အပိုင်း (၁၁)
အဘွားလျို၏သားက
အလုပ်သွားလိုက်ပြီဖြစ်ကာ ကျွမ်းကျွမ်းက မူကြိုကျောင်းကို အနည်းငယ် နောက်ကျမှ
သွားနိုင်သည်။ ထို့ကြောင့် လျိုမိသားစု၏ မနက်စာကို အခုလေးတင်မှ စားပြီးကြကာ
အများကြီး မဟုတ်ပေ။
ရှမြန်က
ဒေါ်ဒေါ်လျို၏နေရာကို ခဏငှားလိုက်ပြီး နို့ကြက်ဥလိပ် ထပ်လုပ်လိုက်သည်။ လီရှင်းမေက
အစားစားရသည်ကို ကြိုက်လေသည်။ အနံ့ထွက်လာချိန်တွင် သူမသည် မနေနိုင်တော့ဘဲ
မီးဖိုချောင်သို့ သွားလိုက်ပြီး
“ဒါက လတ်လတ်ဆတ်ဆတ်
စားသင့်တာပဲ၊ ဒီတော့ ရွှမ်းရွှမ်းလက်ထဲကဟာက နင် လုပ်ထားတာပေါ့”
ရှမြန်က သူမ၏လက်ကို
ဆက်တိုက်လှုပ်ရှားနေရင်း ပြောလိုက်သည်။
“ကျွန်မက
အစားအစာအကြောင်းပဲ စဉ်းစားရတာ သဘောကျတာ၊ ရှောင်ဖုန်းက မနေ့က ဒီမှာ စားသွားပြီး
ထပ်မစားလိုက်ရဘူးလေ၊ သူတို့တွေက ကျွန်မတို့နိုးလာတော့ ကျွန်မတို့အတွက်
ဘာအစားအသောက်မှ ချန်မထားပေးဘူး”
“မနေ့က ဖြစ်ခဲ့တဲ့
ကိစ္စကြောင့် ကျွန်မက သူ့မိသားစုထဲမှာ အပယ်ခံတစ်ယောက် ဖြစ်နေတာလည်း သိပါတယ်၊
သူတို့တွေက ကျွန်မတို့ကို မောင်းထုတ်ဖို့ စိတ်အားထက်သန်နေမှာပေါ့၊ ဒီတော့
ကျွန်မကလည်း ဂရုမစိုက်ခဲ့ပါဘူး၊ ဆရာဝန် ပြောတာကို စဉ်းစားမိလိုက်ပြီး
ရှောင်ဖုန်းအတွက် အာဟာရဖြစ်မဲ့ ထမင်းတစ်နပ် လုပ်ပေးချင်ခဲ့တာ၊ ကျွန်မ လုပ်ထားတာကို မြင်ပြီးတော့ ရှောင်ဖုန်းကို ပေးမစားဘဲ သူက
လုယူသွားမယ်လို့ ထင်မထားခဲ့ဘူး”
“ငါလေ အရင်က တကယ်
မမြင်ခဲ့မိတာပဲ” လီရှင်းမေက သက်ပြင်းချရင်း ပြောလိုက်၏။
“လူတစ်ယောက်က
ကိစ္စတွေနဲ့ ရင်ဆိုင်ရမှပဲ သူ့ရဲ့အကျင့်စရိုက် အစစ်အမှန်းကို တွေ့နိုင်တော့တာပဲ”
အဘွားလျိုက ရှမြန်
လိပ်ထားသည့် ကြက်ဥလိပ်ကို ကြည့်ကာ ပြောလိုက်လေသည်။
“ဒါ ကောင်းသားပဲ၊
နိုနဲ့ကြက်ဥ အလုံအလောက်ပါတယ်၊
ပိုလုပ်ထားလိုက် ဒါမှ ကလေးတွေ များများစားလို့ရမှာ”
နောက်ဆုံးတွင်
