အပိုင်း (၁၄)
ဟွမ်ရှောင်ကျွမ်းသည်
သူမ၏နာကျင်နေသည့် ဗိုက်ကို ပွတ်သပ်လိုက်ပြီး အနည်းငယ် စိတ်မရှည်ဖြစ်နေ၏။
“သူ ဘယ်တော့
ဒုက္ခရောက်မှာလဲ”
ကျန်းချီမင်က
သူမကို လှမ်းကြည့်လိုက်ပြီး ဘာမှမဖြစ်သလိုနှင့် မေးလိုက်သည်။
“သူ့မှာ
ငွေဘယ်လောက်ရှိမယ်လို့ မင်း ထင်လဲ”
“သူ ဒီနေ့ ၅၀၀
ယူသွားတယ်” ဟွမ်ရှောင်ကျွမ်းက ပြောလိုက်သည်။ “ကျွန်မ အထင်တော့ သူ ရှောင်ဖုန်းအတွက်
ပစ္စည်းဝယ်ဖို့ ငွေသုံးလိမ့်မယ်၊ အဲကလေးမက ငွေကို ဖောဖောသီသီ သုံးနေတာ၊ ဒီတော့ သူ
ပြန်လာရင် ငွေအများကြီး ကျန်မယ်မထင်ဘူး”
“အင်း၊ မင်း
သော့ယူလာလား” ကျန်းချီမင်းက မေးလိုက်၏။ “ရှောင်ရှာက သော့အပို မလိုဘူးမလား၊ ရှမြန်
ဒီနေ့ အိမ်ထဲမဝင်နိုင်လောက်တော့ဘူး ထင်တာပဲ၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ သူက
ဘာပဲဖြစ်ဖြစ် ထွက်လည်ရတာ ကြိုက်တာပဲ၊ သူငယ်ချင်းတွေလဲ အများကြီး၊ နောက်ပြီး
သွားစရာနေရာလဲ အများကြီး”
တစ်နည်းအားဖြင့် ပြောရလျှင် ရှမြန်သည်
ငွေမရှိတော့ခဲ့လျှင်၊ သူမသည် ထိုလူမိုက်များနောက် လိုက်မသွားခဲ့လျှင်ပင် အိမ်ထဲ
ဝင်မရဘဲ လမ်းပေါ်တွင်သာ နေရလိမ့်မည်။
ဟွမ်ရှောင်ကျွမ်းက
မဲ့ရွဲ့နေလိုက်၏။ အဲဒီသူခိုးဂျပို့တွေ ကိစ္စပြီးသွားရင် ဘေးအိမ်က စပ်စုတဲ့
အဘွားကြီးတောင် သူ့ကို အိမ်ထဲ ခေါ်ဝင်တော့မှာ မဟုတ်ဘူး။
သာမန်ဆွေမျိုးတစ်ယောက်ကတောင် သူနဲ့ အတူတူ ၇ရက် ၈ရက်လောက်နေပြီးရင်
စိတ်ပျက်လာလိမ့်မယ်။
ဘာရလဒ်ပဲ
ဖြစ်ဖြစ်လေ။ လူတွေကို ပျော်စေမှာပဲ။
အဲကလေးမ ဒုက္ခ
လုံလုံလောက်လောက်ရမှ နာခံရကောင်းမှန်း သိမှာ။
ဟွမ်ရှောင်ကျွမ်းသည်
ထိုအကြောင်းကို စဉ်းစားလေလေ
ပိုပြီး စိတ်လှုပ်ရှားလာလေလေ ဖြစ်နေ၏။
ကျန်းချီမင်က
သတိပေးလိုက်သည်။ “ဘဏ်စာအုပ်က ကျောင်းမှာလို့ မင်း ပြောခဲ့တယ်နော်၊ ဒါဆို အဲဒါကို
ကျောင်းမှာပဲ ထားထားလိုက်”
“ဟင်”
ဟွမ်ရှောင်ကျွမ်းသည် အခိုက်တန့် ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ ပြောလိုက်လေသည်။
“ဟုတ်တယ်လေ၊
အဲကလေးမက တစ်ချိန်လုံး ရဲခေါ်မယ်လုပ်နေတာ၊ သူက ငွေကုန်သွားလို့ ကျွန်မကို ခေါ်ရင်
ပြဿနာတက်လိမ့်မယ်”
“အိုးဟို မင်း
