အပိုင်း (၇)
ရှမြန်က သရော်ကာ
အော်ပြောလိုက်၏။ “ခဲအိုဟောင်း ဝအောင် ပျော်ခဲ့ရဲ့လား”
“သူ့နာမည်က ဘာလဲ”
ကျန်းချီမင်က
ကူကယ်ရာမဲ့သွားသလို ပြောလိုက်လေသည်။ သူသည် အရပ်မြင့်မြင့် မျက်ခုံးထူထူပြီး ခန့်ညားသည့် ရုပ်သွင်တစ်ခု ပိုင်ဆိုင်ထားသည်။
သို့မဟုတ်လျှင် သူသည် ပညာမတတ်သည့် ယာယီအလုပ်သမား တစ်ယောက်ဖြစ်လျက်
ကောလိပ်ကျောင်းသူ ရှချွန်းမီကို သူ့အား အလွန်စွဲလန်းအောင် လုပ်ပြီး သူမက သူ့ကို ကိုယ့်ဟာကိုယ်
ပုံအောပြီး လက်ထပ်ချင်လာအောင် လုပ်နိုင်မည်မဟုတ်ချေ။
သူ့ပခုံးပေါ်တွင်
ထိုင်နေသည့် ဝတုတ်တုတ်ကလေးက အသက် ၄-၅နှစ်အရွယ်နှင့်တူကာ သူ၏ပြည့်ဖောင်းဖောင်း
ခြေထောက်များက လွဲယမ်းနေသည်။ မသိလျှင် သူသည် အစ်ကိုဖြစ်ပြီး ရှောင်ဖုန်းက
ညီလေးတစ်ယောက်ဟု ထင်ကြလိမ့်မည်။
“ဆရာမမီ၊
ဒေါ်ဒေါ်လျို စားပြီးကြပြီလား”
ကျန်းချီမင်က
အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်ပြီး သည်နေ့အိမ်တွင် ဖြစ်သွားခဲ့သည့် အကြောင်းကို
သိဟန်မတူချေ။ သူက တအံ့တဩဖြင့် ရှမြန်ကို ကြည့်လိုက်ပြီး ပြောလိုက်၏။ “ရှမြန်က
တခြားသူတွေနဲ့ စကားပြောတတ်သေးတာလား”
ရှောင်ဖုန်းကို
မြင်လိုက်သည်တွင် သူက အံ့ဩသွားလေသည်။ “ငါတို့ ရှောင်ဖုန်းက ဒီနေ့ ရှက်မနေဘူးပဲ၊
သူက အန်တီလေးနောက် လိုက်ပြီး ကစားနေတယ်၊ မြန်မြန်
နောက်ဆိုရင် နင် သူ့ကို ပိုပြီး အပြင် ခေါ်သွားသင့်တယ်၊ သူက နှစ်ဝက်လုံးလုံး
အိမ်ထဲမှာပဲ နေပြီး အမြဲတမ်း ထောင့်လေးမှာပဲ ပုန်းနေတတ်ပြီး ဘယ်သူ့ကို မတွေ့ရဲဘူး”
သူသည် အားလုံးကို
ရင်းရင်းနှီးနှီး ရိုးသားဟန်ဖြင့် နှုတ်ဆက်လိုက်ကာ အလွန်မှ ကျေနပ်သည့်ဟန်ဖြင့်
ရှောင်ဖုန်းကို ကြည့်လိုက်လေသည်။ သူက ရှောင်ဖုန်းသည် အိမ်တွင် အလွန်မှ
ရှက်ရွံ့တတ်ပြီး သူ့ကိုပင် မတွေးနိုင်သလို စကားရိပ်သမ်းပြီး ပြောလိုက်သေးသည်။
ဒါက သူက
ရှောင်ဖုန်း နှိပ်စက်ခံရတာကို လုံးဝ မသိဘူးလို့ ပြဖို့လား။ ရှမြန်မှာ
သူ၏အရှက်မဲ့ပုံကို တအံ့တဩ ဖြစ်မိတော့သည်။
သို့သော်လည်း
သူ့ပခုံးပေါ်တွင်တော့ လုံးဝ အပြစ်ကင်းနေသည့် ကောင်ငယ်လေးတစ်ယောက် ရှိနေသည်။ သူ့လည်ကုပ်ကို ခွစီးထားသည့် ဝတုတ်ကလေးက
ရှောင်ဖုန်းကို အချိန်အကြာကြီး စိုက်ကြည့်နေပြီး အမိန့်ပေးနေသည့်လေသံတစ်ခုဖြင့်
ရုတ်တရက် ပြောလိုက်၏။
“ခွေးကောင်”
ကျန်းချီမင်၏မျက်နှာက
ပြောင်းလဲသွားပြီး ဝတုတ်ကောင်ငယ်လေးကို ပြန်ချီလိုက်ကာ သူ့ကို ကြိမ်းမောင်းလိုက်၏။