သူတို့သည် လျိုမိသားစုအိမ်တွင် အဆင်ပြေပြေရှိသည့် မနက်စာကို
စားခဲ့ရပြီး ရှမြန်နှင့် ရှောင်ဖုန်းတို့၏ ဗိုက်များမှာ နောက်ဆုံးတော့
ပြည့်သွားတော့သည်။
မပြန်ခင်
အဘွားလျိုက ပေါင်မုန့်တစ်တုံးကို ရှောင်ဖုန်း၏ ပါးစပ်ထဲ ထည့်ပေးလိုက်ပြီး
ပြောလိုက်၏။
“သူ နင့်ကို
ထပ်ပြီး ခက်ခဲအောင် လုပ်ရင်း ငါ့ဆီလာခဲ့၊ ကလေးကို ထပ်ပြီး အဆာခံမထားနဲ့၊ ငါ
နင့်အတွက် တံခါး လာခေါက်ပေးရမလား”
ရှမြန်က
ပြောလိုက်၏။
“မလိုပါဘူး၊ သူ
အဲလို ထပ်လုပ်ရမယ် မထင်ပါဘူး”
ဟွမ်ရှောင်ကျွမ်းသည်
အမှန်ပင် ထပ်မလုပ်ရဲတော့ချေ။ ရှမြန်က တံခါး ခေါက်လိုက်သည်နှင့် လုံခြုံရေးတံခါးက
ချက်ချင်း ပွင့်သွားသည်။
ရှောင်ဖုန်းကို
အိမ်ထဲသို့ ခေါ်လာလိုက်ပြီး ဟွမ်ရှောင်ကျွမ်းကို မုန်းတီးစွာ ကြည့်လိုက်ပြီး
ရှမြန်က သက်ပြင်းချလိုက်၏။
“နင်တော့ သင်ခန်းစာ
ရသွားပြီလို့ ငါ ထင်တယ်”
ဟွမ်ရှောင်ကျွမ်းမှာ
သည်လူ၏ မျက်နှာနှစ်ဖက် သဘောထားကြောင့် အလွန် ဒေါသထွက်သွားသော်လည်း သူမသည်
အမှန်တကယ် ဘာမှ မလုပ်ရဲတော့ချေ။
ရှမြန်က ဖုန်းဘေးက
ဖုန်းစာအုပ်ထဲမှ နွားနို့ဆိုင် ဖုန်းနံပါတ်ကို ရှာပြီး နွားနို့ နောက်ထပ် တစ်ပေါင်
ထပ်မှာလိုက်သည်ကို မြင်လိုက်ရပြီးနောက် သူက ကိုယ်ကို ပြန်လှည့်ပြီး သူမကို
ညွှန်ကြားလိုက်သေးသည်။
”ကြက်ဥလည်း
မကျန်တော့ဘူးထင်တယ်၊ ဒီနေ့ နင်ပြန်လာရင် ကြက်ဥ ဝယ်လာဖို့ မမေ့နဲ့နော်၊ ငါးလေး ဘာလေးရှိရင်လည်း နည်းနည်းလောက် ဝယ်လာတာ
ပိုကောင်းမယ်၊ ချက်ပြုတ်တဲ့အခါကျရင် ငါက နင်တို့ ရွှမ်းရွှမ်းကို တဝက်ပေးမှာပါ”
သူမသည် သည်အိမ်၏
အိမ်ကြီးရှင်မ တစ်ယောက်နှယ်။
ဟွမ်ရှောင်ကျွမ်းမှာ
အလွန်ဒေါပွသွားပြီး သူမ၏အဆုပ်မှာ ပေါက်ထွက်တော့မတတ် ဖြစ်သွားသော်လည်း ရှမြန်၏
နောက်ပြောလိုက်သည့် စကားက သူမကို ငြိမ်ကျသွားစေတော့သည်။
“ငါ့ ဘဏ်စာအုပ်ကော”
