အပိုင်း ၅
Viewers 429

အပိုင်း(၅)

ဟွမ်ရှောင်ကျွမ်းသည် သည်နေရာလေးက လူမိုက်များက သည်လောက် လျှာစောင်းထက်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူမသည် ကိုယ့်ဟာကို မရှင်းပြနိုင်ဘဲ ဒေါသတကြီး အော်ဟစ်လိုက်၏။

“မဟုတ်ဘူး၊ မဟုတ်ဘူး”

“တော်တော့” လျိုဟုန်က အော်ငေါက်လိုက်၏။ ရဲမေက ဟွမ်ရှောင်ကျွမ်းအပေါ်တွင် ကောင်းမွန်သည့် သဘောထားတစ်ခု မရှိတော့ချေ။ “ရဲစခန်းကို သွားပြီး ရှင့်ထွက်ဆိုချက်ကို ပေးလိုက်ပါ”

သူမသည် ရှမြန်ဘက်သို့ လှည့်ကာ ပြောလိုက်၏။

“နင်လည်း စကားလျှော့ပြောသင့်တယ်၊ မှတ်ချက်ယူသွားပြီး ကလေးကို ဒဏ်ရာစစ်ဆေးဖို့ ခေါ်သွားလိုက်” သူမက အလွန်မှ တည်ကြည်နေဟန် ပေါ်သော်လည်း သူမ၏အသံက အများကြီး ပျော့ပြောင်းနေ၏။

ဟွမ်ရှောင်ကျွမ်းသည် ဒီလိုအခြေအနေမျိုးကို တစ်ခါမှ မတွေ့ကြုံခဲ့ဖူးချေ။ သည်ခေတ်ကာလတွင် အဖမ်းခံရပြီး ရဲစခန်းသို့ ခေါ်သွားခံရလျှင် ပြန်ထွက်လာချိန်တွင်ပင် အားလုံးနှင့် မျက်နှာချင်းဆိုင်ရန် အလွန်မှ ရှက်စရာကောင်းလိမ့်မည်။ သူမသည် ဒဏ်ရာကို ဆေးစစ်ရမည်ဟု ကြားလိုက်ချိန်တွင် ချက်ချင်း ပြောလိုက်၏။ “ရဲဘော် အရာရှိ ကျွန်မက သူ့ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ တရားစွဲမယ်၊ ကျွန်မလည်း ဒဏ်ရာကို စစ်ဆေးဖို့လိုတယ်မလား”

အဘွားလျိုက ပြောလိုက်၏။

“နင်ကများ ရဲကို ခေါ်ရဲရသေးသလား၊ နင်က ဘာဒဏ်ရာကို စစ်ဆေးချင်တာလဲ၊ သူ့အဒေါ် ရိုက်ထားတာက လုံးဝ အပေါ်ယံလေးကို”

“အဲလိုတော့ ပြောလို့မရဘူးလေ” လူတစ်‌ယောက်က ဝင်ပြောလိုက်၏။ “နှလုံးနဲ့ အသည်းတွေ မဲနေသလားလို့ ဆေးရုံသွားပြီး စစ်ဆေးသင့်တာပေါ့”

အဘွားလျိုက လျိုဟုန်ကို ပြောလိုက်သည်။ “ရဲဘော်အရာရှိ ကျွန်မက လမ်းမျက်နှာချင်းဆိုင်မှာနေတာ၊ ခဏစောင့်ပေးပါ၊ ကျွန်မ ကလေးအတွက် အဝတ်အစားတချို့နဲ့ စားစရာ သွားယူလိုက်အုံးမယ်၊ အခုပဲ နေ့ခင်းရောက်နေပြီ လူကြီးက အဆာခံထားလို့ရပေမဲ့ ကလေးကျတော့ ထပ်ပြီး အဆာခံထားလို့ မရဘူး”

“ဟုတ်တယ်” အမျိုးသမီးငယ်လေးတစ်ယောက်ကလည်း သတိပေးလိုက်ပြီး သူမလက်ထဲက ကြက်ဥကိတ်မုန့်တစ်ထုပ်ကို ချက်ချင်း တွန်းပေးလိုက်လေသည်။ “ငါ အခုမှ ဝယ်လာတာ၊ ကလေးကို နည်းနည်းလောက် အရင်စားခိုင်းထားလိုက်နော်၊ သနားစရာကလေးလေး၊ ကလေးက ဗိုက်ကို ပြားချပ်နေတာပဲ”

