အပိုင်း (၆)
ရှမြန်သည်
ကိုယ်ကိုလှည့်လိုက်ပြီး အောက်ထပ်ဆင်းသွားကာ တိုက်ခန်းဝင်ပေါက်နားက
သက်လတ်ပိုင်းနှင့် လူကြီး အမျိုးသမီးများက အတင်းပြောနေသည့် အဖွဲ့သို့ဝင်ပါလိုက်သည်။
“ဘာဖြစ်လို့လဲ၊
တံခါး မဖွင့်ပေးချင်ဘူးတဲ့လား” လူတစ်ယောက်က အထာသိပြီးသားဟန်ဖြင့် မေးလိုက်သည်။
“အင်း၊ သူက
လူတွေနဲ့ မျက်နှာချင်းဆိုင်ရမှာ အရမ်းရှက်နေတာဖြစ်မှာပေါ့” ရှမြန်က
ခေါင်းမော့လိုက်ပြီး ဒုတိယထပ် ပြတင်းပေါက်ကို လှမ်းကြည့်ကာ အကျယ်ကြီး
ပြောလိုက်လေသည်။
“နောက်ဆုံးတော့လည်း
သူက မယားငယ်တစ်ယောက်၊ ကလေးကို နှိပ်စက်ညှဉ်းပန်းတဲ့သူဆိုတာ ဆေးရုံကလူအားလုံး
သိသွားပြီလေ”
“ကလေးရဲ့အဒေါ် နင်
ဘာဆက်လုပ်မှာလဲ” ပွဲကြိုက်သူများက သိချင်ကြသည်။
ရှမြန်က
ပြောလိုက်၏။ “တရားရုံးမှာ တရားစွဲရုံပေါ့၊ ဘာပဲဖြစ်ဖြစ် ရဲစခန်းက အသိပေးစာ
ထုတ်ပေးပြီးသားပဲ၊ ရှောင်ဖုန်းရဲ့ ဒဏ်ရာမှတ်တမ်း ထွက်လာရင် ကျွန်မက တရားရုံမှာ
တရားစွဲမှာ”
“ရဲစခန်းက ဒါကို
ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလေ၊ ကျွန်မက သူ့ကို
တရားစွဲဖို့ ရှေ့နေတစ်ယောက် ရှာရုံပဲပေါ့၊ အချိန်တန်ရင် သူ့ကို အမိန့်ချလိမ့်မယ်၊
အလွန်ဆုံး ကျွန်မက မြူနီစီပယ် ရှေ့နေနဲ့ စွဲချက်တင်လို့ရတယ်၊ သူကလည်း
သတ္တိရှိတယ်ဆိုရင် တခြားတစ်ယောက်ကို ဆက်ရှာလို့ရပါတယ်”
“ရှောင်ဖုန်းရဲ့
ဆေးစစ်ချက်ကရော ဘာပြောလဲ” အောက်ထက် ဆံပင်အဖြူအမဲ ရောနေသည့် အဘွားကြီးက မေးလေသည်။
“ငါတို့ ရှောင်ပိုင်ကို မြန်မြန် ပြီးအောင် လုပ်ဖို့ ပြောထားတယ်”
အဘွားကြီး၏
မျိုးရိုးနာမည်မှာ မီဖြစ်သည်။ သူမသည် ပင်စင်မယူခင်က အထက်တန်းကျောင်းဆရာမ
တစ်ယောက်ဖြစ်သည်။ သူမ၏ယောက်ျား မျိုးရိုးနာမည်မှာ ချန်ဖြစ်သည်။ သူသည် ပင်စင်မယူခင်
ဟွားကန်းတွင် အထက်တန်း အင်ဂျင်နီယာတစ်ယောက်ဖြစ်ခဲ့သည်။ သူတို့နှစ်ယောက်လုံးက
ဝင်းထဲတွင် လေးစားရသည့် လူများဖြစ်သည်။
သူမ
ပြောသည့်ရှောင်ပိုင်မှာ အဘွားကြီး၏ မြေးဖြစ်သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်သည် သူ့ကို
မမြင်ဖူးသော်လည်း သူမကတော့ သူနှင့် အလွန်မှ ရင်းနှီးနေသည်။
ငါကြားထားတာတော့
သူက အသက် ၂၃နှစ်မှာ နိုင်ငံခြားကို ကျောင်းသွားတက်ပြီး ပြန်လာတဲ့ ဉာဏ်ကြီးရှင်
ဆေးဘက်ဆရာဝန်တစ်ယောက်တဲ့။ သူ့အိမ်ကလည်း ယန်မြို့တော်မှာတဲ့။ သူ ဒီမြို့ငယ်လေးက
ဆေးရုံမှာ အလုပ်လာလုပ်တာကလည်း သူ့အဖိုးနဲ့ အဘွား ကျန်းမာရေးကို စိတ်ပူလို့တဲ့။
သူကတော့
၁၂မိုင်အတွင်း လူတွေတကောက်ကောက် လိုက်နေကြတဲ့ အရာပဲ။ ဘာပဲဖြစ်ဖြစ်လေ
