အခန်း ၁၀၄ လင်ဇီးက
လမ်းလျှောက်နိုင်တယ်
ကျိရွှေရှန့်က
ချက်ချင်း သတိကပ်ထားလိုက်ပြီး သူ့၏လက်ထဲမှ ရတနာဓားကို ပိုတင်းနေအောင် ဆုပ်ကိုင်လိုက်သည်။
သူက ပတ်ဝန်းကျင် အခြေအနေကို အာရုံစိုက်ရင်း ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
“ဂျွတ်” ဟူသော
ကျိုးပဲ့သံနှင့်အတူ ကျိရွှေရှန့်က သစ်ကိုင်းခြောက်တစ်ခုကို နင်းလိုက်မိပြီး ထိုသစ်ကိုင်းက
ကျိုးသွားပုံရသည်။ ထိုအခိုက်အတန့်တွင် အမှောင်ထဲမှ အနီရောင် အရိပ်တစ်ခု ပြေးထွက်လာပြီး
သွေးညှီနံ့က သူ့မျက်နှာကို ပြင်းပြင်းထန်ထန် တိုက်ခတ်လာသည်။ ကျိရွှေရှန့်က
တိုက်ခိုက်မှုကို ရှောင်ရှားရန် ကမန်းကတန်း နောက်ပြန်ဆုတ်လိုက်သော်လည်း
သူ့အဝတ်အစားများကတော့ ဖြတ်တောက်ခံလိုက်ရသေးသည်။
ကျိရွှေရှန့်တစ်ယောက်
အလွန်တုန်လှုပ်သွားပြီး ချွေးအေးများ ထွက်လာသည်။
ဒါကြီးက ဘာကြီးလဲ?
ဘယ်လိုများ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ?
သူ
ရှောင်တိမ်းလိုက်သည်နှင့်တပြိုင်နက် မိစ္ဆာသားရဲကြီးက လေထဲတွင် ပြန်လှည့်လာပြီး
စူးစူးဝါးဝါး အော်ဟစ်ကာ ကျိရွှေရှန့်ထံသို့ ပြေးဝင်လာပြန်သည်။
ထိုမိစ္ဆာသားရဲကြီး၏ခန္ဓာကိုယ်အနှံ့တွင်
ခြေထောက်များ ရှိနေပြီး ထိုခြေထောက်များ၏ အစွန်းများက ချွန်ထက်သော
ဓားသွားများကဲ့သို့ ဖြစ်နေသည်။ ထိုမိစ္ဆာသားရဲကြီး၏ဦးခေါင်းပေါ်မှ ကြီးမားသော
ဦးမှင်ကြီးများရှိပြီး ၎င်း၏အနက်ရောင်မျက်လုံးနှစ်လုံးက ကြောင်မျက်လုံးများကဲ့သို့
ပြူးကျယ်နေသည်။ သူ ပျံသန်းနေစဉ် သွေးညှီနံ့သင်းသင်းလေးက ကျိရွှေရှန့်၏
နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ၎င်း၏ ကြီးမားသော လက်သည်းကြီးများက ကျိရွှေရှန့်ကို
နောက်တကြိမ် တိုးဝင်လာပြီး တွေဝေနေပါက ရှောင်တိမ်းရန်
မဖြစ်နိုင်ပေ။
ရဲရင့်ပြီး
စေ့စပ်သေချာသော ကျိရွှေရှန့်သည်ပင် သူ၏ဆံပင်များ ထောင်လာသလို ခံစားနေရသည်။ သူက
အခြားသူများထက် ပို၍ သတ္တိကောင်းသော်လည်း ယခုအချိန်တွင် သူ ကိုယ်တိုင်ပင် ချွေးအေးများ
စိုစွတ်နေသည်။ သို့သော်လည်း သူက သူ့လက်ထဲမှ ရတနာဓားကို ဝှေ့ယမ်းကာ မိစ္ဆာသားရဲကြီးကို
