Chapter 5
Viewers 108

🐾Chapter 5

မသန့်ရှင်းတဲ့ နယ်မြေမှာ သားရဲစတိုး ရှိသင့်တယ်



အရှုပ်လုပ်နေသောအုပ်စု၏ မျှော်လင့်ချက်အောက်မှာပင် ကျင်းယွီသည် ရှောင်လု အမည်ရှိပြီး ရှောင်အာဟု နာမည်ပြောင်းလုနီးနီးဖြစ်နေသည့် တောင်ပံပါကျားအား ကုသရန် စတင်စမ်းသပ်လေသည်။ 


ရှောင်လုအား ခေါင်းစမှ အမြီးဖျားအထိ အကြမ်းဖျင်း စမ်းသပ်ပြီးနောက် သွေးပြန်ကြောများနှင့် သွေးကြောများမှာ အစိမ်းဖျော့ဖျော့လင်းနေသည့် အကြောများဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။ အဆိုပါအလင်းများ၏ အရင်းအမြစ်မှာ ရှောင်လု၏ သွေးများဖြစ်နိုင်သည်။


ကျင်းယွီအဖို့ ထူးဆန်းနေသည်မှာလည်း ထိုအရာပင် ဖြစ်သည်။ သွေးဆိုပါက သွေးကြောတိုင်း ခပ်ဖျော့ဖျော့ လင်းနေသင့်သည်။ သို့သော် ရှောင်လု၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများ၏ ၇၀ ရာနှုန်းခန့်သာ အစိမ်းဖျော့ဖျော့ လင်းနေခြင်းပင်။ ကိုယ်တွင်းအင်္ဂါများမှာလည်း တစ်ခုလုံး မီးခိုရောင်သန်းနေသည့် အင်္ဂါ နှစ်ခု၊ သုံးခုရှိသည်။ ယင်းတို့မှာ မူလကတည်းက အစိမ်းရောင်သွေးများ လက်ခံမရရှိပုံပင်။ 


“ကျွတ်.. မျှော်လင့်ထားသလိုပဲ.. လူသစ်ဖြစ်ရတာ အမြဲပဲ အဆင်မပြေဘူး.. ငါ့မှာ နှိုင်းယှဉ်ကြည့်ဖို့တောင် ဘာတစ်ခုမှ ရှိမနေဘူး..”


ကျင်းယွီသည် တောင်ပံပါကျား၏ အမူအရာအား ကြည့်လိုက်သည်။ ယင်းမှာ အတော်လေး မကျေမချမ်းနှင့် သုန်မှုန်နေလေသည်။ ကျင်းယွီ၏ ပထမဆုံးသော စမ်းသပ်ခံအနေနှင့် ချစ်စဖွယ် ခပ်တုံးတုံး ရှောင်အာလေးသည် သူ့အား စမ်းသပ်ရန် ကုန်ကြမ်းများများပေးနိုင်ပေမည်။ (သူက ရှောင်လုကို ရှောင်အာလို့လည်း ခေါ်နေတာပါ..)


သို့သော် ရှောင်လု၏ ကျောက်စိမ်းရောင်မျက်လုံးများမှာ ကျင်းယွီနှင့် မျက်လုံးချင်းဆုံသည့်နှင့် အဆိုပါကျားသည် ခပ်တုံးတုံး အမှိုက်တစ်စ မဟုတ်တော့ဘဲနှင့် ချက်ချင်းပင် ပြင်းပြင်းထန်ထန် တုန်ယင်လာပြီး ကျင်းယွီ၏ ခြေထောက်အားဖက်ကာ သနားဖွယ်ကောင်းစွာ ရှိုက်ငိုရင်း ညည်းညူလေသည်။


“နောက်ဆိုရင် ငါက မင်းရဲ့ အစေခံပါ.. မင်းရဲ့ ခွေးပဲ.. မင်းအတွက် တိုက်ခိုက်ပေးပါမယ်.. ပစ္စည်းတွေလည်း သယ်ပေးမယ်.. တခြားသူတွေကို ခြောက်လှန့်ပေးမယ်.. ပိုက်ဆံလည်း ရှာပေးမယ်.. အဲဒါကြောင့် ဘော့စ်.. ငါ့ကို စမ်းသပ်ခံအဖြစ် အသုံးမချပါနဲ့.. ငါ့မှာ ပိုင်ရှင်လည်းရှိတယ်.. လက်တွဲဖော်လည်းရှိတယ်.. အစောကြီး မသေချင်သေးဘူးလို့..”


