အခန်း(၆)
Viewers 41

အခန်း (၆) ကောက်ရိုးအိတ်


ရှန်းကျီးချောင်ကတော့ သူမမှာ ဝမ်းကွဲညီမလေးတစ်ယောက်ရှိမှန်းတောင် မသိခဲ့ပေ။ သူမကသာ ရှန်းအိမ်တော်ရဲ့ အငယ်ဆုံးသခင်မလေးလို့သာ ထင်ထားလိုက်တာပင်။ ဒါပေမဲ့လည်း သူမ သိခဲ့ရင်တောင် ဝမ်းကွဲညီမနဲ့ နီးကပ်ဖို့ သူမမှာ စိတ်ကူးမရှိပေ။


သူမနှင့် ရှန်းဖေးယင်တို့ ခဏတဖြုတ် စကားစမြည် ပြောလိုက်ခဲ့တယ်။ သူမ အကောင်းဆုံးကြိုးစားလုပ်ခဲ့ပြီး ရှန်းဖေးယင်က သူမထံမှ မည်သည့်အချက်အလက်မှ မရသွားခဲ့ပေ။ နောက်ဆုံးတော့ သူမ အနှီဇာတ်လိုက်နတ်သမီးကို မောင်းထုတ်နိုင်ခဲ့လေတယ်။ အဲဒီနောက်မှာတော့ ရှန်းကျီးချောင်တစ်ယောက် သူမမျက်နှာပေါ်မှာ မျက်ရည်တသွင်သွင် စီးကျနေရင်းနဲ့ [သူတော်ကောင်းတရားနည်းလမ်းများ] စာအုပ်ကို စတင် ကူးရေးလိုက်ခဲ့တော့တယ်။


ရှန်းဖေးယင် နောက်ထပ် ဘာဆက်လုပ်လိမ့်မလဲ။ သူမနှင့် ချီကျန်းတို့က အခန်းတစ်ခန်းထဲမှာ အတူရှိနေမိကြောင်း ကောလာဟလတွေ ပျံ့နှံ့ပြီးတဲ့နောက် သူမနှင့် ချီကျန်းကို လက်ထပ်ပေးဖို့ သူမ ကြိုးပမ်းလောက်တယ်။


တကယ်လို့ ချီကျန်းက အမှန်ကို အရူးတစ်ယောက်ပဲဆိုရင်တော့ သူ သူမနဲ့ လက်ထပ်လောက်တယ်။ ဒါပေမဲ့လည်း သူက တကယ့် အရူးတစ်ယောက်တော့ မဖြစ်နိုင်လောက်ဘူးပဲ။


အဆုံးသတ်မှာ ချီကျန်း ဘာဖြစ်သွားမှန်း သူမ မသိချေ။ ဝတ္ထုပြီးဆုံးတဲ့အထိ သူမ မဖတ်လိုက်ရတာ နှမြောဖို့ကောင်းလိုက်တာ။


ရှန်းကျီးချောင်တစ်ယောက် အတွေးရေယာဉ်နစ်မြောနေစဉ်မှာတော့ ရှန်းဖေးယင်က ချီမိသားစုရဲ့ အနောက်ခြံဝင်းမှာ ရောက်ရှိနေခဲ့တယ်။ သူမက မြိုးစားအန်းရဲ့ ဇနီးဖြစ်သူ ရှောင်ကုနှင့် စကားပြောနေခဲ့တာဖြစ်တယ်။


"...သူက တကယ်ပဲ ရှန်းမိသားစုရဲ့ ငတုံးမနဲ့ တစ်ခန်းထဲမှာ အတူရှိနေခဲ့တာလား?" ရှောင်ကုက သစ်သားကုလားထိုင်အနီရောင်ပေါ်တွင် မှီကာ ရှန်းဖေးယင်ကို ပြုံးပြနေခဲ့တယ်။


