Chapter 106 ဒါက ဘာကြီးတုန်း?
Viewers 17k

အခန်း ၁၀၆ ဒါက ဘာကြီးတုန်း?

ကျိရွှေရှန့်က သူမကို အရေးကြီးသည့် တစ်ခုခု ပြောတော့မည်ဟု စူးချင်းက ထင်လိုက်သော်လည်း ကျိရွှေရှန့်က ခပ်တိုးတိုးအသံဖြင့် မေးလိုက်သည်ကို သူမကြားလိုက်ရသည်။

"မင်း ဘာလို့ ငါ့ကို ဆေးမတိုက်တာလဲ?"

ထိုစကားက သူ ပြောလိုက်သည့်စကားဖြစ်သော်လည်း စကားဆုံးသည်နှင့် ကျိ‌ရွှေရှန့်က စူးချင်းကို မကြည့်ရဲတော့ဘဲ တောင်ပေါ်ပို့ အလျင်အမြန် တက်သွားတော့သည်။ စူးချင်းက သူ့နောက်ကျောကို စိုက်ကြည့်နေပြီး ခဏတာမျှ ဝေတွေငေးမောနေမိသည်။

တစ်ခုခု နစ်နာသွားလို့ ဝမ်းနည်းနေတဲ့ ပုံစံမျိုး ဖြစ်နေတဲ့ ခုနကလူက  ကျိရွှေရှန့်မှ ဟုတ်ရဲ့လား?

ကျိရွှေရှန့်က သူ လင်ဇီးကို ရှာတွေ့သည့် အပင်များထူထပ်သောချိုင့်ဝှမ်းဆီသို့ စူးချင်းကို ခေါ်ဆောင်လာခဲ့သည်။ စူးချင်းက အနီရောင်သားရဲကြီးနှင့် ကျိရွှေရှန့် တိုက်ခိုက်ခဲ့သောနေရာကို စစ်ဆေးရန် ထိုင်ချလိုက်သည်။ ထိုသားရဲကြီးက ကင်းခြေများနှင့်တူသော်လည်း ကင်းခြေများတွင် ထိုကဲ့သို့ မာကျောသော အခွံမျိုး မရှိပေ။ ဤသားရဲကြီး၏အခွံက သံချပ်ကာနှင့် တူနေပြီး ကျိရွှေရှန့်ထံတွင် သူ့၏ရတနာဓားသာ ရှိမနေလျှင် သူ ဤနေရာ၌ပင် သေဆုံးသွားပေလိမ့်မည်။

"သတိထား... အဲ့တာက အရမ်းအဆိပ်ပြင်းတယ်"

စူးချင်းက သားရဲကြီးကို ထိတော့မည်ကို တွေ့လိုက်ရသောကြောင့် ကျိရွှေရှန့်က သူမကို အမြန်လှမ်းတားလိုက်သည်။ စူးချင်းက သူ့ကို မော့ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောသော်လည်း ခေါင်းညိတ်ပြလိုက်သည်။

ကျိရွှေရှန့်ရှိနေသောကြောင့် စူးချင်းက ဤဧရာမအနီရောင်ကင်းခြေများကြီးကို စနစ်ထဲသို့ ပစ်ထည့်ရန် မဖြစ်နိုင်တော့ပေ။ သူမက ထိုကင်းခြေများကြီးကို ခြင်းတောင်းဖြင့် သယ်ဆောင်ကာ တောင်ပေါ်မှ ပြန်ဆင်းရန် တွေးမိလိုက်ပြီး ခြင်းတောင်းအတွက် လိုအပ်သည့် အကိုင်းအခက်များကို ဖြတ်တောက်ရန် ကျိရွှေရှန့်၏ရတနာဓားကို ခဏငှားလိုက်သည်။

အဖိုးမဖြတ်နိုင်သော ရတနာဓားဖြစ်သည့် လွမ်တောင်ကို အသုံးပြုပြီး သစ်ကိုင်းသစ်ခက်များကို ခုတ်ထွင်ခြင်းက ဖြုန်းတီးခြင်းဖြစ်သော်လည်း ကျိရွှေရှန့်က နာကျင်မှုကို လုံးဝ မခံစားရပေ။ သူက စူးချင်းထံမှ ဓားကို ယူကာ သစ်ကိုင်းသစ်ခက်များ ခုတ်ထွင်ရန်ပင် ကူညီနေသေးသည်။