ရင်ဆိုင်လိုက်သည်။ မိစ္ဆာသားရဲကြီးကလည်း သူ့လက်ထဲမှ ဓားက အစွမ်းထက်ကြောင်း ရိပ်မိနေပုံရပြီး
၎င်းက ၎င်း၏ခန္ဓာကိုယ်ကို လှည့်ကာ ရတနာဓားကို ရှောင်ရှားပြီး စူးရှစွာ အော်ဟစ်ကာ ကျိရွှေရှန့်၏ဦးခေါင်းဆီသို့
ဦးတည်ပျံသန်းလာသည်။
ကျိရွှေရှန့်က
သူ့လက်ကို ပင့်တင်ကာ ရတနာဓားကို သူ့ခေါင်းပေါ်သို့ မြှောက်တင်လိုက်သည်။ ထို့နောက် သူက ခုန်တက်လိုက်ပြီး မိစ္ဆာသားရဲကြီး၏ဝမ်းဗိုက်ကို
ဓားဖြင့် လှမ်းထိုးလိုက်သည်။မိစ္ဆာသားရဲကြီး၏ ခန္ဓာကိုယ်က တွန့်လိမ်သွားပြီး
စူးရှသော အော်သံများ ထွက်ပေါ်လာသည်။ ကျိရွှေရှန့်၏မျက်လုံးများက
အရောင်တောက်သွားပြီး ပွင့်သွားသော မိစ္ဆာကောင်ကြီး၏ဗိုက်ကို စိုက်ကြည့်နေသည်။ မိစ္ဆာသားရဲကြီးက
မြေပြင်ပေါ်သို့ လဲကျသွားပြီး ရုန်းကန်လှုပ်ရှားနေသော်လည်း အနီးနားရှိ ပတ်ဝန်းကျင်ရှိ
မြက်ပင်များနှင့် သစ်ပင်များ ခုတ်ထစ်ဖြတ်တောက်ခြင်း ခံလိုက်ရသည်။
ကျိရွှေရှန့်ပင်
၎င်း၏ခြေသည်းများကို မရှောင်နိုင်ဘဲ မလွှဲသာမရှောင်သာ ကုတ်ခြစ်ခံလိုက်ရသည်။ ခြစ်မိသွားသာ
နေရာက ချက်ချင်း သွေးထွက်လာပြီး မိစ္ဆာသားရဲကြီး၏ခြေသည်းများက အဆိပ်ပြင်းပုံရကာ
စီးကျလာသော သွေးများကပင် အနက်ရောင်ဖြစ်နေခဲ့သည်။
ကျိရွှေရှန့်က
ဝေဒနာကို သည်းခံနိုင်အောင် ကြိုးစားလိုက်ပြီး သူ့၏ဓားဖြင့် မည်းနက်နေသော အသားကို အလျင်အမြန်
လှီးဖြတ်ကာ သွေးများကို ညှစ်ထုန်ရန် ကြိုးစားနေခဲ့သည်။ သူ မူးဝေနေသော်လည်း
သူ့ကိုယ်သူ နိုးကြွားနေအောင် ထိန်းထားနိုင်ဆဲဖြစ်ပြီး အဆိပ်က သူ့၏အသားထဲသို့ စိမ့်ဝင်သွားသော်လည်း
သွေးများ ပြန်ညှစ်ထုတ်နေသည့်အတွက် သူ့နှလုံးကို မထိခိုက်စေခဲ့ပေ။
ယေဘူယျအားဖြင့်
အဆိပ်သင့်စေသော အရာများ၏ အနီးတွင် ဖြေဆေးရှိတက်သောကြောင့် ကျိရွှေရှန့်က
မူးမေ့လဲကျလုနီးပါး ဖြစ်နေသော သူ့၏ခန္ဓာကိုယ်ကြီးကို သတိဖြင့် ထိန်းထားရင်း
ခက်ခက်ခဲခဲ ဆေးရှာနေရပြန်သည်။ ကံကောင်းထောက်မစွာဖြင့် သူ ဆေးပင်ကို အလွန်အလျင်အမြန်
