အပိုင်း (၁၀)
ရှမြန်သည်
လူများ၏စိတ်ကို ခန့်မှန်းရာတွင် မတော်သော်လည်း သည်တိရစ္ဆာန်များ၏ စိတ်ထဲက
ဆိုးညစ်မှုကိုတော့ သိနေသဖြင့် သူမက အဆိုးဆုံးကို ခန့်မှန်းထားလေသည်။
သည်လူနှစ်ယောက်ကို သူမကို ရှင်းထုတ်ရန် ကြံစည်နေခြင်း ဖြစ်ရမည်။
သူမက
ဟွမ်ရှောင်ကျွမ်းကို လျစ်လျူရှုထားလိုက်ပြီး မျက်နှာသစ်ရန် ရှောင်ဖုန်းကို
ရေချိုးခန်းထဲသို့ ခေါ်သွားလိုက်၏။ သူမသည် မှန်ထဲက အနီရောင်အကြေကောက်ဆံပင်ကို
မတော်တဆ မြင်လိုက်ရပြီး မျက်စိများပင် အောင့်သွားတော့သည်။
ဒီနေ့တော့
ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဒီဆံပင်ကို အရင်ဆုံး ဖြေရှင်းရမယ်။ ငါက
ငါ့ရဲ့နတ်သမီးလေးပုံစံ ဆက်ဖြစ်ချင်သေးတယ်လေ။
မျက်နှာသစ်ပြီးနောက်
ရှမြန်က ရေခဲသေတ္တာနားသို့ ချက်ချင်း သွားလိုက်သည်။
သူတို့ကို
မမြင်သလို သဘေားထားနေသည့် ဟွမ်ရှောင်ကျွမ်းသည် နောက်ဆုံးတော့ စကားပြောလာတော့သည်။
“နင် ဘာလုပ်မလို့လဲ”
ရှမြန်က ကျန်နေသည့်
ကြက်ဥလေးလုံးကို ထုတ်လိုက်ပြီး ပြောလိုက်၏။ “ချက်မလို့လေ၊ နင့် အပူလား”
ဟွမ်ရှောင်ကျွမ်းသည်
သူမက ကြက်ဥအများကြီး ထုတ်လာရဲသည်ကို မြင်လိုက်တော့ မဲ့ရွဲ့ပြီး ပြောတော့သည်။
“ဒါပေါ့၊ ငါ့အပူလေ၊ ကြက်ဥတွေကို ချထားလိုက်စမ်း”
“နင် ငါ့ကို
တရားမစွဲတော့ဘူးလား” ဟွမ်ရှောင်ကျွမ်းက ဒီအတိုင်း ထရပ်လိုက်ပြီး လှမ်းဆွဲလိုက်ကာ
“နင့်မှာ
သတ္တိရှိရင် ငါ့အစားအစာတွေ မစားနဲ့လေ”
ရှမြန်က
သူမ၏ခြေထောက်ကို ချက်ချင်း မ,လိုက်ရာ ဟွမ်ရှောက်ကျွမ်းမှာ အလိုလို
ရပ်သွားပြီး ဒေါသတကြီး ပြောလေ၏။ “နင်း ငါ့ကို ထပ်ရိုက်ရဲတယ်ပေါ့လေ”
“ဘာလို့
မရိုက်ရဲရမှာလဲ” ရှမြန်က မေးစေ့ကို ပင့်ပြလိုက်ပြီး “နင် စမ်းကြည့်ချင်လို့လား”
ဟွမ်ရှောင်ကျွမ်းသည်
သေချာပေါက် စမ်းကြည့်ရဲလိမ့်မည်မဟုတ်။ ရှမြန်က စိတ်မရှည်လက်မရှည်နှင့် သူမကို
ပတ်လျှောက်သွားလိုက်ပြီးမှ မီးဖိုချောင်သို့ သွားလိုက်၏။ “ငါ နင့်ကို တရားစွဲတာက
နင်က ကလေးကို နှိပ်စက်ညှဉ်းပန်းမှုကျူးလွန်ထားပြီး ဥပဒေချိုးဖောက်လို့ပဲ၊ ဒါက
ငါတို့ အစားစားတာနဲ့ ဘာဆိုင်လို့လဲ”
“နောက်ပြီးတော့ ဒီအိမ်ကို ငါ့အစ်မ
လျော်ကြေးနဲ့ ဝယ်ထားခဲ့တာပဲ၊ နင်တို့မိသားစု ပိုင်မပိုင်ဆိုတာ မရှင်းလင်းသေးပါဘူး”
ဟွမ်ရှောင်ကျွမ်းသည်
သူမက သည်ကိစ္စကို တစ်ဖန် အစဆွဲထုတ်လာသည်ကို ကြားလိုက်ရသောအခါ သူမ၏အသံက ရုတ်တရက်
၈ဆလောက် မြင့်တက်လာ၏။ “ငါ့အမေ မိသားစုကနေ ပိုက်ဆံချေးခဲ့တာ၊ နင့်အစ်မ လျော်ကြေးနဲ့
ဘာမှမဆိုင်ဘူး၊ လျှောက်စဉ်းစားမနေနဲ့”
အပြစ်ကို
ရှမြန်ပေါ်သို့ ပုံချလိုက်၏။ “နင် ပြောခဲ့တယ်လေ၊ နင်က ငါတို့အိမ်ကို
ပိုင်ချင်နေတာမလား၊ အဲလောက် ငယ်ငယ်လေးနဲ့ မကောင်းတဲ့ စိတ်တွေရှိနေတယ်၊ ငါတို့တွေ