ရှောင်ကုက အသက်သုံးဆယ်ခန့် ရှိပုံပေါက်တယ်။ သူမမှာ ရှည်လျားသွယ်တန်းတဲ့ မျက်ခုံးနဲ့ လိမ္မာပါးနပ်ပြီး နှစ်လိုဖွယ်ကောင်းသော ဖီးနစ်မျက်လုံးတစ်စုံရှိတယ်။ သူမက တော်တော်လေးရှည်လျားတဲ့ နှာတံရိုးရှိပြီး အဲဒါက သူမမျက်နှာကို တင်းမာစေတယ်။ သူမက ခရမ်းရောင်အလွှာပါး နှင့် ပျားရည်အရောင်စပ် ၀တ်စုံကို ဝတ်ဆင်ထားပြီးတော့ အတော်လေး ပိန်ပါးလှတယ်။ သူမပုံစံက မွန်မြတ် သီးသန့်ဆန်ပြီးတော့ ချဉ်းကပ်ရခက်တဲ့ပုံပေါက်နေလေတယ်။


ရှန်းဖေးယင်က သူမမှာ ခက်ခဲတဲ့ အခြေအနေမှာ ရောက်နေတဲ့အတိုင်း‌ ပြောဆိုလိုက်တယ် "ကြည့်ရသလောက် သခင်လေးချီက နေမကောင်းဖြစ်နေပုံရပြီးတော့ သူက သူ့ကို ပြန်ဖို့ ကူညီပေးခဲ့တယ်လေ"


"ဟမ့်.. ဒီစကားတွေကို ဘယ်သူက ယုံမှာလဲ။ ရှန်းမိသားစုရဲ့ အရူးမမျက်လုံးထဲမှာ မင်းသား(၉)ကလွဲပြီးတော့ အခြားသူကို အာရုံစိုက်ဖို့ မဖြစ်နိုင်ဘူးမလား" ရှောင်ကုက ရှန်းဖေးယင်ရဲ့ ရှင်းဆိုချက်ကို လှောင်ပြောင်လိုက်တယ်။


"ဘာအကြောင်းရင်းကြောင့်နဲ့ပဲဖြစ်ဖြစ် တတိယသခင်မလေးရှန်းရဲ့ ဂုဏ်သတင်းကို ပျက်ပြားစေခဲ့ပြီးပြီ" ရှန်းဖေးယင် က ပြန်ဖြေလိုက်တယ်။


ရှောင်ကုက လှောင်ရယ်မောလိုက်၏။ "ဘာလို့ အရူးမက သူ့ဂုဏ်သိက္ခာကို ဂရုစိုက်နေရမှာလဲ"


ရှန်းဖေးယင်က ခေါင်းငုံ့ကာ ငြိမ်သက်နေပြီး သူမပုံက အဆင်မပြေဖြစ်နေပုံရတယ်။


သူမနှင့် ရှန်းကျီးချောင်က အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တာကို လူတိုင်းက သိထားကြတယ်။ အခု သူမ ရှောင်ကုကို ရှာဖို့သွားတော့ လူတွေက ရှန်းကျီချောင် အတွက် ရှင်းပြပေးဖို့ သူမ ဒီမှာရှိနေပြီလို့ တွေးနေကြတာပဲ။


"ငတုံးမ နဲ့ အရူးကောင်က ကောင်းကင်ဘုံက တွဲစပ်ပေးတဲ့ စုံတွဲတစ်တွဲပဲ။ သူတို့ဆန္ဒကို ဘာလို့ မဖြည့်ဆည်းပေးရမှာလဲ" ရှောင်ကုက ချီကျန်းအတွက် ကောင်းမွန်တဲ့ အိမ်ထောင်ဖက်ကို ရှာမတွေ့စေချင်လိုသည်မှာ သဘာဝပင်။ ရှန်းအိမ်တော်က သြဇာအာဏာကြီးမားတဲ့အိမ်တော်တစ်ခု ဖြစ်ပေမဲ့လည်း ရှန်းရှောင်က ငတုံးတစ်ယောက်သာဖြစ်တယ်။ တကယ်လို့ သူမသာ အိမ်တော်ထဲ လက်ထပ်ဝင်လာခဲ့ရင် သူမရဲ့ အာဏာစက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးပဲ။


ရှန်းဖေးယင်က ဒီစကားကိုကြားတော့ သူမစိတ်ထဲမှာ ဝမ်းသာသွားလိုက်တယ်။ ".ဒါက.... သင့်တော်ပါ့မလား"