သူမက ပြောရင်းဆိုရင် သူမ၏လည်ချောင်းမှာ နာကျင်သလို ခံစားလိုက်ရတော့သည်။ သူမ၏ သမီးလေးကလည်း သည်ကလေးနှင့် ရွယ်တူလောက်ရှိပြီး မိခင်တစ်ယောက်အနေဖြင့် သည်လိုမြင်ရသည်က အမှန်ပင် ရင်နာစရာကောင်းလေသည်။

ရှောင်ဖုန်းသည် သူ့နှလုံးအတွင်းတွင် လူကြီးများကို ကြောက်ရွံ့လေသည်။ သူက ရှမြန်ကို တွယ်ကပ်ထားပြီး တိုးတိုးလေး အကူအညီ တောင်းလိုက်၏။ “အန်တီလေး”

အမျိုးသမီးက ရှောင်ဖုန်း၏ရုပ်‌လေးကို မြင်လိုက်ရတာ့ လုံးဝ စိတ်မသက်သာသလို ခံစားလိုက်ရတော့သည်။ “မကြောက်နဲ့နော်၊ မကြောက်နဲ့၊ မုန့်ကို သားရဲ့အဒေါ်ဆီ ပေးတာနော်၊ လိမ္မာတဲ့ကလေးလေး ခဏနေ စားလိုက်နော်” ထို့နောက် သူမက မုန့်ကို ရှမြန်အား လှမ်းပေးလိုက်၏။

ရှမြန်က ရှောင်ဖုန်း၏ ကျောပြင်လေးကို သပ်ပေးလိုက်ပြီး ငြင်းမနေဘဲ အမျိုးသမီးကို ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် အစ်မ”

“နင် ငါ့ကို အစ်မဝမ်လို့ ခေါ်လို့ရပါတယ်” အမျိုးသမီးငယ်လေးသည် အခုတော့ ရှမြန်ကို အလွန် သဘောကျသွားတော့သည်။ “နောက်ပိုင်း တစ်ခုခုလိုရင် ငါ့ဆီလာခဲ့နော်၊ ငါက အပေါ်ထပ်မှာ နေတာ”

အစ်မဝမ်ပြီးနောက်တွင် ကျောက် အမည်ရှိသည့် အစ်မတစ်ယောက်ကလည်း သူမ၏ပါးစပ်ထဲကို ADကယ်လ်ဆီယမ်နို့တစ်ဘူး ထိုးထည့်ပေးလိုက်ပြီး လူငယ်လေး တစ်ယောက်ကလည်း ဖရဲသီးတစ်လုံး ချက်ချင်း လှမ်းပေးလေရာ ရှမြန်မှာ ရယ်မိပြီး ငိုမိပြန်သည်။

အားလုံးက ရယ်မောပြီး ဆူပူကြိမ်းမောင်းလေသည်။ “ကလေးက ဒါကြီးကို ဘယ်လို စားတတ်မှာလဲ”

လူငယ်လေးက သူ့ခေါင်းကို ထိကိုင်လိုက်ပြီး ပြောလိုက်၏။ “ကလေးက ဒါကို မစားနိုင်ဘူးလို့ အဒေါ်တို့က ထင်နေလို့ မဟုတ်လား”

အားလုံးက တဖန် သက်ပြင်းချလိုက်၏။

အဘွားလျိုသည် အဝတ်အစားတစ်စုံကို ထုတ်လာပြီး ပြောလိုက်လေသည်။ “ဒါက ငါ့မြေးလေးရဲ့ အဝတ်အစားတွေ၊ အခုတော့ ဒါကို ဝတ်ထားလိုက်အုံး”

“ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ်လျို” ရှမြန်က ပြောလိုက်သည်။

“ဆက်လုပ်ပါ” အဘွားလျိုက ပြောလိုက်သည်။

“စောစောသွားပြီး စောစောပြန်လာခဲ့၊ ပြီးရင် ဒီနေ့ညတော့ ငါ့အိမ်မှာ ညစာလာစားချည်၊ ကလေးကို အားဖြည့်ပေးရအောင် ကြက်သားစွပ်ပြုတ်နည်းနည်း လုပ်ထားမယ်”

ဟွမ်ရှောင်ကျွမ်းက မျက်နှာဆယ်ဖို့ ကြိုးစားနေဆဲ။ “ဒေါ်ဒေါ်လျို တကယ် မလိုပါဘူး၊ ကျွန်မ တကယ် အထင်လွဲခံရတာပါ”