ရှာတွေ့ခဲ့သောလည်း ဆေးကျိုရန် မဖြစ်နိုင်သောကြောင့် ဆေးဖက်ဝင်အပင်များကို ခူးပြီး
ပါးစပ်ထဲသို့ တိုက်ရိုက်ထည့်ကာ ဝါးစားလိုက်ရသည်။ သူ့၏ဦးခေါင်းထဲမှ မူးနောက်နေသည့်ခံစားချက်က
ပိုကောင်းလာသောကြောင့် သူက သူ့အဝတ်များကို ဆုတ်ဖြဲလိုက်ပြီး ဒဏ်ရာကို
တင်းတင်းကြပ်ကြပ် စည်းထားလိုက်သည်။ ထို့နောက် စူးချင်းအတွက် လင်ဇီးကို ဆက်လက်ရှာဖွေနေခဲ့သည်။
စူးချင်းက
ဆိတ်စွပ်ပြုတ်ကို အရင်ချက်ပြုတ်လိုက်ပြီး ကန်စွန်းဥတစ်အိုးကိုလည်း ပြုတ်လိုက်သည်။
သူမက မီးကို လုံးဝ မဖြုန်းတီးဘဲ ကန်စွန်းဥအနည်းငယ်ကို မီးကင်လိုက်သေးသည်။
ကန်စွန်းဥ၏ ချိုမြိန်သော မွေးရနံ့ နှင့် ရောစပ်ထားသော ဆိတ်စွပ်ပြုတ်၏ရနံ့က
ကလေးငယ်များကို သားရည်ယိုစေခဲ့သည်။ ထောင်ဟွားဝူမှ ရွာသူရွာသားများက
ဟင်းအိုးများကို စိတ်အားထက်သန်စွာ
စိုက်ကြည့်နေကြပြီး သူတို့၏ဗိုက်များ တဆတ်ဆတ် တုန်လာကြသည်။
"ရွှေရှန့်က ဘာလို့ ပြန်မလာသေးတာလဲ?"
ချိုးယုံခန်းက
စိတ်ပူနေပြီး အသေးစိတ်အချက်အလက်များအတွက် ကျုံးယုံကို သွားမေးလိုက်သည်။
"မင်းအစ်ကိုကြီးက မင်းကို ဘယ်လိုပြောလိုက်လဲ?"
“သားကောင်ကို
ဖမ်းပြီးတာနဲ့ သူ့ဘာသာသူ ပြန်လာမယ်လို့ ပြောတယ်”
ကျုံးယုံက ကျိရွှေရှန့်၏
စကားကို ပြန်ပြောလိုက်သည်။ သူက ထက်မြက်ပြီး မှတ်ဉာဏ်ကောင်းတယ်လေ။ တကယ်က သူ့ကို
သင်ပေးမယ့်သူ မရှိလို့သာ သူက ဒီလိုမျိုး တုံးအနေတာပါ။
"မဖြစ်သေးဘူး၊ ငါတို့ သူ့ကို သွားရှာရမယ်"
ချိုးယုံခန်းက စိတ်မပူဘဲ
မနေနိုင်တော့သောကြောင့် ကျုံးယုံကို သူနှင့်အတူ လိုက်ခဲ့ပေးရန် တောင်းဆိုလိုက်သည်။
အဲ့လိုမှ မဟုတ်ရင် သူက ရွှေရှန့်နဲ့ ကျိုးယုံ ဘယ်မှာ လမ်းခွဲခဲ့မှန်း မသိတာကြောင့် တောင်တွေပေါ်မှာ သူ့ကို
ရည်ရွယ်ချက်မဲ့ ရှာဖွေရလိမ့်မယ်။ အဲ့တာက ကောက်ရိုးပုံထဲက အပ်တစ်ချောင်းကို ရှာနေတာနဲ့
တူသွားလိမ့်မယ်။
စူးချင်းက ချိုးယုံခန်း၏စကားကို
ကြားသွားပြီး တောင်ပေါ်သို့ မော့ကြည့်လိုက်သည်။ ကျိရွှေရှန့်က သူမအတွက် လင်ဇီးကို ရှာပေးမည်ဟု
ပြောခဲ့ဖူးသည်ကို သူမ ရုတ်တရက် ပြန်သတိရမိသွားသည်။
သူ လင်ဇီး ရှာဖို့
သွားနေတာ ဖြစ်နိုင်လား?