ရှောင်ကုက သူမပါးစပ်ကို အုပ်ကာ မထီမဲ့မြင် အကြည့်တစ်ခုကို ပန်ဆင်ပြီး ပြုံးလိုက်တယ်။ "ဘာလို့ မသင့်တော်ရမှာလဲ။ ဒီငတုံးမက ကြင်ယာတော်မင်းသမီး ဖြစ်နိုင်တယ်လို့များ တွေးနေလို့လား"


စကားဝိုင်းရဲ့ အကြောင်းအရာက ချီကျန်း နားထဲကို လျင်မြန်စွာ ပျံ့နှံ့သွားတယ်။


ချီကျန်းက စိတ်ပါမဝင်စားစွာနဲ့ မရင့်ကျက်တဲ့အမူအရာဖြင့် ကြက်တူရွေးတွေကို ပြောင်းဖူးစေ့တွေ ကျွေးနေခဲ့တယ်။ အစေခံ ပြောနေတဲ့ စကားတွေကို အဆက်မပြတ် နားထောင်ရင်း သူက ခပ်သဲ့သဲ့ ပြုံးလိုက်တယ်။ ခဏအကြာတွင် တိတ်ဆိတ်စွာနဲ့ အခန်း ထောင့်စွန်းမှာ ရပ်နေတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ကို တစ်စုံတစ်ရာ အမိန့်ပေးလိုက်တော့တယ်။


ချီကျန်းက ရူးကြောင်ကြောင်အပြုံးနဲ့ ပြုံးကာ စကားပြောနေတာကြောင့် အပြင်လူတွေကလည်း သံသယမရှိခဲ့ကြချေ။


နှစ်ရက်အတွင်းမှာပဲ မြို့စားအန်းက ချီကျန်းအား အမွေဆက်ခံသူရာထူးကို လွှဲပြောင်းပေးဖို့ ရည်ရွယ်ထားတာကို ရှန်းသခင်မကြီးက သိရှိလိုက်ခဲ့တယ်။ အကြီးဆုံးသားက အနာဂတ်မှာ မှီခိုအားကိုးစရာလူမရှိနိုင်တော့မည်ကို စိုးရိမ်တာကြောင့် ထိုရာထူးကို ပေးအပ်ရန် သူ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ ထိုစဉ်မှာပဲ ဒုတိယသားဖြစ်သူ ချီချွမ်ကိုတော့ အိမ်တော်ကို ထိန်းသိမ်းအုပ်ချုပ်ခွင့် ပေးခဲ့တယ်။


"ဒီကောင်မလေးစုတ်က အနာဂတ်မှာ မြို့စားရဲ့ ဇနီးဖြစ်လာမှာ မဟုတ်ဘူးလား" ရှန်းသခင်မကြီးက ရှန်းကျီးချောင်ကို ချီကျန်းနဲ့ လက်ထပ်မပေးချင်ခဲ့ပေ။


"သခင်မကြီး သူက အရူး တစ်ယောက်ပဲလေ" မားမားလီက ပြန်ဖြေလိုက်တယ်။


သခင်မကြီးရှန်း ဒေါသတွေ ပိုထွက်သွားတော့တယ်။ "ကျီရှင်းရဲ့ အဆင့်အတန်းက ဒီငတုံးမနဲ့ အရူးထက် နိမ့်ကျသွားတာကို ငါ ဘယ်လိုလုပ်ပြီး သည်းခံနိုင်မလဲ။ မဟုတ်ဘူး... ဒင်းကို လက်ထပ်ပေးဖို့ အခြားတစ်ယောက်ယောက် ရှာမှဖြစ်မယ်။ သူ့ကို မြို့တော်ကနေ ထွက်သွားပါစေ။ ငါ ဒီကောင်မကို မြင်ကိုမမြင်ချင်ဘူး"


ရှန်းသခင်မကြီးရဲ့ မျက်နှာက ရွံရှာစက်ဆုပ်မှုတွေ ပြည့်နှက်နေတာကို မြင်လိုက်ရတော့ မားမားလီက သူမကို ထပ်အကြံမပြုရဲတော့ပေ။ "သခင် ပြန်လာတော့မဲ့အချိန်နီးလာပြီ..."