ကျင်းယွီ၏ မျက်နှာတွင် ရူးနှမ်းနှမ်းအပြုံးတစ်ခု ပေါ်လာသည်။ 


“ငါ့ရဲ့ စမ်းသပ်ခံလုပ်ရတာ သေမယ်လို့ မင်းထင်နေတာလား..”


ရှောင်လု၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်။ မသေလျှင်တောင် အရေပြားအနည်းငယ် ဆုံးရှုံးသွားနိုင်သည်။ သူ၏ရှေ့၌ ရှိနေသည့်လူမှာ ပိုင်ရှင်ဖြစ်သူ၏ အားအနည်းဆုံးနှင့် အနူးညံ့ဆုံး အမျိုးသမီးနှင့် ယှဉ်လျှင်ပင် ပို၍ နူးညံ့ကာ အားနည်းပုံပေါ်သော်ငြား သူ၏ အော်ရာမှာ သားရဲများအား ဆွဲဆောင်နိုင်လေသည်။ သို့သော် ထိုအော်ရာအား ထူးဆန်းသည့် အမူအရာ၊ အပြုံးတို့နှင့် ပေါင်းစပ်လိုက်ချိန်တွင် သားရဲများအနေဖြင့် မွန်းစတားတစ်ကောင်နှင့် ရင်ဆိုင်နေရသလို ခံစားမိစေသည်။ ပြန်လည်ရိုက်နှက်ရန် မဖြစ်နိုင်သလို မဖြစ်မနေ နာခံရိုကျိုးရပါသော မွန်းစတားကြီးပင်။


ရှောင်လု၏ နှလုံးသားထဲ၌ ထိုသို့ခံစားနေရသည့်တိုင်အောင် အပြင်ပိုင်း၌ စိတ်အားထက်သန်စွာ ခေါင်းယမ်းနေဆဲပင်။ မလုပ်ချင်ဘူးလို့..။


“အဲလိုဆိုလိုတာ မဟုတ်ပါဘူး.. ငါ.. ငါဆိုလိုတာက.. ဘော့စ်က သုတေသနလုပ်ဖို့ စမ်းသပ်ခံ လိုချင်တာမလား.. ညဆိုရင် အန်ကျဲရဲ့ အမှိုက်ပုံကြီးဘေးမှာ ခြေမရှိ လက်မရှိဘဲ စွန့်ပစ်ခံထားရတဲ့ သားရဲတွေ အများကြီးမှ အများကြီးပဲ.. သူတို့ကို ဘော့စ်စိတ်ကြိုက် သုတေသန လုပ်လိုက်ရတယ်.. တကယ်ပါဆို..”


ထိုစကားအားကြားပြီးနောက် ကျင်းယွီနှုတ်ခမ်းမဲ့သွားမိသည်။ ဤငတုံးကောင်မှာ “မင်းဘာမင်းသေ.. ငါတော့ မသေနိုင်ဘူး..” ဟူသည့် သဘောထားမျိုးရှိသည်။ သို့သော် အလုံးစုံ မမှန်ပေ။ ယင်းပြောသည့်စကားမှာ အလိမ်အညာ မဟုတ်ချေ။ ဤကမ္ဘာနှင့် မရင်းနှီးသေးသော်ငြား ချမ်းသာကြွယ်ဝသည့် မျိုးရိုးမြင့်များ ရှိနေသော တောလိုက်မုဆိုးအဖွဲ့အစည်း၊ ဖရိုဖရဲကမ္ဘာ၌ ခေတ်၊ စနစ်တိုင်း၌ ရှိနေခဲ့သော ရက်စက်ကြမ်းကြုတ်မှုများ မလွှဲမသွေ ရှိနေပေမည်။ သမားရိုးကျခေတ်တစ်ခု၌ တွေ့မြင်ရန် မဖြစ်နိုင်သော အမှောင်ဘက်ခြမ်းများမှာလည်း ဤနေရာ၌ ပေါများစွာ တွေ့မြင်ရနိုင်သည်။


မတိုင်မီက ဤအလွန်အမင်း ဖရိုဖရဲဖြစ်နေသော အမှောင်နေရာ၏ အစစ်အမှန်အား မမြင်တွေ့ခဲ့ရချေ။ သူမမြင်ဖူးသော်ငြား မရှိဟု မဆိုနိုင်ပေ။ လူသားသဘာဝအား ဆန့်ကျင်လေလေ အလင်းရောင်အား ရှောင်ဖယ်လေလေပင် ဖြစ်သည်။


“ညဆို အမှိုက်ပုံမှာ စွန့်ပစ်ခံနဲ့ သေဆုံးသားရဲတွေ တကယ်ရှိတာလား..”


