အခန်း(၈)
Viewers 39

အခန်း (၈) မတော်တဆ တွေ့ဆုံမိခြင်း။


ဇာတ်ကြောင်းရဲ့ ဇာတ်ကွက်တိုးတက်လာမှုကနေ ရှောင်လွှဲလို့ မရကြောင်း ကြားသိလိုက်ရချိန်မှာတော့ ရှန်းကျီးချောင်တစ်ယောက် အလွန်ကို ထိတ်လန့်ကြောက်ရွံ့သွားခဲ့တယ်။ ချီကျန်းကို သူမ အထင်သေးတာတော့ မဟုတ်ပေမဲ့ တကယ်လို့ သူမက ဇာတ်ကြောင်းရဲ့ တိုးတက်မှုနောက်ကို အမှန်တကယ် လိုက်ပါခဲ့မယ်ဆိုရင် အဲဒါက အမြောက်စာဇာတ်ကောင်တစ်ယောက်အနေနဲ့ သူမမှာ အဆုံးသတ်ဆိုးဝါးတဲ့ ဇာတ်သိမ်းရှိနေမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။


သူမ ဘာလုပ်ရင်ကောင်းမလဲ? သေမှာကို ထိုင်စောင့်နေရမှာလား? ဒါမှမဟုတ် ထွက်ပြေးလိုက်ရမလား?


တကယ်လို့ သူမ ထွက်ပြေးခဲ့ရင်ရော ဇာတ်ကွက်ရဲ့ တိုးတက်မှုနောက်ကို သူမ မလိုက်ရတော့ဘူးလား။ သူမ ရင်ဆိုင်ရမဲ့ နှိပ်စက်ညှင်းပန်းခံရမှုတွေကြောင့် ထွက်ပြေးရင်းနဲ့ လမ်းတစ်ဝက်မှာပဲ သေရတော့မှာလား.. မဟုတ်ဘူး? 


ရှန်းကျီးချောင် ငိုချလိုက်ချင်တယ်။


ချီကျန်း! ဟုတ်တယ် ချီကျန်းကလည်း သူမကို လက်မထပ်ချင်လောက်ဘူး။ သူ ဆန္ဒမရှိသရွေ့ ဒီလက်ထပ်ပွဲက ဖြစ်လာမှာမဟုတ်ဘူး! ချီကျန်းက အရူးတစ်ယောက်လို ဟန်ဆောင်နေတယ်ဆိုတာ ရှန်းကျီးချောင် သေချာတယ် ဒါ့ကြောင့်မို့ ဒီလက်ထပ်ပွဲကို သူ ဆန့်ကျင်နိုင်မယ်လို့ သူမ ယုံတယ်။


"ငါ့ကို ဒီမှာစောင့်နေ။ ငါ အပြင်ခဏလောက် သွားလိုက်ဦးမယ်" ရှန်းကျီးချောင် အပြင်မထွက်မီ ရှန်းကျီးယန်ကို အမိန့်ပေးလိုက်တယ်။


ရှန်းကျီးယန်က သူမ နောက်ကနေနေ ကျယ်လောင်စွာ အော်ပြောလိုက်ပြီး "ဘယ်သွားမလို့လဲ"


"ကလေးတွေ အဲ့လောက် အများကြီးမမေးသင့်ဘူး!" ရှန်းကျီးချောင်က ပြန်ဖြေလိုက်တယ်။ သူမက အောက်ထပ်ကိုတောင် ရောက်နေပြီဖြစ်၏။


ချီကျန်းက သူမတို့နောက်က VIP အခန်း ဒါမှမဟုတ် တစ်နေရာရာမှာတော့ ရှိလောက်မှာပင်။


ရှန်းကျီးချောင်က အောက်ထပ်ကို ဆင်းလာပြီး ရှန်းဖေးယင်ကို မြင်လိုက်မိသလားဆိုပြီး ဆိုင် လက်ထောက်တစ်ဦးကို မေးမြန်းလိုက်ခဲ့တယ်။ သူတို့ထဲက တစ်ယောက်က သူမကို မှတ်မိလိုက်ပြီး ရှန်းဖေးယင် အမိန့်ပေးတာကြောင့် ဖြစ်နိုင်တယ်၊ သူတို့အားလုံးက တတိယသခင်မလေးရှန်းကို မမြင်မိဖူးဘူးလို့ ပြောလာကြ၏။