နှစ်ရက်လောက်နေရင် နင့်ကို ပြန်ပို့မှာ”
“ကြိုက်တာလုပ်”
ရှမြန်က မျက်စောင်းနှင့်ကြည့်လိုက်၏။ သူမသည် ထမင်းစား စားပွဲကို ဖြတ်လာချိန်တွင်
စားပွဲပေါ်တွင် တစ်ဝက်ကျန်သေးသည့် နို့ပုလင်းကို တွေ့လိုက်ရပြီး သူမက
နို့ပုလင်းကို မီးဖိုချောင်ထဲသို့ တန်းယူသွားလိုက်၏။
“အဲဒါ
ရွှမ်းရွှမ်းဟာ” ဟွမ်ရှောင်ကျွမ်းက ဒေါသထွက်ထွက် ပြောလိုက်ပြီး “နင် အခု ချက်ချင်း မောင်းထုတ်ခံချင်နေတာလား”
ရှမြန်က
ကြက်ဥများနှင့် နို့ပုလင်းကို စင်းနှီတုံးပေါ် တင်လိုက်ပြီး ဒေါသထွက်သွားည့်
မျက်နှာထားနှင့် ဟွမ်ရှောင်ကျွမ်းကို ကြည့်ကာ ပြုံးပြလိုက်ပြီး “ငါ နင့်ကို
မေးရမှာ၊ တကယ်လို့ နင်တို့တွေက ငါ့ကို ဒီမှာနေခိုင်းပြီး စာကြိုးစားခိုင်းပြီးရင် ငါက နင်တို့ကို နှိပ်စက်ညှဉ်းပန်းမှုနဲ့
တရားစွဲလို့မရတော့ဘူးပေါ့”
“ဒါပေမဲ့ နင်
ငါ့ကို အခုချက်ချင်း မောင်းထုတ်မယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ငါလည်း
ကျောင်းတက်နိုင်မှာ မဟုတ်တော့ဘူးလေ၊
ငါ့ကျောင်းလခကို ရှေ့နေတစ်ယောက်ငှားဖို့ သုံးလို့ရတာပေါ့, ဒါပေမဲ့
အဲဒီအခါကျရင်တော့ ကလေးကို နှီပ်စက်ညှဉ်းပန်းရုံ မဟုတ်တော့ဘူး၊ ငါက နင့်ကို
လူသ-တ်မှုနဲ့လည်း တရားစွဲရလိမ့်မယ်”
ရှမြန်က
ဟွမ်ရှောင်ကျွမ်း၏ နမော်နမဲ့နိုင်မှုကို အခွင့်ကောင်းယူလိုက်ပြီး အေးဆေးနေသည့်
လေသံတစ်ခုဖြင့် သူမကို လိမ်ပြောလိုက်၏။ “လွန်ခဲ့တဲ့ လေးနှစ်လောက်က အမှုတစ်ခုကို
စုံစမ်းဖို့တော့ မလွယ်လောက်ဘူး၊ ဒါပေမဲ့ နင်နဲ့ ကျန်းချီမင်တို့က
ပြစ်မှုသံသယရှိသူတွေပဲ၊ ဒီတော့ အမှုကို စုံစမ်းလို့ မပြီးမချင်း နင်တို့တွေ
ထောင်ထဲမှာ နေရလိမ့်မယ်...”
“မနေ့က ငါ
ပြောခဲ့တဲ့စကားတွေ မှန်၊ မမှန်ဆိုတာ နင်
သိပါတယ်၊ သာမန်လူတွေကို စိတ်ရှုပ်ခံပြီး မေးနေမှာမဟုတ်ဘူးပေါ့၊ ဒါပေမဲ့
ရဲတွေကတော့ သေသေချာချာ စုံစမ်းလိမ့်မယ်၊ အချိန်တန်ရင်တော့ နင်တို့တွေ ထောင်ထဲက
ထွက်လာရင်တောင် နင်တို့ရဲ့အတိတ်ကို တစ်လျှောက်လုံး စုံစမ်းခံနေရအုံးမှာပဲ”
“ဟွမ်မိသားစု
အခြေအနေနဲ့ဆိုရင်တောင် အဲဒီအချိန်ကျရင် နင် အချင်ဟန်ဆောင်ရင်တောင်
ဖြစ်နိုင်တော့မှာ မဟုတ်ဘူး”
ဟွမ်ရှောင်ကျွမ်း၏
မျက်နှာက ပြောင်းလဲသွား၏။ အခိုက်တန့်အတွင်း ရှမြန်က သူတို့၏အစီအစဉ်ကို
မြင်နေရသည်ဟု ခံစားမိလိုက်တော့သည်။
ရှမြန်က သူမ၏ ရုပ်ဆိုးဆိုးမျက်နှာကို
မြင်လိုက်ချိန်တွင် သူမ၏အားနည်းချက်ကို ဖမ်းဆုပ်မိလိုက်သည်ကို
သိလိုက်တော့သည်။ ဟွမ်ရှောင်ကျွမ်းက သူမ၏မိသားစုနောက်ခံကို ဤမျှ အလေးထားလိမ့်မည်ဟု ထင်မထားခဲ့ချေ။
သူမက ရုပ်တည်နှင့်
ပြောလိုက်၏။ “ဒီတော့ နင် ငါ့ကို မောင်းထုတ်ချင်သေးလား”
