ လှပတဲ့ ခြင်းတောင်းတွေကို
မိန်းခလေးတိုင်း ကြိုက်ကြလိမ့်မယ်။
“စူးသခင်မလေး၊
မင်းတို့ အဖွဲ့ကို မမီလာသေးဘူး။ မင်းတို့ အနားယူနိုင်ဖို့ ဒီအဘိုးကြီးနဲ့အတူ နားနေဆောင်ကို
လိုက်ခဲ့ပါ။ ခရီးထွက်နေတဲ့ ဒီရက်တွေ အတွင်းမှာ မင်းတို့လည်း ပင်ပန်းနေမှာပဲ။
ရေချိုးသန့်စင်ပြီးရင် ဒီအဘိုးကြီးက မိန်းကလေးနှစ်ယောက်ကို ထမင်းဖိတ်ကျွေးပါ့မယ်”
ကျင်းချန်သို့
ရောက်သောအခါ သခင်ကြီးချင်က စူးချင်းနှင့် ကျိရှောင်ယင်ကို ဖိတ်ခေါ်မှုတစ်ခု
ပြုလုပ်ခဲ့သည်။ ကျိရှောင်ယင်က အဘိုးကြီးနှင့် တလမ်းလုံး စစ်တုရင် ကစားခဲ့သောကြောင့်
သူမ ရထားလုံးပေါ် ပထမဆုံးတက်ခဲ့စဥ်အချိန်ကကဲ့သို့ သီးသန့်ဆန်နေခြင်း မရှိတော့ပေ။ အဘိုးအိုက
သူတို့ကို နားနေတည်းခိုဆောင်သို့ ဖိတ်ခေါ်လိုကြောင်း ကြားသောအခါ သူမ၏မျက်လုံးထဲမှ
တမ်းတမှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။
နားနေတည်းခိုဆောင်များ
အကြောင်းကို သူမ ကြားဖူးသော်လည်း တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ယခင်က သူမ၏မွေးစားဖခင်က သူမကို
ကောင်းကောင်းမွန်မွန် ကာကွယ်စောင့်ရှောက်ထားခဲ့ပြီး သူမက ထောင်ဟွားဝူမှ ဘယ်တုန်းကမှ
ထွက်ခွာခွင့် မပေးခဲ့ပေ။ သူမထံတွင် တခြားသူများထံမှ ကြားဖူးပြီး မမြင်ဖူးသေးသော
အရာများစွာ ရှိနေသေးသည်။
နားနေတည်းခိုဆောင်များက
ခရီးသွားများ အနားယူရန် နေရာတစ်ခုဖြစ်ပြီး ရေချိုး ထမင်းစားနိုင်ကာ ရေနွေးများ
ယူလာပေးသူပင် ရှိကြောင်း သူမ ကြားဖူးသောကြောင့် မည်သို့ပုံစံဖြစ်သည်ကို သူမ တကယ်မြင်ချင်နေမိသည်။
ကျိရှောင်ယင်က သူမ၏မျက်လုံးကြီးများကို
တဖျပ်ဖျပ်ခပ်ကာ စူးချင်းကို လှမ်းကြည့်နေသည်။ သူမက သကြားလုံးစားချင်သော်လည်း မပြောရဲသော
ကလေးတစ်ယောက်လိုဖြစ်နေပြီး ချစ်စဖွယ်ကောင်းလှသည်။
ကျိရှောင်ယင်၏အမူအရာက
စူးချင်း၏နှလုံးသားကို ပျော့ပြောင်းသွားစေပြီး စူးချင်းက ခေါင်းညိတ်သဘောတူလိုက်သည်။
“ကောင်းပြီ”
"နားနေတည်းခိုဆောင်ကို သွားမယ်" ကျိရှောင်ယင်က ထပ်အတည်ပြုလိုက်သည်။
သခင်ကြီးချင်က
အပြင်ဘက်မှ လူများကို ညွှန်ကြားလိုက်ပြီး သူ့၏မျက်နှာက အရင်ကနှင့် လုံးဝ မတူတော့ပေ။ ယခင်စကားပြောဟန်နှင့်
ရွှင်ပျသောအသွင်အပြင်က လုံးဝ ပျောက်ကွယ်သွားပြီး သူက ဂုဏ်သိက္ခာရှိကာ မြင့်မြတ်သော
အသွင်အပြင်ဖြင့် အပြင်ဘက်သို့ အမိန့်ပေးနေသည်။ စူးချင်းက သူ့ကို စိုက်ကြည့်နေပြီး
အဘိုးအို၏ ရောင်ဝါက အရာရှိတစ်ဦး ဖြစ်နိုင်ပြီး သူက မွေးကတည်းက ဂုဏ်သိက္ခာရှိစွာ
မွေးဖွားလာသူ ဖြစ်နိုင်ကြောင်း သူမ ရိပ်မိလိုက်သည်။
“ဟုတ်ကဲ့”
အပြင်ဘက်မှ
အိမ်တော်ထိန်းလီဝူက အမိန့် နာခံကြောင်း တုံ့ပြန်လိုက်ပြီး ရထားလုံးက မြို့ထဲသို့ ဝင်ရန်
ပြင်လိုက်သည်။
ကောင်းချန်ကဲ့သို့ပင်
ကျင်းချန်တွင်လည်း ဒုက္ခသည်များကို ဝင်ခွင့်မပြုဘဲ ကြပ်ကြပ်မတ်မတ် တားဆီးပိတ်ဆို့ထားသည်။
မြို့တံခါးတွင်
လှံရှည်နှင့် သံမဏိဓားရှည်များကို ကိုင်ဆောင်ထားသည့် စစ်သည်များရပ်ပြီး သခင်ကြီးချင်၏
ရထားလုံးမျးကို တွေ့သောအခါ စစ်ဆေးရန် ရောက်လာကြသည်။
"ရပ်စမ်း၊ မင်းတို့မှာ ခရီးသွားလက်မှတ်ရှိလား?"
