အခန်း (၇) အပြင်ထွက်ခြင်း။
အဆုံးတွင်တော့ ရှန်းကျီးချောင်တစ်ယောက် ရှန်းဖေးယင်နှင့် ရှန်းကျီးယန်တို့ကို ငြင်းဆန်ဖို့ ရှုံးနိမ့်ခဲ့၏။ သူမက အစည်ပင်ဆုံးနှင့် လူအရှုပ်အထွေးဆုံး အရှေ့လမ်းမတန်းသို့ ခေါ်ဆောင်ခြင်းခံခဲ့ရတယ်။ ရှန်းဖေးယင်ကတော့ သက်ဝင်လှုပ်ရှားတဲ့ ရှုးခင်းတွေနောက်ကွယ်က ရှန်းဖျင်လက်ဖက်ရည်ဆိုင်ပိုင်ရှင်ပင်ဖြစ်တော့၏။ သူမကို လာရောက်ဂုဏ်ပြုခဲ့ကြတဲ့ ထိုလူတွေကတော့ ချမ်းသာတဲ့သူတွေရော ဩဇာအာဏာရှိတဲ့သူတွေရော ဖြစ်ကြတယ်။ သူမက ဇာတ်လိုက်တစ်ဦးရဲ့ ထွန်းလင်းတောက်ပတဲ့ အရောင်အဝါကို အပြည့်အဝ ပြသခဲ့တယ်။
"ဒီနေ့ ဖောက်သည်တွေ အရမ်းများနေတယ်။ ကြိုဆို ဧည့်ခံမှု ချို့တဲ့တာအတွက် စိတ်မရှိလိုက်နဲ့နော်" ရှန်းဖေးယင်က သူမရဲ့ လက်ဖက်ရည်ဆိုင်ထဲမှာ ပျားပန်းခတ် စည်ကားနေတဲ့ လူတွေကို စိတ်ကျေနပ်စွာ ကြည့်ရှုနေခဲ့တယ်။ သူမက နောက်လှည့်ပြီး ရှန်းကျီးချောင်ကို ထိုကဲ့သို့ ပြောလိုက်တယ်။
"ညီမကို အားမနာပါနဲ့" ရှန်းကျီးချောင်က ရထားလုံးအထဲကနေ တိတ်တဆိတ် ပြောလိုက်တယ်။ သူမက ပြုံးပြီးတော့သာ ပြန်ဖြေလိုက်တယ်။ "အစ်မရှန်း သွားပြီးတော့ လုပ်စရာရှိတာသာ လုပ်လိုက်ပါ။ ညီမကို ဂရုစိုက်ပေးဖို့ မလိုပါဘူး။ ညီမဘာသာပဲ ထိုင်ခုံရှာပြီး ထိုင်လိုက်ပါ့မယ်"
ရှန်းဖေးယင်က သူမကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်တယ်။ "တကယ်လို့ နင် ရှန်းသခင်မကြီးဆီက အိမ်အပြင်ထွက်ခွင့် ပိတ်ခံချင်ရင်တော့ ကြုံရာနေရာကို ရှာလို့ရတယ်နော်။ နင့်အတွက် သီးသန့်အခန်းကို ငါ စီစဉ်ထားပေးပြီးသားပါ။ နင်နဲ့ ယန်အာတို့ အဲဒီအခန်းကို သွားလို့ရတယ်"
ရှန်းကျီးယန်က စိတ်လှုပ်ရှားစွာ လှည့်ပတ်ကြည့်ရှုလိုက်ကာ ရှန်းဖေးယင် ဘက်ကို ရွေ့လျားသွားလိုက်တယ်။ "တတိယသခင်မလေးရှန်း နဝမမင်းသားလည်း ဒီနေ့ လာမယ်လို့ ငါ ကြားတယ်။ သူ့ရဲ့ စာပေစွမ်းရည်ကို ငါ လေးစားနေတာ။ သူ့ကို တွေ့လို့ရမလား?"
