အပိုင်း(၄)
“နှစ်ယောက်လုံးက
ရှောင်ကျန်းရဲ့ ကလေးအရင်းတွေပါ”
အတွေ့အကြုံရှိသည့်လူတစ်ယောက်က
မေးခွန်းတစ်ခု မြန်မြန်ထုတ်လိုက်သည်။ “ဒါပေမဲ့ သူတို့တွေက နှစ်ဝက်ပဲ ကွာတာဟုတ်လား၊
ရှောင်ဖုန်းက ခြောက်နှစ်လို့ ပြောလိုက်တယ်မလား”
“ခြောက်နှစ်လား၊
ဒါက အသက်ခြောက်နှစ်အရွယ်ကလေး ရုပ်လား”
“ဟုတ်တယ်၊ ဒီကလေးက
သူဟာ သုံးနှစ်သားပါလို့ ပြောရင် လူတွေက ယုံကြအုံးမယ်”
“တကယ်လို့ သူက
ရွှမ်းရွှမ်းထက် နှစ်ဝက်လောက်ပဲ ကြီးတာဆိုရင် သူက လေးနှစ်ခွဲပေါ့”
“ဒါကလည်း
သူတို့တွေက အရှက်ကွဲမှာ ကြောက်လို့ လုပ်ကြံပြောဆိုထားတာပဲ၊ ကလေးကို ကျေးလက်ကနေ
ဒီကို ပို့လာတာ၊ ကလေးက အသက်ဘယ်လောက်ပါလို့ သူတို့ ပြောရမဲ့ကိစ္စလဲ မဟုတ်ပါဘူး”
ရှမြန်သည်
ရဲမေ၏ဖြတ်ထိုးဉာဏ်ကို ချီးမွှမ်းလိုက်ပြီး ချက်ချင်းပြောလိုက်၏။ “သူက
ကျွန်မခဲအိုရဲ့ သားအရင်းပါ၊ ဟွမ်ရှောင်ကျွမ်းက ကျွန်မ အစ်မ ကိုယ်ဝန်ရှိနေတာကို
အခွင့်ကောင်းယူပြီး ကျန်းချီမင်နဲ့ ဖောက်ပြန်ခဲ့တာ”
“ကျွန်မအစ်မ
ရှောင်ဖုန်းကို မွေးပြီးစပဲ ရှိသေးတယ်၊ သူက သူဗိုက်ကြီးနေတဲ့ ဓာတ်ပုံကို
ပို့လာဖို့တောင် မစောင့်နိုင်ခဲ့ဘူးလေ၊ ကျန်းချီမင်က သူ့ကိုပဲ ချစ်တာလို့တောင်
ပြောလိုက်သေးတယ်၊ ကျွန်မအစ်မက ကလေးမွေးပြီးလို့ မီးတွင်းထဲမှာပဲရှိသေးတယ်၊
ဒါကြောင့် သူက ဒါကို သည်းမခံနိုင်ဘူးလေ၊ သူတို့ကို ချက်ချင်း သွားရှာတာပေါ့၊
ဒါပေမဲ့ သူက လမ်းမှာ ကားမတော်တဆဖြစ်ပြီး ဆုံးသွားခဲ့တယ်”
သူမသည် အိမ်ကို လက်ညှိုးထိုးပြပြီး
ပြောလိုက်၏။ “မဟုတ်ရင် ကျွန်မရဲ့ခဲအိုလို သာမန်အလုပ်သမားတစ်ယောက်က
တိုက်နံပါတ်(၁၈)က အိမ်ကို ဘယ်လိုလုပ်ပြီး တတ်နိုင်မှာလဲ၊ သူက
ကျွန်မအစ်မရဲ့လျော်ကြေးငွေကို ယူလိုက်တာလေ၊ ကျွန်မကြားတာတော့ ယွမ် လေးသောင်း၊
ငါးသောင်းလောက်ရှိတယ်”
ဟွမ်ရှောင်ကျွမ်းသည်
‘လျော်ကြေးငွေ’ဟု ကြားလိုက်ချိန်တွင် သူမ၏မျက်နှာမှာ သိသိသာသာ
ပြောင်းလဲသွားတော့သည်။
သူနောက်က
ပွဲကြည့်နေကြသူများက ပိုလို့ပင် အလန့်တကြား ဖြစ်သွားတော့သည်။ သည်လိုခေတ်တွင်
သာမန်မိသားစုတစ်ခု၏ ပျှမ်းမျှစုဆောင်းငွေမှာ သုံး-လေးထောင်သာဖြစ်ပြီး လေးသောင်း၊
ငါးသောင်းက သေချာပေါက် ကြီးမားသည့်ငွေပမာဏပင်။
“အမှန်ပဲလား၊
ရှောင်ဟွမ်ရဲ့မိသားစုက ချမ်းသာတယ်လို့ ပြောကြတယ်မလား” လူတစ်ယောက်က စဉ်းစားလိုက်၏။
ထင်မထားဘဲ
ဟွမ်ရှောင်ကျွမ်းကလည်း သူမသည် မိသားစုကောင်းတစ်ခုမှ လာသည်ဟု သူ့ကိုယ်သူ
အပြင်ပန်းအချက်အလက်တစ်ခုကို ဖန်တီးထားသည်။
ရှမြန်က
သရော်လိုက်၏။ “ပညာတတ်မိသားစုက သူတို့သမီးကို မယားငယ် လုပ်ခိုင်းပါ့မလား”
“နင့်မှာ
အခြေအနေကောင်းတယ်ဆိုရင် ငါ့အစ်မက သူ့ကလေးအတွက် ချန်ထားပေးတဲ့အလုပ်ကို နင်က
လိုချင်စရာလား” ရှမြန်က ဆက်ပြောလိုက်၏။
“နင်က ငါ့အစ်မကို
သတ်ပြီး သူ့ဆီက အကျိုးအမြတ်အားလုံး ယူထားပြီး သူ့ကလေးကိုကျတော့
