အပိုင်း ၂
Viewers 418

အပိုင်း (၂)

ရှမြန်သည် ပြန်အလှည့်တွင် ကလေးလေးက ဆိုဖာထောင့်နားတွင် ပူးကပ်နေကာ ကြောက်ရွံ့နေသဖြင့် တုန်ယင်နေပြီး ဝိုင်းစက်နေသည့် မျက်ဝန်းအစုံလေးက သူမကို စိုးရိမ်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ ရှမြန်မှာ ရုတ်တရက် သူမ၏ခြေထောက်များကို မလှုပ်နိုင် ဖြစ်သွားတော့သည်။

သူမက လျှောက်သွားလိုက်ပြီး ကလေးလေးကို ဖက်ကာ ပြောလိုက်ရတော့သည်။ “မကြောက်နဲ့နော် ပေါင်ပေါင်း၊ အန်တီလေး ရှိတယ်”

က‌လေးလေးက သူမ၏ရင်ခွင်ထဲတွင် တဆတ်ဆတ်တုန်နေ၏။

ကလေးက ရိုက်ခံထားရသဖြင့် သူ့ခန္ဓာကိုယ်လေးပေါ်တွင် ဒဏ်ရာများ ရှိနေမည်ကို ရှမြန် အခုမှ သတိရသွားပြီး သူ့ကို မြန်မြန်လေး လွှတ်ပေးလိုက်ကာ သေသေချာချာ စစ်ဆေးလိုက်တော့သည်။ ကလေး၏ လက်ဖျံပေါ်တွင် အနီရောင်အရာတစ်ခုကို တွေ့လိုက်ရပြီးနောက် ကြမ်းပြင်ပေါ်က ကွဲနေသည့်ဖန်ခွက်ကို ကြည့်လိုက်၏။

ဘာနားလည်ပေးရအုံးမှာလဲ။ ရေက အရမ်းပူနေမှတော့ ကလေးက ခွက်ကို လွတ်ကျပြီး ကွဲပြီပေါ့။

သူမက ကလေးကို ဂရုတစိုက် ကောက်ချီလိုက်ပြီး မတတ်နိုင်တော့ဘဲ နှာမွှန်ချင်လာတော့သည်။ သူမသည် အသက် ၄-၅နှစ်အရွယ် ကလေးတစ်ယောက်၏ အလေးချိန်ကိုပင် မခံစားရချေ။

ရေချိုးခန်းထဲသို့ လျှောက်သွားလိုက်ပြီး သူမသည် တစ်ခုခုကို တိုက်မိသွားကာ သူမ၏ခြေသလုံး‌ပေါ်က စူးရှသည့်နာကျင်မှုတစ်ခုက ငယ်ထိပ်အထိပင် ထိုးတက်သွားသလို ခံစားလိုက်ရ၏။ ရှမြန်သည် ‘အ’ခနဲ အော်မိသွားပြီး ငြိမ်ငြိမ်လေး ရပ်လိုက်တော့သည်။

ပြန်သက်သာလာဖို့ရန် အချိန်တော်တော် ယူလိုက်ရသည်။ ငုံ့ကြည့်လိုက်သည်တွင် ကလေးလေး အဝတ်လျှော်ဖို့ရန် သုံးခဲ့သည့် အလူမီနီယမ်ဇလုံတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

ကလေးလေးက ဖြစ်ပျက်သွားသည်ကို အသေအချာ သိနေ၏။ သူသည် အလွန်မှ လန့်ဖျပ်သွားပြီး သူ့ခန္ဓာကိုယ်လေးက တောင့်တင်းသွားသည်။ သူမလည်ပင်းကို သိုင်းဖက်ထားသည့်လက်များက ကြောက်စိတ်ဖြင့် လျော့သွားပြီး စိုးရိမ်ကာ လက်ချောင်းများကို ယှက်ထားသည်။ သူအသံလေးက မသိမသာ တုန်ယင်လို့နေသည်။ “အန်တီလေး”

ရှမြန်မှာ သူ့အော်သံကြောင့် ငိုမိတော့မလိုဖြစ်သွားပြီး သူလေးကို ချက်ချင်း တင်းနေအောင် ပွေ့ဖက်ထားလိုက်ကာ သူ့ကျောပြင်လေးကို အထပ်ထပ်  ပွတ်သပ်ပေးလိုက်သည်။ “မကြောက်နဲ့နော်၊ မကြောက်နဲ့၊ လမ်းကို မကြည့်လိုက်မိတာ အန်တီလေး အမှားပါ၊ ‌ပေါင်ပေါင်းရဲ့အမှား မဟုတ်ဘူးနော်”