"ရှိပါတယ်"
လီဝူက
ခရီးသွားလက်မှတ်ကို ထုတ်ကာ စစ်သည်များဆီသို့ လွှဲပြောင်းပေးနေပြီး သူက
စစ်သည်များကို အလွန်မောက်မာသောလေသံဖြင့် ပြန်ပြောခဲ့သည်။
လက်မှတ်ပေါ်ရှိ အမည်ကို
မြင်သောအခါ မြို့စောင့်တပ်သားက ခေါင်းကို မော့ကာ လီဝူကို ကြည့်လိုက်ပြီး သူက သေချာအောင်
ထပ်မေးလိုက်သည်။
"ချင်သခင်ကြီး?"
"မင်း သိနေမှတော့ ဘာလို့ ငါတို့ကို ဝင်ခွင့်မပြုသေးတာလဲ?"
လီဝူက
အေးစက်သောမျက်နှာဖြင့် အမိန့်ပေးလိုက်သည်။ စစ်သည်များက မြို့တံခါးကို
ပိတ်ဆို့ထားသော အတားအဆီးများကို အမြန်ဖယ်ရှားကာ သူတို့ကို မြို့ထဲသို့ တလေးတစား
ဖိတ်ခေါ်နေကြသည်။
စူးချင်းက သူမ၏ခေါင်းကို
မော့ကာ သခင်ကြီးချင်ကို လှမ်းကြည့်လိုက်သည်။ ဒီအဘိုးကြီးရဲ့နောက်ခံက တကယ်ကို ထူးခြားနေတာပဲ။
သခင်ကြီးချင်က စူးချင်း
သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရပြီး သူမ၏မျက်လုံးများတွင် သံသယများ ရှိနေသော်လည်း
ကြောက်ရွံ့မှု သို့မဟုတ် လေးစားမှုစသည့် အရိပ်အယောင်ကို လုံးဝ မတွေ့ရပေ။ သူမက
ရေခဲကဲ့သို့ ငြိမ်သက်နေဆဲပင်။ သခင်ကြီးချင်က ရုတ်တရက် သိချင်လာမိသည်။
ဒီမိန်းကလေးက
ဧကရာဇ်မင်းမြတ်ကို မြင်ရင်တောင် ဒီလိုပဲ ငြိမ်သက်နေမှာလား?
စူးချင်းက သူ့မည်သူမည်ဝါဖြစ်သည်ကို
မမေးသလို သခင်ကြီးချင်ကလည်း ထုတ်ဖော်ပြသခြင်း မရှိပေ။ ယခုအချိန်တွင် သူတို့က
မိတ်ဆွေဟောင်းများကဲ့သို့ ပေါင်းသင်းဆက်ဆံနေကြပြီး
တခြားသူများက သူကို ကြောက်နေသည်ထက်တော့ ပိုအဆင်ပြေသည်ဟု သခင်ကြီးချင်က
တွေးနေခဲ့သည်။
ရထားလုံးက တည်းခိုဆောင်၏အပြင်ဘက်မှာ
ရပ်သွားပြီး ထိုနေရာတွင် အခြားအရာရှိများ ရှိနေပုံရကာ ဝင်ပေါက်တွင် အစောင့်တပ်သားများ
ရပ်နေကြသည်။
ရထားလုံးများ ဝင်လာသည်ကို
မြင်သောအခါ သူတို့က ချက်ချင်း ရောက်လာပြီး “မင်းတို့ ဘာလာလုပ်တာလဲ?”