နှိပ်စက်ချင်သေးတယ်၊ နင့်စိတ်က ဘယ်လောက်တောင် ဆိုးယုတ်နေတာလဲ”
အားလုံးမှာ
အုံကြွသွားတော့သည်။
“ဘယ်လို”
“ဘာတွေ ဖြစ်နေတာလဲ”
ရှမြန်က
ရှင်းပြလိုက်၏။ ကျွန်မအစ်မက မင် တက္ကသိုလ်ကလေ၊ ဘွဲ့ရပြီးတော့ သူက ဟွားကန်း
အမှတ်(၁)အလယ်တန်းကျောင်းမှာ အလုပ်ခန့်ခံရတာ၊ ကျန်းချီမင်းကလည်း ကျွန်မအစ်မကို
လက်ထပ်ခဲ့ပြီး အိမ်ထောင်စုဝင် ဖြစ်လာလို့ ဟွားကန်းမှာ အလုပ်သမားအဖြစ်
အလုပ်လုပ်နိုင်ခဲ့တာ”
ရှမြန်က
ဟွမ်ရှောင်ကျွမ်းကို ကြည့်လိုက်ပြီး အထင်သေးရွံရှာဟန်ဖြင့် ပြောလိုက်၏။
“ဟွမ်ရှောင်ကျွမ်းက
အခု ဟွားကန်း ဂျူနီယာအထက်တန်းကျောင်းမှာ စာကြည့်တိုက်မှူး လုပ်နေတာလေ၊ ကျောင်းက
ကျန်းချီမင်နဲ့ ကလေးအတွက် လူသားချင်းစာနာထောက်ထားတဲ့အတွက် သူ့ကို ဒီရာထူး
ပေးခဲ့တာ”
“အစတုန်းက
ရှောင်ဖုန်းအတွက် ချန်ထားပေးတဲ့ ဒီရာထူးက ကျွန်မအစ်မကို သတ်တဲ့ တရားခံလက်ထဲ
ရောက်သွားလိမ့်မယ်လို့ ကျောင်းကလည်း ထင်ထားပုံမရဘူး ထင်တယ်” ရှမြန်က တင်းမာစွာ
ပြောလိုက်၏။ “ငါ ပြောတာ မှန်တယ်မလား၊ ဟွမ်ရှောင်ကျွမ်း”
ဟွမ်ရှောင်ကျွမ်းသည်
ရှန်မြန်က လျော်ကြေးအကြောင်း မည်သို့သိသွားကြောင်းကို စဉ်းစားနေဆဲ ဖြစ်သော်လည်း ရှမြန်က သူမကို
အကြောင်းအရာတစ်ခုလုံး ပြန်ပြောနေသည်။ သူမက ဒေါသတကြီး ပြောလိုက်၏။ “နင်
လျှောက်ပြောနေတာပဲ၊ နင် လျှောက်ပြောနေတာ”
သာမန်လူများသည်
အရင်က သည်လိုဖရဲသီးမျိုးကို တစ်ခါမှ မစားဖူးခဲ့ကြပေ။ သူတို့သည် ထိုအကြောင်းကို
ချက်ချင်း စတင် ဆွေးနွေးလိုက်ကြပြီး ဒါက နောက်ပိုင်းမျိုးဆက်များတွင်
မှတ်ချက်ကဏ္ဍနှင့် ယှဉ်နိုင်လေသည်။
“ကျွတ် ကျွတ်..
ဒါသာ တကယ် အမှန်ဆိုရင် ဒါက တကယ့်ကို..”
“ကလေးရဲ့အသက်ကိုတောင်
လုပ်ကြံပြောနိုင်မှတော့ တခြားမလုပ်နိုင်တာ ဘာရှိအုံးမှာလဲ၊ ရှောင်ကျန်းက တကယ်ပဲ
လွန်ခဲ့ငါးနှစ်တုန်းကမှ စက်ရုံကို ရောက်လာတာလေ၊ သူက အရင်က ဘယ်သူဖြစ်ခဲ့တယ်ဆိုတာ
ဘယ်သူ သိမှာလဲ”
“အမှန်ပဲ၊
အမျိုးသမီးဟွမ်က သူ့မိဘနဲ့ သူ့အစ်ကိုတွေက မြို့မှာ အရမ်းကို အာဏာရှိတာလို့
ပြောခဲ့ဖူးတယ်၊ ပြီးခဲ့တဲ့ လေးနှစ် ငါးနှစ်လောက်တုန်းက သူနာပြုလုပ်နေတဲ့
သူ့ညီမကလွဲရင် တခြားလူတွေကို သိပ်မတွေ့ဖူးပါဘူး”
“ရှောင်ဟွမ်က တကယ်
မယားငယ်ပဲ”
“သူက မယားငယ်တောင်
မဟုတ်တော့ဘူး၊ သူက တရားဝင်ဇနီးကို အောင်အောင်မြင်မြင် သတ်ခဲ့ပြီး သူ့နေရာကို
ယူထားတာပဲ”
“သူက လူသတ်သမား
မဟုတ်ဘူးလား”
“သူက
လူသတ်သမားထက်တောင် ပိုသေးတယ်၊ သူက လျော်ကြေးငွေကိုယူပြီး အိမ်ကြီးတစ်လုံးထဲမှာ နေပြီး တခြားလူရဲ့အလုပ်ကို ယူထားပြီး
တခြားသူရဲ့ကလေးကိုတောင် နှိပ်စက်ညှဉ်းပန်းသေးတယ်...”
“ကျွတ် ကျွတ်
လူတစ်ယောက်ရဲ့ မျက်နှာကိုသာ သိနိုင်မယ်၊ စိတ်ကိုတော့ မသိနိုင်ဘူးပဲ၊ ဒီလူက တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်”
“သူက အရမ်းကို
သဘောကောင်းနေတော့ ဘယ်သူက ထင်ထားမှာလဲ.. ကျွတ် ကျွတ်...”