“ပေါင်ပေါင်းက အဝတ်လျှော်တတ်တာပဲ၊ အရမ်းတော်တာပဲ”

ကလေးလေးမှာ ရှမြန်က ရေအေး သုံးပြီး သူ့ကိုယ်ပေါ်က အနီကွက်နေရာများကို ဆေးကြောပေးပြီး သူ့ကို လက်မောင်းပေါ်တွင် ချီကာ ရေကြည်ဖု မထအောင် သွားတိုက်ဆေး လိမ်းပေးပြီးသည်အထိ စိတ်မပြေသေးချေ။ ခဏလောက်နေပြီး သတိထားမိလိုက်ချိန်မှာ ခန္ဓာကိုယ်လေးက ချီတုံချတုံဖြင့် မဝံ့မရဲ ရှမြန်ကို မှီချလိုက်သည်။

သတိလေးနှင့် မှီခိုလိုက်ပုံက ရှမြန်ကို ဝမ်းနည်းသွားစေတော့သည်။

ငါသာ ရောက်မလာရင် ဒီကလေး ဘယ်လောက်တောင် သနားစရာ ကောင်းနေလိမ့်မလဲနော်...

အဲလိုပြောမှပဲ ဒီအိပ်မက်က အရမ်းကို လက်တွေ့ဆန်တာပဲ... တိရစ္ဆာန်ကောင်ကို ရှင်းပစ်လိုက်ရတော့ တကယ် အားရပါရဲ့။ ဒါပေမဲ့ ငါ ဒီကလေးကို မထားခဲ့နိုင်ဘူး။

ရှမြန်သည် တချို့အရာများကို မျက်စိလျှမ်းသွားသည်ဟု အမြဲတမ်း ခံစားမိနေသော်လည်း ထိုအခိုက်တွင် ဘာကိုမှန်းတော့ မမှတ်မိချေ။

ထားလိုက်ပါလေ။ အခုတော့ ဒါကို ခဏဖယ်ထားလိုက်အုံးမယ်။ တစ်ကြိမ်ကို တစ်လှမ်းစီသွားပြီး ကလေးကို မြန်မြန် သန့်သန့်ရှင်းရေး လုပ်ပေးရမယ်။

ရှမြန်သည် အလွန်မှ ညစ်ပတ်နေသဖြင့် အရောင်ပင် မထွက်တော့သည့် စွပ်ကျယ်ကို ဆွဲချွတ်ပေးလိုက်ပြီး အံကြိတ်ထားလိုက်မိသည်။ ခုနက တကယ့်ကို ပေါ့ပေါ့လေး ရိုက်ခဲ့တာ မဟုတ်ဘူးပဲ

က‌လေးရဲ့ ပိန်သေးသေး ခန္ဓာကိုယ်က ရှော့ခ်ဖြစ်စရာ ပွန်းပဲ့ဒဏ်ရာတွေနဲ့ ဖုံးနေတာပဲ။

ရှမြန်ရဲ့မျက်လုံးများမှာ ကျိန်းစပ်သွားတော့သည်။ သူမက သန့်ရှင်းအိစက်သည့် ပဝါတစ်ထည်ကို ယူလိုက်ပြီး ရေဆွတ်လိုက်ကာ ကလေး၏လက်နှင့်မျက်နှာကို ဂရုတစိုက် သုတ်ပေးလိုက်သည်။ တခြားနေရာများသို့ အရောက်တွင် သူမမှာ ဘယ်က စလုပ်ပေးရမည်မသိ ဖြစ်သွားတော့သည်။ ကလေး၏ခန္ဓာကိုယ်တွင် ပကတိ အကောင်းအတိုင်း တစ်နေရာလေးပင် မကျန်ဟုဆိုလျှင် ချဲ့ကားပြောနေခြင်းမဟုတ်။

ရှမြန်က ရုတ်တရက် ထရပ်လိုက်ပြီး သူမ၏လက်မက သူမ၏လက်ညှိုးအရင်းကို အမှတ်တမဲ့ ဖိထားမိလိုက်ပြီး လက်ဆစ်က ‘ဂျွတ်ခနဲ’အသံတစ်ခု ထွက်လာသည်။ သူမသည် အိပ်မက်ထဲက နိုးထဖို့ရန် အချိန်ဘယ်လောက် ကြာလိမ့်အုံးမည်ကို မသိချေ။ အိပ်မက်က သူမကို ထိုယုတ်ညံ့သည့် မိန်းမအား ထပ်ပြီး ရိုက်နှက်နိုင်အောင် ထောက်ပံ့ပေးဖို့သာ မျှော်လင့်မိသည်။

