Chapter 78 သူမရဲ့အဆင့်မြှင့်တင်မှုကို နှောင့်နှေးစေတယ်
Viewers 17k

အခန်း ၇၈ သူမရဲ့အဆင့်မြှင့်တင်မှုကို နှောင့်နှေးစေတယ်

ကျိရွှေရှန့်နှင့် အခြားသူများ သူ့ရှေ့သို့ ရောက်သောအခါ လီတာ့နျိုက သူ့ပါးကို လက်နှစ်ဖက်ထောက်တာ အိပ်ပျော်နေသည်ကို မြင်လိုက်ရသည်။ သူက အိပ်မက်ထဲတွင်ပင် တစ်ခုခု စားနေပုံရကာ သူ စားနေသော အစားအစာက အရသာ ရှိ မရှိ သူတို့မသိနိုင်သော်လည်း လီတာ့နျို၏ပါးစပ်ထောင့်မှ တံတွေးများ စီးကျနေသည်ကို သူတို့ မြင်နေရသည်။

"မင်း အခုထိ အိပ်နေတုန်းလား? ငါတို့ စားစရာတွေ အကုန် ပျောက်သွားပြီ"

ကျိရွှေရှန့်က လီတာ့နျို၏နားရွက်နားသို့ ကပ်သွားကာ အော်ပြောလိုက်သည်။ လီတာ့နျိုက တုန်တုန်ယင်ယင်ဖြင့် မျက်လုံးဖွင့်လာပြီး ခုန်ထလိုက်သည်။ ထို့နောက် သူက လက်သီးလက်မောင်း တန်းကာ တစ်စုံတစ်ယောက်ကို ရိုက်နှက်ရန် ပြင်ဆင်လိုက်သည်။

"ငါတို့ရဲ့စားစရာတွေကို ခိုးတာ ဘယ်သူလဲ ငါ့ကို ပြောစမ်း။ ငါ မင်းကို သေအောင်ရိုက်သတ်ပစ်မယ်!"

ကျိရွှေရှန့်က နောက်သို့ ပြန်ဆုတ်လိုက်ပြီး လီတာ့နျို၏ လက်သီးကို ရှောင်လိုက်သည်။ ထို့နောက် သူက သူ့လက်ကို မြှောက်လိုက်ပြီး လီတာ့နျို၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

"ငါပါ... ငါသာ စပါးခိုးတဲ့သူဆိုရင် မင်းကို အဲ့လို အော်ခေါ်မယ်ထင်လား? သူတို့က စားစရာတွေကို ခိုးယူသွားကြတာ ကြာလှရောပေါ့”

ကျိရွှေရှန့်က သူ့ကို မျက်နှာမည်းကြီးဖြင့် ကြိမ်းမောင်းနေသည်ကို မြင်လိုက်ရသောကြောင့် လီတာ့နျိုက လှည်းပေါ်မှ စားစရာများကို အမြန် ပြန်လှည့်ကြည့်လိုက်ပြီး လှည်းပေါ်တွင် ရိက္ခာများ ကျန်နေသေးသည်ကို မြင်သောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။

သူ ဘယ်လို အိပ်ပျော်သွားတာလဲ? သူ အရိုက်ခံရသင့်တယ်၊ သူက အရိုက်ခံရသင့်တယ်။

"ငါ တောင်းပန်ပါတယ်၊ ရွှေရှန့်"

ဒါက လီတာ့နျိုရဲ့ကောင်းကွက်လေးပါပဲ။ သူ မှားနေရင် တောင်းပန်ဖို့ ဘယ်တော့မှ မတွန့်ဆုတ်ဘူး။ သူက သူ့အမှားကို ကောင်းကောင်းမွန်မွန် ဝန်ခံရဲတယ်။

"တာ့နျို၊ ငါတို့ အချိန်တိုင်း ဒီလို ကံကောင်းနေမှာ မဟုတ်ဘူး။ ဒီစပါးတွေက ငါတို့တစ်ရွာလုံးရဲ့အသက်တွေပဲ”

လီတာ့နျိုက သူ့အမှားကို ဝန်ခံလိုက်သော်လည်း ကျိရွှေရှန့်က သူ့ကို ခွင့်မလွှတ်ဘဲ ပြစ်တင်ဝေဖန်လိုက်သည်။

