အပိုင်း ၉
Viewers 431

အပိုင်း(၉)

ရှမြန်သည် သည်စိတ်နှလုံးမည်းညစ်လှသည့် လင်မယားကို မည်သို့ ဖြေရှင်းရမည်ကို စဉ်းစားနေလေသည်။ သို့သော် သူတို့ကလည်း သူမကို မည်သို့ဖြေရှင်းရမည့်အကြောင်း တိုင်ပင်နေကြသည်ကိုတော့ သူမ မသိချေ။

ဟွမ်ရှောင်ကျွမ်းသည် နောက်ဆုံးတော့ ရွှမ်းရွှမ်းကို ချော့သိပ်လိုက်ပြီး သူမ၏ယောက်ျားကို ဂရုတစိုက် ကြည့်လိုက်ကာ ပြောလိုက်၏။

“ချီမင်...”

ကျန်းချီမင်က သူမကို ခဏလောက် တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီးနောက် ရုတ်တရက် သူမ၏ အရှိုက်ကို ခပ်နာနာ ထိုးပစ်လိုက်၏။

သည်တစ်ကြိမ်တွင်လည်း အပြင်လူများအတွက် အစောပိုင်းက ဟန်ဆောင်ခြင်းနှင့် မခြားပေ။ ဟွမ်ရှောင်ကျွမ်း၏မျက်နှာက နာကျင်မှုကြောင့် ဖြူဆုတ်သွားသော်လည်း သူမသည် ပခုံးကို ကွေးထားလိုက်ပြီး လုံးဝ မခုခံချေ။

ထို့အစား သူမက ကျန်းချီမင်း၏လက်ကို ကပျာကယာ ဖမ်းဆွဲထားလိုက်ပြီး ပြောလိုက်၏။

“ကျွန်မ တောင်းပန်ပါတယ် ချီမင်၊ အဲကလေးမ ဘယ်လိုဖြစ်ပြီး အဲလောက်အများကြီး သိနေလဲဆိုတာ ကျွန်မ တကယ်မသိတာပါ၊ သူက ဟိုတုန်းက ကျွန်မတို့နှစ်ယောက်ကြားမှာ ဖြစ်ခဲ့တဲ့အကြောင်းတွေကို ထုတ်ပြောလိုက်တဲ့အပြင် လျော်ကြေးအကြောင်းလဲ ပြောသေးတယ်၊ ကျွန်မက အပြစ်တွေကို ရှချွန်းအပေါ် ပုံချချင်ဇောနဲ့... နောက်ပြီး ရဲတွေကလည်း ကျွန်မကို ခေါ်သွားချင်နေတာ၊ ဒါနဲ့ ကျွန်မလည်း အရမ်းကြောက်သွားပြီး ကြံရာမရဖြစ်သွားတာ၊ ကျွန်မ တကယ် မရည်ရွယ်ပါဘူး...”

ကျန်းချီမင်သည် ဘာမှဂရုမစိုက်ဘဲ မျက်နှာသေနှင့် သူမကို ထိုးကြိတ်လိုက်လေသည်။ ဟွမ်ရှောင်ကျွမ်းသည် မလှုပ်ရဲဘဲ ငိုယို တောင်းပန်ရင်း နာကျင်မှုကို သည်အတိုင်း သည်းခံနေလိုက်၏။

“ချီမင်၊ အစ်ကိုချီမင်... ကျွန်မ မှားသွားပါတယ်၊ ကျွန်မ နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး...”

သူမက နောင်တရပြီး မျက်ရည်များ ဖြိုင်ဖြိုင်ကျလာတော့မှ ကျန်းချီမင်က သက်ပြင်းချလိုက်ပြီး သူမကို ပွေ့ဖက်ထားလိုက်ကာ “မင်း မရည်ရွယ်ဘဲ လုပ်ခဲ့တာ ငါ သိပါတယ်၊ ဒါပေမဲ့ မင်း ဒီလိုလုပ်လိုက်တာ အရမ်းမှားတယ်၊ မင်း မသိဘူးလား”

