အပိုင်း(၁၂)
ပျောက်ဆုံးကိစ္စကို
တာဝန်ယူပေးသည့် အမျိုးသမီးနှင့် ဘဏ်စာရေး ရှောင်ဝူတို့သည် ကိစ္စထဲတွင်
ပါဝင်ပတ်သက်နေသလို ဟန်ရေးပြထားလိုက်ပြီး အတင်းအဖျင်းကို နားထောင်ရန်...အဲလေ..
အခြေအနေကို နားလည်ရန် မန်နေဂျာနှင့်အတူ ထိုနေရာတွင် ဆက်နေလိုက်သည်။
ထို့ကြောင့်
ရှမြန်က သူတို့နှစ်ယောက် မည်သို့ ချိတ်မိကြသည့်အကြောင်း၊ သူတို့က ရှချွန်းကို
မည်သို့ သတ်ခဲ့သည့်အကြောင်း၊ ငွေနှင့် အလုပ်နေရာလွတ် တစ်ခုရရန် ရှချွန်း၏
သေဆုံးမှုကို မည်သို့ အသုံးချခဲ့ကြောင်းနှင့် သူတို့က ရှောင်ဖုန်းကို မည်သို့
နှိပ်စက်ခဲ့ကြောင်း အကျဉ်းချုပ် ပြန်ပြောပြလိုက်၏။
ကလေးကို
နှိပ်စက်သည့်အကြောင်း ပြောပြနေချိန်တွင် ရှောင်ဖုန်း၏ အဝတ်အစားကို အသာအယာ
မပြလိုက်ပြီး ထိတ်လန့်စရာ ပွန်းပဲ့ဒဏ်ရာများက အလိုလိုအသိနိုင်ဆုံး
သက်သေဖြစ်တော့သည်။
ရှမြ၏
စာအုပ်ပျောက်ဆုံးကြောင်း တင်ပေးနေသည့် အစ်မကြီးက လက်သီးဆုပ်ထားလိုက်ပြီး
မနေနိုင်ဘဲ ကျိန်ဆဲလိုက်၏။ “တကယ့် တိရစ္ဆာန်ပဲ”
“သူ ကျွန်မကို
ဘဏ်စာအုပ် ပြန်ပေးဖို့ ငြင်းနေတာလဲ မဆန်းတော့ပါဘူး” ရှမြန်က ဘာမှမတတ်နိုင်သလို
သက်ပြင်းချလိုက်ပြီး ခေါင်းမော့ကာ မန်နေဂျာကို မေးလိုက်၏။ “ဒါက ခိုးမှုလားဟင်၊
ရဲဌာနက သူ့ကို ဖမ်းလို့ရလား”
“ဒါပေါ့”
အကြီးဆုံးအစ်မက
ချက်ချင်း ပြောလိုက်၏။ “သူတို့တွေ နင့်ကို ဒီခေါ်လာတာ မကောင်းတဲ့
ရည်ရွယ်ချက်တွေရှိတာ ထင်ရှားနေတာပဲ၊ သူတို့တွေက ကျောင်းအတွက် ငွေတောင်းတယ်ဆိုရင်တောင်
သူတို့တွေက ဘာလို့ နင့်ဘဏ်စာအုပ်ကို တောင်းတာလဲ၊ ဒါက သံသယဖြစ်စရာကနေ
ရှောင်ရှားဖို့ မလုံလောက်ဘူး၊ သူတို့တွေ နင့်ငွေကို ယူဖို့ ကြိုးစားနေတာ သိသာတယ်၊
ကလေးမ၊ ချက်ချင်း ရဲခေါ်လိုက်
ရှမြန်သည် ခဏလောက်
ငြိမ်ကျသွားပြီးနောက် မော့ကြည့်လိုက်ကာ မန်နေဂျာကို ပြောလိုက်၏။
“အစ်ကို ကျွန်မ
အကူအညီလေးတစ်ခုလောက် တောင်းလို့ရမလား”
ဆံပင်
နောက်ပြန်ဖြီးထားပြီး ဗိုက်ထွက်နေသည့်လူသည်
ရှမြန်က သူ့ကို ခေါ်လိုက်ချိန်တွင် ရယ်မောလိုက်ပြီး “ဘာကိစ္စလဲ”
“ကျွန်မ ပျောက်ဆုံးကြောင်း တင်ထားပြီးပြီ၊
နောက်တစ်ခါ သူ တရားမဝင်တော့တဲ့ စာအုပ်နဲ့ ငွေလာထုတ်ရင် အစ်ကိုက ကျွန်မကို ကူညီပြီး
ရဲကို အကြောင်းကြားပေးလို့ရမလား”
ရှမြန်က
သနားစရာကောင်းအောင် ပြောလိုက်၏။ “ကျွန်မရဲ့ခဲအိုက သူ့ကို ထပ်ပြီး ချောက်ချပါတယ်ဆိုပြီး ကျွန်မကို စွပ်စွဲမှာ
စိုးလို့ပါ၊ သူ မနေ့ကတောင် အဲလိုလုပ်ခဲ့တာမလား။ သူက အသိမိတ်ဆွေတစ်ယောက် ရှာပြီး အဲမိန်းမ ချက်ချင်း
ထွက်လာခဲ့တယ်လေ၊ ကျွန်မသာ ရဲခေါ်ရင်လည်း ဒီလို ရလဒ်ပဲ ထပ်ထွက်လာအုံးမှာပဲ၊
အဲဒီအခါကျရင် ကျွန်မက ငွေပြန်မရတဲ့အပြင် ကျွန်မရဲ့တူလေးနဲ့ ကျွန်မလည်း နောက်ပိုင်း
သေချာပေါက် ခက်ခဲရလိမ့်မယ်...”
