အခန်း (၉) ရှင့်ကိုကြိုက်မိတာ ကျွန်မမျက်လုံး ကန်းနေလို့ပဲ ဖြစ်ရမယ်။
ရှန်းဖေးယင် နှင့် နဝမမင်းသားတို့ သီးသန့်ခန်းထဲသို့ ဝင်သွားပြီးတဲ့နောက် ရှန်းကျီးချောင်က ရှန်းကျီးယန်ကို ရှန်းအိမ်တော်ဆီ ပြန်ခေါ်သွားဖို့ သူ့ကို သွားရှာဖို့ ထွက်သွားလိုက်ခဲ့တယ်။
ရှန်းကျီးယန်က သူ လေးစားအားကျရတဲ့ နဝမမင်းသားကို မတွေ့ရသေးတာမို့လို့ ဘယ်လိုကြောင့်နဲ့ပဲဖြစ်စေ အိမ်ပြန်ဖို့ ငြင်းဆန်လိုက်ခဲ့တယ်။ "နင် ပြန်ချင်ရင် နင်တစ်ယောက်တည်း ပြန်သွားလိုက်။ ငါကတော့ ခဏလောက် စောင့်ဦးမယ်။"
"နဝမမင်းသားကို နင် တကယ်တွေ့နိုင်မယ်လို့ ထင်နေတာလား။ မြန်မြန် ပြန်ကြမယ်" ရှန်းကျီးချောင်က ရှန်းကျီးယန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားလိုက်တယ်။ သူမ ဒီနေရာမှာ ဆက်မနေချင်တော့ဘူး။ အချိန်ကြာသွားရင် သူမပဲ အရှက်တကွဲဖြစ်ရလိမ့်မယ်။
"ငါ နဝမမင်းသားကို တွေ့ချင်တာက သူ့ရဲ့အရည်အချင်းကို လေးစားအားကျရလို့။ ငါက နင်နဲ့ မတူဘူး။ သူက နင့်ကို မတွေ့ချင်တာနဲ့ပဲ သူက ငါ့ကို မတွေ့ချင်တယ်လို့ မဆိုလိုဘူး။" ရှန်းကျီးယန်က ရှန်းကျီးချောင်ကို အထင်အမြင်သေးစွာဖြင့် ကြည့်ရှုလိုက်တယ်။
ရှန်းကျီးချောင်က လှောင်ပြုံး ပြုံးကာပြောလိုက်တယ်။ "ဒါဆိုလည်း နင် ဒီမှာပဲ ပျော်ပျော်ကြီး စောင့်နေလိုက်ဦးပေါ့"
သူမက အရံအမျိုးသမီးဇာတ်လိုက်တစ်ဦးဖြစ်ပြီး အမျိုးသမီးဇာတ်လိုက်ကို ဆန့်ကျင်ဖို့ သူမကိုယ်သူမ စွန့်လွှတ်အနစ်နာခံသင့်ပေမဲ့ အသုံးမဝင်တော့တဲ့ လက်ဖက်ရွက်ကြမ်း တွေမှာတောင် သူ့ကိုယ်ပိုင် ဂုဏ်သိက္ခာနဲ့သူ ရှိကြတာပဲ။ လူတွေကိုတော့ သူမ ဂုဏ်သိက္ခာအပေါ် တက်နင်းခွင့် မပြုနိုင်ချေ။
သီးသန့်ခန်းမှ ထွက်လာတဲ့ ရှန်းကျီးချောင်က တစ်ချက်လေးမှ နောက်ပြန်လှည့်မကြည့်ဘဲ အောက်ထပ်သို့ ဆင်းလာလိုက်တယ်။
ရှန်းဖေးယင်က အပေါ်ထပ်ကို တက်မလို့ လုပ်စဉ်မှာ ရှန်းကျီးချောင်တစ်ယောက် အပေါ်ထပ်ကနေ ဆင်းလာတာကို မြင်သွားလိုက်တယ်။ သူမ တုန်လှုပ်သွားလိုက်ကာ "ကျောင်းကျောင်း နင် ဘယ်သွားမလို့လဲ"
