အခန်း (၁၁) ငါ့လူတွေကို ဆုံးမရဲတယ်လား။
ရှန်းကျီးချောင်တစ်ယောက် သူမရဲ့နေ့လယ်စာကို သူမအစေခံတွေ ယူလာပေးတာကို အခန်းထဲမှာ စောင့်နေခဲ့တယ်။ ဝိညာဉ်ကူးပြောင်းလာတာ ရက်အနည်းငယ်ကြာခဲ့ပြီဖြစ်တော့ ယေဘူယျသဘောတရားကိုတော့ သူမ နားလည်တယ်။ မူလကိုယ်ခန္ဓာပိုင်ရှင်က အိမ်တော်ထဲမှာ အဆင့်အတန်း သိပ်မရှိပေ။ သခင်မကြီးက ရှန်းအိမ်တော်ကို တာဝန်ယူထားတာဖြစ်ပေမယ့် အဲဒီအဘွားကြီးက သူမကို လုံးလုံး ကြည့်မရပေ။ အစေခံတွေ သူမကို ဆက်ဆံတဲ့ပုံကို ကြည့်ကာ သူမ သိနိုင်တယ်။
ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်ကတည်းက အစေခံတွေက သူမအပေါ် ရိုသေလေးစားမှုမရှိဘဲ သူတို့တွေ ဝတ်ဆင်ထားတဲ့ အသုံးအဆောင်တွေနှင့် အဝတ်အစားတွေက သူတို့အဆင့်အတန်းတွေနဲ့ သင့်လျော်မှုမရှိတာကို သူမ သတိပြုမိထားတယ်။ သူမကိုယ်တိုင်က တရား၀င်သခင်မလေးတစ်ယောက်ဖြစ်တယ်ဆိုတာ ပြောဖို့ပင်မလိုပေ။ သူမ အဝတ်အစားတွေနှင့် အဆင်တန်ဆာတွေက ကိုယ်လုပ်တော်ဖွား သခင်မလေးနှစ်ဦးထက်ပင် ပိုဆိုးရွားနေတာပင်။
ဒါက တကယ့်အဖြစ်မှန်ပဲ..... စိတ်ထိခိုက် ဝမ်းနည်း ဆို့နင့်စွာနဲ့ ကိုယ်ကို လေးဆယ့်ငါးဒီဂရီ ထောင့်ချိုး ချိုးကာ ကောင်းကင်ကိုပဲ သူမ မော့ကြည့်လိုက်တော့တယ်။ အရန်အမျိုးသမီးဇာတ်ကောင်တစ်ယောက်အနေနဲ့ ဝိညာဉ်ကူးပြောင်းလာတာဖြစ်ပေမဲ့ သူမကတော့ ဘာမှအဖြစ်မရှိတဲ့ အချစ်နာကျတဲ့ အရန်အမျိုးသမီးဇာတ်ကောင် ဇာတ်ရုပ်အဖြစ်ခံလေးသက်သက်ပဲ။ သူမက ဘယ်လိုသွားပြီး ဇာတ်လိုက်မင်းသမီးကို တိုက်ခိုက်ရမှာလဲလို့။
ဇာတ်လိုက်မင်းသမီးကို မတိုက်ခိုက်နိုင်ခင်မှာ ရှန်းအိမ်တော်ထဲက မကောင်းတဲ့ဇာတ်ကောင်တွေကို တိုက်ခိုက်ဖို့ သူမ လိုအပ်တယ်!
