အပိုင်း(၈)
ရှမြန်က တံခါးမှ
လှမ်းကြည့်နေသည့် အဘွားလျိုကို ကြည့်လိုက်နောက် ဒဏ်ရာဒဏ်ချက်များနှင့် အလွန်မှ
သနားစရာဖြစ်နေသည့် ဟွမ်ရှောင်ကျွမ်းနှင့် မကျေနပ်ချက်ကြောင့် ငိုယိုနေသည့်
ရွှမ်းရွှမ်းကို ပြန်လှည့်ကြည့်လိုက်သည်။ ကျန်းချီမင်သည် မျက်စဉ်းဆေး ထည့်ရာတွင်
အမှန်ပင်လှတော့သည်။
ရှမြန်က ခနဲ့တဲ့တဲ့
ပြောလိုက်၏။ “ကျွန်မက ဘယ်တုန်းက ရွှမ်းရွှမ်းကို အနိုင်ကျင့်လို့လဲ၊ ပုံမှန်ဆိုရင်
ရှင်တို့ရွှမ်းရွှမ်းက နို့သောက်၊ ကြက်ဥနို့ပေါင်းစားပြီး အသားတုံးကြီး
စားနေရတဲ့အချိန်မှာ ကျွန်မတို့ ရှောင်ဖုန်းတစ်ယောက်ထဲ အနံ့လေးရှူပြီး
စောင့်ကြည့်နေရတာလေ၊ ဒါကိုကျတော့ ရှင်တို့တွေ ကျွန်မတို့ ရှောင်ဖုန်းကို
အနိုင်ကျင့်နေတာလို့ ဘာလို့ မပြောတာလဲ”
“သူက နှစ်ဝက်လေးပဲ
ကြီးတာပါ၊ ကျွန်မတို့ရှောင်ဖုန်းက သူ့မိထွေး သူ့ပါးစပ်ကို အပ်နဲ့ထိုးတုန်းက မျက်ရည်တွေကို
ထိန်းထားနိုင်ခဲ့ပေမဲ့ ရွှမ်းရွှမ်းကတော့ ဒီလို ကိစ္စသေးသေးလေးအပေါ်မှာ ဒီလို
ငိုယိုနေတယ်လေ၊ နောက်ပြီးတော့ ရှင်က ကျွန်မတို့ရှောင်ဖုန်း အနိုင်ကျင့်ခံရမှာက
ဖြစ်သင့်တာပဲလို့ ထင်နေတာလား”
“မီးဖိုနဲ့
ကြက်ဥတွေအားလုံး ဟိုမှာရှိတာပဲ၊ ကြက်ဥနို့ ပေါင်းတစ်ပွဲလုပ်ဖို့ ဘယ်လောက်
အားထုတ်ရမှာမလို့လဲ” ရှမြန်က မဲ့ရွဲ့လိုက်ပြီး “ရှင်က ကျွန်မအစ်မကို နှိပ်စက်ပြီး
သတ်ခဲ့တဲ့ လူတစ်ယောက်ရဲ့သားကို အရသာရှိတဲ့ အစားအသောက် လုပ်ပေးစေချင်နေတာလား၊
အားနာပါတယ်၊ ကျွန်မမှာ အဲလောက် သည်းခံနိုင်စွမ်းမရှိဘူး၊ ရွှမ်းရွှမ်းမှာ
အဖေနဲ့အမေ ရှိတယ်၊ ဒါပေမဲ့ ကျွန်မတို့ ရှောင်ဖုန်းမှာတော့ သူ့အဒေါ်ဖြစ်တဲ့
ကျွန်မပဲ ရှိတာ”
အဘွားလျိုသည်
သည်စကားကို ကြားလိုက်ပြီး ပြောလိုက်လေသည်။ “ရှောင်ကျန်း ငါ နင့် မကောင်းကြောင်း
ပြောနေတာ မဟုတ်ဘူးနော်၊ ဒါပေမဲ့ ရှမြန်က ကလေးပဲ
ရှိပါသေးတယ်၊ ရှောင်ကျွမ်းက ရှောင်ဖုန်းကို ဘယ်လိုဆက်ဆံခဲ့တာ သိသွားတော့ သူက
စိတ်မတိုဘဲ ဘယ်နေမှာလဲ၊ နင်က ဘာလို့ သူ့ကို ဆူပူနေတာလဲ၊ နင့်မိန်းမကိုပဲ အရင်
ဂရိုစိုက်သင့်တယ်”
ထိုအကြောင်းကို
စဉ်းစားလိုက်ပြီး သည်ကိစ္စသည် အမှန်တွင် ကလေးများနှင့် မဆိုင်ပါဘူးဟု
ခံစားမိလိုက်သဖြင့် သူမက ပြောလိုက်လေသည်။ “ကြက်ဥနို့ပေါင်းလေးပဲလေ၊ လာ ..