ရှမြန်က ရှေ့ကို တစ်လှမ်းတိုးလိုက်ချိန်တွင် ရင်းနှီးပြီးသား နာကျင်သည့်ခံစားချက်က သူမ၏ငယ်ထိပ်ကို တစ်ဖန် တိုက်ခိုက်လာပြန်သည်။ ရှမြန်က ဒုတိယအကြိမ် တိုက်မိသွားသည့် အလူမီနီယမ်ဇလုံကို ငုံ့ကြည့်လိုက်ပြီး သူမ မျက်စိလျှမ်းခဲ့သည့်အရောကို နားလည်သွားတော့သည်။- အိပ်မက်တစ်ခုထဲက နာကျင်မှုက အဲလောက် အစစ်အမှန်လို ဖြစ်နိုင်လို့လား။

သူမက ထိုအကြောင်းကို စဉ်းစားလိုက်သည်တွင် သူမ၏ဦးခေါင်းက ရုတ်တရက် ကိုက်ခဲလာပြီး သူမ ပိုင်ဆိုင်မထားသည့် မှတ်ဉာဏ်များက သူမ၏စိတ်ထဲသို့ လိမ့်ဝင်လာသည်။ ထိုအရာက ကျန်းယွီဖုန်း အဒေါ်၏ ၁၆နှစ်တာ ဘဝဖြစ်နေသည်။

ဘာဖြစ်တွေ ဖြစ်နေတာလဲ။ ရှမြန်သည် အိပ်မက်လား၊ တကယ်လား နားမလည်နိုင်အောင် ဖြစ်နေချိန်တွင် ရေချိုးခန်းနှင့် ဆက်ထားသည့် ပြတင်းပေါက်ငယ်မှတဆင့် ဟွမ်ရှောင်ကျွမ်း ရှိုက်ငိုနေသံကို ကြားလိုက်ရ၏။

“မိထွေးတစ်ယောက် ဖြစ်ရတာ ခက်ခဲတယ်လို့ ပြောကြတာ ဒါကြောင့်ကိုး၊ အဲကလေးက အမြဲတမ်း ‌ပေါ့ပျက်ပျက်နဲ့၊ ကျွန်မမှာ သူ့ကို သားအရင်းလေးကို ဆက်ဆံခဲ့တာပါ၊ ဒါပေမဲ့ သူ့ကို နည်းနည်းပါးပါးလေး ဆူဆဲမိတာကို သူ့အဒေါ်က ကျွန်မကို ဒီလို ရိုက်နှက်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ...”

သူမ၏ခြေထောက်များက တင်းကြပ်နေသလို ခံစားနေရသည်။ ရှမြန်က ငုံ့ကြည့်လိုက်မှ ကလေး၏ လက်သေးသေးလေးများဖြင့် သူမ၏ဘောင်းဘီကို တင်းနေအောင် ဆွဲထားပြီး သူ့ပါးစပ်လေးကလည်း စိုးရိမ်စိတ်ဖြင့် တင်းနေအောင် စေ့ထားကာ သူ့ဝိုင်းစက်စက်မျက်လုံးများက စိုးရိမ်ကြောက်ရွံ့မှု အပြည့်ဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။

ရှောင်ဖုန်းသည် သူ့မိထွေး မည်မျှ အားကြီးကြောင်း သိနေသည်။ သူ့အန်တီလေး ကြိမ်းမောင်းခံရမှာကို သူက စိုးရိမ်သည်။ သူ့အန်တီလေး ပြန်သွားပြီးနောက်တွင် သူ့မိထွေးက ပိုပြီး စိတ်ဆိုးကာ သူ့ကို ရိုက်နှက်မှာကို ပိုလို့ပင် ကြောက်ရွံ့သည်။ သူ့မှာ မတ်တတ်ပင် မရပ်နိုင်တော့လောက်အောင် အရမ်း နာကျင်ရလိမ့်မည်။

စိတ်လက်‌ပေါ့ပါးနေသင့်သည့် ကလေးက ထာဝရအကြောက်တရားထဲတွင် နေရတော့မယောင်။

ထိုမျက်လုံးလေးများကို ကြည့်ပြီး ရှမြန်သည် သူမ၏စိတ်ထဲက ရှုပ်ထွေးနေသည့်ခံစားချက်ကို ခဏလောက် လျစ်လျူရှုထားလိုက်၏။ သူမက ကိုယ်ကို ကုန်းကာ ကလေး၏မျက်နှာလေးကို ကိုင်လိုက်ပြီး သူ့မျက်လုံးများကို ကြည့်ရင်း လေးလေးနက်နက် ပြောလိုက်သည်။ “မကြောက်နဲ့နော် ပေါင်ပေါင်း၊ အန်တီလေးက သားကို ပစ်ထားမှာ မဟုတ်ဘူး”

