အပိုင်း (၁၅)
အဝေးက အရမ်းကို
သိနေတဲ့ ဟန်ပန်တွေနဲ့ လူငယ်တချို့ကို တွေ့လား။ တိုက်နံပါတ်(၁၈)ကို
သွားတဲ့လမ်းဆုံမှာ ရပ်နေကြတာလေ။ သူတို့အားလုံးက ပိုစ့်တစ်မျိုးထဲပဲ။ လက်တစ်ဖက်
အိတ်ကပ်ထဲထည့်ထားပြီး သူတို့ခန္ဓာကိုယ်ကို ခြေတစ်ဖက်ပေါ်မှာ ထိန်းထားပြီး
တဖက်ကတော့ ဆက်တိုက်လှုပ်နေပြီး ဘာမှမဖြစ်သလို ခိုးကြောင်ခိုးဝှက်ရုပ်နဲ့
ဖြတ်သွားတဲ့လူအုပ်ကို စိုက်ကြည့်နေကြတာ။
လူများကတော့
အခြေအနေအားဖြင့် ရှောင်သွားနိုင်ကြသော်လည်း ရှမြန်နှင့် တခြားသူများကတော့
သူတို့ကို ရှောင်သွားလို့မရချေ။ ဒါသည် တိုက်နံပါတ်(၁၈)သို့ သွားသည့် တစ်ခုတည်းသော
လမ်း ဖြစ်နေခြင်းကြောင့်ပင်။ သို့သော်လည်း
သူမသည် သူတို့ကို ရှောင်သွားနိုင်လျှင်ပင် ရှမြန်ကတော့
ရှောင်သွားလိမ့်မည်မဟုတ်ချေ။ အချင်းချင်း ယှဉ်ပြိုင်ကြသည့်
လက်ဝေ့ချန်ပီယံပြိုင်ပွဲကို ကြည့်ခဲ့ပြီး ပြင်းထန်သည့်အရှိန်အဟုန်တစ်ခုနှင့်
တိုက်ခိုက်သည့် ပတ်ဝန်းကျင်တွင် နေခဲ့သည့် ရှမြန်လို လူအတွက်ကတော့
သူမသည် သည်လူမိုက်လေးများကိုတော့ လုံးဝ သည်းမခံနိုင်ချေ။
သို့သော်လည်း
ရှမြန်က ခြေနှစ်လှမ်း မြန်မြန်လှမ်းလိုက်ပြီး ထန်ဆန်းကိုယ်တော်နောက်တွင်
ပုန်းနေလိုက်သေးသည်။
နဉ်ရှောင်ပိုင်က
သူမကို ငုံ့ကြည့်လိုက်ပြီး ရွဲ့ပြောလိုက်၏။ “မင်း တော်တော်လေး
သတ္တိကောင်းတာပဲမလား” သူက ခဏလောက် ရပ်လိုက်ပြီး “မင်းက ဘယ်သူ့ကိုမှ မကြောက်ပါဘူး၊
သခင်ကြိးကိုတောင် ကြောက်တာမဟုတ်ဘူး”
ရှမြန်က သူ့ကို
လှမ်းကြည့်လိုက်ပြီး မကျေမနပ် ပြောလိုက်လေသည်။ “ဒါ ကျွန်မရဲ့
ငယ်ရွယ်ပြီး မသိနားမလည်ခဲ့တာကြောင့်လို့ ရှင့်ကို ပြောထားပြီးပြီလေ၊ ကျွန်မက
အကျင့်စရိုက်အရဆိုရင် ချိုသာပြီး ချစ်စရာကောင်းတဲ့ နတ်သမီးလေးတစ်ယောက်ပါ၊ ကျွန်မက
ရန်ဖြစ်ရတာကို မကြိုက်ဆုံးပဲ”
နဉ်ရှောင်ပိုင်သည်
မနေနိုင်ဘဲ အော်ရယ်လိုက်မိ၏။ အကြောင်းမှာ ကလေးမက အမှန်ပင် အလေးအနက်ဖြစ်နေသည်ကို
သိလိုက်ရခြင်းကြောင့်ပင်။
ရှမြန်က
မျက်လုံးများကို စွေထားလိုက်ကာ သူ့ကို လျစ်လျူရှုထားလိုက်သည်။
သို့သော် သူမသည်
