အပိုင်း(၁)
သုဿန်၏ အစွန်အဖျားထောင့်တစ်ခုတွင်
သက်လတ်ပိုင်းအမျိုးသမီးက ကိုယ်ကိုညွှတ်ပြီး သူမပတ်ဝန်းကျင်က ပေါင်းမြက်များကို
ဆွဲနှုတ်လိုက်တော့ အကြမ်းလုပ်ထားသည့် အုတ်ဂူတစ်ခု ပေါ်လာလေသည်။
အုတ်ဂူပေါ်တွင်
ဝါဖန့်ဖန့်ဓာတ်ပုံဟောင်းလေးတစ်ခုရှိနေ၏။ ၃-၄နှစ်အရွယ် ကောင်လေးတစ်ယောက်က
နူးညံ့သိမ်မွေ့ပြီး ချောမောလေသည်။ သူက နှုတ်ခမ်းများကို စေ့ထားကာ နူးနူးညံ့ညံ့လေး
ပြုံးနေ၏။ သူ၏ ကြည်လင်နေသည့်မျက်လုံးများက
ထိုခက်ခဲလှသည့်နှစ်များကို ကျော်ဖြတ်လာခဲ့ပြီး လောကကြီးအပေါ် သူ၏ချစ်ခြင်းအကြောင်း
ဇွဲရှိရှိနှင့် ပြောပြနေသယောင်။
အမျိုးသမီးက
အုတ်ဂူပေါ်က ဓာတ်ပုံကို ထိကိုင်ပြီး ငိုကြွေးနေသည်။
“ဒါက ဇာတိမြို့မှာ
တွေ့ခဲ့တဲ့ တစ်ခုတည်းသော ဓာတ်ပုံပဲ”
လက်ချောင်းလေးတွေနဲ့
ဓာတ်ပုံဟောင်းလေးကို သပ်လိုက်ပြီး နောက်ဆုံးတော့ သင်္ချိုင်းစာပေါ်သို့
ရောက်သွားတော့သည်။
[ကျွန်တော့်နာမည်က ကျန်းယွီဖုန်းပါ၊ ကျွန်တော် ဒီနေရာကို
ရောက်လာတဲ့အကြောင်း လောကကြီးကို ပြောပြချင်ပါတယ်]
“သူ့ပစ္စည်းတွေကို
ထည့်နေတုန်းက စာအုပ်တိုင်းမှာ ဒီစာကြောင်းကို ရေးထားတယ်လေ။ သူက ဒီစာသားကို အရမ်းကြိုက်မယ်လို့ ထင်တယ်၊ ဒါကြောင့် သူ့အုတ်ဂူမှာ ဒီစာကြောင်းကို
ထွင်းပေးခဲ့တာ”
...
ရှမြန်က
ဒေါသတကြီးဖြင့် သူမ၏ဖုန်းကို ပစ်ထုတ်လိုက်ပြီး နောက်ဆုံးတော့
“စွဲလမ်းမိသူလေး”စာအုပ်ထဲက အမုန်းဆုံးဗီလိန်မိသားစု သ-တ်ခံရမည့်အချိန်ကို
စောင့်နေလိုက်သည်။ သို့သော်လည်း ဇာတ်လမ်းနောက်ကွယ်မှ ဗီလိန်၏ အောင်မြင်မှုများကို သိလိုက်ရတော့
သူမမှာ ပိုပြီး ဒေါသထွက်ရတော့သည်။
ကျန်းယွီဖုန်းရဲ့ဇာတ်ကောင်က
အရမ်းကို ကြေကွဲစရာကောင်းတာပဲ။ ထူးချွန်ပြောင်မြောက်ပြီး တောက်တောက်ပပ
ဖြစ်နေသင့်တဲ့ဘဝက ဗီလိန်ရဲ့ အတ္တလောဘကြောင့် အသက်ရှင်လျက် ဖျက်ဆီးခံလိုက်ရတယ်။
ကျန်းယွီဖုန်းက
ဗီလိန်ကျန်းယွီရွှမ်းရဲ့ ဖအေတူမအေကွဲ အစ်ကိုလေ။
သူ့အဖေက
ဖောက်ပြန်ပြီး သူ့အမေက သူ့ကိုမွေးပြီး လပိုင်းလေးမှာပဲ သူ့အဖေ ဖောက်ပြန်နေတာကို ဖမ်းဖို့အသွား