“ဘာဘဏ်စာအုပ်လဲ”
ဟွမ်ရှောင်ကျွမ်းက အလိုလို ပြန်မေးလိုက်၏။
ရှမြန်က
အော်ရယ်လိုက်ပြီး “ဘာ ဘာဘဏ်စာအုပ်လဲ ဟုတ်လား၊ ငါ့ဘဏ်စာအုပ်ပေါ့၊ ဘာလဲ၊ နင်က
ငါ့ကို စာအုပ် ပြန်မပေးချင်တာလား”
ဟုတ်ပါသည်။
ဟွမ်ရှောင်ကျွမ်းက သူမကို စာအုပ် ပြန်မပေးချင်ပေ။ သည်လို အရှုပ်ထုပ်များ
မဖြစ်ခဲ့လျှင် သူမက ရှမြန်ကို
ကျေနပ်အောင် စာအုပ်ခဏပြန်ပေးပြီးမှ
နောက်မှ ချော့မော့ပြီး ပြန်တောင်းမည်ဟု စဉ်းစားထားခြင်းပင်။ သို့သော် မနေ့ကနှင့်
သည်နေ့ ကိစ္စများ ဖြစ်ပြီးသွားသည့်နောက်တွင် သူမသာ စာအုပ်ကို ပြန်ပေးလိုက်လျှင်
လုံးဝ ပြန်ရတော့မည်မဟုတ်မှန်း ဟွမ်ရှောင်ကျွမ်း ကောင်းကောင်း သိလိုက်သည်။
ရှမြန်က
စိတ်မရှည်တော့ဘဲ လောဆော်လိုက်၏။
“ငါကို မြန်မြန်
ပေးလာ၊ ငါ ဒီနေ့ ရှောင်ဖုန်းအတွက် ပစ္စည်းတချို့ သွားဝယ်စရာလိုတယ်၊ ငါ
ငွေနည်းနည်းပါးပါး ထုတ်ဖို့လိုတယ်”
ဟွမ်ရှောင်ကျွမ်း၏စိတ်က
အမောတကော ဖြစ်သွားတော့သည်။
“ငါ မနေ့က
ငွေထုတ်ပြီးတော့ ကျောင်းမှာ စာအုပ် ချန်ထားခဲ့မိတယ်၊ ဒီနေ့ ပြန်ယူလာခဲ့ပေးမယ်”
ရှမြန်က
မျက်မှောင်ကြုတ်လိုက်ပြီး “ငါ ပိုက်ဆံလိုတယ်၊ ငါ နင်နဲ့ ကျောင်းလိုက်ခဲ့ပြီး
စာအုပ် လိုက်ယူမယ်”
ဟွမ်ရှောင်ကျွမ်းက
မျက်လုံးများကို စွေထားလိုက်ပြီး ပြောလိုက်၏။
“နင်က
ဘယ်လောက်လိုချင်တာလဲ၊ ငါ မနေ့က ငွေနည်းနည်း ထုတ်လာတယ်၊ နည်းနည်းတော့ ကျန်ပါသေးတယ်၊
နင် ဒါကို အရင်သုံးထားလိုက်လေ၊ ငါ ဒီနေ့ အလုပ်ဆင်းရင် စာအုပ် ပြန်ယူလာပေးမယ်”
“တစ်ထောင်”
“ဘာ”
ဟွမ်ရှောင်ကျွမ်း၏အသံမှာ
သတိမထားမိလိုက်ဘဲ မြင့်တက်သွားလေသည်။ “အဲလောက် ငွေအများကြီးကို ဘာအတွက် လိုတာလဲ၊
တစ်ထောင် နင့် တစ်နှစ်စာ ကျောင်းလခပေးဖို့တောင် လောက်တယ်”
“ငါ့ငွေကို
ငါသုံးတာ၊ နင်နဲ့ ဘာဆိုင်လို့လဲ” ရှမြန်က ပြောလိုက်ပြီး “ဒါဆိုရင် ဘဏ်စာအုပ်
