အခန်း ၁၀၉ ကင်းထောက်ခြင်း
ဒုက္ခသည်အဖွဲ့ကြီးက လမ်းမကြီးပေါ် ပြန်တက်ပြီး
ခရီးဆက်ခဲ့ကြသည်။ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြင်ကွင်းကို မြင်ပြီးနောက် မည်သူမျှ
တိုက်တွန်းစရာမလိုဘဲ လူတိုင်းက အမြန်လျှောက်လမ်းနေကြသည်။ အခြားပြန့်ကျဲနေသော
သဘာဝဘေးမှ ထွက်ပြေးလာကြသည့် ဒုက္ခသည်များကလည်း ကျိရွှေရှန့်နှင့် သူ့လူများ မည်မျှ
အင်အားကြီးမားသည်ကို မြင်သွားပြီးနောက် သူတို့၏နောက်သို့ ကပ်လိုက်လာကြသည်။
ကနဦးက လူ ၁၀၀
ကျော်ရှိသော ဒုက္ခသည်အဖွဲ့က ယခုက လူ ၂၀၀ မှစပြီး လူ ၃၀၀ ကျော်လာပြီ ဖြစ်လာသည်။ သူတို့ကို
မောင်းထုတ်ရန် မဖြစ်နိုင်သောကြောင့် ပို၍ မြန်မြန်လျှောက်လှမ်းခြင်းဖြင့်
သူတို့ကို ချန်ထားနိုင်ရန် ကိုးစားကြရပြန်သည်။
သို့သော်လည်း အသက်ရှင်ရန် အစွမ်းကုန် ကြိုးစားရုန်းကန်နေသောကြောင့်
ဤလူများ၏ စိတ်အားထက်သန်မှုက မြင့်မားလှပြီး ချန်ထားရန် မလွယ်ကူပေ။
နောက်ဆုံးတွင် ကျိရွှေရှန့်က
လီတာ့နျိုနှင့် ကျုံးယုံတို့ကို အနောက်မှ စောင့်ကြည့်ရန် တာဝန်ပေးလိုက်ပြီး
မည်သူမှ သူတို့အဖွဲ့ထဲသို့ ခိုးဝင်ခြင်းမပြုရန် အမိန့်ပေးလိုက်သည်။
မွန်းတည့်လာပြီး
ချက်ပြုတ်ချိန်ရောက်သည့်အချိန်တွင်ပင် ကျိရွှေရှန့်က သူ့၏အဖွဲ့ကို ရပ်တန့်ခွင့်မပေးဘဲ
ခရီးဆက်ခဲ့ကြသည်။
ဒဏ်ရာအပြင်းအထန်ရသူ
နှစ်ဦးက သတိလစ်သွားပြီး အသက်အန္တရာယ် ရှိလာနိုင်သည်ကို မြင်လိုက်ရသောကြောင့်
မိသားစုနှစ်စုမှ အမျိုးသမီးများက စူးချင်းထံသို့ ပြေးလာပြီး ထပ်မံ တောင်းပန်ကာ
ကူညီပေးရန် တောင်းဆိုနေကြသည်။
ထိုအချိန်တွင် ကျိရှောင်ယင်က
ပို၍ ငြိမ်သက်သွားသည်ကို မြင်နေရသောကြောင့် စူးချင်း၏စိတ်ထဲမှ ဒေါသများကလည်း
လျော့ပါးသွားပြီ ဖြစ်သည်။ ရောဂါများ၊ ဒဏ်ရာများကို ကုသပေးခြင်းနှင့် အသက်များကို
ကယ်တင်ပေးခြင်းက သူမ၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု မြှင့်တင်ပေးနိုင်သောကြောင့်