လမ်းမှာ ကားအက်စီးဒန့် ဖြစ်ပြီး သေသွားခဲ့တာ။
နောက်ပိုင်းကျတော့
မယားငယ်က အိမ်ရှင်မနေရာကို အောင်အောင်မြင်မြင်နဲ့ လွှဲယူခဲ့တယ်လေ။ သူမနဲ့ သူ့အဖေက
သူ့အမေရဲ့လျော်ကြေးငွေနဲ့ ငွေကြေးအပူအပင် ကင်းမဲ့တဲ့ဘဝမှာ နေတဲ့အပြင်
သူက သူ့ကိုလည်း ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခဲ့သေးတယ်။
ရှမြန်သည်
စိတ်လျှော့လိုက်ပြီး သူမ၏ဖုန်းကို ပြန်ကောက်ကာ ဆက်ဖတ်လေသည်။
“သူက သူ့အမေနဲ့
အရမ်းတူတာ၊ ငယ်ငယ်ကတည်းက အရမ်းချောတယ်၊ အထူးသဖြင့် သူ ပြုံးလိုက်ရင်
လူတွေရဲ့နှလုံးသားတွေ အရည်ပျော်သွားတယ်”
“ဒါပေမဲ့ သူ့ကို
နောက်တစ်ခါ ပြန်တွေ့ခဲ့အခါမှာတော့ သူက အရမ်းကို ပိန်ကျသွားပြီး အရိုးပေါ်အရေတင်
ဖြစ်နေတယ်” ကျန်းယွီဖုန်းရဲ့အဒေါ်က ငိုရလွန်းလို့ မေ့မျောမတတ်ပဲ။
“သူတို့တွေ သူ့ကို
အတင်းဖိအားပေးပြီး ပန်းချီဆွဲခိုင်းကြတယ်၊ နောက်ပြီး သူက သူ့ပန်းချီတွေကို
သူတို့တွေ ထပ်ယူသွားမှာ မလိုချင်ဘူး၊
ဒီတော့ အဲဒီတိရစ္ဆာန်တွေက သူ့ကို အငတ်ထားကြတယ်လေ”
သူက
ပါရမီရှင်တစ်ယောက် ဖြစ်မှန်း သိလိုက်ရပြီးတဲ့နောက်မှာ ယုတ်မာကြတဲ့ ကျန်းလင်မယားက သူ့ကို အကျဉ်းချထားပြီး
သူ့ကို ရက်ရက်စက်စက် ကိုယ်ကျိုးရှားအမြတ်ထုတ်ရာက သူလည်း စိတ်ရောဂါ ရလာတော့တာပဲ။
နောက်တော့ သူက
သူ့ပန်းချီကားတွေအားလုံးကို သူ့ရဲ့ဖအေတူမအေကွဲ ညီလေး ဗီလိန် ကျန်းယွီရွှမ်းဆီ
ပေးလိုက်ရတယ်လေ။ ကျန်းယွီရွှမ်းက သူ့သွေးကို စုပ်ပြီး
ပါရမီရှင်ပန်းချီဆရာတစ်ယောက်အဖြစ်နဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျော်ကြားလာခဲ့တယ်။
“အရမ်းကို
နောင်တရမိတယ်၊ ငါလေ စောစောကတည်းက သတိထားမိခဲ့သင့်တာ”
“ဒါပေမဲ့
အဲဒီအကြောင်းကို သိလိုက်ရတဲ့အချိန်မှာ သူတို့တွေက အကောင်ကြီးကြီးသူဌေးတွေ ဖြစ်နေပြီ၊ ငါ သူတို့ကို
မနိုင်တော့ဘူး” အမျိုးသမီးက ငိုနေတယ်။ “ငါ ထောင်ထဲသွားခဲ့ရင်တောင် ငါတို့ရဲ့ ရှောင်ဖုန်းက
ပြန်မလာနိုင်တော့ဘူး....”