ရှန်းကျီးချောင်၏ နဖူးက အနက်ရောင်လိုင်းစင်းများ ကျဆင်းသွားတော့တယ်။ ထင်ထားတဲ့အတိုင်း ရှန်းဖေးယင်က အချိန်ကိုက် ပေါ်လာလိုက်တာပဲ။ "ညီမ လုပ်စရာတစ်ခုခုရှိသေးတာကို သတိရသွားလို့ အဲဒါကြောင့် ပြန်လိုက်တောမလို့"
"ငါ စားဖိုဆောင်မှာ နင့်အကြိုက် ဘဲသားဆားနယ်ဟင်း ချက်ခိုင်းထားတယ်။ ဘာလို့ စားပြီးတော့မှ မပြန်တာလဲ" ရှန်းဖေးယင် ပြုံးလိုက်တယ်။ သူမက ရှန်းကျီးချောင်ကို ဒီနေရာကို ခေါ်လာတာက ထိုင်ပြီး ပြန်သွားဖို့ပဲ မဟုတ်ဘူး။
သူမက ဘဲသားကို လုံးဝ မကြိုက်ပါဘူး။ ရှန်းကျီးချောင်က ပြုံးပြီး နောက်တစ်ခါ စားမယ်လို့ ပြောလိုက်တယ်။
ရှန်းကျီးယန်က အောက်ထပ်ကို ပြေးဆင်းလာပြီး မေးလိုက်တယ်။ "အစ်မဖေးယင် အစ်မဖေးယင် နဝမမင်းသား ဘယ်မှာလဲ"
သူ့အသံက ကျယ်လောင်ပြတ်သားပြီး လူတိုင်းရဲ့ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့တယ်။
လူတိုင်းရဲ့ အကြည့်တွေက ရှန်းကျီးချောင်ထံ ကျရောက်သွားတော့တယ်။ သူတို့တွေက သူမကို ကဲ့ရဲ့ရှုတ်ချကာ အရှက်တကွဲအကျိုးနည်းဖြစ်မှာကို စောင့်ကြည့်ရန် စောင့်ဆိုင်းနေကြတော့တယ်။
ရှန်းကျီးချောင်က စိတ်ထဲကနေ ထိုကောင်စုတ်လေးကို တိတ်တဆိတ် ကျိန်ဆဲလိုက်တော့တယ်။
ရှန်းဖေးယင်က ပြုံးပြီး ရှန်းကျီးချောင် လက်တွေကို ဆုပ်ကိုင်ထားလိုက်တယ်။ "နင် မပြန်ခင် နဝမမင်းသားကို မတွေ့ချင်သွားတော့ဘူးလား"
ရှန်းကျီးယန်က ရှန်းဖေးယင်၏ နောက်ကျောကို အံ့အားသင့်စွာ ကြည့်ရှုလိုက်တယ်။ သက်တန့်ရောင်ရှိတဲ့ ခါးပတ်ကို ၀တ်ဆင်ထားပြီးတော့ အဖြူရောင် ၀တ်စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသား တစ်ဦးက မွန်မြတ်လှပစွာ လျှောက်လှမ်းလာခဲ့တယ်။ သူ့ဝတ်ရုံလက်ရှည်တွေကိုတော့ အမည်းအစင်းပုံစံများဖြင့် ပန်းထိုးထားပြီး ခြေလှမ်းလာတိုင်း ဝတ်ရုံလက်တွေက တဖျပ်ဖျပ်ခတ်နေခဲ့တယ်။ ဒါကပဲ သူ့ကို ပို၍ပင် ရည်မွန်ကျော့ရှင်းပြီး မွန်မြတ်သောအသွင်ကို ဆောင်စေခဲ့တယ်။
"နဝမ မင်းသား!" ရှန်းကျီးယန်က အသံကျယ်လောင်စွာနဲ့ လှမ်းကာ အော်ခေါ်လိုက်တယ်။
