အခန်း(၁၁၈) - ကောင်းကောင်းကစားတတ်ခြင်း
ဒမ်ဘီက အခြားငန်းများထက် ပိုမို ထက်မြက်ပြီး လူလို နားလည်သည်။
ထို့အပြင် သူက ရှစ်ချင်းလျို့ နွေဦးစမ်းရေကို နေ့တိုင်းသောက်ပြီး
သူမရဲ့ အထူးလေ့ကျင့်ပေးခြင်း ခံထားရသည်။
လူ့ဘာသာစကား အားလုံးနီးပါးကို နားလည်သည်။
လျန့်ယိုရှောင်က တကယ် အတည်ပြောတာ ဖြစ်သည်။
ဒီငန်းက အရသာကောင်းမယ်လို့ သူ တကယ် ယုံကြည်သည်။
သူက ဒမ်ဘီဆီကို မကောင်းသည့် ရည်ရွယ်ချက် အပြည့်ဖြင့် သွားလိုက်သည်။
ဒမ်ဘီကလည်း မဆိုင်းမတွဘဲ အတောင်ပံများကို ခတ်လိုက်ကာ လျန့်ယိုရှောင်ကို
ခုန်အုပ်ချလိုက်သည်။
ဒမ်ဘီက သူ့ပါးစပ်ဖြင့် ပြင်းပြင်းထန်ထန် ထိုးဆိတ်ကိုက်ခဲ့သည်။
လျန့်ယိုရှောင်က ဤငန်း ဒီလောက်ထိ ကြမ်းတမ်းလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူ့မှာ မည်သည့် ပြင်ဆင်မှုမှ မရှိဘဲ ငန်းတစ်ကောင်က သူ့လက်ကို
အကြိမ်ပေါင်းများစွာ ကိုက်ဆိတ်ခြင်း ခံခဲ့ရသည်။
နာကျင်လွန်းသဖြင့် သူ့မျက်နှာ ပျက်ယွင်းသွားခဲ့သည်။
သို့သော် သူက လျင်မြန်စွာ တုံ့ပြန်ပြီး ငန်းကို ချက်ချင်း
လက်တုံ့ပြန်ခဲ့သည်။
သူသည် ကိုယ်ခံပညာကို တတ်မြောက်ထားသောကြောင့် လျင်မြန်စွာ
အကွယ်မှာ ပုန်းလိုက်တော့ နောက်ထပ် အဆိတ်မခံရတော့ပေ။
မကြာသေးမီက ရှစ်ချင်းလျို့ဆီကနေ ဒမ်ဘီက အထူးလေ့ကျင့်သင်ကြားပေးခံခဲ့ရပြီး
ရှောင်ဟန်ကျန့်နှင့် ရံဖန်ရံခါ တိုက်ခိုက်သည်။
ဒမ်ဘီ၏ တိုက်ခိုက်နိုင်စွမ်းမှာ နန်ရှီစီရင်စုမြို့က တိရိစ္ဆာန်တွေကြားမှာ
အကြမ်းဆုံးဖြစ်ပြီး ရှာ့ရှီရွာလောက်ကတော့ ထည့်ပြောစရာ မလိုပေ။
ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့က ရုန်းရင်းဆန်ခတ်ဖြစ်သံကို
ကြားလိုက်သောအခါ တံခါးဆီ သွားကြည့်လိုက်တော့ ဒမ်ဘီက ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသည့် ချောမောသည့်
အမျိုးသားနှင့် တိုက်ခိုက်နေတာကို တွေ့လိုက်ရလေသည်။
ဖေးယွီကျယ်က ဆွံ့အကာ ရှက်ရွံ့နေသည်။
သူ့မှာ ဘယ်လိုလုပ် ဒီလိုသူငယ်ချင်းမျိုး ရှိနေရတာလဲ။
ဒီစိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းတဲ့ ခြေနှစ်ချောင်းရှိတဲ့
မကောင်းဆိုးဝါးက ကိုင်တွယ်ဖို့ မလွယ်ဘူးဆိုတာ ဒမ်ဘီလည်း သဘောပေါက်သွားခဲ့သည်။
သူ့အဖေနဲ့ အမေ ထွက်လာတာကိုမြင်တော့ သူက ချက်ချင်းအော်လိုက်သည်။
ရှစ်ချင်းလျို့က မြေပြင်ပေါ်မှာ ငန်းအမွေး အနည်းငယ်ကို မြင်သောအခါ
မျက်မှောင်ကြုတ်လိုက်သည်။
ပိုးထည် အဝတ်အစား ဝတ်ဆင်ထားသည့် ထိုလူငယ်က ကိုယ်ခံပညာ တက်ကျွမ်းကြောင်းကိုလည်း
သူမ မြင်နိုင်သည်။
ဒီအတိုင်း ဆက်သွားရင် သူမရဲ့ သားက သူ့ကို အနိုင်ယူနိုင်မှာ
မဟုတ်ပေ။
ထို့ကြောင့် သူမက ချက်ချင်းပင် ရှေ့သို့ လှမ်းလိုက်ပြီး လျန့်ယိုရှောင်၏
လက်ကို သူမ လက်ထဲက ဝါးတုတ်ဖြင့် ရိုက်လိုက်သည်။
လျန့်ယိုရှောင်က ချက်ချင်း ရှောင်လိုက်သည်။ "မင်း ငါ့ကို
ဘာလို့ ရိုက်နေတာလဲ။"
ရှစ်ချင်းလျို့က သူ့ကို တကယ် ရိုက်ဖို့ ရည်ရွယ်ချက် မရှိပေ။
သူမ၏ အဓိကရည်ရွယ်ချက်မှာ လူနှင့် ငန်းကို လူစုခွဲရန် ဖြစ်သည်။
သူမက မျက်ခုံးပင့်လိုက်သည်။ "ကျွန်မလည်း မေးချင်နေတာ၊
ရှင်ကကော ဘာဖြစ်နေတာလဲ၊ ကျွန်မရဲ့ ငန်းကို ဘာလို့ ရိုက်နေရတာလဲ။"
သူမရဲ့ ငန်းသာ အနိုင်ကျင့်ခံရရင် သူ့ကို လွှတ်ပေးမှာ မဟုတ်ပေ။
ဒီတော့ ဒီငန်းကို ဒီကျားမ မွေးထားတာပေါ့လေဟု လျန့်ယိုရှောင်က
တွေးလိုက်သည်။
မျှော်လင့်ထားသလိုပဲ ဒီလိုပိုင်ရှင်မျိုးက ဒီလိုရက်စက်တဲ့
ငန်းမျိုးကို ပျိုးထောင်ထားတာပဲ။
"သူက ငါ့ကို အရင်ကိုက်ဆိတ်တာ။"
ရှစ်ချင်းလျို့က သူ့ကို မျက်စောင်းထိုးလိုက်သည်။ “ကျွန်မ
မကြားဘူးလို့ ရှင် မထင်နဲ့၊ ရှင်က အရင် သူ့ကို
စားချင်တယ်လို့ပြောတာလေ။"
လျန့်ယိုရှောင်က အချက်ကျကျ ပြောခဲ့သည်။ "ငန်းဆိုတာ စားဖို့
မွေးတာ မဟုတ်ဘူးလား။"
သူ့စကားက ဒမ်ဘီကို လှုံ့ဆော်ပေးလိုက်တာကြောင့် ဒမ်ဘီက သူ့ကို
ပြင်းပြင်းထန်ထန် တဂတ်ဂတ် ထိုးအော်တော့သည်။
ရှစ်ချင်းလျို့က ဆွံ့အသွားခဲ့သည်။ “ဒီငန်းကို ငါက အိမ်စောင့်ခိုင်းဖို့