“ရှမြန်က ရူးသွားတာကို မြင်နေတဲ့ဟာကို မင်းက သူ့ကို နားမချဘဲ သူ့ကို သွားဆွပြီး လူရှေ့မှာ သူ ပေါက်ကရတွေ လျှောက်အော်နေတာ ခွင့်ပြုထားခဲ့တယ်၊ ရဲတွေ ငါတို့ကို မဖမ်းဘူးဆိုရင်တောင် တချို့လူတွေရဲ့ မျက်လုံးထဲမှာ ငါတို့တွေက လူသ-တ်သမား ဖြစ်သွားပြီ၊ နောက်ဆိုရင် ဒီဝင်းထဲမှာ မင်းက ငါတို့တွေကို ဘယ်လို နေသွားစေချင်တာလဲ”

ဟွမ်ရှောင်ကျွမ်းက မြန်မြန် ခေါင်းညိတ်ပြလိုက်ပြီး “ကျွန်မ သိပါပြီ၊ ချီမင်၊ ကျွန်မ ဒီကိစ္စကို ရှင့်ကို မထိခိုက်စေရပါဘူး၊ ရှင် ဒီကိစ္စကို ကျွန်မအပေါ်ပဲ ပုံချလိုက်ပါ၊ ကျွန်မ ရှင့်ကို အရမ်းချစ်တာပါ၊ ဒီတော့ ရှင့်အရင်မိန်းမရဲ့ ကလေးကို မကြည့်နိုင်ဘူး၊ ရှင် မရှိတဲ့အချိန်မှာ ကျွန်မ သူ့ကို နှိပ်စပ်ခဲ့တယ်၊ ရှင်က ဘာတစ်ခုမှ မသိပါဘူး၊  ရှမြန်က ရှင့်ကို ထပ်ပြီး တရားစွဲချင်တယ်ဆိုရင်တောင်...”

“အဲလောက် မပြင်းထန်သေးပါဘူး” ကျန်းချီမင်က သူမကို စကားဖြတ်ပြောလိုက်ပြီး သူမ၏ဆံပင်ကို ထိလိုက်ကာ သူမကို တင်းကြပ်နေအောင် ဖက်ထားလိုက်၏။ “ဘယ်သူက ကိုယ့်ကလေးတွေကို မရိုက်လို့လဲ၊ ရှမြန်က ဒီအတိုင်း ရွှီးလုံးထုတ်နေတာ၊ မကြောက်နဲ့၊ ငါ မင်းကို ကူညီမှာပေါ့၊ မင်း မတရား ခံရမှာကို ငါက ဘယ်လိုလုပ်ပြီး ခွင့်ပြုထားရက်မှာလဲ၊ ဒီနေ့ မင်းကို လွှတ်ပေးဖို့ ငါ လူတစ်ယောက်ကို ဆက်သွယ်ခဲ့တယ်၊ မနက်ဖြန်ကျရင် သူ တရားမစွဲရဲအောင် ငါ လုပ်နိုင်တယ်”

ဟွမ်ရှောင်ကျွမ်းက အသံထွက်ကာ အော်ရယ်လိုက်ပြီး ပြောလိုက်၏။ “ချီမင် ရှင်လေ အရမ်းကောင်းတာပဲ”

သူတို့နှစ်ယောက်သည် အချိန်တစ်ခုအထိ  အတူတူ ကုန်ဆုံးလာခဲ့ကြသည်။ ဟွမ်ရှောင်ကျွမ်းက သူမ၏နာကျင်နေသည့် ဗိုက်ကို ထိကိုင်လိုက်ပြီး မနေနိုင်ဘဲ မေးလိုက်လေသည်။ “ကျွန်မတို့တွေ သူ တရားမစွဲရဲအောင် ဘယ်လို လုပ်ကြမှာလဲ၊ သူ့ပုံက အရမ်းရက်စက်ပြီး လက်လျှော့မဲ့ပုံ မပေါ်ဘူး”

