အပိုင်း (၁၆)
ဘယ်သူမှ
ပြန်မပြောကြသော်လည်း မြေးဖြစ်သူကို နားလည်သည့် ဆရာမမီက ခဏလောက် မှင်တက်အံ့ဩသွားပြီး
“အဲဒီလူတွေကို ရှောင်ဟွမ်က ခေါ်ထားတာလို့ ပြောချင်တာလား”
နဉ်ရှောင်ပိုင်က
မှတ်ချက်မပေးဘဲ ဒီအတိုင်း ပြောလိုက်၏။
“မနက်ခင်းတောင်
နောက်ထပ်ဆူညံတာတွေ ဖြစ်ခဲ့တယ်လို့ ပြောခဲ့တယ်မလား၊ ဒေါ်ဒေါ်လျိုက သမဂ္ဂကို
ဆက်သွယ်ခဲ့လား၊ သမဂ္ဂက ကျန်းချီမင်ကို သေချာပေါက် ဆက်သွယ်မှာပဲ”
“ငါ ဒါကိုသိတယ်လေ။
ဒါရိုက်တာဝမ်က ဒီနေ့ ကျန်းချီမင်ကို ဆူနေတယ်လို့ ငါတို့လောင်လီဆီက ကြားထားတယ်”
တစ်ယောက် ပြောလိုက်၏။ “ကျန်းချီမင်က နေ့ခင်းတုန်းက အိမ်တောင် ပြန်မလာဘူး၊ သူ
ညနေခင်း အလုပ်ပြီးတာနဲ့ အလုပ်ခရီးတစ်ခုသွားမယ်လို့ တက်တက်ကြွကြွ ခွင့်တင်ခဲ့တယ်လေ”
သည်အခိုက်တွင်
ထိုလူ၏ခေါင်းပေါ်တွင် ရုတ်တရက် မီးသီးတစ်လုံး လင်းလာတော့သည်။
“အာ.. ငါက သူ
အဆူခံလိုက်ရလို့လို့ ထင်နေတာ၊ ဒီနေ့ ထူးချွန်ဆုရဖို့ သူက ဒီပင်ပန်းတဲ့အလုပ်ကို
အရင်ကမ်းလှမ်းခဲ့တာလို့ ထင်နေတာ၊ သူက ဒီကိစ္စကို ရှောင်ချင်တာကိုး”
“အမှန်ပဲ”
တစ်ယောက်က တက်တက်ကြွကြွ ဝင်လာသည်။ “ဒီနေ့ ဟွမ်ရှောင်ကျွမ်းက အပြင်ထွက်တော့
ရှောင်ဟဲရဲ့ တောသူမိန်းမက မိသွားပြီး အချိန်အကြာကြီး ဆူဆဲနေခဲ့တာလေ၊ မူကြိုမှာလဲ
ဘယ်သူမှ ရွှမ်းရွှမ်းနဲ့ မကစားချင်ကြဘူး၊ ဒါနဲ့ ဟွမ်ရှောင်ကျွမ်းက သူ့ကို
အိမ်ခေါ်ပြန်လာခဲ့ရတယ်၊ အဲတုန်းက သူ့ပုံက တော်တော်လေး မပျော်မရွှင် ဖြစ်နေတဲ့ပုံပဲ...”
