🐾Chapter 4
နှစ်ယောက်ဆို ကူးစက်နိုင်တယ်
လီရှောင်နှင့် ကျင်းယွီတို့၏ အပြုအမူများမှာ အခြားသူများအပေါ် အချင်းချင်း ထိခိုက်မှုရှိစေပြီး စိတ်ရှုပ်သွားကြသည့်တိုင်အောင် ထိုသူနှစ်ဦးမှာမူ အန်ကျဲရှိ လီရှောင်၏အိမ်သို့ ရောက်နှင့်ပြီးဖြစ်သည်။
ကျင်းယွီသည် နူးညံ့သော သားရဲသားရေဖြင့် ပြုလုပ်ထားသည့် ဆိုဖာတွင်ထိုင်ကာ စိတ်ထဲမှ အကဲခတ်ရင်း စိတ်မကြည်သာစွာ သက်ပြင်းချလိုက်သည်။ မျှော်လင့်ထားသလိုပင် နှစ်ပေါင်း ထောင်သောင်းချီ ကုန်ဆုံးသွားပြီးနောက် လူသားများ၏ အလှအပအမြင်များပင်လျှင် ပြောင်းလဲသွားကြလေပြီ။
ဒီသောက်ကျိုးနည်းအရာတွေကို ငါ့ရဲ့ ချစ်စရာကမ္ဘာပေါ် ယူသွားရင် ဘယ်သူကမှ အိမ်ထဲထည့်မှာ မဟုတ်ဘူး.. အတွင်း၊ အပြင်၊ အပေါ်အောက် နေရာအနှံ့ အားလုံးကို သားရဲသားရေတွေချည်း ခင်းထားတာ.. တစ်ရွယ်တည်း တစ်ရောင်တည်းတောင် မဟုတ်ဘူးနော်.. ဟိုစပ်စပ် ဒီစပ်စပ်နဲ့ အိမ်တစ်ခုလုံး အဖာတစ်ရာနဲ့တောင် တူသေး..
ကျင်းယွီမှာ ယခုမှသာ အန်ကျဲသို့ ရောက်ဖူးခြင်းဖြစ်သောကြောင့် မသိခြင်း၊ သို့မဟုတ် သတိမပြုမိခြင်း ဖြစ်ပေမည်။ အကယ်၍ လီရှောင်၏အိမ်နှင့် အန်ကျဲရှိ အခြားအိမ်များအား နှိုင်းယှဉ်ကြည့်မည် ဆိုပါက ကျင်းယွီယခု မြင်တွေ့နေရသည့် ‘သားရဲရိုင်းပုံစံ’ သားရဲသားရေအမျိုးစုံ ခင်းကျင်းထားပုံမှာ တကယ်တမ်း၌ အလွန်အမင်း သာမန်ဆန်လှသော အိမ်တွင်းအလှဆင်မှုပုံစံ ဖြစ်သည်။ အနည်းဆုံး ဤနေရာ၌ လူနေနိုင်သေးသည်။ ကျန်အိမ်များမှာမူ လူနေရန်အတွက်ပင် မဟုတ်ချေ။
ထိုအဖြစ်မှန်အား ကျင်းယွီ အန်ကျဲသို့ရောက်ပြီး တစ်နှစ်အကြာမှသာ သားရဲမျိုးစုံ၏ ‘အနာဂတ်ဟောပြောခြင်း’ မှတဆင့် နက်ရှိုင်းစွာ နားလည်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် ကျင်းယွီသည် အန်ကျဲနှင့်ပတ်သက်သည့် ဆိုရိုးတစ်ခုအား စတင်သတိပြုမိလာသည် ‘ခင်ဗျား တွေးတောင် မတွေးမိဖူးတဲ့ အရည်အသွေးနိမ့်အိမ်မျိုး အန်ကျဲမှာ ရှိတယ်..’