မွေးတာ၊ ဟင်းတစ်ခွက်အတွက်လို့ ဘယ်သူပြောလဲ။"
လျန့်ယိုရှောင်က ကြက်သေ သေသွားခဲ့သည်။ "ဟမ်… အိမ်စောင့်ခိုင်းဖို့
ငန်းတစ်ကောင်မွေးတယ် ဟုတ်လား။"
ထိုကဲ့သို့သောစကားကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
ရှစ်ချင်းလျို့က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ မရဘူးလား။"
လျန့်ယိုရှောင်လည်း တကယ် ဆွံ့အသွားသည်။ "ကစားနည်းကို
မင်း တကယ်သိတာပဲ။"
ဒါပေမယ့် ဒီငန်းကြီးကတော့ တကယ်ကို ရက်စက်သည်။
သူ့သိုင်းပညာ ကောင်းကောင်းမသင်ထားရင် ငန်းက သူ့ကို ဘယ်လိုကိုက်ဖြတ်ပစ်မလဲဆိုတာ
မသေချာပေ။
အိမ်စောင့်ခွေးတွေထက်တောင် ပိုရက်စက်သည်။
သူက ဖေးယွီကျယ်၏ အကြည့်ကို မြင်ပြီးသည့်နောက် ရှစ်ချင်းလျို့အား
ရှက်ရွံ့စွာ ပြောခဲ့သည်။ "ခုနက ဖြစ်ပျက်ခဲ့တဲ့အတွက် ငါတကယ်တောင်းပန်ပါတယ်၊ အိမ်စောင့်ဖို့
မွေးထားတာကို မသိလို့ စားဖို့ ပြောလိုက်မိတာပါ။"
သူ့စိတ်ထဲတွင် အနည်းငယ်တော့ နှမြောနေသည်။
ဒီငန်းကြီးက ကြီးကာ ဝဖြိုးပြီး ကြမ်းတမ်းသည်။ သူ မစားနိုင်ရတာ
နှမြောဖို့ ကောင်းလွန်းသည်။
သူ့အကြည့်က ဒမ်ဘီကို ထပ်မံဒေါသဖြစ်စေပြီး သူ့တောင်ပံတွေကို
ဝှေ့ယမ်းပြီး ထပ်ခုန်အုပ်ဖို့ ပြင်ခဲ့သည်။
“နောက်နောင် ဒီလိုမလုပ်ပါနဲ့။” ရှစ်ချင်းလျို့က သူက မကောင်းသည့်စိတ်ဖြင့်
ပြောတာ မဟုတ်မှန်း သဘောပေါက်သွားခဲ့သည်။
သူမက လက်ကို ဆန့်ပြီး ဒမ်ဘီ၏ အတောင်ပံများကို ဆွဲလိုက်သည်။
"လိမ္မာတဲ့ငန်းလေး၊ သူနဲ့ အချင်းမများနဲ့တော့။"
ထို့နောက် သူမက အစာကျွေးရန်အတွက် သူမ၏ အိတ်လေးထဲမှ သေးငယ်သည့်
အစာလုံးလေးတွေကို ထုတ်ကျွေးခဲ့သည်။
ဒမ်ဘီက စားသောက်ပြီးနောက် သူက လျန့်ယိုရှောင်ကို "မင်းနဲ့
ပတ်သက်ပြီးတော့ ငါ့အချိန်တွေကို ဖြုန်းနေမှာ မဟုတ်ဘူး" ဟူသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ထို့နောက် သူက ရှစ်ချင်းလျို့ အနားတွင် နာခံစွာ ရပ်ပြီး မလှုပ်ရှားတော့ပေ။
လျန့်ယိုရှောင်က ထိုအချင်းအရာကိုမြင်တော့ အံ့ဩသွားတယ်။
"မင်းပြောတာကို သူနားလည်တယ်လား။"