"နဝမမင်းသား ဒီနေ့ ဒီကို လာမယ်ဆိုတာ နင်က ဘယ်လိုသိတာလဲ" ရှန်းဖေးယင် အနည်းငယ်လေး ထိတ်လန့်သွားတယ်။ ရှန်းကျီးချောင်ကို လှမ်းကြည့်လိုက်တော့ သူမတို့ စကားပြောနေတာကို မကြားလိုက်တာကို သူမ သိလိုက်တာမို့ စိတ်သက်သာရာရသွားလိုက်တယ်။
နဝမမင်းသား ဒီနေ့ ပေါ်လာမယ်လို့ ရှန်းကျီးချောင်ကို သူမ မပြောထားခဲ့ဘူး ဘာလို့ဆို ဒီငတုံးမက မင်းသားကို သွားနှောင့်ယှက်မှာကို သူမ မလိုချင်လို့ပဲ ဒီလိုဆို သူမကြောင့် သူ ဒေါသထွက်မှာ သူမ ရှောင်နိုင်သွားပြီ။
ရှန်းကျီးယန်က သူ့ရင်ဘတ်ကို ဂုဏ်ယူစွာ ပုတ်ပြလိုက်ပြီး အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။ "ဒီသခင်လေးမှာလည်း ကိုယ့်နည်းကိုယ်ဟန်နဲ့ ရှိတာပေါ့။ အစ်မဖေးယင် ငါ့ကို နဝမမင်းသားနဲ့သာ တွေ့ခွင့်ပေးပါ"
ရှန်းဖေးယင်က ကမန်းကတန်းနဲ့ ပြောလိုက်တယ် "နင့်အသံကို တိုးတိုးပြောစမ်းပါ။ သူ လာတဲ့အခါ ငါ နင့်ကို ပြောပါ့မယ် "
"ကောင်းပြီ!" ရှန်းကျီးယန် ပြုံးကာ ခေါင်းညိတ်လိုက်၏။
"ကျောင်းကျောင်း အပေါ်ထပ်က သီးသန့်ခန်းကို သွားရအောင်" ရှန်းဖေးယင်က ရှန်းကျီးချောင်ကို ပြောလိုက်၍ သူမစိတ်အာရုံကို ပြန်ဆွဲယူလိုက်တယ်။
ရှန်းကျီးချောင်က သူမရဲ့မိန်းမောနေမှုမှ ရုန်းထွက်ကာ ရှန်းဖေးယင်ကို ဖျော့ဖျော့ ပြုံးပြလိုက်တယ် "အင်းပါ"
သူမ ချီကျန်းကို တွေ့လိုက်တယ်...... သူမ သူ့ကို ဒီမှာတွေ့ဖို့ မမျှော်လင့်ထားဘူး။ သူက အရူးတစ်ယောက်လို စိတ်မနှံ့စွာနဲ့ ယောင်တောင်မောင်တောင် လျှောက်စူးစမ်းကြည့်နေတာကို သူမ တွေ့လိုက်တယ်။
ရှန်းဖေးယင်က သူမတို့ကို ဒုတိယထပ် ပြတင်းပေါက်နားက သီးသန့်ခန်းမှာ ထိုင်ခိုင်းထားခဲ့တယ်။ အခါးရည်ဆိုင်က အလွန်ကြီးမားတာကို ရှန်းကျီးချောင် သတိပြုမိလိုက်တယ်။ လုပ်ထုံးလုပ်နည်းအရဆိုရင် ဒီဆိုင်ကို ကြယ်ငါးပွင့်အဆင့် သတ်မှတ်နိုင်လောက်တယ်။
"ညီမ အပေါ်ကို တက်လာတော့ ဖောက်သည်တချို့က အနောက်ဘက်ကို ဦးတည်သွားတာ တွေ့တယ်။ သူတို့ ဘယ်ကို သွားကြတာလဲ။" ရှန်းကျီးချောင်က ပုံမှန်လိုပဲ မေးမြန်းလိုက်တယ်။
