အခန်း ၂၂၁ ဇိမ်ခံလွန်းတယ်
“ကောင်းပြီ၊
ငါလည်း အရမ်းတင်းမာနေတယ်။ ရုပ်ဆိုးရင်လည်း ကိစ္စမရှိတော့ဘူး။ ငါ့ကို ဖြေလျော့ပေးနိုင်ရင်
ရပြီ!"
သူတို့လူကို
သွားရှာမည့် ရဲမက်က ညစ်ညမ်းသောစကားများကို ပြောနေရင်း ရယ်မောကာ တောထဲသို့ ဝင်သွားခဲ့သည်။
အော်ဟစ်နေသော ရှင်းရူဟိုင်၏အသံကလည်း
အက်ရှနေပြီဖြစ်ကာ သူ့မျက်လုံးထောင့်များမှ သွေးမျက်ရည်များ စီးကျလာသည်။
သူ့မျက်လုံးများထဲတွင် အမုန်းတရားများ ပြည့်နှက်နေပြီး သူက သူ့လက်သည်းများက
သူ့လက်ဖဝါးထဲသို့ နက်နက်နဲနဲ စိုက်ဝင်သည်အထိ လက်သီးကို တင်းနေအောင် ဆုပ်ထားခဲ့သည်။
သူ့လက်ထဲမှာ ဓားတစ်ချောင်းရှိနေခဲ့ရင်
သူ့မိန်းမရဲ့အပြစ်ကင်းစင်မှုကို ညစ်နွမ်းစေတဲ့ ဒီလူယုတ်မာတွေကို သတ်ပစ်ဖို့ သူ တွန့်ဆုတ်နေမှာ
မဟုတ်ဘူး။
ရဲမက်များက ရှင်းရူဟိုင်
လှုပ်ရှားမည်ကို ကြောက်ရွံ့နေပြီး သူ့ကို တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားပြီး
တိရိစ္ဆာန်တစ်ကောင်ကဲ့သို့ သူတို့၏ခြေထောက်များအောက်တွင် ဖိနင်းထားခဲ့သည်။
တောထဲသို့ လူရှာရန်
ဝင်သွားသောရဲမက်ကလည်း အချိန်အတော်ကြာသည်အထိ ပြန်ထွက်မလာခဲ့ပေ။ ရဲမက်ခေါင်းဆောင်က
တစ်ခုခုမှားနေသည်ဟု ခံစားရပြီး မြေပြင်ပေါ်တွင် ချထားသော သူ့ဓားကို
ကောက်ကိုင်လိုက်ကာ သူ့၏လက်အောက်ငယ်သားများကိုလည်း ခပ်တိုးတိုး အမိန့်ပေးလိုက်သည်။
“အခြေအနေက
မမှန်ဘူး။ မင်းတို့ရဲ့လက်နက်တွေကို အဆင်သင့်ပြင်ထား"
သူ့စကားဆုံးသည်နှင့်
တောထဲမှ မျက်နှာဖုံးစွပ် လူသုံးယောက် ပြေးထွက်လာသည်ကို သူတို့ တွေ့လိုက်ရသည်။
သူတို့သုံးယောက်လုံးက ဓားများ ကိုင်ဆောင်ထားပြီး သတ်ဖြတ်ရန် ရည်ရွယ်ချက်အပြည့်ဖြင့်
သူတို့ဆီသို့ ပြေးလာနေခြင်း ဖြစ်သည်။
“မြန်မြန်
တားကြစမ်း၊ တစ်ယောက်ယောက်က အကျဉ်းသားတွေကို လုယက်တော့မယ်”
ရဲမက်ခေါင်းဆောင်က
