အခန်း(၃)
Viewers 43

အခန်း (၃) ညီအစ်မများ


ရှန်းမိသားစုရဲ့ အကြီးဆုံးသခင်မလေးနှင့် ဒုတိယသခင်မလေးတို့က ရှန်းရှောင်ရဲ့ ကိုယ်လုပ်တော်ဖွား တရားမဝင်သမီးတွေဖြစ်တယ်။ သူတို့နှစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေက ရှန်းကျီးချောင်နဲ့ ကွဲပြားတယ်။ သူတို့က သူတို့ငယ်ငယ်လေးကတည်းက သခင်မကြီးရှန်းဆီမှာ ပျိုးထောင်ခြင်းခံခဲ့ရတာဖြစ်တယ်။ သူတို့ ဘယ်လောက်တောင် မွန်မြတ် ကျော့ရှင်းပြီးတော့ နေပုံထိုင်ပုံ သိမ်မွေ့တယ်ဆိုတာ ပြောဖို့တောင် မလိုပေ။ ရှန်းကျီးချောင်နှင့် နှိုင်းယှဉ်ရင်တော့ သူတို့ပြုမူတဲ့ပုံစံက မြင့်မြတ်တဲ့အိမ်တော်က လက်ထပ်ထားပြီးသား သမီးငယ်လေးတွေနှင့် ပိုတူလေတယ်။


"အဖွား... အဖွား ထိပ်တန်းအဆင့် ကျောက်စိမ်းတုံး တစ်တုံးရခဲ့တယ်လို့ သမီးတို့ ကြားတယ်။ သမီးတို့ ကိုယ်တိုင်လာကြည့်ဖို့ တမင်ရောက်လာခဲ့တာ" ညီအစ်မနှစ်ယောက်ကို မတွေ့ရခင်မှာပဲ နူးညံ့သိမ်မွေ့တဲ့ အသံတစ်သံက ထွက်ပေါ်လာလိုက်တယ်။


ရှန်းကျီးချောင် ခေါင်းငုံ့ထားရာကနေ မော့ကြည့်လိုက်တယ်။ ဝါးရင်းလိပ် ကန့်လန့်ကာတွေက ဘေးဘက်ကို ရွှေ့လျားသွားလိုက်ပြီး ဆယ်ကျော်သက်အရွယ် ကောင်မလေးနှစ်ယောက် ဝင်လာခဲ့တယ်။ ရှေ့က တစ်ယောက်က ရှန်းမိသားစုရဲ့ အကြီးဆုံးသခင်မလေး ရှန်းကျီးဝမ်ပဲ ဖြစ်တယ်။ သူမက ပန်းရောင် နူးညံ့တဲ့အလွှာပါးပိတ်စလေးကို လိပ်ပြာပုံ ပန်းထိုးဒီဇိုင်းပုံဖော်ထားပြီးတော့ အနားတွန့်ပါတဲ့ စကတ်ကို ၀တ်ဆင်ထားတယ်။ သူမက နှစ်လိုဖွယ်ကောင်းပြီးတော့ လှပတဲ့ ဘန်းမုန့်ပုံ နောက်ကပ်ဆံထုံးကို ထုံးဖွဲ့ထားခဲ့တယ်။ သူမကို အရသာရှိတဲ့ ဟင်းတစ်ခွက်လို့ ပြောလို့ရပါတယ်။ သူမရဲ့ဆံပင်ပုံစံက လှတဲ့ပုံပေါက်ပေမယ့် ရှုပ်ထွေးနေတာပဲ။ သူမက ရွှေဆံညှပ် ငွေဆံညှပ်တွေကို ထိုးထားပြီး ဝင်လာတဲ့အတောအတွင်းမှာ ရှန်းကျီးချောင် ကို မသိချင်ယောင်ဆောင်လုနီးပါးပဲ။


ရှန်းကျီးဝမ် နောက်က လိုက်ပါလာတာက ဒုတိယသခင်မလေး ရှန်းကျီးဖန်ပဲ ဖြစ်တယ်။ သူမရဲ့ အသွင်အပြင်က အကြီးဆုံးသခင်မလေးလိုတော့ ပြည့်စုံလုံလောက်မှုမရှိပေ။ သူမက ချောမွတ် ဖြူဝင်းတဲ့ အသားအရေနဲ့ သိမ်မွေ့နုနယ်နေလေတယ်။ သူမက ငရုတ်ပန်းပွင့်ပုံ ပန်းထိုးထားတဲ့ တရုတ်ပိုးထည် ၀တ်စုံကို ၀တ်ဆင်ထားခဲ့တယ်။ သူမမှာ အပြုံးဖျော့ဖျော့လေးရှိနေပြီး ပါးချိုင့်သေးသေးလေး နှစ်ခုတောင်ပါရှိတယ်။