လိုက်ယူဖို့ ငါ နင်နဲ့ ကျောင်းလိုက်ခဲ့မယ်”
“သိပြီ”
ဟွမ်ရှောင်ကျွမ်းက အိပ်ခန်းထဲသို့ လှည့်ထွက်သွားလေသည်။
ရှမြန်သည်
မျက်ခုံးများကို ပင့်ထားလိုက်၏။ တစ်ဖက်လူက ဘဏ်စာအုပ်ကို သူမအား အလွယ်တကူ
ပြန်ပေးမည်မဟုတ်မှန်း သိလေသည်။ သို့သော်လည်း သူမ၏ပုံစံကို အကဲခတ်ခြင်းအားဖြင့်
သူမသည် ဘဏ်စာအုပ်ထဲက ငွေကို ထိပြီးသွားပြီမှ သိသာသည်။ ဒါသာ အမှန်ဆိုလျှင်
ဖြေရှင်းရန် လွယ်ကူသွားလိမ့်မည်။
ခဏကြာပြီးနောက်
ဟွမ်ရှောင်ကျွမ်းသည် မိုးခိုးရောင် ငွေစက္ကူကြီးတစ်ထပ်နှင့် ပြန်ထွက်လာပြီး
ရှမြန်ကို လှမ်းပေးလိုက်၏။ ထိုငွေစက္ကူများသည် သူမ အလွန် ငယ်ရွယ်စဉ်က
သူမ၏မှတ်ဉာဏ်ထဲတွင် ရှိနေသည့် ငွေစက္ကူများပင်။ ရှမြန်က ဒါကို တော်တော်လေး
အသစ်အဆန်းဖြစ်သည်ဟု ခံစားမိနေဆဲ။ သူမက ငွေများကို ရေတွက်လိုက်တော့ အရွက် ၅၀သာ
ရှိသည်ကို တွေ့လိုက်ရ၏။
“အခုလောလောဆယ်
အိမ်မှာ ဒါအကုန်ပဲ၊ အခုတော့ ဒါပဲ ယူထားလိုက်အုံး” ဟွမ်ရှောင်ကျွမ်းသည် ရှမြန်
ပြဿနာရှာမှာကို အမှန်ပင် စိုးရိမ်နေပြီး ပြောလိုက်လေသည်။ “ငါ မနက်ဖြန် ဘဏ်စာအုပ်
ပြန်ပေးမယ်”
ရှမြန်က ဘာမှ
မပြောလိုက်ချေ။ သူမသည် ကိုယ်ကို လှည့်လိုက်ပြီး စာရွက်တစ်ရွက်ပေါ်တွင် တစ်ခုခု
ချရေးလိုက်ကာ ဟွမ်ရှောင်ကျွမ်းကို ထိုးပေးလိုက်၏။ “လက်မှတ်ထိုးလိုက်”
“ဘာ”
ဟွမ်ရှောင်ကျွမ်းက ငုံ့ကြည့်လိုက်တော့ စာရွက်ပေါ်တွင် မျှော်လင့်မထားဘဲ လှပသည့်
စာလုံးများဖြင့် ရေးထားသည့် ငွေပြေစာကို တွေ့လိုက်ရ၏။
[ဒီနေ့ ကျွန်မ ဟွားကန်းအိမ်ရာဝင်းထဲက မစ္စဟွမ်ရှောင်ကျွမ်းထံမှာ
ယွမ် ၅၀၀ကို လက်ခံရရှိခဲ့ပါသည်]
သို့သော်လည်း
သည်ပြေစာ၏ ထူးဆန်းသည့်အချက်မှာ ရှမြန်နှင့် ဟွမ်ရှောင်ကျွမ်းတို့၏
လက်မှတ်နှစ်ခုလုံး လိုအပ်နေခြင်းပင်။
ဟွမ်ရှောင်ကျွမ်းက
မျက်မှောင်ကြုတ်လိုက်ပြီး “နင် ဒါ ဘာသဘောလဲ”