အကြီးဆုံးအစ်မက
ဒေါသထွက်ထွက်နှင့် ပြောလိုက်၏။ “အရမ်းကို စုတ်ပဲ့လွန်းတာပဲ”
ရှောင်ဝူက
ပြောလိုက်၏။ “သူ လုပ်ခဲ့တာက ခိုးမှုပဲ၊ ဟုတ်တယ်မလား မန်နေဂျာ”
“အမှန်ပဲ” မန်နေဂျာက ပြောသည်။ “ဒါက ငါတို့
လုပ်သင့်တဲ့ကိစ္စပဲ၊ တကယ်လို့ မင်းက ငွေထုတ်ဖို့ တခြားတစ်ယောက်ရဲ့ ပျောက်သွားတဲ့
ဘဏ်စာအုပ်ကို သုံးမယ်၊ မင်းက ဘာအထောက်အထားမှ မပြနိုင်ဘူးဆိုရင် ငါတို့တွေက
သေချာပေါက် ရဲခေါ်ရမှာ”
“စိတ်မပူနဲ့နော်” ရှောင်ဝူက ချက်ချင်း ပြုံးကာ
ပြောလိုက်လေသည်။ “ငါ ဒါကို သေချာ မှတ်ထားမယ်၊ တကယ်လို့ သူ နောက်တစ်ခါ ပြန်လာရဲရင်
ငါတို့တွေ နင့်အတွက် ရဲခေါ်ပေးမယ်”
ဟုတ်ပါသည်။ သူမသည်
လာရဲပါလိမ့်မည်။ ဟွမ်ရှောင်ကျွမ်းက ရှမြန်ကို လုံးဝ သတိမထားချေ။
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ် အစ်ကိုနဲ့
အစ်မတို့” ရှမြန်က ကျေးဇူးတင်သည့် မျက်ရည်များ စီးကျလာ၏။
“ဒီကောင်မလေးက
အရမ်း စကားချိုတာပဲ” စာအုပ်ပျောက်ဆုံးကြောင်း တာဝန်ယူပေးနေသည့် အစ်မကြီးက
မနေနိုင်ဘဲ အော်ရယ်လေသည်။ သူမသည် ရှမြန်၏ခြေထောက်ကို တွယ်ကပ်နေသည့် ရှောင်ဖုန်းကို
ကြည့်လိုက်ပြီး သူ့အတွက် စိတ်မကောင်းဖြစ်သွားလေသည်။
“အိုးဟယ်၊ တကယ် ဝဋ်ပါပဲ၊ နောက်ဆိုရင်
နင့်တူလေးကို ကောင်းကောင်း စောင့်ရှောက်သင့်တယ်နော်၊ နင့်ဆံပင်ကို
သပ်သပ်ရပ်ရပ်ထားပြီး စာကြိုးစား”
ရှမြန်က
သူမ၏ဆံပင်ကို ရှက်ရှက်နှင့် ထိကိုင်လိုက်ပြီး “ကျွန်မ အရင်က မလိမ္မာခဲ့တာ သိပါပြီ၊
ကျွန်မ နောက်ဆိုရင် ရှောင်ဖုန်းအတွက် ဥပမာကောင်းတစ်ခု ဖြစ်အောင်နေပါ့မယ်၊ ကျွန်မ
အခုပဲ ဆံပင်သွားညှပ်မလို့ပါ”
ဘဏ်ထဲက
ထွက်လာချိန်တွင်တော့ ရှမြန်၏လက်ထဲတွင် ဘဏ်မန်နေဂျာ ပေးလိုက်သည့် ဆံပင်ညှပ်ခွင့်
ကတ်ပြားတစ်ခု ပါလာလေသည်။
ရှမြန်က