အရင်တုန်းက သူတို့က ထောင်ဟွားဝူမှာ ရှိနေကြပြီး ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်ခဲ့ကြပေမယ့် အဲဒီကနေ ထွက်လာပြီးတဲ့နောက်မှာ သူတို့ အရင်ကလို နေဖို့ မဖြစ်နိုင်တော့ဘူး။ ပထမဦးဆုံးအနေနဲ့ လီတာ့နျို တာဝန်သိစိတ်ဖြစ်လာအောင် လုပ်ပေးရတော့မယ်။

ဒီနေ့က လီတာ့နျိုအတွက် တာဝန်မဲ့ခြင်းရဲ့အကျိုးဆက်က ဘယ်လောက်ပြင်းထန်တယ်ဆိုတာကို သိရှိနားလည်အောင်ပြောပြနိုင်မယ့် ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ။

ငါ မှားမှန်း ငါ သိပါတယ်။ နောက်ဆိုရင် ငါ ပိုသတိထားပြီး ဒီလိုအမှားမျိုး ထပ်မဖြစ်စေရပါဘူး”

လီတာ့နျိုက ရုတ်တရက် ကြီးပြင်းလာသကဲ့သို့ မိမိကိုယ်ကို အပြစ်တင်ရင်း ခေါင်းငုံ့ထားလိုက်သည်။

အတိတ်က စည်းကမ်းမဲ့ပြီး ရမ်းကားတဲ့  လီတာ့နျိုမှာလည်း အခုတော့ စိုးရိမ်စရာတွေ ရှိလာခဲ့ပြီ။

ကောင်းပြီ၊ မင်း ခဏလောက် အနားယူလိုက်ဦး။ ငါနဲ့ ယုံခန်း စားစရာတွေ သွားထပ်ဝယ် လိုက်မယ်"

သူ့၏ညီအစ်ကိုကောင်းတစ်ယောက်က သူ့ကိုယ်သူ အပြစ်တင်နေသည်ကို မြင်လိုက်ရသောကြောင့် ကျိရွှေရှန့်က သူ့ကို သင်ခန်းစာ ဆက်မပေးရက်တော့ပေ။ သူက လီတာ့နျို၏ပခုံးကို ပုတ်လိုက်ပြီး အချိန်အနည်းငယ် ထပ်အိပ်ခွင့်ပေးလိုက်သည်။

ငါ အားအင်တွေ ပြည့်နေပါပြီ။ ရိက္ခာတွေ ရွှေ့ဖို့ မင်းတို့နဲ့အတူ လိုက်ခဲ့မယ်"

သို့သော်လည်း လီတာ့နျိုက အိပ်ရန် ငြင်းဆန်နေခဲ့ပြီး ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့၏နောက်မှ လိုက်ပါလာကာ သူ့အမှားအတွက် ပေးဆပ်ရန် ကြိုးစားနေသည်။

သူတို့က စပါးထပ်ဝယ်ရန် စပါးဆိုင်သို့ သွားကြပြီး စူးချင်းနှင့် ကျိရှောင်ယင်တို့က သူမတို့ အသစ်ဝယ်ယူထားသော ရထားလုံးပေါ်တွင် ထိုင်စောင့်နေကြသည်။ ကျိရှောင်ယင်က သူမ တင်ပါးအောက်ရှိ နူးညံ့ပျော့ပျောင်းသော ထိုင်ဖုံကို ထိကြည့်နေရင်း ပျော်ရွှင်နေပုံဖြင့် စူးချင်းကို စကား ပြောနေပြန်သည်။

အစ်မ၊ ဒီရထားလုံးက ထိုင်လို့ အရမ်းကောင်းတာပဲ”

"အစ်မလို့ ထပ်ခေါ်ပြန်ပြီလား?"

ကျိရှောင်ယင်ကို ကြည့်နေသည့် စူးချင်း၏မျက်နှာက မည်းမှောင်သွားသောကြောင့် ကျိရှောင်ယင်က သူမ၏လည်ပင်းကို ကျုံလိုက်ပြီး သူမ၏ပါးစပ်လေးကို အုပ်ရန် သူမ၏ နူးညံ့သော လက်ကလေးကို အသုံးပြုလိုက်သည်။

"အာ... ငါ အရိုက်ခံရသင့်တယ်။ ငါက ဘယ်လိုလုပ်ပြီး မေ့သွားရပြန်တာလဲ?"