အားလုံးက
နဉ်ရှောင်ပိုင်၏ အတွေးရထားနောက် လိုက်သွားကြပြီး ချက်ချင်းဆိုသလို ရှားလော့ဟုမ်း
ဖြစ်သွားကြလေသည်။
“ဒီတော့ သူတို့တွေက
ရှမြန်ကို ချောက်ချခဲ့တာပေါ့၊ ဒီလိုဆိုရင် အားလုံးက ရှမြန်ကို မုန်းသွားပြီး
သူတို့မိသားစုကိစ္စတွေကို မေ့သွားကြမှာလေ”
“ဟုတ်တယ်၊ ဒီနေ့
ဟွမ်ရှောင်ကျွမ်း ထွက်သွားတုန်းကတောင် တော်တော်များများက သူ့ကို စပြီး သနားနေကြတာ”
ရှမြန်သည် ရုတ်တရက်
သဘောပေါက်သွားတော့သည်။
“ကျွန်မ
အဲဒီလူတွေကို ဆိုးဆိုးရွားရွား ဆဲဆိုခဲ့တာတောင် သူတို့တွေက ထွက်မသွားကြတာ
မဆန်းတော့ပါဘူး၊ သူတို့တွေက တာဝန်တစ်ခု လုပ်နေကြတာပဲ”
“နင် သူတို့ကို
ဆဲခဲ့သေးတယ် ဟုတ်လား”
“အင်း သူတို့တွေက
ကျွန်မကို လေချွန်ပြနေတာလေ၊ ဒီတော့ ကျွန်မလည်း သူတို့ကို ဆဲရမှာပေါ့”
“ဒီတော့ သူတို့တွေက
ရှမြန်ကို တကယ် မသိကြတာပဲ”
ရှားလော့ဟုမ်း
အမျိုးသမီးအဖွဲ့ဝင်များသည် ဖောဖောသီသီ ခန့်မှန်းကြတော့သည်။ “မပြောစမ်းပါနဲ့၊
ဒီလှည့်ကွက်က ရိုးရှင်းပြီး ထိရောက်တယ်လေ၊ တကယ်လို့ အဲဒီလူမိုက်တွေကို ငွေတချို့ပေးပြီး
ဝင်းထဲမှာ ရှမြန်ရဲ့နာမည်ကို သတင်းလွှင့်ခိုင်းရင် ကလေးမ ပျက်စီးသွားလိမ့်မယ်”
အဘွားလျိုက
ပြောလိုက်၏။ “အဲဒါက အဲဒီစိတ်ပုပ်တဲ့လူနှစ်ယောက် လုပ်နိုင်တဲ့ကိစ္စပဲ၊
သူတို့တွေက ရှမြန်ကို မောင်းထုတ်ချင်နေကြတာ၊ ရှမြန်က မြို့ငယ်လေးကနေ အခုမှ
မြို့ကြီးကို တက်လာတာ ဒီနေရာနဲ့ ရင်းနှီးတာ မဟုတ်ဘူး၊ သူ အဲဒီလူမိုက်တွေနဲ့ ပတ်သက်ခဲ့ရင် ဘယ်သူက သူ့ကို
ယုံတော့မှာလဲ”
ဆရာမမီသည်
ပိုပြီးဆိုးရွားသည့် အရာကိုပင် စဉ်းစားမိသွားလေသည်။
“ရှမြန်က
တခြားနေရာကလာတဲ့ ၁၆နှစ်အရွယ် မိန်းကလေးတစ်ယောက်၊ သူသာ အဲဒီလူမိုက်တွေ ခေါ်သွားခံလိုက်ရရင်...”
ဖြစ်နိုင်ခြေက
အရမ်းများလေသည်။
သက်လတ်ပိုင်းအရွယ်
အမျိုးသမီးက လက်ခုပ်တီးလိုက်ပြီး ပြောလိုက်၏။ “မဟုတ်ဘူးလား၊ မဟုတ်ရင်
မိသားစုတစ်ခုလုံးက ရုတ်တရက်ကြီး ဘာလို့ ထွက်သွားတာလဲ၊ ကျန်းချီမင်ကလည်း
အလုပ်ခရီးဆိုပြီး ၇ရက်၊ ၈ရက် သွားလိုက်တယ်၊
ဟွမ်ရှောင်ကျွမ်းကလည်း ထွက်သွားတုန်းက သူ့ခရီးဆောင်အိတ်ကို ယူသွားခဲ့တယ်”