"ဒါက ငါတို့ရဲ့ခရီးသွားလက်မှတ်တွေပဲ"
လီဝူက
နောက်တစ်ကြိမ် လမ်းလျှောက်သွားလိုက်ပြီး ထိုတပ်သားများကို လက်မှတ်ပြလိုက်သည်။ ထိုလက်မှတ်ပေါ်မှ
အမည်ကို မြင်ပြီးနောက် ထိုတပ်သားများ၏သဘောထားက ချက်ချင်း ပြောင်းလဲသွားကာ လေးစားနေသည့်
အမူအရာများ ပေါ်လာခဲ့သည်။ သူတို့က ရထားလုံးဆီသို့ ဦးညွှတ်လိုက်ပြီး "ချင်သခင်ကြီးကို
ဖိတ်ခေါ်ပါတယ်"
သခင်ကြီးချင် ရထားလုံးပေါ်မှ
မဆင်းမီ လီဝူကို ကန့်လန့်ကာ ရုတ်သိမ်းပေးရန် စောင့်နေပြီး သူက စစ်သားများကို
ဂုဏ်သိက္ခာရှိစွာ စိုက်ကြည့်လိုက်သည်။
စူးချင်းက
သူ့နောက်မှ လိုက်ပါလာပြီး ရထားလုံးပေါ်မှ ခုန်ဆင်းကာ ကျိရှောင်ယင်ကို ခေါ်ဆောင်ရန်
နောက်သို့ ပြန်လှည့်လိုက်သည်။
စစ်သည်များကို
မြင်သောအခါ ကျိရှောင်ယင်က ထိတ်လန့်သွားပြီး လက်ဖျားများ အေးစက်လာသည်။ စူးချင်းက သူမ
ရထားလုံးပေါ်မှ ဆင်းနိုင်ရန် ကူညီပေးနေသောကြောင့် သူမလက်မှ အပူချိန်ကို ခံစားမိလိုက်ပြီး
အသံတိုးတိုးလေးဖြင့် နှစ်သိမ့်ပေးလိုက်သည်။
“မကြောက်ပါနဲ့”
ကျိရှောင်ယင်က အစ်မစူးချင်း၏
နှစ်သိမ့်စကားများကို ကြားလိုက်ရပြီး သူမ၏ စိတ်ထဲမှ မသက်မသာဖြစ်နေမှုများ
ပျောက်ကွယ်သွားရသည်။ သူမက စူးချင်းဘေးတွင် ရပ်နေကာ နားနေတည်းခိုဆောင်ကို
စူးစူးစိုက်စိုက် ကြည့်နေပြန်သည်။
ကျင်းချန်နားနေတည်းခိုဆောင်၏
မြင့်မားသော ဝင်ပေါက်၌ ကြီးကျယ်ခမ်းနားသော ကမ္ဗည်းပြားတစ်ခု ချိတ်ဆွဲထားသည်။ ထိုနားနေတည်းခိုဆောင်က
စုစုပေါင်း အထပ်သုံးထပ်ရှိသော သစ်သားအဆောက်အအုံဖြစ်သည်။ အဝင်ဝမှ တံခါးနှစ်ဘက်စလုံးတွင်
စစ်သည်များက စောင့်ကြပ်နေပြီး ခြံဝန်း၏ရှေ့နှင့် နောက်ဘက်တွင် ရထားလုံးဒါဇင်ပေါင်းများစွာကို
တစ်ပြိုင်နက် ထားရှိနိုင်ပုံရသည်။
ကျိရှောင်ယင်က စစ်သည်များကို
ကြောက်ရွံ့ရမည်ကို မေ့လျော့သွားပြီး သူမက လှည့်ပတ်စူးစမ်းနေကာ စိတ်လှုပ်ရှား နေပြီး စူးချင်းကို တီးတိုး ပြောလိုက်သည်။
"အစ်မ၊ ဒါက အရမ်းကြီးတယ်၊ နားနေတည်းခိုဆောင်က ဒီလိုကြီးကျယ်ခမ်းနားတာလား?!"
စူးချင်းက ကျိရှောင်ယင်၏
စိတ်အားထက်သန်သော အသွင်အပြင်ကို ရွှင်မြူးစွာ ကြည့်နေပြီး သူမ မေးစေ့ကို အနည်းငယ်
ငုံ့ကာ ကျိရှောင်ယင်ကို ပြောလိုက်သည်။ "အထဲကို ဝင်ကြည့်ရအောင်"
✍️✍️✍️