အခန်း ၁၀၅ သူက
သူမရဲ့လူသား ကူရှင်ကြီးလား?
စူးချင်းက
ကျောက်နံရံကို ထပ်ကန်လိုက်ပြီး
ညှိုးနွမ်းနေသော သစ်ပင်ဆီသို့ ပြေးဝင်သွားကာ ကြိုးတစ်စကို ကျိရွှေရှန့်၏ခါးတွင်
ချည်နှောင်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် ထိုသစ်ပင်၏ပင်စည်က လုံးဝကျိုးသွားပြီဖြစ်ကာ
ကျိရွှေရှန့်ကလည်း သစ်ကိုင်းနှင့်အတူ ပြုတ်ကျသွားတော့သည်။ သူမအတွက် လုံးဝ စဉ်းစားရန်
အချိန်မရှိတော့သဖြင့် စူးချင်းက ကျိရွှေရှန့်၏ခါးကို လှမ်းဖက်ထားလိုက်သည်။
"စူးချင်း၊ ရွှေရှန့်"
ချိုးယုံခန်းက ဤထိတ်လန့်ဖွယ်ရာမြင်ကွင်းကြောင့်
ထိတ်လန့်သွားပြီး ဘာမှမတွေးနိုင်တော့ဘဲ စူးချင်းနှင့် ကျိရွှေရှန့်၏အမည်များကို
အော်ခေါ်နေတော့သည်။ စူးချင်းက ကျိရွှေရှန့်ကို ပွေ့ဖက်ထားသည်ကို မြင်လိုက်ရသောကြောင့်
သူ ကတုန်ကယင်ဖြစ်နေပြီး ချွေးများထွက်နေခဲ့သည်။
“အစ်ကိုကြီး”
ကျုံးယုံကလည်း
အော်ဟစ်နေပြီး သူက ကျိရွှေရှန့်ကို ကယ်တင်ရန် ချောက်ထဲသို့ ခုန်ဆင်းချင်နေသော်လည်း
ချိုးယုံခန်းက သူ့ကို အမြန်တားဆီးလိုက်သည်။
စူးချင်းက
ကျိရွှေရှန့်ကို ထိန်းထားရန် အပြင်းအထန် အားစိုက်နေရပြီး ချောက်ကမ်းပါးပေါ်က
လူနှစ်ယောက်ကို လှမ်းအော်လိုက်သည်။
"ဆွဲ"
ချိုးယုံခန်းနှင့်
ကျုံးယုံတို့က သူတို့ကို ခလုတ်နှိပ်လိုက်သလို ဖြစ်သွားပြီး အစွမ်းကုန် ဆွဲတင်နေကြသည်။
သူတို့နှစ်ယောက်က ကြိုးကြိုးစားစား ဆွဲတင်နေကြပြီး စူးချင်းက ကျိရွှေရှန့်ကို ပွေ့ဖက်ထားကာ
ကျောက်နံရံကို ခဏခဏ ဝင်တိုက်မိနေသည်။ သို့သော်လည်း ကျိရွှေရှန့်ကသာ အမြဲတမ်း
ကျောက်နံရံဖြင့် အရိုက်ခံရသူ ဖြစ်နေပြီး သူက သူမအတွက် ကူရှင်ကြီးသဖွယ် ကာကွယ်ပေးနေခဲ့သည်။
ထိုသို့
ကျောက်နံရံဖြင့် ပြေးဆောင့်လိုက်သောကြောင့် ကျိရွှေရှန့်၏နဖူးမှ သွေးထွက်လာသည်ကို တွေ့လိုက်ရသဖြင့်
စူးချင်းက မျက်မှောင်ကြုတ်ကာ ကမ်းပါးပေါ်ရှိ လူနှစ်ယောက်ကို အရှိန်လျှော့ရန် ထပ်အော်လိုက်သည်။
သို့သော်လည်း သူတို့ နှစ်ယောက်
အရှိန်လျော့လိုက်ခြင်းက စူးချင်းကို ပို၍ ဖိအား ဖြစ်လာစေခဲ့သည်။ သူမ၏ ပိန်ပါးသော