အိပ်မက်လား တကယ်လား မသေချာသည့်တိုင် သူမသည် သည်ကိစ္စကို အလေးအနက်ထားကာ အနည်းဆုံးတော့ ကလေးအတွက် ထွက်ပေါက်လေးတစ်ခု ချန်ထားပေးခဲ့ရမည်။

ကလေး၏မျက်လုံးထဲတွင် ခပ်ရေးရေး အလင်းရောင်တစ်ခု ဖြစ်သွားသည်။ သူက ရှမြန်ကို ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ “သားက ပေါင်ပေါင်း မဟုတ်ပါဘူး၊ သားနာမည်က ရှောင်ဖုန်း၊ မေမေက ဒီနာမည်ကို ပေးခဲ့တာ”

“အင်းပါ၊ ပေါင်ပေါင်းက အိမ်နာမည်လေ၊ ရှောင်ဖုန်းက နာမည်အရင်း” ရှမြန်က လက်ဆန့်ကာ စုတ်ပြဲနေသည့် စွပ်ကျယ်ကို ပစ်ထုတ်လိုက်ပြီး မေးလိုက်၏။ “အဝတ်အစား လဲရအောင်၊ သားရဲ့အဝတ်အစားတွေ ဘယ်နားမှာလဲ”

က‌လေးက မြောက်ဘက်ကို မျက်နှာမူထားသည့် အခန်းငယ်လေးတစ်ခုကို လက်ညှိုးထိုးပြသည်။ အစောပိုင်းနှစ်များတွင် မိသားစုအိမ်ရာများ၏ အခန်းဖွဲ့စည်းပုံက သိပ်ပြီး အဆင်မပြေလှချေ။ ၈၀စတုရန်းမီတာကျော် ဧရိယာတစ်ခုအတွင်းတွင် အိပ်ခန်း၃ခုနှင့် ဧည့်ခန်းတစ်ခုပါရှိပြီး ဧည့်ခန်းက အကြီးဆုံး နေရာယူထားကာ ထို့နောက်တွင် အိပ်ခန်းနှစ်ခန်းလာသည်။ မြောက်ဘက်သို့ မျက်နှာမူထားသည့် အခန်းက အလွန်မှ သေးငယ်လှသည်။

သူမသည် ကိုယ့်ဟာကို စိတ်ပြင်ဆင်ထားခဲ့သည့်တိုင် တံခါးကို ဖွင့်လိုက်ပြီးနောက် ရှမြန်၏ မျက်ရည်များက ရုတ်ခြည်းဆိုသလို စီးကျလာတော့သည်...။

ရှောင်ဖုန်းက ပျာယာခပ်သွားတော့သည်။ “အန်တီလေး...”

“ရပါတယ်၊ ရပါတယ်” ရှမြန်က ကိုယ်ကို ညွှတ်လိုက်ပြီး သူ့ကို ပွေ့ဖက်ထားလိုက်ကာ သူမ၏ငိုရှိုက်သံကို ထိန်းမထားနိုင်တော့ချေ။ “မကြောက်နဲ့နော်၊ အန်တီလေးက သားကို သေချာပေါက် ကာကွယ်ပေးမှာ”

ရှမြန်က သူမ၏မျက်ရည်များကို သုတ်လိုက်ပြီး အံဆွဲသေတ္တာထဲက ဖုန်းကို ကောက်ကိုင်လိုက်ပြီး ၁၁၀ ကို ခေါ်လိုက်တော့သည်...။

ဖုန်းချလိုက်ပြီးနောက်တွင် သူမက ဧည့်ခန်းထဲသို့ ပြန်လာလိုက်ပြီး သူမ၏ နဂိုခရီးဆောင်အိတ်ထဲက တီရှပ်တစ်ထည်ကို ရှာထုတ်လာပြီး ထွက်လာကာ ကလေးကို ဝတ်ပေးလိုက်ပြီးမှ မီးဖိုချောင်ထဲ ဘီစကစ်နည်းနည်းလောက် ထုတ်လာလိုက်ပြီး သူ့ကို လှမ်းပေးလိုက်၏။

ရှောင်ဖုန်းက သူ့ခန္ဓာကိုယ်ပေါ်က အဝတ်သန့်သန့်လေးကို ထိကိုင်ကြည့်လိုက်ပြီး နှုတ်ခမ်းလေးကို စူထားကာ တနည်းနည်းဖြင့် ပျော်သွားသည့်ရုပ်လေး ဖြစ်နေသည်။ ရှမြန်က ဘီစကစ်မုန့်များကို ကိုင်ထားသည်ကို မြင်လိုက်တော့ အလန့်တကြား ဖြစ်သွားပြီး ရို့ရို့ကလေး ပြောလိုက်၏။ “ဒါက ညီလေးအတွက်ပါ”