ရှန်းရှောင်က သူ အလိုလိုက်ထားတဲ့ သမီးဖြစ်သူက သူ ပြန်လာတဲ့အခါ ကြုံရာကျပန်း တစ်စုံတစ်ယောက်နဲ့ လက်ထပ်ထားမှာကို မလိုလားမှာ သဘာဝပင်။


ရှန်းသခင်မကြီးရဲ့ မျက်နှာက အလွန်ကိုမဲမှောင်နေတာမို့ မှင်ရည်တွေပင် ယိုစီးကျလာတော့မလိုပင်။


"ငါက အခု ငါ့မြေးရဲ့ အိမ်ထောင်ရေးကိုတောင် အဆုံးဖြတ်မပေးနိုင်တော့ဘူးလား"


...


ရှန်းကျီးချောင်တစ်ယောက် သူမအခန်းထဲမှာပဲ နှစ်ရက်ကြာတဲ့အထိ နောင်တတွေရနေခဲ့၏။ သူမရဲ့အခြေအနေအဆင့်တန်းအကြောင်း သူမ ပိုသိလာတဲ့အပြင်ကို သူမမှာ တခြား ဘာအချက်အလက်တွေမှ သူမ မရရှိခဲ့တာမို့ပင်။


သူမက ဝတ္ထုထဲက ဇာတ်ကွက်အတိုင်း ဖြတ်ကျော်သွားခဲ့တာမို့ သူမက ဝတ္ထုကို ကောင်းကောင်း အလေးမထားမိကြောင်း နားလည်သွားလိုက်တယ်။ သူမက နေရာအနှံ့ လျှောက်ကာ လှည့်လည်သွားခဲ့ပြီးတော့ အကြောင်းအရာတွေများစွာနှင့် လူတွေအကြောင်းကိုလည်း အလုံးစုံ နားမလည်နိုင်ခဲ့ပေ။ ရှန်းဖေးယင်က သူမကို အရူးနှင့် လက်ထပ်ပေးဖို့ ချောက်ချကြံစည်မှာကို သူမ သိပေမဲ့လည်း လုပ်ငန်းစဉ်ကိုတော့ သူမ မသိခဲ့ပေ။


ဒီအချိန်တော့ ရှန်းဖေးယင်က အဆင့်တန်းမတူညီတဲ့ ယောက်ျားပေါင်းစုံနဲ့ အတူ မရှိနေလောက်သေးဘူးမလား.....


အဲဒီချောပေ့ မောပေ့ဆိုတဲ့ ယောက်ျားတွေက သူမကို ဝိုင်းဝန်း အကူအညီပေးကြမှာပဲ။ သူတို့တွေက ချမ်းသာရင် ချမ်းသာ ဒါမှမဟုတ်ရင် ဩဇာအာဏာကြီးမားတဲ့ ယောက်ျားတွေပဲ။ အမြှောက်စာဇာတ်ကောင်တစ်ယောက်အနေနဲ့ သူမက အမြောက်စာဇာတ်ကောင်လို ပြုမူပြီးတော့ ဇာတ်လိုက်တွေအတွက် ပြဿနာတွေပဲ လိုက်ရှာနေလိုက်ရင်ကောင်းမလား။


"ဘာတွေ တွေးနေတာလဲ။ နင် တော်တော်လေး ပြုံးနေတာပဲ" ရှန်းဖေးယင်ရဲ့ သိမ်မွေ့ညင်သာတဲ့ အသံက သူမနောက်တွင် ထွက်ပေါ်လာလိုက်တယ်။


ရှန်းကျီးချောင် အလန့်တကြားနဲ့ သူမလက်ထဲက စာရေးစုတ်တံကို ချိုးမိလုနီးပါးဖြစ်သွားတော့တယ်။ ရှန်းဖေးယင်ကို သရဲတစ္ဆေကို ကြည့်နေသလိုမျိုး သူမ ကြည့်နေလိုက်တယ်။ "ဘာလို့.....ဘာလို့ နင် ဒီကို ရောက်နေတာလဲ"


"အစေခံတွေက နင့်ကို အပြင်မှာ အကြိမ်ရေခဏလောက် ခေါ်ခဲ့သေးတယ်။ ဒါပေမယ့် နင်က ဘာမှ မတုံ့ပြန်တာနဲ့ ငါလည်း ဝင်လာခဲ့လိုက်တာ။ နင်က တကယ်ကို ပြုံးပျော်နေတာပဲ။ မင်းသား(၉) အကြောင်းကို တွေးနေလို့လား"


'ငါက နင့်ကို ဘယ်လို ပြန်အနိုင်ယူရရင်ကောင်းမလဲလို့ တွေးနေတာဟဲ့....'