“ရွှမ်းရွှမ်း သားကို ဘယ်သူ သင်ပေးထားတာလဲ၊ အဲဒါ သားရဲ့အစ်ကိုလေ”
သို့သော်လည်း
ရွှမ်းရွှမ်းကတော့ အလိုလိုက်ခံထားရပြီး ပျက်စီးနေသည်မှာ အတိုင်းသားပင်။ အိမ်တွင်
ရှောင်ဖုန်းသည် သူ၏ကျွန်ပင်။ သူသည် ရှောင်ဖုန်းကို စိတ်ရှိသလို ဆူပူ ရိုက်နှက်နိုင်သည်။
သို့သော် သူ့ကြောင့် အဆူခံရလျှင်တော့ သူက လက်ခံဖို့ရန် ချက်ချင်း ငြင်းပယ်တတ်ပြီး
အော်ဟစ်တတ်သည်။
“ခွေးကောင်၊
ခွေးကောင်၊ သူက ခွေးကောင်ပဲ”
ကျန်းချီမင်မှာ
ဒေါသထွက်သွား၏။ သူက လက်ဆန့်ကာ ရွှမ်းရွှမ်း၏ဖင်ကို နှစ်ချက်လောက် ရိုက်လိုက်ပြီး
ရွှမ်းရွှမ်းက မျက်ရည်များထွက်အောင် အော်ဟစ်ငိုယိုတော့သည်။
ရှမြန်က လှောင်သလို
ပြောလိုက်၏။ “ကလေးက ဘာသိမှာလဲ၊ လူကြီးတွေက သူ့ကို သင်ထားပေးလို့ မဟုတ်ဘူးလား”
ကျန်းချီမင်က
မျက်မှောင်ကြုတ်လိုက်ပြီး “ငါက ပုံမှန်ဆိုရင် အလုပ်များနေတာ၊ ဒီကလေးကို
ရှောင်ကျွမ်းက တကယ် အလိုလိုက်ထားတာပဲ၊ နောက်မှ သူ့ကို သေချာပေါက် ဆုံးမလိုက်မယ်”
ရှမြန်ဘက်လှည့်လိုက်ပြီး
သူက ကူကယ်ရာမဲ့သလို ပြောလိုက်လေသည်။ “ဒီနေ့ ရဲစခန်းကနေ ဖုန်းဝင်လာတော့ ငါ
လန့်သွားတာပဲ၊ မြန်မြန် နင်ရောပဲ၊ သူ နင့်အစ်မ ကလေးကို ရိုက်နေတာ နင်
မကြိုက်ဘူးဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ နင် ရဲစခန်းကို သွားစရာလိုလို့လား၊ ငါတို့က
သူတို့ရဲ့ ရဲဌာနအရင်းအမြစ်ကို ဖြုန်းတီးပြီး တခြားလူတွေကို ဒုက္ခပေးနေတယ်လို့
ရဲစခန်းက ရဲအရာရှိတွေက ပြောလိမ့်မယ်”
သူက
ဟွမ်ရှောင်ကျွမ်းကို ကယ်ဖို့ လူတစ်ယောက်ကို ငှားခဲ့တာမဟုတ်ဘဲ ရဲစခန်းက သူ့ကို
အလုပ် မရှာချင်လို့ လွှတ်ပေးလိုက်တာပေါ့လေ။
ကျန်းချီမင်ကို
အမှန်ပင် ကိုင်တွယ်ရ မလွယ်ကူပေ။ သူသည် သူ၏အရှက်မဲ့ခြင်းနှင့်
မယှဉ်ပြိုင်နိုင်မှန်း ရှမြန် သိနေသည်။ ထို့ကြောင့် သူမက အခုလောလောဆယ်တွင်
ပြောနေသည့်စကားကို ရပ်ထားလိုက်၏။ မဟုတ်လျှင် သူ့နာမည်ကို ရှင်းလင်းမည့်
အခွင့်အရေးတစ်ခု ပေးလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။
သူသည် အခက်အခဲကို
ကျော်လွှားသည့် အချက်တစ်ခုအဖြစ် ကလေးကို အသုံးချလိုက်သေးသည်။
“ရှင့်ကို
မရှာနိုင်အောင် ဘယ်သူ လုပ်ခဲ့တာလဲ၊ ခဲအို ခဲအိုက ရွှမ်းရွှမ်းကို ဘယ်ခေါ်သွားတာလဲ”
“ငါ သိတယ်လေ၊
သူတို့တွေ ပန်းခြံကို သွားကြတာ” အမျိုးသမီးကျောက်က ပြောလိုက်၏။
“ရှောင်ရွှမ်းက
ညည်းနေတာ ရက်တော်တော် ကြာပြီလေ၊ ချီမင်က ဒီနေ့ ကလေးတွေကို အပြင်ခေါ်လည်ရမယ်တဲ့