ကမန်းကတန်း အော်ဟစ်အမိန့်ပေးလိုက်ပြီး သူ့လက်အောက်ငယ်သားများ အတူတူ တိုက်ခိုက်ရန်
လှုံဆော်လိုက်သည်။ သူတို့က ရန်သူများထက် လူအင်အားပိုများသောကြောင့် သူတို့အနိုင်ရမည်ဟု
သူ ယုံကြည်ထားခဲ့သည်။
တကယ်တမ်း
တိုက်ခိုက်ချိန်မှသာ ထိုသုံးယောက် အလွန် အစွမ်းထက်နေမှန်း သူတို့ သိလိုက်ရသည်။
ထိုလူများက သုံးယောက်တစ်ယောက်ကိုပင် အလွယ်တကူ ယှဥ်ပြိုင်တိုက်ခိုက်နိုင်ပြီး ရဲမက်များ
တယောက်ပြီး တယောက် အသတ်ခံနေရသည်။ ရဲမက်ခေါင်းဆောင်က သူတို့ ထိုလူများကို
မယှဉ်နိုင်ကြောင်း နားလည်သွားပြီး လွတ်မြောက်ရန် နည်းလမ်းရှာသည့်အနေဖြင့်
ရှုံးနိမ့်ကြောင်း ဝန်ခံကာ အမြန်လက်နက်ချလိုက်သည်။
“အစ်ကိုကြီး၊
ပြောစရာရှိရင် စကားနဲ့ ပြောလို့ရပါတယ်။ အစ်ကိုကြီးတို့က ပိုက်ဆံရှာနေကြတာလား? အစ်ကိုကြီးတို့
အသုံးလိုတာတွေ ဝယ်ဖို့ လိုနေတဲ့ငွေကို ကျွန်တော် ပေးပါ့မယ်"
ရဲမ်ကခေါင်းဆောင်က
ငြိမ်းချမ်းမှုကို ငွေဖြင့် ဝယ်ယူရန် ကြိုးစားနေခဲ့သည်။
သူတို့ လမ်းမှာ
ဓားပြတွေနဲ့ အကြိမ်ပေါင်းများစွာ ကြုံခဲ့ကြပေမယ့် လုရက်ခံရတာတော့ မရှိပါဘူး။ အဲ့တာက
အစိုးရကို တိုက်ရိုက် မဆန့်ကျင်ချင်ကြတာကြောင့်လဲ ပါသလို ဆင်းရဲနွမ်းပါးတဲ့ အကျဥ်းသားတစ်စုမှာ
ငွေအမြောက်အမြား မရှိတာကြောင့်လည်း ပါတယ်။ အဲ့တာကြောင့် သူတို့ လမ်းတစ်လျှောက်တွင်
လုံခြုံခဲ့ကြတယ်။
ကျင့်ရှီလျိုမြောင်နဲ့
နီးလာမှ လုယက်မှုနဲ့ ကြုံရလိမ့်မယ်လို့တော့ သူ မမျှော်လင့်ထားခဲ့ဘူး။ အခုလည်း သူ
ဒီလူတွေကို ဓားပြတွေလို့ ခန့်မှန်းလိုက်ပြီး တကယ့်ဓားပြတွေ ဖြစ်ဖို့လည်း
မျှော်လင့်နေမိတယ်။
ဓားပြတွေက
ပိုက်ဆံပဲ လိုချင်တာဆိုတော့ ပိုက်ဆံရရင် လူတွေကို ပြန်လွှတ်ပေးလိုက်မယ်။
သူတို့က အကျဉ်းသားတစ်ဦးဦးကို
လုယူဖို့လာတာဆိုရင်တော့ သူရဲ့ငွေတွေတင်မကဘဲ သူ့အသက်ကိုပါ ဆုံးရှုံးရလိမ့်မယ်။
"မင်းရဲ့ ညစ်ပတ်တဲ့ပိုက်ဆံ ငါက လိုချင်မယ်လို့ ထင်နေတာလား?"