မဟုတ်လို့လား။
ရှမြန်သည် အလွန်မှဒေါသထွက်ရသဖြင့် ဖုန်းကို နှစ်ကြိမ်တိုင်တိုင်
မှောက်ချပစ်လိုက်၏။ တကယ် အရမ်း ဒေါသထွက်ဖို့ကောင်းတယ်။
စာအုပ်ထဲက
မိန်းမကလဲ ငါနဲ့နာမည်အတူတူပဲ။ ဒါပေမဲ့ သူက ငိုဖို့ပဲသိတယ်။
ရှမြန်သည် အလွန်မှ စိတ်ပျက်မိနေ၏။
တကယ်လို့ ငါသာ
ကျန်းယွီဖုန်းရဲ့အဒေါ်ဖြစ်ခဲ့ရင် ငါကတော့ အဲဒီတိရစ္ဆာန်နဲ့ သူ့မိသားစုကို
မြေကြီးထဲရောက်အောင် သေချာပေါက် နင်းခြေပစ်မှာပဲ။
ရှမြန်တစ်ယောက်
အိပ်ရာမဝင်ခင်အထိ လက်သီးတစ်ဆုပ်ဆုပ် ဖြစ်နေရ၏။ သူမ၏နာကျည်းမှုက အလွန်မှ နက်ရှိုင်းလွန်း၍ ဖြစ်မည်။ သူမသည်
ညပိုင်းတွင် ကျန်းယွီဖုန်းကို အိပ်မက်မက်တော့သည်။
အပေါ်ပိုင်း လက်ရမ်းတစ်ခုပါသည့်
လုံခြုံရေးတံခါးကို ဖွင့်လိုက်သည်တွင် သားနားသည့် ဧည့်ခန်းတစ်ခုကို တွေ့လိုက်ရသည်။
အညိုရင့်ရောင်
ဘက်စုံသုံးဗီဒိုတစ်လုံး၊ သစ်မာကော်ဖီစားပွဲတစ်လုံးနှင့် အမြင်သာဆုံးနေရာတစ်ခုတွင်
ရောင်စုံ ပုံးတီဗွီတစ်လုံး ရှိနေသည်။ သူမသည် ငယ်ငယ်က သည်လိုတီဗွီကို အဘွားအိမ်တွင်
မြင်ခဲ့ဖူးသည်။
တံခါးနောက်တွင်
တချွတ်ချွတ်မြည်သံတစ်ခု ထွက်လာ၏။ ရှမြန်က တံခါးကို တွန်းဖွင့်လိုက်သည်တွင်
အသက်၃-၄နှစ်အရွယ်ကလေးတစ်ယောက်က သူ့လောက်နီးနီး အရွယ်အစားရှိသည့်
အလူမီနီယမ်ဇလုံတစ်ခုရှေ့တွင် ဆောင့်ကြောင့်လေးထိုင်ကာ အလွန်မှ ကျဉ်းမြောင်းလှသည့် ရေချိုးခန်းထဲတွင်
အဝတ်လျှော်နေသည်ကို တွေ့လိုက်ရ၏။
ကလေးလေးက
ညစ်ပတ်နေပြီး အမျိုးသားအလုပ်သမားဝတ် စွတ်ကျယ်တစ်ထည်ကိုသာ ဝတ်ဆင်ထားသည်။ အနားမှာ
စုတ်ပြဲနေပြီး အပေါက်များ ပြည့်နေပြီး သူ၏ ပိန်သေးသေး ခြေထောက်များကို ဖုံးရုံသာရှိလေသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် သူလေးသည် သူတောင်းစားလေးတစ်ယောက်နှင့် တူနေလေသည်။
ရှမြန်သည်
လေးလံလှသည့် အလူမီနီယမ်ဇလုံကြောင့် ဖြစ်ရသည်မှာ ထင်ရှားသည့် ကလေး၏ ခြေသလုံးပေါ်က ပွန်းပဲ့ရာအများအပြားကို သတိထားလိုက်မိ၏။
အလူမီနီယမ်ဇလုံး၏အနားက
အလွန်မှပါးလွှာပြီး ထက်ရှသည်။ မတော်တဆ ဝင်တိုက်မိလျှင် သည်လိုပုံစံမျိုး
နာကျင်ရလောက်သည်။ အကြောင်းအရင်းကိုတော့ မမေးလေနှင့်။ သူမ ကလေးဘဝတုန်းကလည်း
အဘွားအိမ်တွင် အစ်ကိုနှစ်ယောက်နှင့် ကစားရင်း အကြိမ်ကြိမ် ခံစားခဲ့ရဖူးသည်။ သူမသည်
နာကျင်ရသည့်ခံစားချက်ကို အခုထိပင် မမေ့နိုင်သေးချေ။
ကလေးက သူမကြောင့်
အလန့်တကြားဖြစ်သွားပြီး ရုတ်တရက် မော့ကြည့်လိုက်၏။ အနက်ရောင်စပျစ်သီးနှင့်
ဆင်တူလှသည့် သူ့မျက်ဝန်းများက ထိတ်လန့်ကြောက်ရွံ့မှု အပြည့်ဖြစ်နေ၏။ သူသည်
ခန္ဓာကိုယ်ကို တောင့်တင်းထားလိုက်ပြီး ရွံ့ရွံ့ကလေး လှမ်းခေါ်လိုက်လေသည်။
“ဒေါ်လေး”
အကြောင်းကြောင်းကြောင့်
သည်ကလေးမှာ ကျန်းယွီဖုန်းမှန်း ရှမြန်သိလိုက်သည်။
သူ့အခြေအနေက
လုံးဝမကောင်းချေ။ ရှမြန်မှာ ရင်နာရပြီး ရှေ့ကို တိုးသွားချင်ပါသော်လည်း
သူမ၏ခန္ဓာကိုယ်က ထိန်းချုပ်မှု လွတ်ကင်းနေသည်ကို တွေ့လိုက်ရ၏။ သူမက သည်အတိုင်းပြုံးကာ
ပြောလိုက်ရသည်။
“ရှောင်ဖုန်းက
ကိုယ့်အဝတ်ကိုယ် လျှော်တတ်တာလား၊ တော်လိုက်တာ” ထို့နောက် သူမက
လှည့်ထွက်သွားခဲ့သည်။
သူက တကယ်ကြီး
လှည့်ထွက်သွားတယ်။
လှည့်ထွက်သွားတယ်
ဟုတ်လား။
ထွက်သွားတယ်
ဟုတ်လား။
ဒါက...