ရှောင်ဖုန်း၏ ခေါင်းကို ထိလိုက်ပြီး ပြောလိုက်၏။ “အမယ်.. ဒီလောကမှ လူကောင်းတွေ
အများကြီး ရှိသေးတာပဲ၊ နင့်လို ကလေးလေးကျမှ ဘယ်လိုဖြစ်ပြီး သူတို့တစ်ယောက်နဲ့မှ
မတွေ့ရတာလဲ”
ရှောင်ဖုန်းက
သူမ၏ခြေထောက်ကို ဖက်ထားလိုက်ကာ ပြုံးလိုက်ပြီး “သား အန်တီလေးနဲ့ တွေ့ခဲ့တယ်လေ”
“ဟုတ်တာပေါ့” ရှမြန်က ကိုယ်ကို ကုန်းလိုက်ပြီး
သူ့ချိုင်းမှ မ,လိုက်ကာ ကောင်လေးကို မ ချီလိုက်၏။
“ရှောင်ဖုန်းက
အန်တီလေးနဲ့ တွေ့ဖို့ ကံပါလာတာ”
ကလေးငယ်လေး၏
တခစ်ခစ်ရယ်သံမှာ ဖြူစင်ပြီး အပြစ်ကင်းလေရာ ရှမြန်မှာ မနေနိုင်ဘဲ တောက်ပနေအောင်
ပြုံးမိသွားတော့သည်။
ဒီထူးဆန်းတဲ့
အချိန်ခရီးသွားခြင်းက ဒီကလေးကို ကယ်ဖို့ဆိုရင်လဲ ကောင်းတာပါပဲလေ။
-
“ဟယ်လို အစ်ကိုနဉ်
မင်း ဘယ်ရောက်နေတာလဲ၊ လိုင်းမကောင်းဘူးလား”
နဉ်ရှောင်ပိုင်သည်
သတိပြန်ဝင်လာပြီး ပြောလိုက်၏။ “ကောင်းပါတယ်၊ ငါ ကြားတယ်”
“ဪ ငါက
ဖုန်းလိုင်းမကောင်းဘူးလို့ ထင်နေတာ” အရင်က ဘယ်သူမှ မမြင်ဖူးသေးသည့်
ဖုန်းငယ်လေးတစ်ခုထဲက စနောက်နေသည့် ယောက်ျားသံတစ်ခုက ထွက်လာသည်။ “ဒီတော့ အခု မင်း
ဘာလုပ်နေတာလဲ၊ မိန်းမလှလေးတစ်ယောက်နဲ့ တွေ့သွားပြီလား”
နဉ်ရှောင်ပိုင်သည်
သူ့မျက်ခုံးများကို ပင့်ထားလိုက်ပြီး ပြောလိုက်၏။ “မတွေ့ပါဘူး၊ အမွေးနီနီနဲ့ မျောက်တစ်ကောင်တော့
တွေ့ထားတယ်”
“အမ်..
မျောက်တွေလား၊ အဲဒီမှာ မျောက်တွေကို လေ့ကျင့်ပေးတဲ့သူ သူရှိလို့လား၊
ပျော်စရာကောင်းလား”
နဉ်ရှောင်ပိုင်က
သူ့နှုတ်ခမ်းများကို ပင့်ထားလိုက်ပြီး “မဆိုးပါဘူး၊ တော်တော်လေးတော့ ပြုံးမိသား”
ဖုန်းတဖက်မှလူသည်
ဇဝေဇဝါဖြစ်သွားပြီး “ မျောက်တစ်ကောင်ရဲ့ အပြုံးက ဘယ်လိုလုပ်ပြီး လှနိုင်မှာလဲ၊ ဪ..
မဟုတ်ပါဘူး၊ အမွေးနီမျောက်ပါ၊ အမွေးနီမျောက်က ဘယ်လိုနေလဲ”
...