ဒီနေ့ ဉာဏ်ပိုကောင်းလာတာပဲ” ကျန်းချီမင်က သူ့လေသံထဲတွင် အပြုံးတစ်ခုနှင့်
ပြောလိုက်၏။ “ဒါဆိုရင်တော့ သူ ရဲကို ဟန်ဆောင်ခေါ်တာ ဖြစ်သွားမှာပဲ၊ သူ နောက်ပိုင်း
ရဲထပ်ခေါ်ခဲ့ရင်တောင် ရဲတွေက သူ့ကြောင့် စိတ်ရှုပ်သွားလိမ့်မယ်”
ထိုသို့ပြောလိုက်ပြီးနောက်
ဟွမ်ရှောင်ကျွမ်းသည် ရှမြန်က ရဲကို ခေါ်ပါစေဟု အမှန်ပင် မျှော်လင့်နေလေသည်။
“နောက်ပြီးတော့”
ကျန်းချီမင်က သက်ပြင်းချလိုက်ပြီး “ရှမြန် ငွေလိုလာတဲ့အခါ ကျောင်းကလဲ ပိတ်ပြီလေ၊
ဘာတတ်နိုင်မှာလဲ၊ ငါတို့တွေ အဲလောက်ငွေအများကြီး ထုတ်မပေးနိုင်ပေးဘူး၊ ဒီတော့
သူကတော့ နောက်ရက်အနည်းငယ်လောက် ထပ်ပြီး စိတ်ပူနေရတော့မှာပဲ”
အချိန်တန်လျှင်
သူမသည် မခိုင်းလျှင်တောင် လိမ်လိမ်မာမာနှင့် ဒူးထောက်ရလိမ့်မည်။
ဟွမ်ရှောင်ကျွမ်းက
အလွန်မှ စိတ်ကောင်းဝင်နေ၏။ “ကျွန်မက ဒီကိစ္စကို ခဏနေတော့
သတင်းသွားလွှင့်လိုက်ရုံပဲ”
“ဪ ဒါနဲ့ကျွန်မ
ဒေါက်တာနဉ်ကိစ္စ ကျွန်မ ရှောင်ရှာကို ပြောရအုံးမယ်”
ရှမြန်သည်
မိသားစုအိမ်ရာဝင်းထဲက သူမကို စောင့်နေသည့် ပြဿနာကို မသိချေ။ သည်နေ့ခေတ်တွင်
လမ်းပေါ်၌ အငှားယာဉ်များက မသိရှိသလောက်ပင်။ သို့နှင့် ပူပြင်းလှသည့်
ရာသီဥတုအောက်တွင် သူမသည် မတတ်သာတော့ဘဲ ရှောင်ဖုန်းကို ကျောပိုးလာရလေသည်။
သူမ၏အရင်ဘဝက ခန္ဓာကိုယ်နှင့် ဆိုလျှင်တော့ ၂ကီလိုမီတာ အကွာအဝေးက ဘာမှမဟုတ်ပေ။
သို့သော်လည်း နတ်သမီးလေး၏ ခန္ဓာကိုယ်ကတော့ အားနည်းနေပြီး လမ်းတစ်ဝက်လျှောက်ခဲ့ပြီးနောက်
ချွေးများ ရွှဲစိုနေတော့သည်။
ကလေးက
သူမ၏ပခုံးပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသဖြင့် ရှမြန်မှာ
ခဏအနားယူဖို့၇န် လမ်းဘေးသစ်ပင် တစ်ပင်ကို မှီထားရသည်။
ဟွမ်ရှောင်ကျွမ်း၏
အတွေးထဲရောက်နေသည့် ဒေါက်တာနဉ်သည် စာတိုက်တွင် ဖုန်းဘေလ် ဆောင်ပြီးစရှိသေး သူ့ဖုန်းက တစ်ဖန် မြည်လာ၏။
တစ်ဖက်လူက လုံးဝကို အလေးမထားဘဲ
ဝမ်းသာအားရ အော်ပြောလေသည်။ “ဟျောင့် မင်း အံ့ဩဖို့ကောင်းတာပဲ၊ ပြီးခဲ့တဲ့
နှစ်ရက်အတွင်းမှာ ဈေးက ထိုးတက်သွားပြီ၊ ငါက အစောကြီး ရောက်ခဲ့မိပြီလို့တောင်
ထင်နေတာ၊ ဒီနေ့ကျတော့ ထိုးကျသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး၊ မင်း