လက်ရှိအခိုက်အတံ့၌ ကျင်းယွီသည် အမူအရာမဲ့စွာဖြင့် လီရှောင်နှင့် သူ၏ တောင်ပံပါကျားသားရဲ၏အိမ်အား လျှောက်ကြည့်နေသည်။ ထို့နောက် အကြည့်ပြန်ရုတ်ပြီး ခြေထောက်ထံ အကြည့်ပို့လိုက်သည်။ အမျိုးမျိုးသော သားရဲသားရေများ၏ ပုံစံကွက်မျိုးစုံကြောင့် ခေါင်းမူးလာသည်။ သူ၏ စစ်ဖိနပ်မှတပါး အကြည့်ပို့ရန် နေရာတစ်နေရာပင် မရှိချေ။
“အိုး.. လူလုပ် ကုတ်(coke) လေးပဲ သောက်ထားဦးနော်.. တစ်လလောက် တာဝန်လုပ်နေလို့ ရေသန့် မဝယ်ထားမိဘူး..”
ကျင်းယွီသည် ကော်ဖီရောင်နှင့် ပူစီပေါင်းလေးများ ပလုံစီနေသည့် သောက်စရာအား ကြည့်လိုက်သည်။ အမှန်တကယ်ကို လွန်စွာ ရင်းနှီးနေသော အရာပင်။ ချက်ချင်းပင် ခွက်မ,ကာ အရာသာခံလိုက်ပြီးနောက တိတ်တဆိတ် ပြန်ချလိုက်သည်။ အလွန် စိတ်လိုက်မာန်ပါ ပြုမိခဲ့သည်။
စိတ်လိုက်မာန်ပါ လုပ်မိသမျှ အများစုက... နတ်ဆိုးပဲ.. လုံးဝ ငရဲ.. ဒီရေက ရေငတ်နေတာကိုပါ ပျောက်သွားစေတာပါလား..
လီရှောင်သည် ကျင်းယွီ၏ မျက်နှာကိုမြင်ပြီးနောက် ပြုံးကာ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။
“ကျောက်ခရမ်းပွင့်နဲ့ စွမ်းအင်ကျောက်အပြင် နောက်ထပ် အဖိုးတန်ဆုံးအရာက ရေသန့်အရင်းအမြစ်ပဲလေ.. ဈေးနှုန်းက မိုးထိုးနေတာတောင် ကိုယ်တို့ရဲ့ နေ့စဉ်လိုအပ်မှုက များနေဆဲပဲ..”
ထိုသို့ဖြင့် ကျင်းယွီ တိတ်တဆိတ်သာ နေလိုက်ရသည်။ ဤနေရာ၌ ရေပြတ်လပ်မှု ရှိသော်ငြား ထိုလူများသည် ရေများအား သိုလှောင်ထားကြသည်။
“ကိုယ့် ရှောင်လုရဲ့ နှလုံးမှာ ပြောင်းလဲမှုတွေ ရှိနေတာကို မင်း ဘယ်လိုသိတာလဲ.. သူက နုံးချိပြီး ထိုင်းမှိုင်းနေတတ်တယ်.. သူ့စွမ်းအားတွေလည်း ကျဆင်းနေပေမဲ့ အဲဒါက ရာသီဥတု ပြောင်းလဲမှုကြောင့် မဟုတ်ဘူးလား..”
ကျင်းယွီ တိတ်တဆိတ်ဖြင့် မျက်ခုံးပင့်လိုက်သည်။
“သူက တိုက်ပွဲသားရဲ မဟုတ်လား.. ကျွန်တော်က ဒီနေရာက သားရဲတွေကို နားမလည်သေးပေမဲ့လည်း A အဆင့် သားရဲတစ်ကောင်က ခင်ဗျားနဲ့အတူ ဂြိုဟ်မျိုးစုံကိုလိုက်ပြီး စွန့်စားနေတာကို အခုလိုမျိုး နုံးချိထိုင်းမှိုင်းနေတာ နေပူလွန်းလို့လို့ တကယ်ပဲ ထင်နေတယ်ပေါ့.. ဘာကြောင့်များ မိတ်လိုက်ရာသီမို့လို့ဆိုပြီး မပြောတုန်း..”