ဒင်းက သူမကို ရှောင်ချင်နေတာလား? ရှန်းကျီးချောင် မျက်ခုံးပင့်ကာ နောက်ကျောဘက်ရှိ သီးသန့်ခန်းရှိရာသို့ လျှောက်သွားလိုက်တယ်။


"တတိယသခင်မလေးရှန်း ဘယ်သွားမလို့လဲ" ဆိုင်မန်နေဂျာက သူမ ပေါ်လာကတည်းက သူမကို မျက်စိထောင့်ထောက် စောင့်ကြည့်နေခဲ့တာဖြစ်တယ်။ သူမ အနောက်ဘက်သို့ ဦးတည်သွားသည်ကို မြင်တော့ ရှန်းဖေးယင်၏အမိန့်ကို တွေးကာ ချက်ချင်းပင် တားမြစ်လိုက်ခဲ့၏။


"အိုး ကျွန်မက အစ်မရှန်းကို လိုက်ရှာလိုက်မလို့ပါ" ရှန်းကျီးချောင် ပြုံးလိုက်၏။


ဆိုင်ရှင်က ပြောလိုက်၏။ "ကျွန်တော်တို့ တတိယသခင်မလေးက အဲဒီမှာ မရှိပါဘူး" 


"ဪ အဲဒါဆို ကျွန်မကို တခြားတစ်နေရာကို သွားရှာခွင့်ပြုပါဦး" ရှန်းကျီးချောင်က ပြုံးပြီး ဒုတိယထပ်ကို လှမ်းတက်လိုက်တယ်။ ဆိုင်ရှင်က နောက်ပြန်လှည့်သွားတာကို မြင်လိုက်တော့ သူမက ချက်ချင်းပင် အနောက်ဘက်ကို ဖြတ်ခနဲ လှည့်သွားလိုက်ခဲ့တော့တယ်။


အထူးဧည့်သည်တော်အခန်းလို့ ခေါ်တဲ့ ပန်းခြံအနောက်ဘက် နှစ်ခြမ်းလုံးရဲ့ အခန်းတွေက ပြုပြင်မွမ်းမံထားတဲ့ အခန်းတွေချည်းပင်။ အနောက်ဘက် ဥယျာဉ်တော်က လက်ရာမြောက်ပြီး ထူးခြားဆန်းသစ်တယ်။ သစ်ပင်များနှင့် ကျောက်ဆောင်များ ၊ သဘာဝရှုခင်းများ ရှိနေခဲ့တယ်။ ပတ်ဝန်းကျင်က အလွန်ကို သာယာတယ်။


ချီကျန်း ဘယ်မှာပါလိမ့်? အခန်းတိုင်းကို လိုက်ရှာဖို့ သူမမှာ နည်းလမ်းမရှိဘူးလေ...


ရှန်းကျီးချောင်တစ်ယောက် ချက်ချင်းရှာတွေ့နိုင်စေဖို့ သူမမှာ ဇာတ်လိုက်မင်းသမီးလို ရွှေလက်ချောင်းများ ပိုင်ဆိုင်ဖို့ကို အမှန်တကယ် မျှော်လင့်မိတယ်။


သေချာတာပေါ့ သူမမှာ ဒီလို ဖြစ်လာနိုင်စရာအကြောင်း မရှိပါဘူး။


စင်္ကြံလမ်းအတိုင်း ဖြည်းညှင်းစွာနဲ့ သူမ လျှောက်လာလိုက်တယ်။ တစ်ထပ်ပဲ ရှိတာပဲ။ ဘယ်ညာတစ်ဖက်စီတွင် သီးသန့်အခန်း ငါးခန်းစီရှိတယ်။ ပန်းခြံက အလယ်ခေါင်မှာ ရှိတယ်။ ပန်းခြံထဲမှာ နားနေဆောင်တွေ၊ အလှဆင်ထားတဲ့ကျောက်ဆောင်တွေ မရှိဘူး။ VIP အခန်းဖြစ်ဖို့ ထိုက်တန်တာပဲ။