၁၁နာရီထိုးတော့မည်။
ရှမြန်သည် ရှောင်ဖုန်းနှင့် ခဏလောက် ကစားပေးလိုက်ပြီးနောက် ချွေးများ
ထွက်လာတော့သည်။ သူမသည် လမ်းဘေးက ရေခဲမုန့်စက်ကြီးကို အချိန်အကြာကြီး
စိုက်ကြည့်နေမိ၏။ သူမ၏မှတ်ဉာဏ်ထဲတွင် နှင်းလူးသားလေး၊ ရေခဲထုပ်၊ ပူတင်း အားလုံးက
ထိုနေရာတွင် ရှိနေသည်။ တော်တော်လေးကို ဆွဲဆောင်မှု ရှိလွန်းလှသည်...။
ရှောင်ဖုန်းကို
ငုံ့ကြည့်လိုက်ပြီး ရှမြန်သည် သူမ၏အိတ်ကပ်ထဲက ယုန်ဖြူ ပန်းသီးချိုချဉ် နှစ်လုံးကို
ထုတ်လိုက်ကာ တစ်ခုကို အခွံခွာပြီး ရှောင်ဖုန်းကို ကျွေးလိုက်ပြီးနောက်
တစ်ခုကိုတော့ သူမကိုယ်တိုင် စားလိုက်သည်။
အလိုလေး။
ကလေးတစ်ယောက်ကို ပြုစုရတဲ့ ဒုက္ခကို ရုတ်တရက် နားလည်သွားတာပဲ။ ငါ့အသိတရားက
ကလေးရှေ့မှာ အဲဟာတွေကို စားခွင့်မပေးဘူးလေ။
“ရှောင်ဖုန်း
နေပြန်ကောင်းလာရင် အန်တီလေးက သားကို နေ့တိုင်း ရေခဲမုန့် ကျွေးမယ်နော်” ရှမြန်က
အသံအကျယ်ပြီး ကြေညာလိုက်၏။
ရှောင်ဖုန်းသည်
ရွှမ်းရွှမ်း ရေခဲမုန့် စားသည်ကို မြင်ခဲ့ဖူးလေသည်။ ရှမြန်က ထိုသို့
ပြောလိုက်သည်ကို ကြားလိုက်ရတော့ သူက မျှော်လင့်တကြီး ကြည့်လိုက်သော်လည်း အလိုက်သတိ
ပြောလိုက်၏။
“ရှောင်ဖုန်းက
မစားချင်ပါဘူး”
သူအခုလေး ဘဏ်တွင်
နားလည်ခဲ့ရသည်။ သူ့အန်တီလေး၏ငွေများကို သူ့မိထွေးက ခိုးယူသွားခဲ့ပြီး
သူ့အန်တီလေးတွင် ငွေ မရှိတော့ပေ။
“မရပါဘူး” ရှမြန်က
ဝင့်ကြွားစွာ ပြောလိုက်၏။ “အန်တီလေး နောက်သာ လိုက်ခဲ့၊ သားက အရသာရှိတဲ့
အစားအသောက်တွေကို သေချာပေါက် စားရမယ်၊ ဖျော်ရည်တွေရော” သည်အခိုက်တွင် သူမသည်
ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရှောင်ဖုန်း၏ဗိုက်လေးကို ထိလိုက်ကာ
“ဗိုက်ဆာနေပြီလား၊ ကလေးတစ်ယောက်က တစ်နေ့ကို ၄-၅နပ်လောက် စားဖို့လိုလား”
သူမ၏ ခေါင်းပေါ်က
တစ်စုံတစ်ယောက်က ပြောလိုက်၏။ “ရှောင်ဖုန်းက အချိန်အကြာကြီး အဆာခံလာလို့ အာဟာရ
ချို့တဲ့နေတာလေ၊ နည်းနည်းချင်း ခဏခဏ စားရမယ်”
လှလိုက်တဲ့အသံလေး...
ရှမြန်က သက်ပြချလိုက်၏။ နှမြောစရာပဲ။ သခင်က မျက်ကန်းဖြစ်ပြီး အကြင်နာမဲ့တယ်လေ။
သူမသည် မော့ကြည့်လိုက်တော့ အမှန်ပင်
ထန်ဆန်းကိုယ်တော် ဖြစ်ခဲ့သည့် ဒေါက်တာနဉ် ဖြစ်နေသည်။
“သတိပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်” ရှမြန်က အပြုံးတုတစ်ခု ထုတ်ပြလိုက်ပြီး “မစ္စတာထန်”
နဉ်ရှောင်ပိုင်က
သူ့မျက်ခုံးများကို ပင့်ထားလိုက်ပြီး ပြောလိုက်၏။ “ရပါတယ် မစ်စွန်း” သူက လက်ဆန့်ကာ
သူမ၏ဝင့်ထည်လွန်းသည့် ဆံပင်နီနီကို ဆွဲဆုပ်လိုက်ပြီးနောက် ခပ်မိုက်မိုက်
အမူအရာတစ်ခုဖြင့် ထွက်သွားလိုက်သည်။
ရှမြန်: ....