သူ ကူညီပေးနေတာကို မြင်လိုက်သည်နှင့် စူးချင်းကလည်း သစ်ကိုင်းတစ်ကိုင်းကို ကောက်ယူကာ ခြင်းတောင်းတစ်တောင်း စတင်ရက်လုပ်တော့သည်။ ခြင်းတောင်းက သေးနေလျှင် ထိုကင်းခြေမများကြီး မဆံ့နိုင်သော်လည်း စူးချင်းက ခြင်းတောင်းအကြီးကြီးကို ရက်လုပ်နေရသည်။

စူးချင်းက ကင်းခြေများကြီးကို  ခြင်းတောင်းထဲသို့ ထည့်ရန် ပြင်နေစဥ်တွင် ကျိရွှေရှန့်က သူမကို ဆွဲထားပြီး ငါ လုပ်မယ်၊ ငါ အဆိပ်မိသွားရင်တောင် မင်းက ငါ့ကို ကယ်နိုင်သေးတယ်”

ကျိရွှေရှန့်က ထိုသို့ပြောလိုက်ပြီး စူးချင်း၏အနီရောင်နှုတ်ခမ်းလေးများကို တမင်တကာ စိုက်ကြည့်နေခဲ့သည်။ သူ့အကြည့်ကြောင့် စူးချင်းက သူမ၏ဦးရေပြား တစ်ခုကြောင့်  ထုံကျင်လာသလို ခံစားနေသည်။

လုံးဝ မပြုံးတတ်ဘဲ အမြဲတမ်းလေးနက်နေတဲ့ မျက်နှာကြီး ရှိတဲ့ ဒီလူရဲ့စကားလုံးတွေက ဘာကြောင့် တခြားသူကို ဒီလိုတွေ ခံစားရစေတာလဲ...?

ထို့နောက် ကျိရွှေရှန့်က အာရုံစူးစိုက်မှုမပြည့်ဖြင့် အလုပ်စလုပ်နေသည်ကို သူမ မြင်လိုက်ရသည်။ သူက ကင်းခြေများကြီး၏ခြေသည်းများကို ဂရုတစိုက် ရှောင်ရှားပြီး ၎င်း၏အပြင်ခွံကို ကိုင်ကာ ၎င်းကို ခြင်းတောင်းထဲသို့ ထည့်ရန် ကြိုးစားနေသည်။ သို့သော်လည်း ထိုအရာကပင် ခက်ခဲလွန်းနေပြီး ထည့်ရန် မဆံ့ခဲ့ပေ။

"ရှောင်ချီ ငါ ဒါကို ပိုင်းလို့ ရနိုင်လား?"

ရှောင်ချီက သူမ၏သခင်နှင့် ကျိရွှေရှန့်ကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။

အဲဒီလူက ရှောင်ချီရဲ့သခင်ကို အရမ်း ဂရုစိုက်တာပဲ။

စူးချင်း၏မေးခွန်းသံကို ရုတ်တရက် ကြားလိုက်ရခြင်းက အတွေးထဲတွင် နစ်ဝင်နေသော ရှောင်ချီ့ကို ထိုင်ခုံပေါ်မှ ပြုတ်ကျသွားစေခဲ့သည်။ ရှောင်ချီက သူမ၏တင်ပါးလေးကို ပွတ်သတ်ပြီး ခါးသီးနေသော မျက်နှာလေးဖြင့် ပြန်ဖြေလိုက်သည်။

"ရပါတယ်!"

စူးချင်းက ကျိရွှေရှန့်၏လက်မှ ရတနာဓားကို လှမ်းယူလိုက်ပြီး ကင်းခြေများ၏ခြေဆစ်များကို ဖြတ်တောက်လိုက်ရာ အစိမ်းရောင်အရည်များ ထွက်ကျလာသည်။

ကျိရွှေရှန့်က စူးချင်းကို အစိမ်းရောင်အရည်များ မထိမိစေရန် အမြန် ပြန်ဆွဲလိုက်သည်။ သူက စူးချင်း လဲကျသွားမည်ကိုလည်း စိုးရိမ်နေသောကြောင့် သူ့၏ခန္ဓာကိုယ်ကို အကာအကွယ်အဖြစ် အသုံးပြုလိုက်ပြီး သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