ဘာတွေဖြစ်နေတာလဲ။
ရှမြန်က
ကျိန်ဆဲလိုက်ပြီး သည်ခန္ဓာကိုယ်က ဧည့်ခန်းဆီသို့ ပြန်သွားကာ အနားယူဖို့ လှဲချလိုက်သည်ကို ကြည့်နေရလေသည်။
ထိုအခါမှ သူမသည် ကျန်းယွီဖုန်း၏အဒေါ်ဖြစ်သူ ခန္ဓာကိုယ်ထဲ ရောက်နေတာ ဖြစ်မည်ဟု သဘောပေါက်သွားတော့သည်။
ငိုဖို့ပဲ သိတဲ့ ရှမြန်ဆိုတဲ့အဒေါ်လေ။
ရှမြန်က
ဒေါသထွက်နေမိ၏။ အဒေါ်ဖြစ်သူ စတွေ့ကတည်း ကလေးက နှိပ်စက်ညှဉ်းပန်းခံနေရတာ
သတိမထားမိတာလဲ မဆန်းဘူး။ ကလေးက လုံးဝကို ပုံမှန်မဟုတ်တဲ့ဟာ။ သူကတော့ ကလေးကို
လိမ္မာပြီး လုပ်တတ်ကိုင်တတ်တယ်လို့ပဲ ထင်ခဲ့တာတဲ့လား။
ဒါက လူလုပ်တွင်းလေး မဟုတ်လား။
ရှမြန်သည် နံရံကို
ကြည့်ဖို့ ဖိအားပေးလိုက်ရသဖြင့် ဒေါသထွက်ထွက်နှင့် အံကြိတ်နေရတော့သည်။ တကတဲမှပဲ။
ဒီလောက် ကလေးသေးသေးလေးက အဝတ်လျှော်နေတာလေ။
နင်က ကူညီရကောင်းမှန်း မသိဘူးလား။
အိပ်နေလိုက်သေးတယ်။ မြန်မြန်ထလေ။
သူမမှာ
စိတ်လှုပ်ရားနေမိသည်တွင် အပြင်ဘက်က တံခါးဖွင့်သံကို ကြားလိုက်ရ၏။
“အရမ်းပင်ပန်းတာပဲ”
ပျော့ပြောင်းလှသည့်အမျိုးသမီးအသံတစ်ခု မကြားဝံ့မနာသာ ပြောလေသည်။
“ခွေးကောင်၊
ဘယ်ရောက်နေတာလဲ၊ ငါ့ကို ရေတစ်ခွက် ခပ်ပေးစမ်း၊ မြန်မြန်”
အဲဒီရက်စက်တဲ့မိထွေး
ဟွမ်ရှောင်ကျွင်း ပြန်လာပြီ။
ရှမြန်သည် အနည်းငယ် စိတ်ပူသွား၏။ ဝတ္ထုထဲတွင်
ထိုအကြောင်းကို အသေးစိတ် ထည့်မရေးထားသော်လည်း
ကျန်းယွီဖုန်း၏ဇာတ်သိမ်းကို မြင်လိုက်ရပြီးနောက်တွင် သူမက မည်မျှ ရက်စက်လှသည်ကို သိထားလေသည်။
ကလေး၏ ခြေသံများက သူ၏ကြောက်ရွံ့စိတ်ကို
လှစ်ပြနေ၏။ ခဏလောက် တိတ်ဆိတ်သွားပြီးနောက်တွင် ရုတ်တရက် ကျွပ်ဆတ်ဆတ်အသံတစ်ခု
ထွက်လာသည်။
ထို့နောက်တွင်
အမျိုးသမီး၏ စူးရှလှသည့်ကျိန်ဆဲသံက ထွက်လာတော့သည်။
“အား... ငါ့ခွက်၊
ခွေးကောင်.. ငါက နင့်ကို နည်းနည်းလေးပဲ ခိုင်းတာကို နင်က ငါ့ကို
ပြန်ပေးဆပ်စေချင်နေတာပဲ၊ နင်က ဘာလုပ်တတ်လို့လဲ၊ ဘာလုပ်တတ်လို့လဲ”
နောက်ထပ်ပေါ်လာသည့်
စကားလုံးများနှင့်အတူ ဖျန်းခနဲရိုက်သံများ ပါလာပြီး ကလေးက ရိုက်ခံနေရမှန်း အထင်အရှား ရည်ညွှန်းနေခြင်းပင်။
ကလေး၏ နာနာကျင်ကျင် ငိုသံကို ကြားလိုက်ရသည်။
အမျိုးသမီးက သူ့ကို ပိုပြီးကြောက်စရာကောင်းလောက် ဆူပူကြိမ်းမောင်းတော့သည်။
“နင်က
အော်ရဲသေးတယ်ဟုတ်လား၊ တိတ်စမ်း၊ နင် ထပ်အော်ရဲအော်ကြည့် ငါ နင့်ပါးစပ်ကို အပ်နဲ့ ဖောက်ပစ်မယ်”