“သူက
အဲဒီလူမိုက်တွေကို ကြောက်လို့ ရက်နည်းနည်း ပုန်းရှောင်ဖို့ သူ့အမေအိမ်ကို
ပြန်ချင်တာလို့ ပြောသွားတယ်၊ ဒါက ရှမြန် မိုးကောင်ကင်နဲ့ မြေကြီးထိ အော်ဟစ်ပြီး
အကူအညီတောင်းရင်တောင် ဘယ်သူမှ သူ့ကို ကူညီနိုင်မှာ မဟုတ်ဘူးလေ”
“ဟုတ်တယ်၊
ဟွမ်ရှောင်ကျွမ်းက အိမ်ရာဝင်းထဲမှာ နေရမှာ အရမ်းရှက်လို့ အခြေအနေကို
ရှောင်ချင်ခဲ့တာလို့ ထင်ထားခဲ့တာ၊ ဒါပေမဲ့ သူ့မှာ ဒီလိုရက်စက်တဲ့
အတွေးတွေရှိနေမယ်လို့ ထင်မထားခဲ့ဘူး”
“တိရစ္ဆာန်က
တိရစ္ဆာန်ပဲ၊ ဒီမိသားစုက ယုတ်ညံ့တဲ့စိတ်အပြည့်နဲ့လူတွေပဲ၊ ရှမြန်မှာ
ရှောင်ဖုန်းကလည်း ရှိသေးတယ်၊ သူတို့တွေက သူတို့နှစ်ယောက်လုံးကို လူမိုက်တွေလက်ထဲ ပစ်ထည့်နေတာလား”
လူအုပ်ကြီး ရှုတ်ချမှုကြားတွင်
ရှမြန်သည် တစ်ခုတည်းကိုသာ စိုးရိမ်လေသည်။ “သူတို့အားလုံး သွားလိုက်တာလား၊ တံခါးက
သော့ခတ်ထားတာလား”
“နင့် သော့ရှိလား”
အဘွားလျိုသည် ဒါကို မေးလိုက်သော်လည်း သူမ၏စိတ်ထဲတွင် အဖြေက ရှိနှင့်ပြီးသားပင်။
ဟုတ်ပါသည်။ ရှမြန်က
ခေါင်းခါပြလိုက်၏။
အဘွားလျိုက
မေးလိုက်၏။
“ဘာလုပ်ကြမလဲ၊
ဒီနေ့ နင်တို့နှစ်ယောက် ဘယ်မှာနေကြမှာလဲ၊ နင် ရှောင်ဖုန်းကို နင်နဲ့အတူတူ ခေါ်သွားမှာလား”
ရှမြန်၏ခြေထောက်မှာ
တင်းကြပ်သွား၏။ ဟုတ်ပါသည်။ ရှောင်ဖုန်းသည် သူမ၏ခြေထောက်ကို ဖက်ထားပြီး
သူ၏လက်သေးသေးလေးများက စိုးရိမ်တကြီး တင်းကြပ်နေအာင်
ဆုပ်ထားသည်။ သည်ကလေးသည် ငယ်ငယ်လေးကတည်းက ပစ္စည်းတစ်လို သဘောထားခံခဲ့ရပြီး အလွန်မှ
ခံစားလွယ်သည်။
ရှမြန်က
သူ့ခေါင်းကို ထိပေးလိုက်ပြီး “စိတ်မပူနဲ့နော်၊ အန်တီလေးက သားကို ထားခဲ့မှာ မဟုတ်ဘူး၊ အန်တီလေးက တစ်ခုခု
သွားလုပ်ပြီး စားစရာ နည်းနည်းသွားဝယ်လာခဲ့မယ်နော်၊ ရှောင်ဖုန်းက ပင်ပန်းပြီး
ဗိုက်ဆာနေပြီ၊ ဒီတော့ အန်တီလေးတစ်ယောက်ထဲသွားရင် ပိုမြန်မှာ”
ရှောင်ဖုန်းသည်
အလွန်ကြောက်လန့်နေဆဲပင်။ သူ့လက်သေးသေးလေးက သူမ၏စကပ်အနားကို
တင်းနေအောင် ဆုပ်ထားသော်လည်း သူက နှုတ်ခမ်းကို စေ့ထားလိုက်ပြီး နာနာခံခံ
ခေါင်းညိတ်ပြလိုက်သေးသည်။
“အန်တီလေး