စူးချင်းက အခွင့်အရေးကို ဖြုန်းတီးပစ်ရန် မလိုအပ်ဟု တွေးလိုက်ပြီး
ခေါင်းညိတ်သဘောတူလိုက်သည်။
မိသားစုနှစ်စုမှ
မိသားစုဝင်များက သူမကို ကျေးဇူးတင်နေကြပြီး လကို ဝန်းရံနေသည့် ကြယ်များကဲ့သို့ သူမ
နောက်မှ လိုက်ပါသွားကြသည်။ စူးချင်းက လူနှစ်ယောက်၏ဒဏ်ရာများကို ကုသပေးရန်
ပြင်ဆင်လိုက်သည်။
ဓားဖြင့်
အခုတ်ခံလိုက်ရသည့် ဒဏ်ရာများက အရမ်းနက်နေပြီး အရိုးများ မြင်ရသည်အထိ ပွင့်ဟနေသည်။ ထိုကဲ့သို့
ဒဏ်ရာမျိုးက ဆေးဝါးတစ်ခုတည်းဖြင့် ကုသ၍ မရနိုင်ဘဲ ပြန်ချုပ်ရန် လိုအပ်နေသေးသည်။ စူးချင်းက
ထိုဒဏ်ရာများကို ရိုးရှင်းသောကုသမှုများ အရင် ပြုလုပ်ပေးလိုက်ပြီး
ပန်းထိုးအပ်နှင့် ချည်မျှင်တစ်ခုယူရန် ပြန်လာခဲ့သည်။ ထို့နောက် လူတိုင်းရှေ့တွင်ပင်
သူမက ထိုအမျိုးသားနှစ်ဦး၏ ဒဏ်ရာများကို ပြန်ချုပ်ကာ ဆေးထည့်ပြီး ပတ်တီးစည်းပေးလိုက်သည်။
သွေးအလွန်အကျွံ
ထွက်ခဲ့ပါက သွေးအားဖြည့်ဆေး သောက်ရမည် ဖြစ်ပြီး ဒဏ်ရာက အရမ်းနက်လွန်းပါက
အနာကျက်ဆေး သောက်ရန် လိုအပ်နေသေးသည်။ ရှောင်ချီက သခင်ဖြစ်သူ၏ညွှန်ကြားချက်ကိုပင်
မလိုတော့ဘဲ ကြိုတင်ပြင်ဆင်ထားပြီး စူးချင်းက ဆေးကို တောင်းသည်နှင့်တပြိုင်နက်
ချက်ချင်း လက်လွှဲပေးလိုက်သည်။
စူးချင်းက ထိုအမျိုးသားနှစ်ယောက်အတွက်
ဆေးကို ပေးလိုက်ပြီး နောက်ထပ် ဂရုမစိုက်တော့ပေ။ သူမက အဆင့်သေး ရှစ်ဆင့်တိုးလာသော
သူမ၏ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု၏ တိုးတက်မှုကိုသာ စောင့်ကြည့်နေခဲ့သည်။ ကျိရွှေရှန့်က
ဒဏ်ရာရနေသူများကို ဆေးထည့်ပြီး ပတ်တီးစည်းပေးရန်
သူမ ပေးထားခဲ့သည့် အနီရောင်ဆေးကို အသုံးပြုခဲ့သဖြင့် ထိုလူများလည်း ပြန်လည်ကောင်းမွန်လာကြပြီး
သူမ၏အဆင့် တိုးတက်မှုကလည်း ခပ်မြန်မြန် တိုးတက်လာသည်။
ညအချိန်ရောက်လာပြီး
ဓားပြများက လိုက်မလာကြသော်လည်း ကျိရွှေရှန့်က သူ့၏သတိ ဝီရိယကို လွှတ်မချရဲသေးပေ။