ကျန်းချီမင်က သူ့မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ပြီး “သူက အခုမှ အသက်၁၆နှစ်အရွယ် ကလေးမတစ်ယောက်ပဲ၊ သူ့ဆံပင်နဲ့ ဝတ်စားပုံကို ကြည့်ပြီး သူက ဆိုးသွမ်းတဲ့ ကလေးမလေးဆိုတာ ပြောနိုင်တယ်၊ မင်း ပြောပုံအရဆိုရင် သူက တိုက်ခိုက်တဲ့နေရာမှာလဲ အရမ်းတော်တယ်ဆို၊ သူ့ကို လူမိုက်ဂိုဏ်းသားတစ်ယောက်လို့ပြောရင် မင်း ယုံလား၊ ဒီနေ့ အားလုံးက သူ့ဘက်မှာ ရပ်တယ်ဆိုတာကလဲ သူတို့တွေက ရှောင်ဖုန်းအတွက် စိတ်မကောင်းဖြစ်ကြလို့ပါ”

“သူ လုပ်ထားတဲ့ ကောလာဟလတွေကတော့...” ကျန်းချီမင်သည် ထိုစကားကို ပြောလိုက်ချိန်တွင် ဟွမ်ရှောင်ကျွမ်းသည် မနေနိုင်ဘဲ မလုံမလဲဖြစ်သွားတော့သည်။

အစကတော့ သူတို့၏ဆက်ဆံရေးကို ရှမိသားစု မသိအောင် သေသေချာချာလေး ဖုံးကွယ်ထားခဲ့သည်။ သူမ၏မိသားစုကသာ...

အစပိုင်းကတော့ ကျန်းချီမင်နှင့် သူမ၏ဆက်ဆံရေးက အားလုံး ခန့်မှန်းချက်နှင့် တထပ်တည်းပင်။ သူက ဟွမ်းကန်းက ကေဒါတစ်ယောက်ဟု သူမက ထင်ခဲ့ပြီး ကျန်းချီမင်ကတော့ သူမကို အလုပ်သမား လင်မယား၏ တဦးတည်းသော ကလေးဟု ထင်ခဲ့သည်။

ထိုအချိန်တွင် ကျန်းချီမင်က သူမကို စွန့်ပစ်ချင်ခဲ့မှန်း သိလိုက်ရသဖြင့် သူမက ရှချွန်းထံသို့ ဓာတ်ပုံပို့ခဲ့ခြင်းပင်။ ထင်မထားဘဲ ရှချွန်းက သည်လိုနှင့် ဆုံးပါးသွားခဲ့သည်။ သူမလည်း ထိုအချိန်က အလွန်မှ ကြောက်လန့်သွားပြီး နတ်ဆိုးတစ်ယောက်လို ထပ်ပြီး မပြုမူရဲခဲ့ချေ။ အကြောင်းမှာ သူမသည် ရွှမ်းရွှမ်းကို ကိုယ်ဝန်ဆောင်ထားခဲ့ရသောကြောင့်လည်း ပါသည်။

ဟွမ်မိသားစုက ဘာကိုမှ ဂရုမစိုက်တော့ဘဲ ပြဿနာစရှာကြပြီး ကျန်းချီမင်ကို လာရှာသည့် ရှမိသားစု၏ ဒုတိယဦးလေးထံတွင် လက်ပူးလက်ကြပ် မိသွားခဲ့သည်။ ထိုအခါမှ သူသည် ဖြစ်ရပ်မှန်ကို သိခဲ့ရသည်။ တစ်ဖက်လူက လောဘကြီးသူတစ်ယောက်ဖြစ်ပြီး သူ့ကို ငွေဖြင့် နှုတ်ပိတ်ထားခဲ့သော်လည်း မည်သူက ဒါကို အာမခံပါမည်နည်း။

ကျန်းချီမင်က သူမကို လှမ်းကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ “ဒါကို ဖုံးကွယ်ထားလို့မရတော့ဘူးဆိုတော့အာရုံပြောင်းအောင် လုပ်ရုံပေါ့၊ သူ ဒီနေ့ တစ်ခုထက် ပိုပြောခဲ့တာပဲ၊ တစ်ခုက မှားနေသ၍ သူပြောသမျှ အားလုံးက အမှားဖြစ်သွားနိုင်တယ်”

“မင်းအမေ မိသားစုထဲမှာ အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကို ဘယ်သူ သိမှာလဲ၊ သက်သေလိုက်ပေးနိုင်မဲ့ ရှောင်ရှ ရှိသေးတယ်မလား၊ လျော်ကြေးကတော့ ပိုပြီးတော့တောင် မရေရာသေးတယ်၊ ဘယ်ကားသမားက ယွမ် ၄၀.၀၀၀၊ ၅၀,၀၀၀ တတ်နိုင်မှာလဲ”

