အခန်း (၅)
Viewers 40

အပိုင်း(၅) - ဆူပူကြိမ်းမောင်းခြင်း။


လက်တစ်ဖက်တွင် လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်းနဲ့ လက်ဖက်ရည်ခွက်အဖုံးကို သုံးကာ ပေါလောပေါ်နေတဲ့ လက်ဖက်ရွက်အတိုအစလေးတွေကို ရှန်းဖေးယင် ဖယ်ထုတ်လိုက်တယ်။ ခမ်းနားထည်ဝါပြီး ဒုတိယတန်းစား ကြည့်ပျော်ရှုပျော်မရှိလှတဲ့အခန်းကို ကြည့်ရှုလိုက်ရင်း သူမရဲ့ မက်မွန်သီးလို မျက်ဝန်းတွေထဲမှာ စက်ဆုပ်ရွံရှာဖွယ် အရိပ်အယောင်တစ်ချက် ဖျတ်ခနဲ ပေါ်လွင်သွားလိုက်တယ်။


အဲဒီအခန်းက ချီကျန်းရဲ့ အခန်းဖြစ်လိမ့်မယ်လို့ သူမ မထင်ထားလိုက်ဘူးပဲ။ သာမာန် စာပေပညာရှင်တစ်ယောက်ရဲ့ အခန်းတစ်ခုပဲလို့ ထင်လိုက်တာမို့လို့ ရှန်းကျီးချောင်ကို သူမ ထားခဲ့လိုက်တာပင်။ တကယ်လို့ ရှန်းကျီးချောင်သာ ချီကျန်းနဲ့ တကယ် လက်ထပ်သွားလိုက်မယ်ဆိုရင် အရှင်မင်းကြီးက မြို့စားအန်း အပေါ်ထားတဲ့ တန်ဖိုးထားမှုနဲ့သာဆို ရှန်းရှောင်ရဲ့ ဩဇာအာဏာကို ပိုတိုးသွားစေမှာပဲ မဟုတ်ဘူးလား။


ဒါပေမဲ့ ရှန်းကျီးချောင်ရဲ့ ဂုဏ်သတင်းကို မဖျက်စီးပစ်လိုက်ရဘဲနဲ့ သူမဒေါသကို ဘယ်လိုလုပ် ဖွင့်ထုတ်ပစ်လို့ရနိုင်မှာလဲ။ ရှန်းရှောင်ရဲ့ သားသမီးတွေ ကြေကွဲဖွယ် အဆုံးသတ်တွေ ရှိမှာကိုပဲ သူမ လိုချင်လေတယ်။


"အစ်မရှန်း အစ်မ ဘာလို့ ရောက်လာတာလဲ" ရှန်းကျီးချောင်က ရှန်းဖေးယင်ကို တံခါးအပြင်ဘက်ကနေ ခဏလောက် စောင့်ကြည့်လေ့လာလိုက်ပြီး သူမမျက်နှာအမူအရာကို ခန့်မှန်းနေလိုက်တယ်။ ဇာတ်လိုက်မင်းသမီးရဲ့ ရွှေအစီအမံတွေကနေ လွတ်မြောက်နိုင်ပါ့မလားလို့ တွေးမိပြီးတော့ သူမ သက်ပြင်းမချမိဘဲ မနေနိုင်တော့ပေ။


ရှန်းဖေးယင်ရဲ့ မျက်နှာလှလှလေးပေါ်မှာ နူးညံ့လှတဲ့ အပြုံးတစ်ခု ပန်ဆင်နေခဲ့တယ်။ "ကျောင်းကျောင်း နင် ဘယ်တွေ သွားနေတာလဲ"