အကြောင်းမှာ ဓားပြများက ညဘက်တွင်လည်း လှုပ်ရှားသွားလာနိုင်သောကြောင့် ဖြစ်သည်။ သူတို့က
လုယက်တိုက်ခိုက်ရန် ညအချိန်ကို အသုံးပြုလေ့ရှိသောကြောင့် ညဘက်က အန္တရာယ်အရှိဆုံး ဖြစ်သည်။
"ဆက်သွားကြမယ်၊ မရပ်ကြနဲ့"
ကျိရွှေရှန့်က
မြေပုံကို ကြည့်လိုက်ပြီး နောက်တစ်မှတ်ဖြစ်သည့် ကျင့်ချန်က လီဒါဇင် အနည်းငယ်မျှသာ ဝေးတော့ကြောင်း
တွေ့လိုက်ရသည်။ ညဘက်တွင် လမ်းလျှောက်ရခြင်းက အဆင်မပြေဘဲ ခပ်ဝေးဝေးသို့ မရောက်နိုင်သော်လည်း
လီချန်နှင့် ပိုဝေးလေလေ ပိုလုံခြုံလေလေ ဖြစ်သောကြောင့် ဆက်သွားရန်သာ
ဆုံးဖြတ်ရတော့သည်။
သူမ၏သခင် ဘာမှ
မစားရဘဲ အစာခံနေရသည်ကို စနစ်ထဲမှ ရှောင်ချီက မြင်နေရပြီး သူမ၏နှလုံးသားလေးလည်း
နာကျင်နေရသည်။ သူမ၏သခင်က ကျိရမ်ထန် တစ်ခုလုံးကို ရွှေ့ပြောင်းလာခဲ့ပြီး ထိုအထဲတွင် မီးဖိုချောင်မှ
အသား၊ ဂျုံ၊ ခေါက်ဆွဲနှင့် ဟင်းသီးဟင်းရွက်များလည်း ပါဝင်နေသောကြောင့်
ရှောင်ချီတစ်ယောက် အလုပ်ရှုပ်သွားရပြန်သည်။
ရှောင်ချီက
မီးဖိုချောင်သုံးဓားကို ကိုင်ကာ အစာပလာအတွင် စတင်ခုတ်ထစ်နေတော့သည်။
သူမက သူမရဲ့သခင်အတွက်
အသားဖက်ထုပ်လုပ်ပေးချင်တာလေ။
စူးချင်းက ရထားလုံးကို
မောင်းနှင်နေပြီး ဘာမှ အခက်အခဲ မရှိပေ။ မြင်းနက်ကြီးက လိမ္မာပါးနပ်ပြီး တက်ကြွမှု အပြည့်ရှိနေသောကြောင့်
သူမက ရထားလုံးပေါ်တွင် ထိုင်ကာ ဇက်ကြိုးဆွဲထားရန်သာ လိုအပ်သည်။
စနစ်ထဲမှ အသံများကို
ကြားလိုက်ရသောကြောင့် သူမ လှမ်းကြည့်လိုက်ချိန်တွင် ရှောင်ချီ၏
ခန္ဓာကိုယ်သေးသေးလေးက ထိုင်ခုံပုလေးပေါ်တွင် ရပ်နေပြီး သူမ၏ဖောင်းအိနေသော လက်ကလေးတွင်
မီးဖိုချောင်သုံးဓားတစ်ချောင်းကို ကိုင်ထားပြီး ဂေါ်ဖီများကို လှီးဖြတ်နေသည်အား တွေ့လိုက်ရသည်။
စူးချင်းက
မျက်ခုံးပင့်လိုက်သည်။ ရှောင်ချီက ဘာလို့ ဂေါ်ဖီထုပ်တွေ လှီးနေရတာလဲ?
"ဒီမှာ ခဏလောက် အနားယူကြရအောင်!"