“ဘာသဘောမှ
မဟုတ်ဘူး” ရှမြန်က ပြောလိုက်၏။ “ငါ နင့်ကို မယုံဘူးလေ၊ တကယ်လို့ နင်က ငါ့ကို
၅၀၀ပဲပြီး ၁၀၀၀လို့ ပြောရင် ဘယ်လိုလုပ်မလဲ၊ ဒီနေ့ အန္တရာယ်ကင်းအောင် ပြေစာမှာ
လက်မှတ်ထိုးလိုက်”
ဟွမ်ရှောင်ကျွမ်းသည်
သည်စိတ်ကူး မရှိချေ။ သို့သော်လည်း ရှမြန်က
အဲလောက် မြန်မြန်ဆန်ဆန် စဉ်းစားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
ရှမြန်က သူမနှင့်
မငြင်းခုံချင်တော့သဖြင့် ပြောလိုက်၏။ “နင် လက်မှတ်မထိုးချင်ဘူးဆိုရင် ငါ
သက်သေတစ်ယောက် ရှာလိုက်မယ်၊ ဘာပဲဖြစ်ဖြစ် ဒေါ်ဒေါ်လျိုနဲ့ ဆရာမမီတို့ ရှိနေတာပဲ”
ဟွမ်ရှောင်ကျွမ်းမှာ
မတတ်သာတော့ဘဲ လက်မှတ်ထိုးလိုက်ရတော့သည်။ ရှမြန်က ပြေစာကို သိမ်းထားလိုက်ပြီး
သတိပေးလိုက်၏။
“ငါ့ဘဏ်စာအုပ်
မပျောက်အောင် သတိထားနော်၊ စာအုပ်ထဲမှာ ငါ့အမေနာမည်ရှိတယ်၊ ပျောက်သွားလို့
သတင်းမပို့နိုင်ရင် အစားပြန်ရမှာ မဟုတ်ဘူး”
သည်အချိန်တွင်
သူမသည် မျက်လုံးများကို စွေပြီးကြည့်နေသည့် ဟွမ်ရှောင်ကျွမ်းကို လှမ်းကြည့်ကာ
ပြောလိုက်၏။ “ငါ့ဘဏ်စာအုပ် ပျောက်သွားပြီလို့ ပြောရဲပြောကြည့်နော်၊ ငါ ချက်ချင်း
ရဲခေါ်လိုက်မှာ”
ဟွမ်ရှောင်ကျွမ်းသည်
စိတ်ကူးကို ယာယီ လက်လျှော့ထားလိုက်ရပြီး မကျေမနပ် ပြောလိုက်တော့သည်။ “နင်က အဲလောက်
ကပ်စေးနဲတဲ့သူပဲ၊ ဘယ်သူက နင့်ပိုက်ဆံကို ဂရုစိုက်နေလို့လဲ”
“ဟုတ်တယ်လေ၊
ဝက်တို့ ခွေးတို့ထက် ပိုဆိုးတဲ့လူတွေပဲ ငါ့ပိုက်ဆံတွေကို မက်မောမှာ”
ဟွမ်ရှောင်ကျွမ်းမှာ
ဒေါသခြောင်းခြောင်း ထွက်သွားတော့သည်။
ရှမြန်က
ခရီးဆောင်ထဲက ပခုံးလွယ်အိတ်ကို ထုတ်လိုက်ပြီး အရေးကြီး ပစ္စည်းအားလုံးကို
ထည့်လိုက်ကာ ရှောင်ဖုန်းနှင့်အတူ အပြင်ထွက်သွားတော့သည်။
အပြင်ထွက်လာချိန်တွင်
သူမ ပထမဆုံးလုပ်သည့်အရာမှာ ဘဏ်သို့ တန်းသွားလိုက်ခြင်းပင်။ ဘဏ်စာအုပ်က