ရှန်းကျီးချောင် ခြောက်ကပ်ကပ် ရယ်မောလိုက်တယ်။ "အစ်မရှန်းမှာ ကိစ္စတစ်ခုခုရှိလို့လား"


"ငါ သခင်မကြီးရှန်းဆီကနေ ရောက်လာတာ။ နင့်ကို အပြင်ထွက်ခွင့်ပြုဖို့ သူ သဘောတူလိုက်တယ်။ ရှန်းဖျင်လက်ဖက်ရည်အိမ်တော်က ဒီနေ့ ပထမဦးဆုံး ဆိုင်စဖွင့်တာလေ။ ငါ နင့်ကို ရှာဖို့ လာခဲ့တာ ဒီတော့ ငါတို့ အတူတူ သွားကြည့်ရအောင်လို့ပဲ" ရှန်းဖေးယင်က ဒါကို ပြောပြီး ရှန်းကျီးချောင် ရဲ့လက်ကို လှမ်းဆွဲယူလိုက်တယ်။


'သူမ မသွားချင်ဘူး! ရှန်းဖျင်လက်ဖက်ရည်အိမ်တော်မှာ သူမ အနိုင်ကျင့်ခံရလိမ့်မယ်! သေအောင် အရိုက်ခံရရင်တောင် သူမ မသွားဘူးပဲ။


"အစ်မရှန်း ညီမ ခေါင်းကိုက်နေလို့..." ရှန်းကျီးချောင်က သူမ နဖူးကို လက်ဖြင့်ထောက်ကာ လေသံတိုးဖွဖွနဲ့ အားနည်းစွာ ပြောလိုက်တယ်။


ရှန်းဖေးယင်က ပြုံးလိုက်ကာ သူမရဲ့နှာသီးဖျားလေးကို ဖိညှစ်ဆွဲလိုက်တယ်။ "နင် ခေါင်းမကိုက်ဘူးလို့ ငါ ပြောရဲတယ်။ နင် အပြင်သွားလိုက်ရင် ခေါင်းကိုက်တယ်လို့ လုံးဝခံစားရမှာမဟုတ်ဘူး။ နင့်အကြောင်း ငါ မသိဘူးလို့ ထင်နေလား?"


ရှန်းကျီးချောင်က ကမန်းကတန်း‌ ပြန်ပြောလိုက်တယ် "ညီမ တကယ် ခေါင်းကိုက်နေတာ"


"ကျောင်းကျောင်း ကျောင်းကျောင်း..." ငယ်ရွယ်တဲ့ ကလေးသံတစ်သံက အခန်းအပြင်ဘက်ကနေ ထွက်ပေါ်လာလိုက်တယ်။ ကန့်လန့်ကာများကို 'ရုတ်'လိုက်ပြီး အရပ်ပုတုတုနဲ့ ကောင်လေးတစ်ယောက် ဝင်လာခဲ့တယ်။ သူက အသက်မပြည့်သေးဘဲ အလွန်ဆုံး ဆယ်နှစ်လောက်သာရှိ၏။


ဒီကောင်လေးက ရှန်းမိသားစုရဲ့ တတိယမြောက်ကလေးဖြစ်တဲ့ ရှန်းကျီးယန် ဖြစ်လောက်မယ်။ သူမကို နာမည်တပ်ပြီး သူပဲ ခေါ်ရဲတယ်။ သူ့အမေက ကိုယ်လုပ်တော်တစ်ယောက်ပင်။ အဲဒီကိုယ်လုပ်တော်က သခင်မကြီးရှန်းရဲ့ အိမ်တော်ပါအစေခံ ဖြစ်တာကြောင့် ရှန်းကျီးယန်က တရားမ၀င်သားဖြစ်ပေမဲ့လည်း သူက တကယ်တမ်းကျ တရားဝင်သားတစ်ယောက်လို ပျိုးထောင်ခံရတာဖြစ်တယ်။