ရှမြန်သည်
မျက်လုံးများကို ပြူးကာ အေးအေးလူလူ သွားလိုက်သည့် သူ့ကျောပြင်ကို
စိုက်ကြည့်လိုက်၏။ သူမသည် ဒေါသကြောင့် ခြေဆောင့်ရုံသာ တတ်နိုင်ခဲ့ပြီး စကားစများ
ပျောက်ဆုံးခဲ့သည့် သူမကိုယ်သူမ မုန်းမိတော့သည်။
“အား.... ဒေါသ
ထွက်လိုက်တာ”
နဉ်ရှောင်ပိုင်သည်
သူ့နောက်က ဒေါသသံကို ကြားလိုက်ရပြီး စိတ်ကြည်လင်နေ၏။ သူသည် မနေနိုင်ဘဲ
လေချွန်လိုက်တော့သည်။
“အန်တီလေး၊
စိတ်မဆိုးပါနဲ့” ရှောင်ဖုန်းက ရှမြန်၏ ပေါင်ကို ဖက်ထားလိုက်ပြီး၊
သူ့မျက်လုံးများထဲတွင် စိုးရိမ်မှုနှင့် နှစ်သိမ့်မှု အပြည့်ပါနေလေသည်။
“ဟုတ်တယ်၊ ငါ
ဒေါသမထွက်ဘူး” ရှမြန်က ရှောင်ဖုန်းကို ကောက်ချီလိုက်ပြီး “အရသာ ရှိတာ
သွားစားကြမယ်၊ နေ့လယ်စာစားပြီးမှ အန်တီလေးက ဆံပင်သွားညှပ်မယ်”
ရှမြန်၏
မူလစိတ်ကူးမှာ ရှောင်ဖုန်းကို နှစ်သိမ့်ပေးရန် ဖြစ်သော်လည်း သူသည် အရသာရှိလှသည့်
ဖက်ထုပ်ကို စားလိုက်ပြီးနောက်တွင် မသက်ဆိုင်သူများကို မေ့သွားတော့သည်။
လူနေအိမ်ရာတစ်ခု
အနီးတွင် ရှိသဖြင့် သည်လမ်းဘေးဆိုင်က ဖက်ထုပ်မှာ များပြီး ဈေးသင့်သလို အရသာကလည်း
အင်မတန်ကောင်းမွန်သည်။
“စားလို့ကောင်းလား”
ရှမြန်က ရှောင်ဖုန်းအတွက် တစ်ခု ဖွင့်ပေးလိုက်၏။ သူမသည် ဘေးအိမ်က အဒေါ်က
သူမ၏မြေးလေးကို သည်လို ကျွေးနေသည်ကို မြင်ခဲ့ဖူးသည်။ မှိုနှင့်ဝက်သားက
ဆီတစ်စက်စက်ဖြစ်နေပြီး လူများကို ပိုပြီး ဗိုက်ဆာသွားအောင် လုပ်နေသည်။
ရှောင်ဖုန်း၏ပါးလေးက
လှုပ်ရှားသွားပြီး တောက်ပသည့်မျက်လုံးများဖြင့် ခေါင်းညိတ်ပြလိုက်၏။
ရှမြန်က
သူ၏ဝမ်းဗိုက်ကို ထိလိုက်ပြီး ပြောလိုက်၏။ “နောက်ထပ် နှစ်ခု ထပ်စားလိုက်”
ရှောင်ဖုန်းသည်
ဝမ်းသာအားရ သူ့မျက်လုံးများကို ကျုံ့ထားလိုက်ပြီး သူ၏ခြေထောက်လေးများကို
လှုပ်ရှားနေလေသည်။ သူသည် အလွန်မှ ချစ်စဖွယ်ကောင်းနေတော့သည်။
ဖက်ထုပ်
စားပြီးနှင့် ကြက်ဥစွပ်ပြုတ်တချို့ကို သောက်ပြီးနောက် ရှမြန်နှင့်
ရှောင်ဖုန်းတို့သည် စိတ်လက်မရှည်စွာဖြင့် ဆံပင်ညှပ်ဆိုင်သို့ အလောတကြီး
သွားလိုက်ကြသည်။
သူမသည် တံခါးကို
ဖွင့်လိုက်ချိန်တွင် အတောင်များ ဖြန့်ထားသည့် ရောင်စုံဥဒေါင်းများပြည့်နေသည့်
အခန်းတစ်ခုကို မြင်လိုက်ရသည်။ ရှမြန်မှာ မှင်စာဂူတစ်ခုထဲ ဝင်သွားမိသယောင်
ထင်မိသွားတော့သည်။
အိုးဟဲ့။ ဒါက
အီမိုယဉ်ကျေးမှု ရေပန်းစားနေတဲ့ ခေတ်တစ်ခုပဲ။
ဝန်ထမ်း၏မျက်လုံးများက
သူမကို မြင်လိုက်ချိန်တွင် လင်းလက်သွားတော့သည်။ “မိန်းမလှလေး ဆံပင်
ဆေးဆိုးချင်လို့လား၊ ငါတို့တွေ မနေ့က အစိမ်းရောင်ဆိုးခဲ့တယ်၊ အထူးသဖြင့်
နင်နဲ့ဆိုရင် တော်တော်လိုက်မှာ၊ ဟောင်ကောင်ကနေ သင်ပြီး ပြန်လာတာ မကြာသေးတဲ့
မစ္စတာတိုနီကို နင့်အတွက် ဆိုးခိုင်းလိုက်လေ၊ သေချာပေါက် အရမ်း လှမှာ”
ရှမြန် : ....