လက်မောင်းများက အပြင်းအထန် အားစိုက်လွန်းရသောကြောင့် တုန်ရီလာတော့သည်။ ထို့ကြောင့်
စူးချင်းက ကျိရွှေရှန့်ကို ပွေ့ဖက်ထားရင်း
စက်ဝိုင်းပုံအတိုင်း သုံးကြိမ်ခန့်လှည့်လိုက်ကာ သူမ၏ခါးတွင် ပတ်ထားသောကြိုးအား
သူမနှင့် ကျိရွှေရှန့်ကို ပူးချည်မိအောင် ကြိုးပမ်းလိုက်သည်။
ရလဒ်အနေဖြင့် သူမနှင့်
ကျိရွှေရှန့်တို့၏မျက်နှာများက ထိလုနီးပါး ဖြစ်သွားပြီး နှုတ်ခမ်းများက ရံဖန်ရံခါ
ထိတွေ့နေကြတော့သည်။ စူးချင်းက ၎င်းကို ရှောင်ရန် သူမ၏ခေါင်းကို နောက်ပြန်လှည့်ချင်နေသော်လည်း
ကျိရွှေရှန့်၏ခေါင်းက သူမဆီသို့ ရောက်လာပြန်သည်။ စူးချင်းအတွက် ယခင်က ဤမျှလောက်
အရှက်မရခဲ့ဖူးပေ။ ကျိရွှေရှန့် မေ့မြောနေမှန်း သူမ မသိပါက ကျိရွှေရှန့်က
ရည်ရွယ်ချက်ရှိရှိ လုပ်နေသည်ဟု သူမ တွေးမိနိုင်ပြီး သူမက သူ့ကို
လက်ဖဝါးတစ်ဖက်တည်းဖြင့် သတ်လုနီးပါးဖြစ်နေပေလိမ့်မည်။
ကျုံးယုံနှင့်
ချိုးယုံခန်းတို့က သူတို့နှစ်ယောက်ကို ဆွဲတင်လိုက်ပြီး သူတို့နှစ်ယောက်၏ ပုံပန်းသဏ္ဍာန်ကို
မြင်လိုက်ရသေကြောင့် အံ့သြထိတ်လန့်သွားရသည်။ ကျုံးယုံက စူးချင်းကို စိုက်ကြည့်ကာ
ရုတ်တရက် ထအော်လိုက်ပြန်သည်။
"မင်းက ငါ့အစ်ကိုကြီးကို အခွင့်ကောင်းယူနေတာပဲ"
စူးချင်း၏ မျက်နှာက
မည်းမှောင်သွားပြီး ကျုံးယုံက တစ်ချက်လှမ်းကန်လိုက်သည်။ ကျုံးယုံက မြေပြင်ပေါ်သို့
လှဲကျသွားပြီး သူ့ဗိုက်ကို ဖိထားကာ အော်ဟစ်နေပြန်သည်။
"မင်းက ငါ့အစ်ကိုကြီးရဲ့ အပြစ်ကင်းစင်မှုကို ညှိုးနွမ်းသွားအောင် လုပ်လိုက်ပြီ"
ချိုးယုံခန်းက တွေဝေမှင်တက်နေသည့်
အခြေအနေမှ ပြန်လည်သက်သာလာပြီး ကျုံးယုံ၏ ပါးစပ်ကို ပိတ်ရန် ပြေးလာခဲ့သည်။
"မှတ်ထားစမ်း၊ အခုဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောနဲ့"
ကျုံးယုံက သူ့ကို
မကျေမနပ် စိုက်ကြည့်နေပြီး သူ့ပါးစပ်ကို ပိတ်ထားသည့်လက်ကို ဖယ်နိုင်ရန် သူ့ခေါင်းကို ခါယမ်းနေခဲ့သည်။
“ခင်ဗျား
မပြောစေချင်ရင် မပြောဘူး။ ဒါပေမယ့် ခင်ဗျား ပြောမယ်ဆိုရင်တော့ ကျွန်တော့်အစ်ကိုကြီးက
သူ(မ)ကို လက်ထပ်ရလိမ့်မယ်"