ဒီနေ့ သူ့အလုပ်ပိတ်ရက်မလို့တဲ့”
သည်အခိုက်တွင် သူမက
ရှောင်ဖုန်းကို ကြည့်ပြီး ပြောလိုက်၏။ “ချီမင် ငါ နင့်မကောင်းကြောင်း ပြောနေတာ
မဟုတ်ပါဘူး၊ ဒါပေမဲ့ နင်က ဘာလို့ ရွှမ်းရွှမ်းကိုပဲ ခေါ်သွားပြီး
ရှောင်ဖုန်းကိုကျတော့ ခေါ်မသွားတာလဲ၊ မိထွေး ရှိလာတာနဲ့ပဲ ပထွေးဖြစ်သွားတာတော့
မဟုတ်သေးဘူးနော်”
ကျန်းချီမင်က
အောင့်သက်သက် ပြုံးလိုက်ပြီး ပြောလိုက်သည်။ “အစ်မလီ၊ ခင်များတို့အားလုံးလည်း ကလေး
ထိန်းကျောင်းတဲ့ အတွေ့အကြုံရှိကြတာပဲ၊ ကျွန်တော် ဒီအဆော့မက်တဲ့ ကလေးနှစ်ယောက်ကို
တစ်ယောက်ထဲ ဘယ်လို ထိန်းနိုင်မှာလြ၊ နောက်ပြီး ရှောင်ဖုန်းက ရှက်တတ်တယ်ဆိုပေမဲ့
သူလည်း အဆော့သန်တယ်၊ ကျွန်တော်က ဒီတစ်ခါ ရွှမ်းရွှမ်းကို ခေါ်သွားပြီး
နောက်တစ်ခါမှ ရှောင်ဖုန်းကို ခေါ်သွားမလို့ပါ”
ပြောလိုက်သည့်
စကားက ကျိုးကြောင်းသင့်နေပြီး ဘယ်သူမှ ဘာမှ မပြောတော့သယောင်။
ရှမြန်က
ရှောင်ဖုန်းကို အောက်ချလိုက်ပြီး ဘာမှမလုပ်ဘဲ ပေါက်ကရ ပြောနေသည့် ရွှမ်းရွှမ်းကို
ကုန်းကြည့်လိုက်ပြီး ပြောလိုက်၏။ “ရွှမ်းရွှမ်း နင် တိရစ္ဆာန်ဥယျာဉ်ကို
ရောက်ဖူးလား”
ရွှမ်းရွှမ်း၏
အာရုံက လုံးဝ ပြောင်းသွားပြီး မေးစေ့ကို ဝင့်ကြွားစွာ ချီထားလိုက်ကာ
“ရောက်ဖူးတာပေါ့၊ အဲဒီမှာ ပန်ဒါတွေ မျောက်တွေ ရှိတယ်”
သူက ပန်းခြံရော၊
တိရစ္ဆာန်ဥယျာဉ်ရော ဖူးသားပဲ။
ရှမြန်က
ကျန်းချီမင်ကို လှောင်သလို ကြည့်လိုက်ပြီးနောက် ရှောင်ဖုန်းကို လက်တွဲလိုက်ကာ
အားလုံးကို နှုတ်ဆက်လိုက်၏။ “ကျွန်မတို့ ရှောင်ဖုန်းက အရမ်း ပေါ့ပျက်ပျက်
နေတယ်ထင်ပါတယ်၊ ဒါကြောင့် သူ့အဖေက သူ့ကို ခေါ်မသွားချင်တာ”
ကျန်းချီမင်သည်
ရှမြန်၏ ဖော်ထုတ်ခံလိုက်ရခြင်းကို လုံးဝ မရှက်ရွံ့ချေ။ ထို့အစား သူက
ချစ်မြတ်နိုးရပြီး ကူကယ်မဲ့သွားသည့် ပုံဖမ်းထားလိုက်၏။ “ငါ သိပါပြီ၊ နောက်တစ်ခါ
ရှောင်ဖုန်းကို သေချာပေါက် ခေါ်သွားပါ့မယ်၊ သွားမယ်၊ အိမ်မြန်မြန် ပြန်ကြမယ်” သူက
အားလုံးကို လှိုက်လှုက်လှဲလှဲ နှုတ်ဆက်လိုက်ပြီး ရှမြန်ကို အပေါ်ထပ်ကို
တွန်းလိုက်လေသည်။
အဖွဲ့က ဒုတိယထပ်
လှေကားကို နင်းတက်လာသည်နှင့် တစ်ပြိုင်နက် လုံခြုံရေးတံခါးက
ပွင့်လာသည်။
ရှန်မြန်က
ကျန်းချီမင်နောက်မှ အခန်းထဲသို့ ဝင်လာသည်နှင့်ချက်ချင်း ဟွမ်ရှောင်ကျွမ်းက
တံခါးကို ဆောင့်ပိတ်လိုက်ပြီး သူမကို ရိုက်လိုက်သည်။
“သောက်ကောင်မလေး