ရှန်းကျီးချောင် သူမဦးနှောက်က ရုတ်တရက်ဆိုသလို နာကျင်မှုကို ခံစားလိုက်ရတယ်။ နောက်ဆုံးတော့ နဝမမင်းသားက အများအမြင်မှာ ဘယ်လိုပုံစံလဲဆိုတာ သူမ သေချာမြင်လိုက်ရပြီပဲ။
နဝမမင်းသား ပုံစံက နှစ်ဆယ့်ငါးနှစ် သို့မဟုတ် နှစ်ဆယ့်ခြောက်နှစ်လောက် ရှိတယ်။ သူက တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်သွင်ပြင်နှင့် မျိုးရိုးမြင့်ပုံစံတစ်ခုရှိတယ်။ သူ့ပုံစံက ယဉ်ကျေးပျူငှာတဲ့ ပုံပေါက်နေခဲ့တယ်။ သူ့အာရုံက ရှန်းဖေးယင်ကိုသာ အာရုံစိုက်နေပေမဲ့လည်း ရှန်းကျီးယန်က သူ့ကို လှမ်းခေါ်လိုက်ပြီးနောက်မှာ အခြားသူတွေရဲ့ တည်ရှိနေမှုကို သူ သတိပြုမိလိုက်တယ်။
ရှန်းကျီးချောင်ကို တွေ့လိုက်သည်နှင့် သူ့မျက်နှာက စိမ်းဖန့်ကျသွားတော့တယ်။
"ဝိုးးး တတိယသခင်မလေးရှန်း ငါ ကြားရတာတော့ မင်း နဝမမင်းသားကိုရှာဖို့ ကြိုးစားနေတုန်း ရလဒ်အနေနဲ့ မင်းက သခင်လေးချီရဲ့အခန်းကို မတော်တဆ ဝင်မိသွားတယ်ဆိုပဲ" ဘယ်သူမှန်းမသိရတဲ့လူတစ်ယောက်က ပြုံးကာ ထိုသို့ မေးမြန်းလိုက်၏။
ရယ်မောသံများ တသောသောညံအောင် ထွက်ပေါ်လာလိုက်တော့တယ်။
ရှန်းကျီးချောင် နောက်လှည့်ကာ ရှန်းဖေးယင်ကို ကြည့်ရှုလိုက်တယ်။ ဖြစ်နိုင်တာက သူမနှင့် ချီကျန်း အခန်းတစ်ခန်းထဲတွင် ရှိခဲ့တာကို လူတွေများများ ပိုမိုသိသွားစေဖို့အတွက် သူမကို ရှန်းဖျင် လက်ဖက်ရည်ဆိုင်ကို လာစေချင်တာပဲနေမယ်။
ရှန်းဖေးယင်က သူမ ဂုဏ်သိက္ခာကို ပျက်ပြားစေဖို့ တကယ်ကို ကြိုးစားထားခဲ့တာပဲ။
နဝမမင်းသားက အေးစက်သောမျက်နှာကို ပန်ဆင်ထားခဲ့တယ်။ သူက ရှန်းကျီးချောင်နာမည်နဲ့ ချိတ်ဆက်မိသွားသည့်အတွက် အလွန်တရာကို အရှက်ရစရာကောင်းကြောင်း ရှာတွေ့လိုက်ခဲ့တယ်။
ဧည့်ခန်းမဆောင်ထဲက ရယ်မောသံတွေကိုကြားတော့ ရှန်းကျီးချောင်လည်း သူမကိုယ်တိုင်ပင် မရှင်းပြတတ်ပေ။ စကားပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ အသုံးမဝင်ကြောင်း သူမသိတယ်။
ရှန်းဖေးယင်က နဝမမင်းသားကို အနေခက်စွာနဲ့ ကြည့်လိုက်ကာ ရှင်းပြလိုက်ခဲ့တယ်။ "ကျောင်းကျောင်းက အဲဒီအချိန်တုန်းက နေမကောင်းဖြစ်နေတဲ့ သခင်လေးချီနဲ့ ဆုံမိလိုက်လို့ပါ"