ဈေးပြန်ကျသွားပြီးရင် ဝယ်အုံးမှာလား”
နဉ်ရှောင်ပိုင်က
ပတ်ဝန်းကျင်၏ တောက်လောင်နေသည့် အကြည့်များကြောင့် အနည်းငယ် စိတ်မရှည်ဖြစ်သွား၏။
သူသည် သစ်ပင်အောက်က အရိပ်ရနေရာတစ်ခုကို ရှာလိုက်ပြီး ငြိမ်ငြိမ်လေး ရပ်လိုက်လေသည်။
“မဝယ်ဘူး၊ လတ်တလောနှစ်အတွင်းမှ
ငါ မဝယ်တော့ဘူး၊ ငွေအားလုံးကို ငါ့ကတ်ထဲ လွှဲလိုက်”
“အမ်” ဖုန်းတစ်ဖက်က
အသံက စိုးရိမ်တကြီးဖြစ်သွားသည်။ “အခုမှ တစ်နှစ်ပဲ ရှိသေးတယ်လေ၊ ငွေက ၇ဆလောက် တိုးသွားတာ၊ စတော့ဈေးကွက်ထဲမှာ ငွေရှာရတာ အရမ်းလွယ်တဲ့ဟာကို၊
မင်းက ဘာလို့ မဝယ်တော့တာလဲ၊ လူအများကြီးက အခုမှ စပြီး ဝင်လာကြတာ”
နဉ်ရှောင်ပိုင်က
နှုတ်ခမ်းမဲ့ထားလိုက်ပြီး “မင်း အရူးဖြစ်ချင်ရင် ဆက်ဝယ်နေလိုက်ပေါ့၊ ဘာပဲဖြစ်ဖြစ်
ငါ့ငွေတွေကို ငါ့ဆီ ပြန်လွှဲလိုက်တော့”
“ထားလိုက်ပါကွာ”
တဖက်လက ခက်ခဲသည့်ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရဟန်တူသည်။ “ငါ မင်းနောက်လိုက်တာပဲ
ပိုကောင်းမယ်၊ ငါက အတယ်ဆိုပေမဲ့ ငါ့မှာ ဉာဏ်ကောင်းတဲ့ သူငယ်ချင်းတစ်ယောက်
ရှိသေးတယ်လေ”
ဆုံးဖြတ်ချက်
ချလိုက်ပြီးနောက်တွင် ဖုန်းတဖက်ကလူက ထပ်ပြီး ရယ်မောလိုက်၏။ “တကယ်တော့
နောက်ပိုင်းကျရင် ဈေးကွက် ထိုးကျသွားပါစေလို့ ဆုတောင်းနေတယ်၊ မင်း သိရဲ့လား၊
မင်းမိထွေးလည်း စတော့ဈေးကို စကစားနေပြီလေ၊ သူ့ရင်းနှီးမြှုပ်နှံငွေက မနည်းဘူးနော်”
နဉ်ရှောင်ပိုင်သည်
ဂရုမစိုက်ဘဲ ဖြစ်နေဆဲ။ ဖုန်းတဖက်ကလူကတော့ အပြုံးတစ်ခုနှင့် ဆက်ပြောနေ၏။
“မင်းညီကလည်း
တော်တော် ရယ်စရာကောင်းတယ်။ မင်း နိုင်ငံခြားသွားတော့လဲ မင်း နောက်လိုက်တယ်၊ မင်း
ပြန်ရောက်လာပြီဆိုတော့ သူလည်း အလောတကြီး ပြန်လာခဲ့တာပဲ”
“မင်း မြို့ငယ်လေးကို သွားလိုက်တာ တွေ့တော့ သူတို့တွေက ဒီမှာ ကိုယ့်ဟာကို
ဂုဏ်ယူနေကြတာလေ၊ အခုတော့ သူတို့တွေက အမွေရဖို့ ခုန်တက်လိုက် ခုန်ဆင်းလိုက်
လုပ်နေကြတယ်”
“မင်းမိထွေးက
နေ့တိုင်း ကြွားလုံးထုတ်နေတာ၊ သူ့သားက ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ
ပါရမီရှင်တဲ့ကွ၊ သူဝယ်ခဲ့တဲ့ စတော့တွေကိုလဲ သူ့သားပဲ ပုံမှန် အကြံပေးနေတာတဲ့၊