နောက်ဆုံးတွင် ကျိရွှေရှန့်က
ရွာသားများ မလှုပ်ရှားနိုင်တော့သည်ကို မြင်နေရသောကြောင့် မြင့်မားသောနေရာတစ်ခုကို
ရှာဖွေပြီး ရပ်တန့်ရန် အမိန့်ပေးလိုက်သည်။
သူတို့၏နေရာက ပတ်ဝန်းကျင်မှ
အခြေအနေတစ်ခုလုံးကို မြင်နိုင်အောင် မြင့်မားလှသည်။ အလားတူပင် အခြားသူများက သူတို့ကို
မြင်နိုင်ရန်လည်း လွယ်ကူလှသည်။ ကျိရွှေရှန့်က ထိုအချင်းအရာကို ကောင်းကောင်းသိနေသော်လည်း
ယခုအချိန်တွင် သူတို့ဘက်၌ တိုက်ခိုက်နိုင်သည့်လူအရေအတွက်က အလွယ်နည်းနေသောကြောင့်
သူက ခုခံရန် လွယ်ကူပြီး တိုက်ခိုက်ရခက်ခဲသည့်နေရာကိုသာ ရွေးချယ်နိုင်တော့သည်။
ကျိရွှေရှန့်ဆီမှ အနားယူရန်
အမိန့်ပေးသံကို ကြားလိုက်သည်နှင့် လူတိုင်းက မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး
ခြေတစ်လှမ်းပင် မရွှေ့ကြတော့ပေ။
သူတို့ထံတွင် စားစရာ
မရှိသည့်သည့်အပြင် ရေကိုပင် အနည်းငယ်သာ သောက်နိုင်ကြတော့သည်။ ယနေ့က သူတို့
ထွက်ပြေးလာပြီးကတည်းက သူတို့ကြုံဖူးသမျှ အခက်ခဲဆုံးနှင့် ခါးသီးသောနေ့တစ်နေ့သာ
ဖြစ်နေခဲ့သည်။
စူးချင်းက ရထားလုံး၏နံရံကို
မှီထားပြီး သူမ၏လက်ထဲတွင် ကြာပွတ်ကိုပါ ထည့်ကာ လက်ပိုက်ထားရင်း မျက်လုံးမှိတ်အနားယူနေလေသည်။ ကျိရှောင်ယင်၊
ကလေးများနှင့် အမျိုးသမီးလီတို့က ရထားလုံးပေါ်တွင် အိပ်ပျော်နေကြသည်။
တိတ်ဆိတ်သောညတွင် တောဇီးကွက်များ၏ အော်သံများကို ကြားနေရပြီး ရံဖန်ရံခါတွင်
ဝံပုလွေများ၏ အူသံများကိုလည်း ကြားနေရသည်။
စူးချင်းကတော့
နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရဲဘဲ မှေးရုံသာ မေးနေခဲ့သည်။ ထိုအချိန်တွင် ရုတ်တရက်
မုန့်ပေါင်း၏မွှေးရနံ့ကို ရလိုက်သဖြင့် သူမ ဗိုက်ဆာလွန်းသောကြောင့် သူမ
မုန့်ပေါင်းကို အိပ်မက်မက်နေသည်ဟု သူမ တွေးလိုက်မိသည်။ သူမ မျက်လုံးကို ဖွင့်ကြည့်လိုက်ချိန်တွင်
ရှောင်ချီက သူမ၏လက်တိုတိုလေးဖြင့် ဖက်ထုပ်ပန်းကန်ကို ကိုင်ထားပြီး ရထားလုံးထိပ်တွင်
ရပ်နေသည်ကို တွေ့လိုက်ရသည်။
ရှောင်ချီက ချိုသာသော
အပြုံးလေးဖြင့် "သခင်၊ ဖက်ထုပ် စားပါ"
ဤအခိုက်အတန့်တွင် စူးချင်းပင်
အလွန်ထိတ်လန့်သွားရသည်။
ကလေးလေးရဲ့လက်တွေက
အရမ်းသေးငယ်တယ်လေ။ ဒီဖက်ထုပ်ကို လုပ်ဖို့ ဘယ်လောက်တောင် ခက်ခဲလိမ့်မလဲ?
သူမက ဖက်ထုပ်များကို
လှမ်းယူကာ ရှောင်ချီ၏ခေါင်းလေးကို ပွတ်သပ်ပေးရင်း အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကျေးဇူးပါပဲ"
"သခင်ကို စောင့်ရှောက်ပေးဖို့က ရှောင်ချီရဲ့တာဝန်ပါ!"