ရှစ်ချင်းလျို့ရဲ့ မျက်နှာက ဂုဏ်ယူမှုအပြည့် ရှိနေသည်။
"ဒါပေါ့။ ကျွန်မ သားက အရမ်းဉာဏ်ကောင်းတယ်။"
လျန့်ယိုရှောင်က အသက်ရှူဖို့ မေ့သွားကာ တွေးလိုက်သည်။ မင်းရဲ့
သားက မှင်စာနီးပါး ဖြစ်တော့မယ်။
သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်ကို ဘယ်သူက သားလို့ ပြောလို့လဲ။
ဒီအမျိုးသမီးက နည်းနည်းတော့ ထူးဆန်းသည်။
ထိုအချိန်မှာပဲ ဖေးယွီကျယ်က ရှေ့တိုးလာခဲ့သည်။ "အစ်ကိုရှောင်၊
ပိုင်လီနဲ့ အာ့လန် မတွေ့တာကြာပြီ။"
"ဒါက ကျွန်တော့် သူငယ်ချင်း လျန့်ယိုရှောင်ပါ၊ သူက လက်တလော
မြို့တော်မှာ ဘာမှ လုပ်စရာ မရှိလို့ ဒါကြောင့်
ရက်အနည်းငယ်လောက် ဒီမှာ နေဖို့ ကျွန်တော်နဲ့ အတူ လိုက်လာခဲ့တာပါ။"
နောက်နှစ်ရက်အတွင်း ဒီလူကို တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားဖို့
သူ ပြောရမည်။
သူက ဒမ်ဘီကို စူးစူးစိုက်စိုက်စိုက် ကြည့်နေသော ဖြူဖျော့ဖျော့နှင့်
အားနည်းနေသည့် တူလေးကို မိတ်ဆက်ပေးလိုက်သည်။ "ဒါက ကျွန်တော့်တူလေး ဖေးစုန့်ကျွင်းပါ။"
ဖေးစုန့်ကျွင်းက ယဉ်ကျေးသည့် ဆယ်ကျော်သက်လေး ဖြစ်သည်။
သူက ဒမ်ဘီဆီက ချက်ချင်း အကြည့်လွှဲကာ ရှောင်ဟန်ကျန့်ကို နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ သခင်လေးရှောင်။"
ရှောင်ဟန်ကျန့်က ပြုံးလိုက်သည်။ "ညီလေးဖေး နေကောင်းလား။
ကျေးဇူးပြုပြီး ဝင်ထိုင်ပါဦး။"
ထို့နောက် သူတို့က ရှောင်ဟန်ကျန့် နောက်ကနေ ခြံထဲ လိုက်ဝင်သွားခဲ့ကြသည်။
ခြံဝင်းကို ဘိလပ်မြေဖြင့် ခင်းထားခြင်း ဖြစ်သည်။
ပင်မခြံဝင်း၏ ထောင့်တွင် ရှားပါး ခရမ်းရောင်ဝါးတစ်ပင် ရှိနေသည်။
အခြားတစ်ဖက်တွင် ရှားပါးရောင်စုံ ဂန္ဓမာပန်းတွေ၊ ပျိုနီပန်းနှင့်
ကမဲလီးယားပန်း စသည့် ပန်းအစုံရှိသည့် ပန်းခင်းကြီး ရှိနေသည်။
ခြံဝင်းထဲမှာ စိုက်ထားသည့် စကားဝါပန်းပင် အပင်ကြီးတစ်ပင်လည်း
ရှိနေသေးသည်။
ထိုအပင်အောက်တွင် ကျောက်စားပွဲနှင့် ကျောက်ထိုင်ခုံများ ရှိသည်။