ရှမြန်က ဘီစကစ်မုန့်ကို သူ့လက်ထဲ ထိုးထည့်ပေးလိုက်ပြီး ပြောလိုက်၏။ “ဒီနေကစပြီး သားမှာ ညီလေး မရှိတော့ဘူး၊ သားလိုချင်တဲ့ဟာတိုင်းက သားဟာပဲ”

သူ့ကို ချီထားပြီး သူမက ဆိုဖာပေါ်တွင် ထိုင်ကာ ပြောလိုက်၏။ “ဒါကို လိမ်လိမ်မာမာလေး စားပြီး အန်တီလေး ပြန်လာတာကို စောင့်နေနော်”

ရှမြန်က သူမ၏လက်ဆစ်အရင်းများကို တစ်ချောင်းချင်းစီ ဖျစ်ညစ်လိုက်ပြီး အဆစ်ချိုးသံများ ထွက်လာတော့သည်။

ဒီနေ့ ဟွမ်ရှောင်ကျွမ်းကို  သူ့မိဘတွေ မမှတ်မိတော့တဲ့အထိ မရိုက်နိုင်ရင် ငါ ရှမြန် မဟုတ်တော့ဘူး။

ဟွားကန်းဗျူရိုဝန်ထမ်းအိမ်ရာ နံပါတ်(၁၉)သည် အလွန်မှ ကြီးမားပြီး အဆောက်အအုံပေါက် ၁၂ကျော်ရှိကာ တိုက်ခန်းပေါင်း ၃၀-၄၀လောက် ရှိပြီး အနည်းဆုံးတော့ လူတစ်ထောင်ဝန်းကျင် နေထိုင်ကြသည်။ အခုတော့ နေ့လယ်ခင်း အလုပ်ဆင်းချိန်ဖြစ်သဖြင့် လူများ သွားလိုက်လာလိုက်ဖြင့် အလွန်မှ စည်ကားနေသည်။

ဟွမ်ရှောင်ကျွမ်းက ပုံမှန်ဆိုလျှင် မိသားစု အိမ်ရာဝင်းထဲတွင် တော်တော်လေး နာမည်ရှိသည်။ အခုတော့ သူမက ကျောက်ခုံတန်းတစ်ခုပေါ်တွင် ထိုင်ပြီး ငိုနေလေသည်။ “ရှင်တို့အားလုံး အဲကလေးကို သိကြတာပဲ၊ တစ်နေ့လုံး ဆိုးသွမ်းပြီး ညစ်ပတ်ပေရေနေတာ၊ အိမ်ရာဝင်းထဲက ဘယ်သူက သူနဲ့ ကစားချင်မှာလဲ၊ ကျွန်မက သူ့ကို ကောင်းစေချင်တာပါ၊ ကျွန်မ သူ့ကို စည်းကမ်းတင်းကြပ်တာ မှားလို့လား”

“သူကလဲ ပြော‌သေးတယ်၊ အဲဒါ သူ့အစ်မရဲ့ကလေးတဲ့၊ ကျွန်မ သူ့ကို ဆုံးမဖို့ အရည်အချင်းမရှိဘူးတဲ့”

ဟွမ်ရှောင်ကျွင်းက သူမ၏စိတ်ရင်းက သစ္စာဖောက်ခံလိုက်ရသယောင် ပိုပြီး ဝမ်းပန်းတနည်း ငိုပြနေသည်။ “သူက ကျွန်မကို တန်းပြီး တိုက်ခိုက်တော့တာပဲ” သည်လိုပြောရင်း သူမက သူမ၏လက်မောင်းပေါ်က အနီကွက်များကို ပြလိုက်သေးသည်။ ရှမြန်ကလည်း အသာအယာ တိုက်ခိုက်လိုက်သည်မဟုတ်တော့ ယခုအချိန်တွင် အနီကွက်များက ယောင်ရမ်းလို့နေသည်။

“ကျွန်မတို့အိမ်က လောင်ကျန်းက သံယောဇဉ်ဟောင်းကို စဉ်းစားပေးနေတာ၊ သူ့ အရင်ခယ်မ မိသားစုရဲ့ မိဘတွေက ဆုံးပါးသွားကြပြီလေ၊ ကလေးမလေးကလည်း အရမ်းကို သနားစရာကောင်းတယ်၊ ဘယ်သူမှ သူ့ကို မလိုချင်ကြဘူး၊ မြို့ကအနေအထားက ကောင်းနေတော့ သူသာ ကလေးမကို ခေါ်ထားရင် ကလေးမလည်း ကျောင်းကောင်းတစ်ခုကို သွားနိုင်ပြီး သူ့အစ်မလိုပဲ တက္ကသိုလ်ကောင်း တက်နိုင်မယ်ပေါ့၊ ထင်မထားတာက...”