"သခင်က ရှောင်ချီကို ကျေးဇူးပါပဲလို့ ပြောလိုက်တာလား?" ရှောင်ချီ၏မျက်နှာလေးက
နီရဲလာဖြင့် သူမက သူမ၏ခေါင်းကို သူမ၏လက်တိုတိုဖြင့် ပြန်ကုတ်နေရင်း စူးချင်းကို
ရှက်ရွံ့စွာ ပြန်မေးလိုက်သည်။
"အထဲကို မြန်မြန်ပြန်ဝင်၊ မင်းကို ဘယ်သူတွေ့မသွားစေနဲ့"
စူးချင်းက ပြုံးလိုက်ပြီး
ရှောင်ချီလေးကို စနစ်ထဲသို့ ပြန်ဝင်ရန် တိုက်တွန်းလိုက်သည်။
"ကောင်းပါပြီ သခင်၊ ဖြည်းဖြည်း သုံးဆောင်ပါ"
ရှောင်ချီက အသံချိုချိုလေးဖြင့်
ပြတ်ပြတ်သားသား ပြန်ဖြေလိုက်ပြီး ချက်ခြင်းပင် စနစ်ထဲသို့ ပြန်သွားတော့သည်။ ကျိရွှေရှန့်ကလည်း
လုံးဝ မအိပ်နိုင်ဘဲ နေရာအနှံ့ လှည့်ပတ် စောင့်ကြည့်နေပြီး ယခု အသံများ ကြားလိုက်ရသောကြောင့်
အသံကြားရာဆီသို့ လျှောက်လာခဲ့သည်။
စူးချင်းက သူ့ကို
အရင်တွေ့သွားပြီး ဖက်ထုပ်များကို စနစ်ထဲကို ပြန်ထည့်လိုက်သည်။ ထို့နောက် သူမက မျက်လုံးများ
မှိတ်ချလိုက်ပြီး ပြန်အိပ်နေလိုက်သည်။
ကျိရွှေရှန့်က စူးချင်းက
ကြာပွတ်ကို ပွေ့ဖက်ကာ ရထားလုံးအား မှီအိပ်နေသည်ကို တွေ့လိုက်ရပြီး သူက သူမ အအေးမိသွားမည်ကို
စိုးရိမ်သောကြောင့် သူ့၏အပေါ်ဝတ်ကို ချွတ်ကာ သူမ၏ခန္ဓာကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။
စူးချင်းက မျက်လုံးမှတ်ထားသော်လည်း
နိုးနေသောကြောင့် ရုတ်တရက် တစ်စုံတစ်ယောက် သူမအနားသို့ ချဉ်းကပ်လာသည်ကို သူမ
ခံစားလိုက်ရသည်။ သူမ၏ နှစ်ပေါင်းကြာဖြင့်စွာ လေ့ကျင့်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့သည့်
အလေ့အထကြောင့် သူမက သူမ၏လက်ကို အလိုအလျောက် ဆန့်တန်းကာ ချင်းကပ်လာသူကို ထိုးနှက်လိုက်မိသည်။
ကျိရွှေရှန့်က သူမကို အဝတ်ဖြင့် လွှမ်းခြုံပေးနေသောကြောင့် သတိလွတ်နေပြီး နှာခေါင်းကို
အထိုးခံလိုက်ရသည်။
"ငါက မင်းကို ငါ့အပေါ်ရုံနဲ့ ခြုံပေးချင်ရုံလေးပါ"
ကျိရွှေရှန့်က သူ့၏သွေးထွက်သွားသော
နှာခေါင်းကို ဖုံးအုပ်ထားရင်း သူမ နားလည်မှု လွဲသွားမည်ကို စိုးရိမ်သောကြောင့် အမြန်ရှင်းပြလိုက်သည်။
စူးချင်းက သူ့ကို လှမ်းကြည့်လိုက်ပြီး
သူ့နှာခေါင်းမှ သွေးထွက်နေသည်ကို တွေ့လိုက်ရသည်။ သူမက သူ့၏အပေါ်ရုံကို ပြန်တွန်းပေးလိုက်ပြီး
အေးတိအေးစက် ငြင်းပယ်လိုက်သည်။
“မလိုပါဘူး”
ကျိရွှေရှန့်လည်း သူ့၏အပေါ်ဝတ်ကို
ပြန်ဝတ်ရုံသာ တက်နိုင်တော့သည်။ သူ့လက်ကို လွှတ်လိုက်သည်နှင့် သူ့နှာခေါင်းမှ
သွေးများ စီးကျလာသောကြောင့် စူးချင်းက သူ့ကို သွေးတိတ်ဆေး ပစ်ပေးလိုက်သည်။
“သောက်လိုက်”
ကျိရွှေရှန့်က
မချိပြုံးလေး ပြုံးလိုက်ပြီး ဆေးကို လှမ်းယူရင်း ပြန်မေးလိုက်သည်။
"ဒါက ဘာဆေးလဲ?"