ရှစ်ချင်းလျို့က ဤအပင်ကို တောင်ပေါ်မှ အထူး တူးယူခဲ့တာ ဖြစ်သည်။
စကားဝါပန်းပင်က တစ်နှစ်ပတ်လုံး အရွက်စိမ်းများဖြင့် စိမ်းလန်းနေသည်။
ပန်းပွင့် ပွင့်သည့်အချိန်တွင်လည်း ခြံဝင်းတစ်ခုလုံးသည် စကားဝါပန်းရနံ့များဖြင့်
ပြည့်နှက်နေတာကို သူမ သဘောကျသည်။
စကားဝါပန်း အပင်အောက်တွင် အထူးပြုလုပ်ထားသည့် ကျောက်ခုံနှစ်လုံး
ရှိသည်။
ရှောင်ဟန်ကျန့် အားလပ်သည့် အခါတွင် သူက သူ့ဇနီးအား အဖော်ပြု
စကားစမြည်ပြောခြင်း သို့မဟုတ် စာအုပ်ဖတ်တတ်သည်။
သူတို့ သုံးယောက်က အစေခံ ကောင်လေးတွေ ကောင်မလေးတွေကို ခေါ်ဝင်လာခဲ့သည်။
ဤခြံဝင်းကို မြင်လိုက်ရသောအခါတွင်တော့ သူတို့ အလွန်စိတ်သက်သာရာရကြလေသည်။
ရှောင်ဟန်ကျန့်က မေးလိုက်သည်။"ခြံထဲမှာ အေးဆေးနေချင်လား၊
အထဲဝင်ပြီး လက်ဖက်ရည်သောက်မလား။"
လျန့်ယိုရှောင်က ဤခြံဝင်းကို အတန်ငယ် သဘောကျနေသည်။
"ဒီမှာ အရင်ထိုင်ပြီး အနားယူရအောင်။"
ခြံဝင်းက ဝါးတောထဲမှာ ရှိတာကြောင့် အပြင်ဘက်ထက် ပိုအေးသည်။
သူတို့က အစေခံတွေကို တခြားနေရာမှာ စောင့်နေဖို့ ပြောလိုက်လေသည်။
သူတို့တွေ ထိုင်ပြီးနောက် ရှစ်ချင်လျို့က ထရပ်ပြီး မီးဖိုချောင်ထဲမှာ
သူမကျိုချက်ထားသည့် အအေးခံ ဆေးဖက်ဝင် လက်ဖက်ရည်ကို သွားယူလိုက်သည်။
သူတို့တွေအတွက် တစ်ခွက်ဆီ ငှဲ့ပေးခဲ့သည်။
ဒီနေ့ နေရောင်က အတော်လေး ပြင်းပြီး သူတို့ သုံးယောက် ဒီကိုလာသည့်
လမ်းတစ်လျှောက်လုံး ရထားလုံးပေါ်မှာ ထိုင်ရင်း ပူလောင်ပြီး ရေငတ်နေခဲ့သည်။
သို့သော် ဖေးစုန့်ကျွင်းက အအေးများကို သောက်လို့ မရပေ။
ရှစ်ချင်းလျို့က သူအတွက် ရေနွေးတစ်ခွက် လောင်းထည့်ပေးလိုက်သည်။
ဖေးယွီကျယ်က ဆေးဖက်ဝင်လက်ဖက်ရည် တစ်ခွက်ကို သောက်လိုက်သည်နှင့်
ပို၍ လန်းဆန်းသွားလေသည်။
သူက ပြုံးကာ ပြောခဲ့သည်။ "အစ်ကိုရှောင် အိမ်အသစ်က မဆိုးဘူးပဲ။"
ရှောင်ဟန်ကျန့်က ပြုံးလိုက်သည်။ "မင်း ငါ့ကို မြှောက်ပင့်နေတာပဲ
ညီလေးဖေး။"
နှစ်ယောက်သား စကားစမြည်ပြောပြီးနောက် ရှောင်ဟန်ကျန့်က ဖေးစုန့်ကျွင်းကို