သူ့သားကတော့ ပိုပြီး အရေးကြီးတဲ့ ပရောဂျက်တွေနဲ့ အလုပ်များနေတယ်ဆိုပဲ”
“သူက မင်းကိုတောင်
ချီးမွှမ်းနေလိုက်သေးတယ်၊ မင်းက မင်းအဘိုးလိုပဲ နာမည်နဲ့ချမ်းသာမှုကို ဂရုမစိုက်ဘဲ
သိပ္ပံသုတေသနမှာပဲ စိတ်နှစ်ထားတဲ့ ဆရာဝန်တစ်ယောက်တဲ့၊ နောက်ဆိုရင် မင်းက
သေချာပေါက် နာမည်ကြီး ဆရာဝန်တစ်ယောက် ဖြစ်လာမှာတဲ့၊ ငါ့မှာ ရယ်ရလွန်းလို့
သေတော့မယ်၊ မင်းရဲ့လက်ရှိပိုင်ဆိုင်မှုက သူ့မိသားစု အဲဟာတွေထက် သာတော့မယ်ဆိုတာ
သိများသိသွားလို့ကတော့ သူ ဒေါသထွက်လွန်းလို့ သေသွားလောက်တယ်၊ ဟုတ်တယ်မလား”
“ဪ ဒါနဲ့လေ အဲနေ့က
သူ ငါ့ဖုန်းကို မြင်သွားတော့ သူ ဘယ်လောက်တောင် အံ့ဩသွားလဲဆိုတာ မင်း မသိလို့နော်၊
သူ့မှာ အံ့ဩသွားလိုက်တာ ငါ့ကို ချီးမွှမ်းတာက နည်းနည်း ငါ့ဆီက နောက်တစ်လုံးရမလား
မေးတာက များများ၊ ငါ့မိဘတွေက မိုလ်ဘိုင်း ဖုန်းသုံးနေသေးတဲ့ဟာကို သူက ဘယ်လိုအတင့်ရဲပြီး
လာတောင်းနေတာလဲ၊ သူက ပြောသေးတယ်။ သူ့သားကလည်း ဖုန်းဈေးကွက်အပေါ် အပြုသဘောဆောင်တဲ့
သဘောထားရှိတော့ အဲထဲမှာလဲ ရင်းနှီးမြှုပ်နှံချင်တယ်တဲ့လေ”
ဖုန်းတဖက်ကလူက
စနောက်လေသည်။ “အင်း၊ သူ့ကို ပေးမြည်းလိုက်ပါလား၊ ဒါဆိုရင် သူက အဓိကရှယ်ယာရှင်ကြီး
မင်း ဆီရောက်လာပြီး ဖားယားနေမှာပဲ၊ ဘယ်လောက်တောင် စိတ်ဝင်စားစရာ ကောင်းလိုက်မလဲ”
နဉ်ရှောင်ပိုင်က
စုပ်သပ်လိုက်ပြီး ပြောလိုက်၏။ “ငါ့ကို မင်းလို အရူးလို့များ ထင်နေလား၊ မျက်နှာလေး
နည်းနည်းရဖို့ ဧရာမအကျိုးအမြတ်ကို လက်လွှတ်ရမှာလား”
“ဒီအတိုင်း
ပြောတာပါကွာ၊ မင်းက ဘာလို့ ငါ့ကို လာဆူနေတာလဲ” ဖုန်းတဖက်က နောက်ဆုံးတော့
လိုရင်းကို ပြောလိုက်၏။ မင်းက ငွေအားလုံးကို အကောင့်ထဲ လွှဲခိုင်းနေတယ်၊ မင်း
ဘာလုပ်ဖို့ စဉ်းစားထားလဲ၊ အဲဒီမှာ ရင်းနှီးမြှုပ်နှံဖို့ ပရောဂျက်တွေများ
ရှိလို့လား”
နဉ်ရှောင်ပိုင်က
ပြန်မဖြေချေ။ သူက မျက်မှောင်ကြုတ်လိုက်ပြီး သိပ်မဝေးလှသည့် နေရာတစ်ကို
ကြည့်လိုက်ပြီး ဖုန်းကို မြန်မြန်ချလိုက်၏။ “အခုလောလောဆယ် ဒီအကြောင်း မပြောသေးဘူး၊
ငါ ဒီမှာ လုပ်စရာတစ်ခု ရှိလာလို့”
နဉ်ရှောင်ပိုင်သည်
အနားသို့ မြန်မြန်လျှောက်သွားလိုက်ပြီး ချိနဲ့နေသည့်အမျိုးသမီး၏ ကျောပေါ်က ကလေးမှာ