ဒီဉာဏ်ကြီးရှင်က မိသားစုဝင်းထဲကို ပြောင်းလာခဲ့ပြီဆိုတော့ ဝင်းထဲမှာ
ဖန်စီအဝတ်အစားတွေကို ဝတ်ထားတဲ့ အမျိုးသမီးငယ်လေးတွေ ပိုများလာမှာပဲ။
ရှမြန်ကတော့
အောက်ထပ်တွင် ဆရာဝန်တစ်ယောက် ရှိခြင်းက အဆင်ပြေသည်ဟု ရိုးရိုးလေး
စဉ်းစားလိုက်လေသည်။ သို့သော်လည်း... သူမသည် တစ်ခုခုကို သတိမထားမိခဲ့ကြောင်း
အမြဲတမ်း ခံစားနေရသည်။
ရှမြန်သည် အားလုံးက
ရှောင်ဖုန်းကို စိတ်ပူနေကြသည်ကို မြင်လိုက်ချိန်တွင် ကိုယ့်ဟာကိုယ် ခက်ခဲအောင်
လုပ်မနေတော့ချေ။ သူမက လက်ထဲက ဆေးများကို အားလုံးကို
ပြလိုက်ပြီး ပြောလိုက်၏။ “မျက်နှာနဲ့ လက်မောင်းကလွဲရင် ခန္ဓာကိုယ်တစ်ခုလုံးမှာ
တစ်ရှူးအပျော့ အတွင်းကြေဒဏ်ရာတွေ ဖြစ်နေတယ်၊ အပြင်းထန်ဆုံးကတော့ အလယ်အလတ်အဆင့် အာဟာရချို့တဲ့နေတာပဲ၊ ဒါကို
ဂရုစိုက်ပေးဖို့ လိုတယ်တဲ့”
ထိုအကြောင်းကို
ဘယ်နှစ်ကြိမ် ပြန်ပြောသည်ဖြစ်စေ ရှမြန်၏ဒေါသမှာ ပျောက်ကွယ်မသွားချေ။ အဓိက
အချက်မှာ...
“အဲဒီရက်စက်တဲ့မိန်းမက
ကလေးပါးစပ်ကို အပ်နဲ့ တကယ်ထိုးခဲ့တယ်လေ”
“တကယ်ကြီးလား”
“အရမ်း ရက်စက်တာပဲ”
“တကယ်
လူမှမဟုတ်တော့ပဲ”
အားလုံးက တစ်ပြိုင်တည်း ရှုတ်ချကြသည်။
အဘွားလျိုက
ဒေါသထွက်ထွက်ဖြင့် ပြောလိုက်၏။ တိရစ္ဆာန်ပဲ၊ အစတုန်းက ကလေး ငိုသံကြားသားပဲ၊ ငါ
တံခါးသွားခေါက်ပြီး ကလေးကို ဒီလို ရိုက်နှက်ခွင့်မပြုထားဘူးလို့ သူ့ကို
ပြောလိုက်သေးတယ်၊ ဒါပေမဲ့ သူ ဒီလို လုပ်မယ်လို့ ငါ ထင်မထားဘူး...”
“ဟုတ်တယ်၊ သူ့ကို
အပိုင်းပိုင်း ခုတ်ဖြတ်လိုက်သင့်တယ်”
“နောက်တစ်ခါ သူ
အပြင်ထွက်ရဲ ထွက်ကြည့်စမ်း သူ့ကို တံတွေးထဲ နစ်သွားအောင် လုပ်ပစ်မယ်”
...
အားလုံးက
ဖြောင့်မတ်သည့် မကျေနပ်ချက်အပြည့်ပင်။ ရှမြန်က ဒုတိယထပ် ပြတင်းပေါက်တွင် ဖျတ်ခနဲဖြစ်သွားသည့် ပုံရိပ်ကို
ကြည့်လိုက်ပြီး စိတ်ထဲက သရော်လိုက်၏။ ဥပဒေက နင့်ကို အပြစ်မပေးနိုင်ဘူးဆိုပေမဲ့
လူထုသဘောထားနဲ့ဆိုရင်ကော ဘယ်လိုလဲ။
ငါ့ကို ပေးမဝင်ဘူးပေါ့လေ။
ဒါဆိုရင်တော့ ငါက နင့်ကို ကောင်းကောင်းလေး ကြော်ငြာပေးရမှာပေါ့။ နေ့ခင်းဆိုတော့ လူအများကြီးလဲ မရှိဘူးလေ။
သည်ခေတ်တွင်
အင်တာနက် မရှိသော်လည်း အချင်းချင်း ဆက်ဆံရေးက ပိုပြီးရင်းနှီးကြသည်။
အိမ်ရာတစ်ခုတွင် နေထိုင်ကြသူများသည် အချင်းချင်း သိကြပြီး အဆောက်အအုံတစ်ခုအတွင်းက
အိမ်နီးချင်းများက ဆွေမျိုးများထပ်ပင် ပိုရင်းနှီးသည့် ဆက်ဆံရေးတစ်ခု ရှိသည်။
သည်ခေတ်တွင်
လမ်းဖြတ်ကူးနေသည့် ကြွက်တစ်ကောင်ကိုပင် အားလုံးက လိုက်ကြည့်ကြလိမ့်မည်ဟု ဆိုလျှင်
မလွန်ချေ။
ကျန်းမိသားစုက