ဟွမ်ရှောင်ကျွမ်းက ကျန်းချီမင်ကို မကြည့်ရဲချေ။ ဒီနေ့ ရှမြန်ကို တံခါးအပြင်ဘက်တွင် ပိတ်ထားချိန်က သူသည် သူမ၏မိဘအိမ်အကြောင်း အားလုံးကို ပြောခဲ့ပြီးသည့်အကြောင်းကို သူ့ကို မပြောပြရဲချေ။

ကျန်းချီမင်သည် ဒေါသထွက်လာမည်ကို အမှန်တကယ် ကြောက်ရွံ့နေမိသဖြင့် ရှမြန်က ထိုအကြောင်းကို အကျဉ်းပဲပြောပြော အသေးစိတ်ပြောပြော အားလုံးက အဓိပ္ပာယ်မရှိသည့် စကားသာ ဖြစ်ကြောင်း စိတ်ထဲတွင် ကိုယ့်ဟာကို ဖြေသိမ့်ထားလိုက်၏။

“ရှောင်ရှကို ပြောပြထားဖို့ မမေ့နဲ့အုံး” ကျန်းချီမင်က ညွှန်ကြားလိုက်သည်။ “မင်းတို့နှစ်ယောက် အချင်းချင်း ညှိထားသင့်တယ်၊ အိမ်နီးချင်းတွေ မေးတဲ့အခါ ဘာတစ်ခုမှ လွှတ်ခနဲ မပြောမိအောင် သတိထား”

ဟွမ်ရှောင်ရှ အကြောင်းပြောလိုက်သည်တွင် ကျန်းချီမင်သည် ရုတ်တရက် စိတ်ဝင်စားလာပြီး မေးလိုက်၏။ “ရှောင်ရှနဲ့ ဒေါက်တာနဉ်တို့ အဆင်ပြေကြရဲ့လား”

ဟွမ်ရှောင်ကျွမ်းသည် သူ ပျော်လာတာကို မြင်လိုက်သည်တွင် ဝင့်ကြွားလာတော့သည်။ “သူ ကောင်းကောင်း လုပ်နေတယ်ဆို ကြားတယ်၊ သူ့ကို ပြည်သူ့ဆေးရုံကို ပို့ပေးဖို့ အချိန်ပေးပြီး လူရှာခဲ့တာ တန်သွားပြီ”

ကျန်းချီမင်က အမှန်ပင် ဝမ်းသာနေသည်။ “ငါက သူ့ခဲအိုပဲ၊ သူက စိတ်ပါနေသရွေ့ ငါက သေချာ‌‌ပေါက် သူ့ကို အကောင်းဆုံးဖြစ်အောင် ကူညီရမှာပေါ့၊ အခုလိုပေါ့၊ သူက ဒေါက်တာနဉ်နဲ့ မိတ်ဆွေဖြစ်သွားပြီ၊ သူက ‌ဒေါက်တာနဉ်ကို မိသားစုဝင်းထဲမှာ လမ်းခေါ်လျှောက်နိုင်အောင် လုပ်နိုငသရွေ့ ဘယ်သူက ဒေါက်တာနဉ်ရဲ့ အမြင်ကို မေးခွန်းထုတ်ရဲမှာလဲ”

“ဟုတ်တယ်၊ ဒေါက်တာနဉ်က သူ့မိတ်ဆွေတွေနဲ့ ပတ်သက်လာရင် အရမ်းကြေးများတာ၊ သူ ဒီကို ရောက်တာ နှစ်လ ရှိသွားပြီ၊ ဒါပေမဲ့ ကျွန်မ သူ့ကို တစ်ယောက်ယောက် နဲ့ တစ်ခါမှ တွဲပြီးမတွေ့ဖူးသေးဘူး၊ သူက အားလုံးကို အမြဲတမ်း ခပ်တန်းတန်းပဲ နေတာ” ဟွမ်ရှောင်ကျွမ်း၏မျက်လုံးများက လင်းလက်လာ၏။