ကျင်းယွီ၏ မျက်လုံးများမှာ အေးစက်လျက်ရှိသည်။ ဤသည်မှာ နောက်ဆုံးမျိုးဆက်မှ ဆက်ခံလာသော ပြဿနာတစ်ရပ် ဖြစ်နိုင်သည်။ သူ့အနေဖြင့် ငယ်ရွယ်သော်ငြား တိရစ္ဆာန်အဖော်များစွာနှင့် ကြီးပြင်းလာခဲ့ရခြင်းဖြစ်သည်။ အမှောင်ထု၌ ရှင်သန်ကျန်ရစ်ပြီးနောက် တိရစ္ဆာန်အဖော်လေးများအား ယခင်ထက်ပင် ပိုမိုချစ်ခင်လာမိသည်။


တိရစ္ဆာန်များ၏ ခံစားချက်မှာ တည့်တိုးဆန်ကြသည်။ ဤလူအား သဘောကျလျှင် သဘောကျသည်ပင်။ တစ်ယောက်ယောက်အား သဘောမကျပါက သူတို့အား လက်အောက်ခံဖြစ်လာရန် ရိုက်နှက်နိုင်သကဲ့သို့ တစ်ပုံစံတည်း ပြန်လည်တုံ့ပြန်နိုင်ကြသည်။ အခြားတိရစ္ဆာန်တစ်ကောင်အား သဘောကျနှစ်သက်မိပါက အမှန်တကယ် အရူးအမူး မဖြစ်မီအထိ ယင်းအား ကိုက်မည်မဟုတ်ချေ။ အခြားတိရစ္ဆာန်အား သဘောမကျပါကလည်း ကျောခိုင်းထားခြင်း သို့မဟုတ် သွားဖြဲပြခြင်းများသာ ပြုလုပ်ပေမည်။ သူတို့အား ထောင်ဖမ်းရန် ကျွင်းကြီးကြီး တူးပေးမည် မဟုတ်။


ကျင်းယွီ၏ ချစ်လှစွာသော ဝံပုလွေဖြစ်သူ သာ့ဟွမ်အားခေါ်ပြီး ခန္ဓာကိုယ်လေ့ကျင့်သည့်အခါ ယင်းသည် သနားဖွယ်ကောင်းစွာ ပြန်လာလိမ့်မည်။ ထို့နောက် သာ့ဟွမ်သည် ကျင်းယွီအား အနောက်မှ ကြမ်းကြမ်းတမ်းတမ်း ကိုက်မည်။ နောက်တစ်နေ့၌မူ သာ့ဟွမ်သည် ကျင်းယွီနောက်မှ စိတ်အားထက်သန်စွာဖြင့် လိုက်ပါဦးမည်ပင်။


သို့သော် လူသားများမှာမူ ထိုသို့မဟုတ်ကြချေ။ ပင်ကိုယ်တကိုယ်ကောင်းဆန်စိတ်များကြောင့် လူသားများ၏ နှလုံးသားထဲ၌ အမှောင်ထုဖြစ်လွယ်သည်။ အဆိုပါအမှောင်ထုမှာ တဖြည်းဖြည်း ကြီးထွားလာပြီး ပြန်လှည့်မရနိုင်သည့် သစ္စာဖောက်မှုမျိုး ဖြစ်လာစေသည်။


သို့သော် လူသားတိုင်း၏ နှလုံးသားမှာ မဲနက်နေကြသည်ဟု ကျင်းယွီ မထင်ပေ။ ပြီးပြည့်စုံသောလူဟူ၍ မရှိရုံသာဖြစ်သည်။ လူသားများသည် ဆက်သွယ်ပြောဆိုခြင်းနှင့် အပြန်အလှန် ဖေးမခြင်းတို့ဖြင့် ယုံကြည်မှု တည်ဆောက်တတ်ကြသည်။ လူသားများသည် စိတ်လှုပ်ရှားဖွယ် စွမ်းဆောင်မှုများ ပြုလုပ်နိုင်ကြသည်။ လူသားများသည် အလွန်အမင်း နွေးထွေးကာ လှပကြသောကြောင့် ထိုသူများနှင့် နီးကပ်လိုစိတ် ဖြစ်ပေါ်တတ်ကြသည်။ 