“သွေးတိတ်ဆေး”
စူးချင်းက ဘာမှ မသိသည့်
ပုံစံဖြင့် တိုးတိုးလေး ပြန်ဖြေလိုက်ပြီး မျက်လုံးမှိတ်ကာ ပြန်အိပ်နေလိုက်သည်။
သွေးတိတ်ဆေးလား? ဒီလောက်ကောင်းတဲ့ဆေးကို
အလဟဿ အဖြစ်မခံနိုင်ပါဘူး။
ကျိရွှေရှန့်က
ဆေးကို မသောက်ရက်တော့ဘဲ သူ့အိတ်ကပ်ထဲသို့ ထည့်ထားလိုက်သည်။ သူက နှာခေါင်းသွေးလျှံခြင်း
ရပ်တန့်စေရန် သူ့ခေါင်းကို မော့ထားပြီး ထိုကိုယ်ဟန်အနေအထားက သိပ်တော့ကြည့်ကောင်းမနေပေ။
စူးချင်းက သူ့ကို မမြင်စေချင်တော့သောကြောင့် ထွက်လာခဲ့လိုက်သည်။
စူးချင်းက ရထားလုံးပေါ်မှ
ခုန်ဆင်းသွားပြီး တောင်အောက်ဘက်မှ တောအုပ်ဆီသို့ လျှောက်သွားလိုက်သည်။
အသားဖက်ထုပ်ရဲ့အနံ့က
အရမ်းပြင်းထန်လွမ်းပြီး လူတိုင်းက ဗိုက်ဆာနေကြတယ်။ အနံ့ရတာနဲ့ သူတို့က
အနံ့ရတဲ့နေရာကို လိုက်ရှာကြလိမ့်မယ်။
ပြီးတော့ သူမ ရှောင်ယင်ကိုလည်း
မကျွေးရဲဘူး။ ရှောင်ယင်က ဘယ်လောက်ပဲ အပြစ်ကင်းစင်နေပါစေ ညနက်သန်းခေါင်မှာ ရုတ်တရက်
ဖက်ထုပ်တွေ ပေါ်လာရင် သံသယဖြစ်သွားလိမ့်မယ်။
စူးချင်းက အကိုင်းထူထဲသော
သစ်ပင်မြင့်ကြီးတစ်ပင်ကို ရှာဖွေလိုက်ပြီး သစ်ပင်ပေါ်သို့ တက်တာ တောင့်တင်းသော
အကိုင်းတစ်ခုပေါ်တွင် ဝင်ထိုင်လိုက်သည်။ ထိုနေရာတွင် ထိုင်နေရခြင်းက သူမကို သစ်ခက်သစ်လက်များက
လက်ဖဝါးဖြင့် သူမကို ဆုပ်ကိုင်ထားပေးသလိုမျိုး လုံခြုံပြီး ဖုံးကွယ်ပေးထားသည်။
သူမနောက်သို့
မည်သူမျှ မလိုက်လာကြောင်း သေချာပြီးနောက်တွင် သူမက စနစ်ထဲမှ ဖက်ထုပ်များကို
ပြန်ထုတ်လိုက်သည်။ ရှောင်ချီက သူမ၏မေးစေ့လေးကို လက်ထောက်ထားပြီး သူမ၏သခင်
ဖက်ထုပ်စားနေသည်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေသည်။
အမှန်တကယ်တွင် ရှောင်ချီက
ဖက်ထုပ်ပြုလုပ်နည်းကို မသိခဲ့ပဲ ယခုက ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်