ရွှမ်းရွှမ်း အဘွားလျိုဆီမှာ သွားစားကြမယ်၊ အိုး.. နင့်ဒေါ်လေးရှမြန်က
ဒီလောက်ကြီးတဲ့ ပန်းကန်လုံးနဲ့ ပေါင်းထားတာပဲ၊ အနံ့ကလည်း မွှေးနေတာပဲ၊ နင့်ကို
ကျွေးမှာ၊ မငိုနဲ့တော့”
ပုံမှန်အခြေအနေတွင်ဆိုလျှင်
လင်မယားနှစ်ယောက်က သည်လိုလုပ်ရန် အမှန်ပင် လိုလိုလားလား ရှိကြလိမ့်မည်။
သည်အဆောက်အအုံ၏ ကိုးဆယ်ရာခိုင်နှုန်းသော နေထိုင်သူများမှာ ကေဒါများ ဖြစ်လာကြသည်။ အဘွားလျို၏သားသည်
ငယ်ငယ်ရွယ်ရွယ်မှာပင် ဝယ်ယူရေးဌာနက ဒါရိုက်တာဖြစ်လာပြီး သူ့တွက် တောက်ပသည့်အနာဂတ်တစ်ခု သေချာပေါက် ပိုင်ဆိုင်ထားသည်။
ပုံမှန်ဆိုလျှင်
ဟွမ်ရှောင်ကျွမ်းက လျိုမိသားစုကို မျက်နှာလုပ်ရန် ရွှမ်းရွှမ်းကို သင်ပေးထားသည်။
ရွှမ်းရွှမ်းသည် လျိုမိသားစုထဲ ရောက်သွားလျှင် လိမ္မာပြီး ချစ်စရာကောင်းနေတတ်သည်။ သို့သော်
သည်နေ့တွင်တော့ အခြေအနေက အကျဉ်းအကျပ်ထဲရောက်နေပြီး ရှမြန်ကလည်း ရှိနေသည်။
ထို့ကြောင့် သူတို့သည် ထိုသို့ မလုပ်ရဲကြချေ။
သို့သော်
ဟန်ဆောင်ခြင်းက ဟန်ဆောင်ခြင်းပင်။ ဟွမ်ရှောင်ကျွမ်း၏ ဥပမာပေးသင်ကြားခြင်း ရလဒ်က
သည်လိုအရေးပါသည့်အခိုက်မှာ ပေါ်ထွက်လာတော့သည်။ ရွှမ်းရွှမ်းသည် အဘွားလျို
ပြောလိုက်သည့် စကားကို ကြားလိုက်ချိန်တွင် သူက ချက်ချင်း ပြေးသွားပြီး ရှမြန်ကို
အားဖြင့် တွန်းထုတ်လိုက်ကာ ရှောင်ဖုန်းကို ရိုက်ချင်နေ၏။ “ရွှမ်းရွှမ်း သွားမှာ၊
အရူး ခွေးကောင် ပေးမသွားနဲ့”
ရှန်မြန်က
သည်တစ်ကြိမ်တွင် မရှောင်ပေ။ ရှောင်ဖုန်းကို ရိုက်တော့မည့် သူ့လက်ကို
တားဆီးထားလိုက်ပြီး ခေါင်းမော့ကာ မပြုံးတပြုံးနှင့် ကျန်းချီမင်ကို ကြည့်လိုက်ပြီး
“ဒီတော့ ရှင်တို့တွေက ပုံမှန်ဆိုရင် ကျွန်မကို အရူးတစ်ယောက်လို သဘေားထားတာပဲ”
အဘွားလျိုက ဘာမှ
မပြောနိုင်သေးခင်မှာပင် ကျန်းချီမင်က ရွှမ်းရွှမ်းကို ဖမ်းဆွဲထားလိုက်ပြီး သူ့ကို
ကောက်ချီကာ ဖင်ကို ခပ်နာနာလေး ရိုက်ပြီး ဆဲဆိုလေသည်။ “မင်းကို ဘယ်သူ
သင်ထားပေးတာလဲ”
ဒါသည် အစောပိုင်းက
ဖြီးဖြန်းနေသည်နှင့် လုံးဝမတူချေ။ ရှမြန်နှင့် အဘွားလျိုတို့နှစ်ယောက်လုံး
အလန့်တကြား ဖြစ်သွားတော့သည်။
ရွှမ်းရွှမ်းသည်
အရိုက်ခံလိုက်ရသဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ စတင် ငိုယိုတော့သည်။
ဟွမ်ရှောင်ကျွမ်းမှာ ရင်ကွဲသွားပြီး ရှေ့သို့ မြန်မြန် လျှောက်လာကာ ပြောလိုက်၏။
“ချီမင် မရိုက်ပါနဲ့တော၊ မရိုက်ပါနဲ့တော့၊ အားလုံး ကျွန်မ အမှားပါ၊ ကျွန်မ
နောက်ကျရင် သူ့ကို သင်ပေးလိုက်ပါ့မယ်”
အမြဲတမ်း အလွန်မှ
စိတ်ထားကောင်းတစ်ခု ရှိခဲ့သည့် ကျန်းချီမင်က ဟွမ်ရှောင်ကျွမ်းကို အော်ဟစ်လိုက်၏။
“မင်း ဘယ်လိုဖြစ်ပြီး ဒီလို ပြောရဲရတာလဲ၊ မင်းက အဲလောက် ရက်စက်တဲ့လူတစ်ယောက်