ထို့နောက်တွင် သူမ၏ကျိန်ဆဲသံနှင့် ကလေးကို
ရိုက်နေသံများသာ ကြားရတော့သည်။
အားးး....။ ငါ
ဒေါသအရမ်းထွက်လာပြီ။
ဒေါသထွက်လာသည်တွင်
ရှမြန်သည် သည်ခန္ဓာကိုယ်ကို တစ်နည်းနည်းဖြင့်
ထိန်းချုပ်နိုင်သွားပြီး ပြေးထွက်သွားလိုက်၏။
အနက်ရောင်သားရေဆိုဖာဘေးတွင် မိန်းမတစ်ယောက်က ကြက်မွေးတစ်ချောင်းကို အားဖြင့် လွှဲရိုက်နေသည်။
ပိန်သေးသေး
ကလေးငယ်လေးကို သူ့လက်မောင်းကြားတွင် ချီထားပြီး ပုန်းရှောင်စရာနေရာပင် မရှိချေ။
သူ့မှာ ကွေးပင်မကွေးနိုင်ရှာပေ။ သူ့ခမျာ ဝါးတုတ်ပါးပါးလေးက သူ့ကျောပြင်နှင့်
တင်ပါးကို ရိုက်နေသည်ကိုသာ လက်ခံလိုက်ရတော့သည်။
ကလေး၏မျက်နှာက
ကြောက်ရွံ့မှုနှင့် ချောက်ချားမှုအပြည့်ပင်။ သူ၏ နုနှယ်လှသည့် သွားဖြူဖြူလေးများဖြင့်
နှုတ်ခမ်းကို ကိုက်ထားပြီး ဘာအသံမှ မထွက်အောင် ခက်ခက်ခဲခဲ ကြိုးစားနေရသည်။ မျက်ရည်များက
သူ၏ဝိုင်းစက်စက်မျက်လုံးများဆီမှာ လှိမ့်ကျလေသည်။
သူ့မှာ အော်တောင်
မငိုရဲရှာဘူး။
“ရပ်စမ်း” ရှမြန်က
ဒေါသတကြီး ထအော်လိုက်၏။ “နင် ဘာလုပ်နေတာလဲ” သူမက ရှေ့သို့ အလောတကြီး
လျှောက်သွားလိုက်ကာ မိန်းမ၏လက်ထဲက လက်နက်ကို လုယူလိုက်လေသည်။
မိန်းမက ဆံပင်ကို
ဖက်ရှင်ရှင်ကျကျ လိပ်ထားပြီး တောက်ပကာသိမ်မွေ့သည့် ရုပ်သွင်တစ်ခုရှိသည်။
သူမက လက်ထဲတွင် ကြက်မွေးကိုင်ထားသည့် ရှမြန်ကို မျက်လုံးများကို
ကျုံ့ကာ ကြည့်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်၏။ “ရှမြန်၊ နင် အပူရှပ်ပြီး နေမကောင်းဘူးဆို၊
မြန်မြန်သွားနားလေ၊ ငါ နင့်အတွက် ကျောင်းကို ဆက်သွယ်ထားပြီးပြီ၊ နောက်မှ
ကျောင်းအုပ်ကြီးနဲ့ တွေ့ပေးဖို့
နင့်ကို ခေါ်သွားပေးမယ်”
ထိုသို့ပြောလိုက်ပြီးနောက်
သူမက ကြက်မွေးကို လှမ်းဆွဲရန် ကြိုးစားလိုက်၏။
ဟွမ်ရှောင်ကျွင်းက
ထိုသို့ အကြောင်းအရာ ပြောင်းလိုက်ရသည့်အကြောင်းသည်
ရှမြန်၏စိတ်ထဲတွင် ပေါ်ထွက်လာသည်။
ဟွမ်ရှောင်ကျွင်းက
ဟွာကန်းဂျူနီယာ အထက်တန်းကျောင်းမှာ အလုပ်လုပ်နေတာလေ။ သူမက ကျောင်းတက်ဖို့
စီရင်စုငယ်လေးတစ်ခုကနေ မြို့တက်လာခဲ့ပြီး ကျောင်းကောင်းတစ်ခုကို ပြောင်းဖို့
အဆက်အသွယ်ရှာဖို့ ဟွမ်ရှောင်ကျွင်းရဲ့အကူအညီကို အားကိုးထားရတာ။
ဒီတော့ အဒေါ်အရင်းက
ကလေး နှိပ်စက်ခံနေရတာကို သတိမထားမိတာ မဟုတ်ဘူးပေါ့။ သူမက ဒီအတိုင်း အတ္တကြီးခဲ့တာ။