ဟွမ်ရှောင်ကျွမ်းသည်
အချိန်တော်တော်ကြာအောင် အံကြိတ်ထားလိုက်ပြီး နောက်ဆုံးတော့
တစ်ခုခုကို စဉ်းစားမိသွား၏။
“နင် ငါ့ကို
တရားစွဲလေ၊ ငါက နင့်ကို တရားပြန်စွဲမှာပေါ့၊ နင် မနေ့က လုပ်ခဲ့တဲ့
ကိုယ်ထိလက်ရောက်ကျူးလွန်မှုက အသေးစားထိခိုက်မှု ဖြစ်ခဲ့တာပဲ၊ အသေးစား ထိခိုက်မှုက
ထောင်ထဲမသွားရပေမဲ့ သူတို့တွေက နင့်ကို လူငယ်ထိန်းသိမ်းရေးစင်တာကို ပို့လိမ့်မယ်”
ရှမြန်က
မျက်နှာမဲ့ထားလိုက်ပြီး “မနေ့က ရဲစခန်းက နင့်ကို ဒဏ်ရာနဲ့ပတ်သက်ပြီး မှတ်ချက် ရေးပေးလိုက်လို့လား၊
ဒီနေ့ နင့်ဒဏ်ရာတွေအားလုံးကို ကျန်းချီမင်ကြောင့် ဖြစ်ထားတာလေ၊ ဟုတ်တယ်မလား၊ မနေ့က
နင် အရမ်း သနားစရာကောင်းအောင် အော်ဟစ်နေတာ၊ အဆောက်အအုံထဲက လူတိုင်း နင့်အသံကို
ကြားတယ်၊ လူကောင်းလာပြီး နာမည်ဖျက်မနေနဲ့”
ဟွမ်ရှောင်ကျွမ်းသည်
ဒေါသထွက်ရလွန်းသဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။ သူမသည် ရှမြန်ကို
ခြိမ်းခြောက်ဖို့ရန် အချိန်တော်တော်ကြာအောင် ဘာတစ်ခုမှ ရှာမတွေ့နိုင်ဖြစ်နေလေသည်။
ထို့ကြောင့် သူမက ဒေါသထွက်ထွက်နှင့် ရွှမ်းရွှမ်းကို ဆွဲကာ အိပ်ရာခန်းထဲသို့ ဝင်သွားဖို့သာ
တတ်နိုင်တော့သည်။
နောက်ဆုံး
နားအေးသွားပြီဖြစ်သဖြင့် ရှမြန်က ချက်ပြုတ်ခြင်းကို အာရုံစိုက်ထားလိုက်၏။
သူမက
နို့၊ကြက်ဥနှင့် ဂျုံတို့ကို ရောကာ အနှစ်လုပ်လိုက်ပြီး ရှောင်ဖုန်းအတွက်
နို့ကြက်ဥကြော် လုပ်ပေးဖို့ စဉ်းစားလိုက်သည်။ မကြာမီတွင် မွှေးကြိုင်လွန်းသည့်
ရနံ့တစ်ခု လွင့်ပျံလာလေသည်။ ရှောင်ဖုန်းသည် တံတွေးကို မနေနိုင်ဘဲ မျိုချမိကာ
သူ့အစာအိမ်ကလည်း တဂွီဂွီမြည်လာ၏။
ရှမြန်က ဂရုတစိုက်
တစ်ဖဲ့လောက် ဖဲ့လိုက်ပြီး သူ့ကို လှမ်းပေးလိုက်သည်။ “သတိထားနော် ပူတယ်၊ ဒါ
စားပြီးသွားရင် ကျန်တဲ့တခြမ်းကို တန်းစားလို့ရပြီ”
ရှောင်ဖုန်းသည်
စားသောက်နေစဉ် အိပ်ခန်းတံခါးက ရုတ်တရက် ပွင့်လာ၏။ အနံ့ထွက်လာသဖြင့် ရွှမ်းရွှမ်းက
အနံ့နောက် လိုက်လာခြင်းပင်။ သူသည် ရှောင်ဖုန်းလို သတိမထားတတ်ချေ။ သူသည်
ရှောင်ဖုန်းကို အနိုင်ကျင့်နေကျဖြစ်ရာ ချက်ချမ်း လှမ်းဆွဲလိုက်၏။ “ခွေးကောင်၊ ဒါ
ငါ့ဟာ”
ရှမြန်က သူ့လက်ကို
တွန်းထုတ်လိုက်ပြီး အိပ်ခန်းတံခါးနားတွင် ရပ်နေသည့် ဟွမ်ရှောင်ကျွမ်းကို
ကြည့်လိုက်ပြီး
“နင့်သားကို
ဂရုမစိုက်တော့ဘူးဆိုတာ သေချာလား”
“နင် သူ့ကို
ရိုက်ရဲရိုက်ကြည့်လေ” ဟွမ်ရှောင်ကျွမ်းက မျက်ခုံးများကို ပင့်ထားလေသည်။
ခုနက
ဟွမ်ရှောင်ကျွမ်းသည် ငြင်းခုံရာတွင် အနိုင်မရခဲ့ချေ။ သူမသည် အိပ်ရာခန်းထဲတွင်
ထိုအကြောင်းကို စဉ်းစားလေလေ မွှန်းကြပ်လာလေလေ ဖြစ်လာ၏။ သူမက ရှမြန်ကို မည်သို့