"ဪ အဲဒါက အထူးဧည့်သည်တော်တွေ အခန်းလေ" ရှန်းဖေးယင်က ရှန်းကျီးချောင် နောက်ပြန်လှည့်သွားမှာကို စိုးရိမ်တဲ့အတွက် သူမ အလျင်စလိုပြောလိုက်တယ်။ "အဲ့ဒါက အကြီးအကဲတွေအတွက် တိတ်တဆိတ် အခါးရည်မှုတ်သောက်ပြီး စစ်တုရင်ကစားလို့ရတဲ့နေရာပဲ"
"ဪ" ရှန်းကျီးချောင်က စိတ်မဝင်စားသည့်ပုံဖြင့် ပြောလိုက်တယ်။
ရှန်းဖေးယင်က ဆင်ခြေတစ်ခုပေးပြီး ထွက်မသွားလိုက်ခင် တစ်ယောက်ယောက်ကို ဟင်းပွဲတစ်ချို့နဲ့ အဆာပြေမုန့်တစ်ချို့ ပြင်ထားခိုင်းလိုက်တယ်။
ရှန်းကျီးယန်က ထိုင်ခုံပေါ်တွင် ထိုင်ပြီးတော့ အရွယ်ရောက်ပြီးတဲ့ သူတစ်ယောက်လို အရက်ခွက်ကိုကိုင်ကာ အရက်ကို မြည်းစမ်းချင်ဟန် ဆောင်လိုက်တယ်။ သူက ခေါင်းခါယမ်းပြီး "ကောင်းလိုက်တဲ့ အရက်၊ အရက်ကောင်းပဲ။ တတိယ သခင်မလေးရှန်းက တော်တော်လေး အရည်အချင်းရှိတယ်လို့ ငါ မထင်ထားဘူး။ ကျောင်းကျောင်း နင် တတိယသခင်မလေးရှန်း ဘေးမှာ ရပ်နေရတာ မရှက်ဘူးလား"
"နင်နဲ့ အတူရှိတဲ့အခါမှပဲ ငါ ပိုရှက်တာ" ရှန်းကျီးချောင်က ပြတင်းပေါက်ဘေးတွင် ရပ်ကာ လမ်းပေါ်က မြင်ကွင်းကို လှမ်းကြည့်ရင်း ပြောလိုက်တယ်။
"နင်ကမှ ရှက်သင့်တာ။ ငါက နောက်နှစ်ဆို ကလေးအရည်အချင်းစစ် စာမေးပွဲကို သွားတက်ရတော့မယ်။ ဆရာက ငါ့ကို အရည်အချင်းရှိပြီး ထက်မြက်တဲ့အတွက် စာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်မှာ သေချာတယ်လို့ ပြောသွားတယ်။ နင့်ကိုနင်လည်း ကြည့်ပါဦး။ နင်က စာလည်းမတတ်နဲ့ နင်သိတာက အခြားသူတွေနဲ့ ရန်ဖြစ်ပြီး ဘယ်လို ပြဿနာရှာမလဲဆိုတာပဲ သိတယ်။ တကယ်လို့ နင့်ကို အဖေနဲ့ အကိုကြီးကသာ အလိုလိုက်ထားတာမဟုတ်ရင် ဒုတိယအစ်မနဲ့ အခြားသူတွေနဲ့တောင် နင် ယှဉ်နိုင်မှာ မဟုတ်ဘူး" ရှန်းကျီးယန်က ရှန်းကျီးချောင်ကို မကြိုက်သလို ကြည့်ရှုလိုက်တယ်။ သူက ငယ်ငယ်လေးကတည်းက ရှန်းသခင်မကြီးဆီမှာ ကြီးပြင်းလာခဲ့တာဖြစ်တယ်။ ရှန်းသခင်မကြီးရဲ့လွှမ်းမိုးမှုကို ခံလာရတာကြောင့် ရှန်းကျီးချောင်ကို သူ့အစ်မတစ်ယောက်လို မဆက်ဆံခဲ့ပေ။ သူက သူမကို ရှန်းမိသားစုရဲ့ အရှက်ရစရာ တွေးတောထားခဲ့တာပင်။