“ကလေးပဲ
သနားဖို့ကောင်းတယ်... တကယ်ဝဋ်ကြွေးပဲ...”
ဟွမ်ရှောင်ကျွမ်းနှင့်
အနီးကပ်လိုက်လာသည့် ဒါရိုက်တာမိန်းမမှာ ချက်ချင်းဆိုသလို ဘေးသို့
နှစ်လှမ်းရွေ့သွာပြီး ပြောလိုက်လေသည်။ “ရှောင်ကျွမ်း သူပြောတာ အမှန်ပဲလား”
ဟွမ်ရှောင်ကျွမ်းသည်
အလွန်မှ ဒေါသထွက်နေ၏။ “လုံးဝ မဟုတ်ပါဘူး၊ သူက ဒီအတိုင်း လျှောက်ပြောနေတာ၊ အစ်မဝမ်
သူ့လျှောက်ပြောနေတာ နားမထောင်နဲ့၊ သူက သူ့အစ်မအတွက် ဒီအတိုင်း ရပ်တည်ပေးချင်နေပြီး
ကျွန်မတို့လောင်ကျန်းနဲ့ ကျွန်မ အေးအေးချမ်းချမ်း နေတာကို မရှုစိမ့်နိုင်ဖြစ်နေတာလေ”
သည်အချိန်တွင်
သူမသည် တစ်ခုခုကို သတိရသွားပြီး သူမ၏မျက်လုံးများက လင်းလက်လာ၏။ “သူက လွန်ခဲ့တဲ့
၅နှစ်တုန်းက ဘယ်နှစ်နှစ်ပဲ ရှိအုံးမှာလဲ၊ ၁၀နှစ်အရွယ်ကလေးမလေးက ဘယ်လိုလုပ်ပြီး
ဒီလောက်အများကြီး သိမှာလဲ၊ သူက ဒီအတိုင်း ကျွန်မကို သဘောမကျဖြစ်နေတာ”
အားလုံးထံမှလာသည့်သံသယအကြည့်များကို
ကြည့်လိုက်ပြီး ရှမြန်က မကြောက်နေချေ။ သူမသည် သတင်းအရင်းအမြစ်ကို
မပြောနိုင်ပြနိုင်သော်လည်း အချက်အလက်များက ရှိသေးသည်။
“ငါက
လုပ်ကြံပြောနေတယ်လို့ နင်က ပြောတယ်၊ ဒီတော့ ငါ နင့်ကို မေးပါအုံးမယ်၊
ရွှမ်းရွှမ်းက ငါ့ခဲအိုရဲ့ကလေး မဟုတ်ဘူးလား၊ ငါ့အစ်မ ကလေးမွေးတုန်းက နင် သူ့ဆီကို
ဗိုက်ကြီးနဲ့ဓာတ်ပုံ မပို့ခဲ့ဘူးလား၊ ငါ့အစ်မက အဲဒီဓာတ်ပုံကို ငါ့အမေကို
ပေးထားလို့ ငါ အဲဒါကို သိမ်းထားတယ်နော်၊ ငါ ဒီဓာတ်ပုံကို အားလုံးကို
ထုတ်ပြလိုက်ရမလား”
“ဒါမှမဟုတ် နင်က
အိမ်ဝယ်ဖို့ ငါ့အစ်မရဲ့လျော်ကြေးကို မသုံးခဲ့လို့လား၊ ငါ့ခဲအိုနဲ့ နင့်မိသားစုက
အရမ်းဆင်းရဲတာပဲ၊ နင်တို့တွေ ပိုက်ဆံဘယ်က ရခဲ့တာလဲ၊ နင့်မိသားစု
ချမ်းသာတယ်လို့တော့ ငါ့ကို မပြောနဲ့နော်၊ နင့်မိသားစုက မြို့စွန့်ရပ်ကွက်လေးမှာ
အခုထိနေနေသေးတယ်၊ ပတ်မေးကြည့်လိုက်တာနဲ့ သိနိုင်တယ်”
“နောက်ပြီး
ဟွားကန်းဂျူနီယာအထက်တန်းကျောင်းက စာကြည့်တိုက်မှူးဆိုတဲ့ နင့်လက်ရှိရာထူးက
ကျန်းချီမင် ရှာပေးထားတာ မဟုတ်လို့လား၊ ကျောက်အုပ်ကြီး
သွားရှာပြီး မေးကြည့်လို့ရတယ်နော်၊ သူက ကျန်းချီမင်လို အလုပ်သမားရဲ့ မိန်းမကို
ဘာလို့ ဒီလောက်ကောင်းတဲ့ ရာထူး စီစဉ်ပေးထားလဲဆိုတာ”
ဂျူနီယာအထက်ကျောင်း
စာကြည့်တိုက်မှူးအလုပ်သည် လွယ်ကူပြီး ဝင်ငွေလည်း ကောင်းကာ သက်သာချောင်ချိသည့်
ရာထူးတစ်ခုဖြင့် လူအများစု မရနိုင်သည့် ရာထူးပင်။
“ဟုတ်တယ်၊
အဆက်အသွယ်ကို ပြောမယ်ဆိုရင် လောင်လီရဲ့ အဆက်အသွယ်တွေက အများကြီး ပိုကောင်းသေးတယ်၊
သူ့ချွေးမကလည်း ကောလိပ်ကျောင်းသူပဲရှိသေးတယ်၊ သူတောင် အလုပ်ကောင်းတစ်ခု မရခဲ့ဘူး”
“အရင်တုန်းကတော့
သူတို့တွေ ပြောထားတာက ဒီအလုပ်ကို သူတို့မိသားစု စီစဉ်ပေးထားတာတဲ့လေ ဟား ဟား...”