ဆံပင်နီမျောက်မလေး၏ တူလေးဖြစ်နေမှန်း သေချာ သိလိုက်လေသည်။
သူက
မျက်မှောင်ကြုတ်လိုက်၏။ ဆံပင်နီမျောက်မလေးက ဘာဖြစ်သွားလို့လဲ။
ကလေးတစ်ယောက်ကိုတောင် ဘယ်လောက် ပျောက်အောင် လုပ်နိုင်ရတာလဲ။ ကလေးက အရမ်းကို
နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတာ။ သူ ဆေးခတ်ခံထားရတာများလား။
ထိုသို့
စဉ်းစားလိုက်ပြီး သူသည် တွေဝေမနေတော့ဘဲ ရှေ့ကို မြန်မြန်လှမ်းသွားလိုက်ပြီး
ကလေးကို ချိုင်းမှနေပြီး ဆွဲချီလိုက်တော့သည်။
ရှမြန်သည် အနည်းငယ်
ငိုက်မြည်းနေသလို ခံရနေစဉ် သူမ၏ကျောပေါ်တွင် ပေါ့ပါးသည့် ခံစားချက်တစ်ခုကို ရုတ်တရက်
ခံစားလိုက်ရ၏။ သူမ၏ပထမဆုံး အတွေးမှာ သူမသည် ကလေး ခိုးဖို့ကြိုးစားနေသည့်
လူကုန်ကူးသူတစ်ယောက်နှင့် တွေ့လိုက်ရပြီဟူ၍။ သူမသည် ကမန်းကတန်း လူကုန်ကူးသူကို
ကန်ပစ်လိုက်ပြီး အော်ဟစ်တော့သည်။
“နင်ကများ ငါ့ကလေးကို ခိုးရဲတယ်ဟုတ်လား၊ နင်
သေချာနေတာလား”
နဉ်ရှောင်ပိုင်သည်
တဖက်လူက အလွန်မှ မြန်ဆန်စွာ တုံ့ပြန်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူသည်
လက်ထဲက ကလေးကို ဂရုစိုက်နေရသဖြင့် ကျောပေးကာ အကန်ခံလိုက်ရတော့သည်။ စူးရှသည့် နာကျင်မှုက ဝင်ရောက်လာပြီး
သူ့စိတ်ထဲတွင် ဒေါသလှိုင်းတစ်ခုက လှိုက်တက်လာ၏။
လူကုန်ကူးသူက
သိပ်ကို ထောင်လွှားနေတာပဲ။
သူသည် ခြေထောက်ကို
မြောက်ကာ ဝိုက်ကန်လိုက်သော်လည်း တစ်ဖက်လူ၏ လက်ဖြင့်
ပိတ်ဆို့ခြင်းခံလိုက်ရသည်။
သို့သော်
ရန်သူကလည်း အခြေအနေ ပိုကောင်းနေသည်တော့ မဟုတ်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ်
ဆုတ်သွားပြီး နာကျင်မှုကြောင့် ရှုံ့မဲ့သွား၏။ သို့သော်လည်း ထို့နောက်တွင် သူက
ထပ်ပြီး ကန်လိုက်ပြန်သည်။
သည်တစ်ကြိမ်တွင်
နဉ်ရှောင်ပိုင်သည် ပြင်ဆင်ထားပြီးဖြစ်ကာ သူမ၏ခြေကျင်းဝတ်ကို ဖမ်းဆွဲလိုက်ပြီး
သူမကို ဆွဲထားလိုက်၏။
ဆောင့်ဆွဲခံလိုက်ရခြင်းက
ရှမြန်ကို အဝေးသို့ ပို့လိုက်သလိုပင်။ ခန္ဓာကိုယ်ကြွက်သားများကို မဆွဲဆန့်နိုင်ခင်
ရှမြန်သည် တစ်ချက်ညည်းလိုက်ပြီး အသက်ရှူသွင်းလိုက်ကာ ဒေါသထွက်ထွက်နှင့်
ပြောတော့သည်။ “စိတ်ကြီးဝင်နေတဲ့ လူကုန်ကူးတဲ့သူပဲ၊ ငါ့ကလေးကို ပြန်ပေး”