ချွီတာ့က ဒေါသတကြီး
ကြိမ်းမောင်းလိုက်ပြီး ရဲမက်ခေါင်းဆောင်ကို သူ့လက်ထဲမှ ဓားဖြင့် လှမ်းခုတ်လိုက်သည်။
ရဲမက်ခေါင်းဆောင်က ကြောက်လန့်တကြားဖြင့် သူ့ခေါင်းကို အမြန်ငုံ့ကာ ရှောင်တိမ်းလိုက်သောကြောင့်
သူ့ဦးထုပ်ကို ခုတ်မိသွားပြီး သူ့ဦးခေါင်းပေါ်ရှိ ဆံထုံးပင် ပြတ်တောက်သွားခဲ့သည်။ ပြတ်သွားသော
ဆံပင်များက ဖရိုဖရဲ ပြေကျလာပြီး သူ့မျက်လုံးများပေါ်သို့ ကျလာကာ သူ့၏အမြင်အာရုံကို
ပိတ်ဆို့လိုက်သည်။
ပထမခုတ်ချက်
လွဲသွားပြီးနောက် ချွီတာ့က တုံ့ဆိုင်းမနေဘဲ နေက်တစ်ချက် ထပ်ခုတ်လိုက်သည်။ ဤတကြိမ်တွင်
ရဲမက်ခေါင်းဆောင်က မရှောင်တိမ်းနိုင်တော့ဘဲ သူ့ခေါင်းက မြေပြင်ပေါ်သို့
လိမ့်ကျသွားပြီး မျက်လုံးပြူးကြီးဖြင့် သေဆုံးသွားရသည်။
သူတို့၏ခေါင်းဆောင်နှင့်
အခြားရဲမက်များ အသတ်ခံရသည်ကို မြင်လိုက်ရသောကြောင့် ကျန်နေသည့်ရဲမက်များက အလွန်ထိတ်လန့်နေကြပြီ
ဖြစ်သည်။ သူတို့က ခွင့်လွှတ်ပေးရန် တောင်းပန်ချင်နေကြသော်လည်း ချွီတာ့တို့က
သူတို့ကို အခွင့်အရေး မပေးကြတော့ပေ။
သူတို့က လူတွေကို
ကာကွယ်ဖို့နဲ့ စစ်မြေပြင်မှာ ရန်သူတွေကို သတ်ဖို့ သူတို့ရဲ့အသက်ကိုတောင် စွန့်လွှတ်ထားပြီးပြီ။
ဒါပေမယ့် ဒီလိုသားရဲကောင်တွေကိုတော့ မကာကွယ်ပေးနိုင်ဘူး။
ပြီးတော့ သူတို့က
အကျဉ်းသားတွေကို လုယူမှာဆိုတော့ ဒီရဲမက်တွေကို တစ်ယောက်မှ အသက်ရှင်ရက် ချန်ထားဖို့
မဖြစ်နိုင်တော့ဘူး။ သူတို့ အကုန် သေမှ ဖြစ်မယ်။
ပြည်နှင်ဒဏ်ခံရသူများက
ထိုစိတ်ဝိညာဉ်အထိ ထိန့်လန့်စေသည့် သတ်ဖြတ်မှုမြင်ကွင်းကြောင့် ကြောက်လန့်နေကြသည်။
နောက်အခိုက်အတန့်တွင် သူတို့၏လည်ပင်းပေါ်သို့ သံမဏိဓားများ ရောက်လာမည်လားဟု တွေးကာ
အချင်းချင်း ပွေ့ဖက်ထားကြပြီး တုန်ယင်နေကြသည်။
တစ်ဖက်တွင်မှု ရှင်းရူဟိုင်က
ထိုမြင်ကွင်းကို စိုက်ကြည့်နေပြီး သူထံတွင် စိတ်အားထက်သန်မှုများ အပြည့်ရှိနေပုံပေါ်သည်။