မကြောက်ချင်ဟန် ဆောင်လိုက်သေးသည်။ ထိုအဖွဲ့သည်
သည်နေရာတွင် အချိန်အကြာကြီး ရပ်နေရပြီး သေလောက်အောင် ပျင်းရိနေကြပြီးဖြစ်၏။
ဘယ်သူကမှ သူတို့ကို ဂရုမစိုက်ကြသဖြင့် သူတို့သည်
ထောင်လွှားလာတော့သည်။
သစ်ကြားသီးဝါရောင်
ကြက်ဖခေါင်းနှင့် ခေါင်းဆောင်လူငယ် လေတစ်ချက်ချွန်လိုက်ပြီး
ကျန်သည့်ညီအစ်ကိုများကလည်း တစ်ယောက်ပြီးတစ်ယောက် နောက်ကလိုက်သွားကြသည်။ သူတို့သည်
ရှမြန်က လှမ်းကြည့်နေသည်ကို မြင်လိုက်ချိန်တွင် ကြက်ဖခေါင်းက သူ့မေးကို
ချီထားလိုက်ပြီး ခြေထောက်ကို လှုပ်ကာ သွားဖြီးပြီး ပြောလေသည်။
“ညီမငယ်လေ၊
အစ်ကိုတို့နဲ့ ခဏလောက် စကားလာပြောပါအုံး၊ မင်း ရှမြန်ကို သိလား”
ရှမြန်သည် အစကတော့
သိချင်ရုံသက်သက်သာ ဖြစ်၏။ သူမ၏ခေတ်တွင် သည်လိုအပြူအမူကို လိင်ပိုင်ဆိုင်ရာ
နှောင့်ယှက်မှုနှင့် ရဲတိုင်လို့ရသည်။ သူမသည် နောက်ဆုံး တစ်ခွန်းကို
ကြားလိုက်ချိန်တွင် မနေနိုင်ဘဲ ရပ်မိသွားလေသည်။
သူမက
စကားပြောတော့မည့်ဆဲဆဲ နဉ်ရှောင်ပိုင်က သူမကို တားလိုက်၏။
နဉ်ရှောင်ပိုင်က
ကြက်ဖခေါင်းကို ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။ “မင်းက ဘယ်သူလဲ၊
မင်းက ရှမြန်နဲ့ ဘာလုပ်ချင်လို့လဲ”
အကြောင်းကြောင်းကြောင့်
ထိုလူမိုက်များသည် နမော်နမဲ့
မလုပ်ရဲကြချေ။ သူတို့၏ ခြေထောက်များသည် လှုပ်ခါနေရာမှ
ရပ်သွားပြီး အမှတ်တမဲ့ ကျောများကို မတ်ထားလိုက်ကာ ပြောလိုက်၏။
“ဘာမှမဟုတ်ပါဘူး၊
ဒီအတိုင်း သူငယ်ချင်းတွေပါ”
“ဟ ဟ... “
ရှမြန်သည် မနေနိုင်ဘဲ သရော်တော့သည်။ “နင်တို့လို လူမိုက်တွေကလား၊ နင်တို့တွေက
သူ့သူငယ်ချင်း ဖြစ်ရအောင် တန်လို့လား”
နဉ်ရှောင်ပိုင်သည်
သူမ၏တုံ့ပြန်ပုံကို မြင်လိုက်ရချိန်တွင် သူမကို မတားတော့ချေ။ သို့သော်
ထိုလူမိုက်များက ခဏလောက် ကြောင်အမ်းအမ်း ဖြစ်သွားကြပြီး သူတို့ရှေ့က
မိန်းမချောလေးက ဘာကို ပြောချင်မှန်း မသိကြတော့ချေ။
သူတို့သည်
မိန်းမပျိုလေးတစ်ယောက်၊ သို့မဟုတ် ဇနီးတစ်ယောက်ကို စစ်ဆေးကြည့်နေသလို ရှမြန်က
သူတို့ကို လှမ်းကြည့်လိုက်ပြီး သူမ၏မျက်နှာက အမှိုက်ပုံကို ကြည့်နေရသလို