နဉ်ရှောင်ပိုင်၏
လက်ပေါ်က ရှောင်ဖုန်းသည် နောက်ဆုံးတော့ နိုးလာလေသည်။ သူသည် သူစိမ်း၏လက်ထဲတွင်
ရောက်နေသည်ကို သိလိုက်ရသဖြင့် စိုးရိမ်တကြီး ရှေ့သို့ကုန်းကာ “အန်တီလေး”
နဉ်ရှောင်ပိုင်သည်
ခဏလောက် ရပ်သွားပြီး ရှမြန်၏မျက်နှာကို နှစ်စက္ကန့်လာက် စိုက်ကြည့်လိုက်ပြီးမှ
“စွန်းဝူခုံး လား”
ရှမြန်လည်း
ရုန်းကန်နေရာမှ ရပ်လိုက်ပြီး သူမရှေ့က လူကို မှတ်မိသွားတော့သည်။
“ထန်ဆန်းကိုယ်တော်”
ထို့နောက် သူမက ဒေါသတကြီး ပြောတော့သည်။ “ရှင် ဘာလုပ်နေတာလဲ၊ ရှင် ဘာဖြစ်နေတာလဲ”
နဉ်ရှောင်ပိုင်သည်
သူမကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်ပြီး သူ့မျက်လုံးများ သူမ၏ဆံပင်နှင့်
ဖြူဖွေးနေသည့် ခြေသလုံးသားပေါ် ကျရောက်သွားချိန်တွင် သူသည် တစ်ခုခုကို
သဘောပေါက်သွားပြီး မြန်မြန် နောက်တစ်လှမ်းဆုတ်ကာ လက်ကိုလွှတ်လိုက်တော့သည်။
အစောပိုင်းက ရှမြန်
အပြည့်မခွဲရသေးသည့် ခြေထောက်မှာ သည်နောက်ဆုံးကောက်ရိုးမျှင်တွင်
ခွဲကာစန့်သွားတော့သည်။ “ဂျွတ်”ခနဲမြည်သံတစ်ခုနှင့်အတူ သူမသည် နေရာတွင်
ခြေထောက်အပြည့် ဆန့်သွားတော့သည်။ နာကျင်မှုက
ပြင်းထန်လွန်းသဖြင့် သူမ၏လည်ချောင်းထဲက စကားလုံးတစ်လုံးကိုသာ ညစ်ထုတ်နိုင်တော့သည်။
“-ျီး...”
နဉ်ရှောင်ပိုင်သည်
သူမ၏နဖူးပေါ်က ပြာနှမ်းနေသည့် သွေးကြောတိုင်းက သူ့ကို ဆဲရေးနေသလို ခံစားလိုက်ရ၏။
နဉ်ရှောင်ပိုင်သည်
သူ့လက်ညှိုးကို အမှတ်တမဲ့ ပုတ်လိုက်ပြီး ရုန်းကန်နေသည့် ရှောင်ဖုန်းကို
ချပေးလိုက်ကာ သူမကို တွဲထူပေးဖို့ လက်ဆန့်လိုက်တော့သည်။
“အန်တီလေး”
ရှောင်ဖုန်းသည်
တခြားဘက်သို့ ပြေးသွားလိုက်ပြီး သူ့မျက်လုံးများတွင် မျက်ရည်များနှင့်
ရှမြန်၏လက်မောင်းကို တင်းနေအောင် ဖက်ကာ ဆွဲထူပေးလေသည်။
“အန်တီလေး
နာသွားလား” ထိုသို့ ပြောလိုက်ပြီးနောက် မျက်ရည်များ ကျလာလေသည်။
ကလေး၏အသံတိတ်မျက်ရည်ကြောင့်
လူများမှာ ပိုလို့ပင် စိတ်မကောင်းဖြစ်သွားတော့သည်။ ရှမြန်က နာကျင်မှုကို မျိုသိပ်ထားလိုက်ပြီး
ပြုံးလိုက်ကာ
“အန်တီလေး
မနာပါဘူး၊ ဦးဦးထန်က အန်တီလေးတို့နဲ့ ဒီအတိုင်း အပျော်ကစားနေတာ”
နဉ်ရှောင်ပိုင် : ...