ဖြစ်နေမယ်လို့ ငါ ထင်မထားခဲ့ဘူး၊ မင်းက ငါ အိမ်မှာမရှိတုန်း ငါ့သားကို
ဒီလိုနှိပ်စက်ခဲ့တယ်၊ ငါ မင်းကို ထပ်မယုံတော့ဘူး၊ မင်းအိမ်ကို ပြန်တော့၊
ကွာရှင်းမယ်”
ဝိုး။
သရုပ်ဆောင်ချက်က တော်တော်လေး ကောင်းသား။
ရှမြန်က စိတ်ထဲက
သရော်လိုက်သော်လည်း အဘွားလျိုက လုံးဝကို ယုံကြည်သွားလေသည်။ လူကြီးများသည်
လက်ထပ်ခြင်းကို ပယ်ဖျက်ရသည်ထက် ဘုရားကျောင်းတစ်ဆောင်ကို ဖျက်တာက ပိုကောင်းသည်ဟု
အမြဲတမ်း ယုံကြည်ထားကြသူဖြစ်ရာ သူမက ချက်ချင်း အကြံပေးလိုက်၏။
“ကွာရှင်းဖို့အထိ
မလိုပါဘူးလေ၊ ရှောင်ကျန်း နင် ရှောင်ဟွမ်ကိုပဲ ဂရုစိုက်ဖို့လိုတာပါ၊ မဟုတ်ရင် နင်က
နင့်ကလေးအရင်းတွေကိုပဲ ဖျက်ဆီးနေတာပဲ မြင်ရလိမ့်မယ်”
သည်အခိုက်တွင် သူက
ပြောလိုက်၏။ “ဒါဆိုရင် ရွှမ်းရွှမ်းက ဒီနေ့ မလိုက်တော့ပါဘူး၊ နောက်ရက်မှပဲ
လာကစားပါ့မယ်”
လုံခြုံရေးတံခါး
ပိတ်သွားသည့်အခိုက်တွင် ရှမြန်က လှည့်အကြည့် ကျန်းချီမင်၏
ထိန်းချုပ်မထားနိုင်တော့သည့် ရက်စက်သည့်အမူနှင့် သူ့မျက်လုံးထဲက ရန်လိုမှုကို
မြင်လိုက်ရ၏။ ရွှမ်းရွှမ်းမှာ အလွန်မှ ကြောက်လန့်သွားပြီး မငိုရဲတော့ချေ။
-
ထင်ထားသည့်အတိုင်းပင်
အဘွားလျိုက ကြက်သားကို စတူးဟင်းရည် လုပ်ထားသည်။ အသားအိုး အဖုံးကို
ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အိမ်တစ်ခုလုံးက အနံ့များ
ပြည့်သွား၏။ အဘွားကြီးက ကလေးနှစ်ယောက်ကို အစားအသောက် တစ်ပန်းကန်စီ အရင်ပေးလိုက်၏။
ကျွမ်းကျွမ်းက ထမင်းစား စားပွဲတွင် ထိုင်ပြီး မစောင့်နိုင်အောင် ဖြစ်နေကာ
အစားသရဲလေးတစ်ယောက်မှန်း သိသာလေသည်။
အဘွားလျို၏ချွေးမ
လီရှင်းမေက စာပွဲပေါ်က အသားစဉ်းကောနှင့် ကြက်ဥနို့ပေါင်းကို ကြည့်လိုက်ပြီး တအံ့တဩ
ပြောလိုက်၏။ “ဟယ်၊ ဒါက ရှမြန် လုပ်ထားတာလား၊ ဘယ်လိုလုပ်ထားတာလဲ၊ အရမ်းကို
နူးအိပြီး တိုဟူးနှောက်နဲ့တူလိုက်တာ”
သည်ခေတ်တွင်
အင်တာနက် မရှိသလို မျှဝေပေးသည့် အယူအဆများလည်း မရှိချေ။ ထို့ကြောင့်
သူမ၏အရင်ဘဝတွင် ဒါကို ရှာဖွေလိုက်ရုံဖြင့် နူးအိသည့် ကြက်ဥပေါင်းကို
လုပ်နိုင်သည့်တိုင် သည်နေရာတွင်တော့ သူမ ထုတ်ကြွားနိုင်သည့် အရာဟု
မှတ်ယူလို့ရသေးသည်။
ကျွမ်းကျွမ်းသည်
ရှောင်ဖုန်းထက် နှစ်နှစ်ပိုကြီးပြီး မူကြိုကျောင်းတက်နေပြီဖြစ်သည်။ သူက သူမကို
မျှော်လင့်တကြီး ကြည့်လိုက်ပြီး ပြောလိုက်၏။ “အသားလည်း ပါသေးတယ်”
ဒါကိုမြင်တော့
ရှမြန်က သူ့ပန်းငယ်လေးထဲသို့ နှစ်ဇွန်းခပ်ထည့်ပေးလိုက်ပြီး ပြောလိုက်၏။ “ကျွမ်းကျွမ်း
စားကြည့်ပါအုံး၊ အရသာ ကောင်းရဲ့လားလို့”
ကျွမ်းကျွမ်းက
ရှမြန်ကို လှမ်းကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် မမ”
ထို့နောက် သူက ခေါင်းငုံ့ကာ စတင် စားသောက်တော့သည်။
ရှမြန်က