လီရှောင်၏ မျက်နှာတစ်ခုလုံး မဲမှောင်သွားသည်။ ရှောင်လု၏ မိတ်လိုက်ကာလဆိုလျှင် အဆိုပါကောင်လေးမှာ စိတ်လှုပ်ရှားနေမည် မဟုတ်ပါလား။ ထိုမျှလောက် အရည်အသွေး မနိမ့်သင့်ပေ။
သို့သော် ကျင်းယွီ၏ မျက်လုံးထဲ၌ လီရှောင်မှာ အရည်အချင်းမရှိဘဲ အဖြစ်မှန်မှ ရှောင်ပြေးနေသူပင်။ လီရှောင်၏ ခြေရင်း၌ ဝပ်နေသော ရှောင်လုအား လက်ဝှေ့ယမ်းပြလိုက်သည်။ ယင်းသည် ကျင်းယွီထံသို့ လျှောက်လာပြီး ကျင်းယွီသည် ရှောင်လုခန္ဓာကိုယ် ဘယ်ညာအားတွန်းကာ စမ်းသပ်လိုကသည်။
သူ အမှတ်မထင် တွေ့ရှိခဲ့သည့် အရာမှာ အမှန် ဟုတ်၊ မဟုတ် အတည်ပြုလိုချင်း ဖြစ်သည်။ ဤကမ္ဘာသို့ မရောက်ခင်က ကျင်းယွီသည် သားရဲများအား စိတ်ဖြင့်ဆက်သွယ်ကာ ထိန်းချုပ်နိုင်သည်။ သို့သော် သူ၏ မျက်လုံးများမှာ သာမန်ဖြစ်နေဆဲပင်။ ပြောရမည်ဆိုလျှင် သူ၏ မျက်လုံးများမှာ X-rays ကဲ့သို့ သားရဲအား ဖြတ်မမြင်နိုင်ပေ။ သို့သော် ဤချစ်စဖွယ်ကောင်းပြီး ခပ်တုံးတုံး ကျားကြီးမှ သူ့အား လျက်သည်အခါ ကျား၏ ခန္ဓာကိုယ်အတွင်းသို့ ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး သွေးလွှတ်ကြောများမှာ အစိမ်းရောင်ဖျော့ဖျော့ လင်းနေသည်ကိုပင် တွေ့မြင်လိုက်ရသည်။ ထိုအစိမ်းရောင် သွေးလွှတ်ကြောများ နှလုံးသို့ ရောက်သည့်အခါ နှလုံး၏ သွေးညှစ်ထုတ်မှုကြောင့် အလင်းများအား ဖိအားပေး ပျောက်ကွယ်သွားစေသည်။
“အိုး.. တကယ်ပဲပေါ့.. ဆိုတော့ သွေးသံရဲရဲ အတွင်းအင်္ဂါတွေကို မမြင်ရဘဲ အလင်းရောင်ဖျော့ဖျော့သန်းနေတဲ့ အတွင်းအင်္ဂါတွေကိုပဲ မြင်ရတာကို ကျေးဇူးတင်သင့်လားပဲ..”
တောက်ပနေသော သွေးကြောများနှင့် အနက်ရောင်အကွက်ရှိနေသော ကျား၏ နှလုံးအား ထပ်မံမြင်တွေ့ရချိန်တွင် ကျင်းယွီ ထိတ်လန့်သွားမိသည်။ ထို့နောက် သူ၏ စွမ်းရည်အသစ်အား တည်ငြိမ်စွာဖြင့် လက်ခံလိုက်လေသည်။
သူမွေးဖွားကာ သေဆုံးချိန်ထိ ပုံမှန်မဟုတ်သည့် အရာများစွာ ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။ တိရစ္ဆာန်များနှင့် ဆက်သွယ်ပြောဆိုနိုင်ခြင်းကပင် အတော်လေး မဖြစ်နိုင်သည့်အရာ ဖြစ်နေပြီပင်။ သို့သော် မွေးဖွားလာကတည်းကပင် ထိုသို့သော စွမ်းရည်မျိုးနှင့်ဖြစ်သည်။ ထို့အပြင် သူ၏ဖခင်၊ အဖိုးနှင့် အဘေးတို့မှာလည်း ထိုသို့သာပင်။ သူသေဆုံးပြီးနောက် ပုံမှန်မဟုတ်သည့်အရာများ ပြည့်နေသော ဤနေရာသို့ ရောက်ရှိလာခဲ့သည်။ သူ၏ အံ့ဩတုန်လှုပ်မှုနှင့် မတည်ငြိမ်မှုတို့အား ပထမဆုံးနေ့၌ နှစ်ချက်ရိုက်ကာ ဖြေဖျောက်ပစ်ပြီး ဖြစ်သည်။
ယခုအချိန်တွင် ကျင်းယွီ၏ အတွေးအား စိုးမိုးထားသည်မှာ သားရဲ၏ သွေးလွှတ်ကြောများ မဟုတ်ဘဲ ဤစွမ်းရည်အသစ်ဖြင့် မည်သို့ ပိုက်ဆံရှာရမည်ကိုပင်။
လက်ရှိအချိန်၌ ကျင်းယွီမှာ အလုပ်မရှိသော လူပေလူလွင့်တစ်ယောက် ဖြစ်နေပြီး ပိုက်ဆံအထူးလိုအပ်နေသည်။
“ဟလို.. ဘာတွေကြည့်နေတာလဲ..”