ကျောင်းကျောင်းဆိုတာက ရှန်းကျီးချောင်ရဲ့ ငယ်နာမည်ပဲဖြစ်တယ်။


"ညီမ အဖွားနေရာကနေ လာတာပါ။" ရှန်းကျီးချောင်အသံက စိတ်ဓာတ်ကျအားငယ်နေတဲ့ အသံထွက်နေခဲ့တယ်။ ရှန်းဖေးယင်က သူမကို လာရှာတာ သဘာဝအတိုင်း ဘာကောင်းတာမှ ဖြစ်လာမှာမဟုတ်ဘူး။


"ငါ ကောလဟာလတစ်ချို့ ကြားတာနဲ့ ရောက်လာခဲ့တာ..... ရှန်းသခင်မကြီးက နင့်ကို ဆူခဲ့တာလား" ရှန်းဖေးယင် ရှန်းကျီးချောင်ရဲ့မျက်နှာကို အကဲခတ်မိလိုက်တယ်။ ရှန်းသခင်မကြီးက ဒီမြေးမလေးကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့ဖူးဘူးဆိုတာ သူမ သိတယ်။ ကောလဟာလတွေ ကြားပြီးတော့ သူမကို ပိုတောင် မုန်းသွားလိမ့်ဦးမယ်။


သခင်မကြီးရှန်းက သူမကို ဘာလုပ်လိမ့်မလဲဆိုတာတော့ သူမ မသိဘူးပဲ။


ရှန်းကျီးချောင်က ကုတင်ပေါ်မှာ မှီထိုင်လိုက်ပြီး လုံးလုံးဂရုမစိုက်သလို ပြုမူလိုက်ခဲ့တယ်။ "ညီမတော့ လုံးလုံး အရှက်မရပါဘူး။ ညီမအကြောင်း လူတွေပြောနေကြတာကို ဂရုမစိုက်ဘူး ဘာလို့လဲဆိုတော့ ညီမအတွက် အမှန်မဟုတ်ဘူးဆိုတာ ညီမသိတယ်။ အခုလို တစ်စုံတစ်ယောက်ကို ကယ်တင်တာကလည်း ရာဇ၀တ်မှုဖြစ်လို့လား?"


ရှန်းဖေးယင် ဒီငတုံးမဆီကနေ ဒီလိုစကားတွေကို ကြားရဖို့ မမျှော်လင့်ခဲ့ပေ။ "နင်က အဲဒါကို ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာမှန်း ငါတို့အားလုံး သိပါတယ်၊ ဒါပေမယ့် လူတွေက ဘယ်လိုလုပ် သိနိုင်မှာလဲ။ အဲဒါက နင့်ရဲ့ဂုဏ်သိက္ခာကို ပျက်ပြားစေလိမ့်မှာပေါ့"


"ဘယ်လိုဖြစ်နိုင်မှာလဲ? အစ်မရှန်း မိသားစုအိမ်တော်ကို တာဝန်ယူတုန်းက ယောက်ျားလေးတွေနဲ့ ခဏခဏ အချိန်ကုန်ရတယ် မဟုတ်ဘူးလား။ အစ်မ ညီမဖို့ ရှင်းပြနေသရွေ့ တခြားသူတွေ လုံးဝ နားလည်မှုလွဲမှာ မဟုတ်ဘူး" ရှန်းကျီးချောင်က လှပပြီး အပြစ်ကင်းစင်တဲ့ အပြုံးကို ထုတ်ဖော်လိုက်တယ်။ ရှန်းဖေးယင်က သူမကို ဖျက်ဆီးပစ်ချင်ပေမယ့်လည်း တစ်ချိန်တည်းမှာ သူမနဲ့ ကွဲထွက်လိုစိတ်မရှိခဲ့ဘူး။ ဒါ့ကြောင့် သူမက အဲဒါကို ဘာလို့ အသုံးမချဘဲနေရမှာလဲ။


"နင်က ငါ့ကို နင့်အတွက် ရှင်းပြပေးစေချင်တာလား" ရှန်းဖေးယင် အံ့ဩသွားလိုက်တယ်။ 'သူမက ရှန်းကျီးချောင်ရဲ့ဂုဏ်သိက္ခာကို ဖျက်ဆီးချင်တာလေ ဒီတော့ သူမက သူမအတွက် ဘယ်လိုလုပ် ရှင်းပြပေးနိုင်မှာလဲ?'