ရယ်မောလိုက်ပြီး “နင်က ငါ့ကို ရှောင်ဖုန်းလိုပဲ အန်တီလေးလို့ ခေါ်ရမှာ၊ မဟုတ်ရင်
အစ်မရှင်းမေက အသက်ကြီးသွားသလို ဖြစ်သွားတော့မယ်”
လီရှင်းမေမှာ
မအော်ရယ်ဘဲ မနေနိုင်အောင်ဖြစ်သွားတော့သည်။ ကျန်းချီမင်၏ ခယ်မဟောင်းလေးက ကောလာဟလနှင့်
ရုပ်နှင့် တခြားစီပဲဟု အမှန်ပင် ခံစားမိလိုက်လေသည်။ သူမသည်
စကားချိုချိုပြောတတ်ပြီး သိတတ်သည်။ သူမကလည်း ရှောင်ဖုန်း၏ ပန်းကန်လုံးထဲသို့ ကြက်ပေါင်တစ်ပိုင်းထည့်ပေးလိုက်ပြီး
ပြောလိုက်၏။ “ရှောင်ဖုန်းလည်း မြန်မြန်တော့၊ နောက်ကျရင် ကိုကိုကျွမ်းကျွမ်းကို သားကို အပြင်ခေါ်ဆော့ခိုင်းမယ်နော်”
ရှောင်ဖုန်းက
ရှမြန်၏လက်မောင်းကို မီထားသည်။ ရှမြန်က သူ့ကို အားပေးသလို ကြည့်နေသည်ကို
မြင်လိုက်သည်တွင် သူက ခဏလောက် တွေဝေသွားပြီးမှ ကျွမ်းကျွမ်းကို အတုခိုးကာ
လီရှင်းမေကို တိုးတိုးလေး ပြောလိုက်လေသည်။ “ကျေးဇူးတင်ပါတယ် မမ”
အားလုံးက ချက်ချင်း
သဘောကျသွားကြတော့သည်။ ရှမြန်က ကြက်ဥနို့ပေါင်းတစ်ဇွန်းကို ခပ်လိုက်ပြီး သူ့ကိုကို
ကျွေးရင်း သင်ပေးလိုက်၏။ “သားက ဒေါ်ဒေါ်မေ လို့ခေါ်ရမှာ”
ရှောင်ဖုန်းသည်
သူ့ကိုယ်သူ အရူးမိခဲ့သည်ကို သိသွားပြီး ရှက်ရှက်နှင့် ရှမြန်အနားသို့
တွယ်ကပ်နေလိုက်၏။
ရှမြန်က သူ့ကို
ဇွန်းပေးလိုက်ပြီး သူ့ကို သူမ၏ပေါင်ပေါ်တွင် ထိုင်ခိုင်းထားလိုက်ပြီး သူ့ဟာသူ
စားခိုင်းထားလိုက်သည်။ ကလေးသည် အစပိုင်းတွင် အနည်းငယ် ထိန်းချုပ်ထားသော်လည်း
နောက်ပိုင်းတွင်တော့ သူသည် သေသေချာချာလေး စားလာခဲ့သည်။ သူသည် အလွန်မှ ဂရုတစိုက် စားသောက်နေပြီး အစွန်းနှင့်ထောင့်များ
မကျန်အောင် သန့်ရှင်းနေအောင် ခြစ်ကုပ်စားလိုက်၏။
လီရှင်းမေမှာ
စိတ်မကောင်းဖြစ်သွားတော့သည်။ အဘွားကြီးက သူမ ပြန်လာချိန်က အနည်းငယ်
ပြောပြထားခဲ့သည်။ ထို့ကြောင့် သူသည် အခြေအနေအကြမ်းဖျဥ်းကို သိနေ၏။ သူမက လက်ကို
ဆန့်ကာ ကြက်ဥနို့ပေါင်း ဇွန်းကြီးတစ်ဇွန်းကို ကလေး၏ပန်းကန်လုံးထဲသို့
ထည့်ပေးလိုက်သည်။
“ရှောင်ဖုန်း
ပိုစားနော်၊ ခဏနေ ကြက်သားစွပ်ပြုတ်တွေလည်း ရအုံးမှာ”
ကျွမ်းကျွမ်းက
ခေါင်းကို ထုတ်လိုက်ပြီး ကြက်ဥနို့ပေါင်း ပန်းကန်လုံးကြီးကို ကြည့်လိုက်၏။
လီရှင်းမေက ရယ်မောလိုက်ပြီး သူ့အတွက် တစ်ဇွန်း ခပ်ထည့်ပေးလိုက်သည်။ “သားရဲ့
ဒေါ်လေးရှမြန် လုပ်ထားတဲ့ ကြက်ဥနို့ပေါင်းက အရသာရှိတယ်နော်”
ကျွမ်းကျွမ်းက
ခေါင်းညိတ်လိုက်ပြီး “အရသာရှိတယ်”
သူသည် ရှမြန်ကို
မကြောက်တော့ဘဲ အော်ပြောလိုက်လေသည်။ “ကျေးဇူးတင်ပါတယ် ဒေါ်လေး”
လီရှင်းမေက
ပြုံးလိုက်ပြီး ရှမြန်ဘက်သို့ လှည့်ကာ ပြောလိုက်တော့သည်။ “ငါ ကျွမ်းကျွမ်း
ငယ်ငယ်တုန်းက အဝတ်အစား နည်းနည်းပါးပါး
ရှာပေးလိုက်မယ်၊ ရှောင်ဖုန်းက ဝတ်လို့ရလောက်မှာပါ”
ရှမြန်က မြန်မြန်