သူမက သည်လိုပြောရင်း ငိုရှိုက်လာပြီး စိတ်ဓာတ်ကျနေသူလို သနားစရာရုပ်လေး လုပ်ထားလေသည်။

လူတစ်ယောက်က သူမ မပြောဘဲ ချန်ထားသည့် စကားကို အဆုံးသတ်ပေးလိုက်၏။

“ကျေးဇူးကန်းလိုက်တာ၊ တကယ့်မိထွေးသာဆိုရင် ဘယ်ဂရုစိုက်နေပါ့မလဲ၊ ကလေးတစ်ယောက်ကို ထိန်းကျောင်းရတယ်ဆိုတာ အရမ်းအားစိုက်ထုတ်ရတာပဲ၊ ဘယ်သူက အဲလို လုပ်ချင်မှာလဲ”

ဘေးအခန်းက အဘိုးကြီးက ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်သည်။ “အပေါ်ဆုံး ထုပ်တန်းက ရွဲ့နေရင်တော့ အောက်က ထုပ်တန်းလည်း ရွဲ့သွားမှာပဲ၊ အားလုံးက မျိုးရိုးလိုက်တာပဲ၊ ကလေးက ဆုံးမရခက်တယ်လို့ နင် ပြောတာလဲ မဆန်းပါဘူး”

ဘေးအခန်းက အဘွားကြီးကလည်း ဒေါသဖြင့် သူ့ကြိမ်တုတ်ကို ထုလိုက်ပြီး ထောက်ခံလေသည်။

“မဟုတ်လို့လား၊ အဲကလေးမကို ကြည့်လေ၊ နေ့တိုင်း နွားသိုးမိစ္ဆာတစ်ကောင်လို နေနေတာ၊ သူလာကတည်းက ငါ့မြေးလေးတောင် အပြင်ထွက်ပြီး မကစားရဲတော့ဘူး”

ဟွမ်ရှောင်ကျွမ်း၏ မိတ်ဆွေရင်းတစ်ယောက်ကလည်း သက်ပြင်းချလိုက်ပြီး “မိထွေးတစ်ယောက် ဖြစ်ရတာ တကယ် မလွယ်တာပါ၊ ဒါပေမဲ့ နင်ကလည်း  အရမ်းသဘောကောင်းတာကိုး၊ သူက လောင်ကျန်းရဲ့ ခယ်မဟောင်းပဲ၊ တကယ်တမ်း ပြောကြည့်စမ်း၊ သူက သွေးတောင် မတော်စပ်တာ၊ သူ့ဆွေမျိုးအရင်းကလည်း သူ့ကို မလိုချင်ဘူး၊ ဒါနဲ့များ နင်တို့က ဒုက္ခခံပြီး ဘာလို့ သူ့ကို ခေါ်ထားနေသေးလဲ”

ဟွမ်ရှောင်ကျွမ်းက သူမ၏ သဘောကောင်းသည့် အကျင့်စရိုက်ကို ထုတ်ကြွားတော့မည် ပြင်လိုက်စဉ် မာမာထန်ထန် နှာခေါင်းသံ၊ သူစိမ်းဆန်ဆန် လေသံနှင့် ကြည်လင်လှသည့် အမျိုးသမီးအသံတစ်ခုကို ကြားလိုက်ရ၏။ “ဒုက္ခရှာတယ် ဟုတ်လား၊ ကျွန်မအမေ ကျွန်မအတွက် ချန်ထားပေးတဲ့ စုငွေနဲ့ ပိုင်ဆိုင်မှုတွေကြောင့် နင်တို့ပဲ ကျွန်မကို မြို့ကို မလိမ့်တပတ်နဲ့ ခေါ်ခဲ့တာ မဟုတ်ဘူးလား”

အားလုံးက လှည့်ကြည့်လိုက်တော့ အခုလေးတင် သူတို့ပြောနေကြသည့် ‘နွားသိုးမိစ္ဆာဘုရင်’က ဒေါသတကြီးနှင့် သူတို့ထံသို့ လျှောက်လာသည်ကို မြင်လိုက်ရလေသည်။ သူမ၏ဆံပင်နီနီများက ထောင်လွှားစွာ ပျံတက်နေပြီး သူမ၏မျက်လုံးများကလည်း နီရဲနေကာ သူမသည် ဟွမ်ရှောင်ကျွမ်းထက်ပင် ပိုပြီး မတရားခံရခဲ့ရသယောင်။