"အဲဒါက ဒီမင်းသားနဲ့ ဘာဆိုင်နေလို့လဲ။ သူက အရှက်မဲ့ပြီး စျေးပေါတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ရုံပဲ။ အဲဒီအမျိုးသမီးက ဘယ်သူနဲ့ပဲအတူရှိရှိ ဒီမင်းသားနဲ့ ဘာမှမဆိုင်ဘူး" နဝမမင်းသားက အေးစက်စွာ ပြောလိုက်တယ်။
ရှန်းကျီးချောင် ဒါကို ကြားလိုက်တော့ နဝမမင်းသားအပေါ် သူမရဲ့ အထင်အမြင်က ပိုဆိုးရွားသွားလိုက်တယ်။ အထူးသဖြင့် လူတိုင်းရှေ့မှာ ဒီလိုပြောတဲ့အခါ သူက အရမ်းကို လွန်လွန်ကျူးကျူး ဖြစ်နေတာပဲ။
"အမှန်ပဲ။ အဲဒါက နဝမမင်းသားနဲ့ ဘာမှမဆိုင်ပါဘူး။ ဒါပေမယ့်လဲ ဒါက အပေါက်ဆိုးတတ်တဲ့အမျိုးသမီးနဲ့ အဆင့်ချင်းတူတဲ့ အရပ် ခုနစ်ပေရှိတဲ့ အမျိုးသားကို မြင်ဖူးတာ ကျွန်မအတွက်တော့ ပထမဆုံးအကြိမ်ဘဲ" ရှန်းကျီးချောင်က နှာခေါင်းရှုံ့ကာ လှောင်ရယ်လိုက်ပြီး တည်ငြိမ်အေးဆေးတဲ့အသံဖြင့် ပြောလိုက်ခဲ့တယ်။
ထိုစကားကို ကြားလိုက်ရတဲ့အချိန်မှာတော့ နဝမမင်းသား အံ့အားသင့် သွားရုံသာမက ရှန်းဖေးယင်ပါ မျက်လုံးအပြူးသား ဖြစ်သွားလိုက်တယ်။
"ကြည့်ရတာ တစ်ယောက်ယောက်ကို ကူညီဖို့ ကြိုးစားလိုက်တာ ကျွန်မက အရှက်မဲ့သွားပုံရတယ်။ ဒါဆိုလဲ အရှက်မရှိတာ မဟုတ်ရအောင် ကျွန်မက ဘာလုပ်ရမှာလဲ ? နဝမမင်းသား၊ ရှင် ကျွန်မကို သင်ပြပေးနိုင်မယ်လို့ မျှော်လင့်တယ်" ရှန်းကျီးချောင်က အလွယ်တကူ ဒေါသမထွက်တတ်ပေမဲ့လည်း တစ်ယောက်ယောက်က သူမအပေါ် တက်နင်းတာကို ခွင့်ပြုပေးမယ်လို့ မဆိုလိုဘူး။
ဒီတော့ သူမက အရန်အမျိုးသမီးဇာတ်ဆောင်တစ်ယောက်ဖြစ်တော့ရော ဘာဖြစ်လဲ? ရှိသမျှ အရန်အမျိုးသမီးဇာတ်ဆောင်အားလုံးက အမြောက်စာဇာတ်ကောင်တွေ ဖြစ်လာမှာမှ မဟုတ်တာ။
ဒီလိုထူးဆန်းမှုကို ရှန်းဖေးယင် သူမနှလုံးသားထဲကနေ ရှာဖွေတွေ့ရှိခဲ့လိုက်တယ်။ ရှန်းကျီးချောင်က နဝမမင်းသားကို မြင်လိုက်တဲ့အခါတိုင်း သူမမျက်နှာက ရှက်သွေးဖြာပြီး ရှက်ရွံ့နေခဲ့တာ။ သူမက ကောင်းမွန်စွာ ပြုမူနေထိုင်တတ်ပြီး နဝမမင်းသားကို နှစ်သက်စေလိုတတ်တာပဲ ဒီတော့ ဒီနေ့ကျမှ သူမက ဘယ်လိုလုပ် သူ့ကို ပြန်ပြောဝံ့နေတာလဲ?