ချိုးယုံခန်း၏မျက်နှာတွင်
အနက်ရောင်မျဉ်းများ ပြည့်နေခဲ့သည်။ သူ ရွှေရှန့်ကို ဘာမှ မပြောရင်တောင် ရွှေရှန့်က
စူးချင်းနဲ့လက်ထပ်သင့်နေပြီ။ သူ့ကို ကယ်တင်ဖို့အတွက် စူးချင်းက သူ့ကို
ပွေ့ဖက်ထားခဲ့ရတယ်။ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ပြီးပြီ ဆိုမှတော့ ရွှေရှန့်က
စူးချင်းကို လက်မထပ်ရင် အဲ့တာက အကြင်အနာ ကင်းမဲ့ပြီး တရားမျှတမှု မရှိသလို
ဖြစ်သွားလိမ့်မယ်။
(T/N ; ခေတ်စနစ်ကို လှောင်ပြောင်တာ မဟုတ်ပေမယ့် Skinship
တိုင်း လက်ထပ်ရရင် ခုခောတ်ဆို လိုင်းကားတိုးစီးရတာနဲ့ကို ယောကျာ်းတွေ မိန်းမတွေ
အကန့်အသတ်မရှိ ယူလို့ရလောက်တယ်)
စူးချင်းက ထိုလူနှစ်ယောက်ကို
အာရုံမစိုက်နိုင်သေးဘဲ အဆိပ်ဖြေဆေး အမြန် ထုတ်ပေးရန် ရှောင်ချီ့ကို
အမိန့်ပေးလိုက်သည်။ သူမက ကျိရွှေရှန့်၏သွေးခုန်နှုန်းကို စစ်ဆေးရန် အာရုံစိုက်နေပြီး
သူက သူ့အဆိပ်ကို ဖယ်ရှားခဲ့ပုံရသော်လည်း ဤအဆိပ်က အလွန်ပြင်းထန်လှသည်။
သာမန်အဆိပ်ဖြေဆေးများက ၎င်းကို ယာယီသာ နှိမ်နင်းပေးနိုင်ပြီး အဆိပ်အတောက်ကို လုံးဝ
ဖယ်ရှားပေးနိုင်မည် မဟုတ်ပေ။
သူ
လှုပ်ရှားလိုက်သည်နှင့်အမျှ အဆိပ်များက ပိုထွက်ကြွလာသောကြောင့် သူ သတိလစ်သွားပြီး
ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျသွားခြင်း ဖြစ်နိုင်သည်။
ရှောင်ချီက သူမ၏သခင်လိုအပ်နေသည့်
အဆိပ်ဖြေဆေးကို ပြင်ဆင်ပေးလိုက်သည်။ ပထမဆုံးအကြိမ်အနေနဲ့ သူမသခင်ရဲ့နှလုံးသားထဲက
ပူလောင်မှုကို သူမ ခံစားခဲ့ရတယ်။ သခင်က ဒီလူကို လုံးဝ မသေစေချင်ဘူး!
စူးချင်းက
အဆိပ်ဖြေဆေးကို ယူလိုက်ပြီး ကျိရွှေရှန့်၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ သို့သော်လည်း
သူမတို့ မြေအောက်မြစ်ထဲတွင် ရှိနေသည့်အချိန်ကအတိုင်း ဖြစ်နေပြီး ကျိရွှေရှန့်က
သူ့ပါးစပ်ကို မဖွင့်နိုင်တော့သောကြောင့် ဆေးကို မမျိုချနိုင်တော့ပေ။
“ဒီကိုလာပြီး
ဆေးကို လျှာနဲ့ထိုးထည့်”
စူးချင်းက
ချိုးယုံခန်းကို လက်ညှိုးဖြင့် ထိုးကာ အမိန့်ပေးလိုက်သည်။
"ငါ...ငါ...ငါ့လျှာနဲ့?"
