အပိုင်း ၃
Viewers 428

အပိုင်း(၃)

ဟွမ်ရှောင်ကျွမ်းသည် ကော်လံမှနေ၍ တင်းနေအောင် ကိုင်ဆုပ်ခံထားရပြီး သူမမှာ မရှောင်နိုင်ချေ။ နွေရာသီတွင် အဝတ်အစားများက ပါးလွှာပြီး သူမမှာ အားမသုံးရဲချေ။ သူမ၏အဝတ်အစားများ ပြဲသွားပြီး သူမ၏အသားများ ပေါ်သွားလျှင် အသက်ရှင်နေထိုင်ဖို့ရန် အလွန်မှ ရှက်ရလိမ့်မည်။

သူမသည် ဆိုးဆိုးရွားရွား အရိုက်ခံထားပြီး အံကြိတ်ထားကာ ဖွာလန်ကျဲသည့် ဆံပင်နှင့် ရှမြန်ကို ပြန်ဆွဲထားလိုက်၏။ ရှမြန်က မျက်လုံးပြူး မျက်ဆံပြူးဖြင့် အံကြိတ်ထားသည့် သူမကို မြင်လိုက်တော့ ပိုလို့ပင် ဒေါသထွက်လာတော့သည်။ သူမ အချိန်အကြာကြီး ထိန်းသိမ်းလာခဲ့သည့် နတ်သမီးပုံရိပ်ကတော့ သည်ဆန်မြေလေးကြောင့် လုံးဝ ပျက်စီးသွားတော့သည်။

သက်လတ်ပိုင်းအရွယ် အမျိုးသမီးများက ရှမြန်ကို ဆွဲမထားနိုင်သည့်အပြင် အလကားနေရင်း လက်သီးစာ တော်တော်များများ မိသွားကြသေးသည်။ တဖြည်းဖြည်းနှင့် သူတို့သည် ရှေ့သို့ တက်မလာရဲတော့ချေ။ ရှမြန်သည် နောက်ဆုံးမှ သူမ၏လက်နှင့် ခြေများကို လွှတ်ပေးလိုက်၏။ ဘယ်သူကမှ ဘက်မရွေးကြတော့ချေ။ ဟွမ်ရှောင်ကျွမ်းသည် သူမအတွက် လုံးဝ ပြိုင်ဘက်မဟုတ်ဘဲ မြေကြီး‌ပေါ်တွင် စက္ကန့်အနည်းငယ်လောက် ရှမြန်၏ ကန်ကျောက်ခံလိုက်ရပြီး သနားစဖွယ် ငိုရှိုက်နေလေသည်။ “ငါ့ကို မရိုက်ပါနဲ့တော့၊ နင်က လူသတ်ချင်နေတာလား၊ ဝူး ဝူးးး....”

သူမသည် အလွန်မှ သနားစဖွယ်ဖြစ်နေဖြင့် ရှမြန်သည် အခိုက်တန့် ဆက်မလုပ်နိုင်တော့ချေ။ သို့သော် ထို့နောက်တွင်တော့ အမြဲတမ်း အကြောက်တရား အပြည့်ဖြစ်နေပြီး အမှောင်ခန်း‌လေးထဲတွင် ရှိနေသည့် ကလေး၏မျက်လုံးကို စဉ်းစားမိလိုက်လေသည်။

ရှမြန်က ကိုယ်ကို ကုန်းလိုက်ပြီး သူမ၏ဆံပင်ကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်၏။ “နင်က ဘာလို့ ငိုနေတာလဲ၊ နင် ငါတို့ကလေးကို ရိုက်တုန်းက သူ့ကို အသံတစ်ချက်တောင် ပေးမထွက်ဘူး၊ သူ ငိုရင် နင်က သူ့ပါးစပ်ကို အပ်နဲ့ထိုးသေးတယ်လေ”

ရှမြန်က ပြောလိုက်၏။ “ဒီလို ဆိုရင်ကော၊ နင် အသံမထွက်ရင် ငါ နင့်ကို ဆယ်ချက် လျှော့ပေးမယ်”

ထိုသို့ပြောလိုက်ပြီးနောက်  သူမသည် သူမ၏ပေါင်ကို တန်းပြီး ကန်ပစ်လိုက်လေသည်။

ဟွမ်ရှောင်ကျွမ်းမှာ ပြင်းထန်လှသည့်နာကျင်မှုတွင် အံ့ဩစရာကောင်းလောက်သည့် စွမ်းရည်ဖြင့် အောဟစ်လေသည်။ သူမက ရှမြန်ကို တွန်းထုတ်လိုက်ပြီး ကြောက်လန့်တကြား ထွက်ပြေးသွားတော့သည်။ ခြေလှမ်းအနည်းငယ် လှမ်းအပြီးတွင် သူမသည် အရပ်မြင့်မြင့် လူငယ်လေးတစ်ယောက်ကို ဝင်တိုက်မိသွားတော့သည်။

“ဒေါက်တာနဉ်”

“ဟယ်.. ဒေါက်တာနဉ်၊ သတိထား”

“ဟေး ဒေါက်တာနဉ် အဆင်ပြေရဲ့လား”

အံ့အားသင့်သံနှင့် စိုးရိမ်သံများက တစ်ခုပြီးတစ်ခု ထွက်လာကာ ဒေါက်တာနဉ်မှာ ကြွေရုပ်လေးတစ်ခုနှယ်။ ဟွမ်ရှောင်ကျွမ်းက သူမ ဝင်တိုက်လိုက်ချိန်တွင် ထိုကြွေရုပ်လေးကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် နင်းခြေပစ်လိုက်သည့်နှယ်။