"အစ်မချိုင်ဖျင်ရေ ဟုန်ယွိက မားမားလီနဲ့ ရန်ဖြစ်နေတယ်တဲ့" အပြင်ဘက်ကနေ အစေခံတစ်ယောက်ရဲ့အသံ ထွက်ပေါ်လာခဲ့တယ်။
"အဲဒီနလိမ်းပိန်းတုံးမက မာမားလီကို ဘယ်လိုလုပ် စော်ကားမိလိုက်တာလဲ" ချိုင်ဖျင်က ဒေါသတကြီး မေးမြန်းလိုက်တယ်။ "မားမားလီက ရှန်းသခင်မကြီးရဲ့လူဆိုတာ သူ သိတယ်မို့လား"
ရှန်းကျီးချောင် အနားကပ်ပြီး နားထောင်ချင်လိုက်ပေမဲ့လည်း သူမထံမှ တဖြည်းဖြည်း ဝေးကွာသွားသော ခြေလှမ်းသံတွေကိုသာ ကြားလိုက်ရတယ်။
သူမ ကန့်လန့်ကာကို 'မ' တင်လိုက်ပြီး ထွက်သွားလိုက်တယ်။ သူမရဲ့ရော့ယဲယဲ ဆံပင်ကို ဆံညှပ်တစ်ခုဖြင့်သာ စည်းနှောင်ထားခဲ့တယ်။ သူမက အေးမြတဲ့မွတ်ဆလင်စအပါးသား ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထားခဲ့တယ်။ သူမပုံစံက လန်းဆန်းပြီး လှပချောမွေ့နေတဲ့ ပုံပေါက်နေခဲ့တယ်။ တံခါးပေါက်ဝ အနားက အစေခံကို သူမ လက်ဝေ့ရမ်းပြလိုက်တယ်။ "ဟုန်ယွီတစ်ယောက် ဘာဖြစ်သွားတာလဲ"
အစေခံကတော့ ဖျင်အာပင်။ ဟုန်ယွီလိုပင် သူမကလည်း ရှန်းကျီးချောင်ကို ခစားဖို့ ချောင်ရှင်းခြံဝင်းကို ဝင်ရောက်လာခဲ့တာဖြစ်တယ်။ သူမက ဟုန်ရင် နဲ့ ကောင်းမွန်သောဆက်ဆံရေးတစ်ခုရှိတာဖြစ်တယ်။ ဒါ့ကြောင့် သူမက ဟုန်ရင်ကို ချိုင်ဖျင်က သွားပြီး ကယ်တင်နိုင်ဖို့ မျှော်လင့်ပြီး မီးဖိုချောင်တွင် ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တွေကို သူမကို လာပြောပြတာဖြစ်တယ်။
ဖျင်အာက ဖူးရောင်နေတဲ့ မျက်လုံးတွေနဲ့ မီးဖိုချောင်တွင် ဖြစ်ပျက်ခဲ့တာတွေကို ရှန်းကျီးချောင်အား ပြောပြလိုက်ခဲ့တယ်။
ရှန်းကျီးချောင်က အဖြစ်အပျက်တွေကို ကြားလိုက်ချိန်မှာ သူမ ဗိုက်ထဲကနေ ဒေါသ ဘောလုံးတစ်လုံးလောက် ဆန်ထွက်လာတာကို ခံစားလိုက်ရတယ်။ "ဟုန်ရင်က ငါ့အတွက် ငါးပေါင်းချက်ပေးဖို့ စားဖိုဆောင်ကို ပြောခဲ့ပြီးတော့ ရလဒ်အနေနဲ့ မားမားလီ ပါးရိုက်တာကို ခံလိုက်ရတယ်ပေါ့"
"ဟုန်ရင်က တဲ့တိုးဆန်တဲ့ ပင်ကိုယ်စရိုက် ရှိတယ်။ သူ... သူက....မားမားလီကို ဆန့်ကျင်မိသွားတာကြောင့်ပဲဖြစ်နိုင်မှာပါ......" ဖျင်အာက ဟုန်ရင်က မယဉ်ကျေးတဲ့အတွက် ရှန်းကျီးချောင် ဒေါသထွက်နေတယ်လို့ပဲ မှတ်ယူလိုက်တာမို့ မျက်ရည်ဝဲတဲတဲ မျက်လုံးတွေနဲ့ ရှင်းပြလိုက်ခဲ့တယ်။
"အဲဒီမားမားလီက ငါ့အစေခံတွေကို ဆိုဆုံးမ ပိုင်ခွင့်မရှိသေးဘူး" ရှန်းကျီးချောင် နှာခေါင်းရှုံ့ လိုက်သည်။ "ငါ့ကို စားဖိုဆောင်ထဲ ခေါ်သွားစမ်း"
တတိယသခင်မလေးဖြစ်သူက ဘာဖြစ်လို့ စားဖိုဆောင် ဘယ်မှာရှိလဲဆိုတာကို မသိမှန်း ဖျင်အာ မတွေးမိတော့ပေ။ သူမက လမ်းပြဖို့ ရှေ့ကို ဦးဆောင်လျှောက်သွားလိုက်ခဲ့တော့တယ်။