အရွယ်ရောက်ပြီးသူ
နှစ်ယောက်က ဒါကို ဘယ်လို လုပ်နိုင်မှာလဲ?
"ငါ လုပ်မယ်"
ကျုံးယုံက သူ့လောက်
အတွေးမများပေ။ သူ့အတွက်ကတော့ သူ့အစ်ကိုကြီးကို ကယ်တင်နိုင်သရွေ့ အဆင်ပြေတယ်။
သူက သူ့အစ်ကြီးကို အသေမခံနိုင်ဘူးလေ။
သူက စူးချင်း၏လက်ထဲမှ
ဆေးလုံးကို လုယူကာ သူ့အစ်ကိုကြီး၏ပါးစပ်ကို ဖွင့်ကာ ဆေးထည့်ပေးလိုက်ပြီး
သူ့အစ်ကိုကြီး၏နှုတ်ခမ်းနာသို့ ကပ်သွားလိုက်သည်။
ထိုမြင်ကွင်းက
အလွန်ထိတ်လန့်ဖွယ်ကောင်းသောကြောင့် စူးချင်းက ၎င်းကို မကြည့်ရက်တော့ဘဲ
မျက်နှာလွှဲကာ မတ်တပ်ထရပ်လိုက်ပြီး ကျော်ခိုင်းထားလိုက်သည်။
ချိုးယုံခန်းက
ကျိရွှေရှန့်ကို စာနာစိတ်ဖြင့် ကြည့်ကာ ရွှေရှန့် နိုးလာလျှင် သူ့ခေါင်းကို နံရံနှင့်
တိုက်မည်လားဟု တွေးနေမိသည်။
ကျိရွှေရှန့်က သတိလစ်နေရင်းဖြင့်
တစ်စုံတစ်ယောက်က သူ့ကို နမ်းနေသည်ကို ခံစားလိုက်ရသော်လည်း ဤလူက စူးချင်းမဟုတ်ကြောင်း
သေချာနေသည်။ ဒါက စူးချင်းရဲ့ နှုတ်ခမ်းတွေလို ချိုမြိန်ခြင်း မရှိတဲ့အပြင်
စူးချင်းရဲ့သေးငယ်ပြီး နူးညံ့တဲ့လျှာနဲ့မတူဘဲ ဒီလျှာကြီးက ထူပြီး ရှည်တယ်။
ကျိရွှေရှန့်က
သတိလစ်နေသော အခြေအနေတွင်ပင် အစွမ်းကုန် ရုန်းကန်နေပြီး ကျုံးယုံကလည်း
သူ့အစ်ကိုကြီး၏လည်ချောင်းထဲသို့ ဆေးမရောက်မည်ကို ကြောက်ရွံ့နေခဲ့သည်။ ကျိရွှေရှန့်က
ရုန်းကန်နေသောကြောင့် သူက ကျိရွှေရှန့်၏ခေါင်းနောက်ကို သူ့လက်ဖြင့်
ထိန်းထားလိုက်ပြီး နောက်ဆုံးတွင် ဆေးကို လည်းချောင်းထဲသို့ တွန်းပို့နိုင်ခဲ့သည်။
ချိုးယုံခန်းတစ်ယောက်
ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်တော့သောကြောင့် စူးချင်းကဲ့သို့ပင် ကျောခိုင်းထားလိုက်သည်။
ရှောင်ချီ
ပြင်ဆင်ထားသော ဆေးက ထိရောက်မှုရှိသည်ဟု ဆိုရမည်ဖြစ်သည်။ အဆိပ်ဖြေဆေးကို
မျိုချပြီးနောက် ကျိရွှေရှန့်က ချက်ချင်း ပြန်နိုးလာပြီး သူ မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင်
ကျုံးယုံ၏မျက်နှာကြီးကို မြင်လိုက်ရသောကြောင့် သူ့ကို တွန်းထုတ်ပစ်လိုက်သည်။
သူ့အစ်ကိုကြီး နိုးလာသည်ကို မြင်လိုက်သည်နှင့် ကျုံးယုံက အသံပြဲဖြင့် ထအော်နေပြန်သည်။
“အစ်ကိုကြီး၊
မင်း နိုးလာပြီ။ မင်းက ငါ့ကို သေအောင် ခြောက်လှန့်နေတာပဲ"