"ကျွန်မ ရှင်တို့နဲ့ လိုက်ခဲ့မယ်"
စူးချင်းက သူမလုပ်လက်စ
အလုပ်ကို ချထားလိုက်ပြီး ချိုးယုံခန်းကို လှမ်းပြောလိုက်သည်။
ချိုးယုံခန်းက စူးချင်းကို
သူ့နောက် မလိုက်ရန် မတားခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူမက ကိုယ်ခံပညာတက်ကျွမ်းတဲ့အပြင် အရမ်းကို
အစွမ်းထက်တဲ့ သမားတော်တစ်ယောက်လည်း ဖြစ်နေသေးတယ်။ သူမနဲ့အတူ တောင်ပေါ်ကို သွားတာက
အဆိပ်ရှိတဲ့ အင်းဆက်ပိုးကောင်တွေ အတွက်လည်း စိတ်ပူစရာ မလိုတော့ဘူး။
"လောင်ချီ၊ တာ့နျို၊ အားလုံးကို ဂရုစိုက်ထားလိုက်ဦး"
ချိုးယုံခန်းက
မထွက်ခွာခင် သူ့၏ညီနှစ်ယောက်ကို သေသေချာချာ မှာကြားနေခဲ့သည်။ ဤနေရာက လမ်းမကြီးနှင့်
ဝေးကွာနေသော်လည်း တောင်ပေါ်တွင် ဓားပြများ ရှိ၊ မရှိကို မည်သူမျှ မသိနိုင်ပေ။
သေဆုံးသွားသောသူများ
နှင့် ဒဏ်ရာရနေသူများကို ဖယ်လိုက်လျှင် ထောင်ဟွားဝူအဖွဲ့၌ သန်မာသော ယောကျာ်းသား အနည်းငယ်သာ
ရှိတော့သည်။ ကျန်သူများက အသက်ကြီးသူများ၊ အားနည်းသူများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ
ဖြစ်ကြသည်။ ထို့ကြောင့် သူ တကယ်ကို စိတ်ပူနေရခြင်း ဖြစ်သည်။
ကျုံးယုံ၏မှတ်ဉာဏ်က
ပြီးပြည့်စုံလှပြီး သူက သူ တစ်ခါ သွားခဲ့ဖူးသောလမ်းကို ဘယ်တော့မှ မမေ့တော့ပေ။ သူက စူးချင်းနှင့်
ချိုးယုံခန်းတို့ကို နက်ရှိုင်းသောတောင်တန်းများဆိသို့ ခေါ်ဆောင်သွားခဲ့သည်။ သူ့၏ခြေထောက်များက
ရှည်လျားပြီး သူ့၏ခြေလှမ်းများက တစ်လှမ်းနှင့်တစ်လှမ်း ဝေးကွာလွန်းလှသော်လည်း သူက တခြားသူများကို
ဘယ်လိုဂရုစိုက်ရမှန်း မသိဘဲ အရှေ့တွင် တစ်ယောက်တည်း ခပ်သွပ်သွပ် လျှောက်လှမ်းနေသည်။
စူးချင်းက နောက်ဆုံးမှ
လိုက်ပါလာပြီး တောင်တန်းများပေါ်မှ လင်ဇီးရှိနိုင်မည့်နေရာကို ရှောင်ချီအား ရှာခိုင်းလိုက်သည်။
ကျိရွှေရှန့်၏တည်နေရာကို ရှာဖွေနိုင်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်။
ရှောင်ချီက
