အခန်း(၁၀)
Viewers 44

အခန်း (၁၀) လူအုပ်စုဖွဲ့ကာအနိုင်ကျင့်ကြခြင်း။


ရှန်းကျီးယန်က နဝမမင်းသားအား ရှန်းကျီချောင်တစ်ယောက် မည်သို့မည်ပုံ ပြန်လည်ပြောဆိုခဲ့တာကို မီးထဲကို လောင်စာဆီထပ်ထည့်ကာ ရှန်းသခင်မကြီးအား ပြောပြလိုက်ခဲ့တယ်။ သူက ရှန်းကျီးချောင်တစ်ယောက် မည်မျှ မလေးစားတတ်ကြောင်းနှင့် သူမသာ အဲလိုမဟုတ်ခဲ့ရင် နဝမမင်းသားက သူ့အား သူရဲ့လေ့လာသင်ကြားမှုအတွက် အကြံဉာဏ်အချို့ကို ပေးကောင်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်းပါ ပြောပြလိုက်ခဲ့သည်။


ရှန်းအိမ်တော်က စစ်တပ် ကျောထောက် နောက်ခံ ရှိခဲ့တယ်။ ရှန်းရှောင်မှာ စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပေမဲ့လည်း အဆုံးတွင်တော့ စာပေအရာရှိများနှင့် နှိုင်းယှဉ်လျှင် ပညာချို့တဲ့သည်။ တစ်ဦးတည်းသော တရားဝင်မြေးဖြစ်သူကလည်း စာလေ့လာရတာကို မနှစ်သက်ပေ။ ဒုတိယသားက အခုဆို စီရင်စု တရားသူကြီးဖြစ်နေပေမဲ့ သူ့သားနှစ်ယောက်က ငယ်ရွယ်သေးတယ်။ ရှန်းကျီးယန် တစ်ဦးတည်းကသာ ကလေးအရွယ်စာမေးပွဲကို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ တက်ရောက်နိုင်ခဲ့တာပင်။ ရှန်းကျုံးက အဆင့် ၁၆ နေရာကိုသာ ရခဲ့လို့ စိတ်မကောင်းဖြစ်ခဲ့ပေမဲ့ သူ နန်းတော်စာမေးပွဲမှာ ထိပ်တန်းနေရာကို ရအောင်ယူဖို့ သခင်မကြီးရှန်းကတော့ သူ့ကို ယုံကြည်နေဆဲပင်။


နဝမမင်းသားမှာ သူ့ရဲ့စာပေစွမ်းရည်ဖြင့် နန်းမြို့တော်တွင် လူသိများသူပင်။ မရေမတွက်နိုင်သော လူတွေက သူ့ထံမှ အကြံဉာဏ် ရယူရန် အိပ်မက်မက်ကြသည်။ အဲဒီကလေးမက သူတို့ အကြံအစည်ကို ဖျက်ဆီးခဲ့မယ်လို့ ဘယ်သူကကြိုသိမှာတဲ့လဲ!


"သူက နဝမမင်းသားကိုတောင် ပြန်ခံပြောလိုက်တယ်ပေါ့လေ" ရှန်းသခင်မကြီးက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်တယ်။ "နဝမမင်းသားရဲ့ အာရုံကို ဆွဲဆောင်ဖို့ သူ ကြိုးစားနေတာလား။"


"အဲဒါ တုံးအတဲ့ နည်းလမ်းပဲ" ထိုအရာက ရှန်းကျီးချောင်ရဲ့ နဝမမင်းသားကို ဆွဲဆောင်သည့်နည်းလမ်းလို့ ရှန်းကျီးယန်က ထင်လိုက်ခဲ့တယ်။


ရှန်းသခင်မကြီးက မေးလိုက်တယ်။ "နဝမမင်းသားက ဘာပြန်ပြောလိုက်လဲ" 