ကျိရွှေရှန့်က
မြေပြင်ပေါ်တွင် လဲလျောင်းနေဆဲဖြစ်ပြီး သူ့မျက်နှာတွင် မျက်ရည်များ
ဖုံးလွှမ်းသွားသည်အထိ အော့အန်နေခဲ့သည်။ စူးချင်း လှည့်ကြည့်လိုက်ချိန်တွင် ကျိရွှေရှန့်က သူ့မျက်လုံးများမှ မျက်ရည်များကို
သုတ်ရန် လက်မြှောက်နေသည်ကို တွေ့လိုက်ရသည်။
ကျိရွှေရှန့်က
စူးချင်းကို အပြစ်တင်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး သူမ သူ့ကို ဘာကြောင့် ဆေးမတိုက်တာလဲဟု
မေးချင်နေပုံရသည်။
စူးချင်းက ဘာအမူအရာမှ
မရှိဘဲ အကြည့် ပြန်လွှဲလိုက်သည်။ လုံလောက်စွာ အော့အန်ပြီးနောက် ကျိရွှေရှန့်က ထရပ်လိုက်ကာ
စူးချင်းရှေ့သို့ လျှောက်သွားလိုက်ပြီး သူ့အိတ်ကပ်ထဲမှ လင်ဇီးကို ထုတ်ပေးလိုက်သည်။
သူက လင်းဇီးကို သူမ ဆီသို့ လက်လွှဲပေးနေပြီး မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင်များဖြင့်
တိုးတိုးလေး ပြောလိုက်သည်။
"ငါ ရှာတွေ့တာ"
ငါက မင်းအတွက်
လင်ဇီး ရှာဖို့ ငါ့အသက်ကိုတောင် ပေးပြီး စွန့်စားခဲ့ပေမယ့် မင်းကတော့ ဘာလို့ ကျုံးယုံကို
ဆေးတိုက်ခိုင်းနိုင်ရတာလဲ?
စူးချင်းက သူ့ကို လုံးဝ
မကြည့်ဘဲ လင်ဇီးကိုသာ လှမ်းယူလိုက်တယ်။ အညိုရောင်လင်ဇီးက ခြစ်ရာ တစ်ချက်မျှပင်
မရှိဘဲ အကောင်းမွန်ဆုံးသော ပုံသဏ္ဍာန်ဖြင့် ရှိနေပြီး ထိုလင်ဇီးတွင် ကျိရွှေရှန့်၏
ကိုယ်ငွေ့ပင် ရှိနေသေးသည်။
“အနှစ်တစ်ထောင်လင်ဇီးကို
ရှာတွေ့သွားတဲ့အတွက် သခင့်ကို ဂုဏ်ပြုပါတယ်”
ရှောင်ချီ၏
ရွှင်မြူးနေသော အသံလေးက စူးချင်း၏ နားထဲသို့ တိုးဝင်လာပြီး လင်ဇီးကို ကိုင်ထားသော
စူးချင်းက ကျိရွှေရှန့်ကို ကြည့်နေရင်း သူမ၏နှုတ်ခမ်းလေးများက တွန့်ကွေးလာခဲ့သည်။
သူမ၏ ကြည်လင်စိုစွတ်သော မျက်လုံးများတွင် အအေးဓာတ်များ လျော့နည်းလာပြီး ကျေးဇူးတင်နေသည့်အရိပ်အယောင်များ
ပေါ်လာခဲ့သည်။
"ကျေးဇူးတင်ပါတယ်"
"ရပါတယ်။ ဒါက ငါ မင်းကို ကတိပေးထားတဲ့အရာပဲ"
ကျိရွှေရှန့်က
အပြုံးရိပ်များဖြင့် စူးချင်း၏ကြည်လင်နေသော မျက်လုံးများကို ကြည့်နေပြီး သူ ခုနက
ခံစားခဲ့ရသော နာကျင်မှုများက လုံးဝ ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။
သူမရဲ့ရောဂါကို ကုသပေးနိုင်သရွေ့
သူ အသက်စွန့်ရရင်တောင် ဘာအရေးလဲ?