“ရှောင်ယင်၊ မင်း ပစ္စည်းတွေကို စောင့်ကြည့်ပေးထားဦး။ ငါ နောက်ထပ်ပစ္စည်းတွေ သွားထပ်ဝယ်ဦးမယ်”

ကျိရွှေရှန့်နှင့် ကျန်သူများက စားစရာ ထပ်ဝယ်နေပြီး အချိန်ကြန့်ကြာနေသောကြောင့် စူးချင်းက ရထားလုံးပေါ်မှ ဆင်းရန် ပြင်ဆင်းရင်း ကျိရှောင်ယင်ကို ညွှန်ကြားလိုက်သည်။

"ကောင်းပြီ၊ ငါ ဂရုစိုက်ပါ့မယ်လို့ ကတိပေးတယ်"

ကျိရှောင်ယင်က ပြင်းပြင်းထန်ထန် ခေါင်းညိတ်နေရင်း သူမ၏မျက်လုံးများက လခြမ်းလေးများနှင့်တူသည်အထိ ကွေးသွားခဲ့သည်။ ဤသို့သော အရေးကြီးသည့် အလုပ်တစ်ခုကို အပ်နှင်းခံရခြင်းအတွက် ကျိရှောင်ယင်က အလွန်ပျော်ရွှင်နေခြင်း ဖြစ်သည်။ စူးချင်းကလည်း ပြုံးနေရင်း  ရထားလုံးပေါ်မှ ခုန်ဆင်းလိုက်သည်။

သူမက သူမ၏ပစ္စည်းအချို့ကို နားနေတည်းခိုဆောင်တွင် ထားခဲ့သောကြောင့် ၎င်းတို့ကို ပြန်ယူရန် အလျင်စလို ပြန်သွားချင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် အချိန်ကုန်သက်သာစေရန်အတွက် သူမက မြင်းနက်ကြီးကို ဖြုတ်လိုက်ပြီး သူမကိုယ်တိုင်လည်း လူအိုကြီးချင်ဝယ်ပေးထားသည့် အမျိုးသမီးအဝတ်ကို ထပ်ဝတ်လိုက်သည်။ ထိုနောက် သူမက လှလှပပ ခုန်လိုက်ပြီး မြင်းကျောပေါ်သို့ ခုန်တက်သွားသောကြောင့် သူမကို ကြည့်နေသော ကျိရှောင်ယင်၏ မျက်လုံးများက တောက်ပလာသည်။

အစ်မက အရမ်းမိုက်တယ်!

စူးချင်းက အမျိုးသမီးဝတ်စုံကို ၀တ်ဆင်ထားပြီး မြင်းနက်ကြီးကို စီးကာ တည်းခိုဆောင်သို့ ပြန်သွားခဲ့သည်။ တည်းခိုဆောင်၏တာဝန်ခံက ရုံးတော်ကို မြို့စောင့်တပ်များ အဝိုင်းခံရသည်ကို သိထားပြီးဖြစ်ကာ သခင်ကြီးချင်က ထူးထူးခြားခြား အောင်ပွဲတစ်ခုရခဲ့သည်ကိုလည်း သူ သိနေသောကြောင့် စူးချင်းကို စိတ်အားထက်သန်စွာ ကြိုဆိုလိုက်သည်။

သခင်မလေး၊ မင်းမှာ မှာစရာတွေရှိရင် ငါတို့ကို တတ်နိုင်သမျှ မြန်မြန်ပြောပေးပါ။ အခု နေ့လည်စာ စားချိန်နီးနေပြီ။ ဒီတာဝန်ခံက တစ်စုံတစ်ယောက်ကို မြန်မြန်စေလွှတ်လိမ့်မယ်”

မလိုတော့ဘူး။ အခု အကြီးအကဲချင်က ရုံးတော်မှာ ရှိနေပြီး အမှုတွဲတွေကို ကိုင်တွယ်နေတုန်းပဲ ရှိသေးတယ်။ ငါ့မှာ လုပ်စရာ တစ်ခုခု ရှိနေလို့ ငါ အရင် ထွက်သွားရလိမ့်မယ်၊ ငါ ပစ္စည်းတစ်ခု ယူစရာရှိလို့ ပြန်လာခဲ့တာ"

စူးချင်းက စကားပြောနေရင်းဖြင့် အပေါ်ထပ်သို့ တက်လာခဲ့သည်။ တည်းခိုဆောင်၏တာဝန်ခံက အံ့အားသင့်သွားသော်လည်း သူက အရိပ်အပါး နားလည်သူဖြစ်ပြီး သူမနောက်သို့ လိုက်မသွားတော့ပေ။