“အာ.. တောင်းပန်ပါတယ်.. ဘယ်လိုဖြေရှင်းရမလဲ စဉ်းစားနေလို့ပါ..”
လီရှောင်၏ စိုက်ကြည့်နေမှုကြောင့် ကျင်းယွီ အလျင်အမြန်ပင် ပြုံးပြလိုက်ရသည်။
“ကျွန်တော် နောက်တစ်ကြိမ် စစ်ဆေးကြည့်ပြီးပါပြီ.. ခင်ဗျား တောင်ပံပါကျားရဲ့ နှလုံးမှာ ပြဿနာရှိနေတယ်.. နှလုံးရဲ့ အချို့အစိတ်အပိုင်းက အလုပ်မလုပ်တော့ဘူး.. အဲဒါက သူ့ရဲ့ လှုပ်ရှားမှုကို ပြဿနာဖြစ်စေတာပဲ..”
ထိုအချိန်တွင် ကြီးမားလှသော တောင်ပံပါကျားမှာ ကျင်းယွီ၏ ခြေထောက်ပေါ်၌ ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြီးနောက် ပိုင်ရှင်၏ ခြေထောက်ပေါ်သို့ သနားဖွယ်ကောင်းစွာ ရွှေ့သွားကာ နာနာကျင်ကျင် ညည်းညူလေသည်။ ကြည့်ရသည်မှာ လွန်စွာသနားဖွယ်ကောင်းလှသည်။ သို့သော် ကျင်းယွီ၏ မျက်လုံးထဲ၌မူ အတော်လေး ရယ်ချင်မိသည်။ အဆိုပါ သကောင့်သားမှာ ဟန်ဆောင်နေခြင်းပင်။
မင်းရဲ့ သောက်နှလုံးမှာ အနက်ရောင်အရာ ရှိနေတယ် ဆိုပေမဲ့ အဲဒါက ငါးပုံတစ်ပုံပဲ ရှိတာကွ.. အခု ဟန်ဆောင်နေသလိုမျိုး ကိုယ့်ကိုယ်ကိုယ် အရမ်းပဲ သနားစရာဖြစ်နေတယ်လို့ ထင်နေတာလား..
သို့သော် ရိုးသားသောသူနှင့် သူ၏ အစိမ်းရောင်တောင်ပံပါကျားတို့အား ရင်ဆိုင်ရချိန်တွင် လီရှောင်၏ တုံ့ပြန်ပုံမှာ အရေပြားကိုပင် ဆွဲခွာကာ ကမ်းလှမ်းချင်သည့် အဖိုးဖြစ်သူအပေါ် လွန်စွာကျိုးနွံသော မြေးဖြစ်သူနှင့်ပင် တူလှသည်။
ချက်ချင်းဆိုသလိုပင် လီရှောင်သည် ကျင်းယွီ၏ လက်ကိုဆွဲယူကာ စိတ်လှုပ်ရှားမှုတို့ အပြည့်ဖြစ်နေသော မျက်နှာဖြင့် ရိုးသားစွာ မေးလေသည်။
“မင်းက..”
“ကျွန်တော်က ကျင်းယွီပါ..”
“အိုး.. မစ္စတာ ကျင်ယို့*.. ရှောင်လုက ကိုယ့်အတွက် ညီအစ်ကိုလိုပါပဲ.. သူ့ကို ကယ်တင်ပေးရမယ်နော်.. ရှောင်လုကလွဲပြီး တခြားသားရဲ မလိုချင်ဘူး..” (ကျင်းယွီရဲ့နာမည် Jinyu ကို ဒီနေရာမှာ Ginyou လို့ ရေးထားလို့ပါ..)