အလားတူစွာပဲ၊ နဝမမင်းသားက ရှန်းကျီးချောင် ပြန်ပြောလာမှာကို မမျှော်လင့်ခဲ့ပေ။ သူက သူမကို စိုက်ကြည့်လိုက်ခဲ့တယ်။ "မင်းက အရှက်မဲ့နေတာကြောင့်ပဲလေ"
ရှန်းကျီးချောင်က နှာခေါင်းရှုံ့လိုက်တယ်။ "ဒီတော့ တခြားသူတွေကို ကူညီပေးတာက နဝမမင်းသားရဲ့ မျက်လုံးထဲမှာ အရှက်ကင်းမဲ့တဲ့ လုပ်ရပ်ပေါ့လေ။ ကျွန်မ ဒီနေ့တော့ သင်ခန်းစာ တစ်ခု သင်ယူလိုက်ရပါပြီ။ ဟိုအရင်တုန်းက ရှင့်ကို သဘောကျမိတာ ကျွန်မ မျက်လုံးကန်းနေတာပဲဖြစ်ရမယ်။ မစိုးရိမ်ပါနဲ့။ ကျွန်မ ရှင့်ရှေ့မှာ နောက် မပေါ်လာတော့ပါဘူး"
လူတိုင်းပင် တိတ်ဆိတ်ကျသွားပြီး ရှန်းကျီးယန်ပင် ဘာမှ ပြန်မပြောနိုင်ခဲ့တော့ပေ။
နဂိုတုန်းကတော့ သူမက နဝမမင်းသားကို တစ်ယောက်ယောက်နဲ့ ထိခိုက်စေပြီးတော့ သူမပုံရိပ်ကို ပြောင်းလဲချင်ပေမဲ့ ရှန်းကျီးချောင် နောက်ထပ် မစောင့်ဆိုင်းချင်တော့ပေ။ နဝမမင်းသားလို အရူးကောင်ကို သူမ ဘယ်လိုလုပ် စိတ်ဝင်စားဖို့ ဖြစ်နိုင်ပါ့မလဲ။
"ကျောင်းကျောင်း နင် ဘာဖြစ်နေတာလဲ" ရှန်းဖေးယင်က အသံတိုးတိုးဖြင့် မေးလိုက်ခဲ့တယ်။
ရှန်းကျီးချောင်က ရှန်းဖေးယင်ရဲ့ လက်တွေကို ဘေးကို ဆွဲဖယ်လိုက်တယ်။ "ညီမ အဆင်ပြေပါတယ်။ အစ်မရှန်း ညီမ ဒီနေ့ အစ်မရဲ့ စိတ်အခြေအနေကို မဖျက်စီးတော့ပါဘူး အဲဒါဆို ညီမ အခု သွားလိုက်ပါတော့မယ်"
ထို့နောက်တွင်တော့ သူမက နောက်ပြန်လှည့်မကြည့်ဘဲ ဧည့်ခန်းမဆောင်ထဲမှ ထွက်သွားလိုက်ခဲ့၏။
ရှန်းဖေးယင် သူမမျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ကာ ရှန်းကျီးချောင်ရဲ့ နောက်ကျောဘက်ကို စိုက်ကြည့်လိုက်ရင်း သူမမျက်လုံးထဲမှာ ထူးဆန်းတဲ့အလင်းရောင်တစ်ခု ဖြတ်ပြေးသွားလိုက်တယ်။
နဝမမင်းသား၏ မျက်နှာအမူအရာမှာ အလွန်ပင် ပြောင်းလဲသွားလိုက်၏။
ရှန်းကျီးယန်က သူ့ပါးစပ်တွေကို ကျယ်လောင်စွာ ဖွင့်ဟထားလိုက်နေရာကနေ ရှန်းကျီးချောင် အပြင်ဘက်ကနေ သူ့ကို အော်ခေါ်တဲ့အချိန်ရောက်တော့မှ ရုတ်တရက် မိန်းမောနေရာမှ ရုန်းထွက်လိုက်ပြီး လျင်မြန်စွာ ပြေးထွက်သွားလိုက်တယ်။
ရှန်းကျီးချောင်တစ်ယောက် မြင်းရထားလုံးပေါ်တက်ပြီးလိုက်မှသာ သက်သာရာရတဲ့ သက်ပြင်းတစ်ချက်ချလိုက်တော့တယ်။
"နင်..... နင် တကယ်ပဲ နဝမမင်းသားကို ပြန်ပြောလိုက်တာပဲ" သူတို့တွေ မြင်းရထားလုံးပေါ်မှာ အချိန်အနည်းငယ်လောက် ခရီးဆက်ပြီးတဲ့နောက် ရှန်းကျီးယန်က နောက်ဆုံးတွင်မှ တုံ့ပြန်နိုင်ခဲ့တယ်။ သူက ရှန်းကျီးချောင်ကို လက်ညှိုးထိုးကာ ခပ်တိုးတိုးပြောလိုက်တယ်။
ရှန်းကျီးချောင်က ပြတင်းပေါက်အပြင်ဘက်က ရှုမြင်ကွင်းကို စိတ်ကြည်သာစွာ ကြည့်ရှုနေခဲ့တယ်။ "အဲဒီတော့ ဘာဖြစ်လဲ?"