“ဒီကိစ္စက တကယ်ပဲ
ဖြေရှင်းရလွယ်ပါတယ်၊ ငါတို့လောင်လီက ကျောင်းအုပ်ကြီးချန်နဲ့ ရင်းနှီးတယ်လေ၊
သူ့ကိုပဲ မေးလိုက်၊ သိလာလိမ့်မယ်”
ဟွမ်ရှောင်ကျွမ်းသည်
နားထောင်နေရင်းက ပိုပိုပြီး ပျာယာခပ်လာတော့သည်။ သူမသည် စကားစများ ပျောက်ဆုံးနေပြီး
ရှမြန်က လိမ်ပြောနေသည်ဟု ခေါင်းမာနေနိုင်တော့သည။
“နင် ပေါက်ကရတွေ
ပြောနေတာပဲ၊ ငါ အိမ်ဝယ်ဖို့ ငါ့မိသားစုဆီကနေ ငွေချေးထားခဲ့တာ၊ ငါ ကျောင်းမှာ
အလုပ်ရတယ်ဆိုတာကလည်း ငါ့အဖေက ဒီမှာ အဆက်အသွယ်မရှိလို့ ငါက အဆင်ပြေအောင်ဆိုပြီး
ရှောင်ဖုန်းနဲ့ အလုပ်ချင်းလဲထားတာ၊ ရှောင်ဖုန်းကြီးလာတဲ့အခါ ငါ့အဖေက သူ့ကို
ဓာတ်အားပေးစက်ရုံမှာ အလုပ်တစ်ခု ရှာပေးမယ်လို့ သဘောတူထားပြီးသား”
ဟွမ်ရှောင်ကျွမ်းက
အပြောကောင်းပြီး သည်လိုခိုင်မာမှုမရှိသည့် မှတ်ချက်များက ရက်ပေါင်းများစွာ
ငြင်းခုံလျှင်ပင် ဘာရလဒ်မှ ထုတ်ပေးနိုင်မည်မဟုတ်မှန်း ရှမြန် သိနေသည်။
သို့သော်လည်း သူမ
ငြင်းလို့မရနိုင်သည့် တစ်ချက် ရှိသေးသည်။ “ဒီတော့ ရွှမ်းရွှမ်းက အသက်ဘယ်လောက်လဲ၊
သူက ကျန်းချီမင်ရဲ့ကလေးအရင်းလား”
ဟွမ်ရှောင်ကျမ်း၏မျက်လုံးများက
ရှောင်ဖုန်းထံသို့ ကျရောက်သွားသည်ကို မြင်လိုက်တော့ ရှမြန်က သတိပေးလိုက်၏။
“ရှောင်ဖုန်းရဲ့အသက်နဲ့ လာရောချဖို့ မကြိုးစားနဲ့၊ ငါတို့မိသားစုမှာ
ရှောင်ဖုန်းရဲ့ ဆေးရုံက မွေးဖွားမှတ်တမ်း ရှိတယ်”
ဟွမ်ရှောင်ကျွမ်းက
ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး ဒေါသတကြီး ပြောလိုက်၏။ “ငါ ဒါကို
မပြောချင်ခဲ့ပါဘူး၊ ဒါပေမဲ့ နင်က ငါ့ကို ဖိအားပေးနေတာပဲ”
“ရှောင်ဖုန်းက
နင့်ခဲအိုရဲ့ကလေး မဟုတ်ဘူး၊ နင့်ခဲအိုကို ဖောက်ပြန်ခဲ့တာက နင့်အစ်မ”
သောက်ကျိုးနဲ။
အမှန်နဲ့အမှားကို ဝေဝါးအောင် လုပ်ပြီး နင်က အဖြူနဲ့ အမဲကို ထပ်ပြီး
ပြောင်းပြန်လှန်ချင်သေးတာလား။
ရှမြန်သည်
လက်ထဲတွင် ကလေးသာ မချီထားလျှင် သူမကို ပါးချခဲ့ပြီးလောက်သည်။ “ဟွမ်ရှောင်ကျွမ်း၊
နင်ဟာလေ ဒီလောက်တောင် နှလုံးသားမဲ့တဲ့လူပဲ၊ နင်က ငါ့အစ်မရဲ့အလောင်းကို
ပျော်ပျော်ကြီး တက်နင်းထားပြီး သူ့ကို နာမည်ဖျက်ချင်နေသေးတာလား၊ ရှောင်ဖုန်းက
ကျန်းချီမင်ရဲ့ကလေးလားဆိုတာ ဆေးစစ်ပြီး သိလာလိမ့်မယ်”
ဟွမ်ရှောင်ကျွမ်းက
လွှတ်ခနဲ ပြောထုတ်လိုက်သည်။ “သွေးစစ်တာက သိပ္ပံနည်းမကျသလို လုံးဝ တိကျမှာလဲ
မဟုတ်ဘူး”
“ဒီတော့ နင်က ဒါကို
သေချာလို့ ငါ့အစ်မအပေါ် ရေဆိုးတွေ လောင်းချရဲတာပေါ့လေ” ရှမြန်က သရော်လိုက်၏။
“အခုခေတ်မှာ သွေးအဖြေကို သားအဖကြားက ဆက်ဆံရေး ဆုံးဖြတ်ဖို့ မသုံးတော့ဘူး”
အနားက ဆံဖြူတစ်ဝက်
မဲတစ်ဝက်နှင့် အဘွားကြီးတစ်ယောက်က ရှင်းပြလိုက်သည်။
“အခုက DNA စစ်တဲ့ခေတ် ဖြစ်သွားပြီ၊ ကလေးနဲ့အဖေရဲ့ ဆံပင်ရှိရင်ကို ၁၀၀% တိကျတယ်၊ ငါတို့ရှောင်ပိုင်က အဲလိုပြောတာပဲ”
ဟွမ်ရှောင်ကျွမ်းက
တစ်ခုခု ထပ်ပြောချင်နေသည်ကို တွေ့လိုက်ရသည်တွင် ရှမြန်က
အေးတိအေးစက်ပြောလိုက်တော့သည်။ “နင် မပြောခင် အရင်စဉ်းစားတာ ပိုကောင်းမယ်၊ နင်
ငါ့အစ်မကို သတင်းတွေ လျှောက်လွှင့်ရဲ