အားလုံးထံမှာ ပြိုင်တူအကြည့်တစ်ခုကို ခံယူလိုက်ရတော့သည်။

ရဲအရာရှိက အော်ပြောလိုက်၏။

“သွားစို့”

သူတို့သည် ရဲစခန်းသို့ ရောက်လာချိန်တွင် နှစ်ယောက်လုံးထံမှ သီးခြား ထွက်ဆိုချက်ကို ယူလိုက်ကြသည်။ ရှမြန်နှင့် ရှောင်ဖုန်းတို့မေးခွန်းများက တော်တော်လေး ရိုးရှင်းပြီး ထို့နောက်တွင်တော့ သူတို့သည် ဒဏ်ရာကို တင်ပြရန် မှတ်ချက်များ ယူလာလိုက်သည်။

ဒဏ်ရာများကို စစ်ဆေးပေးသည့် ဆေးရုံက မင်မြို့ ပြည်သူ့ဆေးရုံဖြစ်ပြီး ဟွားကန်းမိသားစု အိမ်ရာဝန်း၏ မျက်စောင်းထိုးတွင် ရှိလေသည်။ ဧည့်ကြိုခန်းမထဲတွင် လူများက တော်တော်လေး နည်းနေသည်။

ရှမြန်က ရှောင်ဖုန်းနှင့် လျှောက်လာရင်း သူမသည် ဘက်ပေါင်းစုံမှာ အာရုံစိုက်မှုများကို ခံစားနေမိသည်။ သူမသည် အမှတ်တမဲ့ ခေါင်းငုံံ့ထားလိုက်ပြီး သူမ၏ရင်ဘတ်ပေါ်က အနက်ရောင် ဦးခေါင်းခွံပေါ်က မျက်လုံးနှစ်ပေါက်ကို အချိန်တော်တော်ကြာအောင် စိုက်ကြည့်နေမိ၏။

အိမ်း။ ဒီရူးသွပ်တဲ့အကြိုက်ကလည်း တကယ် အံ့ဩစရာပါပဲ။

သို့သော်လည်း သူမသည် ပတ်ဝန်းကျင်ကို အချိန်အကြာကြီး ကြည့်လိုက်ပြီး ဘာက ထိုမျှလောက် အံ့ဩစရာကောင်းနေသည်ကို နားမလည်နိုင်တော့ချေ။

သူမက လျှောက်စဉ်းစားနေသည်တွင် မိတ်ကပ်ပါးပါးလေးနှင့် သူနာပြုဆရာမငယ်တစ်ယောက်က တောက်ပသည့် မျက်လုံးများနှင့် သူမဘက်သို့ မြန်မြန်လျှောက်လာနေသည်ကို မြင်လိုက်ရလေသည်။ သူမ၏မျက်လုံးများထဲက အကြည့်သည် သူမက အဆီအပြည့် အသားတုံးတစ်ခုလိုဖြစ်နေသည်ဟု ရှမြန်မှာ ခံစားလိုက်ရတော့သည်။

ရှောင်ဖုန်း၏ တုံ့ပြန်ပုံက သူမထက်ပင် ပိုပြီး ပြင်းထန်နေ၏။ သူက သူမ၏လက်ကို လှမ်းဆွဲလိုက်ပြီး နောက်တစ်လှမ်း ဆုတ်သွားတော့သည်။ ရှမြန်သည် သူ့ကြောင့် နောက်ပြန်ဆုတ်သွားပြီး တွန်းကန်မှုတစ်ခုနှင့် သွားတွေ့လေသည်။

“ကျစ်” စိတ်ရှုပ်သွားသည့် အသံတစ်ခုနှင့်အတူ သန်မာသည့်လက်တစ်ဖက်က သူမ၏ကျောပြင်ကို လာဖိထားပြီး ရှမြန်က လှည့်ကြည့်လိုက်၏။