ဒီသားရဲတွေက လူအဝတ်
ဝတ်ထားတဲ့ တိရစ္ဆာန်တွေပဲ၊ ဒါက သူတို့ကို ကောင်းကင်က အပြစ်ပေးတာပဲ။ သူတို့ကို သတ်တဲ့သူတွေက
သူရဲကောင်းတွေပဲ။
ရဲမက်များအားလုံးကို
သတ်ပြီးနောက် အလောင်းများကို ကိုင်တွယ်ရန် ချွီတာ့က ကျန်းချမ်ကို
အခြားလက်အောက်ငယ်သားများအား သွားခေါ်လာခိုင်းလိုက်သည်။
သေချာတာကတော့
သူတို့ အိတ်ထဲက ပိုက်ဆံနဲ့ ပစ္စည်းတွေကို ယူသွားရမှာပါပဲ။ ဓားပြတွေဆိုရင် ဘာအကျိုးအမြတ်မှ
မရဘဲ အလုပ်မလုပ်ဘူးလေ။ သူတို့လည်း လက်ဗလာနဲ့ မပြန်နိုင်ဘူး။
"ကျေးဇူးတင်ပါတယ် သူရဲကောင်းကြီး"
ချွီတာ့ လျှောက်လာသည်ကို
မြင်လိုက်ချိန်တွင် ရှင်းရူဟိုင်က လက်သီးအုပ်လိုက်ပြီး ချွီတာ့ကို မျက်ရည်များဖြင့်
ကျေးဇူးတင်စကားဆိုလိုက်သည်။
ချွီတာ့က သူ့ရှေ့သို့
လှမ်းသွားလိုက်ပြီး သူ၏ရဲစွမ်းသတ္တိကို မြင်ချင်သောကြောင့် ရှင်းရူဟိုင်၏အပေါ်သို့
အုပ်မိုးကာ သူ့၏သံမဏိဓားကို မြှောက်တင်လိုက်သည်။
သို့သော်လည်း ရှင်းရူဟိုင်က
တည်ငြိမ်သော အမူအရာဖြင့် သူ့ကို ပြန်ကြည့်နေသည်ကို သူ မြင်လိုက်ရသည်။ ရှင်းရူဟိုင်၏မျက်လုံးများထဲတွင်
ကြောက်ရွံ့မှု မရှိဘဲ သူက အသတ်ခံရဖို့ပင် မျှော်လင့်နေပုံရသည်။
"မင်း သေမှာ မကြောက်ဘူးလား?"
ချွီတာ့က ရှင်းရူဟိုင်ကို
စိတ်ဝင်တစား ပြန်မေးလိုက်သည်။ ရှင်းရူဟိုင်က ခါးခါးသီးသီး ပြုံးလိုက်ပြီးမှ
ခေါင်းယမ်းလိုက်သည်။
“ဇနီးသည်က
အရှက်ရခဲ့တယ်၊ ဒါပေမယ့် သူ(မ)ရဲ့ခင်ပွန်းဖြစ်တဲ့ ကျုပ်က သူ(မ)ကို မကယ်တင်ပေးနိုင်ခဲ့ဘူး။
ဒီလောကကြီးမှာ ဘယ်လိုနေထိုင်ပြီး လူတွေကို ဘယ်လိုမျက်နှာမျိုးပြရမှာလဲ?"
ချွီတာ့က ပြုံးလိုက်သည်။
ဒါကြောင့်လား?
“မင်းရဲ့ဇနီးက
အနိုင်ကျင့်မခံရပါဘူး၊ ငါတို့ သူ့(မ)ကို ကယ်ပြီးပြီ။ မင်း သူ့(မ)ကို သွားကူညီပေးလိုက်ဦး၊
ငါတို့က သူ့(မ)ကို ကူညီပေးဖို့ အဆင်မပြေဘူး”
"တကယ်လား?"