စူးချင်းက ယောက်ျားပေါင်းများစွာကို သတ်ခဲ့ဖူးသော်လည်း ဤသည်မှာ ယောက်ျားတစ်‌ယောက်၏လက်မောင်းများကြားထဲတွင် ကာကွယ်ပေးခြင်းခံရသည့် ပထမဆုံးအကြိမ်သာ ဖြစ်သည်။ ထို့ကြောင့် သူမ၏ခန္ဓာကိုယ်က တောင့်တင်းလာပြီး သူမက ကျိရွှေရှန့်ကို အမြန် ပြန်တွန်းထုတ်ရန် ကြိုးစားလိုက်သော်လည်း သူ၏ပွေ့ဖက်မှုက တင်းကျပ်လွန်းသောကြောင့် သူမ သူ့ကို မတွန်းထုတ်နိုင်တော့ပေ။ စူးချင်း၏မျက်နှာက နီရဲလာပြီး သူမ၏ဒေါသများ ပေါက်ထွက်ခါနီးတွင် ကျိရွှေရှန့်က သူမကို ပြန်လွှတ်ပေးလိုက်သည်။

"ငါ့ကိုပေး"

ကျိရွှေရှန့်က စူးချင်း၏ ဒေါသရိပ်သန်းနေသော မျက်လုံးများကို မကြည့်ဘဲ သူမ၏လက်ထဲမှ ရတနာဓားကို လှမ်းယူကာ ကင်းခြေများကြီးကို ခုတ်ပိုင်းနေပြီး အစိမ်းရောင်အရည်များ ထွက်လာတိုင်း သူက ချက်ခြင်း ခုန်ရှောင်နိုင်ခဲ့သည်။

စူးချင်းက ဘေးတွင် ရပ်နေကာ သူ့ကို လှမ်းကြည့်နေခဲ့သည်။

သူမ ကျိရွှေရှန့်ကို ဘယ်လိုရင်ဆိုင်ရမှန်းတောင် မသိတော့ပါဘူး။ အဲ့လို အကာအကွယ် ပေးခံရတဲ့ခံစားချက်က သူအတွက်တော့ တကယ်ကို အသားမကျနိုင်သေးဘူး။

သူမက ငယ်ငယ်ကထဲက လေ့ကျင့်ပြီးရင်း လေ့ကျင့်ရင်းနဲ့  အစွမ်းထက်ပြီးရင်း အစွမ်းထက်လာခဲ့တယ်။ နောက်ဆုံးမှာ သူမက ခံစားချက်မဲ့တဲ့ လူသတ်စက်‌တောင် ဖြစ်ခဲ့သေးတယ်။ အခု သူမမှာ ဘာလို့ ဒီလို ခံစားချက်မျိုးတွေ ရှိနေရတာလဲ?

ကျိရွှေရှန့်က ကင်းခြေများကြီး၏အစိတ်အပိုင်းအားလုံးကို ခြင်းတောင်းထဲသို့ ထည့်လိုက်ပြီး ခြင်းတောင်းကို သူ့ကျောပေါ်သို့ တင်လိုက်ကြာ စူးချင်းကို လှမ်းပြောလိုက်သည်။

"တောင်ပေါ်ကနေ ပြန်ဆင်းကြရအောင်"

နေရောင်ခြည်က သစ်ကိုင်းများကြားရှိ ကွက်လပ်လေးများထဲမှ ထိုးဖောက်ထွက်လာကာ လင်းလက်တောက်ပနေပြီး ကျိရွှေရှန့်၏ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေသည်။ ထိုနေရောင်ခြည်က ကျိရွှေရှန့်၏ခန္ဓာကိုယ်ကို ရွှေရောင်အလွှာလေးတစ်ခုလို ဝန်းရံနေသည်ကို မြင်လိုက်ရသောကြောင့် ရှောင်ချီတစ်ယောက် ထိုင်ခုံပုလေးပေါ်မှ ခုန်ဆင်းလိုက်မိသည်။

ရွှေရောင်အလင်းတန်းထဲမှာ နဂါးတစ်ကောင်ကို ထပ်တွေ့ရပြန်ပြီ။

ရှောင်ချီက သူမ၏မျက်လုံးကို သူမ မယုံနိုင်ဖြစ်နေပြီး သူမ၏မျက်လုံးလေးများကို ပွတ်သပ်လိုက်ပြန်သည်။ သို့သော်လည်း သူမ ပြန်ကြည့်လိုက်ချိန်တွင် နဂါးကြီးက ပျောက်ကွယ်သွားပြီး သူမ၏သခင်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးသော အမျိုးသားက ဧရာမကင်းခြေများကြီးကို သယ်ကာ တောင်ပေါ်မှ ဆင်းသွားသည်ကို သူမ တွေ့လိုက်ရသည်။