သူမ ဝတ္ထုကိုဖတ်နေတုန်းက စာရေးဆရာက ဒီအမျိုးသမီးနှစ်ယောက်ကို တိုက်ရိုက် ဖော်ညွှန်းထားမှု မရှိလုနီးပါးပင်။ ကောင်မလေးတွေကို အခု သူမကိုယ်တိုင် ကြည့်ရသလောက် ရုပ်ရည်ကတော့ မဆိုးပေ။ သူတို့နှစ်ယောက်နဲ့ သူမက ဆက်ဆံရေးကောင်းလား ဆိုးလားဆိုတာ မသိရုံပင်။


ရှန်းကျီးချောင် နည်းနည်းတော့ သိချင်စိတ်ဖြစ်မိတယ်။ သူမက တကယ်ပဲ စာအုပ်တစ်အုပ်ထဲကို ဝိညာဉ်ကူးပြောင်းလာတာလား ဒါမှမဟုတ် ဝတ္ထုဇာတ်ကွက်နဲ့ ဆင်တူတဲ့ နေရာလွတ်တစ်ခုကို ကူးပြောင်းလာတာများလား။


"ဪ တတိယညီမလေးလည်း ရောက်နေတာပဲ။ ဗုဒ္ဓတစ်ထောင်ဘုရားကျောင်းကို သွားတာ မဟုတ်ဘူးလား"ရှန်းကျီးဝမ်က ရှန်းကျီးချောင်ကို လှမ်းကြည့်လိုက်ပြီးတော့ ရှန်းသခင်မကြီးဘေးနားကို သွားလိုက်ခဲ့တယ်။ သူမက အစေခံလက်ထဲက ထန်းရွက်ယပ်တောင်ကို ယူပြီး သခင်မကြီးရှန်းကို ယပ်ခပ်ပေးလိုက်တယ်။


"တတိယညီမ မင်းသား(၉)ကို တွေ့ခဲ့သေးလား" ရှန်းကျီးချောင် မတုံ့ပြန်မီမှာပဲ ရှန်းကျီးဝမ်က ဆက်ပြောလာလိုက်တယ်။


သခင်မကြီးရှန်းက မည်းမှောင်တဲ့ မျက်နှာနဲ့ စုပ်သပ်လိုက်၏။


ရှန်းကျီးချောင် သူမရဲ့ ကိုယ်လုပ်တော်ဖွား ညီအစ်မနှစ်ယောက်ရဲ့ စိတ်နေသဘောထားကို နားမလည်တာကြောင့် သူမရဲ့သတိကို မနှိမ့်ချရဲခဲ့ပေ။ ဒါပေမယ့် သူတို့ဘာပဲပြောလာလာ သူမ ခေါင်းငုံ့ပြီးတော့သာ ငြိမ်နေလိုက်တော့တယ်။


"အဖွား ကြာစေ့ကြော်စားချင်တယ်လို့ ပြောခဲ့တယ် မလား။ ကြော်နည်းကို သမီး သင်ထားတယ်၊ အဲဒါကြောင့် ဒီည ညစာမှာ အဖွားစားကြည့်ဖို့ သမီးလုပ်ပေးမယ်နော်" ရှန်းကျီးဝမ်က ပျော်ရွှင်စွာ ပြုံးပြီး ရှန်းသခင်မကြီးကို ပြောလိုက်တယ်။


သခင်မကြီးရှန်းက သူမရဲ့ မြေးနှစ်ယောက်ကို အချစ်ဆုံးပင်။ ဒါပေမဲ့ ရှန်းကျီးချောင်နဲ့ ယှဉ်ရင်တော့ သူမက ကိုယ်လုပ်တော်ဖွား မြေးမလေးနှစ်ဦးကို နှစ်လိုတဲ့သဘောထားဖြင့် ဆက်ဆံဆဲပင်။