သူသည် အင်မတန်မှာ အရပ်မြင့်မားသည့် လူတစ်ယောက်ပင်။ အလင်းရောင်က သူ့ကျောဘက်မှ လင်းထိန်နေသဖြင့် ရှမြန်သည် ခဏလောက် သူ့ရုပ်သွင်ကို မမြင်ရပေ။ သူသည် အရပ်မြင့်ပြီး ပိန်ပါးသည်ဟုသာ သိနိုင်သည်။ နေ့လယ်ခင်း၏ တောက်ပသည့်နေရောင်ခြည်က ဆေးရုံ၏ ကြည်လင်သန့်ရှင်းနေသည့် ဖန်သားမှ ဖြတ်ပြီး တောက်ပနေကာ ထိုလူ၏ အဖြူရောင်ကုတ်အင်္ကျီ‌ပေါ်တွင် နွေးထွေးသည့် ရွှေရောင်အလွှာတစ်ခု ကျနေပြီး မြင့်မြတ်ပြီး တည်ကြည့်သည့်ဟန်ဖြစ်နေ၏။

သူ့ဘေးက လူများက သူ့လှုပ်ရှားဟန်ကြောင့် အနည်းငယ် ဆူညံသွားပြီး ရှမြန်၏ ကျောပြင်က ဖက်ပေါင်းစုံမှလာသည့် စူးရှသည့်အကြည့်များ၏ ထိုဖောက်ခံလိုက်ရသယောင်။

“ဒေါက်တာနဉ်”

“မင်္ဂလာပါ ဒေါက်တာနဉ်”

“‌ဒေါက်တာနဉ် ရောက်လာပြီရှင့်~”

အင်း။ ကိစ္စကတော့ ရှင်းသွားပြီ။ အံ့အားသင့်သွားတဲ့ မျက်လုံးတွေနဲ့ ဒီလူကို ကြည့်မှကိုဖြစ်မယ်။ သူ့ကျော်ကြားမှုကြီးက ရင်သပ်ရှုမောဖွယ်ပဲ။ ဒါပေမဲ့ ဒီနာမည်က ရင်းနှီးနေသလိုလို....

“ဒေါက်တာနဉ်~” အကဲပိုလွန်းသည့် စိုးရိမ်စိတ်ဖြင့် အမျိုးသမီး၏ ချိုမြမြအသံက ထွက်လာပြီး “ဘာဖြစ်သွားသေးလဲဟင်”

ရှမြန်က သည်နောက်တစ်လှမ်း ဆုတ်မိခြင်းက ဒေါက်တာနဉ်ကို ဖိခြေသွားသည့် တင့်ကားတစ်စီးနှယ်။

ဒေါက်တာနဉ်တဲ့။

ရှမြန်သည် ရုတ်တရက် မျက်လုံးများကို ဝိုင်းစက်သွားပြီး သူမသည် ဘေးကို  အနည်းငယ် ‌စောင်းလိုက်တော့ တစ်ဖက်လူ၏ မျက်နှာအစစ်အမှန်ကို နောက်ဆုံးတော့ မြင်လိုက်ရတော့သည်။ ချစ်ခင်မှုလွှမ်းနေသည့်မျက်လုံးများ။ ဓားလို မျက်ခုံးများ၊ နှာတံမြင့်မြင့်နှင့် နီရဲရဲ နှုတ်ခမ်းတစ်စုံ။ သူသည် ပိုစတာထဲက လျှောက်ထွက်လာသည့် မင်းသားတစ်ယောက်နှယ် ချောမောလေသည်။

သူက နေ့လယ်တုန်းက ဟွမ်ရှောင်ကျွမ်းအတွက် ကူညီပြီး တိုက်ခိုက်ပေးခဲ့တဲ့ ထန်ဆန်းကိုယ်တော်မလား။

သူမသည် ရဲစခန်းကို အမှုကိစ္စ မြန်မြန် သတင်းပို့လိုက်ပြီး နောက်ပိုင်းတော့ ထိုလူ ဘယ်သွားလိုက်သည်ကို ဂရုမစိုက်မိတော့ချေ။ မျှော်လင့်မထားဘဲ သူက သည်နေရာတွင် ဆရာဝန် ဖြစ်နေသည်ပဲ။

ရှမြန်၏ မျက်နှာက ချက်ချင်း အေးစက်သွားတော့သည်။

အပြေးအလွှား ရောက်လာသည့် သူနာပြုဆရာမလေးက မျက်မှောင်ကြုတ်ပြီး အကြောင်းအရင်းကို မသိပါဘဲ ဆူပူကြိမ်းမောင်းလိုက်၏။ “ညီမငယ်လေး ကျေးဇူးပြုပြီး ဂရုစိုက်ပြီး လမ်းလျှောက်ပါအုံး”