"သူက ဒေါသထွက်လွန်းလို့ စကားလုံးတွေတောင် မစုစည်းနိုင်တော့ဘူး။ ဒီလို အရှက်မဲ့တဲ့ မိန်းကလေးကို သူ ဘယ်တုန်းက တွေ့ဖူးမှာမို့လို့လဲ။ တကယ်တော့...... သူမက သူ့အာရုံကိုဆွဲဆောင်ဖို့ ဒီလို သမရိုးကျမဟုတ်တဲ့ နည်းလမ်းကို အသုံးပြုခဲ့တာမလား" ရှန်းကျီးယန်က ရှန်းကျီးချောင်ကြောင့် သူ့မျက်နှာ လုံးဝပျက်သွားသလို ခံစားလိုက်ရတယ်။


"ဒါက မကောင်းလောက်ဘူး..." ရှန်းသခင်မကြီးက ပြောလိုက်တယ်။ "မင်းအဖေနဲ့ အစ်ကိုကြီးတို့က မြို့တော်မှာ ရှိကြတာ မဟုတ်ဘူး။ နဝမမင်းသားက အရေးပါတဲ့ ရာထူးကို မရယူထားပေမဲ့ သူက မြင့်မြတ်တဲ့ အဆင့်အတန်းတစ်ခု ရှိနေတုန်းပဲ။ ရှန်းအိမ်တော်က သူ့ကို စော်ကားလို့ အကျိုးရှိမှာမဟုတ်ဘူး။ ငါတို့တွေ ကိုယ်တိုင်ကိုယ်ကျ သူ့ကို သွားပြီးတော့ တောင်းပန်ဖို့ လိုမယ်လို့ ငါ ထင်တယ်"


ရှန်းကျီးယန်က ချက်ချင်းပင် ပြောလိုက်တယ်။ "အဖွား၊ ကျွန်တော့်ကို သွားခွင့်ပြုပါ။ ကျွန်တော် သူ့ကို သွားတောင်းပန်မယ်"


"ဘယ်လိုပဲဖြစ်ဖြစ်။ အဲဒီအမှိုက်မကို အိမ်တော်ကနေ ထွက်ခိုင်းလို့ မဖြစ်တော့ဘူး။ သူ့မှာ ဘာတွေဖြစ်မလဲဆိုတာ ငါတို့ မသိနိုင်ဘူး မကြာသေးခင်ကမှ သူက ပြဿနာရှာထားခဲ့သေးတာ"ရှန်းသခင်မကြီးက ရှန်းကျီးချောင်ကို ပိုမိုမုန်းတီးစွာနဲ့ ဒေါသတကြီး ပြောဆိုလိုက်တယ်။


"အဖွား သူ ဒါကို တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာပဲနေမယ်" ရှန်းကျီးယန်က ပြန်ပြောလိုက်တယ်။


ရှန်းသခင်မကြီးက ရွှံရှာမုန်းတီးစွာနဲ့ ပြောလိုက်တယ်။ "သူ့ကြောင့်သာ မဟုတ်ရင် မင်းအဖေက ဘယ်လိုလုပ်ပြီး အခုထက်ထိ သင့်တော်တဲ့ဇနီး မရှိသေးတာ ဖြစ်နိုင်ပါ့မလဲ"


'သူ မယူတော့ရင်တော့ အကောင်းဆုံးပေါ့......' ရှန်းကျီးယန်က အတွင်းစိတ်ထဲမှာ တိတ်တိတ်လေး တွေးတောလိုက်တယ်။


"အဘွား၊ ဒီမြေးက အဖွားရဲ့ နေ့လယ်ခင်း တစ်ရေးတမောအိပ်ချိန်ကို အနှောင့်အယှက်မပေးတော့ပါဘူး။ ကျွန်တော် စာပဲ ပြန်ဖတ်လိုက်ပါတော့မယ်" ရှန်းကျီးယန်က ရိုသေလေးစားစွာ ဦးညွှတ်ပြီး ထွက်ခွာသွားလိုက်၏။


ရှန်းသခင်မကြီးက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ "သွားလိုက်တော့"


ရှန်းကျီးယန် မသွားရသေးခင်မှာပဲ အစေခံတစ်ယောက်က ကတိုက်ကရိုက် ဝင်လာလိုက်တယ်။ "သခင်မကြီး တတိယသခင်မလေးနေရာမှာ ဆူပူမှုတစ်ခု ရှိနေပါတယ်"