ဟွမ်ရှောင်ကျွမ်း၏လက်ထဲသို့ ကျရောက်သွားပြီ။ ရှမြန်က စာအုပ်ကို ပြန်ရ မရ
မဆိုထားနှင့် သူမ ပြန်ရခဲ့လျှင်ပင် ကျန်းချီမင်က စာအုပ်ကို လက်လျှော့ချင်မှ
လျှော့လိမ့်မည်။ ရှမြန်သည် ဒုက္ခများမှ စိုးရိမ်ပြီး ကျန်းလင်မယားနှင့်
မငြင်းခုံလိုပေ။ ထို့ကြောင့် သူက ဘဏ်စာအုပ်ကို တစ်ခါတည်းနှင့် အားလုံး
ပြန်ရချင်သည်။
ဟုတ်ပါသည်။
စာအုပ်ကို ပြန်ထုတ်လို့မရနိုင်ပါဟု သူတို့က ဟွမ်ရှောင်ရှကို လိမ်ညာထားခဲ့သည်။
အမှန်တွင်တော့ ရှအမေ၏ IDကတ်၊ သေဆုံးကြောင်း သက်သေခံလက်မှတ်၊
မိသားစု၏ အိမ်ထောင်စု စာရင်းစာအုပ်ရှိလျှင် စာအုပ်ကို အမှန်ပင်
ပြန်လျှောက်ထားလို့သည်။
သည်ခေတ်တွင်
ဘဏ်များက နေရာတိုင်းတွင် မရှိချေ။ ထို့ကြောင့် ရှမြန်က အနီးအနားတွင်ရှိသည့်
စာတိုက်မှ ထုတ်ရသည့် ငွေစုဘဏ်ကို လူတစ်ယောက်အား မေးလိုက်၏။ တိုက်တိုက်ဆိုင်ဆိုင်
သည်နေရာနှင့် သိပ်မဝေးလှသည့် ကုန်တိုက်နားတွင် ရှိသည်ဟု ဆိုသည်။
ရှမြန်သည် မနေ့က
ဟွမ်ရှောင်ကျွမ်း ဝယ်ပြန်လာသည့် အဝတ်အစားသစ်နှင့် ဖိနပ်သစ်များကို
စဉ်းစားမိလိုက်ပြီး ထိုနေရာက ဖြစ်နိုင်သည်ဟု ခံစားမိလိုက်၏။
သူမက
ရှောင်ဖုန်းကို လက်တွဲကာ ခေါ်သွားလိုက်ပြီး လမ်းတစ်လျှောက် မေးလာခဲ့သည်။
၂ကီလိုမီတာလောက် လျှောက်ပြီးနောက်တွင် နောက်ဆုံးတော့ စာတိုက် ငွေစုဘဏ် ခန်းမကို
မြင်လိုက်ရသည်...။
အဲဒီ
ဖြတ်သွားဖြတ်လာတွေက ဒါကို ‘ဒီနားတင်’လို့များ ဘယ်လို တညီတညွတ်ထဲ ပြောကြတာလဲ
မသိဘူး။
၈လပိုင်း၏ မနက်က
၉နာရီ နေက တော်တော်လေး ပြင်းလှသည်။ ရှမြန်က ဆောင့်ကြောင့်ထိုင်ချလိုက်ကာ
ရှောင်ဖုန်း၏ အခြေအနေကို စစ်ဆေးလိုက်၏။ သူ
အဆင်ပြေနေသည်ကို သေချာသိလိုက်ရမှာ သူမက စိတ်အေးအေးနှင့် ဘဏ်တံခါးရှေ့တွင်
ရပ်လိုက်ပြီးမှ သူကို အထဲကို ခေါ်ဝင်သွားလိုက်သည်။
သည်နီရဲနေသည့်