ရှမြန်က ချစ်စိတ်ဝင်နေသည့် သည်အမျိုးသမီးငယ်လေးကို အာရုံမစိုက်လိုချေ။ သူမက ထွက်သွားတော့မည့်ဆဲဆဲ သူမ၏ခြေသလုံးကို တင်းနေအောင် ဖက်ထားခံရသလို ခံစားလိုက်ရ၏။ သူမက ငုံ့ကြည့်လိုက်တော့ ရှောင်ဖုန်းက အနည်းငယ် ကြောက်လန့်နေသည်ကို မြင်လိုက်ရလေသည်။ သူက ကြောက်ကြောက်ရွံ့ရွံ့နှင့် ပြောသည်။ “အန်တီလေး”

ရှမြန်က မြန်မြန် ကိုယ်ကိုညွှတ်လိုက်ပြီး သူ့ကို ဖက်ထားလိုက်ကာ “မကြောက်နဲ့နော်၊ မကြောက်နဲ့၊ အန်တီလေး ရှိတယ်” ရှောင်ဖုန်းသည် သူ့မျက်နှာသေးသေးလေးကို သူမ၏ပခုံးတွင် အပ်ထားကာ သူသည် သည်နည်းဖြင့် ကြောက်စရာကောင်းသည့် တစ်ခုခုကို ရှောင်ရှားနိုင်တော့မည့်နှယ်။

နဉ်ရှောင်ပိုင်၏မျက်လုံးများက သူမ၏ရင်ခွင်ထဲက ကလေးဆီ ရောက်သွားလေသည်။ သူက အမှတ်တမဲ့ သူ့အဖြူရောင်ကုတ်အင်္ကျီ၏ အိတ်ကပ်ထဲတွင် လက်ညှိုးကို နှစ်ချက်ခေါက်မိလေသည်။ သူ့အသံက ညင်သာနေ၏။ “ဆေးစစ်ချက် လာယူတာလား”

နဉ်ရှောင်ပိုင်က ကလေးကို ဂရုစိုက်မှန်း မြင်လိုက်ရတော့ သူနာပြုဆရာမ အချောလေးက ချက်ချင်း ကိုယ်ကို ညွှတ်လိုက်ပြီး ညင်ညင်သာသာ ပြောလိုက်၏။ “မကြောက်နဲ့နော်၊ ကလေး၊ အန်တီ့ကို ပြော၊ သား ဘာဖြစ်လို့လဲ”

ရှောင်ဖုန်းသည် ပိုလို့ပြင် ကြောက်လန့်သွားပြီး ရှမြန်ကို တင်းနေအောင် တွယ်ကပ်ထားကာ သူသည် သူမ၏အိတ်ကပ်ထဲတွင် ပုန်းအောင်းချင်နေသည့်နှယ်။

ရှမြန်က ရှောင်ဖုန်း၏ တုံ့ပြန်မှုကို စဉ်းစားနေစဉ် ပိုကြီးသည့် သူနာပြုတစ်ယောက်က မကြည်လင်သည့်လေသံဖြင့် အော်ငေါက်လိုက်သည်ကို ကြားလိုက်ရ၏။ “ဟွမ်ရှောင်ရှား၊ နင် ဘာလုပ်နေတာလဲ၊ ခုတင်နံပါတ် ၃ကို ဆေးသွားပို့လေ”

ရှမြန်သည် ရုတ်တရက် ‌ခေါင်းထောင်လာပြီး “နင်နဲ့ ဟွမ်ရှောင်ကျွမ်းတို့က ဘာတော်တာလဲ”

ဟွမ်ရှောင်ရှားက ဒေါက်တာနဉ်၏ မျက်လုံးများကလည်း သူမပေါ်သို့ ရောက်နေသည်ကို မြင်လိုက်သဖြင့် သူမ၏ပါးပြင်က ပန်းရောင်သမ်းသွားပြီး “ဟွမ်ရှောင်ကျွမ်းက ငါ့အစ်မလေ၊ သူက ဒေါက်တာနဉ်တို့ အဘွားအိမ်ရဲ့ အ‌ပေါ်ထပ်မှာနေတာ...”