ရှန်းကျီးချောင်က ကောင်စုတ်လေးနဲ့ ရန်ဖက်ဖြစ်ဖို့ အလွန်ပျင်းရိနေတာကြောင့် သူမ သူ ပြောတာကို မကြားချင်ယောင်သာ ဆောင်လိုက်ခဲ့တယ်။
ရှန်းကျီးချောင်က ဒေါသတွေ ပေါက်ကွဲမထွက်လာတာကို တွေ့လိုက်တော့ ရှန်းကျီးယန်က သူ ပြောတာ မလုံလောက်သေးဘူးလို့ ထင်လိုက်ခဲတယ်။ "နင့်လို အပေါမက ချီမိသားစုရဲ့ အရှုးနဲ့ပဲ လက်ထပ်ဖို့ တန်တယ်"
"အဲဒီအရှုးကို ငါ လက်ထပ်မယ်လို့ ဘယ်သူပြောလဲ" ရှန်းကျီးချောင်က သူ့စကားကြားလိုက်ချိန် နောက်လှည့်၍ သူ့ကို စိုက်ကြည့်လိုက်တယ်။
"သခင်မချီက အဖွားဆီ လာလည်ပြီး နင့်ရဲ့ မွေးရက် မွေးလ မွေးနှစ်တွေကို တောင်းယူသွားတာ။ ဒါက ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ" ရှန်းကျီးယန်က သူမ၏ ကံဆိုးခြင်းအတွက် အားရကျေနပ်စွာ ပြောလိုက်တယ်။ သူက အရက်ခွက်ထဲက ဝိုင်ကို မတော်တဆ သောက်မိသွားပြီး ပူစပ်တဲ့အရသာကြောင့် ထွီခနဲ ထွေးထုတ်ပစ်လိုက်တော့တယ်။
ရှန်းကျီးချောင်က ထိတ်လန့်သွားပြီး စကားပင် ပြန်မပြောနိုင်တော့ပေ။ ဒီတော့ အဘွားကြီးက သူမကို အရှုးနဲ့ လက်ထပ်ပေးဖို့ မီးထဲကို လောင်စာထည့်ပေးလိုက်တာပဲ။
"ငါ ချီကျန်း ကို လက်မထပ်ချင်ဘူး " သူ ရူးရူး မရူးရူး သူမ အခုချိန်မှာတော့ လက်မထပ်ချင်ပေ။ ဘယ်လို ဟာသကြီးလဲ? သူမ အသက်ကဖြင့် ဘယ်လောက်ရှိသေးလို့လဲ!
"နင်က အဲဒီအရူးနဲ့ တစ်ခန်းတည်း အတူတူရှိနေခဲ့တာလေ။ သူကလွဲပြီး နင် ဘယ်သူနဲ့ လက်ထပ်နိုင်မှာမို့လို့လဲ" ရှန်းကျီးယန်က ပြုံးကာ ပြောလိုက်တယ်။ "မြို့စားကြီးက အဲဒီအရူးကို အမွေဆက်ခံသူ အရိုက်ရာရာထူးကို လွှဲပြောင်းပေးချင်တဲ့ သတင်းတွေ ရှိတယ်။ အဲဒါကြောင့် အဖွားက ချီတုံချီချ ဖြစ်နေတာ။ ဒါပေမဲ့ သခင်မချီက မြို့စားကြီးက အရူးတစ်ယောက်ကို အမွေဆက်ခံသူရာထူး လွှဲအပ်ပေးတာမျိုး လုံးဝ အဖြစ်မခံဘူးလို့ ပြောသွားတာပဲ"