အားလုံးက သူမ၏စကားများကို နားမလည်နိုင်ခင်မှာပဲ သူမက ဟွမ်ရှောင်ကျွမ်းဆီ ခြေလှမ်းကျဲများနှင့် လျှောက်သွားလိုက်ပြီး အေးစက်စက်မေးလိုက်တော့သည်။ “နင် အခုလေးတင် ဘာပြောလိုက်တယ်၊ ကလေးက ဆိုးသွမ်း၊ ပျက်ချော်ချော်နဲ့ မလိမ္မာဘူးဟုတ်လား”

ဟွမ်ရှောင်ကျွမ်းက ရှမြန်က စုငွေအကြောင်း ပြောလိုက်သည်ကို ကြားလိုက်ချိန်တွင် အနည်းငယ် မလုံမလဲ ဖြစ်သွားသော်လည်း အခုတော့ ရှမြန်က ကလေးအကြောင်းသာ ထုတ်ပြောလိုက်သဖြင့် သူမက ချက်ချင်းဆိုသလို ယုံကြည်မှုရှိလာကာ ပြောလိုက်၏။ “မဟုတ်လို့လား”

ရှမြန်က မည်မျှ‌မောက်မာလှကြောင်းကို အားလုံးကို ပြသဖို့ရန် သူမက တမင် ရန်လိုသည့်ဟန်ဖြင့် ပြောလိုက်လေသည်။ “သူက တစ်နေ့လုံး ပေါ့ပျက်ပျက်နဲ့ ညစ်ပတ်နေတာ၊ စကားလည်း လုံးဝ နားမထောင်ဘူး။ နင့်ခဲအိုက သူ့အဖေအရင်းပဲ၊ ဒါပေမဲ့ သူက ဂရုမစိုက်တော့ ငါကပဲ... အားးး”

ဟွမ်ရှောင်ကျွမ်းမှာ စကားပင် မဆုံးသေးခင် ရှမြန်က သူမ၏ဗိုက်ကို ကန်ထည့်လိုက်ပြီး ဒေါသတကြီး ပြောလိုက်တော့သည်။ “သူ ဘာလို့ အဲလောက် ညစ်ပတ်နေတာလဲ၊ နင် သူ့အဝတ်အစားတွေကို လျှော်ပေးဖူးလို့လား၊ နင်က အသက် ၅နှစ်တောင် မပြည့်သေးတဲ့ကလေးကို သူ့အဝတ် သူ လျှော်ခိုင်းထားတာလေ၊ သူက ဘယ်လိုလုပ်ပြီး စင်အောင် လျှော်တတ်မှာလဲ”

ကလေးလေးက သူ့အဝတ်သူ လျှော်နေရပုံကို စဉ်းစားမိလိုက်သည်တွင် ရှမြန်၏မျက်လုံးများက ပြန်ပြီး နီရဲလာတော့သည်။ သူမက ရှေ့ကို ကုန်းလိုက်ပြီး ဟွမ်ရှောင်ကျွမ်းကို ကော်လံမှ ဆွဲမလိုက်ကာ သူမ၏ဗိုက်ကို လက်သီးဖြင့် ထိုးပစ်လိုက်သည်။ “ဝင်းထဲက ကလေးတွေက သူနဲ့ မကစားချင်ဘူးဟုတ်လား၊ နင် သူ့ကို အပြင်ပေးထွက်ဖူးလို့လား၊ သူ့မှာရှိတဲ့ နှစ်ထည်တည်းသော အဝတ်အစားဆိုတာကလည်း သူ့အဖေရဲ့စွပ်ကျယ်တွေလေ”

သူမက ကိုယ်ကို လှည့်လိုက်ပြီး အိမ်နီးချင်းများကို မေးလိုက်တော့သည်။ “ကလေးက သာမန်ကလေးတွေရဲ့ အဝတ်အစားဝတ်ပြီး လျှောက်ပြေးနေတာ ရှင်တို့ထဲ ဘယ်သူမြင်ဖူးလဲ၊ ကလေးက ဘယ်လောက်ပဲ ဆိုးသွမ်းပါစေအုံး၊ လူကြီးတစ်ယောက်က ဘယ်လိုလုပ်ပြီး ကလေးကိုတောင် မျက်နှာမသစ်ပေးနိုင်ရတာလဲ၊ ဒါက မြို့ကြီးပါ၊ ကလေးက အပြင်မှ မထွက်ဘဲနဲ့ ဘယ်လိုလုပ်ပြီး အဲလောက် ညစ်ပတ်နိုင်ရတာလဲ”