စူးချင်းက သူ့နောက်မှ တိတ်တိတ်ဆိတ်ဆိတ် လိုက်ပါသွားခဲ့ပြီး သူမတို့ ထွက်ခွာခါနီးတွင် နောက်ထပ်လင်ဇီး အသေးလေးတစ်ခုကို ထပ်တွေ့လိုက်ရသည်။

ဒါက တကယ့်ကို အံ့သြစရာကောင်းပြီး ပျော်ဖို့လည်းကောင်းတယ်။

စူးချင်းက လင်ဇီးကို စနစ်ထဲသို့ တိတ်တိတ်လေး ပစ်ထည့်လိုက်သည်။ ဤလင်ဇီးဖြင့် အသက်ကယ်ဆေး ပြုလုပ်နိုင်သောကြောင့် ရှောင်ချီလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့သည်။

[ဂုဏ်ယူပါတယ် Host… မင်းရဲ့ [ဆေးပညာ]ကျွမ်းကျင်မှုက အဆင့် ၅ ကို ရောက်သွားပါပြီ။ မင်းရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အား၊ စိတ်ပိုင်းဆိုင်ရာခွန်အား၊ တိုက်ခိုက်ရေးစွမ်းအားနဲ့ စစ်နတ်ဘုရားစွမ်းရည်တွေ အားလုံးကို အဆင့် ၂၅ အထိ အဆင့်မြှင့်ပေးထားပါတယ်”

တောင်ပေါ်ဆင်းနေကြချိန်တွင် စူးချင်းက စနစ်ဆီမှ ပျော်ရွှင်ဖွယ်သတင်းကောင်းကို ကြားလိုက်ရသည်။ ကျိရွှေရှန့်ကို ကယ်တင်ပေးပြီးနောက်တွင် သူမ၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုက အလျင်အမြန် တိုးတက်လာခဲ့သော်လည်း သူမ၏ ကုသိုလ်ရမှတ်များ အဘယ်ကြောင့် လုံးဝ မတိုးလာသည်ကိုတော့ သူမ မသိတော့ပေ။

စနစ်က သူမကို တစ်ခုခု ဆုပေးလိမ့်မည်ဟု သူမ ထင်ထားခဲ့သော်လည်း သတင်းကောင်းကို ပို့ပေးပြီးနောက်တွင် စနစ်က အသေကောင်လို ဟန်ဆောင်နေတော့သည်။

စူးချင်းနှင့်ကျိရွှေရှန့်က အခြားသူများ အနားယူနေသည့်နေရာသို့ ပြန်ရောက်လာကြပြီး ရွာသားများအားလုံး ဘာမှ မစားရသေးသည်ကို တွေ့လိုက်ရသည်။ သူတို့အားလုံးက ဗိုက်ဟောင်းလောင်းဖြင့် စူးချင်းနှင့်ကျိရွှေရှန့်တို့ကို စောင့်နေကြသည်။

နောင်ဆိုရင် ဗိုက်ဟောင်းလောင်းနဲ့ စောင့်နေစရာ မလိုဘူး”

ကျိရွှေရှန့်က ခြင်းတောင်းကို မြေကြီးပေါ်သို့ ချလိုက်ပြီး အဒေါ်ချိုးကို လှမ်းပြောလိုက်သည်။ လူတစ်ရာကျော် အစာစားခြင်းက အလွန်အချိန်ကုန်သော အရာဖြစ်သည်။

ဒါတွေအားလုံးက မင်းတို့ဖမ်းမိတဲ့ သားကောင်တွေလေ။ ငါတို့က အဲဒါတွေကို အရင်စားဖို့ ဘယ်လို လိပ်ပြာလုံမှာလဲ?”