အစိမ်းရောင်တဲ့လား။
ပြောရဲလိုက်တာဟယ်။ သူတို့တွေက ငါ့ကို လက်တွေ့စမ်းသပ်မှုတွေ လုပ်ချင်တာလို့ပဲ
သံသယရှိတယ်။ အီမိုတွေကလွဲရင် ဘယ်သူက သူတို့ဆံပင်ကို အစိမ်းဆိုးမှာလဲ။
ရှမြန်သည်
လှုပ်လှုပ်ရှားရှား ဖြစ်နေသည့် အစိမ်းရောင်ဆံပင်ကို မြင်လိုက်ချိန်တွင် သူမသည်
ရိုးအလှချည်လားဟု ခံစားလိုက်ရ၏။ ဆံပင်ညှပ်ဆရာတွေရဲ့ အဆင့်ကလည်းက ဆံပင်ပုံစံအလိုက်
အကျင့်စရိုက်နဲ့ အမြင်ပေါ်မူတည်ပြီး အဆင့်ခွဲထားတာ ဖြစ်ရမယ်။ သူမရှေ့က ဆရာတိုနီက
မှင်စာဘုရင်ပဲလေ။
“ကျွန်မ
အနက်ဆိုးပြီး ဆံပင် ဖြောင့်မှာ” ရှမြန်က သူတို့နှင့် လေကုန်ခံဖို့ စိတ်ကူးမရှိချေ။
ဒီတိုင်းတန်းပြောလိုက်၏။ “ကျွန်မ ကျောင်းတက်ရမှာ၊ ကျောင်းမှာ ဆံပင်ဆေးဆိုးထားရင်
ကျောင်းထုတ်ခံရလိမ့်မယ်”
ကျောင်းက
ထွက်ရလျှင်တော့ ဆရာတိုနီက သည်ကိစ္စနှင့်ပတ်သက်ပြီး ဘာမှမတတ်နိုင်တော့ချေ။ သူသည်
နှမြောတသစွာ သက်ပြင်းသာ ချနိုင်တော့သည်။
“နင်က
အရမ်းလှတဲ့ဟာကို၊ နင့်ဆံပင်ကို ပိုပြီးလှအောင် လုပ်ရင် ပိုပြီး ထူးခြားသွားမှာ၊
ကျောင်းသွားရင်လဲ အတူတူပဲ၊ ဆံပင်ပုံစံက စာသင်တာနဲ့ ဘာဆိုင်လို့တုံး”
ဒါက
မျက်လုံးဖွင့်ရက် လိမ်နေတာပဲလေ။ ငါ့ရှေ့ဆံပင် ဘုတ်သိုက်ကြီးကလည်းက မျက်နှာတဝက်ကို
ဖုံးတော့မယ်။ ငါက တကယ်လှတယ်လို့ ဘယ်လိုများ ပြောရက်ပါလိမ့်။ ငါကိုယ်တိုင်တောင်
သေချာရှင်းအောင် မမြင်ရတော့ဘူး။
ခေါင်းမလျှော်ခင်တွင်
ရှမြန်သည် သူမ၏လက်ထဲတွင် ရှောင်ဖုန်းကို ချီထားပြီး သူက နတ်သမီးဂူထဲက ဒေါင်းဝိညာဉ်များကြောင့် ကြောက်လန့်သွားမှာ
စိုးရိမ်မိလေသည်။ သို့သော်လည်း ကောင်လေးက ကောင်းကောင်း နေသားကျနေသယောင် သူသည်
ခေါင်းလေးကို စောင်းပြီး ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်လေသည်။
ရှမြန်က မနေနိုင်ဘဲ
မေးလိုက်၏။ “ပေါင်ပေါင်းက ဘာကြည့်နေတာလဲ”
ရှောင်ဖုန်းက
ရှမြန်၏ခေါင်းကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်၏။ “အန်တီလေးက အလှဆုံးပဲ”
ရှမြန်: ...