လျှောက်လွှင့်ကြည့်နော် ငါ နင့်ကို သိက္ခာချမှုနဲ့ တရားစွဲပစ်မယ်”
ရဲမေက သူမကို
အမှန်ပြင်ပေးလေသည်။ “အသရေဖျက်မှုပါ”
ရှမြန်က ရုတ်ခြည်းဆိုသလို
ပိုပြီး မာန်ပါလာ၏။ “နင် ကြားတယ်နော်၊ ငါ နင့်ကို အသရေဖျက်မှုနဲ့ တရားစွဲပစ်မယ်၊
နောက်ပြီး နင့်ကျန်တဲ့ ဘဝကို ထောင်ထဲမှာပဲ ကုန်ဆုံးဖို့ မျှော်လင့်ထားလိုက်တော့”
ရဲအရာ၏
ထောက်ခံချက်နှင့် သူမသည် ထောင်သို့ သွားရနိုင်သည်ဟု ကြားလိုက်ရသည်တွင်
ဟွမ်ရှောင်ကျွမ်းသည် ဘာမှ ဆက်မပြောရဲတော့ချေ။ သူမ၏မျက်လုံးများ
သူမ၏မျက်လုံးအိမ်ထဲတွင် စိုးရိမ်တကြီး လည်နေတော့သည်။
လူများက
နားမလည်သည့် တခြားကိစ္စ ဘာရှိပါအုံးမည်နည်း။ သူမက ဘယ်လောက်ပဲ ပြောနေသည်ဖြစ်စေ
ကလေးကို နှိပ်စက်ညင်းပန်းမှုမှ မလွှတ်မြောက်နိုင်ပေ။ ကျန်သည့်ကိစ္စကတော့
ကျန်းမိသားစု၏ နာမည်ကို ဖျက်ဆီးရန် ပထမခြေလှမ်းသာ ရှိသေးသည်။ ရှမြန်သည်
အလျင်မလိုချေ။
သူမက ရဲအရာရှိနှင့်
ကြည့်ရှုနေသူများကို ရေချိုးခန်းထဲသို့ ခေါ်သွားလိုက်ပြီး အလူမီနီယမ်ဇလုံးထဲက
အရောင်မွဲနေသည့် အဝတ်အစားများကို လက်ညှိုးထိုးပြလိုက်၏။ “ဒါတွေအားလုံးက
ကျွန်မတို့ကလေးမှာ ရှိတာအကုန်ပဲ၊ အဲဒါတွေကို ကလေးက အမြဲတမ်း ကိုယ့်ဟာကို
လျှော်ခဲ့ရတာ”
ဟွမ်ရှောင်ကျွမ်းသည်
အမီလိုက်လာပြီး ပြောလေသည်။ “သူ့မှာ ဘယ်လိုလုပ်ပြီး အဝတ်အစား မရှိရမှာလဲ၊ ညီအစ်ကိုနှစ်ယောက်က
ရွယ်တူနီးပါပဲ၊ သူတို့နှစ်ယောက်လုံးက အတူတူဝတ်ကြတာ”
ရှမြန်က သူမကို
လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။ “နင်က ဘာနာကျင်တာမှ မခံစားဘူးလား၊
နင့်ခြေသလုံးတွေနဲ့ ခြေထောက်တွေက အရမ်းကို သွက်လက်နေတာပဲ”
ဟွမ်ရှောင်ကျွမ်းသည်
ပြင်းစွာကြိတ်ခံစားနေရသည့် သနားစရာရုပ်တစ်ခုကို ချက်ချင်း ထုတ်ပြလိုက်၏။
ကံဆိုးချင်တော့
တရားမျှတမှုသည် လူများ၏နှလုံးသားထဲတွင် တည်ရှိသည်ဟူသည့် ဆိုရိုးစကား
ရှိသည်မဟုတ်ပါလား။
ခုနက ရှမြန်ကို
ကျိန်ဆဲနေသည့် ဘေးအခန်းကအဘွားကြီးက ဘယ်အချိန်က ဝင်လာမှန်းမသိပေ။ သူမက
ရေချိုးခန်းတံခါးနားတွင် လာရပ်ပြီး ပြောလိုက်၏။ “ဒီကလေးက ဒီကိုရောက်လာတာ
နှစ်ဝက်ကျော်သွားပြီ၊ သူ့ကို သူ့အဘွား ဒီကို ပထမဆုံး ခေါ်လာတဲ့အချိန်တုန်းက သူက
သန့်ရှင်းတဲ့ကလေးတစ်ယောက် လိုပါပဲ၊ အဲဒီကတည်းက သူ အဝတ်ကောင်းကောင်း ဝတ်တာ တစ်ခါမှ
မတွေ့ဖူးဘူး၊ ဘာပဲဖြစ်ဖြစ် နွေရာသီရောက်လာကတည်းက သူက ဇလုံထဲက အဝတ်လေး နည်းနည်းလေးကိုပဲ ဝတ်နေတာပဲ”
“ကလေးရဲ့အဝတ်အစားတွေကို
လျှော်ဖွတ်ပေးဖို့လိုတယ်လို့ ငါ ပြောခဲ့တာ မှတ်မိသေးတယ်၊ ဒါပေမဲ့ ကလေးက
အရမ်းဆူညံပြီး ညစ်ပတ်လို့ အဝတ်စားအကောင်းတွေ အားလုံးက သူ့ကြောင့် ပြဲကုန်ပြီလို့
ရှောင်ဟွမ်က ပြောခဲ့တယ်လေ၊ ဒါကြောင့် သူက အခု ရှောင်ကျန်းရဲ့အဝတ်အစားတွေကိုပဲ
ဝတ်ရတာ”
ဟွမ်ရှောင်ကျွမ်းသည်
အဘွားကြီးက ဖြတ်ပြောလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူမက စိုးရိမ်တကြီး ပြောလိုက်၏။
“ဒေါ်ဒေါ်လျို ဒေါ်ဒေါ်က ဒီကလေးကို တစ်ခါ နှစ်ခါပဲတွေ့ဖူးတာ...”