ပြန်ပြောလိုက်သည်။ “မဟုတ်တာ၊ မဟုတ်တာ၊ ကျွန်မ မနက်ဖြန် သူ့ကို ခေါ်သွားပြီး တစ်စုံ
နှစ်စုံလောက် ဝယ်ပေးမလို့ပါ၊ ကျွန်မမှာ ငွေရှိပါတယ်”
အဘွားလုက
ပြောလိုက်၏။ “ဒါက ပိုက်ဆံနဲ့မဆိုင်ဘူး၊ ကလေးတွေက အသားအရေနုတယ်၊ အထူးသဖြင့်
ဒဏ်ရာရထားတဲ့ ရှောင်ဖုန်းလေ၊ အဝတ်အစားဟောင်းတွေက ကလေးဝတ်ဖို့ နူးညံ့ပြီး သက်သောင့်သက်သာ ရှိတယ်”
ရှမြန်သည်
သည်အဆိုကို အခုမှ သိလိုက်ရ၏။ ရှောင်ဖုန်းနှင့် သက်ဆိုင်နေသဖြင့် သူမက
ဆက်မငြင်းလိုက်တော့ချေ။ “ဒေါ်ဒေါ်လုနဲ့ အစ်မရှင်းမေတို့ကို ကျေးဇူးတင်ပါတယ်”
လျိူမိသားစုက
အနေအထားမှာ ကောင်းမွန်နေပြီး ရှောင်ဖုန်းသည် အနည်းငယ် စိတ်ပြေလျော့ကာ
ကြက်ဥနို့ပေါင်းအများအပြားနှင့် ကြက်ပေါင်တစ်ခြမ်းကို စားလိုက်သည်။ ရှမြန်က
သူ့ဗိုက်လေးကို ထိလိုက်ပြီး ပြောလိုက်၏။ “ဟုတ်ပြီ၊ ပေါင်ပေါင်း တစ်ခါထဲ အများကြီး မစားနဲ့၊ ညကျရင် အန်တီလေး သားအတွက် ထပ်လုပ်ပေးလို့ရတယ်”
ရှောင်ဖုန်းသည်
ဇွန်းကို ချက်ချင်းချထားလိုက်ပြီး အင်မတန်မှ စကားနားထောင်လေသည်။ ရှမြန်က သူ့ခေါင်းလေးကို
ထိကိုင်ပေးလိုက်၏။
သူတို့သည်
ညနေစာစားပြီးနောက်တွင် လျိုမိသားစုအိမ်တွင် ကြာကြာမနေခဲ့ချေ။ အဘွားလျိုက သူမအတွက်
အဝတ်အစားတချို့ ရှာပေးသည်။ ထင်ထားသည့်အတိုင်းပင် အဝတ်အားလုံးက နူးညံ့ပြီး အသားအရေနှင့်
အဆင်ပြေမည့် ပစ္စည်းများဖြင့် လုပ်ထားသည်။ ရှမြန်က သူမကို ကျေးဇူးတင်စကား
ပြောလိုက်ပြီး ရှောဖုန်းကို မျက်နှာချင်းဆိုင်းလမ်းသို့ ခေါ်လာလိုက်၏။
ရှမြန်က
တံခါးခေါက်လိုက်သည်နှင့်ချက်ချင်း တံခါးက ပွင့်သွားသည်။ သိမ်မွေ့သည့်လေသံဖြင့်
မေးလာသည့် ကျန်းချီမင်ပင်။ “ပြန်လာကြပြီလား” သူက ပြောရင်းဆိုရင် မျက်နှာပေါ်တွင်
သနားသည့် ရုပ်တစ်ခုဖြင့် ရှောင်ဖုန်း၏ခေါင်းကို လှမ်းထိလိုက်၏။
ရှမြန်က သူမ၏လက်ထဲက
ကလေးနှင့်အတူ ရှောင်လိုက်သည်။ ကျန်းချီမင်၏မျက်လုံးများက ဖျပ်ခနဲ
ညို့မှိုင်းသွားသော်လည်း သူက ကူကယ်ရာမဲ့နေသည့် လေသံဖြင့် ပြောလိုက်သေးသည်။ “ငါ
ဟွမ်ရှောင်ကျွမ်းကို အသေးစိတ် မေးပြီးပါပြီ၊ ရှမြန်၊ ရှောင်ဖုန်းက ငါ့သားဆိုတာကို
ဘယ်တော့မှ သံသယ မဝင်ခဲ့ဖူးပါဘူး၊ နင့်ခဲအိုက ဘယ်လိုလူမျိုးလဲဆိုတာ နင် မသိလို့လား”
ရှမြန်က ကိုယ်ကို
ပြန်လှည့်ကာ ပြောလိုက်သည်။ “ကျွန်မတို့တွေက ရှင့်ကိုယုံလို့ ကလေးကို ရှင့်ဆီ
ပို့ခဲ့တာ၊ ဒါပေမဲ့ အမှန်တရားကရော ဘာလဲ၊ ပြောကြတယ်လေ၊ မိထွေးတစ်ယောက် ရှိလာရင်
ပထွေးတစ်ယောက် ရှိလာလိမ့်မယ်တဲ့၊ ကျွန်မ ကြုံဖူးသွားပြီ”
သူမ၏ခေါင်းမာနေသည့်
သဘောထားကို မြင်လိုက်ရသည်တွင် ကျန်းချီမင်က မျက်မှောင်ကြုတ်လိုက်ပြီး
မေးလိုက်တော့သည်။ “နင် ဘာဆက်လုပ်မှာလဲ၊ နင်က ရှောင်ဖုန်းကို နင်နဲ့အတူတူ အမြဲတမ်း
ကျောင်းခေါ်သွားနိုင်လို့လား”
ဒါက