သားလိမ္မာပါ့မယ်၊ ကျေးဇူးပြုပြီး မြန်မြန်ပြန်လာနော်” နောက်ဆုံးတွင် မျက်ရည်များက
သူ၏ ဝိုင်းစက်နေသည့် မျက်လုံးများမှ စီးကျလာတော့သည်။
ရှမြန်သည် ကလေးလေး
ငိုသံကို မခံစားနိုင်တော့ချေ။
“ထားလိုက်ပါလေ”
သူမက
ရှောင်ဖုန်းကို ကောက်ချီလိုက်ပြီး ပြောလိုက်၏။
“အန်တီလေးက
သွားတဲ့နေရာတိုင်းကို ရှောင်ဖုန်းကို ခေါ်သွားမယ်နော် ဟုတ်ပြီလား”
ရှောင်ဖုန်းက
သူမ၏လည်ပင်းကို တင်းနေအောင် ဖက်ထားလိုက်ပြီး မျက်ရည်များက နောက်ဆုံးတော့
စီးကျလာလေသည်။
“အန်တီလေး သား
လိမ္မာပါ့မယ်”
လူကြီးများက
ရင်နာရလေသည်။ အဘွားလျိုက ဆူဆဲတော့သည်။ “ဒီမိသားစုက တကယ် အသုံးမကျတာပဲ၊ ရှမြန် နင်
ဘယ်လိုလုပ်မှာလဲ၊ ရက်ပိုင်းလောက် ငါ့အိမ်မှာ နေလိုက်၊ ရှောင်ဖုန်းနဲ့
ကျွမ်းကျွမ်းတို့ အဖော်လည်း ရတော့ ဒါ အခွင့်အရေးကောင်းတစ်ခုပဲ”
“ရပါတယ်
ဒေါ်ဒေါ်လျို” ရှမြန်သည် အစကတော့ ထိုလူဆိုးများကို ဖြေရှင်းပြီး သူတို့ကို သတင်းတချို့
မေးချင်ခဲ့သည်။
သို့သော် အခုတော့
ရှောင်ဖုန်းက ပိုအရေးကြီးသည်။
ရှမြန်သည်
တခြားဘယ်နေရာမှာမှ နေဖို့ စိတ်ကူးမရှိချေ။ သူမသည် တခြားသူများကို ဒုက္ခပေးရသည်ကို
မကြိုက်သလို တစ်စုံတစ်ယောင်၏ အမိုးအောက်တွင်လည်း မနေလိုချေ။ ထို့အပြင်
ထိုအခြေအထိလည်း မရောက်သေးချေ။
စီရင်စုမြို့ငယ်လေးကနေ
အခုမှရောက်လာတဲ့ မိန်းမငယ်တစ်ယောက် ဆိုရင်တော့ သူ နစ်နာသွားရလောက်တယ်။ ဒါပေမဲ့ ကျန်းချီမင်နဲ့ ဟွမ်ရှောင်ကျွမ်းတို့က သူတို့က
ဒီကိစ္စနဲ့ ရှမြန်နဲ့ တခြားသူတွေကို နားလည်မှုလွဲအောင် လုပ်မယ်လို့ ထင်ထားရင်တော့
မှားသွားပြီ။ သူတို့တွေ ပြန်လာတဲ့အခါကျမှ နောင်တမရပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ။
“နင့်မှာ ငွေတောင်
မရှိဘူးမလား” အဘွားလျိုက စိုးရိမ်တကြီး မေးလိုက်၏။
ရှမြန်က
ပြုံးလိုက်ပြီး “စိတ်မပူပါနဲ့၊ ကျွန်မ ကျန်းချီမင်ကို အရင် ဖုန်းခေါ်ပြီး
ဘာလုပ်ရမလဲဆိုတာ မေးလိုက်ပါ့မယ်”
“သူက အလုပ်ကိစ္စ
ခရီးသွားနေတာလဲ၊ သူက ဘာလုပ်နိုင်မှာလဲ” အဘွားလျိုက စိုးရိမ်နေဆဲ။
“အရင်
မေးကြည့်တာပေါ့, ဒေါ်ဒေါ်လျို ကျွန်မ ဒေါ်ဒေါ်တို့
ဖုန်း သုံးလို့ရမလား”
“ငါ့ဆီက သုံးလိုက်”