အာ့-


သူမရှေ့က သီးသန့်အခန်းတံခါးက ရုတ်တရက် ပွင့်သွားလိုက်တယ်။ အစေခံတစ်ယောက် ထွက်လာရင်းနဲ့ ထိုသူက ယဉ်ကျေးစွာ ပြောဆိုလိုက်တယ်။ "သခင်လေးချီ ကျေးဇူးပြုပြီးတော့ အဆာပြေမုန့်တွေ စားလိုက်ပါဦး။ တစ်ခုခုလိုအပ်ရင် ဒီအစေခံကို အမိန့်ပေးလိုက်ပါ"


သခင်လေးချီတဲ့လား? ချီကျန်းများ ဖြစ်နေမလား။ အဲဒါ တိုက်ဆိုင်တာပဲလား?


ရှန်းကျီးချောင်က ကမန်းကတန်း လှမ်းသွားလိုက်တယ် ဒါပေမဲ့ အခန်းအထဲက သခင်လေးချီက ချီကျန်း မဟုတ်ဘူးဆိုတာ မြင်လိုက်ရတော့ သူမ စိတ်မပျက်မိဘဲ မနေနိုင်တော့ပေ။


သူမ နောက်ပြန်လှည့်တော့မလို့ လုပ်စဉ်မှာတော့ အနောက်မှ တိုးတိတ်ပြီး အောရှတဲ့ အသံတစ်သံကို ကြားလိုက်ရသည်။ သူမ အံ့အားသင့်စွာ လှည့်ကြည့်လိုက်တော့ မျှော်လင့်ထားသည့်အတိုင်း လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ချီကျန်းကို ခေါ်ဆောင်လာခဲ့တယ်။


"ချီကျန်း!" ရှန်းကျီးချောင် အံ့အားသင့်စွာနဲ့ လှမ်းကာ အော်ခေါ်လိုက်၏။


ချီကျန်းက လှမ်းခေါ်နေတာကို မကြားသလို ပြုမူနေလိုက်တယ်။ သူက လူလတ်ပိုင်းအရွယ် အမျိုးသားနောက်ကနေ အခြားသီးသန့်ခန်းရှိရာကို လိုက်သွားခဲ့တယ်။ တံခါးပိတ်ခါနီးဆဲဆဲမှာတော့ ရှန်းကျီးချောင်က ခြေလှမ်းကျဲကျဲဖြင့် နောက်ကနေ လိုက်သွားလိုက်တယ်။ သူမက ပြုံးလိုက်ပြီး ပိတ်တော့မည့် တံခါးကို ပိတ်ဆို့ထားလိုက်တယ်။


"သခင်လေးချီ ကျွန်မ ရှင့်ကို အကူအညီတောင်းချင်လို့!" ရှန်းကျီးချောင်က တောင်းပန်တဲ့မျက်ဝန်းနဲ့ လေသံတိုးတိုးဖြင့် ပြောလိုက်တယ်။


"ဘယ်သူလဲ...နင်က ဘယ်သူလဲ? နင် ဘာလိုချင်လို့လဲ?" ချီကျန်းက သက်လတ်ပိုင်းအစေခံ၏ နောက်မှာ ရပ်ကာ ရှန်းကျီးချောင်ကို အထိတ်တလန့်ဖြစ်စွာနဲ့ ကြည့်ရှုနေလိုက်တယ်။


ရှန်းကျီးချောင်က အစေခံကို ဘေးသို့ တွန်းကာ ဝင်ပြောလိုက်တယ်။ "နင် ငါ့ကို မှတ်မိသေးလား"


ချီကျန်းက အရပ်ရှည်ရှည်နဲ့ တောင့်တင်းသန်မာတဲ့ ရုပ်ရည်သွင်ပြင်ရှိကာ တက်ကြွ နှစ်လိုဖွယ်ကောင်းတယ်။ သူက အဝတ်စားတွေကို ခမ်းခမ်းနားနား ဝတ်ဆင်ထားတယ်။ အူတူတူ နဲ့ ထိုင်းမှိုင်းတဲ့ အမူအရာကြောင့်သာ မဟုတ်ရင် သူမ သူ့ကို ဘယ်လိုပဲ ကြည့်ကြည့် သူက ချောမောခန့်ညားတဲ့ယောက်ျားတစ်ယောက်ပဲ။