"ဒီအချိန်ကြီး သူ ဘာအရှုပ်တွေလုပ်နေတာလဲ" ရှန်းသခင်မကြီးက အစေခံရဲ့ သတင်းတင်ပို့မှုကို နားထောင်ရင်း စိတ်မရှည်တော့ဘဲ စိတ်တိုတိုနဲ့ မေးလိုက်တယ်။


အစေခံ ချိုင်လျို့က ပြန်မဖြေခင် တုန့်ဆိုင်းသွားခဲ့တယ်။ "တတိယသခင်မလေးနဲ့ မားမားလီတို့က စားဖိုဆောင်ထဲမှာ အငြင်းပွားနေကြတာ။ တတိယသခင်မလေးက...... မားမားလီကို လူတစ်ယောက်နဲ့တောင် ရိုက်ခိုင်းလိုက်သေးတယ်"


ရှန်းသခင်မကြီးက ဒေါသတကြီးနဲ့ ပြောဆိုလိုက်တယ်။ "သူက စပြီးတော့ ပုန်ကန်သောင်းကျန်းချင်နေတာလား"


တကယ်တမ်းက တစ်စုံတစ်ယောက်ကသာ အမိန့်ကို အာခံခြင်း ခံရတာဖြစ်၏။ သို့သော်လည်း ရှန်းကျီးချောင်ဘက်မှ အစေခံ ဖြစ်ခဲ့တယ်။


ရှန်းကျီးချောင်က ချိုင်ဖျင် ကိုသွားပြီး သူမအတွက် နေ့လယ်စာ ပြင်ဆင်ပေးဖို့ မီးဖိုချောင်ကို သွားပြောခိုင်းလိုက်တာဖြစ်တယ်။ ချိုင်ဖျင်က မူလက ရှန်းသခင်မကြီးဆီမှ ခစားခဲ့တာဖြစ်တယ်။ သူမကလည်း သခင်မကြီး မနှစ်မြို့တဲ့ မူယာမာယာများတဲ့ တတိယသခင်မလေးကို ခစားလို စိတ်မရှိခဲ့ပေ။ သူမ သခင်မဖြစ်သူက အိမ်တော်မှာ အဆင့်အတန်း မရှိတာကြောင့် သူမနောက်ကို လိုက်တဲ့ သူမမှာလည်း ဘာမျက်နှာသာမှ မရရှိခဲ့ပေ။ အရင်တုန်းက သူမကို "မိန်းကလေး" လို့ တလေးတစား ခေါ်ဝေါ်ခဲ့ကြတဲ့ အစေခံတွေနဲ့ မားမားတွေက သူမကို 'ညီမ'လို့တောင် မခေါ်ဆိုကြတော့တာကိုတော့ ထည့်ပြောဖို့ပင် မလိုပေ။


သို့သော်လည်း တတိယသခင်မလေးကတော့ သူမကို မုန်းတီးနေကြတာကို လုံးလုံး ခံစားမိပုံ မပေါ်ပေ။ သူမက သူတို့တွေက သူတို့ရဲ့အပြုအမူတွေကို နှိမ့်ချပြီး သခင်မကြီးကို ချော့မြူတတ်တဲ့ အခြားသခင်မလေးနှစ်ယောက်နဲ့ မတူဘဲ ရှန်းသခင်မကြီးအား နေ့စဉ်နေ့တိုင်း စိတ်ဒေါသထွက်အောင်လို့ သူ့နည်းသူ့ဟန်နဲ့ ဆက်လက်လုပ်ဆောင်ခဲ့တယ် ။