ဆရာမမီက ပြောလိုက်၏”
“အပေါ်ထပ် တက်ရတာ
သက်သာတာပေါ့” ထိုသို့ပြောလိုက်ပြီးနောက် သူမသည် လှည့်ကာ ပြန်ဝင်သွားလေသည်။
ရှမြန်က
မငြင်းလိုက်ချေ။ ဆရာမမီ၏အိမ်သည် ပထမထပ်တွင်ရှိပြီး ပိုပြီး အဆင်ပြေလေသည်။
နဉ်ရှောင်ပိုင်က
သူမနောက်က လိုက်လာသည်ကို ကြည့်လိုက်ပြီး ရှမြန်သည် တစ်ခုခု ထွက်လာတော့မလို
ခံစားလိုက်ရ၏။ တစ်ဖက်လူက ဆရာမမီ၏ အိမ်ထဲသို့ သဘာဝကျကျ
ဝင်သွားလိုက်မှ ရှမြန်သည် သည်လူက အမှန်တော့ ဆရာမမီ၏ ပါရမီရှင်မြေးလေး ရှောင်ပိုင်
ဖြစ်နေမှန်း သိလိုက်ရတော့သည်။
နဉ်ရှောင်ပိုင်က
သူမ၏မယုံကြည်နိုင်စရာ ကောင်းနေပါလားဟူသည့် ရုပ်ကို မြင်လိုက်ပြီး မေးလိုက်၏။
“ဘာဖြစ်လို့လဲ”
“ဪ ဘာမှမဟုတ်ပါဘူး”
ရှမြန်က သူ့ကို
ချက်ချင်း ခွင့်လွှတ်ပေးလိုက်တော့သည်။ နောက်ဆုံး ပါရမီရှင်တစ်ယောက်တွင် ပြစ်ချက်တချို့
ရှိသည်က ပုံမှန်ပင်။ သည်နေ့ သူက သူမကို ကူညီပေးခဲ့သည်ကို စဉ်းစားလိုက်ပြီး သူမသည်
သူ့ကို ထပ်ပြီး အမြင်မကြည်တာမျိုး မရှိတော့ချေ။
နဉ်ရှောင်ပိုင်သည်
သူမက ကောင်းတာမရှိလောက်ဘူးဟု
အမြဲတမ်း ခံစားနေရသည်။
ရှမြန်က
ကျန်းချီမင်ကို ဖုန်းခေါ်လိုက်သည်။
ထိုခေတ်တွင်
မိုဘိုင်းလ်ဖုန်း မရှိသေးချေ။ ကုန်းတွင်းပိုင်းမြို့များတွင်
လက်ကိုင်ဖုန်းကြီးများလည်း အများအပြားမရှိသေးချေ။
မူလခန္ဓာကိုယ်၏
မှတ်ဉာဏ်ထဲတွင် မင်ရှီမြို့၏ အချမ်းသာဆုံးလူတွင်သာ မိုဘိုင်းလ်ဖုန်း တစ်လုံး
ရှိလေသည်။ သူသည် နဖူးပြောင်ပြောင်၊ ဗိုက်ရွှဲရွှဲ လူချမ်းသာတစ်ယောက်က
မိုဘိုင်းလ်ဖုန်းတစ်လုံးနှင့် လမ်းလျှောက်လာပြီး “အာ.. ဘာပြောလိုက်တာလဲ၊
လိုင်းမကောင်းဘူး၊ မင်း ပြောတာကို သေချာမကြားရဘူး၊ ပြန်ပြောပါအုံး”ဟု
အော်ဟစ်နေသည်ကို တွေ့ရတတ်သည်။
ဒါသည် လမ်းပေါ်က
လူအားလုံး၏ အာရုံကို ချက်ချင်း ဆွဲနိုင်သည်။
သို့သော်လည်း
ပေဂျာကတော့ တော်တော်လေး အသုံးများသေးသည်။ အခြေအနေတူသည့် လူတိုင်းကတော့ ပေဂျာတစ်ခု
ပိုင်နိုင်ကြသည်။
ရှမြန်သည် သူမသည်
ဆရာမမီ၏အိမ်တွင် ရှိပြီး ဆရာမမီထံသို့ ဖုန်းပြန်ခေါ်ပေးဖို့ တိုက်ရိုက်
စာပို့ထားလိုက်သည်။ ထို့ကြောင့် ကျန်းချီမင်၏ဖုန်းက တော်တော်လေး မြန်သည်။