သို့သော် အဆင့်မြင့် လူသားများနှင့် ရင်ဆိုင်ကြုံတွေ့ရန် အခွင့်အရေး အနည်းငယ်သာ ရှိလေသည်။ ထို့ကြောင့် ကျင်းယွီသည် သူ့ကိုယ်သူ တစ်ဆင့်နှိမ့်ကာ အဆင့်နိမ့် တိရစ္ဆာန်များနှင့်သာ ပျော်ရွှင်စွာ နေထိုင်လေသည်။ ကမ္ဘာကြီး၏အဆုံးသတ်၊ ကပ်ဘေးနှင့် ရူးသွပ်နေသော လူသားများ၏ လုပ်ဆောင်နိုင်စွမ်းများအား ကျော်ဖြတ်ပြီးနောက် ယင်းအချက်အား ပို၍ နက်နက်ရှိုင်းရှိုင်း ခံစားလာမိလေသည်။


ထို့ကြောင့် ပိန်းပိတ်အောင် မှောင်မိုက်ပြီး ရေခဲတမျှအေးစက်သော ညစ်ပေသည့်နေရာ၌ ညအမှောင်ထုအား အသုံးချကာ အရက်စက်ဆုံး နည်းလမ်းများသုံး၌ စွန့်ပစ်ခံသားရဲများအား နှိပ်စက်ညှင်းပန်းသည့် နေရာတစ်ခုရှိကြောင်း ကြားသိပြီးနောက် ကျင်းယွီ၏ ပတ်ဝန်းကျင်ရှိ အော်ရာမှာ အေးစက်ကာ ကြောက်မက်ဖွယ်ကောင်းလာသည်။ မည်သူမျှ သူ၏အနီးသို့ မသွားဝံ့ချေ။


ကျင်းယွီ အော်ရာ၏ သက်ရောက်မှုကြောင့် ရှောင်လုသည် သူဘေးကင်းစေရန် အခြားသူများအား ဘက်စ်ကားပေါ်တင်ပြီးနောက် ကြမ်းပြင်ပေါ်တွင် တိတ်တဆိတ် လဲလျောင်းနေသည်။ အချိန်အတော်ကြာပြီး‌နောက်မှ ဆက်ပြောလေသည်။


“ဘော့စ်က ငါဘယ်လောက်တောင် ကံကောင်းလဲ မသိလို့နော်.. သားရဲတွေထဲ ငါကပဲ ငါ့ကိုချစ်ပေးပြီး ကာကွယ်ပေးတဲ့ ပိုင်ရှင်နဲ့ တွေ့ခဲ့ရတာ.. ဒါ အရမ်းရှားတယ်.. လူသားတွေထက်တောင် သားရဲအမျိုးအစားက စုံသေးတယ်.. အဖမ်းခံရတဲ့ သားရဲအများစုက ပိုင်ရှင်ရဲ့ တန်ဖိုးထား မခံရဘူး.. တစ်ချို့ပိုင်ရှင်တွေမှာဆို သားရဲ ၁၀ ကောင်ကျော်လောက်တောင် ရှိကြတယ်.. ပြီးတော့ သားရဲတွေကို အဆင့်နဲ့ ခွဲခြားကြတာ.. အဆင့်နိမ့်လေ နှိပ်စက်ပြီး စွန့်ပစ်ခံရဖို့ အခွင့်အရေးများလေပဲ.. ပိုင်ရှင်ကို ကာကွယ်ဖို့ ဒဏ်ရာရခဲ့တာ ဆိုရင်တောင် တိုက်ပွဲစွမ်းရည် မရှိတော့ရင် စွန့်ပစ်ခံရမှာပဲ.. ပိုက်ဆံအပိုကုန်တယ်လေ.. အဲဒါကြောင့် ဘယ်လိုအခြေအနေမဆို သားရဲတွေကို မစွန့်ပစ်ဘဲ ထိန်းသိမ်းထားတဲ့ ပိုင်ရှင်ဆိုတာ အရမ်းပဲရှားတယ်.. အရမ်း အရမ်းပေါ့..”