အ‌ဒေါ်ချိုးက အပြုံးဖြင့် ခေါင်းယမ်းလိုက်သည်။ စူးချင်းနှင့် ကျိရွှေရှန့်တို့ ပြန်ရောက်လာပြီး  သူတို့အားလုံး စတင်စားနိုင်ပြီဖြစ်သောကြောင့် အဒေါ်ချိုးက ဆိတ်သား အတုံးသေးသေးလေးများကို လူတိုင်းအတွက် ဝေငှပေးရန် ပြင်ဆင်နေသည်။ စူးချင်းက သူမ၏လက်ကို ဆေးကြောကာ သွားကူညီပေးနေခဲ့သည်။ ကျိရွှေရှန့်ကတော့ သူ့အဝတ်အစားများကို လဲရန်နှင့် သူ့၏ဒဏ်ရာများကို ဆေးကြောသန့်စင်ရန် ထွက်ခွာသွားခဲ့သည်။

လီတာ့နျိုက ကျိရွှေရှန့် ပြန်သယ်လာသည့်အရာကို စူးစမ်းချင်နေပြီး ခြင်းတောင်းကို မနေနိုင် မထိုင်နိုင် သွားကြည့်လိုက်သည်။ နောက်ဆုံးတွင် သူက အရမ်းထိတ်လန့်သွားသည့်အပြင် ဘေးဘက်သို့ အမြန်ပြေးသွားကာ အော့အန်နေခဲ့သည်။ ကျန်းလောင်ချီက သူ အော့အန်နေသည်ကို တွေ့သွားပြီး မနေနိုင်တော့ပဲ သွားကြည့်လိုက်ပြန်သည်။ အဆုံးတွင် ထိုကြောက်စရာကောင်းသော ခြေသည်းများကို မြင်လိုက်ရသောကြောင့် သူလည်း အလွန်ကြောက်လန့်သွားပြီး ကျိရွှေရှန့်ကို လှမ်းအော်လိုက်သည်။

"ရွှေရှန့်၊ ဒါကဘာလဲ? ဘာလို့ အဲ့လောက် ကြောက်စရာကောင်းနေရတာလဲ?"

ကျိရွှေရှန့်က စုတ်ပြဲနေသောအဝတ်အစားများကို ချွတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက ကြောက်စရာကောင်းသောမြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ကျိရှောင်ယင်က မျက်ရည်များ ကျနေရင်း အစ်ကိုဖြစ်သူ၏ဒဏ်ရာများကို သန့်စင်ပေးနေကာ ဆေးလိမ်းနိုင်ရန် ကူညီပေးနေခဲ့သည်။

ဒီလိုဒဏ်ရာကြီးကြီးတွေက ဘယ်လောက်တောင် နာကျင်လိမ့်မလဲ? ဒါပေမယ့် အစ်ကိုကြီးက အမူအရာတောင် မပြောင်းလဲသွားဘူး။

ကျန်းလောင်ချီ၏ အော်မေးသံကို ကြားလိုက်ချိန်တွင် ကျိရွှေရှန့်က အလျင်အမြန် ပြန်အော်လိုက်သည်။

မထိနဲ့၊ အဲ့တာက အရမ်းအဆိပ်ပြင်းတယ်”

"အဆိပ်ရှိတာကြီးကို ​ပြန်ယူလာတာလား?"

ကျန်းလောင်ချီက အလွန်ထိတ်လန့်သွားပြီး နောက်သို့ အမြန်ပြန်ဆုတ်နေရင်း ကျိရွှေရှန့်ကို မယုံကြည်နိုင်စွာ ထပ်မေးလိုက်သည်။

"စူးချင်း ဆေးလုပ်ဖို့ အသုံးဝင်တယ်လေ"

ကျန်းလောင်ချီက ခြင်းတောင်းဘေးမှ ပြေးထွက်သွားသည်ကို ကြည့်နေရင်း ကျိရွှေရှန့်က သက်ပြင်းချကာ ပေါ့ပေါ့ပါးပါး  ပြောပြလိုက်သည်။

ဤစကားက ချိုးယွဲ့၏နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။ အစ်ကိုရွှေရှန့်က စူးချင်း ဆေးဖော်နိုင်ဖို့အတွက်နဲ့ ဒဏ်ရာတွေ အများကြီးရခဲ့တာလား? အစ်ကိုရွှေရှန့်က စူးချင်းကို ဘာလို့ အဲ့လောက်‌ အများကြီး ဂရုစိုက်ပေးနေရတာလဲ?

စူးချင်းက လူတိုင်းအတွက် အသားများကို ဝေပေးလိုက်ပြီး ခြင်းတောင်းကို သယ်ကာ တောထဲသို့ ဝင်ရန် ပြင်ဆင်လိုက်သည်။ ကျိရွှေရှန့်က သူမကို လှမ်းမြင်သွားပြီး အနောက်မှ လိုက်သွားခဲ့သည်။

"ငါ့အကူအညီ လိုသေးလား?"