“ဒေါက်တာနဉ်ရဲ့ မိသားစုက အရမ်းချမ်းသာတယ်လို့ ပြောကြတယ်၊ အမှန်ပဲလား”

ကျန်းချီမင်က သူမကို လှမ်းကြည့်လိုက်ပြီး လျှို့ဝှက်နက်နဲဟန်ဖြင့် မေးလိုက်သည်။ “သူ့လက်ပေါ်က နာရီကို သိလား”

“အင်း”

“ကောင်းယုံဖန်း ပြောတာတော့ အဲဒါ နာမည်ကြီး Swissနာရီ၊ ကြယ်အဆင့်ရှိတဲ့ Rolexတဲ့၊ ၂၀၀,၀၀၀ကျော် တန်တယ်တဲ့”

ဟွမ်ရှောင်ကျွမ်းသည် ဟင်ခနဲ ဖြစ်သွားတော့သည်။ “၂၀၀,၀၀၀ ကျော်...”

သူတို့တွေက လွန်ခဲ့တဲ့ ၅နှစ်က အိမ်ကို ယွမ် ၃၀,၀၀၀ကျော်ပဲ သုံးခဲ့ရတာ။ သူမရဲ့ဘဝမှာ ဒါကို တခါမှ မမြင်ဖူးခဲ့ဘူး။ ဒါပေမဲ့ သူကတော့ သူ့လက်ပေါ်မှာ ဝတ်ထားတာတဲ့....။

ကျန်းချီမင်က သူ့စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ခဲ့ချေ။ “ဒါပေမဲ့ ဒီအကြောင်းကို တခြားသူတွေကို မပြောပြနဲ့နော်၊ ဒီနေရာက လူအများစု ဒါကို မမြင်တတ်ဘူး”

ဟွမ်ရှောင်ကျွမ်းက မြန်မြန်ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။ “ကျွန်မ အဲလောက် မအပါဘူး၊ ကျွန်မ ရှောင်ရှကိုပဲ ပြောပြလိုက်မယ်” တစ်ယောက်ယောက်ကသာ ထိုအကြောင်းကို သိသွားကြလျှင် သူတို့အားလုံးက သူမနှင့်ပြိုက်ကာ မျက်နှာလုပ်ရန် ကြိုးစားကြလိမ့်မည်။ သူတို့၏အလှည့် ရောက်လာလိမ့်မည်မဟုတ်ချေ။

“ရှမြန်ကိစ္စကိုတော့ စိတ်မပူနဲ့” ကျန်းချီမင်က အလုပ်ကိစ္စကို စကား ပြန်ရောက်လာ၏။ “သူက ကိုယ့်ဟာကိုယ်တောင်မစောင့်ရှောက်နိုင်တဲ့ လူမိုက်ဂိုဏ်းသား တစ်ယောက်ပဲ၊ အားလုံးက သူ့ကို မုန်းပြီး သူ့ကို အထင်သေးနေသရွေ့ ဘယ်သူမှ သူပြောတဲ့စကားကို ယုံမှာမဟုတ်ဘူး”

“သူက ဘယ်လိုဖြစ်ပြီး လက်ခံနိုင်စရာ ရှိမှာလဲ...” ဟွမ်ရှောင်ကျွမ်းက တုံ့ပြန်လိုက်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။ “ဟုတ်နေပါပြီ၊ ရှင့်မှာ နည်းလမ်းတစ်ခု ရှိသေးတာပဲ”

ထိုသို့ ပြောလိုက်ပြီးနောက် သူမက မျှော်လင့်တကြီး ထပ်ပြောလိုက်၏။ “ရှောင်ဖုန်း ကိစ္စကရော...” နောက်ဆုံး သူမသည် ကလေးတစ်ယောက်ကို နှိပ်စပ်ညှဉ်းပန်းသူဟု ရက်စက်သည့်နာမည်ဆိုးကြီးကို သည်းမခံနိုင်သေး‌ချေ။