သည်ကောင်မလေးက
အားကိုးရဟန် မတူသော်လည်း အလွန်မှ အပြောချိုသည်ဟု
မနေ့က သူ့အဘွားပြောနေသည်ကို ကြားခဲ့သေးသည်။ လူကြီးများမှလွဲလျှင် သူမသည်
လူတိုင်းကို ‘အစ်ကို၊ အစ်မ’ဟု ခေါ်တတ်ကြီး ၄၀နားနီးသူများကိုပင် ထိုသို့
ခေါ်လေသည်။
“တကယ်လားဟင်”
ရှောင်ဖုန်းက ရှမြန်၏မျက်နှာကို စိုက်ကြည့်လိုက်ပြီး အလွန်စိုးရိမ်နေ၏။
“တကယ်ပေါ့” ရှမြန်က
ကလေးကို သည်အတိုင်း သူမ၏လက်ပေါ်တွင် ချီထားလိုက်ပြီး နဉ်ရှောင်ပိုင်၏ အကူအညီဖြင့်
ထရပ်လိုက်၏။ သူမ၏ပေါင်အတွင်းပိုင်းက နာကျင်မှုက သူမကို အားနည်းသွားအောင် လုပ်နေကာ
သူမသည် လဲကျတော့မတတ်ပင်။ နဉ်ရှောင်ပိုင်းက သူမကို ပခုံးကိုမှ မြန်မြန် ထိန်းထားပေးလိုက်ရသည်။
ရှမြန်က
အံကြိတ်ထားလိုက်ပြီး ခေါင်းမော့လိုက်ကာ
“ကျေးဇူးတင်ပါတယ်
ဦးဦးထန်”
နဉ်ရှောင်ပိုင်က
သက်ပြင်းချလိုက်ပြီး ရှင်းပြလိုက်၏။
“ငါ မင်းကို တကယ်
မမှတ်မိလို့ပါ၊ ငါက ရှောင်ဖုန်း ပြန်ပေးဆွဲခံလိုက်ရပြီလို့ ထင်သွားတာ”
ဒီတော သူက
ငါ့ရဲ့နတ်သမီးအသွင် အပြောင်းအလဲရဲ့ လှည့်စားခံလိုက်ရတာပေါ့လေ။ ရှမြန်သည် ဒါကို
ခွင့်လွှတ်ပေးလို့ရသည်ဟု စဉ်းစားပေးလိုက်၏။
“ရှင့်မှာ
မကောင်းတဲ့ရည်ရွယ်ချက် မရှိတာပဲ” ရှမြန်က ရှောင်ဖုန်းကို ဖက်ထားကာ မေးကိုအနည်းငယ်
ချီထားလိုက်ပြီး “ ဒါက ကျွန်မရဲ့နဂိုစတိုင်လ်ပဲ၊ အရင်ကတော့ ကျွန်မက ငယ်သေးပြီး
မသိနားမလည်လို့ပါ၊ နောက်ပြီး မြို့ကလူတွေက ပိုပြီး ဖက်ရှင်ကျမယ်လို့ ထင်ထားတာ၊
ဒါနဲ့ ကျွန်မလည်း ခဏလောက် အဲလိုလုပ်ထားခဲ့တာ၊ အခုကစပြီး ကျွန်မ ကိုယ့်အစစ်အမှန်
ပုံစံအတိုင်းပဲ နေမှာပါ”
နဉ်ရှောင်ပိုင်က
သူမ၏ ဘဝင်ခိုက်နေသည့်ရုပ်ကို ကြည့်လိုက်ပြီး ဒီကလေးမက နည်းနည်းလေး မိုက်မဲပါလားဟု
ခံစားမိလေသည်။
သူမ၏ သပ်ရပ်နေသည့်
ကျောင်းသူပုံစံ ဆံပင်နှင့် မိန်းကလေးဆန်ဆန် ခါးကြိုးချည် စကပ်ပုံစံက သူမကို
တချက်ကြည့်လိုက်ရုံနှင့် ဖြူစင်ပြီး ချစ်စဖွယ် မိန်းကလေးတစ်ယောက်နှင့် တူနေစေသည်။
သို့သော်လည်း ခုနက သူ့အရိုးကို ကျိုးတော့မတတ် ဖြစ်သွားစေသည့် ခုန်ကန်ချက်နှင့်