လူလုပ်ချင်သေးတယ်ပေါ့လေ။ ဒါက ငါ သဘောတူ မတူအပေါ် မူတည်သွားပြီ။
“ဒီလောက်
ကလေးငယ်ငယ်လေးကိုကွယ်”ဆရာမမီက သက်ပြင်းချလိုက်ပြီး ရှမြန်၏ရင်ခွင်ထဲတွင်
လိမ်လိမ်မာမာလေး ခိုနေသည့် ကလေးကို ရင်နာနာဖြင့် ထိကိုင်လိုက်လေသည်။
ရှောင်ဖုန်းက
အမျိုးသမီးငယ်များကိုသာ ကြောက်ရွံ့ပုံရသည်။ သူသည် အဘွားကြီး၏ အပြုအမူများကို
အနည်းငယ် ရှက်ရွံ့နေပြီး ခေါင်းလေးကိုလှည့်ကာ ရှမြန်ကို ကြည့်လိုက်၏။
ရှမြန်က
သူ့ခေါင်းလေးကို ကိုင်လိုက်ပြီး လေသံပျော့ပျော့ဖြင့် ပြောလိုက်သည်။ “ဒါက
အဘွားမီတဲ့၊ နှုတ်ဆက်လိုက်ပါအုံး”
ရှောင်ဖုန်းက
လိမ်လိမ်မာမာလေး ပြောသည်။
“အဘွားမီ”
သူ့အသံလေးက မကျယ်ဘဲ
ကြောက်ရွံ့နေသေးသော်လည်း အားလုံးက သူ ရင်ဆိုင်ခဲ့ရသည့်အရာများကို သိနေသဖြင့်
သူ့အတွက် စိတ်မကောင်းဖြစ်ရုံသာ တတ်နိုင်လေသည်။
“အိုး၊
လိမ္မာလိုက်တာ”
“ဟုတ်ပါ့၊ သူ
ပြောတာတော့ ကလေးက ဆိုးပြီး ဆူညံနေတာပဲတဲ့လေ” လူတစ်ယောက်က လှောင်သည်။
“အရင်က ငါ
သူ့ကြောင့် တကယ် အရူးလုပ်ခံထားရတာပဲ၊ အခု စဉ်းစားကြည့်လိုက်တော့ ဒီကလေးက ဘယ်တုန်းက
ဆိုးသွမ်းနေလို့လဲ”
“ဟုတ်တယ်၊
မိထွေးရှိတဲ့ ကလေးတွေက ကြမ်းတမ်းတဲ့ဘဝတစ်ခု ရှိလာတာပဲ၊ ဟွမ်ရှောင်ကျွမ်းက အဲလောက်
ရက်စက်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ”
“ကျန်းချီမင်ကလည်း
ဂရုမစိုက်ဘူး၊ ထင်ထားတဲ့အတိုင်းပဲ၊ မိထွေးတစ်ယောက် ရှိလာရင် ပထွေးတစ်ယောက်လည်း
ရှိလာတော့တာပဲ”
“တော်သေးတာပေါ့
သူ့အဒေါ် ရောက်လာလို့ပဲ၊ မဟုတ်ရင် ဒီကလေးကတော့ အရမ်း ဒုက္ခများနေတော့မှာပဲ”
သည်အချိန်တွင် တစ်စုံတယောက်က စိုးရိမ်တကြီး မေးလိုက်၏။
“အဒေါ်ဖြစ်သူ နင် ပြန်သွားအုံးမှာလား၊ နင် ပြန်သွားရင် ကလေး ဘယ်လိုလုပ်မှာလဲ”
ရှောင်ဖုန်းသည်
သည်စကားကိုတော့ နားလည်ရာ ရှမြန်ကို ချက်ချင်း ကြည့်လိုက်လေသည်။ သူလေးသည်
သူ့လက်သေးသေးလေး နှစ်ဖက်ကို တင်းနေအောင် ယှက်ထားလိုက်ပြီး မျက်လုံးထဲတွင်
စိုးရိမ်နေသော်လည်း စကားတစ်လုံးမှ ပြောချေ။
ဒါကို
မြင်လိုက်သည်တွင် အားလုံးက စိတ်မကောင်းဖြစ်သွားတော့သည်။ ကလေးသဘာဝမှာ
လိုချင်အားကြီးပြီး စိတ်ခံစားချက်များကို ထုတ်ပြတတ်ကြသည်။ သို့သော်လည်း ငါးနှစ်ပင်
မပြည့်သေးသည့် သည်ကလေးကတော့ အလွန်မှ သတိထားနေ၏။
ရှမြန်က
စိတ်အားတက်ကြွစွာဖြင့် သူ့ကျောပြင်လေးကို ပုတ်ပေးလိုက်၏။ “စိတ်မပူနဲ့နော်၊
အန်တီလေးက ရှောင်ဖုန်းကို မထားခဲ့ဘူး၊ အန်တီလေးက အမြဲ ရှောင်ဖုန်းနဲ့ နေသွားမှာ၊
ဟုတ်ပြီလား”
ကလေးသည်
စိတ်အေးသွားသလို အသက်တစ်ချက် ရှူထုတ်လိုက်ပြီး ထင်ထင်ရှားရှား ပြုံးပြလိုက်ကာ