ချွီတာ့၏စကားကို
ကြားလိုက်ချိန်တွင် ရှင်းရွေဟိုင်က စိတ်လှုပ်ရှားစွာ ပြန်မေးလိုက်သည်။
“တကယ်ပါ။
အခု မင်းရဲ့သံခြေချင်းနဲ့ သဲကြိုးတွေကို ဖြတ်ပေးမယ်။ မင်းရဲ့ဇနီသည်ကို မင်းဘာသာ သွားကူညီပေးလိုက်ပါ!"
ချွီတာ့က ပြောပြီးသည်နှင့်
ရှင်းရူဟိုင်၏လက်များကို ဆန့်တန်းစေကာ သူ့ကို နောက်သို့ အနည်းငယ် ဆုတ်ခိုင်လိုက်သည်။
သူက သံကြိုးကို ခုတ်ရန် သူ့ဓားကို ပင့်တင်လိုက်ချိန်တွင် ကျန်းချမ်က သူ့ကို
သော့တစ်ချောင်း လှမ်းပေးလိုက်သည်။
"သော့ကို သုံးလိုက်"
"မင်း ဘာလို့ စောစောတည်းက မပေးတာလဲ?"
ချွီတာ့က သော့ကို
လှမ်းယူလိုက်ပြီး ကျန်းချမ်ကို စောဒကတက်လိုက်သည်။ ကျန်းချမ်က ပြုံးလိုက်ပြီး "ငါ အခုမှ တွေ့တာ"
လက်နှင့် ခြေထောက်များ
ပြန်လွတ်လပ်သွားပြီ ဖြစ်သော ရှင်းရူဟိုင်က တောထဲသို့ ချက်ချင်း ပြေးဝင်သွားခဲ့သည်။
ထိုအချိန်တွင် ရှင်းအမျိုးသမီးက သတိမေ့မြောရာမှ ပြန်နိုးလာပြီဖြစ်ကာ သူမ အရှက်ရခဲ့သည်ဟု
ထင်နေပြီးကာ ကြိုးဆွဲချရန် ခါးပတ်ကြိုးကို ကိုင်ထားခဲ့သည်။
“ရှင်မ၊
ရှင်မ”
ရှင်းရူဟိုင်က
တောထဲသို့ ပြေးဝင်လာပြီး သူ့ဇနီးကို လှမ်းအော်လိုက်သော်လည်း ရှင်းအမျိုးသမီးက သူ့ကို
လှည့်မကြည့်တော့ပေ။
“သခင်ကြီး၊
ကျွန်မမှာ ရှင့်ကို တွေ့ဖို့ မျက်နှာ မရှိတော့ဘူး။ ရှင်... ရှင် အခု ပြန်ထွက်သွားပါတော့!"
ထိုသို့ပြောပြီးနောက်
သူမက မဆိုင်းမတွပင် သူမလက်ထဲမှ ခါးပတ်ကြိုးကို သစ်ပင်ပေါ်သို့ ပစ်တင်လိုက်ပြီး အမြန် ကြိုးဆွဲချရန်
ပြင်ဆင်လိုက်သည်။
“ရှင်မ”
ရှင်းရူဟိုင်က သူမအနားသို့
ပြေးသွားပြီး သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်။
“ရှင်မ၊
မင်း အရှက်ရခဲ့တာ မဟုတ်ပါဘူး။ ကျေးဇူးရှင်ကြီးတွေက မင်းကို ကယ်တင်ပေးခဲ့တယ်"
"ကျွန်မ အရှက်မရခဲ့ဘူးလား?"