"ဗုဒ္ဓတစ်ထောင်ဘုရားကျောင်းမှာ မျက်နှာပျက်အောင်လုပ်ဖို့ စိတ်ရှိနေတာထက် ဘာလို့ အိမ်မှာနေပြီးတော့ နင့်ရဲ့ ညီအစ်မနှစ်ယောက်လို မနေတာလဲ။ အချက်အပြုတ်နဲ့ အပ်ချုပ်တာကို သင်နေပါတော့လား" သခင်မကြီးရှန်းက ရှန်းကျီးချောင်ကို အေးစက်စွာကြည့်ရှုလိုက်တယ်။ သူမက စားပွဲပေါ်မှ [သူတော်ကောင်းတရားနည်းလမ်းများ] စာအုပ်ကို ယူကာ သူမထံ လှမ်းပေးလိုက်၏။ "ဒီစာအုပ်ကို ဆယ်ခါ မကူးမပြီးချင်း အခန်းထဲကနေ နင် အပြင်မထွက်ရဘူး"


သူမ သာမာန်ကာလျှံကာလိုပဲ [သူတော်ကောင်းတရားနည်းလမ်းများ] စာအုပ်ကို လှမ်းယူလိုက်တယ်။ သခင်မကြီးရှန်းဆီမှာ ဒီလိုစာအုပ်တွေ တန်နဲ့ချီပြီးတော့ ရှိနေတာများလား။ ဒီနေရာမှာ အမျိုးသမီးတွေ၏ ကျင့်ဝတ်စည်းကမ်းများ နဲ့ [စံပြအမျိုးသမီးများ၏ အတ္ထုပ္ပတ္တိများ] လို စာအုပ်တွေရော ရှိနိုင်မလားပဲ။


ဒါပေမဲ့လည်း ရှန်းသခင်မကြီးက ချီကျန်းနဲ့ ပတ်သတ်လို့ လုံးဝ မပြောသွားခဲ့ဘူးပဲ။ သူမ မသိသေးတာများ ဖြစ်နိုင်မလား။


"ဟုတ်ကဲ့ပါ အဖွား" ရှန်းကျီးချောင်က စာအုပ်ကို ဆွဲယူလိုက်ကာ ဒါကလည်း အဆင်ပြေပါတယ်ဟု တိတ်တဆိတ် တွေးတောလိုက်တယ်။ အနည်းဆုံး သူမက ဒီလိုမှော်ဆန်ဆန် ဝိညာဉ်ကူးပြောင်းလာတဲ့ အိပ်မက်ဆိုးကို လုပ်ဆောင်ဖို့ အချိန်ရသွားတာပေ။ 


ဒါက တကယ်ကို အိပ်မက်ဆိုးတစ်ခုပဲလို့ မျှော်လင့်ရတာပါပဲ။


ရှန်းသခင်မကြီးက ရှန်းကျီးချောင် လမ်းတစ်ဝက်ကနေ တိတ်တဆိတ် ထွက်မပြေးနိုင်အောင် ကာကွယ်ဖို့ ရှန်းကျီးချောင်ကို အစေခံနှစ်ယောက်အား ကိုယ်တိုင် ပြန်လိုက်ပို့စေဖို့ အမိန့်ပေးလိုက်ခဲ့တယ်။


ရှန်းကျီးချောင်မှာလည်း အလားတူ အတွေးမျိုးရှိခဲ့၏။ သူမက သူမအခန်းဘယ်မှာရှိမှန်းတောင် မသိဘူးလေ။


သူမကိုယ်ပိုင် ခြံဝင်းထဲကို ပြန်လာလိုက်တော့ ကျောက်လှေကားထစ်တွေပေါ်မှာ အပြစ်ရှိတဲ့စိတ်နဲ့ ရပ်နေတဲ့ အစေခံနှစ်ယောက်ကို တွေ့လိုက်ရတယ်။ သူမကို တွေ့တော့ သူတို့က အပြေးအလွှားလာလိုက်ကာ ပြောလိုက်တယ် "တတိယသခင်မလေး သခင်မလေး ပြန်လာပြီပဲ" 


ဒီမှာရှိတဲ့ အစေခံအများစုက တခြားသူတွေဆီက သူလျှိုတွေ ဖြစ်နိုင်တယ်...