စူးချင်းက သူမတို့အခန်းသို့ ပြန်သွားလိုက်ပြီး သူမနှင့် ကျိရှောင်ယင်၏ အဝတ်ဟောင်းများကို ပြန်ခေါက်ကာ ထုပ်ပိုးသိမ်းဆည်းလိုက်သည်။ စားပွဲပေါ်တွင် ကျိရှောင်ယင် အကြိုက်ဆုံး သရေစာ ရှစ်ပန်းကန် ရှိနေပြီး မူလက ပန်းကန်ဆယ်ချပ် ရှိခဲ့သော်လည်း နှစ်ချပ်စာကို သူမ ကျိရွှေရှန့်ကို ပေးခဲ့ခြင်းပင်။ စူးချင်းက စားစရာအားလုံးကို မိုးမခခြင်းတောင်းထဲသို့ ထည့်လိုက်ပြီး ပန်းကန်အလွတ်များကို စားပွဲပေါ်ပြန်တင်လိုက်သည်။ ထို့နောက် သူမက မိုးမခခြင်းတောင်းနှင့် အဝတ်ဟောင်းကို သယ်ကာ အောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။

တည်းခိုဆောင်၏တာဝန်ခံက သူမကို နှုတ်ဆက်ရန် အမြန်ရောက်လာပြီး စူးချင်းက  ခြေလှမ်းကျယ်ကျယ်များဖြင့် ထွက်ခွာနေရင်း သူ့ကို ခေါင်းညိတ်တုံ့ပြန်လိုက်သည်။

တည်းခိုဆောင်၏တာဝန်ခံက စူးချင်း၏နောက်ကျောကို ကြည့်ကာ ကူကယ်ရာမဲ့ လက်ဝှေ့ယမ်းပြနေရင်း သခင်မလေး ဂရုစိုက်ပါ”

စူးချင်းက မြင်းနက်ကြီးကို စီးကာ ပြန်သွားခဲ့ပြီး မုန့်ဆိုင်ရှေ့မှ ဖြတ်သွားသောအခါတွင် သူမက အသားထည့်ထားသော မုန့်ပေါင်း(ပေါက်စီ)အလုံး နှစ်ဆယ် ဝယ်လိုက်ပြီး ကြာရွက်လေးရွက်ဖြင့် ခွဲထည့်ခိုင်းလိုက်သည်။ ထို့နောက် ဘေးဆိုင်မှ ရိုးရိုးမုန့်ပေါင်း ဆယ်ခုကို ထပ်ဝယ်လိုက်ပြီး စပါးဆိုင်၏အဝင်ဝသို့ ပြန်လာခဲ့သည်။

ကျိရွှေရှန့်နှင့် ကျန်သူများက စပါးများကို လှည်းပေါ်သို့ တင်ပြီးနေပြီ ဖြစ်သည့်အတွက် သူမအတွက် အချိန်မကုန်တော့ပေ။

"မုန့်ပေါင်းတွေ!"

စူးချင်းက ချိုးယုံခန်းနှင့် ကျိရွှေ့ရှန့်အတွက် ကြာရွက်တစ်ထုပ်ကို ကျိရွှေ့ရှန့်ထံ ပစ်ပေးလိုက်သည်။ လီတာ့နျိုက ချစ်စရာ ပန်ဒါကြီးတစ်ကောင်လို မျက်လုံးပြူးကြီးများဖြင့် စူးချင်းကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေလေသည်။

"မင်း အတွက်က ဒီမှာ"

လီတာ့နျို၏ အသွင်အပြင်ကြောင့် စူးချင်း၏နှုတ်ခမ်းများက တွန့်ကွေးသွားသည်။ သူမက နောက်ထပ် ကြာရွက်တစ်ထုပ်ကို သူ့ဆီသို့ ပစ်ပေးလိုက်သည်။

ယခုခေတ်တွင် မုန့်ပေါင်းများက ကြီးမားပြီး အလေးချိန်လည်း အတော်များသောကြောင့် မုန့်ပေါင်းငါးလုံးက လူကြီးတစ်ယောက်အတွက် လုံလောက်နေပြီ ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် စူးချင်း"

ချိုးယုံခန်းက ကြာရွက်ကို ဖွင့်ကြည့်လိုက်ရာ အသားရနံ့အပြည့်ဖြင့် ဆွဲဆောင်မှုရှိသည့် မုန့်ပေါင်းဖြူဖြူကြီးများကို တွေ့လိုက်ရသည်။ အသားရနံ့က လေထဲသို့ပင် ပျံ့လွင့်နေပြီး သူက စူးချင်းကို ကျေးဇူးတင်စကား ထပ်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်!”