“ဒီဆေးက
ပြင်ပဒဏ်ရာတွေကို ကုသပေးနိုင်တယ်”
စူးချင်းက
ကျိရွှေရှန့်ကို အနီရောင်ဆေးမှုန့်တစ်ထုပ် ထပ်ပေးလိုက်သည်။ ကျိရွှေရှန့်၏
ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက များပြားလွန်းကာ အတွင်းသို့ နက်ဝင်နေသောကြောင့် အချိန်မီ
မကုသပါက ဒဏ်ရာများထဲသို့ ချွေးများဝင်ရောက်သွားပြီး အလျင်အမြန် ပိုးဝင်လာနိုင်သည်။
"ကျေးဇူးပဲ"
ကျိရွှေရှန့်က ဆေးကို
လှမ်းယူကာ စူးချင်းကို လေးလေးနက်နက် စိုက်ကြည့်နေပြီးမှ သူ့၏ညီနှစ်ယောက်နှင့် စကားပြောရန်
လှည့်သွားတော့သည်။
“သခင်၊
လင်ဇီးကို စောင့်ရှောက်နေတဲ့ သက်စောင့်သားရဲက အဆိပ်ရှိပေမယ့် ဆေးဖော်ဖို့ အသုံးပြုနိုင်တယ်။
ပိုက်ဆံနဲ့ဝယ်ရင်တောင် အဲ့တာမျိုးကို မရနိုင်လောက်ဘူး။ အဲ့တာက ကံကောင်းမှ
ရနိုင်တဲ့အရာပါ”
ပုံမှန်အားဖြင့်
အနှစ်တစ်ထောင်သက်တမ်းရှိသော လင်ဇီး၏အစောင့်အရှောက်က အဆိပ်ရှိသောမြွေ သို့မဟုတ်
အခြားအဆိပ်ရှိသတ္တဝါအချို့ဖြစ်နိုင်ကြောင်း စနစ်အတွင်းရှိ ရှောင်ချီက စူးချင်းကို
ပြောပြနေသည်။ ၎င်းတို့က နှစ်ရာနှင့်ချီ အသက်ရှင်နိုင်ကြပြီး နှစ်ထောင်ပေါင်းများစွာသော
ကျင့်ကြံသူများလည်း ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့က ဆေးဖော်စပ်ရာတွင်
အသုံးဝင်လှပြီး သေလွန်သူများကို အသက်ပြန်ရှင်လာစေနိုင်မည့် ဆေးဝါးပြုလုပ်ရာတွင်
အသုံးပြုနိုင်သည်ဟု ရှောင်ချီက ရှင်းပြနေသည်။
နောက်ဆုံးတွင်
စူးချင်းက ရှောင်ချီ၏ဆိုလိုရင်းကို နားလည်သွားခဲ့သည်။ ရှောင်ချီက သူမကို အဆိပ်ကောင်သွား
ရှာစေချင်တာပဲ။
"ရွှေရှန့်၊ ရှင် လင်ဇီးကို ဘယ်မှာ တွေ့ခဲ့တာလဲ? ကျွန်မကို အဲ့နေရာကို
ခေါ်သွားပေးပါ”
ကျိရွှေရှန့်က
တောင်ပေါ်မှ ပြန်ဆင်းရန် ပြင်ဆင်နေသည် မြင်လိုက်သောကြောင့် စူးချင်းက သူ့ကို လှမ်းခေါ်လိုက်သည်။
“အဲဒီမှာ
အဆိပ်တွေ အများကြီးရှိတယ်၊ မသွားနဲ့တော့”
ကျိရွှေရှန့်က
သူမကို အန္တရာယ်မဖြစ်စေချင်မှန်း သိနေသောကြောင့် စူးချင်းက သူ့ကို ကြည့်လိုက်ပြီး “အဲ့တာတွေက