ရွံ့ရှာဟန်အပြည့် ဖြစ်သွားတော့သည်။
ကြက်ဖခေါင်းက
စော်ကားနေသလို ခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်သွား၏။ သူက မတ်မတ်ရပ်လိုက်ပြီး
လူတစ်ယောက်ကို ရိုက်တော့မည့်ဟန်ဖြင့် ရှေ့တစ်လှမ်းတိုးလိုက်လေသည်။
“မင်းက
ဘာပြောချင်တာလဲ”
ရှမြန်က
သူ၏ရွှီးလုံးကို နှာခေါင်းရှုံ့လိုက်ပြီး “ဘာမှမဟုတ်ပါဘူး၊ နင့်ရုပ်ကို ကြည့်ရတာ
ရဲစခန်းကို ဘယ်နှစ်ခါတောင် ရောက်ပြီးပြီလဲ မသိဘူး”
ကြက်ဖခေါင်း၏
အမူအရာမှာ ပြောင်းလဲသွားပြီး “မင်းက ဘာဖြစ်ချင်လို့လဲ”
ရှမြန်က
ထပ်မေးလိုက်၏။ “ဒါမှမဟုတ် နင်တို့တွေ ဘယ်နှစ်ခါ ရန်ဖြစ်ဖူးလဲ၊ နင်တို့တွေ
ခုတ်ဓားကို ဘယ်လိုသုံးရတယ်ဆိုတာကော သိလား၊ နင်တို့တွေ လူသ-တ်ဖူးလား၊ ဒါမှမဟုတ်
နင်တို့တွေ လူတချို့ကို ကိုယ်လက်အင်္ဂါချို့တဲ့သွားအောင် လုပ်ခဲ့ဖူးလား၊
နင်တို့တွေ လူမိုက်အဖွဲ့တစ်ခုခုကလား”
ကလေးမလေးက
မေးခွန်းများကို အမျှင်မပြတ်မေးလိုက်၏။ ကြက်ဖခေါင်းနှင့် တခြားသူများသည်
အချင်းချင်း ကြည့်လိုက်ကြပြီး ဘာလုပ်မည်မသိအောင် ဖြစ်သွားလေသည်။ နာနာခံခံ
ပြန်ဖြေလျှင် ရှက်စရာကောင်းပြီး ပြန်မဖြေပြန်လျှင်လည်း ပိုကောင်းလာဖို့
ရှိဟန်မတူချေ။
ထင်ထားသည့်အတိုင်းပင်
ရှမြန်က စုပ်သပ်လိုက်ပြီး ပြောလိုက်လေသည်။
“ဒီတော့ နင်က
လူမိုက်ဟန်ဆောင်ထားတဲ့ ဘာမှ မကြုံခဲ့ဖူးတဲ့ သခွားသီးပေါ့၊ လူမိုက်တွေမှာလဲ
အရည်အချင်းတွေ လိုသေးတယ်နော် ဟုတ်ပြီလား”
သူမက
မဟာအထင်သေးမှုဖြင့် ပြောလိုက်လေသည်။ “အနည်းဆုံးတော့ နင် ပိုပြီး
ကြည့်ကောင်းနေဖို့လိုတယ်” သူမက သူဘေးက နဉ်ရှောင်ပိုင်ကို လက်ညှိုးထိုးပြလိုက်ပြီး
“သူ့လိုပေါ့၊ အနည်းဆုံးတော့ မျက်စိပသာဒ ဖြစ်ဖို့လိုတယ်၊ နင် ပြောကြည့်စမ်း၊
နင့်မှာ ရုပ်ရည်မရှိ၊ အရည်အချင်းမရှိ၊ အိုးဟယ်.. နင့်ကျန်းမာရေးကလည်း
မကောင်းဘူးပဲ”
နဉ်ရှောင်ပိုင်သည်
ရုတ်တရက်ကြီး ဆွဲထည့်ခံလိုက်ရသဖြင့် အနည်းငယ် ရှုပ်ထွေးသွားတော့သည်။ သူမက
ကျန်းမာရေး မကောင်းသည့်အကြောင်း ပြောနေသည်ကို
ကြားလိုက်တော့ သည်ကလေးမလေးက ဘာစဉ်းစားနေမှန်း သိပ်နားမလည်လိုက်ချေ။