ရှမြန်ကတော့ အားလုံး၏ စိုးရိမ်စိတ်ကို သတိမထားမိချေ။ သည်အခိုက်တွင် သူမ၏မျက်လုံးထဲ၌ ဟွမ်ရှောင်ကျွမ်းတစ်ယောက်သာ ရှိလေသည်။ သူမသည် ဟွမ်ရှောင်ကျွမ်းနောက်သို့ ချက်ချင်းနီးပါး ပြေးလိုက်သွားပြီး သူမကို ကန်ပစ်လိုက်၏။

“ဒေါက်တာနဉ်၊ ကျွန်မကို ကယ်ပါအုံး” ဟွမ်ရှောင်ကျွမ်းက လူငယ်လေး၏နောက်တွင် စွေ့ခနဲ ဝင်ပုန်းလိုက်၏။

“ဒီနေ့ ဘုရားတောင် နင့်ကို မကယ်နိုင်ဘူး” ရှမြန်က ထိုလူကို ပြန်ဆွဲရန် လက်ကိုဆန့်လိုက်သော်လည်း သူမရှေ့က လူငယ်လေးက ဟွမ်ရှောင်ကျွမ်း၏ တင်းနေအောင် ဖမ်းဆုပ်ခံထားရပြီး ရှမြန်၏လက်က တစ်ဖက်လူ၏အင်္ကျီကို တိုက်ရိုက် ဆွဲဖွင့်မိအသွား...

သေစမ်း။ လှလိုက်တဲ့ ရင်အုပ်ကြွက်သားတွေ... နောက်ပြီး အရမ်းကို ချောမွတ်နေတာပဲ...

ရှမြန်သည် အမှတ်တမဲ့ မျက်တောင်ခတ်မိသွားပြီး သူမ၏လက်များက သူ့အလိုလို သိနေသည့်နှယ် ရင်ဘတ်ကို သေသေချာချာလေး ထပ်ထိလိုက်လေသည်။

လက်ကြီးတစ်ခုက သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ခေါင်းပေါ်က အသံက အမြန်ရထားပေါ်က စပီကာတစ်ခုလို ပဲ့တင်ထွက်လာ၏။

“ကလေးမ ကျေးဇူးပြုပြီး ကိုယ့်ဟာကို လေးစားပါ”

သူမ၏နားသည် ယောင်ကိုင်းသွားမတတ်ပင်။ ရှမြန်က မော့အကြည့်တွင် လှပသည့် မက်မွန်ပွင့် မျက်ဝန်းတစ်စုံကို ချက်ချင်း တွေ့လိုက်ရ၏။ သူ့မျက်ဝန်းများက အလွန်မှ တောက်ပပြီး ထိုမျက်လုံးများကို မသိမသာလေး ကျဉ်းမြောင်းလိုက်သည်တွင် မျက်ဝန်းများထဲက နှစ်လိုဖွယ်ချစ်ခြင်းတရားက လျှံကျလာတော့မလို။ တစ်ဖက်လူ၏ နားဝင်ဆိုးသည့်အသံကြောင့်သာ မဟုတ်လျှင် သူက သူမကို အလွန်မှ သဘောကျနေတာဖြစ်မည်ဟု သူမမှာ ထင်မိသွားလောက်သည်အထိပင်။

နှစ်လိုဖွယ်မျက်ဝန်းတစ်စုံ။ နှာတံကောက်ကောက်လေးနဲ့ နှုတ်ခမ်းနီးလေးတွေပဲ။ မျက်နှာကို စွဲလမ်းသူတစ်ယောက် မဟုတ်သည့် ရှမြန်ပင် စက္ကန့်အနည်းအငယ်အတွင်း သူ့ကို ကြွေမိသွားပြီး လက်ထဲက အားကြောင့် သတိပြန်ဝင်လာတော့သည်။

“တောင်းပန်ပါတယ်”

ရှမြန်က သူမ၏လက်ထဲတွင် အားထည့်လိုက်ပြီး တဖက်လူ၏လက်ထဲက သူမ၏လက်ကို ဆွဲထုတ်လိုက်ကာ လက်ကို ဆန့်ပြီး ဟွမ်ရှောင်ကျွမ်းကို ဖမ်းဆွဲလိုက်၏။

ဟွမ်ရှောင်ကျွမ်းသည် ရှမြန်ဆီက အရိုက်ခံထားရသည့်အတွက် ကြောက်လန့်နေပြီး သူမသည် လူငယ်လေးကို တင်းနေအောင် ကိုင်ထားပြီး မလွှတ်ပေးချေ။ ရှမြန်က လူငယ်လေး၏ရင်ဘတ်ကို ထပ်ပြီး ရိုက်မိတော့မလို ဖြစ်သွားပြီး နှစ်ယောက်လုံးက တချိန်ထဲတွင် မျက်မှောင်ကြုတ်လိုက်ကြသည်။

ဟွမ်ရှောင်ကျွမ်းက သနားစရာ‌ကောင်းအောင် ငိုပြန်သည်။ “ကျေးဇူးတင်ပါတယ် ဒေါက်တာနဉ်၊ သူ ဘယ်လောက် မုန်းစရာကောင်းလဲဆိုတာ ဒေါက်တာ မသိလို့နော်... ကျွန်မ..”