အဘွားကြီးလျိုက
သူမကို ခပ်ရိုင်းရိုင်း ပြန်ချေပလိုက်၏။ “ဟုတ်တယ်လေ၊ နင် သူ့ကို အိမ်ထဲမှာ
တနေ့လုံးပိတ်ထားပြီး ရိုက်နေတာ၊ ငါက ဘယ်နှစ်ခါ တွေ့နိုင်မှာလဲ၊ ငါက နင့်ကို
လူကောင်းတစ်ယောက်ဆိုပြီး တကယ် ယုံထားတာ၊ နင်က အဲလောက်ရက်စက်တတ်မှန်းသိရင် နင့်ကို
ဒီအဆောက်အအုံမှာ ပေးနေပါ့မလား”
ဟွမ်ရှောင်ကျွမ်း၏မျက်နှာက
ရုတ်တရက် ပြောင်းလဲသွားတော့သည်။
သည်အဆောက်အအုံတွင်
နေကြသူအားလုံးက ခေါင်းဆောင်များဟု သိထားကြသည်။ ကျန်းချီမင်က
ပြီးခဲ့သည့်နှစ်နှစ်အတွင်း လစာတိုးနိုင်သည့် အကြောင်းအရင်းကလည်း သူသည်
သည်ကလူများနှင့် ကောင်းမွန်သည့်ဆက်ဆံရေး ရှိသောကြောင့်ပင်။
လတ်တလောက သူသည်
နှစ်ကုန်တွင် ထူးချွန်ပြီးကြိုးစားသည့် အလုပ်သမားတစ်ယောက်ဟု နာမည်ရရေးအတွက်
ပြင်ဆင်နေရာ ဒါရိုက်တာမိန်းမကို နည်းလမ်းအမျိုးမျိုးသုံးပြီး ကပ်ဖားရန်
ကြိုးစားလာခဲ့သည်။ ကျန်းချီမင်သည် သည်နှစ်တွင်လည်း
ကြိုးစားသည့်အလုပ်သမားတစ်ယောက်ဟု နာမည်ရခဲ့လျှင် သူသည် နောက်နှစ်တွင်
ရာထူးတိုးလိမ့်မည်။
ဟွမ်ရှောင်ကျွမ်းသည်
အပြစ်လွဲချဖို့ရန် သူမ၏အုံးနှောက်ကို အလုပ်ပေးနေသော်လည်း ရှမြန်က မြောက်ဘက်အခန်း
တံခါးကို ဖွင့်ထားပြီးဖြစ်ကာ ဟွမ်ရှောင်ကျွမ်းကို သရော်ပြီး ပြောလိုက်တော့သည်။
“ဒီတော့ နင်က ကလေးကို
ဒီနေရာမှာ အိပ်ခိုင်းတာ သူက အရမ်းညစ်ပတ်ပြီး ဖြစ်ကတတ်ဆန်းနိုင်လို့ပေါ့လေ”
အဘွားကြီးလျို၏
ဦးဆောင်မှုကြောင့် ပွဲကြည့်ရန် လိုက်ဝင်လာကြသည့် သူမနောက်က လူများသည် ရုတ်ခြည်းဆိုသလို
ငြိမ်ကျသွားတော့သည်။
မှောင်မည်းပြီး
ပြတင်းပေါက်မရှိသည့် အခန်းက အရွယ်အစားအားဖြင့် ၅မီတာ ၆မီတာခန့်သာရှိပြီး
တိုလီမုတ်စ ပစ္စည်းများနှင့် ပြည့်နေ၏။ တံခါးနားက လွတ်နေသည့်နေရာတွင် ပစ်ထားသည့်
ညစ်ပတ်သည့် မွေ့ရာတစ်ခုသာ ရှိလေသည်။ ဝါဂွမ်းက ဖွာထွက်နေပြီး အလယ်က တစ်ခုတည်းသော
အမဲရောင်အကွက်က ကလေးသည် သည်နေတွင် အချိန်တစ်အထိ အိပ်လာခဲ့သည်ကို သက်သေပြနေ၏။
“ဒါကိုကျတော့ နင်
ဘယ်လို ရှင်းမလဲ”
အဘွားကြီးလျိုသည်
သူ့ကြိမ်တောင်ဝှေးကို ခပ်ကြမ်းကြမ်းဆောင့်လိုက်ပြီး ဒေါသထွက်ထွက်ဖြင့်
သက်ပြင်းချလိုက်၏။ “ဝဋ်ကြွေးပဲဟဲ့...”
ဝတ္ထုထဲတွင် ဗီလိန်
ကျန်းယွီရွှမ်းသည် အသက် ၁၈နှစ်တွင် ရုတ်တရက် နာမည်ကြီးလာပြီး ပါရမီရှင်
ပန်းချီဆရာတစ်ယောက်ဟု လူသိများလာကြသည်။ သူ့နာမည်ကြီးလာသည်နှင့်အမျှ သူ့ပန်းချီကား၏
ဈေးနှုန်းက မြင့်သထက် မြင့်လာပြီး သူသည် အိမ်ပြောင်းသွားခဲ့သည်။ တနည်းပြောရလျှင်
ကလေးသည် သည်မှောင်မည်းသည့်အခန်းထဲတွင် ၁၀နှစ်ကျော်လောက်
ပိတ်လှောင်ခံထားရခြင်းဖြစ်မည်...။
သည်အကြောင်းကို
စဉ်းစားလိုက်ပြီး ရှမြန်သည် မျက်ရည်များ မထိန်းနိုင်ဘဲ စီးကျလာတော့သည်။
“ဒီလူသတ်သမားက
ဒီလောက်ရက်စက်တဲ့ နှလုံးသားနဲ့ပါ၊ သူ ကလေးကို မကြိုက်ဘူးဆိုရင်လည်း သူ့ကို
ဒီအတိုင်း ပြန်ပို့လိုက်လို့ရတာပဲ၊ သူက ဘာလို့ ကလေးကို ဒီလိုနှိပ်စက်ခဲ့တာလဲ...”