သူတို့၏
ဇဝေဇဝါဖြစ်သွားသည့် အမူအရာက အရမ်းကို သိသာနေသဖြင့် ရှမြန်သည် သူတို့၏သံသယများကို
သနားညှာတာကာ ရှင်းပြလိုက်လေသည်။ သူမက သူတို့၏ခန္ဓာကိုယ် တချို့နေရာကို
လှမ်းကြည့်လိုက်ပြီး ရုပ်တည်နှင့် ပြောလိုက်၏။
“ဆေးသုတေနတွေအရဆိုရင်
လေအရမ်းချွန်တာက ပရောစတိတ်အတွက် မကောင်းဘူး၊ နင်တို့တွေ လေအကြာကြီး မှုတ်ပြီး
လေမချွန်နိုင်ဘူးဆိုရင် ပြင်းထန်တဲ့ပြဿနာတစ်ခု ရှိနေပြီ၊ ဒါကို ဖြေရှင်းဖို့
အာရုံစိုက်တာ ပိုကောင်းမယ်၊ လူမိုက်လုပ်မနေနဲ့တော့၊ နင် ယောက်ျားတစ်ယောက်လဲ
မဖြစ်နိုင်တော့ဘူး”
နဉ်ရှောင်ပိုင်သည်
မျက်လုံးများကို စွေထားကာ လူမိုက်များ၏ ပြောင်းလဲသွားသည့် မျက်နှာထားကို
ကြည့်လိုက်ပြီး အော်ရယ်မိမလိုပင် ဖြစ်သွားတော့သည်။ ဒီကလေးမ လူတွေကို
အရူးလုပ်တဲ့နေရာမှာ တကယ်တော်တာပဲ။
ရွှီးလုံးထုတ်နေသူများအတွက်တော့
အရှိန်က ထူးဆန်းသည့်အရာတစ်ခုပင်။ ပြိုလဲသွားသည်နှင့် အပိုင်းအစဖြစ်သွားအောင်
ပြိုလဲသွားပြီး ပြန်ကောက်ယူလို့မရတော့ချေ။
နိမ့်ကျသည့်
ဗဟုသုတအဆင့်နှင့် လူမိုက်လေးတချို့မှာ တဖက်လူ၏ မှန်ကန်ဖြောင့်မတ်သည့်
‘ဆေးပညာအသိ’နှင့် ရင်ဆိုင်လိုက်ရသည်တွင် သူတို့၏ လူဆိုးအသွင်ကို ဆက်ပြီး
မထိန်းထားနိုင်တော့ဘဲ ရှက်ရှက်နှင့် ဆွံ့အသွားကြတော့သည်။
ရှမြန်က
မျက်လုံးကို ပင့်ကြည့်လိုက်၏။ သူမသည် ရှောင်ဖုန်းကို ပြန်သိပ်ရန် အလျင်လိုနေပြီး သည်လူမိုက်များကို ကိုင်တွယ်ရန်
အချိန်မရှိချေ။ သူမသည် နောက်မှပဲ လာပြီး သူတို့ကို ကိုင်တွယ်ရလိမ့်မည်။
အလုပ်ဆင်းချိန်လဲ
ရောက်တော့မည်ဖြစ်ရာ လူများက မိသားစုအိမ်ရာဝင်းထဲသို့ ပိုပြီး ဝင်လာကြသည်။
ရှမြန်သည် နဉ်ရှောင်ပိုင်နောက်က တလမ်းလုံးလိုက်လာပြီး အာရုံစိုက်ခြင်းကို
အများအပြား ဆွဲဆောင်နေမိလေသည်။
အဝေးမှနေ၍
အဘွားလျိုက ဆံပင်ဖြူရောနေသည့် ဆရာမမီကို ပြောလိုက်၏။
“ဟော အဲဒါ ရှင်တို့
ရှောင်ပိုင်မလား၊ သူနဲ့အတူတူလျှောက်လာတဲ့ မိန်းကလေးက ဘယ်သူလဲ”
သူမ၏လေသံက
စိတ်လှုပ်ရှားမှု အပြည့်ဖြစ်နေ၏။
“ဘယ်မှာလဲ”