သူတို့တွေ စားဖိုဆောင် အပြင်ဘက်သို့ရောက်တဲ့အချိန်မှာတော့ မားမားလီရဲ့ မောက်မောက်မာမာ ပြောဆိုနေတဲ့ စကားသံတွေကို ရှန်းကျီးချောင် ကြားလိုက်ရတယ်။ ဒါပေမဲ့လည်း သူမရဲ့ အစေခံဖြစ်တဲ့ ချိုင်ဖျင်က ချောင်ရှင်းခြံဝင်းရဲ့ အစေခံတွေကို ကာကွယ်မပေးရုံသာမက မားမားလီကိုပင် မျက်နှာလိုမျက်နှာရလုပ်နေခဲ့တယ်။ ရှန်းကျီချောင်တစ်ယောက် ဒေါသတွေက ပိုလို့ပင် ထိုးတက်သွားတော့တယ်။
မားမားလီက ရှန်းကျီးချောင်အသံကို ကြားလိုက်ရချိန် သူမက လုံးဝ ထိတ်လန့်မသွားပေ။ သူမက ရှန်းကျီးချောင်ရှေ့မှောက်တည့်တည့်မှာပဲ ဟုန်ရင် ကို ကန်ကျောက်လိုက်သေးတယ်။ "တတိယသခင်မလေး သခင်မလေး လာတာနဲ့အတော်ပဲ။ သခင်မလေးအတွက် ဒီရိုင်းစိုင်းတဲ့အစေခံမတွေကို ကျွန်မ သင်ကြားပေးနေတာ"
ရှန်းကျီးချောင် သူမရဲ့ မျက်ခုံးလှလှလေးတွေကို ပင့်တင်ကာ လျှောက်ဝင်သွားလိုက်တယ်။ သူမက သူမကို မျက်လုံးထဲ လုံးလုံး ထည့်သွင်းမထားတဲ့ မားမားလီကို မကြည့်ခင် ဟုန်ရင် ရဲ့ ရောင်ကိုင်းပြီး ပွန်းပဲ့နေတဲ့ မျက်နှာကို သူမ ကြည့်ရှုလိုက်တယ်။
သူမက ရုတ်တရက် ပြုံးလိုက်တယ်။ "မားမားလီ ကျွန်မအစေခံနှစ်ယောက်က စည်းကမ်းတွေကို ဘယ်လို မလိုက်နာခဲ့လို့လဲ"
ရှန်းကျီးချောင်က သူမ သဘောထားကို မဖော်ပြဝံ့ကြောင်း မားမားလီ သေချာလေတယ်။ "တတိယသခင်မလေး မီးဖိုချောင်မှာ မီးဖိုချောင် စည်းကမ်းဆိုတာ ရှိပါတယ်။ နေ့လယ်စာ စားချိန် ကျော်ပြီးသွားတော့ ဟင်းချက်ချိန်လည်း ပြီးသွားပြီ။ ဒီနွားမနှစ်ကောင်က လောဘတကြီးစားသောက်ဖို့ တတိယသခင်မလေးအဆင့်တန်းကို အသုံးချပြီး မီးဖိုချောင်မှာ ရတနာရှစ်မျိုးထမင်းပေါင်း လာလုပ်ခိုင်းတာ။ ရလဒ်အနေနဲ့ ကျွန်မက သူတို့ကို သင်ခန်းစာတစ်ခု သင်ကြားပြသပေးလိုက်တာပါ"
ဒီလိုပြောလိုက်ခြင်းအားဖြင့် သူမက ရှန်းကျီးချောင်ကို ကူညီပြီး သူမကို ဒီအခြေအနေကနေ လွတ်မြောက်လမ်းရှာနိုင်လိမ့်မယ်လို့ သူမ တွေးတောလိုက်ခဲ့တယ်။ ရတနာရှစ်မျိုးထမင်းပေါင်းကို သူမ စားချင်တာကို သူမက ဝန်ခံလိမ့်မှာ မဟုတ်ဘူးပဲ။
ဒီလိုအရာတွေက အမြဲတမ်း ဒီအတိုင်းပင်။ ရှန်းကျီးချောင်က သခင်မကြီးရဲ့ လူတွေနဲ့ ဘယ်တုန်းကမျ မရောယှက်ရဲတာပင်။
ရှန်းကျီးချောင်က အဒေါ်လီစကား နောက်ကွယ်က အဓိပ္ပါယ်ကို ဘယ်လိုလုပ် မပြောနိုင်ဘဲ နေမှာလဲ။ သူမက သူ့စကားနောက်ကို မလိုက်ခဲ့ပေ။ ထိုအစား နှာခေါင်းရှုံ့လှောင်ပြောင်ကာ မေးလိုက်တယ်။ " ရတနာရှစ်မျိုးထမင်းပေါင်းနဲ့ ငါးပေါင်းကို ကျွန်မ စားချင်တာ။ ဘယ်အချိန်ကစပြီးတော့ သခင်ဖြစ်သူက ထမင်းစားဖို့အတွက် အစေခံတွေချမှတ်ထားတဲ့ စည်းကမ်းကို လိုက်နာသွားရတာလဲ?"