ရှမြန်သည် ဟွမ်ရှောင်ကျွမ်း၏ အပြစ်ကင်းနေသည့်ရုပ်ကို မြင်လိုက်ရချိန်တွင် ဒေါသခြောင်းခြောင်း ထွက်သွားတော့သည်။

“ကျေးဇူးပြုပြီး ဖယ်ပေးပါ”

သူမက တစ်ဖက်လူ၏လက်မောင်းကို ဖမ်းဆွဲလိုက်ပြီး ဘေးသို့ ဆွဲဖယ်ရန် ကြိုးစားလိုက်၏။

သူမ၏အကွက်က အလွန်မှ ပညာရှင်ဆန်လှသည်။ နဉ်ရှောင်ပိုင်သည် အလိုလို လက်ဦးမှုရယူလိုက်ပြီး သူမကို ဖမ်းဆွဲထားလိုက်မိ၏။ ရှမြန်သည် အခိုက်တန့် ကြောင်အမ်းအမ်းဖြစ်သွားပြီး သူက ဟွမ်ရှောင်ကျွမ်းကို ကူညီပေးတော့မည်ဟု စဉ်းစားလိုက်မိကာ အေးတိအေးစက် ပြောလိုက်တော့သည်။

“တဆိတ်လောက်၊ ရှင်က ထန်ဆန်းကိုယ်တော်ရဲ့ တပည့်လား၊ လူသားနဲ့ မိစ္ဆာကို မခွဲခြားတတ်ဘူးလား”

နဉ်ရှောင်ပိုင်သည် လူနှစ်ယောက် ရန်ဖြစ်နေသည့် ကြားထဲသို့ နားမလည်နိုင်စွာ ဆွဲသွင်းခံလိုက်ရသဖြင့် ဆွံ့အ,မတတ်ဖြစ်နေ၏။ သည်စကားကို ကြားလိုက်ချိန်တွင် သူသည် ဒေါသကြောင့် ချက်ချင်း အော်ရယ်လိုက်တော့သည်။ “ဝူခုန်း မင်းက အရမ်းကို စိတ်လိုက်မာန်ပါ လုပ်နေတာ မဟုတ်ဘူးလား၊ အခြေအနေကိုရော သေချာမြင်ရဲ့လား”

ရှမြန်မှာ သူက သူမလို နတ်သမီးလေးကို မျောက်တစ်ကောင် နှိုင်းလိုက်သဖြင့် ဒေါသထွက်လာတော့သည်။

သူမက ပေါက်ကရ ပြောမနေတော့ဘဲ သူမ၏လက်ကောက်ဝတ်ကို လှန်လိုက်ကာ နဉ်ရှောင်ပိုင်၏ လက်ထဲက အသာကလေး လွှတ်ထွက်လာလိုက်ပြီးနောက် ဟွမ်ရှောင်ကျွမ်းကို ကန်တော့သည်။

အံ့ဩရိပ်တစ်ခုက နဉ်ရှောင်ပိုင်၏မျက်လုံးထဲတွင် ဖျပ်ခနဲလက်သွားသည်။ တချိန်ထဲတွင် ဟွမ်ရှောင်ကျွမ်းက သူ့ကို အသက်ကယ် ကောက်ရိုးတစ်ချောင်းလို တင်းနေအောင် ဖမ်းဆုပ်ထားပြီး ဆွဲလှည့်ခံလိုက်ရကာ ရှမြန်၏လှုပ်ရှားမှုများကို အချိန်မီ ကာထားလိုက်လေသည်။

‌ဒေါက်တာနဉ်က  ဟွမ်ရှောင်ကျွမ်းကို ကူညီရန် ဆုံးဖြတ်လိုက်သည်ကို မြင်လိုက်ရပြီး ရှမြန်သည် ယဉ်ကျေးမနေတော့ဘဲ ထိုလူ၏ဒူးကို ကန်ပစ်လိုက်၏။ နဉ်ရှောင်ပိုင်က စွေ့ခနဲ နောက်ခုန်ရှောင်လိုက်ပြီး သူတို့နှစ်ယောက်သည် သည်လို အပြန်အလှန် တိုက်ခိုက်နေကြတော့သည်။

နောက်ထပ် အကွက်အနည်းငယ် တိုက်ခိုက်ပြီးနောက်တွင် ရှမြန်၏ ယှဉ်ပြိုင်လိုစိတ်သည် လုံးဝကို နိုးဆွခံလိုက်ရတော့သည်။ သူမသည် ဟွမ်ရှောင်ကျွမ်းကို လုံးဝ ဂရုမစိုက်တော့ဘဲ သူမရှေ့က ဒေါက်တာနဉ်ကို အနိုင်ရရေးသာ အာရုံစိုက်ထားလိုက်တော့သည်။

ကြည့်ရှုနေသူများက သည်အခြေအနေကို နားမလည်နိုင်တော့ဘဲ အချင်းချင်း ကြည့်လိုက်ကြ၏။

“နင်က ဘာလို့ ဒေါက်တာနဉ်ကို ဆွဲထည့်နေတာလဲ”

“ငါ အခု ဘာလုပ်ရမလဲ...”