နင် ငါ့ကို တမင် ဒုက္ခပေးဖို့ ကြိုးစားနေတာ”
ဒါသည် ကလေးကို
ချီထားစဉ်တွင် တစ်စုံတစ်ယောက်၏ ကံအကြောင်းမလှသည့်အချိန်ကို အခွင့်ကောင်းယူခြင်းဟု
ရှမြန်ကတော့ မြင်လေသည်။
ရှမြန်က
မဲ့ရွဲ့ပြလိုက်ပြီး ရှောင်ဖုန်းကို ကာကွယ်ပေးထားလိုက်ကာ ဘေးသို့ စောင်းကာ
ရှောင်လိုက်ပြီး သူမ၏ခြေထောက်ကို ခပ်နာနာလေး ကန်ထည့်ပစ်လိုက်၏။
ဟွမ်ရှောင်ကျွမ်းသည်
ကြမ်းပြင်ပေါ် လဲကျသွားပြီး သူမကို ဗိုက်ကို ကိုင်ထားကာ အချိန်တော်တော်ကြာအောင်
အသံမထွက်နိုင်ပေ။
ရှမြန်က သူမကို
ငုံ့ကြည့်လိုက်ပြီး “ဘာလဲ၊ နင် မဝသေးဘူးလား”
“တော်လောက်ပြီ”
ကျန်းချီမင်၏အမူအရာက နောက်ဆုံးတော့ ပြေလျော့သွားပြီး “ဒီနေ့ ဘာဖြစ်ခဲ့တာလဲ၊ မင်း
ဘာလို့ ရဲစခန်းရောက်သွားတာလဲ”
ရှမြန်က
ရှောင်ဖုန်း၏ အင်္ကျီကို မ,ပြလိုက်ပြီး ကျန်းချီမင်ကို တည့်တည့်ကြည့်လိုက်၏။ “သူ
ရှောင်ဖုန်းကို နှိပ်စက်ထားတာ ခဲအို သိလား”
ကျန်းချီမင်သည်
အခိုက်တန့် ကြောင်အန်းအန်း ဖြစ်သွားတော့သည်။ ထို့နောက် သူ့မျက်လုံးထဲတွင် ထိတ်လန့်မှုနှင့်
စိတ်ပျက်မှုများ ပြည့်နှက်သွား၏။ “ဘာ.. ဘာဖြစ်နေတာလဲ” သူက
ပြောရင်းဆိုရင် ရှေ့တိုးလာကာ ရှောင်ဖုန်းကို ပွေ့ချီရန် ပြင်လိုက်သည်။
ရှောင်ဖုန်းက
ရှမြန်၏အင်္ကျီကို တင်းနေအောင် ဖမ်းဆွဲထားပြီး သူ့ခန္ဓာကိုယ်ကလည်း
တောင့်တင်းနေသည်။
ရှမြန်က သူ့လက်ကို
ရှောင်လိုက်ပြီး ခနဲ့ကာ ပြောလိုက်သည်။ “ဘာတွေ ဟန်ဆောင်နေတာလဲ၊ ဟွမ်ရှောင်ကျွမ်းက
ဒီနေ့ လူရှေ့မှာ ဝန်ခံပြီးသွားပြီ၊ ခဲအိုက ရှောင်ဖုန်းကို
ခဲအိုရဲ့သားအရင်းမဟုတ်ဘူးလို့ သံသယဖြစ်ခဲ့တာ၊ ဒါကြောင့် ခဲအိုက သူ့ကို အတူတူ
နှိပ်စက်ခဲ့တာလေ၊ ကျွန်မရဲ့အစ်မကိုလည်း သံသယဖြစ်ခဲ့လို့ ခဲအိုက သူ့ကို သတ်ခဲ့တာပေါ့လေ၊ ဟုတ်လား”
ကျန်းချီမင်သည်
ဟွမ်ရှောင်ကျွမ်းကို ကြောက်မက်ဖွယ် ကြည့်လိုက်ပြီး
သူ့မျက်လုံးများထဲတွင် ထိုင်းမှိုင်းသွားသည့် အရိပ်တစ်ခု ဖျပ်ခနဲဖြစ်သွား၏။ “မင်း
ဘာပြောခဲ့တာလဲ”
ဟွမ်ရှောင်ကျွမ်းသည်
ထိုစူးရဲသည့်အကြည့်ဖြင့် အကြည့်ခံလိုက်ရချိန်တွင် သူမ၏ရင်ထဲ၌
အေးစိမ့်စိမ့် ဖြစ်သွားကာ သူမက အလျင်စလို
ပြောလိုက်၏။ “ကျွန်မ ဘာမှ မပြောခဲ့ပါဘူး၊ ကျွန်မ ဘာမှ မပြောခဲ့ဘူး၊ သူ
ကျွန်မတို့ကို စွပ်စွဲနေတာ”
“ပြောခဲ့လား
မပြောခဲ့ဘူးလားဆိုတာ ဆေးရုံကလူတိုင်း သက်သေလုပ်ပေးနိုင်တယ်” ရှမြန်က
မဲ့ရွဲ့လိုက်ပြီး “အဲဒီအချိန်တုန်းက လူအများကြီးလည်း ဒါကို ကြားခဲ့တယ်”