ကိုင်တွယ်ရမည်ကို အချိန်အကြာကြီး သေချာစဉ်းစားလိုက်ပြီး အခုတော့ သူမ၏စိတ်ထဲတွင်
အစီအစဉ်တစ်ခု ရှိလာသည်။
ရှမြန်က
ပြဿနာရှာချင်နေတာမလား။ ဒါဆိုရင်တော့ သူ့ကို ကြိုက်သလောက် ပြဿနာ ရှာခွင့်ပေးရမှာပေါ့။
သက်ရောက်မှုက
မလုံလောက်မည်စိုးသဖြင့် သူမက တန်းတန်းမတ်မတ် သွားပြီး ရှမြန်
အခုမှလုပ်လေးတင်လုပ်ထားသည့် ကြက်ဥလိပ်တစ်ခုကို ရွှမ်းရွှမ်း၏ပါးစပ်ထဲ
ထိုးထည့်ပေးလိုက်သည်။
“နို့က အစကတည်းက
ငါတို့ရွှမ်းရွှမ်းရဲ့ဟာ၊ ကြက်ဥကလည်း ငါတို့မိသားစု ပိုင်တာ၊ တစ်ကိုက်လေး
ကိုက်ဖို့တောင် မစဉ်းစားနဲ့”
သူသည်
စကားပြောပြီးသည်နှင့် တံခါးကို ဖွင့်လိုက်၏။ ခြံစည်းရိုးလေးလို လုံခြုံရေးတံခါးက
အပြင်ဘက် ဆူညံသံကို မပိတ်ဆို့ပေးနိုင်ချေ။ အဆောက်အအုံထဲတွင် စည်ကားနေချိန်ဖြစ်ပြီး
လူသွားလူလာများ ရှိနေသည်။ ဟွမ်ရှောင်ကျွမ်းက အော်ပြောလိုက်၏။
“လုပ်လေ၊ နင်
သတ္တိရှိရင် သူ့ကို ရိုက်ကြည့်စမ်းပါ၊ ကလေးတစ်ယောက်ကို အနိုင်ကျင့်ဖို့ နင့်မှာ
ဘယ်လိုအရည်အချင်း ရှိလို့လဲ”
ရှမြန်က
မျက်စောင်းဖြင့် ကြည့်နေလိုက်သည်။ သူသည် အလွန်မှ ဗိုက်ဆာနေသဖြင့်
ဟွမ်ရှောင်ကျွမ်းနှင့် ငြင်းခုံဖို့ရန် အားမရှိချေ။ သူမက သည်အတိုင်း
ရှောင်ဖုန်းကို ကောက်ချီပြီး ထွက်သွားလိုက်တော့သည်။
ဟွမ်ရှောင်ကျွမ်းသည်
အခိုက်တန့် ကြောင်အမ်းအမ်းဖြစ်သွားပြီး ရှမြန်က မျက်နှာချင်းဆိုင် တံခါးကို
သွားခေါက်သည်ကို မြင်လိုက်သည့်အချိန်အထိ ရှမြန်၏ ရုတ်တရက် သည်းခံနိုင်စွမ်းကို
အနည်းငယ် နားမလည်နိုင်အောင် ဖြစ်သွားတော့သည်။ သူမက ထပ်ပြီး ဝေဖန်တော့မည်ဟု
ထင်ခဲ့မိခြင်းပင်။ ဟွမ်ရှောင်ကျွမ်းက လည်ချောင်းကို ရှင်းလိုက်ပြီး ရှမြန်ကို
သံကုန်အော်ဟစ်မည် ပြင်လိုက်၏။
သို့သော်လည်း တစ်ဖက်တွင်တော့ ရှမြန်က
တံခါးလာဖွင့်ပေးသည့် အဘွားလျိုကို ကူကယ်ရာမဲ့သည့်
အမူအရာတစ်ခု ထုတ်ပြလိုက်ကာ “ဒေါ်ဒေါ်လျို၊ ဒေါ်ဒေါ်တို့ ကျွမ်းကျွမ်းက
နို့မှာထားတာ ကျွန်မ မှတ်မိလိုက်တယ်၊ ဟုတ်လားဟင်”
“ငါ မှာထားတယ်လေ၊
ဘာလို့လဲ”
ရှမြန်က
ပြောလိုက်သည်။ “ကျွန်မကို ကျွမ်းကျွမ်းဆီက နို့တစ်ပုလင်းလောက် အရင်ချေးပေးပါ၊
နောက်ပြီး ကြက်ဥနှစ်လုံးလောက်၊ ကျွန်မ မနက်ခင်း ပစ္စည်းထွက်ဝယ်တဲ့အခါကျရင်
ပြန်ပေးပါ့မယ်”
သည်အခိုက်တွင် သူမက
ရှောင်ဖုန်း၏ခေါင်းလေးကို စိတ်ဓာတ်ကျနေဟန်ဖြင့် ထိကိုင်လိုက်ပြီး ပြောလိုက်လေသည်။
“မနေ့တုန်းက ဆရာဝန်က ပြောလိုက်တယ်၊ ကလေးက အာဟာရချို့တဲ့မှု ပြင်းထန်တယ်တဲ့၊ သူ့ကို
အာဟာရဖြည့်ပေးဖို့ ကြက်ဥနဲ့ နို့ကျွေးတာ အကောင်းဆုံးဖြစ်မှာ”
အဘွားလျိုက
ကိုယ်ကို ကိုင်းလိုက်ချိန်တွင် ရွှမ်းရွှမ်းက တစ်ခုခုကို ကိုင်ပြီး
မြိန်ရည်ယှက်ရည် စားသောက်နေချိန်တွင် ရှောင်ဖုန်း၏ ဗိုက်ကာ အသံမြည်နေသည်ကို