ဟွမ်ရှောင်ကျွမ်းသည် သူမ၏ဗိုက်ကို အုပ်ထားပြီး ရင်နာသလို ခံစားပြလေသည်။ “ဒီကောင်မလေးက မြို့ငယ်လေးမှာ လူဆိုးတစ်ယောက်ပဲ၊ သူက တစ်ချိန်လုံး ရန်ဖြစ်နေတာ၊ သူ့အမေက သူ့ကြောင့် ဒေါသထွက်ပြီး သေသွားတာလေ”

သို့သော်လည်း ရှမြန်ထက်စာလျှင် ဒေါက်တာနဉ်က ပိုပြီး ဆွဲဆောင်မှုရှိနေပြီး လူအများစုက မသဲမကွဲ ရေရွတ်လိုက်ကြသည်။

“ဒေါက်တာနဉ်က တိုက်ခိုက်တာ  အဲလောက်တော်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”

ဖြတ်သွားကြသည့် လူငယ်တော်တော်များများက တလက်လက် တောက်ပနေသည့် မျက်လုံးများနှင့် ကြည့်နေကြသည်။ “သူတို့တွေ သိုင်းပညာတတ်တာလား၊ သူတို့တွေက တော်တော်အထင်ကြီးစရာ ကောင်းတာပဲ”

ရှမြန်သည် ပြိုင်ဘက်တစ်ယောက်နှင့် မထိတွေ့ရသည်မှာ အလွန်မှ ကြာနေပြီဖြစ်သော်လည်း သူမ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားက မလိုက်နိုင်ချေ။ သူမက ပြိုင်ဘက်ကို မည်သို့ အံ့အားသင့်အောင် လုပ်ရမည်ဟု စဉ်းစားနေစဥ် ကျယ်လောင်သည့် အသံတစ်ခုကို ကြားလိုက်ရလေသည်။

“ရပ်လိုက်”

အားလုံးက လှည့်ကြည့်လိုက်ကြပြီး ယူနီဖောင်းနှစ်ယောက်ကြောင့် ချက်ချင်း လန့်ဖျတ်သွားတော့သည်။

“ရဲတွေ၊ ရဲတွေ ရောက်နေပြီ”

သည်နေ့ခေတ်အခါတွင် သာမန်လူများသည် ရဲများကို အလွန်မှ လေးစားကြပြီး သူတို့သည် ဒါကို မြင်လိုက်ချိန်တွင် ရိုရိုကျိုးကျိုးလေး ဖြစ်သွားကြတော့သည်။

ရှမြန်နှင့် နဉ်ရှောင်ပိုင်က ရပ်လိုက်ကြပြီး ရှမြန်က ဟွမ်ရှောင်ကျွမ်းဆီ လျှောက်သွားလိုက်၏။ ဟွမ်ရှောင်ကျွမ်းမှာ ထိတ်လန့်တုန်လှုပ်သွားပြီး သူမ၏ဗိုက်ကို ကိုင်ထားကာ ရဲများဆီသို့ ယိမ်းထိုးပြီး သွားလိုက်လေသည်။ “ရဲမင်းကြီး ၊ ရဲဘော်တို့၊ ကျွန်မကို ကူညီပါအုံး၊ သူ ကျွန်မကို အသေရိုက်တော့မယ်”

ရဲနှစ်ယောက်ဖြစ်ပြီး တစ်ယောက်က အမျိုးသားဖြစ်ကာ တစ်ယောက်က အမျိုးသမီး ဖြစ်သည်။ အသက်ပိုကြီးသည့် သက်လတ်ပိုင်းအရွယ်ရဲက မျက်မှောင်ကြုတ်လိုက်ပြီး ရှမြန်ကို ကြောက်စရာကောင်းအောင် စိုက်ကြည့်လိုက်၏။ သူသည် ဟွမ်ရှောင်ကျွမ်းကို ကြည့်လိုက်ချိန်တွင် သူ့လေသံက အနည်းငယ် ပျော့ပြောင်းသွားသည်။

“မင်းက ရဲစခန်းကို ဖုန်းခေါ်လိုက်တာလား”

ဟွမ်ရှောင်ကျွမ်းမှာ ခဏလောက် ကြောင်အမ်းအမ်း ဖြစ်သွားသော်လည်း ရှမြန်က စွပ်စွဲခံထားရသည့်ကလေးက သူ့နောက်ခံကို မြင်လိုက်ရသလို ဝမ်းနည်းစွာ ပြောလေသည်။

“ဦးရဲကြီး ကျွန်မ ခေါ်လိုက်တာပါ”

ရဲအရာရှိ... ...

အားလုံး...

နဉ်ရှောင်ပိုင်: ???

ဒီစီမံချက်က ဘာကြီးလဲ။ သူ့ကို ဖမ်းဖို့ ရဲခေါ်လိုက်တာလား။

ရှမြန်က ဟွမ်ရှောင်ကျွမ်းကို လက်ညှိုးထိုးလိုက်ပြီး အော်ပြောလိုက်၏။

“ကျွန်မက ဒီမယားငယ်နဲ့ မိထွေးကို ကလေးကို နှိပ်စက်ညှဉ်းပန်းမှုနဲ့ တရားစွဲမလို့ပါ”

ဒီအချက်အလက် ပမာဏကြီးက...

အားလုံး၏မျက်လုံးများသည် ဟွမ်ရှောင်ကျွမ်းထံ အာရုံရောက်သွားပြီး နဉ်ရှောင်ပိုင်က မသိမသာ မျက်မှောက်ကြုတ်လိုက်၏။

ဟွမ်ရှောင်ကျွမ်း၏ နဖူးက ထောင်တက်လာပြီး မေးလိုက်၏။

“နင် ဘာတွေ ပေါက်ကရ ပြောနေတာလဲ...”