“မဆန်းတော့ပါဘူး” ရှမြန်က မဲ့ရွဲ့လိုက်ပြီး ရှောင်ဖုန်းကို ပွေ့ချီကာ ထွက်သွားလိုက်တော့သည်။ ထွက်မသွားခင်တွင် သူမသည် နဉ်ရှောင်ပိုင်ကိုလည်း ရန်လိုသည့်အကြည့်ဖြင့် မမေ့မလျော့ စိုက်ကြည့်ပေးလိုက်သေးသည်။

နဉ်ရှောင်ပိုင်က မျက်ခုံးများကို ပင့်ပြလိုက်ပြီး ဟွမ်ရှောင်ရှားက ဒေါသဖြင့် ပြောလိုက်၏။ “ဒီနေ့ခေတ် ကလေးမလေးတွေက လုံးဝ ယဉ်ကျေးမှုမရှိဘူး၊ ဘယ်လိုလူတွေလဲ မသိဘူး၊ ဒေါက်တာနဉ် ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့”

နဉ်ရှောင်ပိုင်က ဟန်များနေသည့် သူနာပြုကို ငုံံ့ကြည့်လိုက်ပြီး ဘာမှမဖြစ်သလို ပြောလိုက်၏။ “မင်း အဲကလေးကို မသိဘူးလား”

ဟွမ်ရှောင်ရှားက အခိုက်တန့် ကြောင်အမ်းအမ်းဖြစ်သွားပြီး ပြောလိုက်သည်။ “ကျွန်မ သူ့ကို မသိပါဘူး”

ထို့နောက်တွင် သူမသည် အလွန်မှ ချစ်စရာကောင်းနေသည့် ရုပ်လေးတစ်ခုကို ထုတ်ပြလိုက်ပြီး ပြောလိုက်သေးသည်။ “အဲကလေးက သိပ်ချစ်ဖို့ကောင်းတာပဲ၊ ကျွန်မက ကလေးတွေကို အချစ်ဆုံးပဲ”

လက်တွေ့ကျကျ ပြောရလျှင် ကလေးက သူမကို အန်တီဟုခေါ်သင့်ပြီး ဒါက သူသည် သူမကို သိနေကာ သူမကို ကြောက်ရွံ့နေသည်ဟု သက်သေပြနေ၏။

နဉ်ရှောင်ပိုင်က မျက်နှာကို မဲ့ထားလိုက်ပြီး သူမကို ဖြတ်သွားလိုက်ကာ ဆေးခန်းထဲသို့ တန်းဝင်သွားတော့သည်။ ဟွမ်ရှောင်ရှားက သူ့နောက်မှ လိုက်လာသည်ကို မြင်လိုက်သဖြင့် သူက စိတ်မရှည်လက်မရှည် ပြောလိုက်၏။ “သူနာပြုအုပ်က မင်းကို ဆေးသွားပို့ခိုင်းထားတယ်လေ၊ နောက်ပြီး မင်းက အချိန်တော်တော် ဆွဲထားတာပဲ”

ဟွမ်ရှောင်ရှားသည် ကျီစယ်သလို လျှာ ထုတ်ပြလိုက်ပြီးနောက် ထွက်သွားတော့သည်။

ရှမြန်သည် ဆေးရုံထဲက ထွက်လာချိန်တွင်တော့ ညနေခင်း ၄နာရီ ထိုးနေပြီဖြစ်သည်။ ဆေးစစ်ချက် အသေးစိတ်ရရန် နောက်ထပ်နှစ်ရက် စောင့်ရအုံးမည်။ သို့သော်လည်း လိုအပ်သည့် ဆေးများအားလုံးကို အညွှန်းရေးပေးလိုက်သည်။ ဒဏ်ရာများကို ကုသရမည့်အပြင် သူသည် အားဖြည့်မည့် ဖြည့်စွက်စာများကိုလည်း လိုအပ်သေးသည်။ သည်လို ငယ်ရွယ်သည့် ကလေးတစ်ယောက်က တော်တော်လေး အာဟာရချို့တဲ့နေသည်။ ကံအားလျော်စွာ သူ၏တိုးတက်မှုနှုန်းတွင် ကြီးကြီးမားမား ပြဿနာမရှိဘဲ သူသည် အာဟာရကို အချိန်မီ ဖြည့်တင်းပေးရန်သာ လိုအပ်သည်။