ထိုစကားကြားတော့ အဒေါ်လီရဲ့ အပြုံးက အေးခဲသွားတော့တယ်။ သူမက ပြောလိုက်တယ်။ "တတိယသခင်မလေး ရှန်းသခင်မကြီးက..... မီးဖိုချောင်ထဲက စည်းမျဉ်းတွေကို သိပါတယ်"
"ဘာ စည်းကမ်းများလဲ" ရှန်းကျီးချောင်က ပြုံးကာ မေးလိုက်တယ်။ "ငါက ဗိုက်ဆာနေပေမယ့် နင်တို့တွေက ငါ့အတွက် မီးဖိုကိုဖွင့်ပြီး ချက်ပြုတ် မပေးနိုင်တာလား? ဒါတွေက ရှင်ပြောတဲ့ စည်းကမ်းတွေပဲလား"
"တတိယသခင်မလေး ကျေးဇူးပြုပြီးတော့ ကျွန်မအတွက် ခက်ခဲအောင် မလုပ်ပါနဲ့၊ မီးဖိုချောင်မှာ နေ့စဉ်နဲ့အမျှ လုပ်စရာတွေ အများကြီးရှိနေတာ.. ရှန်းသခင်မကြီးရဲ့ အစားအသောက်တွေကို နှောင့်နှေးသွားစေမယ့် တာဝန်ကို ကျွန်မ မယူနိုင်ပါဘူး" အဒေါ်လီက စကားဝိုင်းကို သဘောမတူပေမဲ့လည်း လက်တွေ့မှာတော့ သူမက သူမကို မျက်နှာသာမပေးတဲ့ ရှန်းကျီးချောင်ကို မထီမဲ့မြင်ကြည့်ရှုကာ အရှက်မရှိစွာ သူမနဲ့ ဆက်ငြင်းခုန်နေလိုက်တယ်။
ရှန်းကျီးချောင်က သူမကို အေးစက်စွာ စိုက်ကြည့်ကာ ပြောလိုက်တယ် "ကျွန်မကပေါ့ ဟုတ်လား? မားမားလီ ရှင့်မှာ ဒီလိုပြောဖို့ တော်တော် မျက်နှာတွေရှိနေတာပဲ"
အဒေါ်လီက သူမ နှုတ်ခမ်းကို စေ့ပိတ်ကာ ပြောလိုက်တယ်။ "ဒီအစေခံက မပြောဝံ့ပါဘူး၊ ဒီအစေခံက အမှန်အတိုင်းပဲ ပြောနေတာပါ"
"ငါ့အတွက် ငါး သွားပေါင်းလိုက်စမ်း။ ငါ ရတနာရှစ်မျိုးထမင်းပေါင်းနဲ့ ဂျင်းကြက်သားပေါင်းလည်း စားချင်တယ်" ရှန်းကျီးချောင် မျက်ထောင့်နီနီနဲ့ သူမကို စိုက်ကြည့်ကာ မောက်မာစွာ အမိန့်ပေးလိုက်တယ်။
အဒေါ်လီရဲ့မျက်နှာက စိမ်းလန်းသွားလိုက်ရင်းနဲ့ သူမက ပြောလာလိုက်တယ်။ "တတိယသခင်မလေး ဒီအစေခံက အဲဒါတွေကို အခုချက်ချင်း လုပ်ပေးလို့မရပါဘူး"
"ရှင့်ကို အမိန့်ပေးတာကို ရှင်က မလုပ်နိုင်ဘူးဆိုမှတော့ ရှင်ရှိနေတာ ကျွန်မအတွက် ဘာများအသုံးဝင်တော့မှာလဲ? သူ့ကို ဆွဲထုတ်လိုက်ကြစမ်း.. ရှန်းအိမ်တော်က အသုံးမကျတဲ့ လူတွေကို ကျွေးမွေးမထားနိုင်ဘူး" ရှန်းကျီးချောင်က သူမအပြုံးကို ဆက်လက်ထိန်းထားပေမဲ့ မားမားလီကို အရေးတယူလုပ်ပြီး မကြည့်ခဲ့ချေ။