ဟွမ်ရှောင်ကျွင်းကလည်း
ဒီအတွက်ကြောင့် အကြောက်အရွံ့ကင်းနေတာ။ ဒါမှမဟုတ်လဲ သူမက ဒီမိသားစုထဲမှာ
သူမရဲ့ပကတိရာထူးတစ်ခုကို တည်ဆောက်ချင်နေတာ။ ဒါကြောင့် သူမက ဒီကိစ္စကို
လက်မရှောင်ခဲ့တာပေါ့။
သူမသည်
ရှမြန်၏လက်ထဲတွင် ကိုင်ထားသည့် ကြက်မွေးကို
ကြည့်လိုက်ပြီးနောက် ပြုံးလိုက်ကာ “စိတ်မပူပါနဲ့ ကလေးရဲ့အဒေါ်ရယ်၊ ဒီခွေးကောင်လေးက
သူ့အဘွား မကောင်းတာတွေပဲ သင်ထားပေးခံရတာ၊ ငါက သူ့ကို ရေလေးနည်းနည်း ယူလာခိုင်းတာကို သူက ခွက်ကို လုပ်ခွဲလိုက်တယ်လေ၊ သူ
တမင်လုပ်တာလို့ ငါ ထင်တယ်၊ သူ ငယ်တုန်းလေး ငါကတော့ သူ့စိတ်ကို ပြောင်းလဲဖို့
လုပ်ရမဲ့ဟာ အကုန်လုပ်ရလိမ့်မယ်”
ဟွမ်ရှောင်ကျွင်းက
မျက်နှာပေါ်တွင် စိတ်ပျက်နေသည့်အမူအရာဖြင့် ကြမ်းပြင်ပေါ်က ကွဲသွားသည့်ကြွေခွက်ကို
ကြည့်လိုက်လေသည်။
“ဒီကြွေခွက်ဖြူလေးက
အရမ်းစျေးကြီးတာ”
သူမသည်
ရှမြန်လက်ထဲက ကြက်မွှေးကို ဆွဲယူလို့မရမှန်း သိလိုက်တွင် သူမက သည်အတိုင်း လွှတ်ပေးလိုက်ပြီး ပါးရိုက်ဖို့
ပြင်လိုက်လေသည်။
ရှမြန်က
သူမ၏လက်ကောက်ဝတ်ကို ဖမ်းထားလိုက်ပြီး ဒေါသထွက်ထွက်နှင့် ပြောလိုက်၏။
“နင်က
ဈေးဝယ်ထွက်လာပြီး ပြန်လာတော့ ဒီကလေး သေးသေးလေးကို ရေခပ်ခိုင်းတယ်၊ နင်ကလေ
အရမ်းအရှက်မဲ့တာပဲ၊ နင်က နင့်ခွေးကောင်လေးကိုတော့ အမိန့်ပတ်ပေးနေတာ ငါ ဘာလို့
တစ်ခါမှ မတွေ့ဖူးရတာလဲ”
“နင် ဘယ်သူ့ကို
ခွေးကောင်လို့ ခေါ်လိုက်တာလဲ” ဟွမ်ရှောင်ကျွင်းက စိန်းစိန်းဝါးဝါး ကြည့်လိုက်၏။
“ဒါဆိုရင် နင်က
ဘယ်သူ့ကို ခွေးကောင်လို့ ခေါ်နေတာလဲ” ရှမြန်က ဒေါသထွက်ထွက်နှင့် ပြောလိုက်သည်။
“ငါ့အစ်မရဲ့ကလေးကို ရိုက်နှက်ဖို့ နင့်အလှည့်ဘယ်တုန်းက
ရောက်သွားတာလဲ”
ဟွမ်ရှောင်ကျွင်းမှာ
ထိုစကားကြောင့် ဒေါသထွက်သွားတော့သည်။ သူမ၏အသံက စူးရှလာ၏။
“နင့်အစ်မရဲ့ကလေးဆိုတာ
ဘာသဘောလဲ၊ ငါ သူ့ကို ငါ့သားအရင်းလို ဆက်ဆံတာနော်၊ ဒါကြောင့်လဲ ငါ သူ့ကို
စောင့်ရှောက်ထားတာပေါ့၊ ငါသာ သူ့ကို ဂရုမစိုက်ရင် ဘာလို့ စိတ်ရှုပ်ခံပြီး သူ့ကို
ရိုက်နေမှာလဲ”
သူမက
ပြောရင်းဆိုရင်း ရှမြန်၏လက်ထဲက သူ့လက်ကို ခက်ခက်ခဲခဲ ကြိုးစားဆွဲထုတ်လိုက်သော်လည်း
အချည်းနှီးပင်။ သူက ခြေထောက်ကို မြှောက်လိုက်ကာ ကလေးကို
ကန်လိုက်ပြီး “နင်က လူဆိုးလေးပါလို့ ငါ နင့်ကို ပြောသားပဲ...”