"အစ်မရှန်းပဲ မနေ့က သခင်လေးချီ ပြောတာကို ကိုယ်တိုင် တွေ့ပြီး ကြားခဲ့ရတယ် မဟုတ်ဘူးလား" ရှန်းကျီးချောင်က ရှန်းဖေးယင်ကို ချစ်စရာ မျက်လုံးဝိုင်းလေးတွေနဲ့ အပြစ်ကင်းစွာ ကြည့်ရှုလိုက်တယ်။ "မနေ့က ရောက်လာတဲ့သူတွေ အများကြီးပဲ။ ဒီကောလဟာလတွေကို ဘယ်သူဖြန့်တာလဲလို့ ညီမ တွေးမိတယ်။ ကြည့်ရသလောက် အဲဒီလူက ညီမကို အငြိုးထားနေတဲ့ပုံပဲ"


ဒီငတုံးမကတော့..... ရှန်းဖေးယင် သူမ ဒီနေ့ ဒီကိုရောက်လာမိတာ နောင်တရသွားတယ်။ ရှန်းကျီးချောင်အတွက် ရှင်းပြပေးဖို့ ဆန္ဒရှိမနေဘူး ဒါပေမဲ့ မနေ့က သူမ အဲဒီမှာ တကယ်ကို ရှိနေခဲ့တယ်။


"ပညာရှိတဲ့သူတွေက ကောလဟာလတွေကို ယုံမှာမဟုတ်ပါဘူး။ ရှင်းပြဖို့ ပိုကြိုးစားလေလေ နင် အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလို့ လူတွေက ထင်လာလိမ့်မယ်" ရှန်းဖေးယင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်တယ်။


ရှန်းကျီးချောင် ပြုံးလိုက်တယ်။ "အစ်မရှန်းပြောတာ မှန်ပါတယ်။ ညီမ အဲဒါကို လစ်လျူရှုထားလိုက်တော့မယ်။"


ရှန်းဖေးယင်က ရှန်းကျီးချောင် ကို မော့ကြည့်လိုက်တယ်။ သူမက ဝိုင်းစက်ပြီး မရင့်ကျက်သေးတဲ့ မျက်နှာပုံပန်းရှိတယ်။ သူမမျက်လုံးတွေက မကြီးမားပေမဲ့လည်း စွဲမက်ဖွယ်ကောင်းပြီး စိတ်ဓာတ်က အားမာန်တက်ကြွနေတဲ့ပုံပင်။ သူမက အရမ်းချောမောလှပတယ်လို့ ပြောလို့ရတာ မဟုတ်ပေမယ့် နူးညံ့သိမ်မွေ့ပြီး ချစ်ဖို့ကောင်းတယ်လို့ သတ်မှတ်လို့ရတယ်။ သူမက အမြဲတမ်း သူမပုံရိပ်ကို ဂရုမစိုက်ဘဲ ရယ်မောနေခဲ့တာ။ နန်းမြို့တော်မှာ မင်းသား (၉)ကို ချစ်ကြိုက်နေတဲ့ 'ငတုံးမ' လို့ လူတိုင်းက သိထားကြတယ်။ သူမက လက်မထပ်ရသေးတဲ့ သခင်မလေးတွေကြားမှာ ရယ်မောစရာဟာသတစ်ပုဒ် ဖြစ်လာတာပဲ။