အမျိုသမီးရှင်းက
သူမ အရှက်ရခဲ့ခြင်း မဟုတ်ကြောင်း ကြားနေရသည်ကို မယုံနိုင်ဖြစ်နေခဲ့သည်။ ရှင်းရူဟိုင်က
ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။
“မဟုတ်ဘူး၊
ကျေးဇူးရှင်ကြီးတွေက အဲဒီ ရဲမက်တွေကို သတ်ပြီးပြီ”
"သခင်ကြီး"
သူမ အရှက်မရခဲ့ကြောင်း
သေချာသွားပြီးနောက်တွင် အမျိုသမီးရှင်းက မျက်ရည်များကျလာပြီး ရှင်းရူဟိုင်၏ရင်ခွင်ထဲသို့
လှဲချလိုက်သည်။
ချွီတာ့က ရဲမက်များအားလုံးကို
ပြတ်ပြတ်သားသား သတ်ဖြတ်ခဲ့ပြီး အကျဉ်းသားများကို မြင်လိုက်ချိန်တွင်
စိုးရိမ်သွားပြန်သည်။
ဒီသနားစရာကောင်းတဲ့လူတွေကို
သူ မသတ်နိုင်ပေမယ့် ပြန်လည်းခေါ် မသွားနိုင်ဘူး။
နောက်ဆုံးတွင် ချွီတာ့က
သူတို့ဆီသို့ လှမ်းသွားလိုက်ပြီး ကြိုးများကို ဖြည်ပေးကာ တစ်ယောက်စီကို
ငွေအနည်းငယ် ပေးလိုက်သည်။
“မင်းတို့
ရှင်သန်ဖို့လမ်းကို မင်းတို့ဘာသာ ရှာနိုင်တယ်”
"ငါတို့ ရှင်သန်ဖို့ နည်းလမ်းကို ဘယ်မှာ သွားရှာရမှာလဲ?"
ထိုလူများက ချွီတာ့ကို
ကြောက်လန့်တကြား စိုက်ကြည့်နေကြသည်။ သူက သူတို့ကို သတ်မည် မဟုတ်မှန်း သူတို့ သိနေသော်လည်း
သူက ထိုရဲမက်များကို သတ်လိုက်သည်အား သူတို့ မြင်ခဲ့ရသောကြောင့် သူတို့က ချွီတာ့ကို
ကြောက်နေကြဆဲ ဖြစ်သည်။
"လာတဲ့လမ်းအတိုင်း ပြန်သွားတော့... တောင်ဘက်မှာက ပူတယ်။ မဟုတ်ရင် မင်းတို့ရဲ့
ဒီအဝတ်အစားတွေနဲ့ မင်းတို့ ကျင့်ရှီလျိုမြောင်မရောက်ခင် လမ်းမှာ အေးခဲပြီး သေသွားလိမ့်မယ်"
ချွီတာ့က ကျင့်ရှီလျိုမြောင်ကို
ဒုက္ခမပေးချင်သောကြောင့် ထိုလူများကို ကျင့်ရှီလျိုမြောင်သို့ မသွားစေချင်ခဲ့ပေ။
“ကောင်းပြီ၊
ကောင်းပါပြီ”
ထိုလူများကလည်း ကြောင်စီစီ
ဖြစ်နေကာ ချွီတာ့က သူတို့ကို လမ်းညွှန်ပေးလိုက်ပြီးနောက် ထိတ်လန့်တကြား
ထွက်ပြေးသွားကြသည်။
နောက်ဆုံးတွင် ရှင်းရူဟိုင်နှင့်
သူ့မိသားစုသာ ကျန်နေတော့သည်။
"အစ်ကိုရှင်း၊ မင်းက ငါတို့နဲ့ လိုက်ခဲဖို့ ဘာလို့ မစဥ်းစားတာလဲ? ဒီလိုမှ မဟုတ်ရင်
ဒီဖရိုဖရဲအခြေအနေမှာ မင်းတို့ လုံလုံခြုံခြုံ နေနိုင်မှာ မဟုတ်ဘူး”
ချွီတာ့က ရှင်းရူဟိုင်ကို