တကယ်လို့ ထမင်းဟင်းတွေ ချက်ပြုတ်ဖို့ သူမကိုယ်တိုင် ထမင်းချက်တွေကို သွားပြောမယ်ဆိုရင် သူမမှာ ကောင်းမွန်တဲ့ တုံ့ပြန်မှု ရရှိမှာ မဟုတ်ဘူးဆိုတာ ချိုင်ဖျင် သေချာပေါက် သိနေတယ်။ သူမက လိုက်ကာစတွေကို မ,တင်လိုက်ပြီး အထဲကို လှမ်းဝင်လိုက်ခဲ့တယ်။ လှေကားထစ်မှာ အစေခံနှစ်ယောက် ထိုင်နေတာကို သူမ မြင်လိုက်ရတယ်။ သူတို့တွေက အသစ်ရွေးချယ်ခေါ်ယူထားတဲ့ အစေခံတွေဖြစ်ကြောင်း သူမ သိတယ်။


"ဟုန်ရင်၊ ဟုန်ယွီ၊ တတိယသခင်မလေးက သူ့ရဲ့ နေ့လယ်စာကို ခုထက်ထိ မစားရသေးဘူးလို့ စားဖိုဆောင်ကို သွားပြောလိုက်။ တတိယသခင်မလေး ကြိုက်တဲ့ ငါးပေါင်း နဲ့ ရတနာရှစ်မျိုး ထမင်းပေါင်း သွားချက်ခိုင်းလိုက်" ချိုင်ဖျင်က အစေခံတစ်ယောက်ကို လက်ညိုးထိုးက အမိန့်ပေးလိုက်တယ်။


ဟုန်ရင်မှာ အစေခံအသစ်တစ်ယောက်ဖြစ်ပြီး ဟုန်ယွီက သူမရဲ့ အစ်မကြီးဖြစ်တယ်။ သူတို့တွေက ချောင်ရှင်း ခြံဝင်းက တတိယအဆင့်ရှိတဲ့ အစေခံတွေဖြစ်ကြတယ်။ သူမတို့တွေက ရှန်းကျီးချောင်ရဲ့ဘေးနားမှာ ခစားဖို့ အခွင့်အရေးပင် မရခဲ့ကြသူတွေဖြစ်ကြတယ်။


နှစ်ယောက်သား ချိုင်ဖျင်ရဲ့ အမိန့်ကို ကြားလိုက်ရချိန် သူမတို့တွေက စားဖိုဆောင်ဆီ ချက်ချင်းပင် ပြေးသွားလိုက်ကြ၏။


စားဖိုဆောင်တာဝန်ခံဖြစ်သူက ရှန်းသခင်မကြီးရဲ့ ကိုယ်ရေးကိုယ်တာ မားမားဖြစ်တဲ့ အဒေါ်လီပဲဖြစ်တယ်။ သူမမှာက ရှန်းသခင်မကြီးရဲ့ ကျောထောက်နောက်ခံရှိတာကြောင့် သူမမျက်လုံးထဲမှာ ရှန်းကျီးချောင်း ဘယ်တုန်းကမှ စာရင်းမထည့်သွင်းခဲ့ပေ။ ထို့ထက်ပိုတာ ပုံမှန်ဆို သူမက ရှန်းကျီးချောင်ရဲ့အစားအသောက်တွေကို လျှော့တောင် လျှော့ပေးခဲ့တယ်။ အတိတ်တုန်းကတော့ ရှန်းကျီးချောင်က ရိုးအတဲ့သူတစ်ယောက်မို့ အစေခံတွေက သူမ နောက်ကွယ်မှာ တိတ်တဆိတ် အနိုင်ကျင့်နေတယ်ဆိုတာကို သူမ တစ်ခါမှ မထင်မိခဲ့ပေ။


"နင်တို့က ငါတို့ကို ဒီအချိန်ကျမျ ထမင်းချက်စေချင်တာလား။ စောစောက တစ်ယောက်ယောက်က တတိယသခင်မလေးရဲ့ နေ့လယ်စာကို ယူသွားပေးပြီးပဲ။ ငါးပေါင်းနဲ့ ရတနာရှစ်မျိုး ထမင်းပေါင်းကို ဘာလို့ အခုမှ လိုချင်နေရတာလဲ။ အဲဒီဟင်းတွေအကုန်လုံးက အားအများကြီးစိုက်ထုတ်ရတဲ့ ဟင်းပွဲတွေပဲ။ အခုလောလောဆယ် မချက်နိုင်သေးဘူး။" အဒေါ်လီက ဟုန်ယွီရဲ့ စကားကို ကြားတော့ သူမက နက်မှောင်သောမျက်နှာတိမျက်နှာထားဖြင့် ပြန်ပြောလိုက်ကာ ထိုင်ချလိုက်တယ်။ ချက်ပြုတ်ဖို့အတွက် ပြင်ဆင်နေတဲ့ ထမင်းချက်တွေကိုလည်း သူမက တားမြစ်လိုက်ခဲ့တယ်။