မဟုတ်ရင် ရှန်းသခင်မကြီးက သူမ ဗုဒ္ဓတစ်ထောင်ဘုရား ဘုရားကျောင်းကို သွားပြီးတော့ ပြန်လာတာကို ဘယ်လိုလုပ် သိနိုင်မှာလဲ။ ရှန်းဖေးယင်ရဲ့ အကူအညီကြောင့် သူမ သူမရဲ့ကိုယ်ပိုင် အစေခံလေးယောက်ဆီကနေ ထွက်ပြေးလာတာ မဟုတ်ရင် အခုလို [သူတော်ကောင်းတရားနည်းလမ်းများ] စာအုပ်ကို ကူးယူတာလိုမျိုးတော့ ရိုးရှင်းမှာ မဟုတ်ပေ။


အခုချိန်မှာ တခြားသူတွေကို သူမ သတိပေးလိုက်လို့ မဖြစ်ဘူး။ သူမ တိတ်တိတ်ဆိတ်ဆိတ် နေပြီးတော့ နောက်ခြေလှမ်းကို မဆုံးဖြတ်ခင် သူမပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်အောင်လုပ်ရမှာပင်။


ရှန်းကျီးချောင်က ရှန်းသခင်မကြီး ချစ်တာမခံရပေမဲ့ ရှန်းရှောင်ကတော့ သူမကို တော်တော်လေး အလိုလိုက်ထားခဲ့တယ်။ ဒါ့ကြောင့် သူမက ရှန်းမိသားစုမှာ ကောင်းကောင်းမွန်မွန် နေထိုင်လို့ရခဲ့တာပဲ။ သူမမှာ ကိုယ်ပိုင်ခြံဝင်းတောင် ရှိတာပင်။ 


ဒါပေမဲ့လည်း သူမက ဉာဏ်နီဉာဏ်နက်ကများ ရိုင်းစိုင်းပြီးတော့ အစေခံတွေကို တင်းကျပ်ပြီး ခက်ထန်စွာ ဆက်ဆံခဲ့တယ်။ ရလဒ်အနေနဲ့ အိမ်တော်က အစေခံတွေက သူမကို မကြိုက်ကြပေ။


ခြံဝင်းက မြောက်ဘက်မှာရှိပြီးတော့ တောင်ဘက်ကို မျက်နှာလှည့်ထားတယ်။ ခြံဝင်းအလယ်ခေါင်မှာ ပင်မအဆောက်အဦးကြီး သုံးလုံးနှင့် ဘေးတစ်ဖက်တစ်ချက်စီမှာ သီးသန့်ခန်းတွေ ပါရှိတယ်။ ရှန်းကျီးချောင် အထဲကို ဝင်လိုက်ခဲ့တယ်။ အခန်းထဲမှာ ခန်းစီးနံရံတစ်ခု ရှိနေခဲ့တယ်။ ပြတင်းပေါက်ကို မျက်နှာမူထားတဲ့ အနွေးကုတင်က နီရဲတောက်ပနေခဲ့တယ်။ ပန်းပွင့်ဒီဇိုင်းရှိတဲ့ အနီရောင် ကုလားထိုင်လေးခု ရှိနေခဲ့တယ်။ ကုလားထိုင်ရဲ့ ဘေးနှစ်ဖက်စီမှာ အလှပန်းအိုးတွေ၊ အခြားအသုံးအဆောင်တွေပါရှိတဲ့ ခြေတံရှည် စားပွဲခုံတွေ အစီရီရှိနေခဲ့တယ်။


အနွေးကုတင်ရဲ့ ဘယ်ဘက်ခြမ်းက စားပွဲခုံပေါ်မှာတော့ လတ်ဆတ်တဲ့ပန်းပွင့်တွေထည့်ထားတဲ့ အလှပန်းအိုးတစ်လုံး ချထားခဲ့တယ်...


ပတ်ဝန်းကျင်ကတော့ တော်တော်လေး ကြည့်ပျော်ရှုပျော်ရှိတာပဲ။


"တတိယသခင်မလေး အကြီးဆုံးသခင်မလေး ရောက်နေပါတယ်" အပြင်ဘက်ကနေ အစေခံတစ်ဦးမှ သတင်းပို့လာချိန်မှာတော့ ရှန်းကျီးချောင်က ကုတင်ပေါ်မှာ ထိုင်ပြီးခါစပဲ ရှိတယ်။


"ဪ သူ့ကို ဝင်ခွင့်ပြုလိုက်" ရှန်းကျီးချောင်က ကမန်းကတန်း မတ်မတ်ထိုင်လိုက်ပြီး ပြန်ဖြေလိုက်တယ်။