သူမသည် လက်ဖြင့် သူမ၏ဗိုက်ကို အုပ်ထားပြီး အင်မတန်မှ သနားစရာရုပ်နှင့် အမျိုးသား ရဲအရာရှိကို ပြောလိုက်လေသည်။

“သူက ကျွန်မတို့လောင်ကျန်းရဲ့ အရင်ဇနီးရဲ့ ညီမ၊ သူက ကျွန်မတို့ ကောင်းကောင်းနေရတာကို မရှုစိမ့်နိုင်ဖြစ်နေတာ၊ ကလေးက မလိမ္မာလို့ ကျွန်မက သူ့ကို နည်းနည်းပါးပါး ဆုံးမတာပဲ ရှိပါတယ်၊ ကျွန်မ ဒီလိုလုပ်တယ်ဆိုတာကလည်း သူ့ကို ကျွန်မရဲ့သားအရင်းလို သဘောထားလို့ပါ၊ ရှင်တို့ရော အိမ်မှာ ရှင်တို့ကလေးကို မရိုက်လို့လား”

သည်အချိန်တွင် သူမက သူမ၏လက်မောင်းပေါ်က အမာရွတ်များကို ပြပြီး ပြောလေသည်။

“ဒီမှာကြည့်ပါဦး၊ ကျွန်မက ကလေးကို ဆုံးမလို့တဲ့၊ သူက ကျွန်မကို သေအောင် ရိုက်ချင်နေတာ”

အစပိုင်းတွင် ရှမြန်သည် သူမက အိပ်မက်မက်နေသည်ဟု ထင်ပြီး စောင့်စည်းမနေဘဲ တိုက်ခိုက်ခဲ့ခြင်းပင်။ တဖက်လူ၏လက်မောင်းပေါ်က အကွက်များက အလွန်မှ ထင်ရှားနေ၏။ ရဲအရာရှိနှစ်ယောက်က မျက်မှောင်ကြုတ်ရင်း ရှမြန်ကို ကြည့်လိုက်ကြတော့သည်။

“ဟုတ်တယ်” လတ်တ‌လောတွင် ဟွမ်ရှောင်ကျွမ်းနှင့် ဆက်ဆံရေးကောင်းမွန်သည် ဒါရိုက်တာ၏မိန်းမက ပြောလိုက်သည်။ “သူ့ကလေးက အရမ်းဆိုးတာ၊ ဆေးရုံက လူတွေကို မေးကြည့်လိုက်၊ သူ့ကြောင့် စိတ်မရှုပ်ရတာ ဘယ်သူရှိလဲ. သူ့ကို သေသေချာချာ မဆုံးမဘူးဆိုရင် သူကတော့ သူ့အဒေါ်လိုပဲ ကြီးပြင်းလာလိမ့်မယ်”

ရှမြန်က သူမကို အေးတိအေးစက် ကြည့်လိုက်ပြီး မတ်မတ်ရပ်လိုက်လေသည်။ လူများကို စိတ်မချရသလို ခံစားရစေသည့် သူမ၏ဝင့်ကြွားလွန်းနေသည့် ဆံပင်နီနီက သည်အခိုက်တွင် ပိုပြီး အရောင်တောက်လာ၏။

ရဲအရာရှိက အမှန်တရားကို ဆုံးဖြတ်လိမ့်မယ်၊ ဒီနေရာက ပြစ်မှုကျူးလွန်တဲ့သူနဲ့ ပြစ်မှုကျူးလွန်တဲ့သူကို ကာကွယ်ပေးထားတဲ့သူတွေအတွက် ငြင်းခုန်ရမဲ့ နေရာမဟုတ်ဘူး”

ဟွမ်ရှောင်ကျွမ်းနှင့် ဒါရိုက်တာမိန်းမ၏  အမူအရာများမှာ မသိမသာ ပြောင်းလဲသွားတော့သည်။

ရှမြန်က ရဲအရာရှိကို ကြည့်လိုက်ပြီး “ဦးရဲကြီး တကယ်လို့ ကျွန်မ ပြစ်မှုကျူးလွန်ခဲ့ရင် ကျွန်မက ပြစ်ဒဏ် ခံယူမှာပါ၊ ဒါပေမဲ့ ကျွန်မက ကလေးကို နှိပ်စက်ညှဉ်းပန်းနေတဲ့ ရာဇဝတ်သားတစ်ယောက်ကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး”

သည်စကားသည် အလွန်မှ အင်အားကြီးနေသဖြင့် သူမကို လူဆိုးများနှင့် ပတ်သက်နေသည်ဟု မထင်ရစေပေ။ ထို့အစား သူမက တရားမျှတမှု၏ တမန်တော်တစ်ယောက်နှင့် ပိုတူနေတော့သည်။

ရှမြန်က ရဲစခန်းကို ဖုန်းခေါ်ခဲ့သဖြင့် ရဲအရာရှိနှစ်ယောက်က သည်အမှုကို ဖြေရှင်းမှ ဖြစ်တော့မည်။

သက်လတ်ပိုင်းအရွယ် ရဲအရာရှိက မေးလိုက်၏။ “ကလေးက ဘယ်မှာလဲ”

“အိမ်မှာ” ရှမြန်က ပြောလိုက်သည်။ “ဦးကြီးနဲ့ မမတို့ ကျွန်မနဲ့ လိုက်ခဲ့ပါ”