ရှန်းကျီးချောင် သဘောပေါက်သွားတယ်။ တကယ်လို့ ချီကျန်းကသာ အမွေဆက်ခံသူ တကယ်ဖြစ်လာမယ်ဆိုရင်၊ သူက အနာဂတ်မှာ မြို့စား ဖြစ်လာမှာပင်။ ရှန်းအိမ်တော် သခင်မကြီးက သူမကို မြို့စားတစ်ဦးရဲ့ ဇနီးဖြစ်ခွင့် မပေးချင်တဲ့အတွက် ချီကျန်း ကို လက်ထပ်ဖို့ ခွင့်မပြု နိုင်တော့တာပင်။ ချီကျန်းက မြို့စားဖြစ်ဖို့ နည်းလမ်းမရှိတော့ဘူးဆိုရင် ရှန်းသခင်မကြီးက သူမစိတ်ထဲကနေ ကြိတ်ပြီး ဝမ်းသာနေလောက်မှာပဲ။
ရှန်းကျီးချောင်ရဲ့ မျက်နှာအမူအရာပြောင်းလဲသွားပုံကို ကြည့်ရှုလိုက်ရင်း ရှန်းကျီးယန် ပို၍ပင် ပျော်ရွှင်နေခဲ့တယ်။ "နဝ မမင်းသားကို နင် အခုထိ လက်မလျှော့နိုင် ဖြစ်နေလို့လား"
နဝမမင်းသားကဖြင့် ဘယ်လိုရုပ်ရည်ပုံစံလဲ သူမဖြင့် သိတောင် မသိဘူး။ အဲဒါကြောင့် သူမ သူ့အပေါ် လက်လျှော့လျှော့ မလျှော့လျှော့ စိတ်ထဲတောင် ရှိမနေလေဘူး။
ရှန်းကျီးယန်က သူမ သဘောမတူတာကို မြင်လိုက်တော့ နဝမမင်းသားကို သူမ ကြိုက်တုန်းလို့သာ တွေးတောလိုက်ခဲ့တယ်။ ထို့ကြောင့် သူက သူမကို ဆက်ပြီးတော့ လှောင်ပြောင် ရန်စလိုက်ခဲ့တယ်။ "နဝမမင်းသားက တတိယသခင်မလေးရှန်းကိုပဲ ကြိုက်တယ်ဆိုတာကို နန်းမြို့တော်တစ်ခုလုံးက သိတယ်။ ဒါတောင် နင်က သူ့ရှေ့မှာ နင့်မျက်နှာပြဖို့ ကြိုးစားနေတုန်းပဲ။ နင်က အရှက်ခွဲခံရဖို့ လမ်းရှာနေတာလား"
"ဘာပြောတယ်?" ရှန်းကျီးချောင်က အံ့အားသင့်စွာ လှည့်ကြည့်လိုက်၏။ "နင် ဘာကိုဆိုလိုတာလဲ?"
"ထင်ထားတဲ့အတိုင်း နင်က ဘာမှ မသိသေးဘူးပဲ။ အဖွားက နင့်ကို အပြင်ထွက်ခွင့်ပိတ်ထားတာ အံ့သြစရာမဟုတ်ဘူး။ ဒီအကြောင်းတွေကို နင့်ကို ဘယ်သူကပြောရဲမှာလဲ" ရှန်းကျီးယန် က သူမဘေး ဘယ်ညာကို လှမ်းကြည့်ရှုလိုက်ပြီး ပြောဆိုလိုက်တယ်။ "ငါကသာ ဒါကို စေတနာနဲ့ ပြောပြလိုက်တာနော်"
အားးးး ဒီကောင်စုတ်လေးတော့ သူမ တကယ် ရိုက်သတ် ပစ်ချင်လာပြီ! သူ့အမူအရာကို ကြည့်စမ်းပါဦး။ သူမကပဲ အသုံမကျတဲ့ အမှိုက်သရိုက်လို ပုံပေါက်နေအောင် သူက လုပ်နေတာပဲ။
"ပြောစမ်း!" ရှန်းကျီးယန်က သူမ စိတ်တထင့်ထင့် ဖြစ်နေအောင် သူ ရည်ရွယ်နေတာကို မြင်လိုက်ရသဖြင့် ရှန်းကျီးချောင် စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ခေါင်းကို ဆတ်ခါ လှုပ်ရမ်းပစ်လိုက်တော့တယ်။