ကျန်းချီမင်က မျက်မှောင်ကြုတ်ထားလိုက်ပြီး “မင်းက ရှောင်ဖုန်းကိစ္စမှာ မင်းအမှားတွေကို စိတ်ရင်းနဲ့ တောင်းပန်ပြီး မင်းရဲ့နည်းလမ်းတွေကို ပြင်ဆင်ရမယ်၊ အဲကလေးမက လက်လျှော့ဖို့ ငြင်းနေရင် သူ့ကို ဆက်ပြီး ပြဿနာရှာခိုင်းထားလိုက်၊ လူတွေက သူ့ကို စိတ်ပျက်သွားမလား၊ ကိုယ်ချင်းစာအုံးမလားဆိုတာတော့ ခဏနေရင် မြင်ရလိမ့်မယ်”

“အဓိကက သူ အိမ်မှာ ပြဿနာရှာမှာ စိုးရိမ်ရတယ်” ဟွမ်ရှောင်ကျွမ်းက သူမခန္ဓာကိုယ်ပေါ်က ပွန်းပဲ့ဒဏ်ရာများကို ထိကိုင်လိုက်ပြီး မနေနိုင်ဘဲ ကြိတ်မှိတ်နေလိုက်ကာ “ရှင် မမြင်ခဲ့လို့နော်၊ အဲကလေးမက သူ ကျွန်မနဲ့ သဘောထား မတိုက်တဲ့အခါ တကယ် ဒုက္ခများတာ”

ကျန်းချီမင်က ဂရုမစိုက်ချေ။ “ဒါက အခုမှ မွေးခါ အကောက်ပေါက်လေးပဲ၊ ကျားတစ်ကောင်မှ မဟုတ်တာ၊ ဒီတော့ သူက နမော်နမဲ့ လုပ်ရဲတာပေါ့၊၊ ငါ အခုတလော အလုပ်ကိစ္စ ခရီးထွက်စရာရှိတယ်၊ နောက်ပြီး ရွှမ်းရွှမ်းကို ခေါ်ပြီး မင်းမိဘအိမ်ကို ပြန်သင့်တယ်၊ သော့တွေနဲ့ ပိုက်ဆံတွေကို သိမ်းထားလိုက်၊ နောက်ပြီးရင်တော့ မြို့မှာ ဆက်နေဖို့ သူ ဘယ်သူ့ကို အားကိုးရမယ်ဆိုတာ သိသွားလိမ့်မယ်”

“သင်ခန်းစာရသွားတာနဲ့ သူလည်း အလိုလို ကိုယ့်ဟာကိုယ် လိမ္မာတတ်သွားလိမ့်မယ်”

ကျန်းချီမင် ပြောလိုက်သည့် စကားကို ကြားလိုက်ပြီးနောက်တွင် ဟွမ်ရှောင်ကျွမ်းသည် စိတ်အေးသွားသလို ခံစားလိုက်ရပြီး ဝမ်းသာအားရ ဖြစ်သွားတော့သည်။ “ကျွန်မ မနက်ဖြန်ကျရင် သူ့ကို ပညာပေးရလိမ့်မယ်”

-

ရှမြန်သည် သူမ၏မျက်လုံးများကို ဖွင့်လိုက်ချိန်တွင်တော့ အပြင်ဘက်တွင် လင်းချင်းနေပြီဖြစ်သည်။ သူမက ငုံ့ကြည့်လိုက်တော့ အပြစ်ကင်းစင်လှသည့် မျက်လုံးဝိုင်းတစ်စုံနှင့် သွားဆုံသည်။ ရှောင်ဖုန်းက သူမ နိုးလာသည်ကို မြင်တော့ တောက်ပနေအောင် ပြုံးပြလေသည်။

“အန်တီလေး”

ရှမြန်က ကိုယ်ကို ညွှတ်လိုက်ပြီး သူနဖူးလေးကို အနမ်းပေးလိုက်၏။ “ကောင်းသောနံနက်ခင်းလေးပါ ရှောင်ဖုန်း” ကလေးများနှင့် အနီးကပ်ထိတွေ့ခြင်းက သူတို့၏ စိတ်လုံခြုံမှု ခံစားချက်ကို တိုးမြှင့်ပေးနိုင်သည်ဟု တနေရာရာတွင် ဖတ်ခဲ့ဖူးသည်ကို သတိရသွားသည်။