ဆရာမမီကလည်း ဝမ်းသာအားရ လည်ပင်းဆန့်ကြည့်လိုက်သည်။ သူမ၏မြေးလေးက စံနှုန်းမြင့်ပြီး
လူတော်တော်များများက သူ့မျက်လုံးထဲ မဝင်နိုင်ချေ။ သူသည် ၂၃ နှစ်ရှိပြီဖြစ်ကာ
ရည်းစားထားဖို့လည်း စိတ်မဝင်စားချေ။ ရည်းစားထားရန် မဆိုထားနှင့် သူသည် မိန်းကလေး
အတန်းဖော်များ၊ လုပ်ဖော်ကိုင်ဖက်များကိုပင် ဂရုမစိုက်ချေ။ ယခုအချိန်တွင်
တစ်ယောက်လောက် ပေါ်လာသည်က ရှားရှားပါးပါးပင်။
ဆရာမမီသည် သေချာလေး
မမြင်ရချေ။ သူမသည် တစ်သက်လုံး စာသင်လာခဲ့ရသဖြင့် သူမ၏အမြင်အာရုံမှာ သိပ်ပြီး
မကောင်းတော့ပေ။ သူမသည် အလွန်စိတ်လှုပ်ရှားသွားပြီး အဘွားလျိုကို လှမ်းပုတ်လိုက်ကာ
ပြောလိုက်၏။ “ကျွန်မကို တစ်ချက်လောက် မြန်မြန်ကြည့်ပေးစမ်းပါ၊ ကလေးမလေးက
ဘယ်လိုပုံစံလေးလဲ”
“ရှင် သိလား၊ သူက
တကယ်လှတာပဲ၊ မျက်လုံးဝိုင်းဝိုင်း၊ နှာတံမြင့်မြင့်၊ မျက်နှာကလည်း
လက်ဖဝါးတစ်ခုစာပဲ ကြီးတယ်၊ အသားဖြူဖြူလေး၊ ရှင်တို့ ရှောင်ပိုင်ထက်တောင်
ဖြူသေးတယ်၊ ရှင် သိရဲ့လား၊ သူက ရှင်တို့ရှောင်ပိုင်နဲ့ လိုက်ဖက်တယ်တာပဲ”
အဘွားလျို၏မျက်လုံးများက တောက်ပနေ၏။ “သူက နည်းနည်းလေး ငယ်နေတာတစ်ခုပဲ၊ ကြည့်ရတာ
၁၅နှစ် ၁၆နှစ်ထင်တယ်”
ဆရာမမီမှာ
အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။ “တချို့လူတွေက ငယ်တဲ့ပုံပေါက်တယ်၊ သူတို့တွေ
ဘာလို့ ကလေးတစ်ယောက်ကို ချီထားကြတာလဲ”
အဘွားလျိုက
ပြောလိုက်၏။ “ကြည့်ရတာ သူတို့တွေက ရှင်တို့ရှောင်ပိုင်ဆီ ဆရာဝန်လာပြတာများလား၊
အဲကလေးမလေးက ကလေးမွေးဖူးတဲ့ပုံလဲ မပေါ်ပါဘူး... မဟုတ်ဘူးတော့...” အဘွားလျိုက
အနီးကပ်ကြည့်လိုက်ပြီး “အဲဒါ ရှောင်ဖုန်း မဟုတ်ဘူးလား”
သူတို့
စကားပြောနေစဉ်တွင် နဉ်ရှောင်ပိုင်နှင့် ရှမြန်တို့က နီးကပ်လာပြီဖြစ်သည်။ ရှမြန်က
အပြုံးနှင့် သူတို့ကို နှုတ်ဆက်လိုက်၏။
“ဒေါ်ဒေါ်လျို၊
ဆရာမမီ”
သူမက ခေါင်းငုံ့လိုက်ပြီး
ရှောင်ဖုန်းကို သင်ပေးလေသည်။
“နှုတ်ဆက်လိုက်ပါအုံး”
ရှောင်ဖုန်းက
ရှမြန်ကို မော့ကြည့်လိုက်ပြီး ကလေးအသံလေးနှင့် အဘွားလျိုနှင့် ဆရာမမီကို
နှုတ်ဆက်လိုက်လေသည်။
“အဘွားလျို၊
အဘွားမီ”
“ဪ.. ဪ..”