တွေ့လိုက်ရလေသည်။
သူမသည် အလွန်မှ
ဒေါသထွက်သွားပြီး ကျန်းမိသားစုကို အော်ငေါက်တော့သည်။ “ရှောင်ဟွမ် နင် ဒီလိုပဲ
ခေါင်းမာနေတော့မှာလား၊ မနေ့က အလုပ်သမားသမဂ္ဂရဲ့ အမျိုးသမီးရုံးခန်းက လူတစ်ယောက်က
လာမေးနေတယ်၊ နင်တို့ရှောင်ကျန်းက ထူးချွန်ဝန်ထမ်း အကဲဖြတ်အစီအစဉ်ထဲမှာ ပါနေတယ်ဆို”
ဟွမ်ရှောင်ကျွမ်းသည်
မဆင်မခြင် ပတ်ရမ်းနေတတ်သည့် ရှမြန်က ကိုယ်ချင်းစာခံရဖို့ ကြိုးစားနေလိမ့်မည်ဟု
မျှော်လင့်မထားခဲ့ချေ။ သူမ ပြင်ဆင်ထားခဲ့သည့် နည်းဗျူဟာ အားလုံးမှာ အချည်းနှီး ဖြစ်သွားပြီး သူမသည် ရုတ်တရက်
ဇဝေဇဝါဖြစ်သွားတော့သည်။
သူမက ရှမြန်ကို
မုန်းတီးစွာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်တွင် အဘွားလျိုက စိတ်ဆိုးမာန်ဆိုး
ပြောတော့သည်။ “ရှောင်ဖုန်းက အာဟာရ ချို့တဲ့နေသေးတယ်၊ နောက်ပြီး နင်က သူ့ကို အစား ပေးမစားဘူး ဟုတ်လား၊ နင်က
ရန်မဖြစ်ရဲတော့ ကလေးကို ငတ်သေစေချင်နေတာလား”
မနေ့က
ဖြစ်ခဲ့သည့်ကိစ္စ ပြီးနောက်တွင် အပေါ်ထပ်နှင့် အောက်ထပ်က လူအားလံးက ရှောင်ဖုန်းကို
အလွန်မှ စိုးရိမ်နေကြသည်။ အမျိုးသမီးလျိုက အကျယ်ကြီး အော်ပြောလိုက်သည်တွင်
အလုပ်သွားရန် အလျင်လိုနေသူများမှ လွဲလျှင် လူတော်တော်များများက ဘာဖြစ်နေပါလိမ့်ဟု
ချောင်းကြည့်လာကြလေသည်။ ဆံပင်ဖြူ ကျိုးတိုးကျဲတဲနှင့် ဆရာမမီကပင် အပေါ်ထပ်သို့ တက်လာပြီး
“ဘာဖြစ်ကြတာလဲ”
ရှမြန်က ဘာမှ
မပြောရသေးခင်မှာပင် အဘွားလျိုက ပြောလိုက်၏။ ရှောင်ဖုန်းက ဗိုက်ဆာနေတာလေ၊ ရှမြန်က
ငါ့ဆီကနေ နို့နဲ့ ကြက်ဥလာချေးတာ၊ ဒါပေမဲ့ မျက်နှာချင်းဆိုင်က ကလေးကတော့ စားနေလိုက်တာ အများကြီးပဲ”
ဟွမ်ရှောင်ကျွမ်းက
သတိပြန်ဝင်လာပြီး မြန်မြန် ပြောလိုက်၏။ “ကျွန်မက ဘယ်လိုလုပ်ပြီး သူတို့ကို
မစားဖို့ တားရမှာလဲ၊ သူက တမင် ကျွန်မကို အရှက်ခွဲဖို့ ကြိုးစားနေတာ၊ သူက
မနက်စောစောစီးစီး ကျွန်မကို တမင် ရမယ်ရှာပြီး အိမ်နီးချင်းတွေကို
လက်နက်အဖြစ်သုံးပြီး ကျွန်မကို အပြစ်ပေးချင်နေတာ”
အားလုံးက
ထိုစကားကို ကြားလိုက်ချိန်တွင် အနည်းငယ် ချီတုံချတုံဖြစ်သွားကြသည်။
ရှမြန်က
သရော်လိုက်၏။ “နင်က ငါတို့ကို စားစေချင်တယ်ပေါ့ ဟုတ်လား၊ ဒါဆိုရင် စားဖို့ တစ်ခုခု
ယူလာထုတ်လာခဲ့လေ၊ အခု သွားယူလာခဲ့၊ နင် ဆန်ပြုတ်တစ်ပန်းကန် ယူထုတ်လာနိုင်ရင် ငါ
တမင်လုပ်နေတာလို့ ဝန်ခံလိုက်မယ်”
ဟွမ်ရှောင်ကျွမ်းသည်
အမှန်ပင် ယူထုတ်မလာနိုင်ချေ။ သူမသည် မနေ့က ရှမြန်ကို မောင်းထုတ်ပစ်မည်ဟု
ဆုံးဖြတ်ထားခဲ့သဖြင့် သည်နေ့ သူမအတွက် စားစရာ တစ်ကိုက်လေးကိုပင်
ချန်မထားပေးခဲ့သည့်က အမှန်။
အကူလေး
ရွှမ်းရွှမ်းကလည်း ရှိသေးသည်။ သူသည် အကြောင်းအရင်းကို နားမလည်သော်လည်း လူကြီးများ၏