ရှန်းကျီးချောင် နှင့် သူမတို့ အရင်းနှီးဆုံး သူငယ်ချင်းကောင်းတွေ ဖြစ်လာတာနဲ့ ပတ်သက်လို့ လူများစွာက စိတ်ရှုပ်ထွေးနေခဲ့ကြတယ်။ ရှန်းဖေးယင် တွေးတောလိုက်တယ်... ရှန်းကျီးချောင်က ဘယ်လောင်တောင် ဉာဏ်မဲ့ပြီးတော့ ရင့်ကျက်မှုမရှိလဲဆိုတာကို သူမ သိတယ် ဒါပေမဲ့ မနေ့က ဗုဒ္ဓတစ်ထောင်ဘုရားကျောင်းမှာ ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သတ်ပြီးတော့က ဒီငတုံးမကို သူမ ကောင်းကောင်း မသိတော့သလို သူမ ခံစားခဲ့ရတယ်။


"ကျောင်းကျောင်း နင် ငါနဲ့ ဘာလို့ လမ်းလျှောက်မထွက်ရမှာလဲ" ရှန်းဖေးယင်က ညင်သာစွာ မေးလိုက်တယ်။


ရှန်းကျီးချောင် ခေါင်းခါလိုက်တယ်။ "အဖွားက ညီမကို အပြင်ထွက်ဖို့ ခွင့်မပြုထားဘူး"


"သခင်မကြီးနဲ့ ငါ စကားပြောလိုက်ပါ့မယ်" ရှန်းဖေးယင်က ရှန်းကျီးချောင်ရဲ့ လက်ဖမိုးကို ညင်သာစွာ ပုတ်လိုက်တယ်။ သူမ သခင်မကြီးကို သွားပြောလိုက်သရွေ့ ရှန်းကျီးချောင်ကို သူမနဲ့ အပြင်ထွက်ခွင့်ပေးဖို့ သေချာပေါက် ခွင့်ပြုမယ်ဆိုတာ သူမ ယုံကြည်မှုရှိတယ်။


"မလုပ်တာ ပိုကောင်းပါတယ်။ နောက်တစ်ခါမှပေါ့" ရှန်းကျီးချောင် သူမအကူအညီကို အသိမှတ်မပြုခဲ့ပေ။ ရှန်းဖေးယင်က သူမကို ထပ်ပြီး ချောက်ချမှာကို သူမ စိုးရိမ်နေတာဖြစ်တယ်။


သူမအစီအစဥ်တွေကို သူမ မကာကွယ်နိုင်ဘူး။ ဇာတ်လိုက်မင်းသမီးရဲ့ ရန်ကို အလွယ်တကူ မခုခံနိုင်လောက်ဘူး။


ရှန်းဖေးယင်က ပြုံးရုံသာ ပြုံးကာ ခေါင်းညိတ်ပြပေမဲ့လည်း သူမ စိတ်ထဲမှာတော့ စိတ်ပျက်သွားတယ်။


**


တာ့အန်း ခြံဝင်း အတွင်းခန်း၌။


သခင်မကြီးရှန်းက သူမဒေါသကို မဖြေဖျောက်နိုင်ခဲ့ပေ။ သူမ ရှန်းကျီးချောင်ကို လုံလောက်အောင် မဆူပူခဲ့ရဘူး။ ရှန်းဖေးယင်ရဲ့ ရုတ်တရက် ပေါ်လာမှုကြောင့်သာ မဟုတ်ရင်၊ သခင်မကြီးရှန်းက သူမရဲ့ အရှက်ရဖွယ်ရာ မြေးမလေးကို အလွယ်တကူ အလွှတ်ပေးမည် မဟုတ်ပေ။


သူမကို နှစ်ပေါင်းများစွာ ပြုစုပေးခဲ့တဲ့ မားမားလီက လောလောလတ်လတ်ကြိုထားတဲ့ လက်ဖက်ရည်တစ်ခွက် ပေးလာလိုက်ပြီး "သခင်မကြီး စိတ်လျော့ပါဦး၊ တတိယသခင်မလေးရဲ့ ခေါင်းမာတဲ့ စိတ်ကြောင့် ဒေါသထွက်ရတာ မတန်ပါဘူး"