"မလိုဘူး။ ဘိုးဘွားတွေဆီက လက်ဆင့်ကမ်းလာတဲ လျှို့ဝှက်နည်းကို သုံးမှာ၊ ဘယ်သူ့ကိုမှ ကြည့်ခွင့် မပေးနိုင်ဘူး”

စူးချင်းက ကျိရွှေရှန့်၏ မျက်လုံးများကို စိုက်ကြည့်ကာ ဘာမှ မထူးခြားသလို အမူအရာဖြင့် ပြန်ဖြေလိုက်သည်။ ၎င်းက ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာသည့် လျှို့ဝှက်နည်းတစ်ခု ဖြစ်သောကြောင့် ကျိရွှေရှန့်က သူမနောက်သို့ ဆက်လိုက်ရန် မဆင်မပြေတော့ပေ။ သို့သော် စူးချင်းက သူမကိုယ်သူမ အဆိပ်ပြန်ခတ်ခံမိမည်ကို သူ စိုးရွံ့နေသောကြောင့် အပြင်တွင်စောင့်နေကာ အတွင်းမှ အခြေအနေကို အာရုံစိုက်နေခဲ့သည်။

ကျိရွှေရှန့်၏မျက်လုံးများက စူးချင်းနောက်သို့ လိုက်ပါသွားသည်ကို မြင်လိုက်ရသည်နှင့် ချိုးယွဲ့က အလွန်ဒေါသထွက်ပြီး သူမ၏ ဗာဒံစေ့ပုံသဏ္ဍာန် မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်လာခဲ့သည်။ သူမ၏မျက်လုံးများက သစ္စာဖောက်ခံရသော ဇနီးမယားကဲ့သို့ နာကြည်းမှုများနှင့် ဒေါသများ ပြည့်နှက်နေခဲ့သည်။

ယောင်းမ၊ ရွှေရှန့်က စူးချင်းကို စိတ်ဝင်စားနေပုံရတယ်

ကျိရွှေရှန့်က စူးချင်းအတွက် အလွန်စိတ်ပူနေသည်ကို မြင်သောအခါတွင် အဒေါ်ချိုးက အဒေါ်ချိုးနှင့် အတင်းအဖျင်း ပြောရန် စကားစလိုက်သည်။

အဒေါ်ချိုးက သူမ၏သမီးဖြစ်သူကို လှမ်းကြည့်ပြီး သမီးဖြစ်သူ၏မျက်နှာပေါ်တွင် ငြူစူမှုကို တွေ့လိုက်ရသောကြောင့် သက်ပြင်းချလိုက်မိပြန်သည်။ သူမက အဒေါ်လီ၏ စကားကို မတုံ့ပြန်ဘဲ လူတိုင်းကို သန့်ရှင်းရေးလုပ်ရန် လှမ်းပြောလိုက်သည်။

"အားလုံး မြန်မြန် လုပ်ကြ။ ခနနေရင် ငါတို့ခရီးဆက်ရမှာလား မသိသေးတော့ မြန်မြန် လုပ်ရမယ်”

ချိုးယွဲ့က သူမ၏အဝတ်အစားများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။  အစ်ကိုရွှေရှန့်ကို ဆုံးရှုံးရမှာကို သူမ အရမ်းကြောက်တယ်။ သူမက ငယ်ငယ်လေးကတည်းက သူ့ကို လက်ထပ်ချင်ခဲ့တာလေ။ သူမ မြန်မြန် ကြီးပြင်းလာဖို့ မျှော်လင့်တကြီး စောင့်စားနေခဲ့ပေမယ့်  အခု သူက သူမနဲ့ ပို ပိုပြီး ဝေးသွားခဲ့ပြီ။

မဟုတ်ဘူး၊ သူမ အစ်ကိုရွှေရှန့်ကို တားရမယ်။

ချိုးယွဲ့၏စူးချင်းအပေါ် ကြောက်ရွံ့မှုက လျှော့တွက်နိုင်သည့်အရာ မဟုတ်သော်လည်း သူမ၏မနာလိုစိတ်က ထိုကြောက်စိတ်များကိုပင် ကျော်ဖြတ်နိုင်ခဲ့ပြီး သူမက ကျိရွှေရှန့်ဆီကို ပြေးသွားကာ အလောတကြီး ပြောလိုက်သည်။

"အစ်ကိုရွှေရှန့်၊ သူ(မ)က ဘယ်သူလဲဆိုတာ ရှင် သိလို့လား?"

✍️✍️✍️