"နင်...နင်က..." ချီကျန်းက ရှန်းကျီးချောင်ကို မှင်သက်စွာနဲ့ စိုက်ကြည့်နေလိုက်တယ်။ "ငါ မမှတ်မိဘူး"


လူလတ်ပိုင်းအရွယ် အစေခံက တံခါးကို ပိတ်လိုက်ပြီး ရှန်းကျီးချောင်အား မျက်ခုံးတွန့်ကွေးစွာ စိုက်ကြည့်ရင်းဖြင့် "တတိယသခင်မလေးရှန်း ကိစ္စတစ်ခုခုရှိလို့လား"


ရှန်းကျီးချောင်က ပြန်ပြောလိုက်တယ် "ကျွန်မ သခင်လေးချီနဲ့ ပြောစရာကိစ္စလေးရှိလို့ပါ"


ချီကျန်းက ဒီမိန်းကလေးက ဗုဒ္ဓတစ်ထောင်ဘုရားကျောင်းမှာ တွေ့ဆုံခဲ့တာကို သဘာဝအတိုင်း မှတ်မိတယ်။ သူမက မြို့တော်မှာ ရိုင်းစိုင်းပြီး အထက်စီးဆန်တဲ့နေရာမှာ နာမည်ကြီးသတင်းမွှေးတဲ့ သခင်မလေးဆိုတာ ပိုလို့ပင် သူ သိတယ်။ သူမက နာမည်ကြီးပေမယ့် ကောင်းတဲ့နေရာတော့ မဟုတ်ဘူးပေါ့။


တစ်စုံတစ်ယောက်က သူမကို ထိခိုက်စေချင်တယ်လို့ သူမ ဘာလို့ ပြောခဲ့လဲဆိုတာ သူ သိချင်သွားတယ်။ ထို့ကြောင့် သူက သူမကို အလိုက်ထိုက် သရုပ်ဆောင်လိုက်ခဲ့တယ်။


"ငါ့မှာ နင့်ကို ပြောစရာမရှိဘူး" ချီကျန်းက ပြောလိုက်တယ်။ ထိုအမျိုးသမီးက သေချာပေါက် သူ့ကို သံသယဝင်နေမယ်ဆိုတာ သူ သိတယ် ဒါ့ကြောင့် သူ သူမကို ချဉ်းကပ်ဖို့ အခွင့်အရေး မပေးနိုင်ပေ။


"ဒါဆို နားပဲ နားထောင်လိုက်။ နင် ဘာမှ ပြန်ပြောစရာ မလိုဘူး" ရှန်းကျီးချောင်က ချက်ချင်း ပြန်ပြောလိုက်တယ် "နင်က နာမည်ဂုဏ်သတင်းပျက်ဆီးနေတဲ့ ငါ့လို မိန်းကလေးနဲ့ လက်ထပ်ချင်မှာ မဟုတ်ဘူး။ ငါလည်း နင့်ကိုလက်ထပ်ဖို့ မလိုလားဘူး။ ငါတို့ကို အကွက်ချကြံစည်တဲ့လူနဲ့ ပတ်သက်ပြီး ငါ့မှာ ဘာမှ လုပ်နိုင်တာ မရှိဘူး။ ဒါပေမယ့် နင့်မှာတော့ အဖြေရှိမယ်ဆိုတာ ငါ သိတယ်။ ကျေးဇူးပြုပြီးတော့ ဒါကို အမှန် ဖြစ်မလာပါစေနဲ့"


ချီကျန်းက ဉာဏ်မမှီချင်ယောင် ဟန်ဆောင်ထားတယ်ဆိုတည်းက သူ့ဘဝကို ဘယ်သူ့ကိုမှ အဆုံးအဖြတ်ပေးခွင့်ပေးမှာ မဟုတ်ဘူးဆိုတာကို သူမ သေချာတယ်။


လက်ထပ်ထိမ်းမြားတယ်ဆိုတာ သူက အဲဒီလူနဲ့ တစ်သက်တာလုံး ချည်နှောင်ထားရမည့်အရာပဲ။ တစ်ယောက်ယောက်ကို သူ့ဇနီးနေရာအတွက် သူ့ကိုယ်စား ပေါ့ပေါ့တန်တန် ဆုံးဖြတ်ခွင့်ပေးနိုင်ပါ့မလား။