လင်ဇီးကိုသာ မြင်နေရသော်လည်း ထူးဆန်းသည်က ထိုလင်ဇီးက အဘယ်ကြောင့် လမ်းလျှောက်နိုင်သည်ကို
သူမ မတွေးနိုင်ခြင်းပင်။
ရှောင်ချီက
စိတ်ရှုပ်ထွေးစွာဖြင့် သူမ၏ချစ်စဖွယ်မျက်လုံးကြီးများကို ပွတ်သပ်လိုက်ပြီး လင်ဇီးက
ရွေ့လျားနေသည်ကို အတည်ပြုပြီးနောက် စူးချင်းအား အမြန်ပြောပြနေပြီး သူမ၏အသံလေးတွင်
မယုံကြည်နိုင်သော ခံစားချက်များ ပါဝင်နေသည်။
“သခင်
လင်ဇီးက လမ်းလျှောက်နိုင်တယ်။ အဲ့တာက တောင်ပေါ်ကနေ လမ်းလျှောက်ပြီး ဆင်းလာနေတာ”
စူးချင်း၏
မျက်လုံးများက အရောင်လက်သွားသည်။ လင်ဇီးက ဘယ်လိုလုပ် လမ်းလျောက်နိုင်မှာလဲ?
အဲ့တော့ ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတော့တယ်။ တစ်စုံတစ်ယောက်က လင်ဇီးကို ခူးလာတာပဲ။
ဒါပေမယ့် အဲ့လူက ကျိရွှေရှန့် ဟုတ် မဟုတ်တော့ သူမလည်း မသိဘူး။
စူးချင်းက
အသံမထွက်ဘဲ ကျုံးယုံနောက်မှ အေးအေးဆေးဆေး ဆက်လိုက်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျုံးယုံ
သွားနေသည့်လမ်းက လင်ဇီးလျှောက်လာနေသည့် တောင်ပေါ်လမ်းနှင့် တူညီနေသောကြောင့် ဖြစ်သည်။
တစ်ခုတည်းသော ခြားနားချက်မှာ တစ်ဖက်က တောင်ပေါ်သို့ တက်နေခြင်းဖြစ်ပြီး တစ်ဖက်က
တောင်ပေါ်မှ ဆင်းလာခြင်း ဖြစ်သည်။
“သခင်၊
လင်ဇီးက မလှုပ်တော့ဘူး”
ရှောင်ချီ၏ စိတ်ရှုပ်နေပုံရသော
အသံလေး ထွက်ပေါ်လာပြန်သည်။ စူးချင်းက စနစ်ထဲသို့ လှမ်းကြည့်လိုက်ရာ လင်ဇီးက
အမှန်တကယ် မလှုပ်ရှားတော့ကြောင်း တွေ့လိုက်ရသည်။
စူးချင်းက
ဖြစ်နိုင်ချေများအားလုံးကို တွေးတောလိုက်ပြီး ကျုံးယုံကို ကျော်ဖြတ်ကာ
တောင်ပေါ်သို့ အမြန်ပြေးတက်သွားတော့သည်။ ချိုးယုံခန်းက ခဏလောက် ထိတ်လန့်အံ့သြနေပြီးမှ
သူမကို သူမကို အော်ပြောလိုက်သည်။
"စူးချင်း၊ မင်းက လမ်းမသိဘူးလေ"
“ဒီမှာ
ရှိမယ် ထင်တယ်”
စူးချင်း၏ အေးစက်စက်အသံ
ထွက်ပေါ်လာပြီး သူမ ပို၍ မြန်မြန် ပြေးသွားတော့သည်။
ကျုံးယုံသည်ပင်