“ဟွမ်ရှောင်ကျွမ်း
မင်း ခေါင်းရှောင်တဲ့ စကားကို ပြောရဲတယ်” ကျန်းချီမင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး
သူ၏သိမ်မွေ့ရိုးသားသည့် အမူအရာကို မထိန်းထားနိုင်တော့ဘဲ သူမကို ပါးရိုက်တော့သည်။
“ငါ အိမ်မှာမရှိတုန်း သောက်ကျိုးနည်း မင်း ဘာတွေ လုပ်ခဲ့တာလဲ၊ မင်း ငါ့ကို နှိပ်စက်ရဲရတယ်လို့”
ရှမြန်က
သူ၏ရက်စက်ကြမ်းကြုတ်သည့် မျက်နှာကို လှမ်းကြည့်လိုက်ပြီး သူသည် သူ့ဒေါသများကို
ရှောင်ဖုန်းကိုယ်စား ဖွင့်ချနေခြင်း မဟုတ်ဟု ခံစားမိလိုက်၏။ ထိုအစား သူသည် မျက်နှာပျက်ခဲ့ရသဖြင့်
ဒေါသထွက်နေသယောင်။
မည်သို့ဆိုစေ
ဟွမ်ရှောင်ကျွမ်း၏ အော်ဟစ်သံများကတော့ အဆောက်အအုံတစ်ခုလုံးကို ပဲ့တင်ရိုက်သွားပြီး
ကျန်းချီမင်က အားကုန်သုံးလိုက်မှန်း ထင်ရှားနေ၏။
ရွှမ်းရွှမ်းက
အသည်းအသန် အော်ငိုနေပြီး ကျန်းချီမင်က
ဟွမ်ရှောင်ကျွမ်းကို အိပ်ခန်းထဲသို့ တွန်းထည့်လိုက်လေသည်။ ဟွမ်ရှောင်ကျွမ်းမှာ
ကြောက်စိတ်မွှန်သွားသောလည်း သူမသည် ရွှမ်းရွှမ်းကို ခေါ်သွားဖို့တော့ မမေ့ခဲ့ချေ။
သူမက
စိုးရိမ်နေသည်။ ရှမြန်က ပိုလို့ပင် စိုးရိမ်သေးသည်။ သူတို့သုံးယောက် အခန်းတံခါးကို
ပိတ်လိုက်သည်ကို မြင်လိုက်ရပြီးမှ သူမက ရှောင်ဖုန်းကို အောက်ချလိုက်၏။
ဟွမ်ရှောင်ကျွမ်း၏ အော်ဟစ်သံနှင့် ရွှမ်းရွှမ်း၏ငိုသံများကြားတွင် သူမက
ရေခဲသေတ္တာဆီသို့ သွားကာ ကြက်ဥလေးလုံး ထုတ်လိုက်ပြီး ရှောင်ဖုန်းအတွက်
ကြက်ဥနို့ပေါင်း နည်းနည်းပါးပါး အရင်ဆုံးလုပ်ပေးလိုက်မည်ဟု စိတ်ကူးလိုက်သည်။
ကြက်ဥကို
အသာလေးခေါက်လိုက်ပြီး ဆားကို အရည်ပျော်သွားအောင် ရေနွေးထည့်လိုက်ပြီးနောက် ကြက်ဥ
၁.၅ဆကို ထည့်လိုက်ပြီး အပေါ်က အမြှုပ်များကို ဖယ်ထုတ်ရန် မီးဖိုထဲတွင်
ရေစစ်ကောင်းကောင်း ရှာမတွေ့သဖြင့် အုပ်ဆောင်းပဝါတစ်ခုကို ရှာလိုက်ပြီး
ကြက်ဥအနှစ်ကို တစ်ခါကြိမ်တည်း စစ်လိုက်ပြီး ဂက်စ်မီးဖိုကို ဖွင့်ကာ
ပေါင်းထားလိုက်သည်။
စောင့်နေရင်းက
သူမသည် ကြက်သွန်မြိတ်နည်းနည်းလောက် လှီးထားလိုက်ပြီး အသားကို
နှုတ်နှုတ်စင်းလိုက်ပြီး ဆီဖြင့် ကြော်လိုက်သည်။ သည်အချိန်တွင် မီးဖိုခန်းသည် ပြတင်းပေါက်ဖွင့်ထားသည့် ဝရံတာနားတွင် ရှိသဖြင့်
အကာအကွယ်မရှိသဖြင့် ရနံ့က လေထဲတွင် ပြည့်သွားလေသည်။
အဘွားလျိုက
အောက်ထပ်မှနေ၍ မော့ကြည့်လိုက်သည်တွင် ဟိတ်ဟန်အပြည့်ဖြစ်နေသည့်
နီကြောင်ကြောင်ဆံပင်ကို တွေ့လိုက်ရလေသည်။ သူမက မေးလိုက်၏။ “ကလေးရဲ့ဒေါ်လေး ဘာတွေ