ဖြူဖွေးနေသည့် သွားတန်းလေးကို လှစ်ပြလိုက်လေသည်။
ရှမြန်မှာ မှင်တက်အံ့ဩသွားတော့သည်။
ကလေး ပြုံးလိုက်သည်ကို သူမ ပထမဆုံး မြင်လိုက်ရခြင်းပင်။ သူလေးကို ရွှံ့တောထဲတွင်
မွေးလာခဲ့သဖြင့် ပိုလို့ပင် အဖိုးတန်သွားသယောင်။
ရှမြန်က
သူ့မျက်နှာသေးသေးလေးကို နမ်းရှုပ်လိုက်၏။ ဒါကို မြင်တော့ တခြားသူများက မြန်မြန်
စကားလမ်းကြောင်း လွဲလိုက်ကြသည်။ “ရှမြန် နင်က ဘယ်ကလဲ၊ ဘာလို့ ဒီကို ရောက်လာတာလဲ”
“ကျွန်မ မိသားစုက
မင်ရှီစီရင်စုကပါ” ရှမြန်က ဝမ်းနည်းသွားသည့် မျက်နှာထားတစ်ခု လုပ်ထားလိုက်ပြီး
“ကျွန်မအဖေက
အစောကြီးကတည်းက ဆုံးသွားပါပြီ၊ လွန်ခဲ့တဲ့လေးနှစ်က ကျွန်မအစ်မကို သူတို့
သတ်လိုက်ကြတယ်၊ ကျွန်မအမေကလည်း အပြင်းအထန် နာမကျန်းဖြစ်ပြီး ဒီနှစ်အစပိုင်းမှာပဲ
ဆုံးပါးသွားခဲ့တယ်”
“ကျွန်မက အိမ်မှာ
တစ်ယောက်ထဲ ကျန်တာ၊ နောက်ပြီး ကျွန်မရဲ့ဆွေမျိုးတွေက ကျွန်မကို
ဘယ်သူ ခေါ်စောင့်ရှောက်မဲ့အကြောင်း တိုင်ပင်နေကြတာ၊ ကျွန်မက ကျွန်မရဲ့အဘွားနဲ့
သွားနေမလို့ပဲ၊ ဒါပေမဲ့ နောက်တော့ ကျွန်မရဲ့ ခဲအိုဟောင်းက ပြောတယ်လေ၊ ကျွန်မ
မြို့ကိုလာပြီး ကျောင်းတက်လို့ရတယ်တဲ့၊ ဒီနေရာက အခြေအနေကလည်း ကောင်းတော့
ကျွန်မလည်း ကျောင်းကောင်းတစ်ခုကို သွားတာပေါ့”
“ကျွန်မရဲ့အဘွားက
ကျောင်းတက်တာက တကယ်အရေးကြီးတယ်လို့ တွေးခဲ့တာလေ၊ ကျွန်မ ပိုကြီးလာရင်း
ကျောင်းဝင်းထဲမှာ နေလို့ရတာပေါ့၊ ကျွန်မမိဘတွေ ကျွန်မအတွက်
ချန်ထားပေးခဲ့တဲ့ငွေတွေက ကျွန်မ ကောလိပ် ပြီးတဲ့အထိ လုံလောက်ပါတယ်၊
ကျွန်မမိသားစုမှာလည်း အိမ်တစ်လုံး ရှိတယ်၊ ဒီတော့ ကျွန်မက ဘယ်သူ့ဆီမှာမှ အကြွေးတင်တားမျိုး
မဟုတ်တော့ဘူးပေါ့၊ သူတို့တွေက
ကျွန်မကို စောင့်ရှောက်ပေးဖို့ပဲ လိုတာပါ၊ တခြားဘာမှ စိတ်ပူပေးစရာမလိုပါဘူး”
သည်အကြောင်းကို
ကြားလိုက်ရပြီးနောက်တွင် လူတော်တော်များများက အချင်းချင်း ကြည့်လိုက်ကြပြီး
သူတို့ထဲက တစ်ယောက်က မေးလိုက်၏။ “နင့်ခဲအို ကျန်းချီမင်က နင့်မိသားစုနဲ့ အမြဲတမ်း
အရမ်းရင်းနှီးတာလား”
“အဆင်ပြေပါတယ်၊
ကျွန်မ အစ်မ ပထမဆုံး ဆုံးသွားတုန်းကတော့ သူက ကျွန်မတို့ အိမ်ကိုလာပြီး
အသည်းအသန်ငိုပြီး သတိမေ့သွားတော့မတတ်ပဲ၊ နောက်ပိုင်းကျတော့ သူက
ပွဲတော်ကာလမှာဆိုရင် လက်ဆောင်တွေ ပို့ပေးတတ်တယ်၊ ဒါပေမဲ့ နောက်ဆုံး ကျွန်မတို့က
အဝေးမှာနေကြတာလေ၊ ဒီတော့
ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ ကျွန်မတို့အချင်းချင်း အများကြီး မတွေ့ဖြစ်ပါဘူး”
ရှမြန်က
သူမ၏မှတ်ဉာဏ်များကို လှန်လှောရင်း ပြောနေရင်းက မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်ရသည်။