ခြိမ်းခြောက်တာလား။ ငါ ကျောင်းသွားတက်ရင် နင်တို့က ကလေးကို ဆက်ပြီး နှိပ်စက်ဖို့
စဉ်းစားနေကြတာလား။ ရှမြန်က သတိထားအနေအထားဖြင့် နားစွင့်ထားလိုက်၏။
သူမက
နားထောင်ချင်စိတ် ရှိနေသည်ကို မြင်လိုက်ရသည်တွင် ကျန်းချီမင်က ဆက်ပြောလေသည်။
“ငါ အောက်ထပ်က
ဆရာမမီကို ဟွားကန်းက အမှတ်(၁) အလယ်ဆင့်ကျောင်းကို မေးထားတယ်၊ ဒါက မြို့ထဲမှာ
အကောင်းအထက်တန်းကျောင်းပဲ၊ ငါတို့စက်ရုံ ဒါရိုက်တာရဲ့သားက ဒီကျောင်းမှာပဲ၊ သူက
မနှစ်တုန်းက ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ ဟွားကန်းတက္ကသိုလ်ကို ဝင်ခွင့်ရသွားတာ”
“ဒါပေမဲ့ ဟွားကန်း
အမှတ်(၁) အလယ်ဆင့်ကျောင်းက အမှတ်မြင့်တယ်၊ ငါက နင့်အတွက် အခွင့်အရေးတစ်ခုရအောင်
ကျောင်းနဲ့ခက်ခက်ခဲခဲ လုပ်ထားရင်တောင် နင်က စီရင်စုမြို့က ဖြစ်နေပြီး
နင့်အခြေခံကလည်း အရမ်းအားနည်းတယ်၊ နင် စာမေးပွဲ မအောင်မှာ စိုးတယ်၊ ဒါကြောင့် ငါ
နင့်အတွက် ဆရာတစ်ယောက် ငှားပေးပြီး စာပြန်လုပ်ဖို့ နွေရာသီအားလပ်ရက်ကို
အသုံးချလို့ရအောင် စီစဉ်ပေးမယ်”
“နင့်အမှတ်တွေက
အရမ်းကြီး မဆိုးနေဘူးဆိုရင်တော့ နင့်ခဲအိုက နင့်အတွက် လူတစ်ယောက်ရှာပေးပြီး ငွေတချို့လဲ
သုံးပေးမယ်၊ နင် သေချာပေါက် လိုက်နိုင်မှရမယ်”
လာဘ်ထိုးနေတာကိုး။
တစ်ခါ ကြုံဖူးသွားပြီး ပညာရေးက အရေးကြီးတာကို ငါ သိတာပေါ့။ ဒါပေမဲ့
ကျန်းချီမင်ကိုတော့ အားကိုးဖို့ စိတ်ကူးမရှိပါဘူး။
အထက်တန်း ပညာရေးက
မသင်မနေရ ပညာရေးမှ မဟုတ်တာ။ ကျောင်းတွေက
ပြည်နယ်ခွဲတဲ့ စည်းမျဉ်းလဲ မရှိပါဘူး။ ငါ့အမှတ်ကောင်းနေသ၍ ငါ သွားချင်တဲ့
ဘယ်ကျောင်းဖြစ်ဖြစ် သွားလို့ရတယ်။ လုံးဝမခက်ဘူး။
ရှမြန်က စိတ်ထဲတွင်
ထိုသို့ စဉ်းစားလိုက်သော်လည်း ဘာမှ မပြောလိုက်ချေ။ သူမက ကလေးကို
ရေချိုးခန်းထဲသို့သာ ချီသွားလိုက်တော့သည်။
အချိန်တိုအတွင်း
ပြောဆိုဆက်ဆံခဲ့ပြီးနောက်တွင် ကျန်းချီမင်ကို ကိုင်တွယ်ရ လွယ်ကူမည်မဟုတ်ကြောင်း ရှမြန်
သဘောပေါက်လိုက်သည်။ သူမက ကိုယ့်ဟာကို အနည်းငယ် ထိန်းချုပ်ထားပြီး ဘာဆက်ဖြစ်မည်ကို
စောင့်ကြည့်ရန် စဉ်းစားထားလိုက်သည်။
သူမက အလူမီနီယမ်ဇလုံထဲသို့ ရေနွေးကို
လောင်းထည့်လိုက်ပြီး ရှောင်ဖုန်းကို အဝတ်စား ချွတ်ပေးလိုက်ကာ ဇလုံထဲ
ထည့်ပေးလိုက်သည်။ သူမသည် နေ့လယ်ခင်းက ကလေးကို အပေါ်ယံသာ ဆေးကြောပေးခဲ့ရပြီး ကလေးကလည်း
အနည်းငယ် သန့်ရှင်းသည်ဆိုရုံ ရှိသည်။ အခုတော့ ရှမြန်သည် ကလေးကို သေသေချာချာ
ရေချိုးပေးရန် စဉ်းစားလိုက်၏။
သူသည်
ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ရှိနေသဖြင့် ရေချိုးတဘက် သုံးလို့မရချေ။ ရှမြန်က
သူ့ကို လက်နှင့်သာ နည်းနည်းချင်း ပွတ်တိုက်ပေးပြီး နောက်ဆုံးမှ ဆပ်ပြာဖြင့်
ဆေးကြောပေးလိုက်သည်။ ရှောင်ဖုန်းသည် နှစ်ဆလောက် ဖြူဖွေးလာ၏။