"တတိယသခင်မလေးရှန်း ငါတို့သခင်လေးရဲ့အိမ်ထောင်ရေးကို သူ့မိဘတွေက ဆုံးဖြတ်မှာပဲ။ သူ့ဘာသာသူ ဘယ်လိုလုပ် ဆုံးဖြတ်နိုင်မှာလဲ" လူလတ်ပိုင်းအရွယ် အမျိုးသားက ချီကျန်းကို ကြည့်ရင်း စိတ်မပျော်ရွှင်စွာနဲ့ ပြောလိုက်တယ်။


ဒီအစေခံက ချီကျန်းရဲ ယုံကြည်စိတ်ချရတဲ့ လက်အောက်ငယ်သား ဟုတ် မဟုတ်ဆို ရှန်းကျီးချောင် မသိပေ။ ဒါ့ကြောင့် ချီကျန်းက ရူးချင်ဟန်ဆောင်နေကြောင်း သူမ ထုတ်မပြောဝံ့ပေ။ သူမက စိတ်တိုစွာ ပြောလိုက်တယ် "ဘယ်လိုပဲဖြစ်ဖြစ်... ဘယ်လိုဖြစ်ဖြစ် ငါ နင့်ကို လက်ထပ်မှာ မဟုတ်ဘူး"


"သခင်မလေးက နဝမမင်းသားကိုပဲ လက်ထပ်ချင်တာဆိုတာ နန်းမြို့တော်က လူတိုင်းသိတယ်" လူလတ်ပိုင်းအရွယ် အစေခံက အမူအရာမဲ့စွာ ပြောလိုက်၏။


စကားလုံးတွေက လှောင်ပြောင်နေတဲ့ အသံမပေါက်ပေမဲ့လည်း ရှန်းကျီးချောင် မျက်နှာကတော့ ရှက်သွေးဖြာသွားလိုက်တယ်။ ဒါက တော်တော်လေး ရှက်စရာကောင်းတယ်ဆိုတာ သူမ တွေ့ရှိလိုက်တယ်။ နဝမမင်းသားကို သူမလည်း လက်မထပ်ချင်ပါဘူး.......


"ငါ ခုနလေးက နဝမမင်းသားကို တတိယသခင်မလေးရှန်းနဲ့ အတူတူ တွေ့လိုက်တယ်။" ချီကျန်းက သူ့ဘာသာသူ တစ်ယောက်တည်း ပြောလိုသလို ပြောလာလိုက်တယ်။


သူက သူမကို ကြားအောင်ပြောနေတာ ရှန်းကျီးချောင် သိလိုက်တယ်။


"သခင်လေးချီ!" ရှန်းကျီးချောင်တစ်ယောက် ချီ နှင့် ကျန်း အိမ်တော်ကြားက အိမ်ထောင်ရေးကို ရပ်တန့်နိုင်လိမ့်မယ်လို့ သူမ တကယ် မျှော်လင့်မိတယ်။


"ဦးလေးချွမ် ကျွန်တော် ပြန်သွားချင်တယ်" ချီကျန်းက ရှန်းကျီးချောင်ရဲ့ လက်တွေကို လှည့်ရှောင်လိုက်ပြီး ဦးလေးချွမ်၏နောက်ဘက်သို့ သွားလိုက်ခဲ့တယ်။


"ဟုတ်ကဲ့ပါ သခင်လေး" ဦးလေးချွမ်က သူမက သူ့သခင်လေးရဲ့စိတ်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာကို သေချာနေသလို ရှန်းကျီးချောင်ကို စူးစိုက်ကြည့်လိုက်ခဲ့တယ်။ သူတို့တွေ ထွက်လာတာမှ မကြာသေးဘူး သူ့သခင်လေးက နောက်ပြန်လှည့်သွားဖို့ ဆုံးဖြတ်လိုက်တာပဲ။


ရှန်းကျီးချောင်က ဘာမှပြန်မပြောခင်မှာပဲ ချီကျန်းက တံခါးဖွင့်ပြီး ထွက်သွားတာကို သူမ တွေ့လိုက်ရတယ်။


ကြည့်ရတာ သူမ ကိုယ့်အားကိုပဲ အားကိုးနိုင်ပုံပဲ!