အဘွားလျိုသည် ငေးကြောင်ကြောင်နှင့် ပြန်ဖြေလိုက်ပြီးနောက် တအံ့တဩ မေးလိုက်၏။
“ရှမြန်လား”
ရှမြန်က
ရှက်ရှက်နှင့် ခေါင်းကုပ်လိုက်ပြီး
“ကျွန်မပါ”
ထို့နောက် သူမသည်
နဉ်ရှောင်ပိုင်ကို အရူးလုပ်ခဲ့သည့် ဆင်ခြေကိုပင် ပြန်ထုတ်ပြောလေသည်။
“ကျွန်မ အရင်က
မြို့ပေါ် တခါမှ မရောက်ဖူးဘူးလေ၊ ဒါကြောင့် နည်းနည်း စိတ်လှုပ်ရှားသွားခဲ့တာ၊
မြို့က ကျောင်းသူက ပိုပြီး ဖက်ရှင်ကျတယ်လို့ ကျွန်မ သူငယ်ချင်းတွေဆီကနေ ကြားထားတာ၊
ဒါကြောင့် ကျွန်မလည်း အဲလို မြန်မြန် ပြောင်းခဲ့လိုက်တာ၊ ဒါပေမဲ့ တကယ် နေရတာ
အဆင်မပြေလို့ ပြန်ပြောင်းလိုက်တာပါ”
လူတော်တော်များများက
သူမ၏ပြန်ပြောင်းသွားသည့် ရုပ်ကြောင့် အလွန်မှ အလန့်တကြားဖြစ်သွားပြီး သူမ၏
ရန်လိုတတ်သည့် လူမိုက်များအကြောင်းကိုပင် ခဏမေ့သွားတော့သည်။
ဆရာမမီက
ပုံမှန်အတိုင်း ပြောလိုက်၏။
“မဆိုးဘူး၊
မဆိုးဘူး၊ ကျောင်းသူဆိုတာ ဒီလိုပဲ ဖြစ်သင့်တာ”
သူမသည်
နဉ်ရှောင်ပိုင်က မိန်းကလေး ခေါ်ပြန်လာခြင်းမဟုတ်သည်ကို စိတ်ပျက်မိသော်လည်း သူမသည်
လိမ္မာသည့် မိန်းကလေးများကို အလွန်သဘောကျလေသည်။
“မြို့ကြီးကလည်း
နင်တို့မြို့ငယ်လေးနဲ့ အတူတူပါပဲ၊ ကျောင်းသူဆိုတာ စာကိုပဲ ဦးစားပေးသင့်တယ်၊ နင်
မှန်ကန်တဲ့ကိစ္စကို လုပ်သင့်တယ်လေ”
အဘွားလျိုကလည်း
သတိပြန်ဝင်လာပြီး ထောက်ခံလိုက်၏။
“ဟုတ်တာပေါ့၊
ရှမြန်က ဒီလိုလေးဆို အရမ်းလှတာပဲ၊ ဒီလိုကြည့်တော့လဲ ရှောင်ဖုန်းက
နင်တို့ရှမိသားစုဝင်နဲ့ ပိုတူတာပဲ”
“ဒီမယ် ရှမြန်
ဟိုအဆင့်နိမ့်ကောင်တွေနဲ့ နင် ဘာပတ်သက်တာလဲ” လူတစ်ယောက်ကတော့ သည်ကိစ္စကို
မှတ်မိနေသေးသည်။
သူ့ဘေးက
သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က ရွံရှာသလို ပြောလိုက်၏။
“သူ ပြောတာတော့
နင့်ကို ရှာလာတာတဲ့၊ ဒါပေမဲ့ သူ အဲမှာ ရပ်နေတာ တော်တော်ကြာနေပြီ၊ မိန်းမငယ်လေးတစ်ယောက်ကို
တွေ့ရင် လူမိုက်လို လုပ်နေတာ၊ နင် အဲဒီလူမိုက်တွေကို ဘယ်က သိလာတာလဲ”
ရှမြန်သည်