သူမကို အစတုန်းက သဘောမကျခဲ့သည့် ငယ်ရွယ်သည့် ရဲမေလေးမှာ ‘မမ’ဟု ခေါ်ခံလိုက်ရချိန်တွင် အနည်းငယ် ရှက်သလိုဖြစ်သွားပြီး သူမ၏သဘောထားက နည်းနည်လေး ပျော့ပြောင်းသွားခဲ့သည်။

ဟွမ်ရှောင်ကျွမ်းမှာ တစ်ခုခု လွဲနေပြီမှန်း သဘောပေါက်လိုက်လေသည်။ သူမသည် ကလေးကို ရိုက်နှက်ခြင်းကို ပြစ်မှုတစ်ခုဟု မထင်ခဲ့ချေ။ သို့သော် သူမသည် သိမ်မွေ့ပြီး အကျင့်သီလ င်ကြယ်သည်ဟူသည့် သူမ၏ ပုံရိပ်ကောင်းလေးကို မပျက်စီးစေလိုချေ။

“ရဲဘော် အရာရှိ” ဟွမ်ရှောင်ကျွမ်းက ရဲအရာရှိကို တားလိုက်ပြီး ပြောလိုက်၏။

“ကျွန်မ အရမ်းနာနေလို့၊ ကျွန်မလည်း ရဲခေါ်ချင်ပါတယ်”

ရှမြန်က သတိရှိရှိဖြင့် ပြောလိုက်သည်။

“ကျွန်မ ရဲ ခေါ်ထားတာ၊ ကျွန်မ ကိစ္စပါ၊ နင်က သတင်းပို့ချင်တယ်ဆိုရင် ကိုယ့်ဟာကို သွားပေါ့”

ထို့နောက် သူမက ခနဲ့လိုက်လေသည်။ “ဒဏ်ရာကို စစ်ဆေးပေးဖို့အတွက်တော့ ကျွန်မမှာ တာဝန်ရှိပါတယ်၊ ကျွန်မ ဒီက အလုပ်ပြီးသွားရင် နင်နဲ့ လာတွေ့ပေးနိုင်လောက်တယ်၊ ကျွန်မက ထွက်ဆိုချက် ယူမဲ့ ရဲဦးကြီးနဲ့ လိုလိုလားလားနဲ့ ပူးပေါင်းပေးမှာပါ”

ထိုသို့ပြောလိုက်ပြီးနောက် သူမသည် ရဲအရာရှိနှစ်ယောက်ကို ချက်ချင်း ပြောလိုက်တော့သည်။

“ကလေးက အိမ်မှာပါ၊ ကျွန်မဆို ချက်ချင်း ရောက်သွားနိုင်ပါတယ်” သူမသည် ခြေလှမ်းကို မြန်မြန်လျှောက်လိုက်တော့သည်။

ရဲမေက နည်းနည်းလေး ရယ်ချင်သွားပြီး ဇဝေဇဝါဖြစ်သွားသည်။ သည်လို ကြည့်လိုက်တော့လည်း သူမသည် အမှန်ပင် ကလေးတစ်ယောက် ရှိသေးကြောင်း သူမ နားလည်လိုက်သည်။

ဟွမ်ရှောင်ကျွမ်းသည် တားလို့မရနိုင်တော့မှန်း တွေ့လိုက်ရပြီး သူမ၏စိတ်တို့က နောက်ပြောမည့်စကားကို အပြေးအလွှားရှာဖွေနေရ၏။ သို့သော်လည်း သူမ၏ခြေထောက်များက ပိုပြီး ဖြည်းညှင်းစွာ ရွေ့လျားနေရပြီး သူမသည် တရွေ့ရွေ့ လျှောက်လာပြီး အိပ်နေရာမှ နိုးခံလိုက်ရသလို မြင်မကောင်းချေ။

သည်ကိစ္စက တော်တော်လေး ဂယက်ရိုက်သွားသည်။ မိန်းမငယ်လေးက တိုက်ခိုက်ပြီး ရဲအရာရှိများက အခေါ်ခံလိုက်ရသည်။ သည်သတင်းကို ကြားလိုက်ကြသည့်လူများက အပျော်ကြည့်ရန် အပြေးအလွှား ရောက်လာကြသည်။ သည်နေ့ခေတ်တွင် ဖျော်ဖြေရေးကဏ္ဍက မရှိသလောက်ပင်။ ဝင်းထဲက အတင်းအဖျင်းတိုင်းသည် အသစ်ထုတ်လွှင့်လိုက်သည့် ဇာတ်လမ်းအသစ်အကြောင်းပင်။ သည်နေ့ဇာတ်လမ်းကတော့ သစ်လွင်ပြီး စိတ်လှုပ်ရှားစရာကောင်းကာ ကြည့်ရှုနှုန်းကတော့ ဇယားများတွင် ထိုးတက်သွားလောက်သည်။