သူမနောက်သို့ အပြေးအလွှား လိုက်လာခဲ့ရပြီး ချိုးယုံခန်းကတော့ အလွန်
ပင်ပန်းနွမ်းနယ်နေကာ ပြင်းပြင်းထန်ထန် မောဟိုက်နေသော်လည်း သူက တခြားသူများနောက်မှ အမီလိုက်နေဆဲပင်။
စူးချင်းက ရှောင်ချီပေးထားသည့်
မြေပုံအတိုင်း လိုက်လာပြီး လင်ဇီး၏တည်နေရာကို ရှာတွေ့သွားခဲ့သည်။
တောင်ပေါ်အတက်လမ်း၏ လမ်းတစ်ဝက်မှ သစ်ပင်တစ်ပင်ပေါ်တွင် တွဲလောင်းကျနေသော
လူတစ်ယောက် ရှိနေပြီး သစ်ပင်အောက်တွင် ချောက်တစ်ခု ရှိနေသည်။ ထိုသစ်ကိုင်းကျိုးသွားလျှင်
လူလည်း ပြုတ်ကျသွားပြီး အပိုင်းပိုင်းကျိုးပဲ့သွားပေလိမ့်မည်။
သို့သော် ထိုလူက
အောက်မှ အန္တရာယ်ကို မသိသကဲ့သို့ ပြုမူနေပြီး လုံးဝ မလှုပ်ရှားပေ။
စူးချင်းက ထိုလူ၏အဝတ်အစားများအရ
သူက ကျိရွှေရှန့်ဖြစ်နေသည်ဟု အတိအကျ သိလိုက်ပြီး သူမ၏ အရှိန်ကို ထပ်မြှင့်လိုက်သည်။
ကျုံးယုံကလည်း ကျိရွှေရှန့်ကို မြင်သွားပြီး စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
“အကိုကြီး၊
အစ်ကိုကြီး၊ မြန်မြန် ပြန်ဆင်းလာခဲ့”
ချိုးယုံခန်းက ကျုံးယုံ၏အော်သံကို
ကြားသွားပြီး မော့ကြည့်လိုက်ရာ ကျိရွှေရှန့်က ချောက်ကမ်းပါးမှ ထွက်နေသော
သစ်ကိုင်းတစ်ကိုင်းပေါ်တွင် တွဲလောင်းကျနေသည်ကို မြင်လိုက်ရသောကြောင့် သူ အလွန်ကြောက်လန့်သွားပြီး
တောင်ပေါ်သို့ ခြေလှမ်း နှစ်လှမ်း သုံးလှမ်းလောက်ဖြင့် ပြေးတက်လာတော့သည်။
သုံးယောက်သား
ချောက်ကမ်းပါးဆီသို့ ပြေးသွားကြပြီး ထိုသစ်ပင်၏ပင်စည်က ခြောက်သွေ့နေသောကြောင့် ကျိရွှေရှန့်
တစ်ယောက်တည်းကိုပင် ခံနိုင်ရည် မရှိဘဲ ကျိုးကျလုနီးပါး ဖြစ်နေခဲ့သည်။ ထို့ကြောင့် လူနှစ်ယောက်ကို
ထောက်ပံ့ပေးရန် လုံးဝ မဖြစ်နိုင်ကြောင်း နားလည်လိုက်ကြရသည်။ သူတို့က ကျိရွှေရှန့်ဆီသို့
လက်လှမ်း၍လည်း မမီနိုင်ပြန်ပေ။ ထိုအရာက ချိုးယုံခန်းနှင့် ကျုံးယုံတို့ကို အလွန်အမင်း
စိုးရိမ်နေစေသည်။
ကျုံးယုံက