အပေါ်လွှာများက ကွဲအက်နေပြီး ဆားလည်း မပါသောကြောင့် အတွင်းမှအစာက အရသာ ပေါ့ပျက်ပျက်
ဖြစ်နေခဲ့သည်။ သို့သော် စူးချင်းက ၎င်းကို မြိန်ရေရှက်ရေ စားသောက်နေပြီး ရှောင်ချီက
သူမ အောင်မြင်သွားသည်ဟု ထင်ကာ ပန်းလေးတစ်ပွင့်ကဲ့သို့ ပြုံးနေလေသည်။
စူးချင်းက
ဖက်ထုပ်စားပြီးချိန်တွင် အရသာ ပြေပျောက်အောင် ဝါးရန်အတွက် ရှောင်ချီဆီမှ
လက်ဖက်ခြောက်ရွက်များ ထပ်တောင်းလိုက်သည်။
အားပြည့်အောင်
စားသောက်ပြီးနောက်တွင် စူးချင်းက စိတ်ကျေနပ်သွားပြီး သစ်ပင်၏ပင်စည်ကို မှီချလိုက်သည်။
ထိုနေရာတွင် အိပ်ရသည်မှာ သိပ်မဆိးလှဘဲ သစ်ပင်၏အကိုင်းအခက်များက သူမ၏အိပ်ရာသဖွယ် ဖြစ်နေပြီး
အရွက်များက သူမအတွက်ခေါင်မိုးအဖြစ် တာဝန်ယူပေးထားသည်။ စူးချင်းက သူမ၏ခန္ဓာကိုယ်ကို
သက်တောင့်သက်သာ ဖြစ်အောင် ဖြေလျော့လိုက်ပြီး မကြာမီ အိပ်ငိုက်လာတော့သည်။
သို့သော်လည်း ရုတ်တရက်
အသံတစ်ခုကို ကြားလိုက်ရသောကြောင့် စူးချင်းက နှိုးစက်ဖြင့် အနှိုးခံလိုက်ရသလို ထထိုင်လိုက်သည်။
ထို့နောက် သူမ သစ်ရွက်များကြားရှိ ကွက်လပ်လေးများမှ တဆင့် အပြင်သို့ လှမ်းကြည့်လိုက်သည်။
အနက်ရောင်အရိပ်နှစ်ရိပ်က
ထိုနေရာတွင် ပုန်းခိုးနေပြီး တောင်ကုန်းပေါ်တွင် အနားယူနေသည့် ရွာသားများကို
ကြည့်ကာ တီးတိုး ပြောဆိုနေသည်ကို သူမ တွေ့လိုက်ရသည်။
“သူတို့
အိပ်ပျော်နေကြပြီ။ ပြန်သွားပြီး အကိုကြီးကို ပြောကြမယ်”
“ကောင်းပြီ၊
မင်း ဒီမှာ နေပြီး သူတို့ကို စောင့်ကြည့်နေလိုက်။ ငါ တစ်ယောက်တည်း အစ်ကိုကြီးတို့ကို
သွားပြန်ခေါ်မယ်"
စူးချင်းက ချက်ချင်း သဘောပေါက်သွားသည်။ ဓားပြများက သူမတို့ကို လိုက်မီလာပြီ ဖြစ်ကာ ထိုလူနှစ်ဦးက ရှေ့ပြေးကင်းထောက်များသာ ဖြစ်သည်။
✍️✍️✍️