ရှမြန် ငိုနေသည်ကို
မြင်တော့ ရှောင်ဖုန်းမှာ အနည်းငယ် ကြောက်လန့်လာသည်။ သူသည် ကြောက်စိတ်ကို
ဖိနှိပ်ထားလိုက်ပြီး ရှမြန်၏ မျက်လုံးများကို ဂရုတစိုက် ထိကာ ပြောလိုက်၏။
“အန်တီလေး
မငိုနဲ့နော်” သူ့အသံလေးက ကလေးတစ်ယောက်၏ ငိုမဲ့မဲ့အသံလေး ဖြစ်နေ၏။
သူသည် အလွန်မှ
ငယ်ရွယ်ပြီး သူ ခံစားခဲ့ရသည့် ရက်စက်သည့်ဒုက္ခက ဘာမှန်းကိုပင် နားမလည်ချေ။
သူ၏ကြည်လင်နေသည့် မျက်လုံးများထဲတွင် ရှမြန်အတွက် စိုးရိမ်မှုတစ်ခုသာ ရှိနေ၏။
ရှမြန်သည် အလွန်မှ
နေရခက်သွားတော့သည်။ သူမက သူမ၏မျက်ရည်များကို ကြိုးစား ထိန်းထားလိုက်ပြီး
ကလေး၏ခေါင်းကို သူမ၏ပခုံးနှင့် ထိကပ်ထားလိုက်ပြီး ဆို့နင့်ကာ ပြောလိုက်သည်။
“ဘာမှမဖြစ်ဘူးနော်၊
အန်တီလေး ဘာမှမဖြစ်ဘူး၊ ရှောင်ဖုန်း မကြောက်နဲ့နော်၊ အန်တီလေးက သားကို သေချာပေါက်
ကာကွယ်ပေးမှာ” သူမက စကားပြောလိုက်ပြီးနောက်မှာပင်
သူမသည် မျက်ရည်များကို မထိန်းနိုင်သေးချေ။
လူအများ၏
မျက်လုံးများက နီရဲလာတော့သည်။
“တိရစ္ဆာန်မ”
လူကြားထဲက တစ်ယောက်က ကျိန်ဆဲလိုက်၏။
ဟွမ်ရှောင်ကျွမ်းသည်
ရှက်သွားကာ စွပ်စွဲခံရသည့်လေသံဖြင့် ပြောလသည်။ “ရှင်တို့ ထင်သလို မဟုတ်ပါဘူး၊ ရှောင်ဖုန်းက ဒီနေရာမှာ
လုံးဝမအိပ်ပါဘူး၊ သူကမှ ကျွန်မကို နာမည်ဖျက်နေတဲ့သူပါ” သူမကလည်း သင်ထားသည်ကို
လက်တွေ့အသုံးချလိုက်၏။ “ငါ နင့်ကို အသရေဖျက်မှုနဲ့ တရားစွဲမယ်”
“အသရေဖျက်မှု
ဟုတ်ဟုတ် မဟုတ်ဟုတ် အရင်ဆုံး ရဲစခန်းကိုသွားပြီးမှ ဒီအကြောင်း ဆက်ပြောရအောင်”
သက်လတ်ပိုင်း ရဲအရာရှိက ပြောလိုက်၏။ “လျိုဟုန် နင် ဓာတ်ပုံတွေအားလုံး
ရိုက်ပြီးပြီလား”
လျိုဟုန် အမည်ရှိ
ရဲမေက သူမ၏ကင်မရာကို သိမ်းလိုက်ပြီး ပြောလိုက်၏။
“အားလုံး ပြီးပါပြီ”
“ကျွန်မတို့က
ဘာလို့ ရဲစခန်းကို သွားရမှာလဲ၊ ကျွန်မ ဘာပြစ်မှုမှ မကျူးလွန်ထားဘူး”
ဟွမ်ရှောင်ကျွမ်းက
ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားပြီး တာဝန်ကို ရှောင်လွဲရန် ကြိုးစားတော့သည်။
“ကျွန်မက ကလေးကို
မနှိပ်စက်ခဲ့ပါဘူး၊ ကလေးက သူ့ကလေးမဟုတ်ဘူး၊ ကလေးကို မမြင်ချင်ဘူးလို့ပြောတာ
ချီမင်ပါ၊ ဒါကြောင့် သူက ကလေးကို အဲထဲမှာ တခါတလေ သွားနေခိုင်းတာပါ၊ သူက
အရမ်းညစ်ပတ်ပြီး ဖြစ်ကတတ်ဆန်းနိုင်လွန်းလို့ သုံးရက်လောက်နဲ့ အိပ်ရာခင်းက
ညစ်ပတ်သွားတာ”
ရှမြန်က မျက်နှာကို
မဲ့ထားလိုက်၏။ သူမသည် ဘယ်တုန်းကမှ ကျန်းချီမင်နှင့် ပွင့်ပွင့်လင်းလင်း ဆက်စပ်မှု
မလုပ်ခဲ့ချေ။ အကြောင်းမှာ ဝတ္ထုထဲတွင် သူသည် အင်မတန်မှ ဆိုးရွားသည့်
ကြောင်သူတော်တစ်ယောက်ပင်။ သူသည် ရိုးသားပြီး စိတ်အားတက်ကြွပုံပေါ်သော်လည်း သူသည်
သူ့လုပ်ရပ်တိုင်းကို အလွန်မှ သတိထားပြီး ဆင်ဆင်ခြင်ခြင်နေတတ်သည်။ ထို့အပြင် သူသည်
စကားပြောကောင်းသဖြင့် သူက လူဆိုးတစ်ယောက် ဖြစ်နေသည်ကိုပင် မည်သူကမှ မယုံကြချေ။
ဟွမ်ရှောင်ကျွမ်းက