ဆံပင်၏ အားသာချက်တစ်ခုခုကို ပြောပါဆိုလျှင် အလွန်မှ အာရုံစိုက်စရာဖြစ်နေပြီး
အထင်ကြီးခံရဖို့ လုံလောက်လေသည်။
သည်အချိန်တွင်
နံပါတ်များ ခေါ်သည့် စည်းကမ်း မရှိသေးဘဲ သည်အတိုင်း တန်းစီလိုက်ရုံပင်။ ကံအားလျော်စွာ
ရက်သတ္တပတ်၏ မနက်ခင်းဖြစ်နေသဖြင့် လူအများကြီး မရှိသလို စုံစမ်းသည့်
ပြတင်းပေါက်တွင် ဘယ်သူမှ မရှိချေ။ ရှမြန်က သူမ၏အချက်အလက် အားလုံးကို
လှမ်းပေးလိုက်ပြီး ပြောလိုက်၏။ “ကျွန်မ စာအုပ်ပျောက် လျှောက်ချင်လို့ပါ၊ ကျွန်မ
ဘဏ်စာအုပ် ပျောက်သွားလို့၊ ငွေဘယ်လောက် ပျောက်သွားလဲ မသိဘူး”
ဘဏ်စာရေးမှာ အသက်
၄၀ဝန်းကျင် အမျိုးသမီးတစ်ဦးပြီး ဆန်ကျင့်တတ်သည့် ဆယ်ကျော်သက်များကို
သည်းမခံနိုင်သည့် အရွယ်ဖြစ်သည်။ သူမက ရှမြန်ကို လှမ်းကြည့်လိုက်ပြီး ဝတ်ကျေတမ်းကျေ
ပြောလိုက်၏။ “ဘဏ်စာအုပ်က လျှို့ဝှက်နံပါတ်မဘဲ ငွေထုတ်လို့မရဘူးလေ၊ စိတ်မပူပါနဲ့”
ရှမြန်က
မျက်မှောင်ကြုတ်လိုက်ဆဲဖြစ်ကာ “မျှော်လင့်ရတာပဲ၊ ကျွန်မရဲ့ ဘဏ်စာအုပ်ထဲမှာ ယွမ်၃၁,၄၀၀ ရှိတယ်...”
ဝန်ထမ်းက
အကောင့်နံပါတ်ကို ရိုက်ထည့်လိုက်ပြီး ခဏလောက် လုပ်ဆောင်ပေးလိုက်ပြီးနောက်
ရှမြန်ဆီက လျှို့ဝှက်နံပါတ်ကို မေးလိုက်ပြီး စခရင်ကို ကြည့်ကာ တုံ့ဆိုင်းသွားတော့သည်။
“မင်းဘဏ်စာအုပ်ထဲမှာ
ငွေ ဘယ်လောက် ရှိတာ”
“သုံးသောင်းတစ်ထောင့်လေးရာ”
ဒါသည် သူမ၏ကိုယ်ပိုင် ပိုင်ဆိုင်မှုဖြစ်သဖြင့် မူလခန္ဓာကိုယ်က သေသေချာချာ
မှတ်ထားလေသည်။
ဘဏ်ဝန်ထမ်းက သူမကို
မျက်မှောင်ကြုတ်ပြလိုက်ပြီး မေးလိုက်၏။ “မင်းရဲ့ တခြားမိသားစုဝင် တစ်ယောက်ယောက်
ဒီစာအုပ်ရဲ့ လျှို့ဝှက်နံပါတ်ကို သိလား”
“ကျွန်မ မသိဘူး”
ရှမြန်က ပြောလိုက်၏။ “ကျွန်မက ကျွန်မ မိသားစုမှာ တစ်ယောက်ထဲ ကျန်တာပါ... ဒါက
ကျွန်မအမေက ကျွန်မ ကောလိပ်တက်ဖို့ ချန်ထားပေးခဲ့တဲ့ ကျောင်းလခနဲ့ စားစရိတ်ပါ...”