သစ်ပင်ပေါ်သို့ တက်ပြီး ကျိရွှေရှန့်ကို ပြန်ဆွဲခေါ်ချင်နေသော်လည်း ချိုးယုံခန်းက သူ့ကို
တားဆီးထားခဲ့သည်။
“မသွားနဲ့”
ချိုးယုံခန်းက ကျိရွှေရှန့်ကို
ကယ်တင်ရန် နည်းလမ်း စဉ်းစားနေချိန်မှာပင် စူးချင်းက နွယ်ပင်များကို ဆွဲဖြုတ်ပြီး နွယ်ကြိုးကို
စတင်ချည်နှောင်နေပြီ ဖြစ်သည်။ သူမက အလျင်အမြန် ကြိုးထုံးနေပြီး ချိုးယုံခန်းက သူမကို
တစ်ချက်ကြည့်ကာ သူမနှင့်အတူ နွယ်ပင်များကို ဆွဲပြုတ်ကာ ကြိုးထုံးနေခဲ့သည်။
သူတို့နှစ်ယောက်
စကားမပြောဘဲ အလုပ်ကိုယ်စီ လုပ်နေကြသော်လည်း ကျုံးယုံက အလွန်စိုးရိမ်နေပြီး
သူ့မျက်လုံးများက နီရဲလာလေသည်။
“ငါ့အစ်ကိုကြီးက
သစ်ပင်ပေါ်မှာ တွဲလောင်းကျနေတယ်လေ။ မင်းတို့က ဘာလို့ အဲလိုလုပ်နေကြတာလဲ?"
စူးချင်းက မရှင်းပြဘဲ
ကြိုးတစ်စကို သူမ၏ခါးတွင် ချည်လိုက်က်ပြီး အခြားတစ်ဖက်ကို သစ်ပင်ကြီးတစ်ပင်တွင် ချည်ထားလိုက်သည်။ ချိုးယုံခန်းကလည်း သူ့အလုပ်ကို
ပြီးစီးသွားပြီ ဖြစ်သောကြောင့် စူးချင်းက သူ့ကို လေးလေးနက်နက် အမိန့်ပေးလိုက်သည်။
“ငါ့အမိန့်ကို
နားထောင်။ ငါ ဆွဲခိုင်းတာနဲ့ မြန်မြန် ဆွဲတင်”
“ကောင်းပြီ”
ချိုးယုံခန်းက ခေါင်းညိတ်သဘောတူလိုက်သည်။
သူက သူ ဆင်းမည်ဟု ပြောချင်နေသော်လည်း သူက စူးချင်းလောက် မသွက်လပ်ကြောင်း
နားလည်နေသောကြောင့် ဘာမှ မပြောရန် ဆုံးဖြတ်လိုက်သည်။ သူက ကြိုးတစ်စကို သစ်ပင်တွင် ချည်ထားလိုက်ပြီး
ကျုံးယုံကို ဆွဲခေါ်ကာ စူးချင်း၏အမိန့်ကို စောင့်ဆိုင်းနေခဲ့သည်။
စူးချင်းက
ညှိုးနွမ်းနေသောသစ်ပင်၏အရှေ့ဘက်မှ ကျောက်နံရံကို ကန်လိုက်ပြီး အောက်သို့
ဆင်းကြည့်လိုက်ရာ ကျိရွှေရှန့်က သတိလစ်နေသည်ကို တွေ့လိုက်ရသည်။ သူ့ရဲ့ခန္ဓာကိုယ်မှာ
ဒဏ်ရာတွေ အများကြီးပဲ။ ပြီးတော့ ဘယ်အရာက သူ့ရဲ့အသားအရည်ကို မည်းသွားစေတာလဲ? သူ
အဆိပ်မိခဲ့တာလား?
စူးချင်းက ကျိရွှေရှန့်၏ဒဏ်ရာကို ကြည့်နေစဉ်မှာပင် ညှိုးနွမ်းနေသောသစ်ပင်၏ပင်စည် ကျိုးသွားသည့်အသံကို ကြားလိုက်ရသည်။
✍️✍️✍️