လူအများကြီးက သူမကို ဝါးစားမတတ် ကြည့်နေသည်ကို တွေ့လိုက်ရပြီး သူမ၏စိတ်ထဲတွင်
အကြမ်းအားဖြင့် အတွေးတစ်ခုရလာသည်။ သူမက ထန်ဆန်းကိုယ်တော်ကို မော့ကြည့်လိုက်ပြီး
ဒီလူ မြန်မြန် တုံ့ပြန်လိုက်တာ ကိစ္စကောင်းတစ်ခု ဖြစ်သွားတယ်ဟု ကိုယ့်ဟာကိုယ်
ပြန်စဉ်းစားလိုက်မိသည်။
“ကျွန်မ သူတို့ကို
မသိပါဘူး၊ ကျွန်မ မြို့ကြီးကို ရောက်လာတာ နှစ်ပတ်တောင်မပြည့်သေးဘူးလေ၊ ကျွန်မ
အိမ်နီးချင်းတွေနဲ့ကလွဲပြီး ဘယ်သူနဲ့မှ မသိပါဘူး”
“အဲလူတွေ
ပြောတာတော့ သူတို့တွေ နင့်ကို ရှာနေတာတဲ့” သက်လတ်ပိုင်း အမျိုးသမီးက မျက်မှောင်ကြုတ်ကာ
ပြောလိုက်၏။ “နင့်လို ကလေးမလေးက ဘယ်လိုလုပ်ပြီး လိမ်နိုင်ရတာလဲ၊ ကျန်းမိသားစု
ကိစ္စတွေကလည်း ရှောင်ဟွမ် ပြောသလို မဟုတ်ဘူး၊ နင် တမင် ပြဿနာရှာနေတာမလား”
ရှမြန်၏မျက်လုံးများမှာ
ဝိုင်းစက်သွား၏။
စကားလဲ
မပြောခဲ့သလို ထွက်လည်းမသွားခဲ့သည့် နဉ်ရှောင်ပိုင်က ပြောလိုက်လေသည်။
“ကျွန်တော်တို့တွေ
အခုပဲ အဲဖက်က လျှောက်လာတော့ အဲဒီလူတွေက ရှမြန်ကို လုံးဝ မမှတ်မိဘူးလေ”
နဉ်ရှောင်ပိုင်က
သူ့ပါးစပ်ကို ဖွင့်လိုက်သည်နှင့်တပြိုင်နက် အမျိုးသမီး၏ အမူအရာက ချက်ချင်း
ရင်းနှီးဖော်ရွေသွားတော့သည်။
“တကယ်လား၊
ဘယ်လိုဖြစ်တာလဲ”
တခြားသူများကလည်း
သတိပြန်ဝင်လာသယောင်။
“ဟုတ်တယ်၊
ဒေါက်တာနဉ်နဲ့ ရှမြန်တို့ အတူတူ လျှောက်လာကြတာပဲ၊ သူတို့တွေက အဲဒီလူမိုက်တွေကို
သိတယ်ဆိုရင် သူတို့တွေ နောက်ကလိုက်လာရမှာမလား”
နဉ်ရှောင်ပိုင်က
ဒုတိယထပ်ကို မော့ကြည့်လိုက်ပြီး မေးလိုက်၏။ “ကျန်းမိသားစုမှ ဘယ်သူမှ မရှိဘူးလား”
အဘွားလျိုက
ပြောလိုက်သည်။
“ဘယ်သူမှ မရှိဘူး၊
ရှောင်ဟွမ်က ပုန်းဖို့ဆိုပြီး ရွှမ်းရွှမ်းကို ခေါ်သွားတယ်၊ သူ ပြောတာတော့ ရှမြန်
ငှားထားတဲ့လူဆိုးတွေက သူတို့တွေကို လက်စားချေမှာစိုးလို့တဲ့”
နဉ်ရှောင်ပိုင်က
အထင်သေးကာ လှောင်လိုက်တော့သည်။
“သူပဲ
ဒါရိုက်တာလုပ်ပြီး သူပဲ သရုပ်ဆောင်နေမှာ စိုးရတာပဲ”
...