လှမ်းပြောလိုက်သည်။
ရှင်းရူဟိုင်က
တွေဝေနေဆဲ ဖြစ်သော်လည်း သူအခိုင်အမာ သိနေသည့် အချက်တစ်ချက်တော့ ရှိနေသေးသည်။
သူ့မျက်နှာပေါ်မှာ
အပြစ်သားဆိုတဲ့ စကားလုံး ရိုက်နှိပ်ခံထားရပြီး စစ်သည်တွေနဲ့တွေ့ရင် သူတို့ ပြန်အဖမ်းခံရလိမ့်မယ်။
သူတို့လေးယောက် အခု ထွက်သွားရင်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။
"ကျေးဇူးရှင်ကြီး ဒါက ခင်ဗျားတို့အပေါ် သက်ရောက်မှု ရှိမှာကို ကျုပ်
စိုးရိမ်မိတယ်"
ရှင်းရူဟိုင်က
သူ့မျက်နှာပေါ်မှ "အပြစ်သား" ဟူသော စကားလုံးကို ညွှန်ပြရင်း
ပြန်ဖြေလိုက်သည်။
“ဒါက
အဆင်ပြေပါတယ်၊ ငါတို့သခင်လေးရဲ့ဇနီးက ဒီစကားလုံးကို ဖယ်ရှားဖို့
ကူညီပေးနိုင်တယ်"
ချွီတာ့နှင့် ကျန်းချမ်တို့၏နှလုံးသားထဲတွင်
စူးချင်းက သူတို့၏သခင်မလေး ဖြစ်နေသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။
သူတို့သခင်မလေးရဲ့ အရည်အချင်းကို
သူတို့ သိတယ်။ သူမက လူတစ်ယောက်ရဲ့အသွင်အပြင်ကိုတောင် ပြောင်းလဲပေးနိုင်တာကြောင့် ဒီအပြစ်သားဆိုတဲ့
စာလုံးတစ်လုံးလောက်က သူမအတွက် ပြဿနာ မဟုတ်ဘူး။
ရှင်းရူဟိုင်နှင့်
သူ့ဇနီးတို့က ခဏတာမျှ ဆွေးနွေးလိုက်ကြပြီး ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချလိုက်ကြသည်။
ချွီတာ့နဲ့ သူ့လူတွေက
ဓားပြတွေ ဖြစ်နေရင်တောင် သူတို့နောက်ကို လိုက်သွားပြီး ဓားပြလုပ်ဖို့
ဆုံးဖြတ်လိုက်တယ်။
ဒီလို ယုတ်မာတဲ့ နန်းတွင်းနဲ့
တော်ဝင်ရုံးတော်ကို သစ္စာစောင့်သိဖို့ မလိုအပ်တော့ဘူး။ ဝမ်မျိုးနွယ်တွေ မပြုတ်ကျသေးသရွေ့
ဝမ်ရှန့်ချန် ဝန်ကြီးချုပ်ဖြစ်နေသရွေ့ ကောင်းမွန်တဲ့ဘဝနဲ့ နေထိုင်တယ်ဆိုတဲ့အကြောင်းကို
မေ့ထားလိုက်တော့။
ဒီနေ့လို
အရှက်တရားတွေ ထပ်ခါထပ်ခါ ခံစားနေရမယ့်အစား
ဓားပြဖြစ်တာကမှ ပိုကောင်းသေးတယ်။
ကျိရွှေရှန့်နှင့်
တခြားသူများက ချွီတာတို့အဖွဲ့ ရဲမက်များကို သတ်လိုက်ကြောင်း မသိကြသေးပေ။ ကျိရွှေရှန့်က သူတို့ အနားယူသည့်
နေရာတွင် ကျောက်ခဲများဖြင့် ရိုးရိုးမီးဖိုနှစ်လုံးဆောက်ရန် လူငယ်များကို ဦးဆောင်နေခဲ့သည်။