"ဒါက သူ့ရဲ့ အရှက်မရှိလုပ်လိုက်တဲ့ လုပ်ရပ်တစ်ခုပဲ၊ ဒါပေမယ့် ရှန်းမိသားစု မျက်နှာကို ပျက်အောင် သူ မလုပ်သင့်ဘူး" သခင်မကြီးရှန်းက ဒေါသတကြီး ပြောလိုက်တယ်။ သူမ မွေးအမေကို ဒုက္ခဖြစ်စေတဲ့ မြေးမကို သူမ မမြင်ချင်ပေမယ့် သူမ လုပ်ခဲ့တဲ့ အရာတွေကို လျစ်လျူမရှုနိုင်သေးဘူး။


"စတုတ္ထသခင်မလေးက မြို့တော်မှာ မရှိတာ အဲဒါကြောင့် တတိယသခင်မလေး ဆွဲချတာကို ခံရမှာ မဟုတ်ပါဘူး။ စိတ်မပူပါနဲ့။ စတုတ္ထသခင်မလေး ပြန်လာတဲ့အခါကျမှ သူမက ဘယ်လောက် သန့်စင်ပြီး ကိုယ်ကျင်းတရားရှိတယ်ဆိုတာကို လူတွေက မြင်လာပါလိမ့်မယ်။ တတိယသခင်မလေးကို ပိုတောင် ရိုင်းစိုင်း ရမ်းကားတတ်တဲ့သူ ဖြစ်စေဦးမှာ" မားမားလီက ရှန်းသခင်မကြီးရဲ့ ကျောကို ပွတ်သပ်ကာ သူမကို စိတ်လျှော့ထားဖို့ ညင်သာစွာ ပြောလိုက်တယ်။


"ကျီရှင်း က အနှေးနဲ့အမြန် ပြန်လာတော့မှာပါ။ ဒါကြောင့်နဲ့ သူမကို ဘယ်လိုလုပ် လွှမ်းမိုးခံနိုင်မှာလဲ။ ဒါပေမယ့်လည်း အဲဒီကလေးက ဉာဏ်လည်းကောင်း ထက်လည်း ထက်မြက်တာ ဒီလိုပြဿနာကောင်မနဲ့ လုံးဝ တခြားစီပဲ" သူမရဲ့ အချစ်ဆုံး တရားဝင် မြေးမလေးအကြောင်း ပြောတဲ့အချိန်မှာ သခင်မကြီးရှန်းက နောက်ဆုံးတော့ ပြုံးလာခဲ့တယ်။


ရှန်းကျီရှင်းက ရှန်းအိမ်တော်ရဲ့ ဒုတိယသခင်ဖြစ်သူ ရှန်းကျုံးရဲ့ သမီးဖြစ်တယ်။

ရှန်းကျုံးနှင့် ရှန်းရှောင်တို့ နှစ်ယောက်စလုံးက သခင်မကြီးရဲ့ သားတွေ ဖြစ်ကြတယ်။ ရှန်းကျုံးက ချင်းဟယ်စီရင်စုက စီရင်စုတရားသူကြီးဖြစ်တယ်။ ဒီနှစ်မှာ သူ့ရာထူးအပြောင်းအလဲအတွက် မြို့တော်ကို ပြန်လာရတော့မှာ ဖြစ်တယ်။


ရှန်းကျုံးမှာက သမီးတစ်ယောက်နှင့် သားတစ်ယောက်ရှိပြီးတော့ နှစ်ယောက်စလုံးက ငယ်ရွယ်ကြသေးတယ်။ ရှန်းမိသားစုရဲ့ ဒုတိယသခင်မက သူမခင်ပွန်းဖြစ်သူ သွားတဲ့နေရာကိုလိုက်ပါကာ ကလေးတွေကိုပါ ပြန်ခေါ်လာခဲ့တော့မှာပင်။


သူမက သခင်မကြီးရှန်းရဲ့ တူမတော်စပ်သူလည်းဖြစ်တယ်။ မတူညီတဲ့ ဂုဏ်ပုဒ်တွေကို ခွဲခြားဖို့အတွက် လူတွေက သူမကို သခင်မငယ်ကျုံးလို့ပဲ ခေါ်ကြတယ်။