ကလေးမှာ
အရိုက်ခံရထားသည့်အတွက် ကြောက်လန့်နေသည်မှာ သိသာလေသည်။ သူသည် မိန်းကလေးနှစ်ယောက်
ရန်ဖြစ်နေစဉ်မှာပင် ထွက်မပြေးနိုင်သဖြင့် မျက်နှာတည့်တည့်ကို ကန်ခံလိုက်ရတော့သည်။
ရှမြန်က
အခိုက်တန့်တွင် အဆင်ပြေသည်ဟု ထင်မိသော်လည်း ကလေး၏မျက်နှာပေါ်က ဖုန်ပေရာများနှင့်
ကလေးမှာ အလွန်မှ ကြောက်လန့်သွားပြီး ဘောလုံးလေးလို ကွေးနေကာ ငိုပင် မငိုရဲအောင်
ဖြစ်နေသည်ကို မြင်လိုက်ရသည်တွင် သူမသည် ရုတ်တရက်ဆိုသလို ဒေါသထွက်သွားတော့သည်။ သူမက
လက်ထဲက ကြက်မွေးကို မြောက်လိုက်ပြီး
ဟွမ်ရှောင်ကျွင်း၏ကျောပြင်ကို သူမခုနက ကလေးကို ဆက်ဆံခဲ့သည့်အတိုင်း
ရိုက်ပစ်တော့သည်။
“အား....”
ဟွမ်ရှောင်ကျွင်းက အော်ဟစ်ပြီး ကြောက်လန့်တကြား ရှောင်တိမ်းသည်။ “ရှမြန် နင်
ငါ့ကို ရိုက်ရဲတယ်ပေါ့လေ၊ နင် ကျောင်း သွားချင်သေးရဲ့လား”
ပြုံးဖြီးနေသည့်
ဟွမ်ရှောင်ကျွင်းကို ကြည့်ရင်း ရှမြန်က သက်ပြင်းတစ်ချ မှုတ်ထုတ်လိုက်၏။ ငါ့ရဲ့
နတ်သမီးလေးဆိုတဲ့ ပုံရိပ်ကို ထိန်းသိမ်းထားရတာနဲ့ ငါ့မှာ စိတ်အပန်းမဖြေရတာ
အရမ်းကြာသွားပြီ။ အခုတော့ ငါက အိပ်မက်ထဲမှာလေ။ ကောင်းကောင်လေးကို
တိုက်ခိုက်နိုင်ပြီပေါ့။
ရှမြန်သည်
သူမ၏လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်၏။
ဟွမ်ရှောင်ကျွင်းက
သူမ၏တောက်ပနေသည့်မျက်လုံးများကို ကြည့်လိုက်ပြီး သူမ၏စိတ်ထဲတွင်
အန္တရာယ်ရှိသည့် ခံစားချက်တစ်ခု ထိုးတက်လာတော့သည်။
သူမက ကြောက်လန့်တကြား အော်ဟစ်တော့သည်။ “နင် ဘာလုပ်မလို့လဲ”
“နင် ဘာလုပ်မလို့လဲ
ဟုတ်လား” ရှမြန်က မျက်နှာကို မဲ့ထားလိုက်၏။ “ငါ နင့်ဆီက ပညာသင်နေတာလေ”
သူမက
ပြောရင်းဆိုရင်း လက်တစ်ဖက်ဖြင့် သူမ၏လက်မောင်းကို လိမ်ချိုးကာ သူမကို
ဆိုဖာပေါ်တွင် ဖိထားလိုက်ပြီး သူမ၏တင်ပါးနှင့်ကျောပြင်ကို နာနာလေး
ရိုက်ပစ်တော့သည်။
“အား... နာတယ်ဟဲ့၊
အရူးမ၊ အခုချက်ချင်းရပ်....” ဟွမ်ရှောင်ကျွင်းမှာ နာကျင်မှုကြောင့်
အော်ဟစ်နေလေသည်။
ရှမြန်က ကလေး၏
သနားစရာဘဝလေးကို စဉ်းစားမိပြီး ဒေါသခြောင်းခြောင်း ထွက်လာတော့သည်။ သူမက