ရှောင်လု၏ စကားလုံးများမှာ ကျင်းယွီ၏ နှလုံးသားအား အပ်နှင့်ဆွနေသည့်အတိုင်း နာကျင်စေသည်။ အချိန်အတော်ကြာအောင် အမူအရာမဲ့စွာ ရပ်နေပြီးနောက် ကျင်းယွီ သက်ပြင်းတစ်ချက်ရှိုက်ကာ မိမိကိုယ်ကိုယ် လှောင်ရယ်လိုက်သည်။ 


ငါ့လိုလူမှာ ဘယ်လိုလုပ်ပြီး ကမ္ဘာကြီးကို ပြောင်းလဲနိုင်စွမ်း ရှိမှာလဲ..


သူ့အနေနှင့် အရာအားလုံး ပြောင်းလဲနိုင်စွမ်း မရှိသည့်တိုင်အောင် သားရဲများအတွက် ကောင်းကင်ဘုံတစ်ခု ဖန်တီးပေးရန် အကောင်းဆုံးကြိုးစားမည်။


“အား... ကောင်းကင်ဘုံ.. ခိုနားရာအိမ်က အကောင်းဆုံးဖြစ်‌လောက်မယ်..” ကျင်းယွီ ခပ်တိုးတိုး ရယ်လောက်သည်။


“အင်း.. ခိုနားရာအိမ်ပေါ့.. ဝင်လာလို့ရတယ်.. ပြန်ထွက်သွားလို့ မရဘူး.. သေချာပေါက် အလုပ်သမားလည်း လိုလာမှာ.. ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန်ဆိုင်ပေါ့..”


ထိုသို့တွေးပြီးနောက် ကျင်းယွီ ရုတ်တရက် အလွန်အမင်း စိတ်လှုပ်ရှားလာသည်။ ဤကမ္ဘာပေါ်၌ ရည်မှန်းချက်အသစ် ရှာတွေ့လေပြီ။ နေ့ရက်တိုင်းအား ဦးတည်ရာမဲ့ ရည်မှန်းချက်မရှိ ဖြတ်ကျော်ရမည်ထက်စာလျှင် ဤသည်မှာ ပိုကောင်းပေမည်။


“လာ.. လာ.. လာ.. ငါ့စိတ်အခြေအနေ ကောင်းနေတုန်း မင်းရဲ့ အခြေအနေကို ကြည့်ပေးမယ်.. အင်း.. ပြောကာမှ နောက်ဆို မင်းရဲ့ ပိုင်ရှင်ဆီက စွန့်ပစ်ခံရရင် အိမ်မွေးတိရစ္ဆာန်ဆိုင်ကို လာဖို့ သတိရနော်..”


ကျင်းယွီ၏ အမြီးဆွဲခံထားရသော ရှောင်လုသည် ထိုစကားအား ကြားသည့်အခါ ပေါက်ကွဲလာတော့သည်။ ခေါင်းငုံ့ကာ ခက်ခက်ခဲခဲ အသက်ရှူလိုက်သည်။


အခုပဲ ငါက မင်းနဲ့အတူ ဝမ်းနည်းနေခဲ့တာလေ.. အဲဒါကို မင်းက ငါ့ကို ကျိန်ဆဲတယ်တဲ့လား.. ငါကတော့ အိမ်မွေးတိရစ္ဆာန်ဆိုင်ကို မသွားချင်ဘူး.. သွားချင် မင်းဘာမင်းသွား.. မင်းတို့ တစ်မိသားစုလုံးသွား..


ကျင်းယွီသည် ရှောင်လု၏ ဆန္ဒပြခြင်းအပေါ် မျက်တောင်ပင် မခတ်ချေ။ ထို့အစား အထိန်းအချုပ်မဲ့စွာ ရယ်မောလေသည်။ ဤငတုံးလေးကြောင့် ကမ္ဘာပေါ်ရှိ တဟွားကိုပင် အမှတ်ရမိသည်။ တဟွားစိတ်ဆိုးသည့်အခါ ဤသို့ပင် တစ်ထေရာတည်း ပြုမူတတ်သည်။


“ဟုတ်ပါပြီ.. တော်တော့.. မင်းရဲ့ နှလုံးကို မစမ်းနိုင်သေးဘူး.. ပြီးတော့ အဲဒါကို ဘယ်လိုဖြေရှင်းရမလဲ မသိသေးလို့ စကားလွှဲကြည့်တာပါကွာ..”