လူတွေက
ကျန်းချီမင်ကို သဘောကျကြတာလည်း မဆန်းတော့ဘူး။ ဒီငနဲ လုပ်ထားတာတွေက တကယ့်ကို
အပြစ်ပြောစရာမှမရှိပဲ။
ဒါပေမဲ့ မြေခွေးက
သူ့အမြီးကို အမြဲတမ်း ထုတ်ပြလာမှာပဲလေ။
“ဒါနဲ့ နင်က
သူ့နောက် လိုက်ခဲ့တာလား” လူတစ်ယောက်က မေးလိုက်သည်။
“အဓိက
အကြောင်းအရင်းကတော့ ကျွန်မ မြို့မှာ ကျောင်းတက်ချင်လို့ပါ” ရှမြန်က ပြောလိုက်၏။
“တကယ်တော့ ကျွန်မက
သူတို့ကို အများကြီး ဒုက္ခပေးဖို့ အစီအစဉ်မရှိပါဘူး၊ ကျွန်မက ကျောင်းဖွင့်တာနဲ့
ကျောင်းဝင်းထဲမှာပဲ နေမှာ၊ ကျွန်မရဲ့ ခဲအိုဟောင်းက ပြောတယ်လေ၊ ကျောင်းရှာဖို့
နည်းနည်းလေး ခက်ခဲလိမ့်မယ်”
အမှန်တွင်တော့
မူလခန္ဓာကိုယ်က မြို့ကြီးကို သွားချင်ခဲ့သည်။ အသက် ၁၅-၁၆နှစ်အရွယ်
မိန်းကလေးတစ်ယောက် ဖြစ်သဖြင့် သူမကသည် ဆန့်ကျင်တတ်သည့် အသက်အရွယ် အပိုင်းအခြားတွင် ရောက်နေသည်။ သူမသည်
ဦးလေးရှမိသားစုက အကြီးဆုံးအစ်မက မြို့ကြီးသည့် မည်မျှကောင်းကြောင်း၊
မင်ရှီလိုစီရင်စုမြို့လေးက မည်မျှ ခေတ်နောက်ကျပြီး ဆင်းရဲကြောင်း ကြွားဝါနေသည်ကို
နေ့တိုင်း နားထောင်နေရသည်။ သူမက ထွက်ပြေးချင်သည်မှာလည်း သဘာဝပင်။
ထို့အပြင်
သူမ၏ဇာတိမြို့က ဦးလေးရှကလည်း သူမ၏ပိုင်ဆိုင်မှုပေါ် အမှန်ပင် မျက်စိကျနေသည်။
ထို့ကြောင့် ကျန်းချီမင်က ဘာမှမဟုတ်ဘဲ ပြောလာချိန်တွင် မူလခန္ဓာကိုယ်ကလည်း
လက်ခံဖို့ မစောင့်နိုင်တော့ချေ။
အပြေးရောက်လာတော့သည်။
သို့သော်လည်း ဒါသည်
မြေခွေးဂူထဲမှ ကျားဂူထဲသို့ ထွက်ပြေးသွားသည်နှင့် မခြားပေ။ သို့မဟုတ်လျှင်
ကျန်းချီမင် ‘သာမန်ကာလျှံကာ မှတ်ချက်’က အဘယ်ကြောင့် ထိုမျှလောက်
မှန်ကန်နေပါမည်နည်း။
ဒါကို
စဉ်းစားလိုက်ပြီး ရှမြန်က ရုတ်တရက် မေးလိုက်၏။ “ဆရာမမီ ဟွားကန်ကျောင်းကို
ပြောင်းဖို့ဆိုရင် ယွမ်ဘယ်နှထောင်လောက် လိုလဲ”
ဆရာမမီမှာ
ကြောင်အမ်းအမ်းဖြစ်သွား၏။ “ကျောင်းပြောင်းတာက နင့်အဆင့်အပေါ် မူတည်တယ်၊
နင့်အဆင့်တွေ ကောင်းနေရင်တော့
ကျောင်းလခက ယွမ်တစ်ရာလောက်ပဲ
ပေးဖို့လိုမယ်၊ ယွမ်ထောင်ချီ ကုန်မယ်လို့ နင့်ကို ဘယ်သူပြောလဲ”
“ယွမ်ထောင်ချီ
ဟုတ်လား” အဘွားလျိုက တအံ့တဩမေးလေသည်။ “အဲဒီကျောင်းက ဆရာ၊ ဆရာမတွေက ရွှေနဲ့လုပ်ထားလို့လား။
ဈေးကြီးလိုက်တာ”
ရှမြန်က
ပြောလိုက်သည်။ “ဒါပေမဲ့ ဟွမ်ရှောင်ကျွမ်းပြောတာတော့ ယွမ်ထောင်ချီ ကုန်မယ်တဲ့၊
ဘယ်လောက် ဖြစ်မလဲဆိုတာ သူလည်း သေချာမသိလို့ သူက ကျွန်မဆီကနေ ငွေစုစာအုပ်နဲ့ လျှို့ဝှက်နံပါတ်ကို
တောင်းသွားပြီး သူ စုံစမ်းပေးမယ်လို့ ပြောတယ်...”