ရှမြန်ကို ဒေါသထွက်ရစေသည့်အရာသည် ကလေး၏ပါးစပ်တဝိုက်တွင် မထင်မရှား သွေးကွက် အနာဖေးတချို့ကို တွေ့ခဲ့ရခြင်းပင်။ သူသည် အမှန်ပင် အပ်ဖြင့် ထိုးခံခဲ့ရသည်။ ကလေးက ဟွမ်ရှောင်ကျွမ်း သူ့ကို ခြိမ်းခြောက်သောအခါ မငိုရဲသည်မှာလဲ မဆန်းတော့ချေ။

ဟွမ်ရှောင်ကျွမ်းကို ဘယ်နှစ်ခါပဲ ရိုက်ရရိုက်ရ ငါ့ဒေါသကို ဒီအတိုင်း မပယ်‌ဖျောက်နိုင်တော့ဘူး။

ရှမြန်က သူမ၏ဘောင်းဘီ အိတ်ကပ်ကို စမ်းကြည့်လိုက်ပြီး ၅ယွမ်၊ ၆ယွမ် ထုတ်လာလိုက်သည်။ သည်ခေတ်အခါတွင် သာမန်အလုပ်သမားတစ်ယောက်၏ လစာသည့် ယွမ်၁၀၀ လောက်သာရသည်။ ဒါက အထက်တန်း ကျောင်းသူတစ်ယောက်အတွက် မုန့်ဖိုးအများကြီး ရှိနေသည်က တော်တော်လေး ကောင်းသည့်အခြေအနေပင်။ သို့သော်လည်း အာဟာရဖြည့်စွက်စာ ဝယ်ဖို့ရန် လုံးဝ မလောက်ငှသေးချေ။

ရှမြန်သည် ယုန်ဖြူ နို့ချိုချဉ်တစ်ထုပ်ကိုသာ ဝယ်လိုက်ပြီး တစ်လုံးကို ဖောက်ကာ ရှောင်ဖုန်း၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်ပြီး သူ့ကို ကောက်ချီရင်း ပြောလိုက်၏။ “အိမ်ပြန်ပြီး အရသာရှိတာ စားကြမယ်နော်”

ရှောင်ဖုန်းသည် ချိုချဉ်ကို သူ့ပါးစပ်ထဲ ထည့်ပေးလိုက်ချိန်တွင် သတိလက်လွတ်ဖြစ်သွား၏။ သူသည် အခိုက်တန့် မှင်တက်အံ့ဩသွားပြီးနောက် ချိုမြမြ မွှေးရနံက သူ့ပါးစပ်ထဲတွင် ပျံ့သွားသည်ကို ခံစားလိုက်ရ၏။ သူသည် မျက်လုံးများကို နှုတ်ဆိတ်ကာ ကျဉ်းမြောင်းထားလိုက်ပြီး သူ့လက်သေးသေးလေး နှစ်ဖက်ကို ရှမြန်၏လည်ပင်းတွင် သိုင်းဖက်ထားလိုက်လေသည်။

ရှမြန်သည် စိတ်မကောင်းဖြစ်ရသလို ကျေနပ်မိပြီး ဒီလင်မယားကို ရှင်းထုတ်ဖို့ရန် ပိုလို့ပင် ဆုံးဖြတ်ချက် ပြတ်သားသွားတော့သည်။

ငါက ငါ့ခန္ဓာပိုင်ရှင်လို မဟုတ်ဘူးလေ။ ကျန်းမိသားစုက ရှောင်ဖုန်းအမေရဲ့ သွေးစုပ်ပြီး ရှောင်ဖုန်းကို ဒီလို ဆက်ဆံခဲ့တာ။ သူတို့တွေက အေးချမ်းတဲ့ဘဝတစ်ခုကို လိုချင်သေးတယ်လား။ မလုံးဝ မရစေရဘူး။

ရှမြန်သည် ရှောင်ဖုန်းကို ခေါ်ပြန်လာချိန်တွင် တိုက်ခန်း၏ ဝင်ပေါက်နားတွင် လူများစွာ စုဝေးနေကြသည်။ သူမ၏အိမ်နီးချင်း အမျိုးသမီးလျိုက ဟွမ်ရှောင်ကျွမ်း ရဲစခန်းမှ ပြန်လာပြီဖြစ်ကြောင်း သူမကို ပြောပြသည်။