ထိုသို့ပြောရင်း ကျင်းယွီ၏ နှုတ်ခမ်းများ မကွေးဘဲ မနေနိုင်ချေ။ သူတွေးလေလေ လူယုတ်မာတစ်ဦးနှင့် တူသည်ဟု ခံစားရလေလေပင်။


သို့သော် အတွေးမှာ အတွေးသက်သက်သာ ဖြစ်သည်။ ကိစ္စများအား ဖြေရှင်းရန် လိုအပ်နေသေးသည်။ သူ၏ စိတ်စွမ်းအင်အား အသုံးချရန်မှတပါး လက်တလော၌ အခြားနည်းလမ်း မတွေးနိုင်ချေ။ ယခင်က သားရဲများအား တိုက်ခိုက်ရန်နှင့် ယဉ်ပါးစေရန် စိတ်စွမ်းအင် အသုံးပြုခဲ့သည်။ ထို့ကြောင့် သူတွေးနိုင်သည့် တစ်ခုတည်းသော အရာမှာ စိတ်စွမ်းအင်အား အသုံးပြုကာ ရှောင်လုနှလုံးရှိ အနက်ရောင်အစက်အား တိုက်ခိုက်ရန်ဖြစ်သည်။


အသက်ဖွဖွရှိုက်ပြီးနောက် ကျင်းယွီသည် ရှောင်လု၏ နှလုံးပေါ် လက်တင်ကာ အနက်ရောင်အစက်အား မမှိတ်မသုန် စိုက်ကြည့်လေသည်။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်စွမ်းအင်သည် မျက်ခုံးနှစ်ခုကြားမှတဆင့် အနက်ရောင်အစက်ရှိရာသို့ ကူးပြောင်းသွားပြီး ရှောင်လု၏ အရေပြားနှင့် အရိုးများအတွင်း ဖြတ်သန်းကာ နှလုံးတဝိုက်၌ စက်ဝိုင်းသဏ္ဌာန် လှည့်ပတ်လျက်ရှိသည်။


၁၀ မိနစ် ကြာပြီးနောက်...။


“ကျွတ်.. မင်းမှာ သိက္ခာဆိုတာ ရှိသေးလား..”


ကျင်းယွီ မူးဝေလာသည့်တိုင်အောင် တောင်ပံပါကျား၏ နှလုံးရှိ အနက်ရောင်အစက်မှာ ပျောက်ကွယ်ရန်‌ဝေးစွ အနည်းငယ်မျှပင် ကျုံ့မသွားချေ။ 


“....”


တောင်ပံပါကျား ရှောင်လုသည် ကျင်းယွီအား သနားဖွယ်ကောင်းစွာ ကြည့်နေလေသည်။


“ကျွတ်.. ငါမယုံဘူး..”


ကျင်းယွီ ရှောင်လုပေါ်သို့ လက်တင်ကာ စိတ်စွမ်းအင် ထုတ်လွှတ်တော့မည့် အချိန်မှာပင် ကျင်းယွီ၏ လည်ပင်းတွင် ဆွဲထားသော ပင်လယ်ပြာရောင်ကျောက်စိမ်းတုံး လင်းလာသည်။ ကျင်းယွီမှ ရှောင်လုထံ ပေးပို့လိုက်သော စိတ်စွမ်းအင် ပေါက်ကွဲထွက်ကာ တောင်ပံပါကျား၏ နှလုံးသားထဲရှိ အနက်ရောင်အစက်အား စွမ်းအားအပြည့်ဖြင့် ပျောက်ကွယ်သွားစေသည်။ သို့သော် ကျင်းယွီသည် စိတ်စွမ်းအင်အားလုံး အသုံးပြုလိုက်ပြီး ရှောင်လုသည် အလွန်နာကျင်သောကြောင့် သနားဖွယ်ကောင်းသည့် ညည်းညူသံ ထွက်ပေါ်လာသည်။ ကျင်းယွီ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်နှင့် ရှောင်လုသည်လည်း မျက်ဆံလှန်ကာ သတိလစ်သွားတော့သည်။


“ရှောင်လု....”