“အဓိပ္ပာယ်မရှိတာ”
အဘွားလျိုက ပြောလိုက်ပြီး တုန်လှုပ်သွားဖြင့် သူမ၏ကြိမ်တောင်ဝှေးကို
ဆောင့်ချလိုက်သည်။ “အလိုက်တဲ့ကလေးမရယ် ဘယ်လိုဖြစ်ပြီး နင့်မိဘပေးထားတဲ့
ငွေစုစာအုပ်ကို တခြားတစ်ယောက်ကို ဒီအတိုင်း ပေးလိုက်ရတာလဲ”
ဆရာမမီက ပြောသည်။ “အေးလေ၊
နင် နင့်ရဲ့ငွေစုစာအုပ်ကို တခြားဘယ်သူ့ကိုမှ ဒီအတိုင်း ပေးလိုက်လို့ မရဘူး”
“ငွေစုစာအုပ်ကို
ကျွန်မရဲ့ခဲအိုဟောင်းရှေ့မှာ ကျွန်မကို ပေးခဲ့တာ၊ ကျွန်မ သူ့ကို မယုံရဘူးလား၊
နောက်ပြီး ဟွမ်ရှောင်ကျွမ်းကို ရှောင်ဖုန်းကို နှိပ်စက်နေလိမ့်မယ်လို့ ကျွန်မ
အရင်က မသိခဲ့ဘူးလေ”
ရှမြ်က
သက်ပြင်းချပြီး ရှင်းပြလေသည်။ “ကျွန်မအမေက သူ မဆုံးခင်က သူတို့နှစ်ယောက်
ကျွန်မအစ်မအပေါ် ယုတ်မာနေတဲ့အကြောင်း ကျွန်မကို ပြောပြခဲ့ပါသေးတယ်”
“ကျွန်မအမေက
ရှောင်ဖုန်း သူတို့နဲ့ အတူတူနေနေတာကို စဉ်းစားမိတော့ ဘယ်တော့မှ
ဖြေရှင်းချက်တစ်ခုကိုတောင် လာမတောင်းခဲ့ဘူး၊ အခြေအနေတွေက ဆိုးဆိုးရွားရွား
ဖြစ်သွားရင် ကလေးအတွက် မကောင်းဘူးလေ၊ သူတို့တွေက အပြစ်ရှိတယ်လို့ ခံစားမိရင်
ကလေးကို ကောင်းကောင်း ဆက်ဆံကြလိမ့်မယ်လို့ ထင်ထားခဲ့တာ၊ ဒါပေမဲ့ သူ
မထင်ထားခဲ့တာက....”
“ကြင်နာတတ်တဲ့လူတွေကပဲ
အပြစ်ရှိစိတ်ကနေ ပြင်ဆင်ကြတာပါ” ဆရာမမီက ပြောလိုက်သည်။
“အသိတရားမရှိတဲ့လူတွေကတော့
ဘာအပြစ်ရှိစိတ်မှ မရှိဘူး၊ ဖိနှိပ်တာနဲ့ ခေါင်းပုံဖြတ်တာပဲ ရှိတာ”
အဘွားလျိုက
တုတ်ထိုးအိုးပေါက် ပြောတော့သည်။ “သူတို့တွေက အပြစ်ရှိစိတ်ကြောင့်ပဲ ကလေးကို
သည်းခံပေးဖို့ ပိုပြီး တွန့်ဆုတ်နေတာပေါ့၊ ကလေးသာ ပျက်စီးသွားရင် ဒါက
ပြဿနာရဲ့အရင်းမြစ်ကို ဖြတ်ချလိုက်တာပဲ မဟုတ်လား”
“နင့်စာအုပ်ထဲကနေ
သူ ဘယ်လောက် သုံးထားပြီးပြီလဲဆိုတာ သိလား” အဘွားလျိုပဲ စိတ်မပူဘဲ မနေနိုင်တော့ချေ။
ရှမြန်က
ပြောလိုက်၏။ “ကျွန်မ မသိဘူး၊ စာအုပ်က သူ့လက်ထဲမှာလေ၊ နောက်ပြီး ကျွန်မ သူ့ကို လျှို့ဝှက်နံပါတ်
ပြောပြထားမိတယ်” သည်အချိန်တွင် သူမ မေးလိုက်၏။ “ကျွန်မမှာ ငွေ ဘယ်လောက်
ရှိတယ်ဆိုတာတော့ သိတယ်၊ တကယ်လို့ လျော့သွားတယ်ဆိုရင် သူ ခိုးသွားတာလို့
မှတ်လို့ရတယ်၊ ဟုတ်တယ်မလား၊ ခိုးမှုလား”
ဒုတိယထပ်မှ
ပြင်တင်းပေါက်က ချက်ခနဲ အသံတစ်ခု ထွက်လာပြီး အားလုံးက တစ်ပြိုင်နက်