"ဒီနေရာမှာ အသုံးမကျတဲ့သူက ဘယ်သူလဲဆိုတာ ဘယ်သူသိမှာလဲ"
တတိယသခင်မလေးက ဘယ်တုန်းကမှ အစေခံမိန်းကလေးတွေဘက်က မရပ်တည်ပေးခဲ့တာမို့ အဒေါ်လီတစ်ယောက် အံ့ဩသွားတော့တယ်။
'သူမ ဒီနေ့ကျမှ ဘာလို့ ဒီလိုလုပ်နေရတာလဲ။'
ထို့ကြောင့် တတိယသခင်မလေးက သူမကို မောင်းထုတ်လိုက်တော့ဟု ပြောလိုက်တာကို ကြားလိုက်ရချိန် သူမ ဒေါသထွက်စွာနဲ့ ပြန်ခွန်းတုံ့မပြောဘဲ မနေနိုင်တော့ပေ။
"ဟုန်ယွီ သူ့ကို ပါးရိုက်လိုက်စမ်း" ရှန်းကျီးချောင် မျက်နှာ မည်းမှောင်စွာနဲ့ ပြောလိုက်တော့တယ်။
သူမ သခင်မဖြစ်သူရဲ့ အမိန့်ကို ကြားလိုက်ရတဲ့အခါ ဟုန်ယွီ သူမ မျက်နှာ ပျက်ယွင်းသွားတော့တယ်။ သူမ တုံ့ဆိုင်းသွား၏။ "တတိယသခင်မလေး..."
အဆုံးမှာတော့ အဒေါ်လီက ရှန်းသခင်မကြီး၏ မိခင်အိမ်တော်ဘက်မှ လိုက်ပါလာတဲ့ အစေခံထဲမှ တစ်ဦးပင်။ ထို့ကြောင့် အကျိုးဆက်များကို မျှော်မှန်းခြင်းမရှိတဲ့ မည်သူကမှ သူမအပေါ် အလွယ်တကူ လက်မတင်နိုင်ချေ။
"ဟုန်ယွီ နင် မထသေးဘူးလား" သူမရဲ့ တုံ့ဆိုင်းနေမှုကို ခံစားလိုက်ရတာကြောင့် ရှန်းကျီးချောင် ဟုန်ရင်ကို နောက်ပြန်လှည့်မကြည့်မီ ဟုန်ယွီကို လှမ်းကြည့်လိုက်တယ်။
"တတိယသခင်မလေးက ဒီနိမ့်ကျတဲ့ အစေခံကို မေးလာတည်းက သေချာပေါက် 'ထ'လာနိုင်ရမှာပေါ့" သူမ နာကျင်မှုကို တောင့်ခံကာ ဟုန်ရင် ခက်ခက်ခဲခဲ မတ်တပ်ထရပ်လိုက်တယ်။ အဲဒီနောက် သူမလက်ကို မြှောက်ကာ အဒေါ်လီကို ကြမ်းကြမ်းတမ်းတမ်း ဘယ်ပြန်ညာပြန် ပါးရိုက်ချလိုက်တော့တယ်။
အထက်စီးဆန်နေတဲ့ အဒေါ်လီက ဒီလိုမျိုး ပြန်ကန်ထွက်လာမှုမျိုးအား သူမ မမျှော်လင့်ထားပေ။ သူမက ရှန်းကျီးချောင်ကို မယုံနိုင်စွာ လှမ်းကြည့်လိုက်တယ်။ "နင် ငါ့ကိုရိုက်ရဲတယ်ပေါ့လေ"
"ဘာလို့ ကျွန်မက မရိုက်ရဲရမှာလဲ? ဒီနေ့ ဘယ်သူက ဒီနေရာက သခင်ဖြစ်တာလဲဆိုတာ ရှင် သေချာသိအောင် ပြရဦးမှာပေါ့" ရှန်းကျီးချောင်က အေးစက်စွာပြောလိုက်တယ်။ "ဟုန်ရင် သူ့ကို ဆက်ပြီး ပါးရိုက်လိုက်စမ်း။ ရှန်းအိမ်တော် ရဲ့ တတိယသခင်မလေးဖြစ်တဲ့ ငါ့ကို ဘယ်လိုလေးစားရမလဲဆိုတာ သူ သိတဲ့အထိ ဆက်သာရိုက်ပစ်"