ဒါရိုက်တာ၏မိန်းမက လမ်းတစ်လျှောက်တွင် ဇာတ်ကြောင်းတစ်ခုလုံးကို ချဲ့ကားပြီး ပြောလာပြီး ရဲအရာရှိများကို အကြိမ်အနည်းငယ် လှမ်းကြည့်လေသည်။ သူတို့ကို တိုက်ရိုက်ထုတ်လွှင့်ခြင်းအား တားမြစ်ခြင်းမှာ ကာကွယ်ရန် သူမက ဖြောင့်မတ်စွာ ပြောလိုက်၏။ “ကျွန်မတို့အားလုံး သွားပြီး ရှောင်ဟွမ်အတွက် သက်သေလိုက်ပေးသင့်တယ်၊ မဟုတ်ရင် တခြားသူတွေ သူ့နောက်လိုက်လုပ်ရင် ဘာဖြစ်တွေ ဖြစ်လာမှာလဲ”

ရှမြန်က မပျော်မရွှင် ဖြစ်နေသည့် ဟွမ်ရှောင်ကျွမ်းကို လှမ်းကြည့်လိုက်၏။ သူမကတော့ သည်ဖြောင့်မတ်လှသည်ဆိုသည့် အမျိုးသမီးကို အလွန်မှ ‌ကျေးဇူးတင်ရသည်။ သူတို့သည် ဟွမ်ရှောင်ကျွမ်း၏ မျက်နှာအစစ်ကို ဖော်ထုတ်လိုလျှင် လူများလေ ကောင်းလေပင်။

ကျန်းမိသားစုသည် တိုက်နံပါတ် (၁၈)တွင် နေကြပြီး အလင်းအရောင် အကောင်းဆုံး ရပြီး တော်တော်လေး ကျယ်ဝန်းသည်။ အပေါ်ထပ်နှင့် အောက်ထပ်တွင် နေကြသူအားလုံးနီးပါးက ဟွားကန်း၏ ခေါင်းဆောင်များဖြစ်ကြသည်။

ရှမြန်က ဒုတိယထပ်သို့ တက်သွားလိုက်ပြီး တံခါးကို တန်းဖွင့်လိုက်၏။ ရဲအရာရှိနှစ်ယောက်က တစ်ချက်အကြည့်တွင် ဆိုဖာပေါ်တွင် ထိုင်နေသည့် ကလေးကို မြင်လိုက်ကြသည်။ သူသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးထားသည့် အမျိုးသမီးဝတ် ချည်သားလက်တိုအင်္ကျီကို ဝတ်ဆင်ထားသည်။ သူသည် အလွန်မှ ပိန်ကပ်နေသော်လည်း သူ့မျက်နှာသေးသေးလေးက ချောမောကာ သူ့မျက်လုံးဝိုင်းများက အထူးတလည် လှပနေသည်။

တံခါးပွင့်သွားသည်ကို မြင်လိုက်သည်တွင် ကလေးက ကြောက်လန့်တကြား ဆိုဖာပေါ်မှ လျှောဆင်းလိုက်ပြီး သူတို့ကို အထိတ်တလန့် ကြည့်လိုက်၏။ ဒါသည် စစ်မှန်သည့် အကြောက်တရားမှ လာသည့်အကြည့်တစ်ခုပင်။ ဆိုးသွမ်းမိသဖြင့် လူကြီးတစ်ယောက်၏ ဆူပူ ကြိမ်းမောင်းခံရခြင်းကြောင့် ကြောက်နေသည့် ကလေးတစ်ယောက်၏ အကြည့် လုံးဝမဟုတ်ချေ။

ရဲအရာရှိက မရေမတွက်နိုင်သည့် လူများကို မြင်တွေ့ခဲ့ဖူးပြီး ရဲမေ၏အမူအရာက လေးနက်လာသည်။

“ပေါင်ပေါင်း မကြောက်နဲ့နော်” ရှမြန်က ရှေ့ကို အလျင်စလို ထွက်လာပြီး ကလေးက သူမ၏ရင်ခွင်ထဲ အရှိန်ဖြင့် ပြေးဝင်သွားကာ တိုးတိုးလေး ပြောလိုက်၏။

“အန်တီလေး”

ရှမြန်က သူ့ကို ဂရုတစိုက် ကောက်ချီလိုက်ပြီး ရဲအရာထံ လျှောက်သွားလိုက်ကာ သူ့အင်္ကျီကို မ,ပြလိုက်လေသည်။

ရဲအရာရှိနောက်မှ အရင်ဆုံး လိုက်ဝင်လာသည့်လူများသည် တစ်ချိန်တည်းတွင် ပင့်သက် ရှိုက်မိသွားတော့သည်။ ခန္ဓာကိုယ်သေးသေးသည် အလွန်မှ ပိန်လီကာ နံရိုးကို တစ်ချောင်းချင်းစီ မြင်နေရပြီး ပွမ်းပဲ့ဒဏ်ရာများဖြင့် ပြည့်နက်နေသည်။

ဘေးအိမ်က အဘွားကြီးက မနေနိုင် သက်ပြင်းချလိုက်၏။ “ဒီလောက် ကလေးသေးသေးက ဒီလိုခံစားနေရတယ်လို့ဟယ်...”