"ဘာဖြစ်လဲ ဟုတ်လား?" ရှန်းကျီးယန်က သူ့အသံကို မြှင့်လိုက်တယ်။ "နင် ဒီနေ့ ရူးနေတာပဲဖြစ်ရမယ်"
"အဲဒါဆိုလဲ ငါ့ကို ရူးနေတယ်လို့ပဲ မှတ်လိုက်တော့ပေါ့" ရှန်းကျီးချောင် ပြုံးလိုက်တယ်။
ရှန်းကျီးယန်က မုန်းတီးစွာ ပြောလိုက်တယ်။ "ငါတို့ အိမ်ပြန်ရောက်ရင် နင့်ကို အဖွားနဲ့ တိုင်ပြောမှာ။ စောင့်ကြည့်နေလိုက်"
"နင် ကြိုက်သလိုသာလုပ်။" အဆုံးမှာတော့ အဘွားကြီးက သူမကို အစကတည်းက မနှစ်မြို့ခဲ့တာပဲ။
သူတို့တွေ ရှန်းအိမ်တော်ထံ ပြန်လာပြီးနောက် ရှန်းကျီးချောင်က ရှန်းသခင်မကြီးကို သွားအရိုသေပြုခြင်း မရှိခဲ့ပေ။ သူမက အခန်းထဲပြန်သွားလိုက်ပြီး တစ်ယောက်ယောက်အား သူမအတွက် နေ့လယ်စာ ပြင်ဆင်ခိုင်းလိုက်တယ်။ ရှန်းဖျင် အခါးရည်ဆိုင်မှာ အနှောက်အယှက်ဖြစ်သွားပြီးတဲ့နောက် သူမ ဘာမှမစားရသေးပေ။
"တတိယသခင်မလေး မီးဖိုချောင်က ထမင်းချက်တွေက အခုဆို တာဝန်ချိန် ပြီးသွားကြပါပြီ။" သူမရဲ့ ကိုယ်ပိုင် အစေခံ ချိုင်ဖျင်က ပြောလိုက်တယ်။ ရှန်းကျီးချောင်က ဒီအချိန်ကြီး ထမင်းစားချင်နေတာကို သူမက ပျော်ရွှင်နေပုံမရပေ။
ရှန်းကျီးချောင် ပြုံးလိုက်တယ်။ "ဒါဆိုလဲ သူတို့ကို တာဝန် ထပ်ပေးခိုင်းလိုက်ပေါ့။ ငါ လတ်လတ်ဆတ်ဆတ် ပေါင်းထားတဲ့ ငါးနဲ့ ရတနာ ရှစ်သွယ် ထမင်းပေါင်း စားချင်တယ်"
ချိုင်ဖျင်က ထရပ်ချင်တဲ့ စိတ်ကူးမရှိပေ။ ရှန်းကျီးချောင်က သူမကို စိုက်ကြည့်လိုက်တယ်။ "ဘာလဲ? သခင်ဖြစ်တဲ့ ငါက ထမင်းစားချင်တဲ့အချိန် အစေခံတစ်ယောက်ရဲ့ ခွင့်ပြုချက်ကို တောင်းဖို့ လိုသေးလို့လား"
"ဒီအစေခံက မလုပ်ရဲပါဘူး။ ဒီအစေခံက သခင်မလေးအတွက် အခုပဲ အစားအသောက်ပြင်ဆင်ဖို့ စားဖိုဆောင်ကို လုပ်ခိုင်းလိုက်ပါ့မယ်" ချိုင်ဖျင်က သူမနှုတ်ခမ်းကို စုဝိုင်းကာ တုံ့ပြန်လိုက်တယ် ။
****
🍁