ဟွမ်ရှောင်ကျွင်းကို ပိုပြီးနာနာလေး ရိုက်တော့သည်။
“နင်က ဒီလိုမျိုး
အော်ဟစ်နေတယ် ဟုတ်လား၊ နင်က ဘာကို အော်ဟစ်နေတာလဲ၊ ကလေးကိုကျတော့ မအော်ဖို့
တားမြစ်ထားတယ်မလား၊ နင်လဲ သည်းခံထားတာ ပိုကောင်းလိမ့်မယ်၊ နင် ထပ်အော်ကြည့်စမ်း၊
ငါ နင့်ပါးစပ်ကို အပ်နဲ့ထိုးပစ်မယ်”
“ရှမြန် နင်
ရူးနေလား” ဟွမ်ရှောင်ကျွင်းသည် နောက်ဆုံးတော့ လူကြီးတစ်ယောက်ပင်။ သူမသည်
နာကျင်မှုကို ခံစားရချိန်တွင် ထွက်ပြေးကာ ဟိုနားသည်နား ပုန်းကွယ်လေသည်။ “ငါ
နင့်အတွက် ကျောင်း မရှာပေးတော့ဘူး”
“နင် လိုချင်ရင်
ရှာပေါ့” ရှမြန်က အရိပ်တစ်ခုလို သူမနောက်က ကပ်ပြီးလိုက်သွားကာ “ငါ
ကျောင်းမသွားရရင်တောင် ငါ နင့်ကို သေအောင် ရိုက်ပစ်မယ်”
သူမသည် ဒီမိန်းမက
ကလေးကို နှိပ်စက်ညှဉ်းပန်းခဲ့ပုံကို
စဉ်းစားမိလိုက်ချိန်တွင် သူမရင်ထဲက မီးကို လောင်စာဖြည့်လိုက်တော့သည်။
ဒီအိပ်မက်ရဲ့ကျေးဇူးကြောင့် ငါ့ရဲ့လက်တွေနဲ့ ဒီတိရစ္ဆာန်ကို
စာရင်းရှင်းနိုင်တော့မယ်လေ။
အဓိကက
ငါ့ရဲ့နတ်သမီးပုံရိပ်လေး ပျက်စီးသွားတာကို ဘယ်သူမှ သိမှာမဟုတ်ဘူး။
ရှမြန်က ဝမ်းသာအားရ
သူမ၏လက်ကို မြောက်လိုက်ပြီး ကြက်မွေးမှာ မကြာမီတွင် အပိုင်းပိုင်း
ကျိုးသွားတော့သည်။ လွင့်ပျံနေသည့်ငှက်မွေးများက
သူမ၏နှာခါင်းပေါ်သို့ ကျလာ၏။ ရှမြန်မှာ မနေနိုင်ဘဲ နှာချေလိုက်၏။
ဟွမ်ရှောင်ကျွင်းက အခွင့်အရေးယူပြီး တစ်ဟုန်ထိုး ပြေးထွက်သွားတော့သည်။
ရှမြန်က
မောဟိုက်လို့နေသည်။ ဒီအဒေါ်ရဲ့ခန္ဓာကိုယ်က နည်းနည်းအားနည်းတယ်။
ငါ့ရဲ့ကြမ်းတမ်းတဲ့စိတ်နဲ့ မကိုက်ဘူး။ ငါ့ကိုယ်ပိုင် ခန္ဓာကိုယ်နဲ့သာဆိုရင်တော့
ဟွမ်ရှောင်ကျွင်းကို အစောကြီးကတည်းက အလဲထိုးခဲ့ပြီးလောက်ပြီ။
ရှမြန်က ဒါကို
ရှားပါးအခွင့်အရေးတစ်ခုဟု စဉ်းစားလိုက်ပြီး သူမက သူ့နောက်လိုက်သွားပြီး
ကောင်းကောင်းလေး ရိုက်ပစ်ရလျှင် ကောင်းမလားဟု စဉ်းစားလိုက်လေသည်။
ထို့နောက်တွင်တော့ ထောင့်တစ်နေရာမှ ကြောက်ကြောက်လန့်လန့် အော်သံတစ်ခုကို
ကြားလိုက်ရလေသည်။
“ဒေါ်လေး”
...