သိပ်မကြာခင်မှာပဲ ရှန်းကျီးဝမ်က ကန့်လန့်ကာစတွေကို 'မ'ပြီး အထဲကို လှမ်းဝင်လာခဲ့တယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာပေါ်မှာတော့ အပြုံးတစ်ခု ပန်ဆင်ထားတယ်။ သူမက ကြည်လင်တဲ့ အသံတစ်ခုဖြင့် "အစ်မ တတိယညီမလေးဖို့ နှင်းပုလဲနဲ့ သစ်မှို အချိုရည် လုပ်ပေးထားတယ်။ ညီမလေးက အအေးကြိုက်တာ အစ်မ သိတယ်၊ အဲဒါကြောင့် အစေခံတွေကို ရေခဲထပ်ထည့်ခိုင်းထားတယ်။ ငါ ဒါကို နင့်အတွက် ကိုယ်တိုင် ယူလာပေးတယ်နော်"


"အစ်မက အဖွားဘေးမှာ မနေ နေဘူးလား" ရှန်းကျီးချောင် သူမလက်ထဲက ဗန်းကို လှမ်းကြည့်လိုက်တယ်။ ရှန်းကျီးဝမ်က သူမအတွက် ဒီလောက် စဉ်းစားပေးတတ်မှန်း သူမ မသိဘူးပဲ။


ရှန်းကျီးဝမ်က အနွေးကုတင်ရဲ့ တစ်ဖက်ရှိ လွတ်နေတဲ့ ထိုင်ခုံဆီသို့ လျှောက်သွားလိုက်တယ်။ ဒါပေမဲ့လည်း သူမက လမ်းမလျှောက်ဝံ့ဘဲ ထိုင်ချလိုက်တယ်။ သူမက စားပွဲပေါ်တင်ထားတဲ့ လင်ဗန်းကို စိုးရိမ်စိတ်အပြည့်နဲ့ စိုက်ကြည့်လိုက်တယ်။ "အဖွားရဲ့ အစေခံတွေကို နင် ဘယ်လိုလုပ် ထုတ်ဖယ်လိုက်ရတာလဲ။ သူတို့ကြောင့်သာမဟုတ်ရင် အဖွားက နင် ဗုဒ္ဓတစ်ထောင်ဘုရားကျောင်းကို သွားမှန်း သိမှာမဟုတ်ဘူး။"


"အိုး" ရှန်းကျီးချောင်က စိတ်ဓာတ်ကျပုံနဲ့ စိတ်မပါစွာ ပြန်ဖြေလိုက်တယ်။ သူမ ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရတယ်။


ရှန်းကျီးချောင်က ရှန်းသခင်မကြီးရဲ့ စာအုပ်ကို ပြန်လည်ကူးယူဖို့ အပြစ်ပေးခံရတာကြောင့် စိတ်ဓာတ်ကျနေတယ်လို့ ရှန်းကျီးဝမ်က တွေးတောလိုက်ခဲ့တယ်။ ရှန်းကျီးဝမ်က ပြုံးကာ နှစ်သိမ့်ပေးလိုက်တယ် "ဆယ်ခေါက်လေးပဲ မဟုတ်လား? ဒီအစ်မကြီးက ညီမလေးအတွက် စာလုံးတွေ ကူရေးမယ်လေ။ အဖေက ဒီမှာ မရှိလို့ အဖွားနဲ့ ထိပ်တိုက် မတွေ့မိစေနဲ့ဦး။ မဟုတ်ရင် ဘယ်သူမှ ညီမလေးကို ကာကွယ်နိုင်မှာ မဟုတ်ဘူး"


"အဖေ ဒီမှာရှိရှိ မရှိရှိ ဘာထူးခြားမှာမို့လဲ အဖွားက နောက်ဆုံးပြောခွင့်ရှိမဲ့ သူပဲဟာ" ရှန်းကျီးချောင်က ချိုတာတွေ မကြိုက်တာကြောင့် ရှန်းကျီးဝမ်ရဲ့ နှင်းပုလဲနှင့် သစ်မှိုအချိုရည်တွေကို သူမ ထိတောင် မထိခဲ့ပေ။


"ဒီနေ့ နင် တော်တော်လေး လိမ္မာနေပါလား။ အဖွားကို အခု ကြောက်နေပြီပေါ့လေ" ရှန်းကျီးဝမ် စိတ်ရှုပ်ထွေးသွားတယ်။ အရင်တုန်းကဆိုရင်တော့ ကျီးချောင်က ဒေါသပေါက်ကွဲပြီးတော့ အဲဒီစုန်းမအိုကြီးကို သူမ မကြောက်ဘူးလို့ ပြောလိမ့်မယ်။ ဒါပေမဲ့လည်း သူမက ဒီနေ့တော့ လုံးလုံး တုံ့ပြန်မှုမရှိဘူးပဲ။