"အမှန်ပဲ။ တတိယသခင်မလေးက စတုတ္ထသခင်မလေးနဲ့ ယှဉ်လို့မရပါဘူး။ တတိယသခင်မလေးအတွက် အိမ်ထောင်ဖက်ကို ဘာလို့ မရွေးရမှာလဲ။ သခင်လေးချီက သူ့အတွက် ကောင်းမွန်တဲ့ လက်ထပ်ပွဲတစ်ပွဲလို့ ဒီမားမားကတော့ ထင်ပါတယ်။" မားမားလီက ပြုံးလိုက်တယ်။


သခင်မကြီးရှန်း မျက်ခုံးပင့်လိုက်တယ်။ "မြိုးစားအန်းရဲ့ အကြီးဆုံးသားလား?"


"သူက အရှုးတစ်ယောက်ပဲ။" မားမားလီက ပြောလိုက်တယ်။ "လက်ထပ်လိုက်တာက မြို့စားအန်းနဲ့ ဆွေမျိုး‌တွေဖြစ်လာရုံသာမကဘူး သခင်ကြီးနဲ့ သခင်လေးတွေရဲ့ အနာဂတ်အတွက်ပါ အကျိုးရှိစေဦးမှာ သခင်မကြီးလည်း တတိယသခင်မလေးကို ထိန်းချုပ်ထားနိုင်နေဦးမှာပဲ"


"မြို့စားအန်းက အမွေဆက်ခံသူကို သတ်မှတ်ဖို့ အမိန့်တော် မတောင်းခံရသေးဘူးမဟုတ်လား..." အမွေဆက်ခံသူရာထူးကို သားအကြီးဆုံးအတွက် ထားတော့မည်ဖြစ်ကြောင်း သူမ ကြားထားတယ်။ ရှန်းကျီးချောင်ကို ကောင်းကောင်းမွန်မွန် လက်ထပ်ပေးဖို့ သူမ ဆန္ဒမရှိပေ။ အနာဂတ်မှာ ကျီရှင်းက ရှန်းကျီးချောင်ကို အရိုအသေပြဖို့ သူမ ခွင့် မပြုနိုင်ဘူး။


မားမားလီက ပြုံးရယ်လိုက်တယ်။ "အမွေဆက်ခံသူရာထူးက ဘယ်လိုလုပ် အရူးတစ်ယောက်အတွက် ဖြစ်နိုင်မလဲ။ မြို့စားအန်းက ဆန္ဒရှိနေရင်တောင် သခင်မချီ မှာ သားတစ်ယောက်ရှိပါသေးတယ်"


ချီကျန်းက အကြီးဆုံး တရားဝင်သားဖြစ်ပေမဲ့လည်း သခင်မချီက သူ့ရဲ့ မွေးမိခင်မဟုတ်ပေ။ သူ့ရဲ့မွေးမိခင်ဖြစ်သူက လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ခန့်က ရောဂါကြောင့် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ သခင်မငယ်ကုက သူ့ရဲ့ ဒုတိယဇနီးဖြစ်တယ်။ သူမမှာ သားနှစ်ယောက်နှင့် သမီးတစ်ယောက်ရှိခဲ့တယ်။


သခင်မကြီးရှန်းက ခဏလောက် တိတ်ဆိတ်နေလိုက်ပြီးမှ အသံကို တိုးနှိမ့်ကာ မားမားလီကို ပြောလိုက်တယ် "ဘယ်သားက မြို့စားအန်း နှစ်သက်တာကိုခံရပြီးတော့ အမွေဆက်ခံခွင့်ပေးမလဲဆိုတာ သိဖို့ သွားစုံစမ်းကြည့်လိုက်"


မားမားလီ ခေါင်းညိတ်လိုက်တယ်။


***

🍁