ကြမ်းပြင်ပေါ်၌ လဲလျောင်းနေသော တောင်ပံပါကျားမှာ ပိုင်ရှင်ဖြစ်သူ၏ လွန်စွာစိုးရိမ်နေမှုအား မြင်သည့်အခါ အလွန်စိတ်လှုပ်ရှားသွားပြီး သူ၏ ကြီးမားသော လက်နှစ်ဖက်ဖြင့် ကျင်းယွီ၏ ခြေထောက်အားဖက်တွယ်ကာ ဆွဲဆွဲငင်ငင်နှင့် တအီအီပြုလေသည်။ အလွန်အမင်း စိတ်ခံစားချက်များ ပြည့်နှက်နေသည့် အော်မြည်သံမှာ အန်ကျဲတခွင် ပျံ့နှံ့သွားပြီး အများစုသည် လီရှောင်၏ အိမ်ပြင်ဘက်၌ လူးလားခေါက်ပြန်ကာ ခေါင်းတစောင်းစောင်းနှင့် နားစွင့်လျက် အတွင်း၌ မည်သို့ဖြစ်နေသည်ကို သိလိုကြလေသည်။
“ဟမ်.. ပိုင်ရှင်က ချစ်သူရသွားတော့ သူကိုမေ့သွားပြီဆိုပြီး သားရဲက မနာလိုဖြစ်နေတာများလား..”
တစ်ယောက်မှ မေးစေ့အား လက်ဖြင့်ပွတ်ရင်း ထင်ကြေးပေးသည်။
“သောက်ပါးစပ်ကိုပိတ်လိုက်.. ဒီနေရာကနေ မင်းက ဘာတွေများ မြင်ရလို့လဲ..”
လိမ္မော်ရောင်ဖြူခေါင်းသည် စကားပြောသူ၏ ဦးခေါင်းအားရိုက်လိုက်သည်။
“အခု အဲဒီလူဆိုးကောင် လီရှောင်နဲ့ ဟိုကောင်လေးက ဧည့်ခန်းထဲမှာ.. လက်ချင်းကိုင်ထားကြတယ်...”
“ကျစ်.. ပိုင်ရှင်က တခြားသူရဲ့လက်ကို ကိုင်ထားလို့ သားရဲက မနာလိုဖြစ်နေတာလို့တော့ မပြောနဲ့နော်.. လူပဲဖြစ်ဖြစ်.. ဂေးပဲဖြစ်ဖြစ်.. အာ.. ပြောရမယ်ဆိုရင် လိင်တူစုံတွဲတွေက အတွေ့များပေမဲ့လည်း အခုက နည်းနည်းတော့ များနေသလိုပဲနော်.. မဟုတ်ဘူးလား..”
“....”
ပတ်ဝန်းကျင်တစ်ခွင် တိတ်ဆိတ်မှုတို့ ကြီးစိုးသွားသည်။
“အား.. လာကြည့်ကြ.. လာကြည့်ကြ.. အဲဒီကောင်လေးက လီရှောင်ရဲ့လက်ကို ခါချလိုက်တယ်..”
ချက်ချင်းဆိုသလို အားလုံး၏အကြည့်မှာ သားရဲသားရေများ အပြည့်ခင်းထားသည့် အခန်းရှိရာသို့ ရောက်သွားသည်။
ကျင်းယွီသည် အားကုန်သုံးကာ လီရှောင်၏လက်အား အဝေးသို့ တွန်းဖယ်လိုက်ပြီးနောက် နီရဲကာ ယောင်ယမ်းနေသည့် လက်ထံသို့ အကြည့်ပို့လိုက်သည်။ လူသားမျိုးနွယ်၏ ဘိုးဘေးဖြစ်သည့်သူမှာ မည်မျှ အားနည်းကာ နုနယ်ကြောင်း တွေးမိပြန်သည်။
ကျင်းယွီ သူ၏လက်အား အဆက်မပြတ်ခါရင်း နာကျင်စွာ ပွေ့ဖက်နေကြသော တစ်ယောက်နှင့်တစ်ကောင်အားကြည့်ကာ မျက်လုံးလှိမ့်လိုက်မိသည်။
“ကျွန်တော်က တိကုမဟုတ်ဘူးဗျ..”