ဟုန်ယွီက စောဒကတက်ဖို့ ကြိုးစားလိုက်ကာ ပြောလိုက်တယ်။ "မားမားလီ တတိယသခင်မလေးက အခုမှ ပြန်လာလို့ပါ။ သူ ခုထက်ထိ ဘာမှမစားရသေးလို့ပါ"


"ဒါဆိုလဲ ခေါက်ဆွဲ နည်းနည်းလောက်ချက်ပေးလိုက်မယ်။ အဲဒါလဲ စားလို့ရတာပဲမလား" မားမားလီက သူမနှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်တယ်။


"ဒါပေမယ့် ... တတိယသခင်မလေးက ငါးပေါင်းနဲ့ ရတနာရှစ်မျိုးထမင်းပေါင်းကို စားချင်တာ"ဟုန်ယွီက အသံတိုးတိုးလေးဖြင့် ပြောလိုက်တယ်။ "တတိယသခင်မလေးအတွက် ငါးပဲ ပေါင်းပေးလိုက်ပါလား"


မားမားလီက ဟုန်ယွီကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်တယ်. "ဟင်းချက်ချိန် ကုန်သွားပြီလို့ တတိယသခင်မလေးကို သွားပြန်ပြောလိုက်။ ငါတို့က သူ့အတွက် ခေါက်ဆွဲလောက်ပဲ ချက်ပြုတ်ပေးနိုင်မယ် ဒါမှမဟုတ် ငါးပေါင်းစားဖို့ ညစာစားတဲ့အချိန်အထိ သူ စောင့်နိုင်တယ်"


ညစာ စားချိန်ရောက်ဖို့ နောက်ထပ် လေးနာရီ လိုသေးတာ..... အဲဒီချိန်လောက်ဆို တတိယသခင်မလေးက အဆာလွန် မသွားနိုင်ဘူးလား။


"ရှင်က သခင်လား ဒါမှမဟုတ် တတိယသခင်မလေးက သခင်လား? သခင်ဖြစ်သူ စားချင်တဲ့ အရာကို အတွန့်တက်ဖို့ ရှင့်မှာ ဘယ်တုန်းက အခွင့်ရသွားတာလဲ? သခင်တွေ ဘယ်အချိန် ထမင်းစားရမလဲဆိုတဲ့ စည်းကမ်းချက်က ဘယ်အချိန်ကတည်းက ရှိသွားတာလဲ?" သို့သော်လည်း ဟုန်ရင်မှာ စိတ်ဓာတ်ပြင်းထန်တဲ့ အကျင့်စရိုက်ရှိသူဖြစ်တယ်။ မားမားလီက သူမ သခင်ဖြစ်သူကို မထီမဲ့မြင်ပြောဆိုလိုက်တာကို ကြားလိုက်တော့၊ သူမက ရှန်းသခင်မကြီးရဲ့ ယုံကြည်အားကိုးရတဲ့ လက်ထောက်တစ်ယောက်ဖြစ်တယ်ဆိုတာကို သူမ ဂရုမစိုက်ခဲ့ပေ။ သူမက ချက်ချင်းပဲ ပြန်စစ်မေးလိုက်တော့တယ်။