ဟုန်ရင်က ခေါင်းညိတ်လိုက်ပြီး အဒေါ်လီကို နောက်ထပ် နှစ်ကြိမ်ထပ်ကာ ဖျန်းခနဲ ပါးရိုက်ချလိုက်တော့၏။
ပထမအကြိမ်က မတုန်လှုပ်ခဲ့သည့်အတိုင်း သူမက ဒုတိယအကြိမ်မြောက် ပါးရိုက်ခံလိုက်ရတော့၏။ အဒေါ်လီက အံအားသင့်ကာ မျက်လုံးအပြူးသားဖြင့် စူးရှစွာအော်ဟစ်လိုက်ပြီး အပေါက်ဆိုးဆိုးအမျိုးသမီးတစ်ယောက်လို ဟန်ဆောင်မှုအားလုံးကို လွှတ်ချကာ ဟုန်ရင်ကို စတင်တိုက်ခိုက်တော့မည့်ဟန် ပြင်လိုက်တော့တယ်။
"ကောင်မ နင်က ငါ့ကို ရိုက်ရဲတယ်ပေါ့လေ!"
"သူမကို ချုပ်ထားကြစမ်း!" ရှန်းကျီးချောင် သူမဘေးနားက ဖျင်အာ နဲ့ ဟုန်ရင်ကို အမိန့်ပေးလိုက်တယ်။
နှစ်ယောက်သားက အမိန့်ကို လျစ်လျူမရှုရဲပေ။ အပြေးအလွှား သွားလိုက်ရင်း သူတို့တွေက အဒေါ်လီရဲ့ လက်မောင်းတွေကို တစ်ယောက်တစ်ဖက်စီ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ချုပ်ကိုင်ထားလိုက်ကြ၏။
ဖြစ်စဉ်တစ်လျှောက်လုံး ချိုင်ဖျင်က ရွှံ့ရေထဲ ဝင်နင်းလိုစိတ်မရှိဘဲ ဘေးနားတွင်သာ ငြိမ်ငြိမ်လေး မတ်တပ်ရပ်နေခဲ့သည်။ ဒါပေမဲ့ ရှန်းကျီးချောင်က မားမားလီကို ရဲဝံ့စွာ ရိုက်နှက်ရဲပြီး ဒုတိယအကြိမ်ပင် ရိုက်လိုက်တာကို မြင်လိုက်ရတော့ အဖြစ်ပျက်တွေက ထိန်းချုပ်လို့မရနိုင်တော့ဘူးဆိုတာ သူမ သဘောပေါက်သွားလိုက်တယ်။ သူမ အလျင်အမြန် ကြားဝင်နှောက်လိုက်ပြီး ဟုန်ရင်ကို တားမြစ်ဖို့ ကြိုးစားလိုက်တော့တယ်။
"တတိယသခင်မလေး ပြဇာတ်ကနေတာကို ရပ်လိုက်။"
"ပြဇာတ်ဖန်တီးတဲ့သူက ဘယ်သူလဲ" ရှန်းကျီးချောင်က ဟုန်ရင်ကို ဝင်ဆွဲလိုတဲ့ အမျိုးသမီးတွေကို စူးစူးရဲရဲ ဝေ့ကြည့်ကာ မေးလိုက်တယ်။ "ငါ့လူတွေကို ဘယ်သူထိရဲလဲ? နင်တို့တွေကို ငါ မထိဝံ့ဘူးလို့ နင်တို့အားလုံး တကယ်ထင်နေကြတာလား"
ရှန်းကျီးချောင်က မည်သို့ပင် အနှစ်သက်မခံရ ဖြစ်နေပါစေ သူမက ရှန်းအိမ်တော်ရဲ့ တရားဝင်သမီးဖြစ်နေဆဲပင်။ အိမ်တော်သခင်နှင့် အကြီးဆုံးသခင်လေးတို့က အဖိုးတန်ရတနာတစ်ပါးလို သူမကို ဖူးဖူးမှုတ် အလိုလိုက်ထားခဲ့တာဖြစ်တယ်။ အခု သူတို့တွေ အိမ်ပြန်လာတော့မယ်ဆိုတာ စကားပြန် ကြားလာခဲ့တယ်။