ချက်နေတာလဲ ၊ အနံ့က မွှေးနေတာပဲ”
ရှမြန်က
ပြုံးလိုက်ပြီး ပြောလိုက်၏။ “ရှောင်ဖုန်းအတွက် အသားစဉ်းကောနဲ့ ကြက်ဥနို့ပေါင်း လုပ်နေတာပါ၊ သူ ဒီနေ့ ဘာမှ
ကောင်းကောင်း မစားရသေးဘူးလေ၊ ဒေါ်ဒေါ်လျို ကျွန်မ ခဏနေ နည်းနည်းပါးပါး ယူလာပေးမယ်၊
ကျွမ်းကျွမ်းရော ကျောင်းဆင်းတော့မှာလား”
သူတို့သည်
စကားပြောနေစဉ်မှာပင် အမျိုးသမီးလျို၏ချွေးမက ကလေးတစ်ယောက်နှင့်အတူ ပြန်ရောက်လာသည်။
“အဘွား” ကလေးက
သူ့အမေ၏လက်ထဲ ရုန်းလိုက်ပြီး အဘွားလျိုဆီသို့ အရှိန်နှင့် ပြေးသွားသည်။
အဘွားလျိုသည် ထင်းနေအောင် ပြုံးထားလိုက်ပြီး သူမ၏အပြုံးက မရပ်တန့်တော့ပေ။
“ကျောင်းဆင်းပြီလား၊
ဒီနေ့ရော လိမ္မာခဲ့ရဲ့လား”
“လိမ္မာခဲ့တယ်”
ကျွမ်းကျွမ်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် ကြွက်ပေါက်လေးလို
တရှုံ့ရှုံ့လုပ်လိုက်လေသည်။
“အနံ့မွှေးနေတာပဲ
ဘွားဘွား၊ ဗိုက်ဆာလာပြီ”
အဘွားလျိုက
သူ့နဖူးလေးကို လှမ်းပုတ်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။ “နင်ဟာလေ
တကယ့်ကို ခွေးနှာခေါင်း”
ရှမြန်က
အပေါ်ထပ်မှနေ၍ အသံကို ကြားလိုက်ပြီး ကိုယ်ကို ကုန်းလိုက်ကာ အပြုံးတစ်ခုနှင့်
ပြောလိုက်သည်။
“ခဏနေ ရတော့မယ်၊
ဒေါ်ဒေါ်လျို ကျွမ်းကျွမ်းနဲ့အတူတူစားဖို့ ကျွန်မ ရှောင်ဖုန်းကို ခေါ်ပြီး
ဒေါ်ဒေါ့်အိမ်ကို လာခဲ့မယ်”
ကျန်းအိမ်မှာဆိုရင်
ကောင်းကောင်း မစားရမှာ စိုးရတယ်လေ။
ဟုတ်ပါသည်။
အဘွားလျိုကလည်း ကျန်းမိသားစု၏ ဝရုန်းသုန်းကား ဖြစ်နေသည့်အသံကို ကြားလိုက်သည်။
သူမကလည်း နောက်ဆက်တွဲ အတင်းကို သိချင်သေးသည်။ ထို့ကြောင့် သူမက လှိုက်လှိုက်လှဲလှဲ
ပြောလိုက်၏။ “လာခဲ့လေ၊ ငါ စတူးလုပ်ထားတဲ့ ကြက်သားကလည်း ရတော့မယ်၊ ရှောင်ဖုန်းကို
ကြက်စွပ်ပြုတ်တိုက်မယ်လို့ ငါ နင့်ကို ပြောထားတာပဲ” ထို့နောက်တွင် သူမက
ကျွမ်းကျွမ်းကို ခေါ်ကာ အပေါ်ထပ်သို့ တက်လာလိုက်၏။
ကြက်ဥနိုးပေါင်း
ရလာချိန်တွင်တော့ အိပ်ခန်းထဲက ဆူညံသံကလည်း ပိုပြီး ငြိမ်သက်လာသည်။ ရှမြန်က
ကြက်ဥနို့ပေါင်းပေါ်တွင် အသားစဉ်းကောကို ဖြူးထည့်လိုက်ပြီး ပဲအနှစ်နည်းနည်းနှင့်
နှမ်းဆီ ညစ်ထည့်လိုက်၏။ ဒါသည် ရိုးရှင်းသော်လည်း အသက်အရွယ်အားလုံးနှင့်
သင့်တော်သည့် အရသာရှိသည့် ဟင်းလျာတစ်ခုပင်။
ရှောင်ဖုန်းသည်
အိပ်ခန်းထဲက အလန့်တကြားသံကို ခဏတဖြုတ် မေ့လျော့သွား၏။ သူက နှုတ်ခမ်းများကို