ရှောင်ဖုန်းက အမှန်ပင် အလွန်ပျော်သွားသည်။ ရှမြန်က သူ့ဒဏ်ရာများကို စစ်ဆေးကြည့်ရန် ညအိပ်ဝတ်အဖြစ်သုံးထားသည့် သူဝတ်ထားသည့် တီရှပ်ကြီးကို ပင့်လိုက်၏။ အညိုအမည်းဒဏ်ရာများစွာက စတင်ပြန့်နေသည်။ သူက ထိုနေရာများကို အသာအယာ ဖိကြည့်လိုက်ပြီး ကလေးကို မေးလိုက်၏။ “နာလားဟင်”

ရှောင်ဖုန်းက ခေါင်းခါပြလိုက်ပြီး “မနာဘူး”

မနာပေ။ သို့သော်လည်း တခြားပြဿနာရှိနေသည်။

“ဂွီ....”

“ဂွီ...”

ရှောင်ဖုန်းနှင့် ရှမြန်တို့၏ ဗိုက်ထဲက အသံက ရှေ့ဆင့်နောက်ဆင့် ထွက်လာကြသည်။ ရှောင်ဖုန်းက သူ့ဗိုက်ကို သူ့လက်လေးများနှင့် စိုးရိမ်တကြီး အုပ်ထားလိုက်၏။ ရှမြန်၏ဗိုက်ကလည်း မြည်လာသည်ကို ကြားလိုက်သောအခါ သူ့မျက်နှာလေးပေါ်တွင် စိုးရိမ်သည့်ရုပ်တစ်ခု ပေါ်လာသည်။

“အန်တီလေး ရေနည်းနည်းသောက်လိုက်”

ရှန်မြန်၏မျက်လုံံးများက ညိုမည်းသွားတော့သည်။ ကလေးက ဗိုက်ဆာနေချိန် ဘာလုပ်နိုင်မှာလဲ။ ရေသောက်ရုံပဲ ရှိမှာမလား။

သူမသည် ထိုအကြောင်းကို စဉ်းစားမိတော့ အနည်းငယ် စိတ်တိုသွားတော့သည်။ ရှောင်ဖုန်းသည် မနေ့ညနေ ၅နာရီလောက် ကြက်ဥနို့ပေါင်း ပန်းကန်လုံးတစ်ဝက်နှင့် ကြက်ပေါင်တချို့သာ စားခဲ့သည်။ သူမက ၉နာရီ၁၀နာရီလောက်တွင် ညလယ်စာ ကျွေးဖို့ အစက စဉ်းစားထားခဲ့သည်။ သူမကိုယ်တိုင် အများကြီး မစားခဲ့ရဘဲ အခုထိ အိပ်သွားလိမ့်မည်ဟု ထင်မထားခဲ့ခြင်းပင်။

အစားအသောက်အနံ့က လေထဲတွင် ပျံ့လွင့်နေ၏။ ရှမြန်က အိပ်ရာဘေး အလမ်းနာရီကို လှည့်ကြည့်လိုက်၏။ ၇နာရီခွဲ ရှိနေပြီဖြစ်သည်။ ကျန်းချီမင်က ၈နာရီခွဲ့တွင် အလုပ်သွားရသည်။ အမှန်ပင် အစား စားချိန်ဖြစ်သည်။

“လာ၊ အန်တီလေးက သားအတွက် အရသာရှိတာ လုပ်ပေးမယ်၊ ရေမသောက်ဘူး၊ အစား စားကြမယ်”

ရှောင်ဖုန်းသည် မနေ့က အဘွားလျို သူ့ကို ပေးထားသည့် အဝတ်အစားများကို ဝတ်ထားပြီး အဝါဖျော့ရောင် ဒေါ်နယ်လ်ဘဲရုပ် အင်္ကျီလက်တိုလေးနှင့် ဘောင်းဘီတိုလေးဖြစ်ရာ ကလေးက ပိုပြီး ဖြူဥကာ ချစ်စဖွယ်ကောင်းနေ၏။ ရှမြန်သည် မနေနိုင်တော့ဘဲ သူ့မျက်နှာလေးကို ခပ်ကြမ်းကြမ်း အနမ်းပေးလိုက်ပြီး ကလေးမှာ ချက်ချင်း ပြုံးရွှင်သွားလေသည်။