မားမားလီက ရှန်းအိမ်တော်မှာ နေထိုင်လာတာ အချိန်အတော်ကြာပြီဖြစ်တယ် ဒါပေမဲ့ မည်သူမှ သူမကို ပြစ်တင်ရှုတ်ချခြင်း မရှိခဲ့ပေ။ သခင်မလေးတစ်ယောက်ဖြစ်လျှင်ပင် သူမအား အသံကျယ်ကျယ်ဖြင့် မပြောဝံ့ပေ။ သို့ပေမဲ့ အစေခံတစ်ဦးက သူမကို လူတိုင်းရဲ့ရှေ့မှာ ပြန်လှန် မေးခွန်းထုတ်ဝံ့ခဲ့တယ်။ "အိုးဟိုး၊ ကြည့်စမ်းပါဦး...ငါ့ကို လက်ညိုးထိုးဖို့ နင့်ကိုနင် ဘယ်သူမှတ်နေလဲ။ နင်က စျေးပေါတဲ့ အစေခံတစ်ယောက်ပဲ။ နင့်မှာ အခွင့်အာဏာရှိတယ်များ မှတ်နေတာလား"


"ကျွန်မက အပေါစားအစေခံဖြစ်ရင် ရှင်ကရော ဘာလဲ"ဟုန်ရင်က သူမ အင်္ကျီလက်နားစတွေကို အတင်းဆွဲနေတဲ့ ဟုန်ယွိကို ဂရုမစိုက်တော့ပေ။ သူမက ပြတ်သားသော အသံဖြင့် ပြန်ခံပြောလိုက်၏။


"ရဲတင်းလိုက်တာ!" မားမားလီ ဒေါသသွေးဆောင့်တက်သွားတော့တယ်။ "ဒီနိမ့်ကျတဲ့'ကျွန်'မကို ငါ့အတွက် ချုပ်ပေးထားကြစမ်း။ ငါ သူ့ကို သင်ခန်းစာတစ်ခု သင်ကြားပေးပြီး အစေခံတွေက ကိုယ့်အဆင့်တန်းနဲ့ကိုယ် ရှိတယ်ဆိုတာ သူ့ကို ပြရမယ်"


ဟုန်ယွီက ကရုဏာကို တောင်းခံလိုက်တယ်။ "မားမားလီ ဟုန်ရင်က အခုမှ ချောင်ရှင်း ခြံဝင်းကို ရောက်လာတာမို့လို့ပါ။ သူက ဘာမှမသိ နားမလည်ပါဘူး။ ကျေးဇူးပြုပြီးတော့ သူ့ရဲ့ ရိုင်းပြမှုတွေကို စိတ်ထဲမထားပါနဲ့ သူ့အပေါ် ရန်ငြိုးမထားလိုက်ပါနဲ့"


မားမားလီက လှောင်ကာပြောလိုက်တယ်။ "တတိယသခင်မလေးက အစေခံတွေကို ဆုံးမဖို့ မသိတော့လည်း ငါကပဲ တတိယသခင်မလေး ကိုယ်စား နင့်တို့ကို သင်ပြပေးရတာပေါ့"


"မမ ငါ ပြောတာ ဘာမှ အမှားမပါဘူး။ သူတို့တွေကသာ ငါတို့ကို ဝိုင်းမောင်းထုတ်ပြီး တတိယသခင်မလေးအတွက် နေ့လယ်စာ ချက်ဖို့ ငြင်းဆန်ခဲ့သူတွေပဲ" ဟုန်ရင်က မကြောက်မရွံ့ ကျယ်လောင်စွာ ပြောလိုက်တော့တယ်။


"တတိယသခင်မလေးက နင် သူ့ကို ခစားဝင်နေတာကြောင့်နဲ့ နင့်ကို ထောက်ပံ့ပေးမယ်လို့ နင်ထင်နေတာလား။ ရှန်းအိမ်တော်ရဲ့ အုပ်ချုပ်သူက ဘယ်သူလဲဆိုတာ နင် မသိဘူးလား" မားမားလီက ထိုသို့ပြောပြီးတဲ့နောက် သူမက ဟုန်ရင်ရဲ့ မျက်နှာနှနှလေးကို ပါးရိုက်ချလိုက်တော့တယ်။