သို့သော်
ချက်ချင်းပင် သူက မေးသည်။ “ရှမြန် လူတစ်ယောက်က ငါ့ကိုလာတိုင်တယ်၊ နင်
ဘယ်လိုလုပ်ပြီး အဲဒီမကောင်းတဲ့လူတွေကို မိသားစုဝင်းထဲ ခေါ်သွားရတာလဲ၊ တစ်ခုခု
မကောင်းတာ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ၊ နောက်ပြီး
နင် ဘာလို့ ဆရာမမီကို သွားနှောင့်ယှက်နေတာလဲ”
“မြန်မြန်
လိမ္မာစမ်းပါ၊ နင့်ဦးလေး(၂)က ဒီနေ့ ငါ့ကို ဖုန်းဆက်ပြီးပြောတယ်၊ သူ နင့်ကို
ပြန်ခေါ်ဖို့ ငါ့ကိုလာတွေ့မယ်တဲ့” ကျန်းချီမင်က အားတက်သရော ပြောလေသည်။
“နင့်ဦးလေး(၂)ရဲ့ စိတ်ကူးဟောင်းတွေကို နင်သိပါတယ်၊ နင့်မိသားစုမှာ လူကြီး
ရှိတာမဟုတ်ဘူး၊ နင့်အဘွားကလည်း နင့်ဦးလေး(၂) စကားပဲ နားထောင်တာ၊ အချိန်တန်ရင် သူနင့်ကို ဒီအတိုင်းပဲ လက်ထပ်ပေးလိုက်မှာ၊ နင့်မှာ
အကူအညီမှ မရှိတာ ၊ နင် ဘာတတ်နိုင်မှာလဲ”
ရှမြန်သည်
သူမ၏မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်၏။ ဒါက သူမ၏ပြန်ဆုတ်မည့်လမ်းကို
ပိတ်ဆို့လိုက်ခြင်းပင်။ သူမသည် အိမ်ထဲ မဝင်နိုင်သလို သူမ၏ဇာတိမြို့သို့လဲ
မပြန်ရဲချေ။ သူမအတွက် ထိုလူမိုက်များနောက် သွားဖို့က တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်လာမည်မဟုတ်ပါလား။
သူမက
နှာခေါင်းရှုံ့လိုက်ပြီး ဆင်ခြေပေးမနေတော့ဘဲ ရိုးရိုးရှင်းရှင်းသာ
ပြောလိုက်တော့သည်။ “အိမ်မှာ ဘယ်သူမှ မရှိဘူး၊ ကျွန်မ အိမ်ထဲ ဝင်လို့မရဘူး၊ ကျွန်မ
ဆရာမမီဖုန်းကိုပဲ ငှားဖို့ တတ်နိုင်တော့တယ်၊ အတင်း ပြောမနေနဲ့၊ ရှင် ဖုန်းဘေလ်ဖို့
မနှမြောဘူးလား” အချိန်အတိအကျ စကားပြောခြင်းက သည်ခေတ်၏ ဝိသေသလက္ခဏာပင်။ နောက်ဆုံး
သည်နေ့ခေတ် ဖုန်းပြောခက နောက်ပိုင်း မျိုးဆက်များထက် အများကြီး ပိုဈေးကြီသည်။
ခက်ခဲသည့် အချိန်ကာလမှ လွတ်မြောက်လာသူများသည် ပိုပြီး ခြိုးခြံကာ နေတတ်ကြသည်။
သူမသည် ထိုသို့
ပြောလိုက်ပြီးနောက်တွင် ကျန်းချီမင်သည် စကားလုံးများ ပျောက်ဆုံးသွား၏။ သူသည်
ရှမြန် မေးနေသည်ကိုသာ နားထောင်နေရတော့သည်။ “အခု ဟွမ်ရှောင်ကျွမ်းက ရွှမ်းရွှမ်းနဲ့