စူထားသည့် ရှမြန်ကို မော့ကြည့်လိုက်သည်။ ရှမြန်က သူ့ခေါင်းလေးကို ထိကိုင်လိုက်ပြီး
ပြောလိုက်၏။ “အဘွားလျိုတို့အိမ်မှာ သွားစားကြမယ်”
ရှောင်ဖုန်းက
တိုးတိုးလေး ပြောလိုက်သည်။ “ညီလေးကရော”
အိပ်ခန်းတံခါး
ပွင့်လာပြီး ဟွမ်ရှောင်ကျွမ်းမှာ ညိုမည်းနေသည့်မျက်နှာတစ်ခုဖြင့်
ထွက်လာလေသည်။ သူမက မုန်းတီးစွာဖြင့် ရှမြန်ကို စိုက်ကြည့်လိုက်ပြီး
မျက်လုံးနီများလျက် ဆိုးညစ်သည့် လေသံတစ်ခုဖြင့် ပြောလေသည်။
“နင်က
ငါတို့ပစ္စည်းကို သုံးပြီး ဘယ်လိုမျက်နှာလုပ်ရမယ်ဆိုတာ သိသားပဲ”
သူမသည်
အသားစဉ်းကောနှင့် ဆီများရွှဲနေသည့် ကြက်ဥနို့ပေါင်း ပန်းကန်လုံးကြီးကို
မြင်လိုက်ရသောအခါ သူမ၏ဒေါသမှာ ထိုးတက်သွားပြီး သူမ၏အသံကလည်း အများကြီး ပိုကျယ်လာ၏။
“နင် ဘယ်လောက်တောင် သုံးလိုက်တာလဲ”
ရှမြန်က သူမကို
လျစ်လျူရှုထားလိုက်ပြီး ခေါင်းငုံ့ကာ ရှောင်ဖုန်း၏ တုန်ယင်နေသည့် လက်လေးကို
တွဲလိုက်ပြီး သူ့ကို ပြန်ဖြေလိုက်သည်။
“ရွှမ်းရွှမ်းမှာ
သူ့အတွက် လုပ်ပေးမဲ့ သူ့မိဘတွေရှိတယ်၊
အခုချိန်ကစပြီး အန်တီလေး လုပ်တဲ့ဟာတွေအားလုံးက ရှောင်ဖုန်းအတွက်ပဲ”
ရွှမ်းရွှမ်းသည်
အခုလေး အကျယ်ကြီး အော်ငိုနေခဲ့သည့် ကလေးတစ်ယောက်ပင်။ သူသည် မွှေးရနံ့ကို
ရလိုက်သည်နှင့် ချက်ချင်း အော်ပြောလိုက်၏။ “ငါ အဲဒါကို စားချင်တယ်၊ အားလုံးက
ငါ့ဟာ၊ ခွေးကောင်၊ မင်းကို မကျွေးဘူး”
သူသည်
ပြောရင်းဆိုရင် အမြောက်ဆံလေးတစ်လုံးလို ရှမြန်ဆီသို့ အရှိန်ဖြင့်
ပြေးဝင်သွားလေသည်။ ရှောင်ဖုန်းခမျာ အလွန်ကြောက်လန့်သွားပြီး ဇက်လေးကို
ပုထားလိုက်ကာ သူ့မျက်လုံးများကို မှိတ်ထားလိုက်၏။ သူသည် အလွန်မှ
ရင်းနှီးနေဟန်တူသည်။ သူသည် သည်ဝတုတ်ကောင်လေး၏ မကြာခဏ အနိုင်ကျင့်ခံခဲ့ရမှန်း
သိသာသည်။
ရှမြန်၏မျက်နှာက
မသိမသာ ညိုမည်းသွားပြီး သူမက ရှောင်ဖုန်းရှေ့တွင်
တန်းရပ်လိုက်၏။ သူမ၏ခန္ဓာကိုယ် အောက်ပိုင်းက အလွန်မှ တည်ငြိမ်လေရာ
ဝတုတ်ကောင်လေးမှာ သူမ၏ခြေထောက်များကို ဝင်တိုက်မိသွားတော့သည်။ သူသည်
နောက်နှစ်လှမ်း ပြန်ဆုတ်သွားပြီး ကြမ်းပြင်ပေါ် ဖင်ထိုင်ရက်ကျသွားကာ အနည်းငယ်
ငေးကြောင်ကြောင် ဖြစ်သွားတော့သည်။
ရှမြန်က သူ့ကို
အေးစက်စက် ကြည့်ပြီး ပြောလိုက်၏။ “နင်က ဘယ်သူ့ကို ခွေးကောင်လို့ ပြောနေတာလဲ”
ရွှမ်းရွှမ်းက
နောက်မှ ဖြစ်ပျက်သွားသည်ကို သိလိုက်ရပြီး မျက်ရည်များ စီးကျလာကာ မသဲမကွဲ
ပြောလေသည်။ “အဲခွေးမ ပြောတာ..
ခွေးကောင်၊ ခွေးကောင်...”