ပါးရိုက်ချက်မှုကြောင့် ဟုန်ရင်ရဲ့ မျက်နှာက နီမြန်းဖူးယောင်သွားတော့တယ်။ သူမက ငိုရှိုက်ကာ ရုန်းကန်လိုက်တယ်။ "ကျွန်မက တတိယသခင်မလေးရဲ့ အစေခံပဲ။ ကျွန်မကို ရိုက်ဖို့ ရှင့်ကို ဘယ်သူက အခွင့်ပေးလို့လဲ"


"ဒါဆိုလည်း ငါ နင့်ကို ရိုက်နိုင်မလား မရိုက်နိုင်ဘူးလားဆိုတာ ကြည့်ကြသေးတာပေါ့" မားမားလီက ထပ်ခါ ပါးရိုက်လိုက်တော့တယ်။


"မားမားလီ တောင်းပန်ပါတယ် ကျွန်မညီမလေးကို မရိုက်ပါနဲ့..." ဟုန်ရင်က ငိုယိုပြီး ဒူးထောက်ချကာ တောင်းပန်စကားဆိုလိုက်တယ်။ "ကျွန်မညီမလေးက ရှင့်နဲ့ သဘောထားချင်းကွဲလွဲမိသွားတာပါ။ ကျေးဇူးပြုပြီးတော့ ဒေါသမထွက်လိုက်ပါနဲ့။"


"ဘာတွေဖြစ်နေကြတာလဲ?" ညီအစ်မနှစ်ယောက်ကို စားဖိုဆောင်ထဲ လွှတ်လိုက်တဲ့ ချိုင်ဖျင်က တစ်စုံတစ်ခု ဖြစ်ပျက်သွားတာကို ကြားတော့ ရောက်လာခဲ့တယ်။ ဒီလိုမြင်ကွင်းကို မြင်လိုက်မယ်ဆိုတာ ဘယ်သူက သိမှာတဲ့လဲ။


ဟုန်ရင်က ချိုင်ဖျင်ကို မြင်လိုက်သည့်အခိုက်မှာ သူမက ကယ်တင်ရှင်ကို တွေ့လိုက်ရသလိုပင်။ သူမက ရှိုက်ငိုရင်းနဲ့ ဖြစ်ပျက်မှုအလုံးစုံကို ရှင်းပြလိုက်ခဲ့တယ်။


ချိုင်ဖျင် သူမ စိတ်ထဲတွင် သက်ပြင်းချလိုက်တယ်။ ကျေးဇူးတင်ဖို့ကောင်းတာက မားမားလီကို နေ့လယ်စာ ချက်ခိုင်းဖို့ မီးဖိုချောင်ကို လာတဲ့သူက သူမ မဟုတ်လို့ပေ။ သူမက မျက်နှာခပ်တန်းတန်းဖြင့် ပြောလိုက်တယ်။ "တကယ်လား? မားမားလီက ငါးပေါင်းကို အခု မချက်ပေးနိုင်ဘူးဆိုလည်း ညစာစားတဲ့အချိန်အထိ စောင့်လိုက်ပေါ့။ နင်တို့တွေက ဘယ်လိုပြုမူရမယ်ဆိုတာ မသိကြဘူးလား!"


ဟုန်ရင်နှင့် ဟုန်ယွီတို့က ချိုင်ဖျင် သူမတို့အတွက် ရပ်တည်မပေးဘူးလို့ မမျှော်လင့်ထားခဲ့ချေ။ သူမတို့တွေ စိတ်ပျက်အားမငယ်မိဘဲ မနေနိုင်တော့ပေ။


"မားမားလီ တတိယသခင်မလေးရဲ့ အသုံးမကျတဲ့အစေခံတွေကို ဆုံးမပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ချိုင်ဖျင်က မားမားလီကို ပြုံးကာ ပြောလိုက်တယ်။


မားမားလီက တစ်ခုခုပြောတော့မည်လုပ်စဉ်မှာတော့ သူမက အသံတစ်ခုကို ကြားလိုက်ရတော့တယ်။ "ငါ့လူတွေကို ဘယ်သူက ဆုံးမရဲလဲဆိုတာ ငါ သိချင်မိပါရဲ့!"


*****


🍁🍁