မော့ကြည့်လိုက်ကြသည်။ ဒုတိယထပ်က ကျန်းအိမ်၏ ပြတင်းပေါက်က ဟလာလေသည်။
“ငါတို့လည်း အခု
ပြန်သင့်ပါပြီ” အစ်မက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ဟင့်အင်း၊ ခဏလောက်
စကားပြောရအောင်ပါ”
ငါက ဘာလို့
ပြန်ရမှာလဲ။ ဟွမ်ရှောင်ကျွမ်းက ငါ့ကို အပြင်မှာ ပိတ်ထားချင်တာလေ။ ဒီတော့ ငါကလည်း
သူ့ကို အထဲမှာ ပိတ်ထားရမှာပေါ့။ သူက ငါ့ကို ပြန်လာစေချင်တိုင်း ငါက
ပြန်ရမှာတဲ့လား။ သူ့ဟာသူ ဘာများ မှတ်နေတာလဲ။
နောက်ပြီးတော့
အခုချိန် ဒီမှာ စုဝေးနေတဲ့လူတွေအများစုကလည်း ဝင်းထဲက လော်စပီကာတွေ၊
အတင်းပြောဘုရင်တွေနဲ့ လေအိုးတွေပဲ။ ဒီလောက် ရှားပါးတဲ့အခွင့်အရေး။ လူအုပ်ထဲ
အတင်းပြောရတဲ့ ခံစားချက်ပြင်းပြင်းက တော်တော်လေး လန်းဆန်းတာ
ပြောနေစရာတောင်မလိုဘူး။
ရှမြန်က
ဆက်မေးလိုက်သည်။ “ငွေဘယ်လောက် ခိုးထားရင် အချုပ်ထဲ ပို့လို့ရပြီလဲ”
ဆရာမမီက
ပြောလိုက်သည်။ “ယွမ်၂၀၀ ကျော်ထင်တယ်”
ရှမြန်က
ထပ်ပြောသည်။ “လူဆင်းရဲနဲ့ ကျတ်တီးမြေက စည်းကမ်းမဲ့တဲ့လူတွေကို မွေးထုတ်ပေးလို့
ပြောကြတယ်မလား၊ ကျွန်မ သင်ခန်းစာ ရသွားပါပြီ၊ ဟွမ်ရှောင်ကျွမ်းရဲ့မိသားစုက
အရမ်းဆင်းရဲတာလေ၊ သူတို့တွေက ဆင်းရဲလွန်းလို့ ထားရမဲ့အခြေခံ စည်းမျဉ်းတောင်
မရှိတော့ဘူး”
“သူတို့မိသားစု
အခြေအနေက တကယ်ပဲ အဲလောက်တောင် ဆိုးတာလား” လူများက ရုတ်တရက် သိချင်စိတ်
ဖြစ်လာတော့သည်။
“ဒါပေါ့” ရှမြန်က
ပြောသည်။ “ရွာလောက်တောင် မကောင်းဘူး”
ရှမြန်က
ဟွမ်ရှောင်ကျွမ်း၏ မိသားစုအခြေအနေကို အားလုံးအား အကျဉ်းချုံးကာ ပြောပြလိုက်၏။
အလွန်မှ မုန်းစရာကောင်းလွန်းသဖြင့် သူမသည် ကျန်းမိသားစုထဲက မိသားစုဝင်တိုင်း၏
မိသားစုအခြေအနေကို အလွန်မှ ရှင်းရှင်းလင်းလင်း မှတ်မိနေ၏။
“သူ့အဖေက
ကျေးလက်ကို သွားခဲ့တဲ့ ပညာတတ်လူငယ်တစ်ယောက်ပဲ၊ မြို့ကို ပြန်လာပြီးတော့ သူ့မှာ
အလုပ်မရှိဘူးလေ၊ ကိုယ်ပိုင်အလုပ်လုပ်တဲ့သူ ဖြစ်ရတာ
ရှက်ဖို့ကောင်းတယ်လို့ ထင်တာလေ။ သူက နေထိုင်ရေးအတွက် အိမ်က လူကြီးတွေကို
အားကိုးနေရတာ”
“သူ့အမေက
သူ့အဖေနဲ့လက်ထပ်ခဲ့တဲ့ မြို့သူ၊ သူက ပါးနပ်ပြီး မာထန်တယ်၊ သူက သူ့အဖေကို
အရမ်းသတိထားတာ၊ သူက ချန်းမြို့ကို သူ့အဖေနဲ့ လိုက်ပြန်လာခဲ့တာလေ၊ သူ့မှာ မောင်နှမ
၅ယောက်ရှိတယ်၊ သူ့မိသားစုက အရမ်း ဖိုဝါဒီသမားတွေ...”