အဲဒီလူကို အရင်ဆုံး သွားကိုက်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ အခုတော့ ကွက်တိပဲ။
“ဒီတော့ သူက နင်
ကလေးကို နှိပ်စက်နေတာကို ခွင့်ပြုထားခဲ့တာပေါ့” ရှမြန်က ရုတ်တရက် သဘောပေါက်သွား၏။
“ဟုတ်သားပဲ။ သူ သဘောမတူရင် နင် သူ့နှာခေါင်းအောက်မှာ ကလေးကို ဘယ်လိုလုပ်ပြီး
နှိပ်စက်နိုင်မှာလဲ”
“ဒီတော့
နင်ပြောချင်တာ ကျန်းချီမင်က ငါ့အစ်မက သူ့အပေါ် ဖောက်ပြန်တယ်လို့ သံသယဖြစ်လို့
သူ့မှာလည်း ငါ့အစ်မအပေါ် ဖောက်ပြန်ခွင့်ရှိတယ်၊ နင်ကလည်း မယားငယ်
ဖြစ်ခွင့်ရှိတယ်ပေါ့ ဟုတ်လား”
ရှမြန်က
စုတ်ပြဲနေသည့် မွေ့ရာကို
လက်ညှိုးထိုးပြလိုက်ပြီး ဒေါသတကြီး
ပြောတော့သည်။ “ကလေးက နင်တို့ရဲ့ အခြေအမြစ်မရှိတဲ့ သံသယကြောင့် ဒီလို ဒုက္ခခံသင့်တယ်ပေါ့ဟုတ်လား၊
ကလေးက ကျန်းချီမင်ရဲ့ ကလေးဆိုတာ နောက်ဆုံး အဖြေထွက်လာရင် နင်တို့နှစ်ယောက်လုံး ငါ့အစ်မဆီမှာ ဒူးထောက်ပြီး
တောင်းပန်မှာလား”
“ဟုတ်တယ်”
လူတစ်ယောက်က ကျိန်ဆဲလိုက်သည်။ “ရှချွန်းက ဘာဖြစ်ဖြစ်ပါ၊ ကျန်းချီမင်နဲ့
ဟွမ်ရှောင်ကျွမ်းတို့ ဖောက်ပြန်ခဲ့တာတော့ အမှန်ပဲ”
“မဟုတ်...”
ဟွမ်ရှောင်ကျွမ်းသည် မျက်ရည်များ စီးကျလာပြီး “ကျွန်မတို့...”
“နင်က လူသတ်မှု
ကျူးလွန်နေတာပဲ” ရှမြန်က ရုတ်တရက် ထအော်လိုက်သည်။
“ဦးရဲကြီး ကျွန်မ
သူတို့ကို လူသတ်မှုနဲ့ တရားစွဲချင်တယ်၊ ကျန်းချီမင်းက ကျွန်မအစ်မကို သူ့အပေါ်
ဖောက်ပြန်တယ်လို့ သံသယဖြစ်လို့ သူက ဟွမ်ရှောင်ကျွမ်းနဲ့ ကျွန်မအစ်မကို သတ်ဖို့
ပေါင်းကြံခဲ့တာ၊ မဟုတ်ရင် ကျွန်မရဲ့အစ်မက ကလေးမွေးပြီးချင်း သူတို့ကို ခေါ်ထုတ်တာ
ခံရပြီး မတော်တဆ ကားတိုက်မှု ဖြစ်ခဲ့မှာလဲ၊ သူတို့တွေက စိတ်မလုံလို့ ကလေးကို
နှိပ်စက်ကြတာ၊ ဒါကြောင့် သူတို့တွေက ပြဿနာရဲ့အရင်းအမြစ်ကို ဖယ်ရှားချင်နေတာ”
ဟွမ်ရှောင်ကျွမ်းသည်
ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ သူမက အပြစ်ကို တခြားတစ်ယောက်ထံ ပုံချလိုခြင်းသာ
ဖြစ်သော်လည်း တစ်ဖက်လူက သူမကို ပိုဆိုးရွားသည့်
ပြစ်မှုတစ်ခုဖြင့် ချောက်ချနေလေသည်။ ဆူညံပွက်လောရိုက်နေသည့် ဆွေးနွေးသံများကို
နားထောင်ရင်း ဟွမ်ရှောင်ကျွမ်းသည် သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်တော့သည်။
“နင် ပေါက်ကရတွေ
ပြောနေတာ၊ နင့်မှာ ဘာသက်သေရှိလို့လဲ”
ရှမြန်က အေးစက်စက်
ပြောလိုက်၏။ “ဒါဆိုရင် ငါ့အစ်မက ဖောက်ပြန်တာကို သက်သေပြဖို့ နင့်မှာ
ဘာသက်သေရှိလို့လဲ၊ ဖောက်ပြန်တဲ့သူက အဖော်တစ်ယောက်တော့ ရှိရမယ်လို့ ပြောကြတယ်၊
ဟုတ်တယ်မလား၊ ဒါမှမဟုတ် ကျန်းချီမင်က အဲဒီလူက သူပါပဲဆိုပြီး နင့်ကို ပြောခဲ့တာလား၊
သူက ဖောက်ပြန်ထားတာ စိတ်သက်သာရအောင် ဆင်ခြေတစ်ခု ရှာနေတာဆိုရင်ရော ဘယ်သူက သိမှာလဲ၊
ဘာပဲဖြစ်ဖြစ် ရွှမ်းရွှမ်းက သူ့ဖောက်ပြန်ထားတဲ့ ခိုင်မာတဲ့သက်သေပဲ”
...