"ဘာလဲ?" ရှန်းကျီးချောင်က သူမရဲ့ မျက်ခုံးလှလှလေးတွေကို တွန့်ကွေးကာ သူမရှေ့ကို ရောက်နေပြီဖြစ်တဲ့ ထိုကောင်စုတ်လေးကို စိုက်ကြည့်လိုက်တယ်။


"ငါနဲ့ ရှန်ဖျင် လက်ဖက်ရည်ဆိုင်ကို လိုက်ခဲ့ပေး။ ငါ အဖွားကို ပြောထားပြီးသား သူက နင့်ကို ငါ့ကို ခေါ်သွားပေးတဲ့" ရှန်းကျီးယန်က ရှန်းကျီးချောင်ထက် ဦးခေါင်းထက်ဝက်ခန့် ပိုနိမ့်၏။ သူ့မှာ ဝိုင်းစက်ပြီး ချစ်ဖို့ကောင်းတဲ့ မျက်နှာပေါက်လေး ရှိပြီး အသားအရည်ကလည်း နူးညံ့တယ်။ သူက ဆောင်းဦးအရောင် အင်္ကျီလက်ရှည်ကို လိုင်းတွန့်မပါတဲ့ ၀တ်ရုံဖြင့် တွဲဖက် ၀တ်ဆင်ထားခဲ့တယ်။ သူ့ခါးထက်တွင်တော့ ကျောက်စိမ်းဆွဲသီးတစ်ခု ချိတ်ဆွဲထားခဲ့တယ်။ သူက ရှန်းကျီးချောင်ကို အထင်အမြင်သေးစွာဖြင့် ကြည့်ရှုနေခဲ့တယ်။


ဖူးဖူးမှုတ်အလိုက်ခံထားရဲ့ ကောင်စုတ်လေးပဲ! ရှန်းကျီးချောင်က ပြန်ပြောလိုက်တယ်။ "နင့်ဘာသာနင် သွားလိုက်ပါလား"


ရှန်းကျီးယန်က ရှန်းကျီးချောင်ရဲ့ လက်တွေကို တင်းတင်းကြပ်ကြပ် ဖမ်းဆွဲလိုက်ခဲ့တယ်။ "အဖွားက နင့်ကို ငါနဲ့ အဖော်လိုက်ဖို့ပြောထားလို့ နင် ငါ့နဲ့ လိုက်ကို လိုက်ခဲ့ရမယ်"


ရှန်းဖေးယင်က ပြုံးကာ ပြောလိုက်တယ် "ကျောင်းကျောင်း သခင်မကြီးက နင့်ကို ယန့်အာနဲ့ အဖော်လိုက်သွားပေးဖို ပြောလိုက်တယ်ဆိုတော့ အတူတူသွားကြရအောင်လေ။ နင် အပြင်မထွက်တာ ရက်အတော်ကြာတောင်နေပြီပဲ အပြင်ထွက်လိုက်ရင် နင် စိတ်ရွှင်လန်းသွားမှာ သေချာတယ်"


"အမှန်ပဲ။ တကယ်လို့ နင် ငါနဲ့မလိုက်ဘူးဆိုရင် နင် ငါ့ကို ထပ်ရိုက်တယ်လို့ အဖွားကို တိုင်ပြောမှာ" ရှန်းကျီးယန်က သွားဖြီးအောင် ပြုံးရယ်လျက် ပြောလိုက်တယ်။


"ပါးစပ်ပိတ်ထား!" ရှန်းကျီးချောင် က သူ့ကို စိတ်ဆိုးမာန်ဆိုးစွာ စိုက်ကြည့်လိုက်တယ်။


ရှန်းကျီးယန် သူ့ခြေထောက်ကို ဆောင့်လိုက်ကာ အရှက်မဲ့စွာ သရုပ်ဆောင်လိုက်တယ်။ "နင် ငါနဲ့ လိုက်ခဲ့ပေးရမယ်.... နင် ငါနဲ့ လိုက်ခဲ့ပေး

ရမယ်"

ရှက်ဖို့ကောင်းလိုက်တာ... သူမမှာ ဘာလို့ ဒီလိုမျိုး ဆိုးသွမ်းတဲ့ မောင်လေးတစ်ယောက် ရှိနေရတာလဲ။


***

🍁