ရဖို့ခက်က အကောင်းဆုံးဆေးတွေလေ"
ကျိရွှေရှန့်က စူးချင်း၏
လွန်ကဲသော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုကို ပြန်တွေးနေပြီး အနည်းငယ် တုံ့ဆိုင်းနေခဲ့သော်လည်း
နောက်ဆုံးတွင် သူက သဘောတူလိုက်သည်။
"ကောင်းပြီ ငါ မင်းနဲ့ လိုက်ခဲ့ပေးမယ်"
ကျိရွှေရှန့်က ချိုးယုံခန်းနှင့်
ကျုံးယုံကို အရင်ထွက်သွားခိုင်းလိုက်သည်။
"ယုံခန်း၊ ကျုံးယုံ၊ မင်းတို့နှစ်ယောက် အရင်ပြန်သွားနှင့်တော့။ စူးချင်းနဲ့
ငါ လုပ်စရာ ရှိသေးတယ်။"
"အကိုကြီး၊ ကျွန်တော် အစ်ကိုကြီးတို့နဲ့အတူ လိုက်ခဲ့မယ်၊ ကျွန်တော် အစ်ကိုကြီးရဲ့
သက်တော်စောင့် လုပ်မယ်"
ကျုံးယုံက
စူးချင်းကို စိုက်ကြည့်နေပြီး ကျိရွှေရှန့်ကို လှမ်းပြောလိုက်သည်။ သူက စူးချင်းကို
လုံးဝ ယုံကြည်ပုံ မရပေ။
"အခု ချက်ချင်း တောင်ပေါ်က ဆင်းတော့"
သူ့ကို အမိန့်ပေးနေသော
ကျိရွှေရှန့်၏မျက်နှာက အုံ့မှိုင်းနေသောကြောင့် ကျုံးယုံက သူ့စကားကို နားထောင်ရန်သာ
တက်နိုင်တော့သည်။ ကျိရွှေရှန့် ဒေါသထွက်နေသည်ကို မြင်နေရသောကြောင့် သူက
မကျေမနပ်ဖြင့် ချိုးယုံခန်းနောက်မှ ပြန်လိုက်သွားလေသည်။
"ရွှေရှန့်၊ စူးချင်း၊ သတိထားပါ"
ချိုးယုံခန်းက
သူတို့ကိုကြည့်ကာ လှမ်းပြောလိုက်သည်။
“အေး”
ကျိရွှေရှန့်က ခေါင်းညိတ်
တုံ့ပြန်လိုက်သည်။ သူက သူတို့ကို တောင်ပေါ်မှ ဆင်သွားသည်ကို ကြည့်နေခဲ့ပြီး ထို့နောက်တွင်
အနီရောင်မိစ္ဆာသားရဲကို ရှာဖွေရန် စူးချင်းကို ပြန်ခေါ်သွားလိုက်သည်။
တောင်ပေါ်တက်တဲ့လမ်းတွင် နှစ်ယောက်သား စကားမပြောဘဲ တိတ်ဆိတ်နေကြပြီး စူးချင်းက သူ့၏အနောက် တစ်မီတာ အကွာခန့်တွင် ကပ်ပါလာခဲ့သည်။ အချင်းချင်း နီးကပ်စွာ ရှိနေသောကြောင့် လွန်ခဲ့သော အခိုက်အတန့်က အရှက်ရဖွယ် မြင်ကွင်းက သူ့စိတ်ထဲတွင် ပြန်ပေါ်လာသည်။ အဆုံးတွင် ကျိရွှေရှန့်က သူ့စိတ်ကို မထိန်းနိုင်တော့ဘဲ ရုတ်တရက် ရပ်တန့်လိုက်ကာ ပူလောင်သောအကြည့်ဖြင့် စူးချင်းကို ကြည့်နေလေသည်။
✍️✍️✍️