'အခု ရှန်းအိမ်တော်ထဲတွင် အပြောင်းအလဲရှိတော့မှာများလား။'
ရှန်းကျီးချောင်က အော်ဟစ်ပြောဆိုပြီးတာနဲ့တစ်ပြိုင်နက် ဘယ်သူတစ်ဦးတစ်ယောက်မှ မလှုပ်ရှားရဲတော့ချေ။
အဒေါ်လီမှာ ဆိုးဆိုးရွားရွား အရိုက်ခံရပြီး ပွန်းပဲ့ဒဏ်ရာများ ရရှိသွားကာ ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးလိုက်တော့တယ်။ သူမက မကျေမချမ်းဖြစ်စွာနဲ့ ဒေါသခြောင်းခြောင်းထွက်သွားကာ သူမ ခံစားနေရတဲ့ နာကျင်မှုနဲ့ အရှက်တရားတွေအတွက် လက်စားချေဖို့ ကြံရွယ်လိုက်တယ်။ "တစ်ယောက်ယောက် ငါ့ကို ကယ်ကြဦး၊ တတိယသခင်မလေးက ငါ့ကို သေတဲ့အထိ ရိုက်နှက်နေတယ်၊ တစ်ယောက်ယောက်က ငါ့ကို လာကယ်ကြပါဦး..." သူမက အသံကိုအမြင့်ဆုံးမြှင့်တင်ကာ အသားကုန်အော်ဟစ်လိုက်တော့၏။
ဟုန်ယွီက ရှန်းကျီးချောင်ကို ချက်ချင်းပင် လှည့်ကြည့်လိုက်တယ်။ မားမားလီ ရဲ့ လုပ်ရပ်တွေကို သူမ ထွင်းဖောက်မြင်ခဲ့တာကြောင့်ပင်။ တကယ်လို့ သူတို့တွေ သူမကို ဆက်အော်ခွင့်ပြုထားမယ်ဆိုရင် သူမက ရှန်းသခင်မကြီးကို သတိပေးမိသလိုဖြစ်သွားမှာပင်။
ရှန်းကျီးချောင်က ဟုန်ယွီရဲ့ အကြည့်နောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်သွားလိုက်ရတယ်။ ဒါပေမဲ့လည်း သူမက အေးစက်စွာပြောလိုက်တယ် "သူ့ကို အော်ခွင့်ပြုလိုက်"
အဒေါ်လီ ပါးရိုက်ခံရသည့်အချိန်မှစလို့ အခုအချိန်အထိကို ချိုင်ဖျင်မှာ ထပ်ခါတလဲလဲ အံ့ဩဘနန်းကြီးနေခဲ့ရတယ်။ ဒီနေ့ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေကို သူမ နားမလည်နိုင်တော့ပေ။ နေရောင်အောက်မှာရှိတဲ့ ရှန်းကျီးချောင်ရဲ့ ဖျော့တော့ချောမွေ့တဲ့ မျက်နှာလေးကို ငေးမောကြည့်ရင်း မသက်မသာခံစားရတဲ့ အရိပ်အယောင်တစ်ခု သူမစိတ်ထဲမှာ ခံစားလိုက်ရတယ်။
ဒါပေမဲ့လည်း သခင်ကြီးနှင့် သခင်လေး အိမ်တော်မှာ ရှိတုန်းကတော့ တတိယသခင်မလေးက အစေခံကောင်မလေးတွေအတွက် ဘယ်တုန်းကမှ မရပ်တည်ပေးခဲ့ဖူးဘူးပဲ။
******
🍁🍁