ကျောက်မီးသွေး၏ မီးတောက်က လောင်ကျွမ်းအား ပိုကောင်းပြီး ထင်းကဲ့သို့ စောင့်ကြည့်ပြီး
မီးထည့်ပေးနေစရာမလိုခဲ့ပေ။ ထို့အပြင် အပူရှိန်ကလည်း ထင်း၏အပူရှိန်ထက် ပိုပြင်းထန်သည်။
စူးချင်းက
မိန်းကလေးများကို ဦးဆောင်နေပြီး မြေပြင်ကို မြက်ခြောက်များ ဖြန့်ခင်းနေခဲ့သည်။ အမိုးအကာမရှိသော
နေရာတွင် အိပ်ရသောကြောင့် လူတိုင်းက ဤကဲ့သို့သာ အိပ်စက်နိုင်ကြသည်။ တစ်နေ့ခင်းလုံး
လေတိုက်နေသဖြင့် ကျားသားရေက ခြောက်သွေ့လုနီးပါးဖြစ်နေပြီ ဖြစ်သောကြောင့် စူးချင်းက
ချင်ဖုန်းအတွက် ဖြန့်ခင်းပေးထားခဲ့သည်။ သူက အသက်ကြီးပြီဖြစ်ကာ ပြင်းထန်သော
မမာမကျန်းမှုမှ ပြန်လည်ကောင်းမွန်လာသည်မှာ မကြာသေးသည့်အတွက် သူ၏ခန္ဓာကိုယ်က အအေးဒဏ်ကို
မခံနိုင်သေးပေ။
ချင်ဖုန်းက သက်ပြင်းချလိုက်သည်။
သူ အရင်တုန်းက ချည်သားနဲ့
ဂွမ်းမွေ့ယာတွေပေါ်မှာ အိပ်ခဲ့ဖူးပေမယ့် ကျားသားရေပေါ်မှာတော့
တစ်ခါမှ မအိပ်ဖူးဘူး။ ဒါက ဇိမ်ခံလွန်း အားကြီးနေပြီ။
ညအချိန်တွင်
လူတိုင်း အာလူးကင်များ စားကြရပြီး အာလူးများက အရသာရှိကြောင်း သူတို့ သိလိုက်ရသည်။
ဘယ်လိုပဲစားစား
အရသာ ကောင်းတယ်။ အဓိက အစားအစာ အဖြစ် စားနိုင်သလို ဟင်းပွဲအဖြစ်လည်း အသုံးပြုနိုင်တယ်။
ယခု လောလောဆယ်တွင် ဘာမှ
လုပ်စရာ မရှိသောကြောင့် စူးချင်းက လူတိုင်း ဗီတာမင်ဓာတ် ဖြည့်တင်းရန်နှင့်
ရေငတ်ပြေစေရန်အတွက် ဇီးသီးများ ဝေပေးလိုက်သည်။
စူးချင်းက ရှောင်ချီထံသို့ သစ်အယ်သီးတချို့ ပေးလိုက်သည်။ သစ်အယ်သီးက သွေးအားဖြည်းတင်းရန်နှင့် ကျောက်ကပ်ကို
အာဟာရဖြစ်စေရန်အတွက် ဆေးဘက်ဝင်ပစ္စည်းဖြစ်သောကြောင့် သိမ်းဆည်းရန် ပေးလိုက်ခြင်း
ဖြစ်သည်။
ကျန်နေသော
သစ်အယ်သီးများကို အိုးကြီးတစ်လုံးဖြင့် ပြုတ်ပြီး ပြန်လှော်ထားလိုက်သည်။ မီးဖို ရှိနေတုန်း
ထို့သို့လုပ်ထားလိုက်ခြင်းက အဆင်ပြေပြီး ထိုသစ်အယ်သီးလှော်များကို လမ်းတွင် စားနိုင်မည်
ဖြစ်သည်။
မထင်မှတ်ပဲ
တစ်စုံတစ်ယောက်က သစ်အယ်သီးလှော်၏ မွှေးရနံနောက်သို့ လိုက်လာရင်း သူတို့ဆီသို့ ရောက်လာခဲ့သည်။
ကင်းတာဝန်ကျနေသည့် လီတာ့နျိုက လှမ်းအော်လိုက်သည်။
"ဘယ်သူလဲ?"