ထွက်သွားတယ်၊ ကြည့်ရတာ သူ ပြန်လာဖို့ စိတ်ကူး မရှိဘူးထင်တယ်၊ ရှောင်ဖုန်းနဲ့
ကျွန်မက ဘာလုပ်ရမှာလဲ”
ကျန်းချီမင်က
ဘာမှမတတ်နိုင်သလို ပြောလိုက်၏။ “ငါလဲ ပြန်ခါနီးကျမှ အလုပ်ကိစ္စ ခရီးပေါ်လာတာ၊
ရထားလက်မှတ်က ဝယ်ထားပြီးပြီ၊ အခုမှတော့ ငါ တတ်နိုင်တာ မရှိတော့ဘူး၊ ငါ နောက်ကျမှ
အဒေါ်လျိုကို ဖုန်းခေါ်လိုက်မယ်၊ နင် အဒေါ်လျိုဖြစ်ဖြစ် ဆရာမမီကိုဖြစ်ဖြစ်
သွားရှာလိုက်၊ ငွေအတွက်တော့ နင် ဒီနေ့ ၅၀၀ ယူသွားတယ်လို့ ရှောင်ကျွမ်း
ပြောခဲ့တယ်မလား၊ ရက်ပိုင်းလေးအတွက်တော့ လောက်မှာပါ၊ နင် နည်းနည်းပါးပါး
ချေးထားလို့ရပါတယ်”
“ကျွန်မ
ငွေတွေအားလုံး သုံးလိုက်ပြီ” ရှမြန်က ပြောလိုက်၏။ “ရှောင်ဖုန်းမှာ ဘာမှမရှိဘူး၊
ကျွန်မ အားလုံးကို ရှောင်ဖုန်းအတွက် ဝယ်ခဲ့လိုက်တာ”
“ဟွမ်ရှောင်ကျွမ်းက
ကျွန်မရဲ့ဘဏ်စာအုပ် ပြန်မပေးသေးဘူးလေ၊ ကျွန်မမှာ ကိုယ်ပိုင်ငွေ ရှိနေတာကို ဘာလို့
ချေးရမှာလဲ” ရှမြန်က မကျေမနပ် ပြောလိုက်သည်။
“ကျွန်မ အမေ မှာထားတယ်၊ ငွေကို ဘယ်သူ့ဆီမှာမှ
အလွယ်တကူမချေးနဲ့တဲ့၊ ကျွန်မ ငွေချေးရတာ မကြိုက်ဘူး”
ဆရာမမီက ထိုစကားကို
ကြားလိုက်ပြီး ပြောလိုက်လေသည်။ “ရပါတယ်၊ ရှောင်ကျန်း ပြန်လာမှ ပြန်ပေးလို့ရတာပဲ”
ကျန်းချီမင်သည်
ရှမြန်က စပီကာဖွင့်ပြောနေမှန်း သိလိုက်လေသည်။ သူသည် သူအခုလေးတင် ပြောလိုက်သည့်
စကားကို စဉ်းစားလိုက်ပြီး စကားထဲတွင် အမှားမပါသည်ကို သိလိုက်သည်။ ဆရာမမီက
နားထောင်နေသည်ကို သိလိုက်ရပြီးနောက် သူက အားတက်သရော ပြောလိုက်၏။
“နင့်ငွေတွေက နင်
ကျောင်းတက်ဖို့ နင့်အမေ ချန်ထားပေးခဲ့တာလေ၊ အဲဒီအကြောင်း အမြဲတွေးပြီး တခြားတစ်ခု
လုပ်ဖို့ စဉ်းစားမနေနဲ့၊ နင့်မှာ ငွေမရှိဘူးဆိုရင် အရင်ဆုံး အဲကိစ္စကို
ကြည့်ကြပ်လုပ်လို့ရတာပဲ၊ နင် တကယ် မတတ်နိုင်တော့ဘူးဆိုရင်တော အိမ်နီးချင်းတွေကို
အကူအညီ တောင်းလိုက်ပေါ့၊ ငါ ရက်ပိုင်းနေရင်
ပြန်လာမှာပဲ၊ ဆရာမမီ တောင်းပန်ပါတယ်ဗျာ၊ ရှမြန်နဲ့ ရှောင်ဖုန်းတို့က ဆရာမကို
ဒုက္ခပေးမိပါပြီ”
ဆရာမမီက
ပြောလိုက်၏။ “ဘာမဖြစ်ပါဘူး၊ အိမ်နီးချင်းတွေပဲ”
“ဘာပဲဖြစ်ဖြစ်
ကျွန်မ ပိုက်ဆံချေးမှာ မဟုတ်ဘူး” ရှမြန်က