အားလုံးက အချင်းချင်း ကြည့်လိုက်ကြ၏။ ဒါသည် အမှန်ပင်။ ကလေးသည် အမြဲတမ်း ညစ်ပတ်ပြီး ကြောက်ရွံ့နေတတ်ကာ ဒါကပင် ကြည့်ဖို့ရန် စိတ်မသက်မသာ ဖြစ်ရသည်။ ထို့ကြောင့် ဘယ်သူကမှ သူ့ကို ဂရုမစိုက်ချင်ခဲ့ကြပေ။

ရှမြန်က ဝက်ခြံတစ်ခုနှင့် တူသည့် အမှောင်ခန်းငယ်လေးကို စဉ်းစားမိသွားပြီး သူမ၏ခန္ဓာကိုယ်ထဲက စိတ်ရိုင်းစွမ်းအားတို့ကို ဖိနှိပ်မထားနိုင်တော့ချေ။ သူမက ဟွမ်ရှောင်ကျွမ်းကို ပြန်ချလိုက်ပြီး ငိုရှိုက်ရင်း ရိုက်လေတော့သည်။ “နင်ကများ သူ့ကို ဆိုးသွမ်းတယ်လို့ ပြောပြီး ဆုံးမရဲရသလား၊ နင် အပြင်က ပြန်လာပြီးတော့ ကလေးကို ရေနွေးပူ လောင်းထည့်ခိုင်းတယ်၊ သူက လက်အပူလောင်သွားပြီး မတော်တဆ ခွက်ကို တိုက်ချမိသွားတာကို နင် သူ့ကို သေအောင် ရိုက်နေတာလေ”

သူမက ပြောလေလေ ပိုပြီး မခံမရက်နိုင် ဖြစ်လာလေလေပင်။ ရှမြန်က မျက်လုံးနီများဖြင့် အော်ပြောတော့သည်။

“နင့်သားက ဘောလုံးတစ်လုံးလို ဝဖိုင့်နေပြီး ငါတို့က‌လေးကျတော့ အရိုးပေါ်အရေတင်၊ နင်ကများ သူ့ကို ဆုံးမတယ်လို့ ပြောရဲသေးတယ်နော်”

ဟွမ်ရှောင်ကျွမ်းမှာ ဗိုက်ကို အကန်ခံနေသဖြင့် အသံမထွက်တော့ချေ။ သူမသည် အခုတော့ အော်ဟစ်နေရပြီး သူမ၏ခေါင်းကို ကာထားကာ ဘယ်ညာ ယိမ်းပြီး ရှောင်တိမ်းနေရသည်။ “နင်.. နင် အရူးမ၊ ကူညီကြပါအုံး၊ ကူကြပါအုံး”

တခြားသူများကလည်း သတိပြန်ဝင်လာကြပြီး ဖျန်ဖြေပေးရန် ပြေးဝင်လာကြသည်။ နောက်ဆုံး သူတို့သည် ဟွမ်ရှောင်ကျွမ်း၏ မိတ်ဆွေများဖြစ်လေရာ နာမည်မရှိ နွားသိုးမိစ္ဆာဘုရင် အပြင်လူ ရှမြန်ထက် ဟွမ်ရှောင်ကျွမ်းကို အမှန်ပင် မျက်နှာသာပေးကြလေသည်။

“ငါက ဘာဖြစ်နေလို့လဲ၊ ခုကျတော့ နာတယ်ပေါ့လေ” ရှမြန်သည် အရပ်အမြင့်ရော ခွန်အားရော မရှိတော့သော်လည်း အရင်ကလိုပင် ကိုယ်ခံသိုင်းပညာတော့ တတ်နေဆဲ။  သူမက သက်လတ်ပိုင်းအရွယ် မိန်းမများ၏ လက်များကို နောက်ခုန်ကာ ရှောင်လိုက်ပြီး ဟွမ်ရှောင်ကျွမ်းကို အကြိမ်တော်တော်များ ကြမ်းကြမ်းလေး ကန်ကျောက်ပစ်လိုက်၏။

“နင်က ကလေးကို ဒီထက်တောင် ကြမ်းကြမ်းတမ်းတမ်း ရိုက်တာပဲ၊  နင်က ကလေးကို ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်လွန်းလို့ သူ့မှာ ငိုတောင်မငိုရဲရှာဘူး၊ နင်က ဘယ်လိုလုပ်ပြီး ကလေးထက် ပိုဆိုးနိုင်မှာလဲ”

...