ရှန်းကျီးယန်က ကျယ်လောင်စွာ အော်ပြောလိုက်တယ် "နင် ငါ့ကို မရိုက်ရဲပါဘူး။ နင့်ရဲ့ ညစ်ပတ်တဲ့လက်တွေနဲ့ ငါ့ကို မရိုက်ရဲဘူးမလား"
"ငါ့လက်တွေ ညစ်ပတ်နေတာလား? ဒါဆို နင့်မှာရော ဘယ်လို လက်အမျိုးအစားရှိနေလို့လဲ။ ငါ့ကို ခုတ်ဖြတ်ခွင့်ပေးစမ်း ကြည့်ကြည့်ရအောင်" ရှန်းကျီးချောင်က လှောင်ရယ်မောလိုက်တယ်။
"ဟမ့် နဝမ မင်းသားက နင့်ကို စိတ်မဝင်စားတာ အံ့သြစရာ မဟုတ်ဘူး။ နဝမမင်းသားနဲ့ ရှန်းအိမ်တော်ရဲ့ တတိယသခင်မလေးက မြင်မြင်ချင်း ချစ်မိသွားခဲ့ကြတာ။ သူက ရှန်းဖေးယင်နဲ့ လက်ထပ်တော့မယ်လို့တောင် ပြောခဲ့တယ်။ နင့်မျက်နှာကို သူ့ကို မပြချင်အောင် နင် ရှက်နေရတာပဲ ဖြစ်ရမယ် ဟမ့်။ နင်က တတိယသခင်မလေးရှန်းကို နဝမမြောက်မင်းသားဆီ နေ့တိုင်း သွားလည်ပတ်ဖို့ စိတ်ရှုပ်အောင်လုပ်ခဲ့ပေမဲ့ သူကတော့ ပြီးခဲ့တဲ့ရက်က သူမကို ပထမဆုံးမြင်လိုက်အချိန်မှာပဲ သူက လက်ထပ်ဖို့ ခွင့်တောင်းခံခဲ့တာ။ ရှန်းအိမ်တော်က နင့်လို သမီးမျိုးရှိရတာ မျက်နှာပျက်ရရုံသက်သက်ပဲ" ရှန်းကျီးယန်က လှောင်ပြောင်လိုက်၏။
'ဟုတ်သား.. သူမ မေ့သွားလုနီးပါးပဲ။ နဝမမင်းသားကလည်း ရှန်းဖေးယင်နဲ့ ရှုပ်ထွေးခဲ့တဲ့ အရံဇာတ်လိုက်တွေထဲက တစ်ယောက်ပဲမလား...'
ရှန်းကျီးချောင်က ရှန်းကျီးယန်ကို ငုံ့ကြည့်ကာ လှပစွာ ပြုံးနေလိုက်တယ်။ "အဖေ့ရှေ့မှာ နင် ဒီလိုပြောရဲလား။ ငါတို့ အကိုကြီးရှေ့မှာရော နင်ဒီလိုပြောရဲ ရဲ့လား"
တကယ်လို့ သူမ ခန့်မှန်းတာ မမှားဘူးဆိုရင် အဲဒီအဘွားကြီးက ရှန်းကျီးယန်ရှေ့မှာ သူမအကြောင်းကို ခဏခဏ ဆဲဆိုကြိမ်းဝါးနေလို့သာ သူ မှတ်မိနေတာပဲနေမယ်။
ရှန်းကျီးယန်က ရှန်းအိမ်တော်၏ အကြီးဆုံးသခင်လေးဖြစ်တဲ့ ရှန်းကျီးခိုင်ကို အကြောက်ရဆုံးပင်။ သူက 'ဟမ့်'ခနဲ နောက်ပြန်ကျုံ့ဝင်သွားကာ ဘာမှ မပြောလာတော့ချေ။
ထိုစဉ်တွင်တော့ ရှန်းကျီးခိုင်က ရှန်းကျီးချောင်ကို ဖူးဖူးမှုတ်အလိုလိုက်ကာ များစွာ ချစ်မြတ်နိုးသူပင်ဖြစ်လေတယ်။
****