သူ့ကို မြန်မြန်သတိပေးလိုက်သည်။
“ဒါဆိုရင်တော့
ကျွန်မ အဆင်ပြေသလို လုပ်လိုက်မှာနော်၊ ရှင် ပြန်လာရင် ကျွန်မဘဏ်စာအုပ်ကို ပြန်ပေး၊
ကျွန်မ ရှင့်ကို မယုံဘူး”
ကျန်းချီမင်က
သက်ပြင်းချလိုက်ပြီး ပြောလိုက်လေသည်။ “စိတ်မပူပါနဲ့၊ ငါ ပြန်ရောက်တာနဲ့ ချက်ချင်း
နင့်ကို ဘဏ်စာအုပ် ပြန်ပေးမှာပါ၊ နင် လိုနေသေးတယ်ဆိုရင်ပေါ့”
“ဘာပဲဖြစ်ဖြစ်လေ
နင့်အိမ်နီးချင်တွေကိုသာ အကူအညီတောင်းလိုက်၊ နင် တကယ် အကြွေးတင်ခဲ့ရင်လဲ ငါ
ပြန်လာမှ ပေးလိုက်မယ်”
နောက်မှ
လိုက်ဝင်လာသည့် အဘွားလျိုက ထိုစကားကို ကြားသွားပြီး ပြောလိုက်လေသည်။
“အဲဒါဆို
ပိုကောင်းတာပေါ့၊ နင်က လူတစ်ယောက်ကို ခေါ်လာပြီးမှတော့ လူလို နေသင့်တာပေါ့၊
နောက်ပြီး ရှောင်ဖုန်းလဲ ရှိသေးတယ်၊ ငါ့အထင်တော့ နင့်ဟွမ်ရှောင်ကျွမ်းကလည်း
မျှော်လင့်ချက် မရှိပါဘူး၊ သူက တကယ်တော့
ကလေးနှစ်ယောက်ကို ထားခဲ့ပြီး ထွက်ပြေးသွားခဲ့တာပဲ၊ ငါကတော့ သူ တမင်လုပ်တာလို့ပဲ
ထင်တယ်”
ကျန်းချီမင်သည်
အနည်းငယ် မျက်မှောင်ကြုတ်သွားလေသည်။ သည်အခြေအနေက သူ စိတ်ကူးထားခဲ့သည်နှင့်
အနည်းငယ် ကွာခြားနေသည်။ အိမ်နီးချင်းများက ရှမြန်ကို ဘာကြောင့် မမုန်းနေပါသနည်း။
ကျန်းချီမင်သည်
စိတ်ထဲတွင် စဉ်းစားနေမိသော်လည်း သူက အခွင့်အရေးကို အသုံးချကာ ရှမြန်ကို
မြောက်ပင့်လိုက်သေးသည်။ “ရှောင်ကျွမ်းက ခုနကပဲ ဖုန်းခေါ်လာပါတယ်၊ သူက အိမ်ကို
လာခဲ့တဲ့ လူဆိုးတွေကို ကြောက်လို့တဲ့၊ ရှမြန်က သူ့ဇာတိမြို့မှာလဲ အဲလိုမျိုး
လုပ်ခဲ့သေးတယ်”
အဲလိုမှမဟုတ်ရင်
သူက ရန်ဖြစ်တဲ့နေရာမှာ အဲလောက်ကျွမ်းမှာမဟုတ်ဘူး။
“သူ့ဦလေး(၂)ကလည်း
သူက ကျောင်းစာမှာ မတော်ဘူးလို့ ထင်နေတာ၊
ဒါကြောင့် သူက အမြဲတမ်း မြန်မြန်ကို လက်ထပ်ပေးချင်နေတာလေ၊ ကျွန်တော်ကတော့ သူ
ငယ်တုန်းက စာလေ့လာသင့်တယ်လို့ ထင်တယ်”
“ထားလိုက်ပါလေ၊
ဒီအကြောင်း မပြောတော့ဘူး၊ ကျွန်တော် ပြန်လာမှ သူတို့တွေကို ဆုံးမလိုက်ပါ့မယ်၊
ဒါပေမဲ့ ရှမြန်နဲ့ ရှောင်ဖုန်းအတွက်တော့ ဒေါ်ဒေါ်လျိုနဲ့ ဆရာမမီတို့က သူတို့ကို
စောင့်ရှောက်ပေးဖို့ အရင်ဆုံး ဒုက္ခပေးရပါအုံးမယ်”
...