ပေါင်းကြည့်လိုက်တော့... နဉ်ရှောင်ပိုင်မှာ သူ့ခါင်းကို ထောက်ထားလိုက်ပြီး
ရွဲ့ပြောလိုက်တော့သည်။
“အခုကရော
မင်းရဲ့စတိုင်လ်က ဘာလဲ”
ရှမြန်က သူ့ကို
တအံ့တဩကြည့်လိုက်ပြီး ခဏလောက်နေမှ ပြောလိုက်၏။ “ရှင် ခုနတုန်းက ကျွန်မကို
တကယ်မမှတ်မိဘူးဆိုတာ ယုံပါတယ်” သူက တကယ် ကန်းနေခဲ့တာလေ။
နဉ်ရှောင်ပိုင်က
ခေါင်းညိတ်လိုက်ပြီး တလေးတနက် ပြောလိုက်၏။ “ဟုတ်တယ်လေ, ငါ့မှာ ရဲရဲတောက်မျက်လုံးတွေနဲ့
ရွှေမျက်လုံးအိမ်တွေမှ မပါဘဲ၊ ဒီတော့ မင်းရဲ့ ၇၂မျိုးသော အသွင်ပြောင်းခြင်းကို
ဘယ်မြင်နိုင်ပါ့မလဲ”
ရှမြန်:…
ရှင်ကမှ
မျောက်ဘုရင်။ ရှင့်တစ်မိသားစုလုံးက မျောက်ဘုရင်။ ငါလေး ဒီထန်ဆန်းကိုယ်နဲ့ တကယ့်ကို
အပေါက်လမ်းမတည့်ဘူး။ ရှမြန်သည် ရှောင်ဖုန်းကို ချီကာ ထွက်သွားတော့သည်။
နဉ်ရှောင်ပိုင်က
ဘာမှမတတ်နိုင်သလို သက်ပြင်းချလိုက်ပြီး သူမနှင့် လိုက်မီရန် ခြေလှမ်းအနည်းငယ်
အမြန်လျှောက်လိုက်ပြီး သူမ၏လက်မောင်းပေါ်က အိတ်ကို ယူကာ စပြီး သယ်လာပေးလိုက်သည်။
ရှမြန်က သူ့ကို
မျက်စောင်းနှင့် ကြည့်လိုက်ပြီး လန့်သွားသည့် ရှောင်ဖုန်းကို ထိကိုင်ထားကာ
ပြောလိုက်၏။ “အန်တီလေး တကယ် အဆင်ပြေတယ်နော်၊ ဦးဦးထန်က အန်တီလေးတို့
အိမ်နီးချင်းလေ၊ လူဆိုးတစ်ယောက် မဟုတ်ဘူး”
ရှောင်ဖုန်းက
တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်ပြလိုက်ကာ နဉ်ရှောင်ပိုင်ကို ထပ်ခါ ထပ်ခါ
ကြည့်လိုက်၏။
နဉ်ရှောင်ပိုင်သည်
သူ့ခေါင်းပေါ်တွင် ထောင်နေသည့် ဆံပင်အစုလေးကို ကြည့်လိုက်ပြီး မနေနိုင်ဘဲ
ထိကိုင်လိုက်၏။ ရှောင်ဖုန်းသည် သူ့အန်တီလေးကလည်း ခုနက သူ့ကို သည်လို
ထိကိုင်ပေးသည်ကို မှတ်မိသွားပြီး ချက်ချင်းဆိုသလို အများကြီး
စိတ်လျှော့သွားတော့သည်။
ရှမြန်က
စိတ်အေးသွားကာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။ သူက ပါရမီရှင်ဆိုပေမဲ့
အခုလောလောဆယ်ဆော့ မူကြိုတောင် မသွားရသေးတဲ့ ကလေးလေးလေ။ ဒီတော့ သူ့ကို အလွယ်တကူ
ချော့လို့ရသွားတာပေါ့။
မိသားစု
အိမ်ရာဝင်းထဲသို့ ဝင်လာပြီးနောက်တွင် ရှမြန်သည် ပြုံးကာ ရှောင်ဖုန်းကို စနောက်လိုက်၏။
“ငါတို့တွေ
အိမ်ရောက်တော့မယ်”
...