ဟုတ်ပါသည်။
ခန္ဓာကိုယ်ပေါ်က ပွန်းပဲ့ဒဏ်ရာများကလည်း ပိုပြီး မြင်သာလာသည်။
ရှောင်ဖုန်းက
ရှမြန်၏လက်မောင်းထဲသို့ တိုးဝေ့လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ “ရှောင်ဖုန်းက
လိမ္မာပါ့မယ်၊ အန်တီလေး စာသင်တာကို မနှောင့်ယှက်ပါဘူး”
သူသည် သူမ
ကျောင်းသွားလျှင် သူ့ကို စောင့်ရှောက်နိုင်မည်မဟုတ်ဟု ကျန်းချီမင်
ပြောခဲ့သည့်စကားကို စဉ်းစားနေဆဲ။
ရှမြန်က ကျိတ်ပြီး
သက်ပြင်းချလိုက်၏။ သည်လောက် ငယ်ရွယ်သည့် ကလေးတစ်ယောက်တွင် အရိုးထဲအထိ စွဲနေသည့်
သတိရှိနေသည်။
ကလေးကို
သန့်ရှင်းသည့် တဘက်ကြီးတစ်ထည်ဖြင့် ပတ်ထားပေးလိုက်ပြီး ရှမြန်က သူ့ပါးလေးကို
နမ်းလိုက်ကာ ပြောလိုက်၏။ “အန်တီလေးက သိပါတယ်၊ အန်တီလေး ကျောင်းသွားရင်တောင် သားကို
ဒီမှာ မထားခဲ့ပါဘူး”
ရှောင်ဖုန်းသည်
စိတ်အေးသွားသလို သက်ပြင်းချလိုက်လေသည်။ ရှမြန်က ရယ်မောလိုက်ပြီးနောက် တဖန်
ဝမ်းနည်းသလို ခံစားမိလိုက်သည်။ သူမသည် ထိုအောက်တန်းစားများကို အနိုင်ကျင့်ရင်း တစ်နေ့လုံး အလုပ်များနေခဲ့ရာ သူမ၏အခြေအနေက ဘာဖြစ်နေသည်ကိုပင် မသိခဲ့ချေ။
အခုတော့ သူမသည် ဒါက
အိပ်မက်တစ်ခု လုံးဝမဟုတ်မှန်း အခြေခံအားဖြင့် သေချာနေသည်။ သူမသည် ပြန်သွားပြီး
မူလခန္ဓာကိုယ် ပြန်ရောက်လာလျှင် ကလေးက စာအုပ်ထဲအတိုင်း ဇာတ်သိမ်းသွားလောက်သည်။
သို့မဟုတ်လည်း သူမကြောင့် ပိုပြီးတော့ပင် သနားစရာ ကောင်းသွားနိုင်သည်။
ငါ ဒါကို
လျစ်လျူရှုမထားနိုင်ဘူး...
ရှမြန်က ကလေးကို
လက်မောင်းတွင် ချီကာ ထရပ်လိုက်၏။ သူမသည် ရုတ်တရက်ဆိုသလို မျက်လုံးထောင့်မှ
အနီရောင်ကို ဖျတ်ခနဲ မြင်လိုက်ရလေသည်။ သူမက လှည့်ကြည့်လိုက်တော့ အလင်းရောင်ကြောင့်
မျက်လုံးများ ကျိန်းသွားတော့သည်။
ရဲရဲတောက်နီနေသည့်
အကြေကောက်ဆံပင်နှင့် သူမ၏မျက်နှာ တဝက်ကို ဖုံးလုနီးပါးဖြစ်နေသည့်
ရှေ့ဆံပင်ထူထူနှင့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။
ဒီနေ့
ငါ့မျက်လုံးရှေ့က ဆံပင်တွေကို ဖယ်လို့မရတာလဲ မဆန်းတော့ဘူး။ ဒီအီမိုကေက ဘယ်က
ရောက်လာတာတုန်းဟဲ့။
ကောင်မလေးက
ကြောင်အမ်းအမ်း ဖြစ်နေပြီး ဖြူဖြူဆွတ်ဆွတ် လိမ္မာသည့် ကလေးတစ်ယောက်က
သူမ၏ခေါင်းလေးကို မှီထားလေသည်...။
ရှမြန်က
သူမ၏မျက်လုံးများကို တင်းနေအောင် မှိတ်ထားလိုက်ပြီး မျက်လုံးများကို
ပြန်ဖွင့်လိုက်ချိန်တွင်တော့ အမှန်တရားနှင့် ရင်ဆိုင်လိုက်ရတော့သည်။ မှန်ထဲက
ထိုအီမိုကေနှင့်လူမှာ သူမကိုယ်တိုင် ဖြစ်နေတော့သည်။
သူမ၏စိတ်ထဲတွင်
ပေါ်လာသည့် ပုံရိပ်ကတော့ သူမ၏ မူလခန္ဓာကိုယ်သည် မြို့ကိုလာရန် ‘အမိမိုက်ဆုံး’နှင့်
‘ခေတ်အစားဆုံး’ ဆံပင်စတိုင်လ်ကို ရဖို့ရန် စီရင်စုက အကောင်းဆုံး ဆံသဆိုင်ကို
သွားခဲ့ခြင်းပင်။
ရှမြန်: ...