“အဲဒါဆို.. အဲဒါဆို ငါ့ရဲ့ ရှောင်လုမှာ မျှော်လင့်ချက် မရှိတော့ဘူးပေါ့..”
လီရှောင်၏ အသံမှာ အတော်လေး သနားဖွယ်ကောင်းနေပြီး ထိုစကားအား ကြားလိုက်ရသော တောင်ပံပါကျားကြီးမှာလည်း ထပ်တူညီမျှ သနားဖွယ်ကောင်းအောင် ညည်းညူလာလေသည်။
....
“တိကုရှာလေ သောက်ရူးရဲ့..”
ကျင်းယွီ သည်းမခံနိုင်တော့သဖြင့် အော်ဟစ်လိုက်သည်။
မင်းတို့နှစ်ကောင် နည်းနည်းလောက် အသိစိတ်မကပ်နိုင်ဘူးလား..
ထိုကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် ရင်ဆိုင်ရချိန်တွင် တောင်ပံပါကျားမှာ မည်သည်ကြောင့် ဤသည့်ဖြစ်နေရမှန်း ကျင်းယွီ နားလည်သွားလေပြီ။ ပိုင်ရှင်ဖြစ်သူ၏ လွှမ်းမိုးခံနေရခြင်းပင်။
“မနေ့က ကိုယ်အလုပ်ပြီးတော့ ရှောင်လုကို တိကုဆီခေါ်သွားပြီး စစ်ဆေးခဲ့တယ်.. အဲဒီ ငတုံးကောင်တစ်သိုက်က ရှောင်လုက ကျန်းမာပြီး တောင်ပံပါကျား သုံးကောင်လောက်ကို မု-ဒိန်း-ကျင့် နိုင်သေးတယ်တဲ့..”
လီရှောင်ထိုသို့ပြောရင်း မျက်ရည်များ တသွင်သွင်စီးကျလာသည်။ တောင်ပံပါကျားမှာလည်း ညည်းညူနေရာမှ ရပ်ကာ ကြမ်းပြင်ပေါ်၌ ပစ်လှဲရင်း သေချင်ယောင်ဆောင်လိုက်သည်။
“....”
ကျင်းယွီ၏ နှုတ်ခမ်းမဲ့ကျသွားတော့သည်။ ဤငရှုပ်နှစ်ကောင်မှာ တစ်ကောင်နှင့်တစ်ကောင် အပြန်အလှန် လွှမ်းမိုးခံနေရပြီး သူတို့အချင်းချင်းထက် သင့်တော်လိုက်ဖက်မည့်သူပင် မရှိနိုင်တော့ချေ။
သူ၏အရှေ့ရှိ မြင်ကွင်းကြောင့် ကျင်းယွီ ရယ်ချင်နေသည့်တိုင်အောင် ဤငတုံးနှစ်ကောင်အကြားရှိ သံယောဇဉ်ကြောင့် အနည်းငယ် စိတ်လှုပ်ရှားမိဆဲပင်။ တောင်ပံပါကျားသည် သခင်ဖြစ်သူအပေါ် အလွန်နက်ရှိုင်းစွာ ယုံကြည်အားကိုးလေသည်။ နှလုံးရှိ အနက်ရောင်အပိုင်းမှာ သေးငယ်သော်ငြား ဆက်လက်ကျယ်ပြန့်လာမည်ဆိုပါက များမကြာမီမှာပင် တောင်ပံပါကျား၏ အသက်ဓာတ် သို့မဟုတ် စွမ်းရည် လုံးလုံးလျားလျား ပျောက်ကွယ်သွားနိုင်သည်။
ကျင်းယွီမှာ ဤဖရိုဖရဲကမ္ဘာသို့ ရောက်ရှိကာစဖြစ်ပြီး သားရဲများ၏ ဇီဝဗေဒနှင့် စွမ်းရည်များအား အပြည့်အဝ နားမလည်သေးချေ။ သို့သော် သူ၏ ပင်ကိုယ်သိစိတ်အား မှီတည်ကာ ပြောရမည်ဆိုလျှင် ကျား၏ နှလုံးရှိ အနက်ရောင်အစိတ်အပိုင်းအား တတ်နိုင်သမျှမြန်မြန် ဖယ်ထုတ်ရပေမည်။ အခြားသားရဲသမားတော်များမှ ထိုအရာအား စမ်းသပ်နိုင်ခြင်းမရှိဘဲ ကျင်းယွီတစ်ဦးတည်းသာ သတိထားမိခြင်း ဖြစ်သောကြောင့် ကြိုးစားကြည့်သင့်သည်။ ထိုအနက်ရောင်အပိုင်းအား ဖယ်ထုတ်နိုင်သည် စွမ်းရည် ရှိ၊ မရှိ သိရှိနိုင်ရန် ကြိုးစားကြည့်ရမည်။
ကျင်းယွီ၏ အတွေးရထား ခုတ်မောင်းနေစဉ်မှာပင် လီရှောင် အော်ဟစ်လာသည်။ ထိုအခိုက်အတံ့မှာပင် ကျင်းယွီ၏ စိုးရိမ်မှုအားလုံး တိမ်နှင့်အတူ လွင့်စင်သွားသလိုပင်။
“မစ္စတာ ကျင်းယွီ.. မင်းသာ ရှောင်လုကို ကယ်တင်ပေးနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေအားလုံး ရောင်းရမယ်ဆိုရင်တောင် ဆန္ဒရှိပါတယ်..”