ရှမြန်က ရုတ်တရက်
ပြုံးလိုက်ပြီး “နင်က ဒီလောက်ငယ်ငယ်လေးနဲ့ ကိုယ့်ဟာကို သိသားပဲ”
ဟွမ်ရှောင်ကျွမ်းသည်
ပျော့ခွေသွားပြီး ရွှမ်းရွှမ်းကို ဖက်ထားလိုက်၏။ တစ်ချိန်ထဲတွင် ရှမြန်က
ကျိန်ဆဲနေသည်ကို သတိထားမိလိုက်ပြီး ချက်ချင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
“နင် ဘာလို့
ကလေးကို အနိုင်ကျင့်နေတာလဲ”
ရှမြန်က
ပြောလိုက်သည်။ “ငါက နင့်ကို ရက်စက်တယ်လို့ပဲ ထင်ထားတာ၊ ဒါပေမဲ့ နင့်မျက်လုံးနဲ့
ဦးနှောက်မှာလဲ ပြဿနာရှိနေမယ်လို့ မထင်ထားဘူး၊ ဘယ်သူက ဘယ်သူ့ကို
အနိုင်ကျင့်ခဲ့တာလဲ”
“ရွှမ်းရွှမ်း
စားချင်တဲ့ဟာတိုင်း လုပ်ပေးလိုက်စမ်းပါ၊ နင်က ငါ့ကို ဘာလို့ လာဆူနေတာလဲ၊ ငါက သူ့အဒေါ်မှ
မဟုတ်တာ”
သည်အချိန်တွင် သူမက
မှုန်တေတေမျက်နှာတစ်ခုဖြင့် အိပ်ခန်းတံခါးနားတွင် ရပ်နေသည့် ကျန်းချီမင်ကို
ကြည့်လိုက်ကာ
“ခဲအိုဟောင်း၊
ကျွန်မအစ်မရဲ့ လျော်ကြေးက သောင်းချီတယ်နော်၊ ဒါပေမဲ့ ကျွန်မ မိသားစုကတော့
တစ်ပြားမှ မရခဲ့ဘူး၊ ကျွန်မတို့က အားလုံးကို ရှောင်ဖုန်းအတွက် သိမ်းထားပေးတာ၊
ဘာလဲ၊ ရှောင်ဖုန်းက ကြက်ဥလေးတစ်လုံး နှစ်လုံးတောင် မစားရဘူးလား”
ကျန်းချီမင်က
ဟွမ်ရှောင်ကျွမ်းကို ခက်ထန်သွားကြည့်လိုက်တော့သည်။ သူက စကားပြောတော့မည့်ဆဲဆဲ တံခါးခေါက်သံထွက်လာပြီး အမျိုးသမီးလျို၏အသံက ဝင်လာ၏။
“ရှောင်ကျန်း
တံခါးဖွင့်အုံး၊ ကလေးတွေကို မဆူပါနဲ့”
ကျန်းချီမင်က
ဟွမ်ရှောင်ကျွမ်းကို သတိပေးသည့်အနေဖြင့် စိမ်းစိမ်းဝါးဝါး ကြည့်လိုက်ပြီးနောက်
ကိုယ့်ကိုလှည့်ကာ ခြောက်ကပ်နေပြီး ဘာမှ မတတ်နိုင်သည့် အပြုံးတစ်ခုနှင့်
ပြောလိုက်လေသည်။
“လျော်ကြေး မရှိရင်တောင် ရှောင်ဖုန်းက
ငါ့သားပဲ၊ ငါ သူ့ကို ဘယ်လိုလုပ်ပြီး မစားခိုင်းရက်မှာလဲ”
သူက
ပြောရင်းဆိုရင်း တံခါးဆီ လျှောက်သွားလိုက်ကာ တံခါးဖွင့်ပေးလိုက်ပြီး ”မင်း
ရှောင်ကျွမ်းကို မကြိုက်ဘူးဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ ရွှမ်းရွမ်းကိုတော့
အငြိုးမထားပါနဲ့၊ သူက ရှောင်ဖုန်းထက်တောင် ငယ်သေးတယ်၊ နင်က ဒါတွေအားလုံးကို
ကျွမ်းကျွမ်းအတွက် ပေါင်းထားတာ ရွှမ်းရွှမ်းကို မပေးဘူးလို့ ပြောမှတော့ သူက
မသောင်းကျန်းဘဲ နေပါ့မလား”
ရှမြန်က တံခါးမှ
လှမ်းကြည့်နေသည့် အဘွားလျိုကို ကြည့်လိုက်နောက် ဒဏ်ရာဒဏ်ချက်များနှင့် အလွန်မှ
သနားစရာဖြစ်နေသည့် ဟွမ်ရှောင်ကျွမ်းနှင့် မကျေနပ်ချက်ကြောင့် ငိုယိုနေသည့်
ရွှမ်းရွှမ်းကို ပြန်လှည့်ကြည့်လိုက်သည်။ ကျန်းချီမင်သည် မျက်စဉ်းဆေး ထည့်ရာတွင်
အမှန်ပင်လှတော့သည်။
...