“မိသားစုဝင်
၇ယောက်က စတုရန်းမီတာ ၄၀ ကျော်ပဲရှိတဲ့ အိမ်ဟောင်းတစ်လုံးမှာနေကြတာ... နောက်ပြီး
သူတို့မှာ ပုံမှန်ဝင်ငွေမရှိဘူး၊ ဒါကြောင့် မိသားစုတစ်ခုလုံးက လိမ်လည်တဲ့နေရာမှာ အရမ်းတော်တယ်လေ...”
လတ်လတ်ဆတ်ဆတ်
အတင်းအဖျင်းက အလွန်မှ စိတ်ဝင်စားဖွယ်ကောင်းလေရာ အားလုံးက ဒုတိယထပ်က ပြတင်းပေါက်က
ဆက်တိုက် ပွင့်လိုက် ပိတ်လိုက်ဖြစ်နေသည်ကို လျစ်လျူရှုထားကြပြီး စိတ်ဝင်တစား နားထောင်နေကြလေသည်။
ရှမြန်က စကားကို
အဆုံးသတ်လိုက်၏။ “သူသာ အခြေအနေကောင်းတယ်ဆိုရင် ကျန်းချီမင်နောက်ကို
မယားငယ်တစ်ယောက်အနေနဲ့ လိုက်နိုင်ပါ့မလား၊ ဒါပေမဲ့ သူက မြို့မှာ
အိမ်ထောင်စုစာရင်းရှိပြီး ဟန်ဆောင်ကောင်းတယ်လေ၊ ကျွန်မ လူကြီးတွေဆီက ကြားထားတာတော့
ကျန်းချီမင်က အဲဒီတုန်းက သူ့ကို ပိုပြီးကောင်းတဲ့ နေရာတစ်ခုနဲ့ လက်ထပ်ချင်ခဲ့တာ
ထင်တယ်”
ထိုသို့ပြောလိုက်ပြီးနောက်
ရှမြန်၏ လူသိရှင်ကြားအခြေအနေကို ဟွမ်မိသားစု၏
အခြေအနေနှင့် ပေါင်းစပ်မိလိုက်သည်တွင် အားလုံးက
ချက်ချင်းဆိုသလို အကျိုးအကြောင်းကို ခန့်မှန်းမိသွားတော့သည်။
ကျန်းချီမင်ကလည်းက
လေးစားခံရသည်ကို ကြိုက်သည့်လူတစ်ယောက်ပင်။ သူသည် အလုပ်သမားတစ်ယောက် ဖြစ်သော်လည်း သူ့အကြောင်း မသိသူများကတာ့
သူ့ကို ကေဒါတစ်ယောက်ဟု ထင်ကြလိမ့်မည်။ ဟွမ်ရှောင်ကျွမ်းကလည်း သူမ၏မိသားစုက
ချမ်းသာပြီး သူမတွင် မြို့အိမ်ထောင်စုစာရင်း ရှိသည်ဟု စကားရိပ်သန်း ပြောထားသည်။
သူတို့နှစ်ယောက်တွင် ကိုယ်ပိုင်နောက်ကွယ်က ရည်ရွယ်ချက်များ ရှိကြသဖြင့် သူတို့သည်
ပေါင်းမိသွားကြခြင်းပင်...။
အခန်းထဲတွင်
ဟွမ်ရှောင်ကျွမ်း၏မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းနေ၏။ သူမသည်
အခုတော့ အလွန်မှ နောင်တရနေတော့သည်။
သူမသည် ရဲစခန်းမှ
လျှောလျှောရှူရှူ ထွက်လာခဲ့ရသည်။ ထိုကလေးမက ဦးနှောက်နည်းနည်းလေး ရှိသေးလျှင်
သူမသည် သူမခဲအို၏ အင်အားကို သိသင့်သည်။ သူမသည် မြို့တွင်
ဆက်နေချင်လျှင် စကားနားထောင်သင့်သည်။ တဖက်လူ အလွန်မှ ရဲတင်းလိမ့်မည်ဟု သူမ
မျှော်လင့်မထားခဲ့ချေ။
သူမက ဆက်ပြီး
အာခံနေသည့်အပြင် ကိုယ့်နေရာကို နေရာမသိဘဲ ဝင်းထဲက လူများနှင့်ပေါင်းကာ စကားပင် ပြောရဲလေသည်။
သူမက လုံးဝကို အကြောက်တရားမရှိချေ။ အဓိကအချက်မှာ သူမက ထိုမျှလောက်အများကြီး မည်သို့ သိနေပါသနည်း။
ဟွမ်ရှောင်ကျွမ်းသည်
ရှမြန်က သူမ ကြိုးစားဖုံးကွယ်ထားသည့် အရာအားလုံးကို ဖော်ထုတ်နေကို နားထောင်နေရသည်။
သူမသည် အံကြိတ်ထားရပြီး အရှက်မဲ့စွာ အကူအညီတောင်းတော့မည် ပြင်လိုက်၏။
ရုတ်တရက်
လူတစ်ယောက်က ရွှတ်နောက်နောက်အသံဖြင့် အပြင်ကို လှမ်းအော်လိုက်သည်ကို
ကြားလိုက်လေသည်။
“ဝေ့.. ချီမင်
ပြန်လာပြီ”
...