ကျင်းယွီ ချက်ချင်းပင် မှန်ကန်ဖြောင့်မတ်သည့် အမူအရာဖြင့် လီရှောင်အား အလေးအနက်ထား စိုက်ကြည့်လိုက်သည်။
“ကျွန်တော်က မီးလောင်နေတဲ့အိမ်ကို ဓားပြတိုက်မယ့်သူနဲ့ တူနေလို့လား.. ရှောင်လုကို ကုသပေးဖို့ အကောင်းဆုံး ကြိုးစားမှာပါ.. ဒါပေမဲ့ မကုသနိုင်ရင်တော့ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့.. ကျွန်တော်က သားရဲသမားတော် မဟုတ်ဘူးလေ..”
“ကောင်းတယ် ကောင်းတယ် ကောင်းတယ်.. ငါ.. လီရှောင် သဘောတူပါတယ်.. ညီလေးကျင်းက ရှောင်လုကို အကောင်းဆုံးကြိုးစားပြီး ကုသပေးတာတောင် မကုသနိုင်တာမျိုး ဖြစ်ခဲ့ရင်တောင် မင်းက ငါ လီရှောင်ရဲ့ ညီအစ်ကို ဖြစ်တာကြောင့် အန်ကျဲမှာရှိတဲ့ ဘယ်သူကမှ မင်းကို အနှောင့်အယှက် မပေးစေရဘူးလို့ ကျိန်ဆိုတယ်..”
ကျင်းယွီ၏ မျက်နှာ၌ ရိုးသားသည့်အပြုံးတစ်ခု ထင်ဟပ်လာသည်။ အန်ကျဲသို့ ဝင်လာချိန်မှစကာ သူ့နှလုံးသားထဲ၌ ရှိနေသည့် ကျောက်တုံးကြီးနှစ်ခုထဲမှ တစ်ခုအား လွှတ်ချလိုက်နိုင်ပြီ ဖြစ်သည်။
“အဲဒါဆိုလည်း လီသာ့ကောရေ.. တိတ်ဆိတ်တဲ့နေရာတစ်ခုရှာပေးပါ.. ဘယ်သူမှ မနှောင့်ယှက်ပါစေနဲ့.. ကျွန်တော် ရှောင်လုကို ကုသပေးဖို့ ကြိုးစားကြည့်မယ်..”
လီရှောင်အား ကြည့်ရသည်မှာ အနည်းငယ် အခက်တွေ့နေဟန်ပင်။
“ဒီမှာဆိုရင်ကော ရလား.. ပြတင်းပေါက်တွေ တံခါးတွေကို ပိတ်ပြီး ကန့်လန့်ကာတွေကို ချထားလိုက်မယ်လေ.. ပြီးရင် ကိုယ်က တံခါးဝမှာ ဘယ်သူမှ ဝင်မလာနိုင်အောင် စောင့်ပေးနေမယ်.. ကိုယ်တို့မှာက မြေအောက်ခန်း မရှိလို့ပါ..”