သူမက ကုတင်ဘေးက သစ်သားကုလားထိုင်ခုံမှာ ထိုင်ပြီး ညင်သာတဲ့အသံနဲ့ ပြောလိုက်တယ် "အဖွားကို ဘက်လိုက်တဲ့အတွက် အပြစ်မတင်ပါနဲ့။ ဒါကို ခဏလောက် သည်းခံပြီး အဖေနဲ့ အစ်ကိုကြီး ပြန်လာတာကို စောင့်ပေါ့။ ပုံမှန်အတိုင်း အားလုံး အဆင်ပြေသွားမှာပါ"


ရှန်းကျီးချောင် ထိုစကားတွေကို စိတ်မရှည်စွာ နားထောင်ခဲ့လိုက်တယ်။ သူမလက်ကို ဝှေ့ယမ်းပြီး အေးစက်စွာ ပြောလိုက်တယ် "ညီမ ပင်ပန်းနေပြီ။ အစ်မကြီးမှာ ပြောစရာမရှိတော့ရင် ပြန်သွားလိုက်ပါလား"


ရှန်းကျီးဝမ်ရဲ့ စကားတွေကို နားထောင်လိုက်ရာကနေ သူမကို ဒီနေရာမှာ လိမ္မာရေးခြားရှိဖို့ အကြံပေးတာမဟုတ်ဘဲနဲ့ သခင်မကြီးကို ပိုမုန်းတီးသွားအောင်လို့ မီးထဲ ဆီထည့်တာနဲ့ ပိုတူနေတာပဲ။


ရှန်းကျီးဝမ် ခဏလောက် ကြောင်အသွားလိုက်ပြီး သူမ မျက်နှာပေါ်က နူးညံ့တဲ့ အပြုံးက အနည်းငယ်လေး တောင့်တင်းသွားလိုက်တယ်။ "ဒါဆိုလည်း အစ်မ ပြန်လိုက်ပါဦးမယ်"


ရှန်းကျီးချောင်ရဲ့ ချောင်ရှင်း ခြံဝင်းထဲမှ သူမ ထွက်လာလိုက်တဲ့နောက်မှာ ရှန်းကျီးဝမ်က ရှန်းကျီးဖန် လျှောက်လာတာကို တွေ့လိုက်ရတယ်။ "မမကြီး အခြေနေဘယ်လိုရှိလဲ။ အဲဒီငတုံးမက အထဲမှာ သခင်မကြီးကို ကျိန်ဆဲနေလား"


"ဒီနေ့ သူ့ပုံစံက ပုံမှန်နဲ့မတူဘူး။ ဗုဒ္ဓတစ်ထောင်ဘုရားကျောင်းမှာ တစ်ခုခု ဖြစ်လာခဲ့တာ ဖြစ်နိုင်တယ်။ အစေခံတစ်ယောက်ကို သွားစုံစမ်းခိုင်းလိုက်" ရှန်းကျီးချောင်က ဒီနေ့ကျမှ လုံးလုံးကွဲပြားခြားနားသွားတဲ့ လူတစ်ယောက်လိုပင်။ 


"အဖေနဲ့ အကိုကြီး ပြန်လာတော့မယ် လို့ အဖွားပြောတာ ညီမ ကြားခဲ့တယ်" ရှန်းကျီးဖန်က ပြောလိုက်တယ်။


"သူတို့ ပြန်မလာခင်..." သူတို့ ပြန်မလာခင် သူမတို့တွေ ရှန်းကျီးချောင်ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးပစ်ရမည်ပင်။ မဟုတ်လို့ရှိရင် ကိုယ်လုပ်တော်ဖွား တရားမဝင်သမီးတစ်ယောက်အနေနဲ့ သင့်တင့်လျောက်ပတ်တဲ့ လက်ထပ်ခွင့်တောင်းခံတဲ့ အခွင့်အရေး သူမ ရရှိမှာ မဟုတ်ဘူး။


သူမက ဒီနေ့ပဲ အသက်ဆယ့်ခြောက်နှစ်ရှိနေပြီဖြစ်ပြီးတော့ လက်ထပ်ဖို့ ဆွေးနွေးရမည့် အရွယ်ရောက်နေပြီဖြစ်တယ်။ ဒါပေမဲ့လည်း အဖေကတော့ ရှန်းကျီးချောင် အတွက်ပဲ စီစဉ်ခဲ့တယ်။ သူမအတွက် ဘယ်တုန်းကမှ သူ မစဉ်းစားခဲ့ပေးဖူးဘူး။


°°°°°

🍁