လီတာ့နျိုက သူ့၏ပါးစပ်ကို အကျယ်ကြီး ဖွင့်လိုက်ပြီး မုန့်ပေါင်းတစ်ဝက်ကို ကိုက်ချလိုက်ကာ သူ့ပါးစပ်အပြည့် ကိုက်ဝါးနေလေသည်။ ချိုးယုံခန်းက စူးချင်းကို ကျေးဇူးတင်ကြောင်း ပြောသောအခါ သူက အမူအရာဖြင့်သာ စူးချင်းကို ကျေးဇူးတင်ကြောင်း ပြောနိုင်တော့သည်။

ကျိရွှေရှန့်ကတော့ ခံစားချက်များ ရောထွေးနေပြီး မုန့်ပေါင်းကို မစားသေးဘဲ လက်ထဲတွင် ကိုင်ထားဆဲ ဖြစ်သည်။

အရင်တုန်းက စူးချင်းကို ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ သူ့ညီမ‌လေးရဲ့ အကြံအစည်ကို သူ သဘောမတူခဲ့ဘူး။ သူမက ဝန်ထုပ်ဝန်ပိုးဖြစ်မှာကို သူ စိုးရိမ်ခဲ့ပြီး သူတို့အဖွဲ့အတွက် နှောင့်နှေးစေမှာကို သူ စိုးရိမ်ခဲ့တယ်။

ဒါပေမယ့် စူးချင်းက သူတို့ရဲ့ခရီးစဥ်ကို မနှောင့်နှေးစေရုံသာမကပဲ သူတို့အဖွဲ့ကို အကြိမ်ပေါင်းများစွာ ကယ်တင်ပေးခဲ့ပြီး သူမက သူတို့ဒုက္ခသည်အဖွဲ့အတွက် အကျိုးကျေးဇူးတွေ အများကြီးကို ယူဆောင်ပေးခဲ့တယ်။

နှိုင်းယှဉ်ကြည့်လိုက်ရင် သူနဲ့ ထောင်ဟွားဝူက လူတွေကသာ  စူးချင်းဆီကနေ အခွင့်ကောင်းယူနေကြတာပါ။

"ရှောင်ယင် ဒါတွေ လာယူ"

စူးချင်းက ကျိရွှေရှန့်၏ဝေခွဲမရ ဖြစ်နေသော အကြည့်များကို  မမြင်ချင်သောကြောင့် သူမ၏ ရထားလုံး၏ကန့်လန့်ကာကို ဖွင့်လိုက်ပြီး မိုးမခခြင်းတောင်းကို ရထားလုံးပေါ်တင်ကာ သူမနှင့် ကျိရှောင်ယင်၏အဝတ်ဟောင်းများကို ကျိရှောင်ယင်ထံ လွှဲပြောင်းပေးလိုက်သည်။

ငါ ဟင်းခတ်အမွှေးအကြိုင်တွေဝယ်ဖို့ ကျန်သေးတယ်၊ ငါ့ကို ခဏစောင့်နေပေးဦး"

စူးချင်းက သူမ မဝယ်ရသေးသော ပစ္စည်းများရှိနေသေးသည်ကို ပြန်တွေးမိသောကြောင့် အခြားသူများ မုန့်စားနေစဉ် ဟင်းခတ်အမွှေးအကြိုင်အချို့ ဝယ်ရန် စီစဥ်လိုက်သည်။

"စူးချင်း၊ ဟင်းခတ်အမွှေးအကြိုင်တွေအတွက် ငွေကို ငါတို့ ပေးမယ်"

ချိုးယုံခန်းက သူ့ပါးစပ်ထဲရှိ မုန့်ပေါင်းကို အမြန်မျိုချလိုက်ပြီး ငွေပေးချေနိုင်ရန် စူးချင်းနှင့်အတူ လိုက်လာခဲ့သည်။

သူတို့သုံးယောက်လုံးက စူးချင်း သူမ၏ ပိုက်ဆံများကို အမြဲတမ်း သုံးနေခြင်းအား ခွင့်မပြုနိုင်ကြပေ။ သူမက သူတို့အတွက် အဝတ်အစားများ ဝယ်ပေးခြင်းကပင် ထိုယောက်ျားသားသုံးယောက်ကို စိတ်မသက်မသာဖြစ်နေစေသည်။