ကျင်းယွီ မျက်နှာမဲ့သွားမိသည်။ အန်ကျဲက အိမ်အများစုမှာ မြေအောက်ခန်းလိုမျိုး ထူးဆန်းတဲ့အရာ ရှိနေတယ်ဆိုတဲ့ သဘောလား..။ သို့သော် ခေါင်းညိတ်လိုက်ဆဲပင်။
“ကျွန်တော့်ကို အနှောင့်အယှက် မပေးသရွေ့ ရပါတယ်..”
“ကောင်းပါပြီ ညီလေးရေ.. မစိုးရိမ်ပါနဲ့.. ကိုယ်အားလုံး ပြင်ဆင်လိုက်မယ်..”
ထိုသို့ဖြင့် လီရှောင်၏ အိမ်အပြင်ဘက်ရှိ နံရံ၌ ပွဲကြည့်ရန် စောင့်မျှော်ကာ ချောင်းနားထောင်နေကြသော ပွဲကြိုက်ခင်များမှာ လီရှောင်သည် ထိုကောင်စုတ်လေးအား လွှတ်ပေးခြင်း၊ သူ၏ရှောင်လုအား ဆွဲခေါ်ကာ အော်ဟစ်သည်ကို မြင်ပြီးနောက် အကြောင်းပြချက်ရှာကာ အလုပ်များနေကြစဉ်မှာပင် ရုတ်တရက် ပြတင်းပေါက်နှင့် တံခါးများအား ပိတ်နေသည့် လီရှောင်အား တွေ့လိုက်ကြလေသည်။
ထိုသူများမှာ စိတ်လှုပ်ရှားစွာဖြင် အဓိကဟင်းလျာ တည်ခင်းတော့မည်ဟု တွေးနေစဉ်မှာပင် လီရှောင်သည် အစိမ်းရောင်ဓားရှည်တစ်ချောင်းအား ဆွဲယူကာ အခန်းဝ၌ စောင့်ကြပ်နေသည်ကို မြင်တွေ့ပြီးနောက် တောင့်ခဲသွားကြသည်။ တံခါးစောင့်သဖွယ် တံခါးအပြင်သို့ ထွက်လာပြီးနောက် အော်ပြောလေသည်။
“မင်းတို့အားလုံး သောက်ဝေးဝေးကို သွားလိုက်ကြ.. ငါ့အိမ်ရဲ့ တစ်မီတာအတွင်း ဝင်လာတဲ့သူ မှန်သမျှ ခုတ်ပစ်မယ်..”
နောက်တစ်စက္ကန့်မှာပင် လီရှောင်အိမ်ပတ်လည်တစ်ခွင် ရှင်းလင်းသွားသည်။
“ဆိုတော့.. အဲဒါက သားရဲက ပိုင်ရှင်မှာ ချစ်သူရှိလာလို့ သဝန်တိုတာ မဟုတ်ဘဲ သူက ပိုင်ရှင်ရဲ့ ချစ်သူအပေါ် ခံစားချက်ရှိနေလို့ကိုး.. ပြီးတော့ သူက အောင်အောင်မြင်မြင် ခိုးယူလိုက်နိုင်သေးတာလား..”
“ဖြန်း.. သောက်ရူးကောင်.. ပိုင်ရှင်က ရက်ရက်ရောရောနဲ့ သူ့သားရဲဆီ ချစ်သူကို ပေးလိုက်မှန်း အသိသာကြီးကို.. ကျွတ်.. အရမ်းပဲ စိတ်လှုပ်ရှားရတယ်..”
“ဟေ့.. အဲဒီ လူသားနဲ့တူတဲ့ သားရဲက အရမ်းလွန်တယ်လို့ မင်းတို့အားလုံး မထင်ကြဘူးလား..”
ဖြန်းခနဲ ရိုက်သံ သုံးချက် ထွက်ပေါ်လာပြီး လိမ္မော်ရောင်ဖြူခေါင်း၏ မျက်နှာ၌ အထင်အမြင်သေးမှုတို့ ပြည့်နေသည်။
“မင်းတို့ လူလိုသူလိုလေးများ မတွေးနိုင်ကြဘူးလား.. သောက်ပါးစပ်ကို ပိတ်ပြီး ဘာဖြစ်မလဲသာ ဆက်ကြည့်စမ်းပါ..”
🐾🐾🐾