ရှန်းကျီးယန်ကို အကြောင်းကြားပြီးတော့ အိမ်ပြန်လိုက်ဖို့ပဲ ဆုံးဖြတ်ပြီး သူမ စိတ်ထဲမှ သက်ပြင်းချလိုက်တယ်။ ဒီကိစ္စအပေါ်မှာ သခင်မကြီးရဲ့ သဘောထားကို သူမ စမ်းသပ်ဖို့ လိုတယ်။


သီးသန့်ခန်းကနေ ထွက်လာပြီးနောက် ပန်းဥယျာဉ်ကို ဖြတ်သွားလိုက်တဲ့အချိန်မှာ ရင်းနှီးနေတဲ့ အသံတစ်ခုကို သူမ ကြားလိုက်ရတယ်။ ရှန်းဖေးယင် နှင့် ရုပ်ချောမောတဲ့ လူငယ်လေးတစ်ယောက်က တစ်ဖက်မှ ထွက်လာသည်ကို သူမ မြင်လိုက်ရတယ်။ ရှန်းကျီးချောင် လန့်သွားပြီး ကျောက်တုံးကြီးနောက်မှာ ပုန်းနေလိုက်တယ်။


"...အဲဒီနေ့က ကြာပန်းဥယျာဉ်မှာ မင်းသားနဲ့တွေ့ဖို့ ကျွန်မ စီစဉ်ထားတာ။ ဒါပေမယ့် ကျောင်းကျောင်းက ဒီအကြောင်းကို ဘယ်လိုသိသွားမှန်းမသိဘူး။ ကျွန်မလည်း ရွေးချယ်စရာမရှိဘဲ ရှင့်ကို တစ်ယောက်တည်းထားခဲ့ပြီး သူနဲ့အတူ ဗုဒ္ဓတစ်ထောင်ဘုရားကျောင်းကို သွားလိုက်ရတယ်" ရှန်းဖေးယင်၏ အသံက ရှန်းကျီးချောင် နားထဲသို့ ပျံ့လွင့်လာလိုက်တယ်။


"ဒီမင်းသား မင်းကို အပြစ်မတင်ပါဘူး။ တကယ်တော့ အဲဒီအရူးမကို ရှောင်နိုင်ခဲ့လို့ ကျေးဇူးတင်ရဦးမယ်" ထိုလူက ညင်သာတဲ့ အသံဖြင့် ပြောလိုက်တယ်။


"အဲဒါက နဝမ မင်းသားလား" ရှန်းကျီးချောင်က သူ့ကို ချောင်းကြည့်လိုက်တယ်။ တကယ်တော့ သူက တော်တော်လေးချောတဲ့ ယောက်ျားလေးတစ်ယောက်ပဲ။


"နဝမမင်းသား၊ ကျောင်းကျောင်းက တကယ်တော့ မိန်းမကောင်းမိန်းမလှလေးတစ်ယောက်ပါ" ရှန်းဖေးယင်က ပြုံးလိုက်တယ်။




"သူ့အကြောင်းကို ထပ်မပြောနဲ့တော့။ ဒီမင်းသားက အိပ်မက်ဆိုးတွေ မမက်ချင်ဘူး။" နဝမ မင်းသားက ရွံရှာစွာ ပြောလိုက်တယ်။


ရှန်းကျီးချောင် ကောင်းကင်ကိုပဲ မော့ကြည့်လိုက်တယ်။ ဒီတော့ ဒီလူချောလေးရဲ့ မျက်လုံးထဲမှာ သူမက သူ့အတွက် အိပ်မက်ဆိုးတစ်ခုပေါ့လေ။


ဒါပေမယ့်လည်း ဗုဒ္ဓတစ်ထောင်ဘုရားကျောင်းက အဖြစ်ပျက်က...... ရှန်းဖေးယင်က တကယ်ကို ကောင်းကောင်းကြံစည်နိုင်ခဲ့တာပဲ။ နဝမ မင်းသားနှင့် သံသယဖြစ်ဖွယ်ဆက်ဆံရေး ရှိနေတုန်းမှာတောင် သူမကသူ့ကိုမြူဆွယ်ဖြားယောင်းတဲ့နေရာမှာ ကူညီပေးတဲ့အကြောင်း ပြောထွက်နိုင်တာပဲ.......


*****

🍁🍁