သဘောထားကို လိုက်ကာ မည်သို့ပြုမူရမည်ကို သိနေသည်။
သည်အခိုက်တွင် သူက သူ့အမေ လက်မောင်းအောက်က ထွက်လာပြီး ကြက်ဥလိပ်ကို ကိုင်ရင်း
မြိန်ရည်ယှက်ရည် စားရင်း ရှောင်ဖုန်းအား ကြက်ဥလိပ်ကို ဝင့်ကြွားစွာဖြင့်
လှုပ်ယမ်းပြလိုက်ပြီး “ဒါတွေအားလုံးက ငါ့ဟာ၊ ခွေးကောင်အတွက် မရှိဘူး”
အားလုံးက
ပြက်ရယ်ပြုကာ ရွံရှာသလိုနှင့် ဟွမ်ရှောင်ကျွမ်းကို ကြည့်လိုက်တော့သည်။ အပေါ်ထပ်က
၅တန်းအရွယ် ကလေးတစ်ယောက်က ရှောင်ဖုန်း၏လက်ထဲသို့ ကြက်ဥကို ထည့်ပေးလိုက်ကာ
ပြောလိုက်၏။
“မောင်လေး
အရင်စားလိုက်နော်၊ အမေက ပြောတယ် ကလေးတွေက အဆာမခံရဘူးတဲ့”
ရှောင်ဖုန်းက
ရှမြန်ကို လှမ်းကြည့်လိုက်ပြီး ရှမြန် သူ့ကို သင်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်
မမ”
ရှောင်ဖုန်းက
ကလေးသံလေးနှင့် ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် မမ” သူသည် သည်နေ့တွင် အလွန်မှ
သန့်ရှင်းသပ်ရပ်နေပြီး အလွန်ချစ်စဖွယ်ကောင်းနေလေသည်။
သူသည်
သည်အချိန်တွင် အမှန်ပင် ဆာလောင်နေ၏။ ကြက်ဥပြုတ်က အရသာမရှိသော်လည်း သူ့ကို
တံတွေးဆက်တိုက် မျိုချမိအောင် လုပ်နေသည်။
အားလုံးမှာ
ရင်နာသွားပြီး တချို့က ဟွမ်ရှောင်ကျွမ်းကို ဆူဆဲတော့သည်။
“ရှောင်ဟွမ်
နင့်မှာ ဘာသိက္ခာမှ မရှိတော့ဘူးပေါ့လေ ဟုတ်လား၊ နင်က ကလေးကို အစားမကျွေးတဲ့အပြင်
ရှမြန်ကိုတောင် ချောက်ချလိုက်သေးတယ်၊ နင်ဟာလေ တကယ် တတ်နိုင်ပါပေတယ်”
“အမယ်လေး၊ ငါကတော့
သူ့ကို စကားပြောကောင်းတယ်လို့ ထင်ခဲ့ဖူးသေးတယ်၊ ဒါပေမဲ့ သူက အမှားနဲ့ အမှန်ကို
ဝေဝါးအောင်ပြောတဲ့နေရာမှာ အတော်ဆုံးမှန်း အခုမှ သိတော့တယ်”
အမျိုးသမီးလျို၏
ချွေးမ လီရှင်းမေက ရှမြန်ကို ပြောလိုက်၏။ “ငါတို့လည်း စားနေတာ၊ ရှောင်ဖုန်းနဲ့
ကျွမ်းကျွမ်းကို အတူတူ စားခိုင်းလိုက်၊ ကလေးကို အဆာခံမထားနဲ့”
သူမ
စကားဆုံးသွားသည်နှင့် ရှမြန်၏ဗိုက်လည်း ပြန်ဖြေသည့်အနေဖြင့် မြည်လာလေသည်။ သူမက
ရှက်ရှက်နှင့် ခေါင်းကုပ်လိုက်ပြီး ရှောင်ဖုန်းကို တွန်းပေးလိုက်ကာ ပြောလိုက်၏။
“ကိုကိုကျွမ်းကျွမ်းနဲ့ သွားစားနှင့်နော်၊ အန်တီလေး ခဏနေ သားကို လာခေါ်မယ်”
အဘွားလျိုမှာ
စိတ်မကောင်းဖြစ်သွားတော့သည်။ ဒီကလေးက အငယ်လေးကို စောင့်ရှောက်ပေးနေရတာပဲ။
ဟွမ်ရှောင်ကျွမ်းရဲ့ အကျင့်နဲ့ဆိုရင် သူ့ကို ဘယ်လို ကျွေးမွေးရမယ်ဆိုတာ
သိမှာမဟုတ်ဘူး။
“နင်လည်း အတူတူ
သွားစားလိုက်ပါ၊ အရင်စားလိုက်၊ ပြီးရမှ တခြားကိစ္စတွေကို ပြောလို့ရပါတယ်”
“အမလေး ငါ
ပြောချင်လို့တော့ မဟုတ်ဘူးနော်” အစ်မဝမ်က အပေါ်ထပ်မှာ ခေါင်းထွက်လာပြီး
ဟွမ်ရှောင်ကျွမ်းကို ပြောလေသည်။ “နင့်မှာလဲ ကလေးတစ်ယောက်ရှိတာပဲ၊ ဒီလိုလုပ်နေတာ