သူမသည် အခန်းထဲက ထွက်လာချိန်တွင် မိသားစု သုံးယောက်က ထမင်းစား စာပွဲတွင် ထိုင်နေနှင့်ပြီးဖြစ်ကာ ဆန်ပြုတ်၊ ပေါက်စီ၊ အသီးအရွက်ကြော်နှင့် အချဉ်တစ်ပန်းကန်ဖြင့် စားသောက်နေကြသည်။ ဟွမ်ရှောင်ကျွမ်းက နောက်ဆုံးကျန်သည့် ကြက်ဥပြုတ်ကို ခွာပေးနေကာ ရွှမ်းရွှမ်း၏ ပန်းကန်လုံး ငယ်လေးထဲ ထည့်ပေးလိုက်၏။

ကျန်းချီမင်ကလည်း စားသာက်ပြီးသွားကာ နောက်ဆုံး ထမင်းလုတ်ကို သူ့ပါးစပ်ထဲ မြန်မြန် သွပ်သွင်းလိုက်သည်။ သူက ထရပ်လိုက်ပြီး ဟွမ်ရှောင်ကျွမ်းကို အမိန့်ပေးလိုက်၏။ “ရှမြန်နဲ့ ရှောင်ဖုန်းတို့ နိုးလာပြီ၊ သူတို့အတွက် စားဖို့ ချက်ပေးလိုက်၊ မင်း ကလေးတွေကို ထပ်ပြီး အနိုင်ကျင့်ရဲကျင့်ကြည့်စမ်း ငါတို့တွေ တကယ် ကွာရှင်းရလိမ့်မယ်”

အဝတ်အစားဝတ်ပြီး ဖိနပ်လဲရင်း သူက ရှမြန်ကို တရင်းတနှီး ပြောလိုက်သည်။ “ငါ အလုပ်သွားတော့မယ်၊ ဒါနဲ့ ငါ နင့်အတွက် ကျောင်းနဲ့ စာပြပေးဖို့ ဆရာ မေးထားပေးမယ်၊ ငါတို့ စက်ရုံ ဒါရိုက်တာရဲ့သားက ကောလိပ်ကျောင်းသားလေ၊ မင်းအတွက် သူ့ကို ခေါ်ပေးလို့ရမလား မေးကြည့်လိုက်မယ်”

ထိုသို့ ပြောလိုက်ပြီးနောက် သူက စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရပြီး ရှောင်ဖုန်း၏ခေါင်းကို ထိလိုက်သော်လည်း ရှမြန်က သူမ၏ လျန်မြန်လှသည့် မျက်လုံးနှင့် လက်များကိုသုံးကာ လက်ကို ရှောင်လိုက်လေသည်။

ကျန်းချီမင်က ရှက်မသွားချေ။ ချစ်မြတ်နိုးဟန်ဖြင့် ပြောလေသည်။

“လိမ်လိမ်မာမာနဲ့ အိမ်မှာနေနော်၊ အဖေပြန်လာရင် သားအတွက် အရသာရှိတာ ဝယ်လာပေးမယ်”

ရှမြန်က ကြိတ်ပြီး သရော်လိုက်၏။ ကျန်းချီမင်ရဲ့ သရုပ်ဆောင် စွမ်းရည်ကတော့ တော်တော်လေး လက်တွေ့ကျပါရဲ့။ ဒါပေမဲ့ သူ သရုပ်ဆောင်နေတဲ့ လူက ပရော်ဖက်ရှင်နယ် အဆင့်မဟုတ်ဘူးလေ။

သူသာ တကယ် ဒေါသထွက်နေရင် ဟွမ်ရှောင်ကျွမ်းက အခုထိ အဲလောက် တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်စားနေနိုင်မှာလား။

သူထွက်သွားပြီးနောက်တွင် ဟွမ်ရှောင်ကျွမ်းက သူတို့အတွက် ချက်ပြုတ်ပေးရန် လုံး စိတ်ကူးမရှိချေ။

ဒါသည် ယုံကြည်မှုရှိသည့်ရှိုးတစ်ခုကို ပြနေခြင်းပင်။

ဪ....။

...