သွားပါပြီ။
ဒီလိုပုံပျက်နေတဲ့ အနုပညာရသနဲ့ဆိုရင် အရည်အချင်းရှိတဲ့ ပန်းချီဆရာဖြစ်လာမဲ့
ရှောင်ဖုန်းရဲ့လမ်းကတော့ မပျက်စီးသွားလောက်ပါဘူးနော်။
တိုနီက သူမကို
ဆက်တိုက်စကားပြောနေပြီး ရှမြန်ကတော့ သူမ၏ဆံပင် အနက်ရောင် ပြန်ဆိုးကာ သပ်ရပ်သည့်
ကျောင်းသူလေးတစ်ယောက်ပုံစံ ဆံပင်ညှပ်ခိုင်းလိုက်လေသည်။ ဆံပင်ကို လေမှုတ်ပြီးနောက်
ရှမြန်သည် နောက်ဆုံးတော့ သည်ခန္ဓာကိုယ်၏ ရုပ်သွင်ကို ဂရုတစိုက် ကြည့်လိုက်မိ၏။
အရင်ကတော့ အမှန်ပင် မျက်စိဆံပင်မွှေး စူးစရာ ဖြစ်ရသဖြင့် သူမမှာ ဒါကို မမြင်ချင်
ဟန်ဆောင်ထားခဲ့ရသည်။
သည်အခိုက်တွင်
မှန်ထဲက မိန်းကလေးကတော့ သူမကိုယ်တိုင်နှင့် ၇၀%လောက် တူနေသည်။ ပါးလွှာသည့်
ရှေ့ဆံပင်က နောက်ဆုံးတော့ သူမ၏နဖူးအပြည့်၊ ဗာဒံစေ့မျက်လုံး၊
သွယ်လျလျနှာခေါင်းနှင့် ဘဲဥပုံမျက်နှာကို ဖော်ထားခွင့်ရတော့သည်။ နောက်ဆုံးတော့
သူမသည် နတ်သမီးတစ်ယောက်နှင့် အနည်းငယ် တူလာခဲ့သည်။ ရှမြန်က ကျေနပ်ကာ
ခေါင်းညိတ်လိုက်၏။
သူမက ဆံပင်ကို
အနက်ပြန်ဆိုးသည့် ကိစ္စကို သနားစဖွယ်ဖြစ်အောင် ညည်းညူနေသည့် တိုနီမှာ
ပြစ်တင်ညည်းညူနေသည်ကို ရပ်ထားလိုက်ပြီး သူမ နေထိုင်သည့်နေရာနှင့် တက်ရောက်နေသည့်
ကျောင်းကို အားတက်သရော မေးမြန်းကာ စကားစမြည်နေပြန်သည်။ “ဒါနဲ့ ငါတို့ဆိုင်မှာ ကျောင်းသူတွေအတွက်
လျှော့ဈေးတစ်ခုရှိတယ်၊ နင့်မှာ ကျောင်းသားကတ်ရှိရင် ၂၀% လျှော့ဈေး ရနိုင်တယ်”
ကြည့်လေ။ ဒါက
နတ်သမီးလေး ဆက်ဆံခံရတဲ့ပုံစံပဲ။ ရှမြန်က ပြုံးပြလိုက်ပြီး ဘာမှမပြောလိုက်ချေ။
သူမက ဒီအတိုင်း ငွေချေလိုက်ပြီး ထွက်လာခဲ့လိုက်၏။
ဆံပင်ညှပ်ဆိုင်မှာ
ထွက်လာပြီးနောက်တွင် ရှမြန်က ရှောင်ဖုန်းကို ကောက်ချီလိုက်သည်တွင် သူက သူမကို
တလေးတနက် ကြည့်နေဆဲဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူမက မေးလိုက်၏။ “အခု အန်တီလေး
လှသွားပြီလား”
ရှောင်ဖုန်းက
အခုထိပင် လုံးဝ တွေဝေမနေချေ။
“လှတယ်”
ရှမြန်က
ပြုံးလိုက်ပြီး “ဘယ်သူက ပိုလှလဲ၊ အရင်ပုံစံနဲ့ အန်တီလေးလား၊ အခုပုံစံနဲ့
အန်တီလေးလား”
ရှောင်ဖုန်းက
ရှမြန်၏လည်ပင်းကို သိုင်းဖက်ထားပြီး ပြောလိုက်၏။ “အားလုံး လှတယ်၊ ဒါပေမဲ့ သားရဲ့
အန်တီလေးက အလှဆုံးပဲ”
ရှမြန်သည်
စိတ်အေးသွားကာ သက်ပြင်းချလိုက်၏။ အနည်းငယ် လမ်းလွဲသွားခြင်း ရှိသော်ငြားလည်း