နင် ဝဋ်လည်မှာ မကြောက်ဘူးလား”
“ဝဋ်လည်တယ်ဆိုတာ
ရှိတယ်နော်၊ ရွှမ်းရွှမ်းက အရမ်းငယ်သေးတယ်၊ သူ အကျင့်ပျက်နေတာ အရမ်း
သိသာမနေဘူးလား၊ နောက်ဆိုရင် ကလေးတွေကို ရွှမ်းရွှမ်းနဲ့ ဝေးဝေးနေခိုင်းကြ”
ဟွမ်ရှောင်ကျွမ်းမှာ
ထိုစကားကို ကြားလိုက်ပြီးနောက် အလွန်မှ စိုးရိမ်သွားတော့သည်။ အစ်မဝမ်က အဝေးမှနေ၍
သူမကို လက်ညှိုးထိုးပြီး ပြောလေသည်။ “ငါ ခဏနေ အမျိုးသမီးရေးရာ ဒါရိုက်တာကို
သွားရှာရမယ်၊ ငါ နင့်အကျင့်ကို မပြင်ပေးနိုင်ဘူးလို့ မယုံဘူး”
“မဟုတ်ပါဘူး၊
ကျွန်မ သူ့ကို တကယ် မစားနဲ့လို့ မတားခဲ့တာပါ” ဟွမ်ရှောင်ကျွမ်း၏ စိတ်တိုက
စိုးရိမ်လာချိန်တွင် အနည်းငယ် နှေးကွေးလာသည်။ “သူက တစ်နပ်စာလေး ချက်ဖို့ ကြက်ဥလေးလုံး လိုနေတာလေ၊ သူက
ရွှမ်းရွှမ်းရဲ့နွားနို့ကိုလည်း သောက်သေးတယ်၊ ကျွန်မက စကားလေး တစ်ခွန်းနှစ်ခွန်းပဲ
ပြော...”
“ဪ
ရွှမ်းရွှမ်းရဲ့နွားနို့ပေါ့၊ နင်က တကယ် ရှောင်ဖုန်းကို လူလို ဘယ်တော့မှ
သဘောမထားခဲ့တာပဲ၊ ရှောင်ဖုန်းက အိမ်မှာ နို့တောင် မသောက်ရဘူးလား”
“ကြက်ဥလေးလုံးက
ဘာဖြစ်နေလို့လဲ” “သူ့အစ်မ နင်တို့ကို ပေးထားတဲ့
လျော်ကြေး ၄၀,၀၀၀, ၅၀,၀၀၀က သူ့အတွက် ကြက်ဥတစ်လုံး စားဖို့
မလောက်လို့လား”
တစ်စုံတစ်ယောက်
လျော်ကျေးကိစ္စကို ထပ်ဆွဲထုတ်လာချိန်တွင် ဟွမ်ရှောင်ကျွမ်းက စူးရဲသည့်အသံဖြင့်
ပျာပျာသလဲ ငြင်းခုံတော့သည်။ “ငွေကို ကျွန်မ မိသားစုကနေ ချေးခဲ့တာပါလို့
ပြောပြီးပြီလေ၊ ဘာလျော်ကြေးမှ မရှိဘူး၊ ဒီကောင်မလေးက ပေါက်ကရပြောနေတာလို့ ကျွန်မ
ပြောပြီးပြီလေ၊ ရှင်တို့တွေက ဘာလို့ ဒီလူဆိုးမကို ယုံပြီး ကျွန်မကို မယုံကြတာလဲ”
ရှမြန်က
အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “လေးစားရပါတဲ့ ဦးလေး၊ ဒေါ်ဒေါ်နဲ့ အစ်မတို့
ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျေးဇူးပြုပြီး သူနဲ့ မပြောကြပါနဲ့တော့၊
ကျေးဇူးပြုပြီး ကျွန်မ ပြောတာ နားထောင်ပေးပါ”
သူမက
ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အားလုံးက ငြိမ်ကျသွားသည်။
“ကျွန်မအနေနဲ့တော့
သူနဲ့ ထပ်ပြီး မငြင်းခုံချင်တော့ပါဘူး၊ ကျွန်မ ခဲအိုဟောင်းကလည်း ကျွန်မကို မနေ့က
ပြောပါတယ်၊ ကျွန်မက နောက်ဆုံးတာ့ ကျောင်းတက်ရအုံးမယ်တဲ့၊ ကျွန်မ ကျောင်းသွားရင်
ရှောင်ဖုန်းကို စောင့်ရှောက်နိုင်မှာ မဟုတ်တော့ဘူးတဲ့၊ အခုနေ ကျွန်မ သူ့ကို
ဒေါသထွက်ပြရင် နောက်ဆုံးတော့ ခံစားရမဲ့သူက ရှောင်ဖုန်းပဲ ဖြစ်လိမ့်မယ်”
သည်အချိန်တွင် သူမက
သက်ပြင်းချလိုက်ပြီး “သူက ပြောပါသေးတယ်၊ သူက ကျွန်မကို ဟွားကန်း အမှတ်(၁)
အလယ်ဆင့်ကျောင်းရအောင် ငွေသုံးပြီး အဆက်အသွယ် ရှာပေးမယ်တဲ့၊ ဟွားကန်း