ဘဏ်ဝန်ထမ်းသည်
သူမအမေ၏ သေဆုံးကြောင်း လက်မှတ်ကို မြင်လိုက်ရ၏။ သူမ ပြောလိုက်သည့် စကားကို
ကြားလိုက်ပြီးနောက်တွင် သူတို့သည် သူမကို လူဆိုးမလေး ဖြစ်နေသည့်အတွက်
အထင်မသေးတော့ချေ။ သူတို့သည် ချက်ချင်းဆိုသလို သူမအတွက် စိတ်ပူသွားကြတော့သည်။
“မင်းရဲ့ဘဏ်စာအုပ်ထဲမှာ
၂၅,၀၀၀ပဲကျန်တယ်၊ သေချာ ပြန်စဉ်းစားကြည့်ပါအုံး၊
မင်းရဲ့လျှို့ဝှက်နံပါတ်ကို တခြား ဘယ်သူသိသေးလဲ”
ယွမ် ၆၀၀၀ကျော်
ပမာဏသည် သေးငယ်သည့် ပမာဏမဟုတ်ဘဲ ဝရမ်းထုတ်ရန် လုံလောက်လေသည်။
“အစ်မ ဘယ်တုန်းက
ထုတ်သွားလဲဆိုတာ ကြည့်ပေးလို့ရလား”
တစ်ဖက်လူက သူမကို နည်းနည်း
ကိုယ်ချင်းစာသွား၏။ ယွမ် ၆၀၀၀သည် သေးငယ်သည့် ပမာဏမဟုတ်ချေ။ သူမက အစ်မဟု
ခေါ်ခံလိုက်ရချိန်တွင် စိတ်ထဲ၌ ဝမ်းသာသွားပြီး ပျော့ပြောင်းသွား၏။
သူမ၏သဘောထားကလည်း စိတ်အားတက်ကြွလာသည်။ “ဟင်.. မင်း မနေ့ကမှ လာထုတ်သွားတာလေ၊
ဒီမှာပဲ ထုတ်သွားတာ၊ ရှောင်ဝူ ထုတ်ပေးလိုက်တာ”
သူမက မန်နေဂျာကို
ချက်ချင်း လှမ်းခေါ်လိုက်၏။ ဒါသည် ရာဇဝတ်မှုတစ်ခုနှင့် ပတ်သက်နေမည် စိုးသဖြင့် မန်နေဂျာက သူတို့ကို
ရုံးခန်းသို့ ခေါ်သွားလိုက်ကာ မကြာခင်တွင် ရှောင်ဝူကိုလည်း ခေါ်လိုက်သည်။
ရှောင်ဝူသည်
မိန်းမငယ်လေးတစ်ယောက်ဖြစ်သည်။ သူမသည် သည်ကိစ္စကို မှတ်မိနေသေး၏။
“သူက ဆံပင်ကို
လိပ်ထားပြီး ဖက်ရှင်ကျကျ ဝတ်ထားတဲ့ အမျိုးသမီးငယ်လေး တစ်ယောက်ပဲ” ဘဏ်စာရေးက
ပြောလိုက်၏။ “ငါက သူ့မိသားစုက တော်တော်ချမ်းသာတယ်လို့ ထင်နေတာ၊ သူက ကုန်တိုက်မှာ
ဈေးဝယ်ချင်လို့ ယွမ်၁၀,၀၀၀ ထုတ်ချင်တယ်လို့ ပြောတယ်လေ၊ ဒါပေမဲ့ ဘဏ်တစ်ခုကနေ ယွမ် ၆၀၀၀ထပ်
ပိုထုတ်ချင်ရင် ကြိုတင် ရက်ချိန်းလုပ်ဖို့လိုတာ သူ မသိဘူးတဲ့၊ ကျွန်မ
အံ့ဩသွားသေးတယ်၊ ဘဏ်စာအုပ် ပျောက်သွားတာဆိုရင် အဓိပ္ပာယ်ရှိပါတယ်”
မန်နေဂျာက
မေးလိုက်၏။ ကလေးမ အဲဒါက ဘယ်သူလဲဆိုတာ မင်း သိလား”
ရှမြန်က
သူမ၏နှုတ်ခမ်းကို ကိုက်ထားလိုက်ပြီး သူတို့ကို အားကြီးသည့် အချက်တစ်ခုကို
ဒေါသထွက်ထွက်နှင့် ထောက်ပြလိုက်တော့သည်။
“သူက
ကျွန်မခဲအိုရဲ့ မယားငယ်လေ”
ဝိုး။
...