ကြည့်ကာ ပြောလိုက်သည်။ "သခင်လေး သွေးခုန်နှုန်းစမ်းရအောင်လို့ လက်လေးပေးပါဦး။"
ဖေးယွီကျယ် စိတ်ပူပန်နေကြောင်း သူ ပြောနိုင်သည်။
ဖေးစုန့်ကျွင်း၏ မျက်နှာက ဖြူဖျော့နေပြီး တစ်ချက်ကြည့်ရုံဖြင့် အလွန်အားနည်းနေသည်ဟု ပြောနိုင်သည်။
ဖေးစုန့်ကျွင်းက ခေါင်းညိတ်ပြလိုက်သည်။ "ကျေးဇူးတင်ပါတယ်
သခင်လေးရှောင်။"
သူ့လက်တစ်ဖက်ကို ဆန့်ထုတ်ပေးလိုက်သည်။
ရှောင်ဟန်ကျန့်က သူ့ရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက်
သူ့ရဲ့ ရောဂါ အကြောင်းအရင်းနဲ့ လတ်တလော လက္ခဏာရပ်တွေကို ပြောပြခဲ့သည်။
ထိုအရာက ဖေးယွီကျယ်နှင့် ဖေးစုန့်ကျွင်းကို အံ့အားသင့်စေခဲ့သည်။
သူတို့က သူ့ကို ဘာမှတောင် မပြောရသေးဘဲ သူ့သွေးခုန်နှုန်းကို
စမ်းသပ်ပြီး ရောဂါအကြောင်းကို သိလိမ့်မည်ဟု မထင်မိခဲ့ကြပေ။
အံ့ဖွယ်သမားတော်၏ တပည့်ဆိုသည့်အတိုင်း သူတို့မှာ အနည်းငယ်
မျှော်လင့်ချက် ရှိလာခဲ့သည်။
ဖေးယွီကျယ်က မေးလိုက်သည်။ "အစ်ကိုရှောင် ကျွန်တော့်
တူလေးရဲ့ ရောဂါကို ကုသပေးနိုင်မလား။"
ရှောင်ဟန်ကျန့်က ပြန်ဖြေခဲ့သည်။ "အင်း ဆေးဝါးတချို့
သောက်ရုံနဲ့ သူ့အခြေအနေက ပိုကောင်းလာလိမ့်မယ်၊ ၃လကြာပြီးရင် သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေကို
တွေ့မြင်ရလိမ့်မယ်။”
"မမျှော်လင့်ထားတာတွေ ဘာမှ မဖြစ်ခဲ့ရင်တော့ နောက်နှစ်ဝက်လောက်မှာ
အပြည့်အဝ ပြန်လည်သက်သာလာမှာပါ။"
သူ့ဆေးနဲ့ သူ့ဇနီး ပြင်ဆင်ထားတဲ့ ဆေးတွေနှင့်ဆိုရင် ဖေးစုန့်ကျွင်းရဲ့ ရောဂါကို ကုသဖို့ ပြဿနာ မရှိပါပေ။
နှစ်ယောက်သား အံ့အားသင့်သွားပြန်သည်။ "တကယ် ကုသလို့
ရတာလား။"
သူတို့ မြို့တော်မှာ ရှိတုန်းကတော့ ကုသလို့ မရနိုင်ဘူးလို့
တော်ဝင်သမားတော်တွေက ပြောခဲ့သည်။
သူတို့ထဲက တစ်ယောက်က အံ့ဖွယ်သမားတော်ကို ရှာတွေ့ရင် မျှော်လင့်ချက်တစ်ချို့
ရှိသေးတယ်လို့တော့ ပြောခဲ့သေးသည်။
ထိုကြောင့် ဖေးယွီကျယ်က အံ့ဖွယ်သမားတော်၏ တည်နေရာကို မေးမြန်းပြီး
သူ့ကို အလျင်အမြန် ရှာဖွေခဲ့တာ ဖြစ်သည်။