ကောင်ကလေး၏ အလှရသခံစားချက်ကို ကယ်တင်နိုင်ခဲ့သေးသည်။ သူမသည် ကလေးကို
အကြိမ်အနည်းငယ်လောက် သေသေချာချာ ကြည့်လိုက်ပြီးနောက် မနေနိုင်တော့ဘဲ သူ့ပါးလေးကို
နမ်းရှုံ့လိုက်၏။
“ရှောင်ဖုန်းလည်း
ချောတယ်လေ၊ အရမ်းချောတာပဲ”
ဆံပင်ညှပ်ခြင်းက
အချိန်တော်တော် ကြာမှာဖြစ်သဖြင့် ရှမြန်က ရှောင်ဖုန်းကို သူမဘေးတွင်
ထိုင်ခိုင်းထားကာ သူမ၏ဆံပင်ကိုလည်း ညှပ်ခိုင်းလေသည်။
ဟွမ်ရှောင်ကျွမ်းက
ရှောင်းဖုန်းကို ဘယ်တုန်းကမှ ဂရုမစိုက်ဖူးချေ။ သို့သော်လည်း ကလေးများ၏ဆံပင်က
ရှည်လာပြီး မကြာမကြာ ခေါင်းမလျှော်ပေးလျှင် အလွယ်တကူ သန်းစွဲနိုင်သည်။
ဟွမ်ရှောင်ကျွမ်းက ဒါကိုလည်း ကြောက်သဖြင့် သူမက အလုပ်မများအောင်
ရှောင်ဖုန်း၏ခေါင်းကို ဒီတိုင်း ရိတ်ထားပေးတတ်သည်။ ရှောင်ဖုန်း၏ဆံပင် နည်းနည်းလေး
ရှည်လာသည်နှင့် သူမက သင်တုန်းဓားနှင့် ဒီတိုင်း ရိတ်ပစ်လိုက်သည်။
သည်အချိန်တွင်
ရှောင်ဖုန်း၏ဆံပင်က မတိုမရှည်လေး ဖြစ်နေသည်။ သူသည် ရှမိသားစု၏ အနည်းငယ်
ဆံပင်ကောက်သည့် သဘာဝကို အမွေရထားသည်။ မသိမသာ အထပ်လေး လုပ်ပေးထားလိုက်ပြီးနောက်တွင်
အလွန်မှ ကြည့်လို့လှပနေသည်။ သို့သော်လည်း အကြာင်းကြောင်းကြောင့် သူ့နဖူးနားက
အလယ်ထိပ်လေးတွင် ဆံပင်အစုလေးတစ်ခုက ကွေးပြီး ထောင်တက်နေသည်။
ရှမြန်က
မနေနိုင်တော့ဘဲ ထိုထောင်နေသည့် ဆံပင်ချောင်းလေးကို ဖိချပေးလိုက်၏။ ဆံပင်အစုလေးက
သူမ၏လက်ချောင်းများအောက်တွင် ပိကျသွားပြီး မကြာမီတွင် ပြန်ထောင်တက်သွားကာ
နာမည်ကြီး လူမိုက်လေးတစ်ယောက်လို ခံစားချက်မျိုးပေးနေ၏....။
ရှမြန်မှာ အလွန်
သဘောကျသွားတော့သည်။ ရှောင်ဖုန်းက သူမ ပျော်နေပုံကို မြင်လိုက်ရတော့
သူ့မျက်လုံးများကလည်း လခြမ်းလေးလို ကွေးသွားပြီး အပြုံးတစ်ခုနှင့်ပင်
အားလုံး၏နှလုံးသားကို အမှန်ပင် အရည်ပျော်သွားစေနိုင်လေသည်။
တစ်ဖက်တွင်တော့ မနက်ခင်းက ဖြစ်ခဲ့သည့်
ကိစ္စကြောင့် ဟွမ်ရှောင်ကျွမ်းမှာ သူမ၏ဒေါသကို မမျိုသိပ်နိုင်သည့်အပြင်
ကျန်းချီမင်ကလည်း မနက်စောစောစီးစီး သမဂ္ဂ၏ ခေါ်ယူခြင်းခံလိုက်ရသည်။
သူတို့နှစ်ယောက်သည် ရှမြန်ကို ရှင်းထုတ်မည့်အစီအစဉ်ကို အကောင်အထည်ဖော်ရန်
တိုင်ပင်နေကြလေသည်။
ဟွမ်ရှောင်ကျွမ်းက
အိမ်တွင် နေပြီး ရှမြန်၏ ‘သူငယ်ချင်းများ’က သူမကို လာတွေ့မှာကို စိတ်အားထက်သန်စွာ
စောင့်နေလေသည်။
...