သည်နေ့ သူမသည်
သည်လိုနီတောက်နေသည့် အကြေကောက်ဆံပင်ဖြင့် အမှန်ပင် ပတ်သွားခဲ့လေသည်။
ရှမြန်သည် လူများက သူမကို ကြည့်သည့် မသိမသာအကြည့်များကို ပြန်စဉ်းစားလိုက်ပြီး
သူမ၏ခြေချောင်းများမှာ ရှက်မိသဖြင့် ကွေးတက်သွားလေသည်...။
ငါက တကယ့်ကို
နတ်သမီးလေးပါဟယ်။ ဘယ့်နှယ် ဒီလို နာကျင်မှုကြီး သည်းခံနေရမှာလဲ... ဝူးဝူး...
“အန်တီလေး”
ရှောင်ဖုန်းက သူမကို ဇဝေဇဝါနှင့် ကြည့်နေသည်။
ရှမြန်သည်
သတိပြန်ဝင်လာပြီး ရှောင်ဖုန်းကို မျှော်လင့်တကြီး မေးလိုက်တော့သည်။ “အန်တီလေးက
ကြောက်ဖို့ကောင်းလား”
ရှောင်ဖုန်းက
တွေဝေမနေဘဲ ပြောလိုက်၏။ “အန်တီလေးက အလှဆုံးပဲ၊ အန်တီလေးက ကောင်းကင်က ကျလာတဲ့
နတ်သမီးနဲ့ တူတယ်”
အမြင်ကျယ်သားပဲ။
နင်လေးက အရင်ဘဝတုန်းက ပါရမီရှင် ပန်းချီဆရာတစ်ယောက်ပဲ။ နင်လေးရဲ့ ရသာခံစားချက်က
လုံးဝ ပြဿနာရှိမှာ မဟုတ်ဘူး။
ကလေးကို
အခန်းထဲသို့ ပြန်ချီလာပြီးနောက်တွင် ရှမြန်က သူမ၏လက်ဖြင့် ဆံပင်ကို
ဆုပ်ကိုင်ကြည့်လိုက်တော့ ဆံပင်တစ်ဆုပ်ကို ဆုပ်ကိုင်ထားနိုင်မှန်း တွေ့လိုက်ရသည်။
သို့သော်လည်း ပြဿနာက အီမိုကေသည် ခေါင်းစည်းကြိုးတစ်ခု မလိုခြင်းပင်...
ထားလိုက်ပါလေ။
မနက်ဖြန်ကျရင် ဆံပင်ကို အနက်ရောင် ပြန်ဆိုးလိုက်ပါမယ်။
ရှမြန်က ကလေးကို
ဆေးလိမ်းပေးလိုက်သည်။ ကလေးက အမှတ်တမဲ့ သမ်းဝေလိုက်သော်လည်း သူ့မျက်လုံးများကို
မှိတ်မသွားအောင် ကိုယ့်ဟာကို အားတင်းထားရသည်။ ရှမြန်၏မျက်ခွံများကလည်း လေးလံလာသည်။
သည်နေ့ တနေ့လုံး
ချိနဲ့သည့် ခန္ဓာကိုယ်ကို ဆွဲသွားနေရပြီး စိတ်ကိုလဲ တင်းထားခဲ့ရသည်။ အခုတော့
သူမသည် အလွန်မှ ပင်ပန်းနေသဖြင့် အိပ်ရန်
ကလေးကိုသာ ပွေ့ဖက်ထားလိုက်တော့သည်။
ရှောင်ဖုန်းက
သူ့လက်မောင်းသေးသေးလေးဖြင့် သူမ၏လည်ပင်း သိုင်းဖက်ထားပြီး သူမ၏ မျက်လုံးအောက်ခြေတွင် အနွေးဓာတ်
တိုးလာ၏။ အသက် ၅နှစ်အရွယ်ကလေးတစ်ယောက်အတွက် ကောင်းကောင်းစား၊ နွေးနွေးထွေးထွေး
ဝတ်၊ ပုံမှန် အိပ်စက်ပြီး အရိုက်မခံရခြင်းက ပျော်ရွှင်စရာဟု သူမ
ခံစားမိလိုက်လေသည်...။
“ငါတို့တွေ အခုမှ
အစပဲ ရှိသေးတယ်” ရှမြန်က သူ့ခေါင်းလေးကို ထိကိုင်လိုက်ပြီး “အနာဂတ်မှာ ငါတို့တွေ
ပိုပြီး ပျော်ရွှင်ရလိမ့်မယ်”
ရှောင်ဖုန်းက
သူ့နှုတ်ခမ်းလေးကို တင်းထားလိုက်ပြီး မျှော်လင့်နေသည့်အပြုံးတစ်ခု ထုတ်ပြလိုက်၏။
ရှမြန်၏ နှလုံးသားမှာ အရည်ပျော်သွားပြီး သူမသည် သည်ကလေးကို သူမ၏ရင်ခွင်ထဲတွင် ထည့်ထားပြီး
သည်ဝံပုလွေသားရဲဂူထဲကနေ သေချာပေါက် ခေါ်သွားရလိမ့်မည်ဟု
စဉ်းစားထားလိုက်တော့သည်။
ကျန်းချီမင်။
ဟွမ်ရှောင်ကျွမ်း။ စောင့်နေလိုက်တော့။
...