စူးချင်းက ချိုးယုံခန်း၏မျက်လုံးများမှ ဆုံးဖြတ်ထားသည့်အရိပ်အယောင်ကို မြင်လိုက်သောကြောင့် သူ သူမနောက်သို့ လိုက်လာခြင်းကို မကန့်ကွက်‌တော့ပေ။ သူမက   ပါဝင်ပစ္စည်းများအားလုံးကို ဝယ်ယူရမည် ဖြစ်သည်။ ချိုးယုံခန်းက စူးချင်း ဤမျှလောက်သော ဟင်းခတ်အမွှေးအကြိုင်များ ဝယ်မည်ဟု မမျှော်လင့်ထားဘဲ ငွေသုံးလျန် ဖြုန်းတီးခဲ့ရသောကြောင့် ရင်နာနေပြန်သည်။ သို့သော် စူးချင်းက တစ်ရွာလုံးအတွက် ရည်ရွယ်ကာ ဝယ်နေခြင်း ဖြစ်သောကြောင့် သူက မဆိုင်းမတွ ငွေပေးချေရန် ဆုံးဖြတ်လိုက်သည်။

သူတို့ ဝယ်လိုသမျှကို ဝယ်ပြီးနောက် ကျိရွှေရှန့်က ဤနေရာမှ ထွက်ခွာရန် လော်ဆော်လိုက်သည်။

သူတို့ မြို့ပြင်သို့ ရောက်လာသောအခါ မြို့စောင့်တပ်များက ယာဂုပေးဝေလေ့ရှိသော တဲကို ဖျက်ဆီးထားပြီး  ယာဂုအိုးများကို ရိုက်ခွဲထားသောကြောင့် ယာဂုအိုးများ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။ ယာဂု မစားရ၍ ဆာလောင်နေသော ဒုက္ခသည်များက အချင်းချင်း ပွေ့ဖက်ကာ ငိုကြွေးနေကြသည်။ သူတို့က ပြန်ထွက်ပြေးလာရင်း ရိက္ခာအားလုံးကို လုယူသွားခဲ့ကြသည်။

ဒီခွေးကောင်တွေ!

ကျိရွှေရှန့်က လှည်း၏တံပိုးတုံးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူ့၏မျက်လုံးများမှ ဒေါသမီးတောက်များ ထွက်ပေါ်လာသည်။

သူ့ပုခုံးပေါ်မှာ ဒီတာဝန်တွေသာ ရှိမနေရင် သူ ဒီခွေးအုပ်စုကို အခု သွားသတ်ပစ်မိမှာ သေချာနေတယ်။

စူးချင်းကလည်း စနစ်ထဲသို့ လှမ်းကြည့်လိုက်ပြီး တိုးတက်မှုကို ကြည့်ရှုလိုက်သည်။ သူမ၏ ကုသိုလ်ရမှတ်များ မြင့်တက်နေခြင်း ရပ်တန့်သွားပြီး မြို့စောင့်တပ်က ယာဂုအိုးကို မှောက်ပစ်ခဲ့ပြီး ဒုက္ခသည်များ ယာဂု မရတော့သောကြောင့် ဖြစ်နိုင်သည်။

စူးချင်းက အံ့ကြိတ်လိုက်ပြီး ထိုခွေးကောင်များကို သတ်ပစ်ချင်နေသည်။

ဒီလူယုတ်မာတွေက သူမရဲ့အဆင့်မြှင့်တက်မှုဖို့ နှောင့်နှေးစေတယ်။

ထောင်ဟွားဝူမှ ရွာသူရွာသားများက အဝေးကြီးတွင် ပုန်းအောင်းနေကြသော်လည်း မထွက်ခွာသွားဘဲ ကျိရွှေရှန့်နှင့်ကျန်သူများ ပြန်ရောက်လာချိန်ကို စောင့်နေကြသည်။ နောက်ဆုံးတွင် ကျိရွှေရှန့်နှင့် ကျန်သူများက စပါးလှည်းသုံးစီးဖြင့် ပြန်ထွက်လာကြသည်ကို မြင်လိုက်ရသောကြောင့် တစ်ရွာလုံး စိတ်လှုပ်ရှားသွားကြသည်။

"ရွှေရှန့်၊ မင်းတို့ အဲဒီကို သွားတုန်းက လှည်းတစ်စီးပဲ ယူသွားတာလေ။ ဘာလို့ နောက်ထပ် လှည်းနှစ်စီး တိုးလာရတာလဲ?"

✍️✍️✍️