ရှမြန်သည် အခိုက်တန့် မှင်တက်အံ့ဩသွားပြီးနောက် စာအုပ်ထဲက အချိန်ကာလမှာ ၁၉၉၀ဝန်းကျင်ကာလ ဖြစ်ပြီး သာမန်လူများသည် တရားဥပဒေအကြောင်း သိနားလည်မှုအားနည်းကာ အိမ်တွင်းအကြမ်းဖက်မှုနှင့် ကလေးကို နှိပ်စက်ညှဉ်းပန်းမှုလို ကိစ္စအများစုကို မိသားစု ပဋိက္ခများဟု သတ်မှတ်ကာ အများအားဖြင့် ဖျန်ဖြေပေးခြင်းဖြင့် ဖြေရှင်းကြမှန်း သဘောပေါက်လိုက်သည်။

ဒါ‌ပေမဲ့ ဒီလိုဆိုရင်တောင် အဲလောက် မြန်မြန်ကြီး ထွက်မလာသင့်ဘူးမလား။

သူမသည် ရှမြန်၏သံသယကို သိသွားသည့်နှယ် အဘွားလျိုက ပြောလိုက်၏။ “သူတို့တွေ လူတစ်ယောက်ကို ရှာခဲ့တာဖြစ်မှာပေါ့, ရှောင်ကျန်းက လူအများကြီးနဲ့ ဆက်ဆံရေးကောင်းတယ်လေ၊ သူ သိတဲ့လူတိုင်းကို လွှတ်လိုက်တာ”

အစ်မဝမ်က ပိုပြီး သေသေချာချာ သိသည်။ “ငါ သိသားပဲ၊ အဲဒါ ကောင်းယုံဖန်းလေ၊ သူ့မှာ အဆက်အသွယ်တွေ  အများကြီးရှိတယ်” သည်အခိုက်တွင် သူမက တိုးတိုးလေး ပြောလိုက်၏။ “သူက ဒုစရိုက်လောကမှာရော တရားရေးလောကမှာပါ အဆက်အသွယ်တွေ ရှိတယ်လို့ ကြားဖူးတယ်”

သူမ၏ အတိတ်ဘဝတွင် အစောပိုင်းနှစ်များအတွင်း သည်လို နေရာငယ်လေးတချို့တွင် လူများ၏ ဆက်ဆံရေးက ဥပဒေထက် ပိုအရေးကြီးကြောင်း ကြားခဲ့ဖူးသည်။ သို့သော်လည် သူသည် သည်အခြေအနေကို ရင်ဆိုင်လိုက်ရမည်ဟု မျှော်လင့်မထားခဲ့ချေ။

အဘွားလျိုက ပြောလိုက်၏။ “အဲဒီ အရပ်မြင့်မြင့် ပိန်ပိန်နဲ့ အာမခံတွေ ရောင်းတဲ့လူလား၊ သူက အရမ်းကို တက်ကြွတဲ့လူငယ်လေးတစ်ယောက်လိုပါပဲ”

“ဟုတ်တယ်၊ သူပဲ” အစ်မဝမ်က စကားလမ်းကြောင်း ပြောင်းသွားလေသည်။ “ဒါနဲ့ ပြီးခဲ့တဲ့တစ်ခေါက်က သူ ပြောတဲ့ အကြီးစားရောဂါ အာမခံက တော်တော်လေး ကောင်းတယ်လို့ထင်တယ်...”

လူများ၏ အကြောင်းအရာက အာမခံဘက်သို့ ပြောင်းသွားတော့သည်။ ရှမြန်က ရှောင်ဖုန်းကို အပေါ်ထပ်သို့ ချီလာလိုက်သည်။ သူမသည် အရမ်းကြီးတော့ စိတ်ပျက်မနေချေ။ ‌ဟွမ်ရှောင်ကျွမ်းကို ချုပ်ထားနိုင်လျှင်တော့ အကောင်းဆုံးပင်။ သို့သော် သူမကို အခုလောလောဆယ် ချုပ်ထားလို့ မရနိုင်တော့လည်း သူမကိုယ်တိုင် သူ့ကို အပြစ်ပေးသည်ကလည်း ကောင်းနေသေးသည်။

တိုက်တိုက်ဆိုင်ဆိုင် သူမကလည်း ရိုက်လို့မဝသေးချေ။

ရှမြန်က တံခါးခေါက်လိုက်သ၏။ သို့သော် ဟွမ်ရှောင်ကျွမ်းက သေချင်ဟန်ဆောင်ပြီး သူမကို လျစ်လျူရှုထားလေသည်။

ကြည့်စမ်း။ အခွင့်အရေးတော့ ရောက်လာပြီလေ။ ဟုတ်တယ်မလား။

...