အမှတ်(၁)ကျောင်းက နီးတယ်လေ၊ ဒီတော့ ကျွန်မလည်း နေ့တိုင်း ကျောင်းသွားရတာ
အဆင်ပြေမယ်ပေါ့၊ နောက်ပြီး ကျွန်မလည်း ရှောင်ဖုန်းကို စောင့်ရှောက်ပေးဖို့
နေ့တိုင်း ပြန်လာလို့ရတယ်လေ၊ ဒါကြောင့် ကျွန်မလည်း ဟွမ်ရှောင်ကျွမ်းကို အရမ်းကြီး
စိတ်မဆိုးနိုင်ပါဘူး၊ ဒါကြောင့် ကျွန်မက သူ့ကို တရားစွဲဖို့တောင် မစဉ်းစားတော့ဘူး”
အသက်ကြီးသူများက
ပိုပြီး ကောက်ကျစ်သည်ဟု ဆိုရမည်။ အမျိုးသမီးလျိုနှင့် ဆရာမမီတို့သည် ထိုစကားကို
ကြားလိုက်ချိန်တွင် သူတို့သည် ကလေးအရွယ်သာ ရှိသေးသည့် ရှမြန်ကို အရူးလုပ်ဖို့ ခြိမ်းခြောက်ခြင်းနှင့်
မက်လုံးပေးခြင်းကို ရောပြီး အသုံးချနေမှန်း သိလိုက်ကြသည်။
ကျန်းချီမင်၏
အမြင်ကကြည့်လျှင် သူသည် ဟွမ်ရှောင်ကျွမ်းနှင့် မကွာရှင်းချင်လျှင် သည်လိုလုပ်ခြင်းက
လုံးဝ မထူးခြားပေ။ သို့သော် ကြားရသည့်လူများကို ကျောချမ်းစေလေသည်။ သူသည်
ဟွမ်ရှောင်ကျွမ်းက ရှောင်ဖုန်းကို နှိပ်စက်နေသည့် ကိစ္စကို ဖြေရှင်းဖို့
စိတ်ကူးမရှိသည်မှာ သိသာသည်။
အဘွားလျိုက
ကျိန်ဆဲတော့သည်။ “ဖွီး.. ကျန်းချီမင်က မနေ့ကတော့ တစ်စုံတစ်ယောက်ကို
ဆုံးမလိမ့်မယ်လို့ ထင်ထားခဲ့တာ၊ ဒါပေမဲ့ ဒီနေ့ကျတော့ သူ့လမ်းဟောင်းကို
ပြန်သွားရဲနေပါ့လား၊ သူက ဘာမှမကြောက်တာပဲ”
“နောက်ဆုံး သူက
ခိုးထားတဲ့မိန်းမပဲ” လူတစ်ယောက်က ဟာသလုပ်ပြောလေသည်။ “ကျန်းချီမင်ကို
လူကောင်းတစ်ယောက်လို့ ထင်ထားခဲ့တယ်၊ ဒါပေမဲ့ သူ အဲလောက် မရှင်းမရှင်း
ဖြစ်နေမယ်လို့ ထင်မထားခဲ့ဘူး”
ဟွမ်ရှောင်ကျွမ်းသည်
အကြောင်းအရာက ကျန်းချီမင်ဘက်သို့ လှည့်သွားသည်ကို မြင်လိုက်ရသည်တွင် သူမမှာ
မနေနိုင်ဘဲ စိုးရိမ်လာတော့သည်။ သူမသည် အဆဲဆိုခံခိုင်သော်လည်း ကျန်းချီမင်၏
နာမည်ကိုတော့ အပျက်ခံလို့မဖြစ်ပေ။
ထင်ထားသည့်အတိုင်းပင်။
ပွဲကြည့်ရသည်ကို ကြိုက်သည့်လူများစွာ ရှိနေပြီး အခြေအနေကို
ပိုဆိုးသွားအောင်လုပ်ရလည်း စိတ်မပျက်ကြချေ။ “ရှမြန်၊ နင်ဟာလေ အလိုက်တဲ့ကလေး၊
နင့်ခဲအိုဟောင်းက နင့်ကို ချော့ဖို့ကြိုးစားနေတာပါ၊ နင် သူ့ကို တရားမစွဲရင်
သူတို့တွေက ပိုတောင် ဆိုးလာကြအုံးမယ်၊ အဲဒီ နှလုံးသားမည်းနေတဲ့ လူနှစ်ယောက်ရဲ့
အရူးလုပ်တာ မခံနဲ့...”
ဟွမ်ရှောင်ကျွမ်းက
သူမကို ခိုးပြီး နှုတ်ခမ်းမဲ့ပြနေသည့် ရှမြန်ကို ကြည့်လိုက်ပြီး သူမမှာ
ဒေါသမထွက်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။
ရှမြန်က
တရားစွဲတာနဲ့ ငါ့ကို ခြိမ်းခြောက်စရာမလိုတာ အရှင်းကြီးပဲ။ အခုတော့ သူက ဒီစကားတွေ
ပြောနေတာ ငါကပဲ ရှမြန်ကို တရားစွဲမရအောင် ခြိမ်းခြောက်နေတဲ့ပုံနဲ့။
အမှန်တရားကို
လုံးဝရှုပ်ထွေးသွားအောင် လုပ်လိုက်တာပဲဟဲ့။
...