တံခါးအပြင်ဘက်ရှိ လီရှောင်သည် သားရဲ၏ ငိုကြွေးသံအား ကြားလိုက်ရသည်။ နှလုံးသားတစ်ခုလုံး တုန်ယင်လာပြီး တံခါးအား ချိုးဖြတ်ကာ ပြေးဝင်သွားလေသည်။ အရှုပ်လုပ်နေသူတစ်သိုက်သည်လည်း ပြေးဝင်လာကြသည်။


သို့သော် အခန်းအတွင်းရှိ မြင်ကွင်းမှာ သူတို့အား ဆွံ့အသွားစေသည်။


“ဘယ်လိုလုပ်ပြီး သူတို့က သတိလစ်သွားတာတုန်း..”


“အဲဒါက အဓိကမဟုတ်ဘူး.. တကယ့်အချက်က အဲဒီကောင်စုတ်လေးက ဘာလို့ အဝတ်ဝတ်ထားတာလဲ..”


“အန်.. မအောင်မြင်လိုက်တဲ့ အဓမ္မကျင့်မှုများ ဖြစ်နေမလား.. ကျွတ်.. ဒီကောင်စုတ်လေးမှာ စွမ်းအားရှိပြီး တောင်ပံပါကျားတစ်ကောင်ကိုပါ သတိလစ်အောင် လုပ်လိုက်နိုင်မယ်ဆိုတာ ဘယ်သူသိမှာလဲ..”


“ငါပြောတယ်.. သားရဲ-လူသား အတွဲက ရင်ဖိုစရာကောင်းတယ်လို့ မင်းတို့မထင်ဘူးလား..”


တစပြင်အလား တိတ်ဆိတ်သွားခြင်း...


“မင်းတို့က ပွဲကြည့်ရင်း အတော်ပျင်းနေကြတယ်ပေါ့.. ဟမ့်..”


အချိန်တစ်ခုမျှ တိတ်ဆိတ်နေပြီးနောက် လီရှောင်သည် ဆိုးဝါး‌သော အမူအရာဖြင့် တဖြည်းဖြည်းချင်း လှည့်လာသည်။ လိမ္မောရောင်ဖြူခေါင်းမှတပါး လူတိုင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြသည်။


“အခု ငါ့စိတ်အခြေအနေ မကောင်းဘူး.. ဆိုတော့ မင်းတို့ မသေချင်ရင် ဒိုးလိုက်တော့..”


လူသားနေနေ၊ သားရဲနေနေ အန်ကျဲရှိ လူအားလုံး ထွက်ပြေးသွားကြပြီး လိမ္မော်ရောင်ဖြူခေါင်း တစ်ဦးတည်းသာ ကျန်နေရစ်သည်။


“မင်းက သေချင်လို့လား..”


“ဟဲဟဲ.. သတိလစ်သွားရုံပဲလေ.. ခင်ဗျားဖြစ်နေပုံလည်း ကြည့်ပါဦး..”


လိမ္မော်ရောင်ဖြူခေါင်း ပခုံးတွန့်လိုက်သည်။


“ခင်ဗျား အတိတ်ကလိုမျိုး ရူးမသွားအောင် ကာကွယ်ပေးဖို့ ကျွန်တော်က ဘာပဲဖြစ်ဖြစ် ဒီမှာနေမှဖြစ်မယ်..”


လီရှောင်၏ အေးစက်သောမျက်နှာမှာ အနည်းငယ် ပြေလျော့လာသည်။ လိမ္မော်ရောင်ဖြူခေါင်းအား အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် ဘေးသို့ဖယ်ပေးလိုက်သည်။


“ဝင်လာခဲ့.. စကားအများကြီး မပြောနဲ့.. ညစာလည်း မရဘူး..”


“မစိုးရိမ်ပါနဲ့.. ကျွန်တော်က အလကားစားမယ်လို့ မပြောပါဘူး..”


လီရှောင် လမ်းဖယ်ပေးသည်ကို မြင်ပြီးနောက် လိမ္မော်ရောင်ဖြူခေါင်း၏ မျက်နှာတွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။ အမျိုးမျိုးသော သားရဲသားရေများနှင့် အလှဆင်ထားသည့် လီရှောင်၏ အခန်းအတွင်းသို့

ခြေလှမ်းကျဲများဖြင့် ဝင်ရောက်သွားသည်ကို မြင်ပြီးနောက် တံခါးဝ၌ ရှိနေဆဲဖြစ်သည့် လီရှောင်မှာ သက်ပြင်းသာ ချလိုက်မိတော့သည်။



🐾🐾🐾