ဟွမ်ရှောင်ကျွမ်းသည် ကောင်းမွန်သည့်အဖြေတစ်ခုကို မစဉ်းစားတတ်တော့ချေ။ ထို့ကြောင့် သူမက သူ့ထံ ထော့နဲ့ထော့နဲ့ဖြင့် ရွှေ့လာလိုက်၏။ တံခါးနားက လူများက သူမကို ထူးဆန်းသည့်ပုံစံတစ်ခုဖြင့် ကြည့်လိုက်ကြသည်ကို မြင်လိုက်ချိန်တွင် သူမသည် စိုးရိမ်လာတော့သည်။ သူမက လူအုပ်ကြီးကို တွန်းထိုးလိုက်ပြီး တံခါးမှ ဝင်သွားလိုက်ပြီးနောက်တွင် ရဲမေ၏ လေးနက်စူးရှသည့် အကြည့်နှင့် သွားဆုံတော့သည်။

“ရှင် ဒီဒဏ်ရာတွေ ရအောင် အားလုံးကို ရိုက်ခဲ့တာလား”

ဟွမ်ရှောင်ကျွမ်း၏နှလုံးခုန်နှုန်းမှာ စည်းချက်လွဲသွားပြီး သူမ၏မျက်လုံးများက ထိုလူရှုပ်လေးထံ ကျရောက်သွား၏။ သူမက မျက်လုံးကို စွေထားလိုက်ပြီး သူမ၏ဝမ်းဗိုက်ကို ချည့်နဲ့စွာ ပွတ်သပ်ပြီး ပြောနေလေသည်။ “ရှင်တို့ အထင်လွဲနေတာပါ၊ ဒီကလေးက အလွယ်တကူ ဒဏ်ရာရတတ်တဲ့ ခန္ဓာကိုယ်တစ်ခု ဖြစ်နေတာ၊ သူက နည်းနည်းလေး ဆောင့်မိတာနဲ့ အနာတရဖြစ်တတ်တယ်၊ ကျွန်မမှာလည်း ကလေးရှိတာပဲ၊ ကျွန်မက ဘယ်လိုလုပ်ပြီး သူ့ကို အဲလောက်ရက်စက်မှာလဲ” သူမက ရှောင်ဖုန်းကို မျက်လုံးဖြင့် ခါတိုင်းလို ခြိမ်းခြောက်ပြီး ထိုစကားကို ပြောလိုက်ခြင်းပင်။

ရှမြန်သည် သူမ၏လက်မောင်းပေါ်က ကလေးက ‌တောင့်တင်းသွားပြီး သူမခန္ဓာကိုယ်ပေါ်က လျှောဆင်းသွားကာ မိစ္ဆာကောင်ကို ရှောင်ပုန်းချင်နေသည့် ရုပ်ဖြစ်သွားသည်ကို သတိထားမိလိုက်၏။ သူမက သူ့ခေါင်းလေးကို သူမပခုံးပေါ် ဖိထားပေးလိုက်ပြီး ဟွမ်ရှောင်ကျွမ်း၏ မြင်ကွင်းကို ကာရန် ဘေးသို့ ရွှေ့လိုက်လေသည်။

ရဲအရာရှိနှစ်ယောက် ကလေး၏ ရုပ်အသွင်ကိုသာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

“ကလေးက ဘာလို့ အဲလောက်ပိန်ကပ်နေတာလဲ၊ နင့်ရွှမ်းရွှမ်းကျတော့ ရှောင်ဖုန်းထက် နှစ်ဝက်လောက်ပဲ ငယ်တာ၊ သူက ဖြူပြီး ဝတုတ်တုတ်လေး ဖြစ်နေတဲ့အပြင် ရှောင်ဖုန်းထက်တောင် ခေါင်းတစ်လုံးတစ်ဝက်လောက် အရပ်ပိုရှည်နေ‌သေးတယ်”

ဟွမ်ရှောင်ကျွမ်းက စွပ်စွဲခံနေရသည့် ရုပ်တစ်ခုဖြင့် ပြောလိုက်၏။ “ဒီကလေးကို ပြုစုပျိုးထောင်ရ ဘယ်လောက်ခက်ခဲလဲဆိုတာ ရှင်တို့ မသိလို့ပါ၊ သူက အစားရွေးတဲ့အပြင် အန်လည်း အန်သေးတယ်၊ နည်းနည်းလေး စားတာနဲ့ ဝမ်းသွားတော့တာပဲ”

သူမသည် အစောကြီးကတည်းက ဆင်ခြေတစ်ခုကို စဉ်းစားပြီးဟန်တူကာ နောက်ဆက်တွဲ မေးခွန်းများကို ပိတ်ထားလိုက်သည်။

“ဥပမာဆိုရင် သူက နို့သောက်လို့မရဘူးလေ၊ သူက နို့နဲ့ဓာတ်မတည့်ဘူး၊ သူက အသားလည်း စားလို့မရဘူး..”

ရှမြန်က ခနဲ့လိုက်၏။ “ကလေးက မစားနိုင်တာလား၊ ဒါမှမဟုတ် ကလေးက စားဖို့ မတန်တာလား”

ဟွမ်ရှောင်ကျွမ်းသည် နင်သွားပြီး ဆက်ပြောလိုက်၏။

“နင့်ကလေး...”

ရဲမေက ချက်ချင်း အဖြေရှာလိုက်လေသည်။ “ရွှမ်းရွှမ်းက ရှောင်ဖုန်းထက် နှစ်ဝက်ပဲ ငယ်တာဟုတ်လား၊ ရွှမ်းရွှမ်းက ရှင့်ယောက်ျားရဲ့ ကလေးအရင်းလား”

“ဒါပေါ့၊ သူက ကျွန်မရဲ့သားအရင်းပါ”

ဟွမ်ရှောင်ကျွမ်းက လွှတ်ခနဲထွက်သွားပြီး သူမ စကားပြောလိုက်ပြီးသည်နှင့် သူမ၏မျက်နှာမှာ ရုတ်တရက် နီရဲသွားတော့သည်။

...